တုဟယ်မြို့သခင်၏ သမီး
Vol. 4 Ch. 50
“စီနီယာကို ထိုက်ရွှမ်ဂိုဏ်းရဲ့ ရှက်စရာ ကိစ္စတွေကိုပဲ မြင်စေမိပါပြီ၊ ဂိုဏ်းအတွက် ကျုပ်ကိုယ်စား သန့်ရှင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”
ထိုက်ဟုန်ကျွင်းသည် ဦးညွှတ်ကာပြောလိုက်၏။ ဟွမ်း၏ လုပ်ရပ်သည် ဂိုဏ်းအတွက် သစ္စာမရှိသူများကို မီးမောင်ထိုး ပြသည့်အလားပင်။ ထိုကဲ့သို့ အမှိုက်မျိုးဂိုဏ်းထဲရှိလျှင် တစ်ချိန်ချိန်မှာ သစ္စာဖောက်သွားမှာ ကျိန်းသေပင်။ ထျန်းလုံ၏လုပ်ရပ်ကြောင့် သူ၏ ပါရမီဘယ်လောက်ကောင်းကောင်း ထိုက်ရွှမ်ဂိုဏ်းအတွက် မလိုအပ်တော့ချေ။
ဟွမ်းသည် ခေါင်းသာ အသာယာ ခါပြလိုက်၏။
“ဒီကောင့်ကို မြို့ပြင်ကို ဆွဲထုတ်သွား၊ အခုကစပြီး ထိုက်ရွှမ်မြို့ကို ခြေချခွင့်တောင် မပေးနဲ့” ထိုက်ဟုန်ကျွင်းသည် ဂိုဏ်းသားအချို့ကို ညွှန်ကြားလိုက်၏။
“စီနီယာ ထိုက်ရွှမ်ဂိုဏ်းထဲ လိုက်လည်ပါဦးလား” ထိုက်ဟုန်ကျွင်းသည် ဟွမ်း၏ အဆင့်နှင့် သူတို့ဂိုဏ်းထဲ ဝင်အောင် ခေါ်ဖို့ မဖြစ်နိုင်သည်မှန်း သိသွားပြီးနောက် အလည်လာစေရန်သာ ဖိတ်ခေါ်လိုက်သည်။ သူသည် မော့ရွှယ်အာ၏ အကြောင်းကို မေးမြန်းချင်သော်လည်း မသင့်လျော်သောကြောင့် သိချင်စိတ်ကို ထိန်းချုပ်ထားလိုက်၏။ မော့ရွှယ်အာ၏ အရှိန်ဝါသည် သူကိုပင် မသက်မသာဖြစ်စေသည်။
“ကောင်းပြီ၊ အချိန်ရရင် လာလည်မယ်”
ဟွမ်းသည် မငြင်းဆိုခဲ့ပေ။ ထိုက်ရွှမ်ဂိုဏ်းသည် သူ၏ တပည့်များကို ကျော်ကြားအောင်ပြုလုပ်ပေးခဲ့သည်။ သူ့အနေနှင့် ကျော်ကြားမှုကို မလိုအပ်သော်လည်း စွမ်းအားနိမ့်ကျသေးသည့် သူ၏ တပည့်များ အတွက်တော့လိုအပ်ပေသည်။ ထို့အပြင် ထိုက်ဟုန်ကျွင်း သည် မုန့်ချန်အာကို ဂိုဏ်းစည်းမျဉ်းကိုချိုးဖောက်ပြီး ဂိုဏ်းသားအဖြစ် လက်ခံမည်ဟု ပြောဆိုလိုက်သည့်အချိန်ကတည်းက သူ့အပေါ်တွင် အမြင်ကောင်း ရှိလာခဲ့သည်။ ဟွမ်းနှင့်မော့ရွှယ်အာသည် မုန့်ချန်အာ အဓိကစမ်းသပ်ချက် စတင်ကတည်းက ရောက်နေခြင်းဖြစ်သည်။
