← Chapters

မိစ္ဆာအင်ပါယာ ချီမင်ယောင်

Vol. 4 Ch. 52

မိစ္ဆာအင်ပါယာ ချီမင်ယောင်

Vol. 4 Ch. 52

“အင်း နည်းနည်းရှားတယ် အစေခံတွေလောက်ပဲရှိတာ” ဟွမ်းသည် အတော်လေးစဉ်းစားပြီး ဖြေလိုက်၏။ သူသည် ထိုအဆင့်ကို မည်သို့ ဖော်ပြရမည်မှန်းမသိချေ။ ထို့ကြောင့် ‘အဆင်ပြေသည်’ဟု ထင်သည့်စကားလုံးကို ရွေးချယ်ကာပြောလိုက်၏။

တပည့်လေးဦး “...”

‘ဆရာ၊ ရှားတယ်ဆိုတဲ့ စကားလုံးထက် ပိုပြီးသင့်လျော်တဲ့စကားလုံးသုံးလို့မရဘူးလား’

သူတို့သည် လေရော့သွားသည့် ဘောလုံးအလားပင် အားလျော့ကာ စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ကြသည်။

“နတ်ဘုရားကုန်းမြေရဲ့ ဝိညာဉ်စွမ်းအင်က ထျန်းယွမ်ကုန်းမြေထက် ပိုပြီးသိပ်သည်းတယ်၊ ဒါကြောင့် နတ်ဘုရားကုန်းမြေက ပိုအစွမ်းထက်နေတာ” ဟွမ်းသည် နှိုင်းယှဉ်ကာ ရှင်းပြလိုက်၏။ သို့မှသာ သူတို့သည် သဘောပေါက်သွားကြတော့သည်။

“ဒါဆို ဆရာက ဘယ်အဆင့်မှာလဲ” ပိုင်ကျန့်ယွီသည် သူဆရာ၏စွမ်းအားကို သိချင်လေသည်။ ကျန်တပည့်များသည်လည်း နားစွင့်ထားကြလေသည်။

“ဆရာလဲ မသိဘူး” ဟွမ်းသည် သူ၏အဆင့်ကိုသူကိုယ်တိုင်ပင်မသိချေ။ ထျန်းယွမ်ကုန်းမြေ၏ အဆင့်များကိုပင် တပည့်များရပြီးနောက်မှ သိလာခဲ့ခြင်းဖြစ်သည်။

“ဒါဆို ဆရာက ဘယ်လိုကျင့်ကြံခဲ့တာလဲ”

ဟွမ်း “ဆရာက မကျင့်ကြံဖူးဘူး”

တပည့်များ “...”

“ဒါဆို ဆရာက ဒီလို အဆင့်ကို ဘယ်လိုရောက်လာတာလဲ”

“ဆရာ နိုးထလာကတည်းက ဒီအဆင့်ရောက်နေတာပဲ၊ ဒါပေမဲ့ မနိုးထခင်က ဖြတ်သန်းခဲ့တဲ့ မှတ်ဉာဏ်တွေ မရှိဘူး” ဟွမ်းသည် အသာခေါင်းယမ်းကာ ရှင်းပြလိုက်၏။ သူ၏ဖြစ်တည်မှုကို သူကိုယ်တိုင်ပင်မသိခဲ့ချေ။ ထိုအကြောင်းကို သူသည် အရင်က စဉ်းစားခဲ့ဖူးသော်လည်း အဖြေရှာမရခဲ့ပေ။ ထို့ကြောင့် သူသည် ဆက်၍ မစဉ်းစားတော့ချေ။

တပည့်များသည်အံ့ဩ၍ မဆုံးနိုင်ပင်ဖြစ်နေကြသည်။

‘ငါတို့လဲ အဲ့လိုနိုးထလာရင်ကောင်းသား’

