ယွဲ့ဖုန်းချန်
Vol. 4 Ch. 51
“ဆရာ ဒါဆို အစ်မကြီးက တစ်ခြားကုန်းမြေကပေါ့” လုရှင်းယန်သည် အံ့ဩစွာ မေးလိုက်၏။
“အမှန်ပဲ၊ ဒီကုန်းမြေကြီးထက်ပိုကြီးပြီး ကောင်းကင်ဧကရာဇ် အုပ်ချုပ်တဲ့ နတ်ဘုရားကုန်းမြေကပဲ” ဟွမ်းသည် ရှင်းပြလိုက်၏။
“ဆရာ၊ တပည့်ရဲ့ မိဘတွေက..” ယွဲ့ဝူယောင်သည် မေးခွန်း မေးရန်ပင် မဝံ့ရဲတော့ချေ။ မျှော်လင့်ထားသလို ဖြစ်မလာမှာ စိုးသည့်အလားပင်။
“ဟုတ်တယ်၊ သူတို့သေဆုံးသွားကြပြီ” ဟွမ်း၏ စကားသံသည် သူမ၏ မျှော်လင့်ချက်များ ရိုက်ချိုးခံလိုက်ရသည့်အလားပင်။ တစ်လျှောက်လုံး မိဘအရင်းများကို ရှာဖွေရန် ကြိုးစားလာခဲ့သည်။ သို့သော် ဤသို့ အဆုံးသတ်နှင့် ကြုံရမည်ဟု မထင်ထားခဲ့ချေ။ ယွဲ့ဝူယောင်သည် အလွန်ပင်ဝမ်းနည်းကြေကွဲသွားရသည်။ သူ၏ နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲ ခံလိုက်ရသည့်အလားပင်။ သူမ၏ ပါးထက်တွင် မျက်ရည်များ ယိုစီးကျလာသည်။ သူမ၏ လည်ပင်းတွင် ဆွဲထားခဲ့သော ကျောက်စိမ်းပြားလေးကိုသာ လက်နှင့်ဆုပ်ကိုင်ထားမိ၏။
ဟွမ်းသည် မည်သည်မှ ဆက်မပြောသေးချေ။ သူမကိုသာ တိတ်တဆိတ်ကြည့်နေခဲ့သည်။ လုရှင်းယန်တို့သည်လည်း ငြိမ်သက်နေကြ၏။
“မသေချာပေမဲ့ ယောင်အာရဲ့ မိခင်တော့ အသက်ရှင်သေးနိုင်တယ်၊ ဒါပေမဲ့ ဒါက ဆရာရဲ့ထင်မြင်ချက်သက်သက်ပဲ” ဟွမ်းသည် သူကိုယ်တိုင်လည်းမသေချာသေးသည့် လေသံဖြင့်ပြောလိုက်၏။
“ဆရာ တကယ်လား” ယွဲ့ဝူယောင်သည် မျှော်လင့်ချက်တစ်ခု ရရှိလိုက်သည့်အလား အတည်ပြုရန်မေးလိုက်သည်။
“ဟုတ်တယ်၊ ခရမ်းလ မျိုးနွယ်ဖျတ်စီး ခံလိုက်ရတဲ့အချိန်မှာ မင်းမိခင်ရဲ့ အလောင်းကို ရှာမတွေ့ခဲ့ဘူး”
ဟွမ်းသည် ထိုအချိန်က သူသည် ယွဲ့ဝူယောင်၏ ဖခင် သေဆုံးမှုကြောင့် အလွန်ပင် စိတ်ထိခိုက်ခဲ့ရပြီး စိတ်နဲ့ကိုယ်နဲ့ မကပ်ခဲ့ပေ။ အနည်းငယ်တည်ငြိမ်သွားသည့်အခါမှ အလောင်းများစွာကိုစစ်ဆေးခဲ့သည်။ သို့သော် ခရမ်းလမျိုးနွယ်ဝင် အလောင်းများသာတွေ့ရှိခဲ့ပြီး ယွဲ့ဝူယောင် မိခင်၏ အလောင်းကို ရှာမတွေ့ခဲ့ချေ။
“ဆရာ ခရမ်းလမျိုးနွယ်အကြောင်းပြောပြပါ့လား”