လွန်ခဲ့သည်တစ်ပတ်ကျော်ကို ပြန်သွားရမည်ဆိုလျှင် မော့ရွှယ်အာသည် ဟွမ်းဆီမှ “အစီရင်ပညာရပ်များ” ဆိုသည့် ဝိညာဉ်ကျောက်ပြားကို ကြည့်ရင်း နစ်မြောသွားခဲ့သည်။ ထို့နောက် လက်ကမချတမ်းလေ့လာနေခဲ့သည်။ ဟွမ်းသည် သူမဈာန်ဝင်နေသည်ကို မနှောက်ယှက်ပဲ တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။
သူမသည် ဝိညာဉ်ကျောက်ပြားကို ကြည့်ရင်း လေ့လာလိုက်၊ သူ့မကို ထိန်းချုပ်ထားသည့် အစီရင်ကို ပြန်ကြည့်လိုက်နှင့် တစ်ပတ်ကြာသွားခဲ့သည်။ တစ်ပတ်ကြာပြီးနောက်တွင် မော့ရွှယ်အာသည် သူ့ကိုယ်သူဂုဏ်ယူနေသည့်လေသံဖြင့်ပြောလိုက်သည်။
“ဟွမ်း ဒီအစီအရင်ရဲ့အလုပ်လုပ်ပုံကို ကျွန်မ နားလည်သွားပြီ”
ထို့နောက် သူမသည် သူမနေထိုင်ရာ ပိတ်ပိတ်မှောင်နေသည့်ဂူထဲသို့ခေါ်သွားခဲ့သည်။ ထိုအတွင်းရောက်သည့် အချိန်တွင် သူမသည် ကျောက်စားရှိရာသို့ သွားလိုက်ပြီး ထိုကျောက်စားပွဲကို လက်ဝါးနှင့်ရိုက်လိုက်လေသည်။ ကျောက်စားပွဲသည် နှစ်ခြမ်း ကွဲသွားပြီးနောက် အလယ်တွင် ပန်းကန်ပြားအရွယ်လောက်သာ ရှိသည့် အနက်ရောင် အစီအရင်ပြားလေးတစ်ခု ထွက်လာခဲ့သည်။
“ဒီ အစီရင်ပြားကို ဖြေရှင်းနိုင်ရင် ကျွန်မတို့ ထွက်လို့ရပြီ”
ထိုသို့ပြောပြီးနောက် မော့ရွှယ်အာသည် စတင်ဖြေရှင်းလိုက်တော့သည်။ တစ်နာရီခန့်ကြာပြီးနောက် မော့ရွှယ်အာကို ထိန်းချုပ်ထားသည့် အစီအရင်သည် ပျောက်ကွယ်သွားပြီး ပြင်ပလောကကို ထွက်ခွာနိုင်ခဲ့သည်။ ဟွမ်းသည် ယုံတောင်မယုံနိုင်ပေ။ ဤမျှလွယ်လွန်းသလား။
‘သူမမှာအစီအရင်ကို နားလည်လွယ်တဲ့ ပါရမီ ပါတာလား၊ ဘယ်ပညာရပ်မဆို ကျွမ်းကျင်သွားရင် မခက်ခဲတော့ဘူးပဲ၊ ငါ့မှာ အဆောင်ရေးဆွဲတဲ့ပညာနဲ့ အစီအရင် ဖန်တီးတဲ့ပညာမှာ ပါရမီမပါဘူး၊ ငါဆေးပညာကိုလေ့လာရင်ကောင်းမလား၊ ဒါဆိုရင် သလင်းကျောက်တွေရှာနိုင်ပြီ’
ဟွမ်းသည် အတွေးနက်သွား၏။ သို့သော် သူကျွမ်းကျင်သည့် အသံလုံအစီရင်ဖန်တီးနိုင်အောင် ဆယ်နှစ်ခန့်လေ့ကျင့်ခဲ့ရသည်ကို မေ့နေသည့်အလားပင်။ ဒါတောင် သူ၏ အကိုကြီးဖြစ်သူက ဆူပူကြိမ်းမောင်းခဲ့ပြီး အတင်းကျပ်စေခိုင်းခဲ့ခြင်းကြောင့်သာဖြစ်သည်။