“သွား အနားယူကြတော့” ဟွမ်းသည် သူတို့နှင့် စကားအနည်းငယ်ပြောပြီးနောက် နှင်ထုတ်လိုက်လေသည်။ သူတို့လေးတွေသည် တစ်ပတ်ခန့်လောက် မနားရသေးချေ။

“ဟုတ်ကဲ့” တပည့်လေးဦးသည် ဟွမ်းကို အရိုသေပေးကာ ထွက်သွားကြတော့သည်။ ဟွမ်းသည် တပည့်များ ထွက်သွားပြီးနောက် အတွေးထဲ နစ်မြောသွားခဲ့သည်။

ထိုက်ရွှမ်ဂိုဏ်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်မြေတစ်ခုတွင် မိစ္ဆာမျိုးနွယ်များနေထိုင်ရာနယ်မြေတည်ရှိသည်။ ထျန်းယွမ်ကုန်းမြေ၏ အနောက်ဘက်ပိုင်းတွင် နေရာယူထားခြင်းဖြစ်သည်။ ထိုနယ်မြေ၏ လွန်စွာခမ်းနားပြီး ကြီးမားတဲ့ အဆောက်ဦးကြီး တစ်ခုထဲတွင် အစွမ်းထက် လူသုံးဦးဆွေးနွေးနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် ထိန့်လန်စရာကောင်းလောက်သည့် အရှိန်ဝါများပေါ်ထွက်နေသည်။

“အရှင် လူသားမျိုးနွယ်က ယုံရပါ့မလား”

ညာဘက်ဘေးတွင်ထိုင်နေသည့်လူတစ်ဦးသည် စတင်ကာမေးလိုက်သည်။ သူသည် မိစ္ဆာမျိုးနွယ်၏ ခေါင်းဆောင် ချီရွှမ်းဖြစ်သည်။

“ဒီကိစ္စက မျိုးနွယ်ခွဲခြားရေး မဟုတ်တဲ့အတွက်ကြောင့် ငါတို့ မိစ္ဆာမျိုးနွယ်တွေကို ဖိနှိပ်မှာ မဟုတ်ဘူး”

ခမ်းနားသည့် ပလ္လင်ပေါ်တွင် ထိုင်နေသည့် အမျိုးသမီးသည် သူမ၏ခေါင်းကိုခါရမ်းကာပြောလိုက်၏။ ထိုအမျိုးသမီးသည် ချီမင်ယောင် ဖြစ်ပြီး လှပသည့် မျက်ဝန်းများအပြင် ညို့ချက်ပြင်းသည့် အကြည့်များကို ပိုင်ဆိုင်ထားလေသည်။ ချီမင်ယောင်သည် မိစ္ဆာမျိုးနွယ်၏ အရှင်သခင် ဖြစ်သလို ထျန်းယွမ်နယ်မြေ၏ အင်ပါယာ လေးပါးထဲမှ တစ်ပါး ဖြစ်ပေသည်။

“ဒါပေမဲ့ ကျုပ်တို့က လူသားတွေကို မယုံနိုင်ဘူး၊ ဗဟိုကုန်းမြေက ကောင်တွေက နှစ်ပေါင်းများစွာ ကျုပ်တို့ကို ဖိနှိပ်လာခဲ့တာလေ၊ ကျုပ်တို့ရဲ့ မျိုးဆက်သစ်တွေကို အဲ့ဒီပြိုင်ပွဲ ဝင်ခိုင်းလိုက်ရင် သူတို့က ထောင်ချောက်ဆင်ပြီး တိုက်ခိုက်ကြမှာစိုးရိမ်တယ်”