ယွဲ့ဝူယောင်သည် မျှော်လင့်ချက်တစ်ခု မွေးဖွားလာပြီးနောက် သူမ၏ စိတ်သည် အနည်းငယ်တည်ငြိမ်လာခဲ့သည်။ ထို့ကြောင့် သူမမျိုးနွယ်အကြောင်းမေးလိုက်၏။
ဟွမ်းသည် နတ်ဘုရားနယ်မြေအကြောင်းကို အနည်းငယ် ရှင်းပြလိုက်သည်။ ထို့နောက် ခရမ်းလမျိုးနွယ်၏ အကြောင်းကို အကျဉ်းချုံး၍ရှင်းပြလိုက်သည်။ ယွဲ့ဝူယောင်တို့သည် ထိုနေရာ၏ စွမ်းအားကို သေချာ မသိသော်လည်း အံ့ဩတုန်လှုပ်နေသည့် အမူရာများစွာဖြင့် နားထောင်နေကြသည်။
“မင်းရဲ့ ဖခင်နာမည်က ယွဲ့ဖုန်းချန်၊ သူကခရမ်းလမျိုးနွယ်ရဲ့ခေါင်းဆောင်၊ ပြီးတော့ သူက အရမ်းဖြောင့်မတ်လွန်းတဲ့လူတစ်ယောက်ပဲ၊ သူ့ရဲ့ရိုးသားဖြောင့်မတ်မှုကို နတ်ဘုရားကုန်းမြေက ဘယ်သူမှယှဉ်လို့မရဘူး၊ အမြဲတမ်း လည်းတက်တက်ကြွကြွနေတက်တယ်၊ ဒါပေမဲ့ ဆရာက နတ်ဘုရားကုန်းမြေကနေ နှစ်ရာချီပြီးထွက်သွားခဲ့တာကြောင့် မင်းရဲ့မိခင်ကိုမမြင်ဖူးဘူး” ဟွမ်းသည် ဖြေးဖြေးချင်းပြောပြလိုက်သည်။
ဟွမ်းနှင့် ယွဲ့ဖုန်းချန် တို့သည် သွေးချင်းသစ္စာပြုထားသည့် ညီအစ်ကိုများဖြစ်ကြသည်။ ခရမ်းလမျိုးနွယ်ဖျတ်စီးခံရသည့်အချိန်တွင် ဟွမ်းသည် နတ်ဘုရားကုန်းမြေတွင် ရှိမနေချေ။ သူသည် နတ်ဘုရားနယ်မြေနှင့် အလင်းနစ်သန်းပေါင်းများစွာ ကွာဝေးသည့်နေရာတစ်ခုကို ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ယွဲ့ဖုန်းချန်၏ အသက်အန္တရာယ် ရှိနေသည့်အချိန်တွင် ဟွမ်း၏ ခန္ဓာကိုယ်ထဲရှိ ယွဲ့ဖုန်းချန်၏ သွေးစက်သည် လှုပ်ရှားသွား၏။ ထိုအရာကို သတိထားမိပြီး သူသည် ချက်ချင်းပင် ရှိသမျှ အားအင်အကုန်ထုတ်သုံးကာ နတ်ဘုရားနယ်မြေသို့ အပြေးလာခဲ့လေသည်။
သို့သော် ဟွမ်း၏ အပြန်လမ်းမှာတင် ယွဲ့ဖုန်းချန်၏ သွေးစက်၏ လှုပ်ရှားမှုသည် ရပ်တန့်သွားခဲ့၏။ ထို့နောက် ပျောက်ကွယ်သွားခဲ့လေသည်။ သူသည် အလွန်ပင် ဒေါသထွက်ရခဲ့ပြီး သတ်ဖြတ်ချင်စိတ်များပြင်းထန်လာခဲ့၏။ ထို့နောက် ဟွမ်းသည် ခရမ်းလမျိုးနွယ်၏ တည်နေရာကို ရောက်ရှိသွားပြီးနောက် သူ၏စိတ်သည် အလဲလဲအပြိုပြို ဖြစ်သွားခဲ့ရတော့သည်။
