← Chapters

စည်းမျဉ်းများ လိုက်နာသူ

Vol. 4 Ch. 48

စည်းမျဉ်းများ လိုက်နာသူ

Vol. 4 Ch. 48

ကျင်းဝူတောက်သည် ဆက်လက် ဖိအားအရှိန်ဝါနှင့် ဖိနှိပ်နေဆဲဖြစ်သည်။

“ဒီမိန်းကလေးက တော်တော်အစွမ်းထက်တာလက်ခံလို့ရပြီ”

“ဟုတ်တယ် ကောင်းကင်နတ်ဘုရားအဆင့်တစ်ယောက်ရဲ့ ဖိအားအောက်မှာ ဒီလောက်နေနိုင်နေတာကိုက အတော်အင်အားကြီးတယ်ပြောရမယ်”

“နှမြောစရာပဲ ထိုက်ရွှမ်ဂိုဏ်းကို မေးခွန်းထုတ်ခဲ့တာကို၊ ထိုက်ရွှမ်ဂိုဏ်းက ဒီလောက်မှ ပြန်မလုပ်ရင် ဘယ်သိက္ခာကျန်တော့မလဲ”

“ဒါပေမဲ့ ဒီလိုလုပ်လိုက်ကတည်းက သိက္ခာကျနေပြီလေကွာ”

ပရိတ်သတ်များသည်တစ်ယောက်တစ်ပေါက်ဆွေးနွေးနေကြသည်။

“မင်းတို့ဂိုဏ်းက အနိုင်ကျင့်ရတာကို ကြိုက်တာလား” အေးစက်သည့်စကားသံတစ်ခုပေါ်ထွက်လာခဲ့သည်။

ယွဲ့ဝူယောင်တို့၏ ကာကွယ်ထားသည့် ခရမ်းရောင်ရေခဲများ ပျောက်ကွယ်သွားပြီး မည့်သည့်ဖိအားမှလည်း မခံစားရတော့ချေ။

“ဆရာ”

ကျင်းဝူတောက်လဲ ထိန်လန့်သွားသည်။ အကြောင်းမှာ လူတစ်ယောက်သည် သူ၏ ပခုံးပေါ်တွင် လက်တင်ထားသောကြောင့်ဖြစ်သည်။ ထိုလူသည် မည်သည့်ကျင့်ကြံမှုမှ မရှိသည့် သာမန်လူအတိုင်းပင်။ သို့သော် သူ့လို ကောင်ကင်နတ်ဘုရားအဆင့်သူတစ်ယောက်က လူတစ်ယောက်၏ လက် ပခုံးပေါ်တင်ထားယုံနှင့် ချွေးများကျဆင်းနေသည်မှာ ယုံရခက်ပင်။

“ခင်ဗျားက” ထိုက်ဟုန်ကျွင်းပြောရန်ပြင်လိုက်သည့်အချိန်တွင် ဟွမ်းသည်စကားဖြတ်ပြောလိုက်သည်။

“စကားနောက်မှပြောမယ်၊ ဒီနေ့ မင်းကို အနိုင်ကျင့်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိအောင်ပြမယ်”

ဟွမ်းသည် သူကိုင်ထားသည့်လက်နှင့် ကျင်းဝူတောက်၏ ပခုံးကို ကိုင်ကာ လေပေါ်သို့ ပစ်တင်လိုက်သည်။ ကျင်းဝူတောက်သည် မည်သို့မျှ ပြန်မတုန့်ပြန်နိုင်ချေ။

“ဘယ်လိုဖြစ်နိုင်တာကြီးလဲ” ထိုက်ဟုန်ကျွင်းသည် နတ်ဘုရင် တစ်ပါး အနေနှင့် ထိတ်လန့်အံ့ဩရသည်မှာ ဖြစ်တောင့်ဖြစ်ခဲ့ပင်။ သူ့အစ်ကိုကြီး၏ စွမ်းအားကို သူသိသည်။ သို့ပေမဲ့ တစ်ဖက်လူက ကြက်ကလေးငှက်ကလေးကို ပစ်လွှတ်လိုက်တဲ့ အတိုင်း မပင်ပန်းပဲ အသာယာမြှောက်တင်နိုင်လေသည်။