ဟွမ်းသည် မော့ရွှယ်အာကို ခေါ်ကာ အပြင်ထွက်လာပြီးနောက် ထိုက်ရွှမ်မြို့ကို ချက်ချင်းပြန်ခဲ့ကြသည်။ အိမ်တော်ရောက်သည့်အခါ မည်သူမှ မတွေ့ရချေ။ ထို့ကြောင့် သူ၏ နတ်ဘုရားအာရုံနှင့် မြို့တစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်သည်။ ထိုအခါမှ ဤရင်ပြင်ထဲတွင် သူတပည့်များ ရှိနေသည်ကိုတွေ့လိုက်ရသည်။
ထို့ကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အောက်သို့ဆင်းမလာခဲ့ချေ။ လေဟာနယ်အတွင်းမှသာ သူတပည့်များကို စောင့်ကြည့်နေခဲ့သည်။ သူသည် ဤသို့စိတ်ရှုပ်စရာကောင်းသည့် နေရာများနှင့် မပတ်သတ်ချင်ပေ။ ထို့နောက် ကျင်းဝူတောက်သည် သူ့၏ တပည့်များကို အနိုင်ကျင့်လွန်းသည်။ သူ၏ ဒေါသများ အထွတ်ထိပ်ရောက်ရှိလာခဲ့သည်။
သို့ပေမဲ့ ကျင်းဝူတောက်၏ ဖိအားများသည် ယွဲ့ဝူယောင်အတွက် လေ့ကျင့်မှု ဖြစ်သည့်အတွက်ကြောင့် စောင့်ကြည့်နေခဲ့သည်။ ယွဲ့ဝူယောင် ပြိုလဲခါနီးတွင် ချက်ချင်းပေါ်ထွက်လာခဲ့ပြီး ကျင်းဝူတောက်ကို ရိုက်နှက်လိုက်တော့သည်။
ယခုလက်ရှိတွင် ဟွမ်းတို့သည် အိမ်တော်သို့ပြန်သွားကြပြီဖြစ်သည်။ ထို့နောက် ထိုက်ရွှမ်ဂိုဏ်းသည် အခမ်းအနားပြီးဆုံးကြောင်းကြေညာခဲ့သည်။
“တပည့်သစ်တွေ နောက်နှစ်ရက်နေရင် ထိုက်ရွှမ်ဂိုဏ်းကို သွားရတော့မယ်၊ အဲ့တော့ ဒီနှစ်ရက်အတွင်း ကိုယ့်မိသားစုကိုယ် နှုတ်ဆက်ထားကြပါ၊ ဂိုဏ်းသားသစ်ရွေးချယ်ပွဲအခမ်းနားကို ဒီမှာပဲအဆုံးသတ်ပါပြီ”
ထိုက်ဟုန်ကျွင်းသည် ဂိုဏ်းသားသစ်များနှင့်အတူပြန်မည် ဖြစ်သောကြောင့် ရှဲ့လန်၏ အိမ်တော်သို့ လိုက်လာခဲ့သည်။
ပွဲကြည့်ပရိတ်သတ်များသည် ရှေးနဂါးရင်ပြင်အတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့သည် ဟွမ်း၏ တပည့်လေးယောက်အကြောင်းကို အိမ်ပြန်နေရင်း ဆွေးနွေးလာကြသည်။ သူတို့အတွက် အံ့ဩသင့်စရာများစွာကို ပြသခဲ့သည့် ဤလူငယ်လေးလေးဦးကို အလွန်ပင် ချီးကျုးနေကြသည်။