“ယွဲ့ဖုန်းချန်..” ယွဲ့ဝူယောင်သည် သူမဖခင်၏ နာမည်ကို တိုးတိတ်စွာရေရွတ်လိုက်သည်။ တပည်များအားလုံးသည် ထိုဇာတ်ကြောင်းများကိုနားထောင်ရင်း မျက်ရည်နှင့်မျက်ခွက်ဖြစ်နေကြ၏။
“ဆရာလဲ အဲ့ဒီအချိန်က ပင်ပန်းခဲ့မှာပဲ” ယွဲ့ဝူယောင်သည် ဟွမ်းကို မျက်ရည်များပြည့်လျှံနေသည့် မျက်လုံးလေးများနှင့်ကြည့်ကာပြောလိုက်၏။
ဟွမ်းသည် မည်သို့မျှ ပြန်မဖြေချေ။ သို့သော် သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှု၊ နောင်တရမှု၊ တို့သည် ပေါ်လွင်နေသည်။
“ဆရာ ယောင်အာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ” သူမသည် ထိုအချိန်က မည်သည့်အရှိန်အဝါ မည်သည့်စွမ်းအင်မျှမရှိသေးချေ။ ထို့ကြောင့် သိချင်စိတ်နှင့် ဆက်မေးလိုက်၏။
“ဆရာဒီကုန်းမြေကို ရောက်နေတာ ငါးနှစ်လောက်ရှိပြီ၊ ဒါပေမဲ့ အဲ့ဒီငါးနှစ်လုံး ဆရာအိပ်ပျော်နေခဲ့တာ၊ ဒီကျောက်စိမ်းပြားလေး လင်းလက်မလာဘူးဆိုရင် ဆရာနိုးထလာမှာ မဟုတ်သေးဘူး”
ဟွမ်းသည် ခရမ်းရောင်ကျောက်စိမ်းပြားလေးကို ယွဲ့ဝူယောင်ကို ထုတ်ပြလိုက်၏။ ထိုခရမ်းရောင်တောက်ပနေသည့် ကျောက်စိမ်းပြာလေးသည် သူမအနားတွင် ပို၍လင်းလက်နေသည်။
ထိုကျောက်စိမ်းပြားထဲတွင် ယွဲ့ဝူယောင်၏ သွေးစက်ကလေးတစ်စက် ပါရှိလေသည်။ ထိုအဖြစ်ပျက်များ ပြီးသွားသည့်နောက် ဟွမ်းသည် လောက တစ်ခုလုံးပတ်၍ လိုက်လံစုံစမ်းခဲ့သည်။ သို့သော် အစအနပင်ရှာမရခဲ့ချေ။
ဆယ်နှစ်ခန့်ကြာပြီးနောက်မှာ သူသည် အရမ်းပင်ပန်းလာခဲ့လေသည်။ သူသည် ဝေးကွာလွန်းလှသည် နေရာမှ ခရမ်းလမျိုးနွယ်ဆီသို့ အင်အားကုန်သုံးလာရောက်ခဲ့သည်ကတစ်ကြောင်း၊ ထိုမျှနှင့် အနားမယူသေးပဲ နှစ်ပေါင်းများစွာ လှည့်လည်စုံစမ်းနေသည်ကတစ်ကြောင်း၊ ထိုအကြောင်းကြောင်း ကြောင့် သူ၏ ခန္ဓာကိုယ်သည် တောင့်မခံနိုင်တော့ချေ။