“အဲ့ဒါသူတို့ဆရာပဲ” ရှဲ့လန်သည် ပြောလိုက်၏။

ကျင်းဝူတောက်သည် လေပေါ်ရောက်သွားချိန်ဟန်ချက်ထိန်းပြီး ပြန်တိုက်ရန်ပြင်လိုက်ချိန်မှာပဲ ဟွမ်းသည် သူ့ဘေးတွင် ချက်ချင်းပေါ်လာပြီး ခါးကို ဖြတ်ကန်လိုက်သည်။

“ဘုန်း.”

ကြောက်စရာကောင်းလောက်သည့် အရှိန်ဟုန် နှင့် တောင်ဘက် ပွဲကြည့်စင်ဘက်ထိ လွင့်စင်သွားခဲ့သည်။

သို့သော် မပြီးသေးချေ။ ကျင်းဝူတောက် ခန္ဓာကိုယ်သည် ပွဲကြည့်စင် နှင့် ဝင်တိုက်တော့မည့် အချိန်တွင် ဟွမ်းသည် ချက်ချင်းပေါ်လာခဲ့ပြန်သည်။ ချက်ချင်းပင် သူ့ဝမ်းဗိုက်ကို ကန်လိုက်ပြန်သည်။

“ဘုန်း”

ပိုပြီးကြောက်စရာကောင်းတာက မြောက်ဘက်စင်မြင့်ထိ ချက်ချင်း လွင့်စင်ပြီးရောက်သွားခြင်းပင်။

ဟွမ်းသည် သည်လောက်နှင့် မကျေနပ်ပေ။ ချက်ချင်းပေါ်လာပြန်ပြီး ကျင်းဝူတောင်၏ နောက်ကျောကို ကန်လိုက်ပြန်သည်။

“ဘုန်း..”

ဒီလို ‘တဘုန်းဘုန်း’ နှင့် တောင်မှ မြောက်၊ မြောက်မှတောင်သို့ တစ်ယောက်တည်း ကြက်တောင်ရိုက်နေသည့်အလားပင်။

ပွဲကြည့်ပရိတ်သတ်များ”...”

“တော်သေးတယ် အစ်ကိုကြီးလောက် ငါကသူတပည့်တွေကို မဖိနှိပ်ခဲ့လို့” ရှဲ့လန်သည် ပြောရင်းပင် ကျောနှင့်ရင်ဘက် အောင့်လာသလိုခံစားမိလိုက်သည်။

“ငါတို့ဂိုဏ်းသိက္ခာတော့ ဒီနေ့ရေစုန်မြောရပြီပဲ၊ ဘယ်လိုတားရမလဲ” ထိုက်ဟုန်ကျွင်းသည်ရှဲ့လန်ကိုမေးလိုက်၏။ ထိုလူကို သူတောင် နိုင်ဖို့ မသေချာတော့ပေ။

“မင်းလဲ အဲ့ပွဲထဲဝင်မသွားရချင်ရင် လွှတ်ထားလိုက်၊ ငါတို့ မတားနိုင်ဘူး” ရှဲ့လန်သည် သက်ပြင်းချကာပြောလိုက်၏။

“ဒီလူက အဲ့လူငယ်လေးတွေရဲ့ ဆရာများလား” သို့သော်လဲ့ရွှမ်ယန်သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား ထိတ်လန့်သွား၏။

ဟွမ်း “အနိုင်ကျင့် ခံရတဲ့ ခံစားချက်ကဘယ်လိုနေလဲ”

“ဘုန်း.”

ဟွမ်း “မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်ကရော ဘယ်လိုနေလဲ”

“ဘုန်း..”

“ဆရာက တော်တော်ဒေါသထွက်နေပြီ”

လုရှင်းယန်သည် ဝိညာဉ်စွမ်းအင် များစွာ ကုန်ဆုံးသွားသည် ယွဲ့ဝူယောင်ကို ထိန်းပေးထားသည်။ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့သည် ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းပေးနေကြသည်။ သူတို့ဆရာထွက်ပေါ်လာပြီဆိုမှတော့ သူတို့အတွက် မည်သည့်စိုးရိမ်စရာမျှမရှိတော့ချေ။

“ဝုန်း..”

