အနိုင်ကျင့်ရတာကို ကြိုက်တာလား
Vol. 4 Ch. 47
"မဟုတ်ဘူး၊ သူနဲ့တိုက်မှာ" ယွဲ့ဝူယောင်သည် ချီလင်းဟောင်ကို လက်ညှိုးထိုးကာပြောလိုက်၏။
ချီလင်းဟောင် "..."
'မိန်းကလေး၊ ထိုက်ရွှမ်ဂိုဏ်းက မင်းကိုများ အပြစ်လုပ်ထားမိလို့လား'
ချီလင်းဟောင်သည် သာမန်သူတော်စင်အဆင့်မဟုတ်ပေ။ သူတော်စင်အဆင့် အထွတ်ထိပ်အဆင့်တွင် နှစ်ပေါင်း ရာချီနေထိုင်လာခဲ့တဲ့လူတစ်ယောက်ဖြစ်လေသည်။ သူသည် ထိုက်ရွှမ်ဂိုဏ်းချုပ်ထက်ပင် အသက်များစွာကြီးသေးသည်။ ထိုကဲ့သို့ အတွေ့ကြုံပေါင်းများစွာနှင့် ကြုံတွေ့ဖူးခဲ့သည့်လူတစ်ဦးဖြစ်သည်။ ရှောင်ထျန်းကဲ့သို့ မနေ့တစ်နေ့ကမှ အဆင့်တက်ခဲ့သူမဟုတ်ပေ။
ရင်ပြင်တစ်ခုလုံး တီးတိုးပြောဆိုသံများပေါ်ထွက်လာသည်။
"သူတို့က တပည့်တွေရိုက်ရတာအားမရလို့၊ အကြီးကဲတွေကိုပါရိုက်တော့မှာလား"
"ဘာပဲ ဖြစ်ဖြစ် ငါတို့က နောက်တစ်ပွဲ ကြည့်ရဦးမှာပဲ"
"ဒီတစ်ကြိမ် ထိုက်ရွှမ်ဂိုဏ်းသားသစ်ရွေးချယ်ပွဲ လာကြည့်ရတာ အတန်ဆုံးပဲ"
"သူတော်စင်အဆင့် နှစ်ဦးရဲ့ တိုက်ပွဲက ပိုမြိုင်ဆိုင်မှာပဲ"
"မိန်းကလေး၊ လုံလောက်နေပြီလေ၊ ကျုပ်တို့ဂိုဏ်းကို စော်ကားဖို့ ကြိုးစားနေတာလား"
ထိုက်ဟုန်ကျွင်း၏ လေသံသည် မာဆက်ဆက် ဖြစ်လာ၏။ သူသည် ဒေါသမထွက်ဘူးဟုပြောလျှင် လိမ်ရာကျပေမည်။ ဟိုအရူး သုံးယောက်၏ တိုက်ခိုက်မှုကြောင့် ထိုက်ရွှမ်ဂိုဏ်းသည် လင်းယွမ်နေမြေတွင် အတော်မျက်နှာပျက်ပြီးနေပြီဖြစ်သည်။ သို့သော် အကြီးကဲ တစ်ဦးနှင့်ပါ ဆက်လက်တိုက်ခိုက်ချင်နေသေးသည်။ ချီလင်းဟောင် နိုင်သွားရင် ဘာအဓိပ္ပာယ်မှ မရှိချေ။ သို့ပေမဲ့ လူကြီးက လူငယ်ကို အနိုင်ကျင့်ရာပင်ကျပေဦးမည်။ ရှုံးသွား ရင်တော့ ကုန်းကောက်စရာ သိက္ခာပင် မကျန်တော့ချေ။
'မလွန်ပေဘူးလား၊ သူမသာ နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်သွားရင် ငါ့ကိုပါ စိန်ခေါ်ဦးမှာလား'
"အစက မြို့အုပ်ချုပ်သူ ရှဲ့လန်ကို စိန်ခေါ်မလို့ပါပဲ၊ ဒါပေမဲ့ အဆင့်က ခုမှတက်ထားတာဆိုတော့ မတည်ငြိမ်လောက်သေးလို့" ယွဲ့ဝူယောင်သည် ရှဲ့လန်နှင့် မတိုက်ခိုက်ရတာ ရင်နာနေသည့်အလား ပြောလိုက်၏။
ရှဲ့လန် "..."