ဂိုဏ်းဝင်ခွင့်ရသည့် လူငယ်လေးများသည်လည်း နှစ်ရက်တာ မိသားစုနှင့် အချိန်ပေးရန် အိမ်တော်ကိုယ်စီသို့ပြန်လာခဲ့ကြသည်။ သူတို့သည်လည်း ထိုလူငယ်လေးဦးကို အားကျမိနေကြသည်။ တစ်ချို့လူငယ်များအတွက်မူ သူတို့လေးဦးသည် စံပြပုဂ္ဂိုလ်များနှင့် ကိုယ်စီဖြစ်လာကြ၏။
“ချန်အာ သမီးက ထိုက်ရွှမ်ဂိုဏ်းသူဖြစ်နေပြီလေ ဒီအလုပ်တွေ လုပ်စရာမလိုတော့ဘူး” လုချောင်းယန်သည် မုန့်ချန်အာကို ဆူပူနေ၏။ မုန့်ချန်အာသည် သူ၏ အဝတ်စားများကို လျှော်ဖွတ်သန့်စင်ပေးနေခြင်းကြောင့်ဖြစ်သည်။
“သခင်ကြီး ချန်အာက နောက်ဆို ဒီကိစ္စတွေ လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူးလေ၊ ပြီးတော့ ချန်အာကို ငယ်စဉ်ကတည်းက စောင့်ရှောက် ပေးခဲ့တာအတွက်ကျေးဇူးတင်ပါတယ်၊ သခင်ကြီးကြောင့် သာမဟုတ်ရင် ဒီနေ့ ချန်အာက ဒီလို အခြေနေမျိုး ရောက်ရှိခဲ့မှာမဟုတ်ဘူး၊ သခင်ကြီးရဲ့ ကျေဇူးတွေ ဆပ်လို့ မကုန်နိုင်ပါဘူး”
မုန့်ချန်အာသည် မျက်ရည်များစွာ ယိုစီးနေကာ လုချောင်းယန်ကို ဒူးထောက်၍ ဦးညွှတ်လိုက်သည်။
“ထထ ထိုက်ရွှမ်ဂိုဏ်းသူ တစ်ယောက်က၊ မြို့သခင် အဆင့်လောက်ကို ဦးညွှတ်နေတာဟာမသင့်လျော်ဘူး”လုချောင်းယန်သည် သူမကို ဆွဲထူပေးရင်း ဝေဆာနေသည့်အပြုံးများဖြင့် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သမီးတစ်ယောက်က အဖေ့ကို ဦးညွှတ်တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့”
“ရှင်..” မုန်ချန်အာသည် အလွန်ပင် ထိတ်လန့်သွား၏။
“မွေးစားသမီး မဟုတ်ဘူး၊ သမီးအရင်းတစ်ယောက်လို တရားဝင်မွေးစားမယ် ဒီလူအိုကြီးကို အသိမှတ်ပြုလား” လုချောင်းယန်သည် သူ့ရင်ဘက်ကို ‘တဘုန်းဘုန်း’ မြည်အောင် ထုနှက်ရင်းပြောလိုက်၏။
“ကျွန်မ..” မုန့်ချန်အာသည် အလွန်ပင် ထိန်လန့်သွားခဲ့သည်။ လုချောင်းယန်သည် သူမကို ယခင်ကတည်းက သမီးတစ်ယောက်လို ဆက်ဆံခဲ့ပေမဲ့ ယခုအခါ တရာဝင်သမီးတစ်ဦးအဖြစ် သတ်မှတ်တော့မည်ဖြစ်သည်။ ကွာခြားချက်မှာ တုဟယ်မြို့တွင် သူမသည် အစေခံမိန်းကလေးမဟုတ်တော့ပေ။ မြို့သခင်သမီးဖြစ်သွားမည် ဖြစ်သည်။ မည်သို့ပင် ထိုက်ရွှမ်ဂိုဏ်းသူဖြစ်ပါစေ သူမအတွက် တုဟယ်မြို့သခင်၏သမီး ဆိုသည့်ဂုဏ်ပုဒ်သည် တန်ဖိုးမဖြတ်နိုင်ပေ။