ထိုအချိန်တွင် သူတို့ရှေ့ရှိ နေရာတစ်ခုသို့ လူတစ်ယောက်ပြုတ်ကျလာခဲ့လေသည်။ ထိုလူ၏ ကျောနှင့် ရင်ဘတ်ရှိ အဝတ်စားများသည် စုတ်ပြဲနေပြီး ပါးစပ်မှလည်း သွေးများစွာ အန်ထွက်နေသည်။ ထိုက်ဟုန်ကျွင်းတို့သည် အမြန်ရောက်လာပြီး နတ်စွမ်းအင်များ ဖြင့် ကုသပေးလိုက်သည်။

“မင်းတို့ ကြိုးစားဖို့လိုသေးတာပဲ ဒီလိုအမှိုက်ကိုတောင် မရိုက်နိုင်သေးဘူး”

ဟွမ်းသည် ယွဲ့ဝူယောင်တို့ ရှေ့တွင်ပေါ်လာပြီးပြောလိုက်၏။ ထို့နောက် သူ၏ တပည့်များကို ဝိညာဉ်စွမ်းအင်များ သွင်းပေးလိုက်လေသည်။

ထိုက်ဟုန်ကျွင်း “...”

“ဆရာက ခုမှ ဘာလို့ထွက်လာလဲ” ယွဲ့ဝူယောင်သည် စိတ်ဆိုးနေသည့်လေသံ ဖြင့်ပြောလိုက်သည်။

“ယောင်အာက ခုမှ အဆင့်တက်ထားတာလေ၊ အဆင့်တည်ငြိမ်ပြီး စွမ်းအင်တွေ အထိုင်ကျအောင် လုပ်ဖို့လိုတယ်၊ ဖိအားတစ်ခုခု နဲ့တွေ့ရင် မြန်မြန် အထိုင်ကျတယ်လေ” ဟွမ်းသည် ရှင်းပြလိုက်၏။

ကျင်းဝူတောက် “...”

‘ကျေးဇူးမတင်ပဲ၊ ငါ့ကို ရိုက်သွားသေးတယ်’

ထိုက်ဟုန်ကျွင်းလဲ မည်သို့ပြောရမည်မှန်းမသိချေ။

“ဒီက စီနီယာ..”

“မင်းတို့ဂိုဏ်းက မိန်းကလေးမုန့်ကို စည်းမျဉ်းတွေကြောင့် လက်ခံဖို့ ခက်တယ်မလား၊ ဒီကိစ္စငါရှင်းပေးမယ်” ဟွမ်းသည် စကားဖြတ်ပြောလိုက်၏။

“မိန်းကလေးမုန့်ကို အစောကြီးကတည်းက လက်ခံဖို့ စဉ်းစားထားပြီးသားပါ၊ ဒါပေမဲ့ စကားမဆုံးသေးဘူး ဟိုမီးတောက်ကောင်လေးက ဇာတ်လမ်းစတော့တာ” ထိုက်ဟုန်ကျွင်းသည် ရှင်းပြလိုက်၏။

ဟွမ်း “မင်းတို့ပြောတာ ငါကြားတယ်လေ”

ထိုက်ဟုန်ကျွင်း “???”

‘ဘယ်ချိန်ကတည်းကရောက်နေတာတုန်း၊ ဒါဆိုအဲ့ကတည်းကဘာလို့ မတားတာတုန်း’

လုရှင်းယန်သည် သူ့ဆရာ ထောက်ခံချက်ပေးလိုက်တော့မှ အနည်းငယ်ရှက်သွားခဲ့၏။ သူတို့သည် သက်သက်မဲ့ ပြသနာရှာခဲ့ခြင်းပင်။ သူသည် ထိုက်ဟုန်ကျွင်းကို မည်သည့်မျက်နှာနှင့် ဆက်ဆံရမည်ကိုပင် မသိတော့ပဲ အားနာသွား၏။