မိစ္ဆာအင်ပါယာ၏ ဘယ်ဘက်ထိုင်ခုံတွင် ထိုင်နေသည့် မိစ္ဆာအကြီးအကဲ ချီရှ ကပြောလိုက်၏။

“တကယ်တမ်း ကျွန်မတို့ ကုန်းမြေက အန္တရာယ်ကျရောက်နေပြီ၊ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က နယ်မြေတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖျတ်စီးနိုင်တဲ့သူပေါ်လာခဲ့တယ်လေ၊ ထျန်းယွမ်ကုန်းမြေရဲ့ နတ်အင်ပါယာ တစ်ပါးနဲ့ နတ်ဘုရင်နှစ်ဦး ရှိတဲ့ အရှေ့ပိုင်းနယ်မြေတောင် ဘာကြောင့်မှန်းမသိတဲ့ပေါက်ကွဲမှုကြီးကြောင့် ပျောက်ဆုံးသွားခဲ့ရတယ်မလား၊ ပြီးတော့ နယ်မြေချင်းနီးကပ်နေတဲ့ ထိုက်ရွှမ်ဂိုဏ်းရဲ့ နတ်အင်ပါယာက အပြေးလွှားသွားပြီးကူညီခဲ့တာတောင် အဲ့ဒီပေါက်ကွဲမှုကြောင့်ပဲ အပြင်းထန်ဒဏ်ရာရခဲ့တာလေ၊ ဒါကြောင့် ထျန်းယွမ်ကုန်းမြေရဲ့ အင်အားစုတွေကို စုစည်းဖို့လိုတယ်၊ လူငယ်တွေကိုလဲ မြေတောင်မြှောက်ပေးဖို့ လိုနေတယ်လေ၊ အဲ့ဒါကြောင့် ကျွန်မလဲလက်ခံခဲ့တာ”

မိစ္ဆာအင်ပါယာ ချီမင်ယောင်သည် အချက်အလက်များကို သေချာရှင်းပြလိုက်၏။ သူမသည် မိစ္ဆာမျိုးနွယ်၏ မျိုးဆက်သစ်လူငယ်များကို နောက်ငါးနှစ်တွင် ဗဟိုကုန်းမြေမှာ ကျင်းပမည့် လူငယ်ပါရမီရှင် ရွေးချယ်ပွဲတွင် ပါဝင်ရန်ဖြစ်သည်။ သူမသည် အခြားအင်ပါယာသုံးဦးနှင့် သဘောတူညီမှုရယူခဲ့ပြီးဖြစ်သည်။

“အရှင် ပြောတာမှန်ပေမဲ့လည်း ကျုပ်တို့ စိတ်မအေးနိုင်ဘူး”

မိစ္ဆာမျိုးနွယ်ခေါင်းဆောင် ချီရွှမ်းသည် မျက်နှာသေနှင့်ပြောလိုက်၏။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်သည် အရင်အချိန်များထဲက ပဋိပခများစွာ ရှိခဲ့ကြသည်။ ယခုအချိန်တွင် ထိုအချင်းရာများကို ဖယ်ထားပြီး လက်ခံရန်မှာ သူတို့အတွက် အလွန်ပင် ခက်ခဲလှသည်။

“အရှင် နယ်မြေပျက်စီးခဲ့တာ လူသားနယ်မြေပဲလေ၊ ကျုပ်တို့နဲ့ မဆိုင်ဘူးလေ”

မိစ္ဆာမျိုးနွယ်အကြီးကဲ ချီရှသည် လူသားများနဲ့ မပူးပေါင်းချင်ပေ။

“တကယ်လို့ အဲ့ဒီတုန်းက ပျက်စီးခဲ့တဲ့ နယ်မြေက ကျွန်မတို့ မိစ္ဆာနယ်မြေ ဖြစ်နေရင်ရော၊ ဒါမှမဟုတ် နောက်ထပ် ပျက်စီးမဲ့နယ်မြေက မိစ္ဆာနယ်မြေဖြစ်နေရင်ရော”