ထို့နောက် သူသည် စုံစမ်းရန် လက်လျော့လိုက်ပြီး ယွဲ့ဝူယောင်ကို ရှာရန်သာဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် ထျမ်းယွမ်ကုန်းမြေသို့ရောက်လာခဲ့ပြီး အဆုံးမဲ့တောင်တန်းတွင် သူ၏ ခန္ဓာကိုယ်သည် ပြိုလဲသွားတော့သည်။ ငါးနှစ်ကြာ အိပ်စက်ပီးနောက် ထိုကျောက်စိမ်းပြားလေးသည် ပိုင်ရှင်နှင့် နီးကပ်လာသည့်အလား လင်းလက်လာသောကြောင့် ဟွမ်းသည် နိုးလာခဲ့သည့်။ ထို့နောက် နတ်ဘုရားအာရုံနှင့် လိုက်လံရှာဖွေကြည့်လိုက်ပြီးနောက် ယွဲ့ဝူယောင်ကို တွေ့လိုက်လေသည်။
“ပြီးတော့ ဆွဲပြားလေးက မင်းရဲ့ မိခင်နဲ့ စပ်ဆက် နေနိုင်တယ်” ဟွမ်းသည် ယွဲ့ဝူယောင်ဆွဲထားသည့် ဆွဲပြားလေးကို ညွှတ်ပြကာပြောလိုက်၏။
“ဒါပေမဲ့ တပည့် ဝိညာဉ်စွမ်းအင်၊ ချီစွမ်းအင် မျိုးစုံ စမ်းသပ်ကြည့်တာ ဘာမှ အကြောင်းမထူးဘူး၊ သာမန်ကျောက်ပြားအတိုင်းပဲ” ယွဲ့ဝူယောင်သည် သူမအကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်းပြောပြလိုက်သည်။
“အခုမကြိုးစားနဲ့တော့၊ အဲ့ဆွဲပြားကို မင်းရဲ့ နတ်ဝိညာဉ် တည်ဆောက်ပြီးမှကြိုးစားတော့၊ ပြီးတော့ နတ်ဘုရားကုန်းမြေရောက်မှ ကြိုးစားတာကောင်းမယ်” ဟွမ်းသည် ‘နတ်အင်ပါယာအဆင့်ရောက်မှ ကြိုးစားလိုက်’ ဟု ပြောသည့်အတိုင်းပင်။ ယွဲ့ဝူယောင်သည် သူမ၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်လာသည်။
“ဆရာ အစ်မကြီးတို့ ခရမ်းလမျိုးနွယ်က ဒီလောက်ထိအင်အားကောင်းတာကို ဘာလို့ ဖျတ်စီးခံရတာလဲ” လုရှင်းယန်သည် သူ၏ မျက်ရည်များကို သုတ်ပြီးမေးလိုက်၏။
“ဆရာလဲ မသိဘူး၊ အဲ့ဒါကိုသိရဖို့အတွက် မင်းတို့အားလုံး ဒီကုန်းမြေမှာ ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အင်အားရှိတဲ့အချိန်ကျရင် ဆရာကထွက်သွားတော့မှာ” ဟွမ်းသည် သူ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်၏။ သူသည် အစကတည်းက စဉ်းစားထားခဲ့ပြီးသား ဖြစ်သည်။
“ဆရာ၊ တပည့်တို့လဲ လိုက်ပြီး စုံစမ်းချင်တယ်” လျှိုမင်ယန်သည် ရုတ်တရက် ထိုင်ရာမှ ထလာပြီး အလေးနက်ပြောလိုက်၏။ သူ၏ အနီးနားတွင် လေထုသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားသွားသည်။ သူတို့ အစ်မကြီး ကိစ္စသည် သူတို့ကိစ္စပင်။