“မိန်းကလေးမုန့် ထိုက်ရွှမ်ဂိုဏ်းဝင်ချင်လား”

ဟွမ်းသည် မုန့်ချန်အာ၏ အတည်ပြုချက်ကို နားထောင်လိုက်၏။

“ဟုတ်ကဲ့ ဝင်ချင်ပါတယ်” မုန့်ချန်အာသည် ဖြေလိုက်၏။ ယခုကိစ္စများတွင် ထိုက်ရွှမ်ဂိုဏ်းသည် သက်သက်မဲ့ အနိုင်ကျင့်တာမျိုးမဟုတ်ပေ။ ထို့ကြောင့် သူမသည် ဂိုဏ်းဝင်ရန် ဆုံးဖြတ်လိုက်၏။

“ကောင်းပြီ၊ မင်းတို့ သတ်မှတ်ချက်ကိုလဲ မပြင်ရအောင် ငါလုပ်ပေးမှာပါ၊ ငါကလည်း စည်းမျဉ်းတွေကို လိုက်နာသူတစ်ယောက်ပဲ” ဟွမ်းသည် မှင်သေသေနှင့်ပြောလိုက်၏။

ထိုက်ဟုန်ကျွင်း “...”

‘ခင်ဗျားစကားတောင် ခင်ဗျားယုံရဲ့လား’

“သစ်စိမ်းမြို့က မျိုးရိုးနာမည်လဲ့ ပါတဲ့လူတွေ ဒီအောက်ဆင်းလာခဲ့”

ဟွမ်းသည် ပုံမှန်လေသံဖြင့်သာပြောလိုက်၏။ သို့သော် လဲ့မျိုးရိုးများ၏ နားထဲတွင်တော့ မိုးကြိုးပစ်သည့်အလားပင်။ လဲ့ကျန်းသည် ဟွမ်းရောက်လာပြီး အကြီးကဲချုပ်ကို ရိုက်နှက်နေကတည်းက နောက်သို့ပုန်းအောင်းနေခြင်းပင်။

ယွဲ့ဝူယောင်သည် အံ့ဩသွားသည်။ သူမသည် လဲ့မျိုးနွယ်အပေါ် မည်သည် စိတ်မျှ မရှိတော့သော်လည်း သူမ၏ဆရာသည် အလွတ်ပေးမည်မဟုတ်ချေ။

“ဟိုလူထက် ခံနိုင်ရည် ရှိတယ်ထင်ရင် ဆက်ပုန်းနေ” ဟွမ်းသည် ကျင်းဝူတောက်ကို လက်ညိုးထိုးပြကာပြောလိုက်၏။

“စီနီယာ ကျုပ်ကို ခွင့်လွှတ်ပေးပါ..”

“ကျုပ်တို့ စီနီယာ တပည့်မှန်း မသိလို့ လုပ်ခဲ့မိတာပါ”

လဲ့ကျန်းသည် ချက်ချင်းပြေးလာကာ ဒူးထောက် ငိုယိုတောင်းပန်လေတော့သည်။ လဲ့ရှီးဟန်သည်လည်း အတူတူပင်။ “တရှုံ့ရှုံ့” နှင့်ငိုယိုကာ တောင်းပန်နေကြသည်။ သို့သော် လဲ့ရွှမ်ယန်သည်တော့ ဒူးသာထောက်ထားခဲ့သည်။ သို့သော် ဟွမ်းသည် အထက်ရှိ လေထုထဲကိုကြည့်ကာ ပြောလိုက်၏။

“ရွှယ်အာ ဒီနေရာကို အစီအရင်နဲ့ ဖုံးအုပ်လိုက်”

အနားရှိလူအများ ကြောင်အသွားသော်လည်း အနီရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ယောက်ထွက်ပေါ်လာခဲ့သည်။ မော့ရွှယ်အာပင်ဖြစ်သည်။ သူမပေါ်ထွက်လာသည်ကိုမြင်ပြီး ထိုက်ဟုန်ကျွင်းတို့သုံးဦးသည် ထိန့်လန့်သွား၏။ လေထုသည်လေးလံလာသည်ဟုထင်ရပြီး သူမထံမှ ခံစားချက်မကောင်းသည့် အငွေ့သက်များထွက်ပေါ်နေသည်။ ထိုက်ဟုန်ကျွင်းသည် မျက်မှောင်ကြုတ်သွားပြီးနောက် အတွေးများစွာဝင်လာခဲ့သည်။