ချီမင်ယောင်သည် အဓိကအချက်ကို ထိုနှစ်ဦးအား ထောက်ပြလိုက်သည်။ ချီမင်ယောင် ပြောသည်မှာ အမှန်ပင်။ သူ့တို့လက်မခံချင်လဲ လက်ခံရမည်ဖြစ်သည်။ ထို့အပြင် သူတို့ မိစ္ဆာမျိုးနွယ်၏ အနာဂတ်နှင့်ပတ်သတ်နေခြင်းကြောင့်ဖြစ်သည်။

“မိစ္ဆာမျိုးနွယ်က နယ်မြေကြီးတစ်ခုကို နေရာယူထားပေမဲ့ လူသားမျိုးနွယ်နဲ့ယှဉ်ရင် အင်အား နည်းပါးသေးတယ်၊ တကယ်လို့ သူတို့နယ်မြေသုံးခုသာ ဒီထက်ပိုစည်းလုံးခဲ့ရင် မိစ္ဆာမျိုးနွယ်တွေ သုတ်သင်ရှင်းလင်း ခံရမှာစိုးရိမ်မိတယ်” မိစ္ဆာမျိုးနွယ်ခေါင်းဆောင် ချီရွှမ်းကပြောလိုက်၏။

“ဒါကတော့ အမှန်ပဲ၊ ဒါပေမဲ့ အခုချိန်မှာ သူတို့က နယ်မြေပဋိပခတွေထက် ကုန်းမြေရဲ့ အနာဂတ်ကို ပိုစဉ်းစားလာကြပါပြီ၊ ဒါကြောင့် အရမ်းကြီးစိတ်ပူစရာတော့မလိုပါဘူး၊ သူတို့တွေ မိစ္ဆာမျိုးနွယ်ကို ထိခိုက်အောင်လုပ်လာရင်လဲ သူတို့ပြန်ပေးဆပ်ရမဲ့ တန်ဖိုးက နည်းမှာမဟုတ်ဘူးလေ” ချီမင်ယောင်သည် ထိုနှစ်ဦးကို ဖြောင်းဖြလိုက်၏။

“အရှင် အမိန့်အတိုင်းလိုက်နာပါ့မယ်” ချီရွှမ်းနှင့် ချီရှ နှစ်ဦးလုံးသည် အတွေးနက်နက် တွေးပြီးနောက် ဦးညွှတ်ကာပြောလိုက်၏။ သူတို့၏ စိတ်တွင် စိုးရိမ်စိတ်များရှိနေသော်လည်း မတက်နိုင်ချေ။ ဘာမှန်းမသိရသည့် အဖြစ်ပျက်က အလွန်ကြောက်စရာကောင်းနေ၏။

“အရှင် မြောက်ပိုင်းနယ်မြေက ထူးခြားတာတစ်ခုရှိတယ်၊ သူတို့က ကျုပ်တို့ မိစ္ဆာနယ်မြေအနီးနားမှာ ချထားတဲ့ အစောင့်တပ်တွေ ရုပ်သိမ်းသွားတယ်” မိစ္ဆာအကြီးကဲ ချီရှ သည် တင်ပြလိုက်၏။ မြောက်ပိုင်းနယ်မြေသည် မိစ္ဆာမျိုးနွယ်နှင့် နယ်နိမိတ်ထိစပ်နေသောကြောင့် အရင်အချိန်များက ကျုးကျော်ဝင်ရောက်မှာကို စိုးရိမ်သည့်အတွက် အစောင့်တပ်များစွာ ထားရှိခဲ့သည်။ ယခု ရုတ်သိမ်းသွားသည့်အတွက် အလွန်ပင် ထူးဆန်းနေသည်။

“ဟုတ်လား” ချီမင်ယောင် သည်မျက်မှောင်ကြုတ်သွားသော်လည်း တစ်ခဏအတွင်း ပြန်လည်ပြေလျော့သွားကာပြောလိုက်၏။