“အဖေ..” သူမ၏ စိုစွတ်ဆဲဖြစ်နေသည့် ပါးပြင်ထက်မှာ မျက်ရည်များထပ်မံစီးကျလာရင်း ခေါ်လိုက်လေသည်။
“ဟားဟား..ဒီနေ့မှာ ငါလုချောင်းယန်မှာ သမီးတစ်ယောက်ရှိလာခဲ့ပြီ” လုချောင်းယန်သည် အားရပါးရရယ်ကာ ကြုံးဝါးလိုက်၏။
အိမ်တော်၏ ဧည့်ခန်း တွင် ရယ်သံများပြည့်နှက်နေသည်။ သို့သော် ထိုအိမ်တော်၏ ဥယျာဉ်အဆောင်ထဲတွင်တော့ ဧည့်ခန်းနဲ့မတူချေ။ လေထုသည် အေးစက်နေပြီး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ထို့နောက် ယွဲ့ဝူယောင်၏ စကားသံထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ဆရာက တပည့်ရဲ့ အကြောင်းကို သိနေခဲ့တာလား” သူမအသိချင်ဆုံးဖြစ်သည့်စကားကို စတင်မေးမြန်းလိုက်၏။
လုရှင်းယန်တို့ သုံးဦးသည် ဘေးနားတွင် တိတ်တဆိတ် နားစွင့်နေကြသည်။ မော့ရွှယ်အာသည်တော့ ဥယျာဉ်ထဲတွင် ကလေးတစ်ယောက်အလား ပြေးလွှားဆော့ကစားနေသည်။
“ဒီအကြောင်းတွေကို အစက ဖုံးကွယ်ထားမလို့ပါပဲ၊ ဒါပေမဲ့ ယောင်အာရဲ့ စွမ်းအားနဲ့ဆို တနေ့နေ့သိလာရမှာလေ၊ ဒါကြောင့် အခုကတည်းကပြောပြထားတော့မယ်” ဟွမ်းသည် သက်ပြင်းချကာ ပြောလိုက်၏။ ဟွမ်းကိုယ်တိုင်လည်း ယွဲ့ဝူယောင်ကို အသိပေးသင့်၊ မပေးသင့်၊ အကြိမ်ကြိမ် စဉ်းစားခဲ့ရသည်။
လုရှင်းယန်တို့သည် စိတ်ဝင်တစားနားထောင်လိုက်ကြသည်။ အထူးသဖြင့် ယွဲ့ဝူယောင်ပင် သူမ သိချင်သိ သူမမိဘများနှင့် သူမ၏ ဇာတ်ကြောင်းကို သိရှိရတော့မည်ဖြစ်သည်။
“ယောင်အာ မင်းကျင့်ကြံနေတဲ့ ခရမ်းလကျင့်စဉ်ကျမ်းက မင်းတို့ မျိုးနွယ်ရဲ့ အပိုင်ပဲ” ဟွမ်းသည် ကွေ့ဝှိုက်မနေပဲ တည့်တိုးသာပြောချလိုက်၏။
“ရှင်..” ယွဲ့ဝူယောင်သည် အလွန်ပင် အံ့ဩသွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူမသည် ခရမ်းလကျင့်စဉ်ကျင့်ကြံတိုင်း ရင်းနှီးသည့် ခံစားမှု ရှိနေသည်မှာ မဆန်းတော့ချေ။ ထိုအချိန်က သူမနှင့် လိုက်ဖက်သည်ဟုပင် ထင်ခဲ့သေးသည်။ သို့သော် ခရမ်းလကျင့်စဉ်းကျမ်း၏ ပိုင်ရှင်ဖြစ်နေမယ်လို့ မတွေးမိခဲ့ဘူးချေ။