‘မိစ္ဆာမျိုးနွယ်ကလား၊ မိစ္ဆာနယ်မြေမှာ သူမရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး’

ယွဲ့ဝူယောင်တို့သည့်လည်း စိတ်ထဲ တင်းကြပ်နေသည့်အလား ခံစားလိုက်ရသည်။

မော့ရွှယ်အာသည် အစီအရင် တစ်ခုလုပ်လိုက်ပြီး ပရိတ်သတ်များ မမြင်စေရန် ဖုံးကွယ်လိုက်၏။ ထိုက်ရွှမ်ဂိုဏ်းညီအစ်ကို သုံးဦးကိုတော့ သက်သေအလား ခေါ်ထားလိုက်သည်။ ပရိတ်သတ်များသည် အတွင်းပိုင်း ကိစ္စများကို မမြင်တွေ့နိုင်တော့ချေ။

“သူက လဲ့မျိုးနွယ်ရဲ့ခေါင်းဆောင်လား” ဟွမ်းသည် ယွဲ့ဝူယောင်ကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ် ဆရာ၊ သူက ကျွန်မအပေါ်ကောင်းပါတယ်” ယွဲ့ဝူယောင်သည် ဟွမ်း၏ စိတ်ကို သိသည့်အလား လဲ့ရွှမ်ယန်ကို ကာကွယ်ပေးလိုက်၏။

“ဟမ့်.. ယောင်အာ သူက မင်းအပေါ်အလကားနေရင်း ကောင်းပေးတယ်များထင်နေလား” ဟွမ်းသည် လဲ့ရွှမ်ယန်ကို ကြည့်ကာပြောလိုက်၏။

“ညီမလေးဝူယောင်၊ ငါမှားခဲ့ပါတယ်၊ မင်းအပေါ်အနိုင်ကျင့်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်” လဲ့ကျန်းသည် အမှားများဝန်ခံကာ ယွဲ့ဝူယောင်ကို အကူညီတောင်းလိုက်သည်။ အစောကပင် ယွဲ့တူယောင်ကို သေစေချင်သည့် စိတ်များပြင်းထန်စွာ ထွက်ပေါ်နေခဲ့သော်လည်း ဟွမ်း၏ စွမ်းအားကို မြင်တွေ့ပြီးနောက် သူတို့ ဘယ်လိုမှ စော်ကား၍မရသည့် တည်ရှိမှုဆိုတာကို နားလည်သွားခဲ့သည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။

“နားညီးတယ်၊ သူမက မင်းတို့ စော်ကားချင်တိုင်းစော်ကားလို့ရတဲ့သူမဟုတ်ဘူး” အနက်ရောင်မီးတောက်သည် လဲ့သားအဖ အပေါ် လောင်ကျွမ်းသွားခဲ့သည်။ ပုံမှန်ဆိုလျှင်တော့ လဲ့သားအဖကဲ့သို့ ပုရွှတ်ဆိတ်များကို စိတ်ထဲပင်ထည့်မည်မဟုတ်ချေ။ သို့သော် ယွဲ့ဝူယောင်သည် သူ့အစ်ကိုကြီး၏ သမီးဖြစ်သည်။ မည်သူ့ အနိုင်ကျင့်ခြင်းမျိုးကိုမှပင် လက်မခံနိုင်ချေ။

“အား...” ဆုံးအောင်ပင် မအော်နိုင်ချေ။ မြန်ဆန်သည့် အရှိန်နှုန်းနှင့် ဝိညာဉ်ပါလောင်ကျွမ်းသွားပြီး သေဆုံးသွားကြ၏။

“မင်းတို့ဂိုဏ်းစည်းမျဉ်းကို ချိုးဖောက်ရာမရောက်တော့ဘူးမလား”

All Chapters