“အင်ပါယာလေးပါး မဟာမိတ်ဖွဲ့လိုက်လို့နေမှာပါ၊ ထျန်းယွမ်မဟာမိတ်အစည်းဝေးတုန်းက အဲ့ကြောင်းကို မပြောကြပေမဲ့ အခုတစ်ယောက်နဲ့ တစ်ယောက် သတိထားစရာမလိုတော့တဲ့ အခြေနေမို့ဖြစ်နိုင်ပါတယ်” သူမသည် အကောင်းဘက်ကတွေးကာ ပြောလိုက်၏။ မိစ္ဆာမျိုးနွယ်ဝင်များ အနေဖြင့် လူသားများအပေါ်အလွန်ပင် သတိထားနေခြင်းကြောင့်ဖြစ်သည်။

ချီရွှမ်းနှင့်ချီရှသည် နားလည်သွားသည့်အလား ခေါင်းတညိတ်ညိတ်လုပ်လိုက်ကြသည်။

“ကောင်းပြီ၊ မျိုးနွယ်ထဲက လူငယ်လေးတွေ သေချာရွေးထုတ်ပြီး လေ့ကျင့်ပေးလိုက်” ချီမင်ယောင်သည် အမိန့်ပေးပြီးနောက် ထွက်ခွာသွားလေသည်။

နောက်တစ်နေ့တွင် ထိုက်ရွှမ်မြို့၏ အပြင်ဘက်တွင် ထျန်းလုံသည် မေ့မြောနေရာမှ သတိရလာလေသည်။ သူသည် ထိုက်ရွှမ်မြို့အတွင်းမှ ပစ်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။ သူသတိရလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးရင်း သူ၏ မျက်နှာ နီရဲလာသည်အထိ ဒေါသထွက်လာခဲ့သည်။ သူသည် အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်ချင်ခဲ့ခြင်းသာဖြစ်သည်။

ဟွမ်းကိုတွေ့ပြီးနောက် အားကျလာခဲ့သည်။ ထိုက်ရွှမ်ဂိုဏ်းချုပ်၊ အကြီးအကဲများ ရှေ့တွင် ဂရုမစိုက်ပဲ သူလုပ်ချင်သည့် အရာများကို ဖြစ်အောင် လုပ်သွားခဲ့သည်။ ထိုက်ရွှမ်ဂိုဏ်းချုပ်ပင် မတားရဲခဲ့ချေ။ ထို့ကြောင့် ထျန်းလုံသည် ထိုကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်ထံတွင် တပည့်ဖြစ်ချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုလူသည် သူ့အား တပည့်အဖြစ်ခေါ်ယူမည် ပုံစံဖြင့် ထိုက်ရွှမ်ဂိုဏ်းမှ ထွက်ခိုင်းခဲ့သည်။ သို့သော် တပည့်အဖြစ်လက်မခံခဲ့ပေ။ ထိုအကြောင်းရာကြောင့် ထိုက်ရွှမ်ဂိုဏ်းသို့လဲ ပြန်မဝင်နိုင်တော့ချေ။

“စွမ်းအား..စွမ်းအား”

“အဲ့ဒီလူ တစ်နေ့နောင်တရအောင် လုပ်ပစ်မယ်၊ ခင်ဗျား မရွေးချယ်ခဲ့တဲ့ ကျုပ်က တစ်နေ့ကျ ခင်ဗျား တပည့်တွေထက်သာကို သာစေရမယ်”

သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ရေရွတ်လိုက်မိ၏။ သူ၏စိတ်ထဲတွင်လည်း ဟွမ်းအပေါ် အမုန်းတရားများကြီးထွားလာခဲ့သည်။ ထိုအချိန်တွင် သူ၏မျက်လုံးထဲတွင် အနက်ရောင် အရိပ်ငယ်တစ်ခုပေါ်လာပြီး ချက်ချင်းပင် ပြန်ပျောက်သွားခဲ့သည်။ သူကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ။

“ငါမြောက်ပိုင်းနယ်မြေကိုရောက်အောင်သွားရမယ်”

All Chapters