“ဟုတ်တယ်ဆရာ၊ တပည့်တို့ အဲ့ကောင်တွေကို ရှာပြီးတိမ်လွှာဓားနဲ့ ပိုင်းချင်တယ်” ပိုင်ကျန့်ယွီလည်းသူ၏ တိမ်လွှာဓားကို ထုတ်ကာ ပြောလိုက်၏။ သူ၏ စူးရှလှသည့် မျက်ဝန်းအစုံသည် လေဟာနယ်ကို ထိုးဖောက်တော့မည့်အလားပင်။
“တပည့်တို့က အစ်မကြီးရဲ့ အကြောင်းရာကို လျစ်လျုမရှုနိုင်ဘူးဆရာ” လုရှင်းယန်လည်း မက်တက်ရပ်ပြီးနောက် ပြောလိုက်၏။ သူ၏ ဘေးရှိလေထုသည် အပူလှိုင်းများဟပ်လာခဲ့သည်။
မျက်ရည်များ မခြောက်သေးသည့် ယွဲ့ဝူယောင်သည် အနည်းငယ်ပြုံးသွားမိသည်။
“ဆရာ၊ တပည့်တို့ နတ်ဘုရားကုန်းမြေကိုသွားချင်တယ်” ယွဲ့ဝူယောင်သည် လုရှင်းယန်တို့ အနားတွင် ရပ်လိုက်ကာ အလေးနက်ပြောလိုက်သည်။ သူမ၏ စကားသံကြောင့် ဥယျာဉ် အဆောင်တစ်ခုလုံး အေးခဲလာသည့်အလားပင်။
သူမသည် ဂျုနီမောင်လေးသုံးဦးကြောင့် သူမ၏ စိတ်သည် တက်ကြွလာခဲ့သည်။ အငှားအိမ်တော် အတွင်းတွင် အရှိန်အဝါလေးခုသည်ပြင်းထန်စွာပေါ်ထွက်နေ၏။ သူတို့လေးဦးအနားတွင် ရှိသည့် လေထုသည် ငြိမ်ငြိမ်ပင်မနေနိုင်တော့ချေ။
ဟွမ်းသည် တပည့်လေးဦးကိုကြည့်ကာ သဘောကျသည့်အလား ပြုံးလိုက်မိ၏။
“ကောင်းပြီ၊ မင်းတို့ နတ်ဘုရင် အဆင့်ရောက်ရင်သွားကြမယ်”
တပည့်လေးဦး “...”
ရုတ်တရက် နည်းလမ်းမျိုးစုံနှင့် လှုပ်ရှားနေသည့်လေများသည် ချက်ချင်းပင် ငြိမ်သက်သွားလေတော့သည်။ သူတို့ ခန္ဓာကိုယ်များကို ရေခဲရေများနှင့် လောင်းလိုက်သည့်အလား အေးခဲသွားတော့သည်။ သို့သော်လည်း တစ်ခဏ အတွင်းပင် သူတို့၏ ကြိုးစားချင်စိတ်များသည် ပြန်လည် တောက်လောင်လာခဲ့သည်။ နတ်ဘုရင်အဆင့်ရောက်ရန် နှစ်ပေါင်းရာချီကျင့်ကြံဖို့ လိုအပ်သော်လည်း သူတို့သည် ပို၍ စိတ်အားထက်သန်လာကြပြန်သည်။
“ဆရာ နတ်ဘုရင်အဆင့်က နတ်ဘုရားနယ်မြေမှာ ဘယ်လိုဖြစ်တည်မှုမျိုးလဲ” ပိုင်ကျန့်ယွီသည်မေးလိုက်၏။ ထျမ်းယွမ်ကုန်းမြေတွင် နတ်ဘုရင်များသည် လက်ဆယ်ချောင်းပင်မပြည့်ချေ။ ထို့ကြောင့် နတ်ဘုရားကုန်မြေတွင်လည်း အရေးပါသည့် အဆင့်တန်းတွင်ရှိနိုင်လောက်ပေမည်။ ဟွမ်းသည် အတော်လေးစဉ်းစားရကြပ်သွားခဲ့ပြီးနောက် ဇဝေဇဝါနှင့်ဖြေလိုက်၏။
“အင်း.. နည်းနည်းတော့ ရှားတယ်”