'တပည့်ကိုရိုက်ထားတာ အားမရလို့ ဆရာဖြစ်သူကိုပါ ရိုက်ချင်နေပြီလား'
ထိုက်ဟုန်ကျွင်းသည် မည်သို့ပင် ပြန်ပြောရမည်မသိတော့ချေ။ ထိုက်ရွှမ်ဂိုဏ်းချုပ်အနေဖြင့် ဘေးကျပ်နံကျပ် အကျပ်ရိုက်သွားရတာ ဤသူတော်စင်ပေါက်စမလေးနဲ့ မှ ပထမဆုံးအကြိမ်ကြုံဖူးခြင်းပင်။ ကျင်းဝူတောက်သည် အတော်ဒေါသထွက်နေပြီး ထပြောရန်ကြံလိုက်သည့်အချိန်တွင် ထိုက်ဟုန်ကျွင်းသည် တားလိုက်သည်။
"အကြီးကဲချီ သူမနဲ့တိုက်လိုက်" ထိုက်ဟုန်ကျွင်းသည် ချီလင်းဟောင်ကို ပြောလိုက်သည်။ ထို့နောက်တွင် သက်ပျင်းချကာ ပြန်ထိုင်လိုက်၏။ ဤနေ့တွင် သက်ပျင်းအကြိမ်ကြိမ်ချရလွန်းလို့ အတော်အိုနေပြီလားဟုပင် သံသရဝင်လာသည်။
"ရှောင်ကျွင်း ဒီမိန်းကလေးက ဂိုဏ်းကို သိက္ခာချနေတာနော်"
ကျင်းဝူတောက်သည် အံကြိတ်ကာပြောလိုက်၏။ သူသည် ဂိုဏ်းချုပ်လို့တောင် မခေါ်ပဲ တိုက်ရိုက်ခေါ်လိုက်သည်ကို ကြည့်ချင်းအားဖြင့် မည်မျှ ဒေါသထွက်နေသည်ကို ခံစားမိနိုင်သည်။
"လက်မခံလိုက်ရင် ပိုပြီးသိက္ခာကျလိမ့်မယ်၊ ပြီးတော့ အဆင့်က အထွတ်ထိပ်နဲ့ ကနဦးပဲကွာတာလေ၊ သူတော်စင်အဆင့်တွေပဲ၊ ပြီးတော့ သူမကို ရှုံးနိမ့်မှု အရသာ ခံစားခွင့်ပေးလိုက်တာပေါ့"
ထိုက်ဟုန်ကျွင်းသည် ချက်ကျ လက်ကျ ရှင်းပြလိုက်သည်။ ချီလင်းဟောင်သည် သူတော်စင်အဆင့် အထွတ်ထိပ်ရောက်ခဲ့သည်မှာ နှစ်ရာချီကြာပြီဖြစ်သည်။ အခုလေးတင် အဆင့်တက်ထားသည့် မိန်းကလေးကို ရှုံးလိမ့်မည်ဟု မထင်ပေ။
ချီလင်းဟောင်သည် ယွဲ့ဝူယောင်ရှိရာ ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့လေသည်။ သူသည် ဤစင်မြင့်ပေါ်တွင် လူငယ်များ ယှဉ်ပြိုင်ကြလျင် အမြဲ ဒိုင်လူကြီး လုပ်ပေးခဲ့သူဖြစ်သည်။ ယခု ထိုအရူး အဖွဲ့နှင့်တွေ့မှ သူသည် ပြိုင်ပွဲစင်မြင့်ပေါ်တက်နေရပြီဖြစ်သည်။
'ငါ့ဘဝကြီးက ဘယ်နားမှာ မှားခဲ့တာတုန်း'
"မိန်းကလေး အရင်စတိုက်ပါ ကျုပ်အခွင့်ရေး မယူတော့ဘူး"
ဤအရာသည် အထင်သေး၍ မဟုတ်ပေ။ မျိုးဆက်ဟောင်း လူကြီးတစ်ယောက်ဖြစ်သည့်အပြင် အဆင့်ကွာဟ သောကြောင့်ဖြစ်သည်။
"ကောင်းပါ့မလား"
ယွဲ့ဝူယောင်သည် အခွင့်ရေးယူရမှာ ရှက်သည့်အလား မျက်မှောင်ကြုတ်ကာမေးလိုက်၏။
ချီလင်းဟောင် "ရပါတယ်၊ ကျုပ်က ပြသနာမရှိ.."
ချီလင်းဟောင်စကားမဆုံးခင် ယွဲ့ဝူယောင်သည် သူ၏ ရှေ့တွင် ချက်ချင်းပေါ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် သူမ၏ လက်ဝါးနှင့် ချီလင်းဟောင်၏ ရင်ဘက်ကို ရိုက်ချလိုက်သည်။
"ဘုန်း"
"ဝှီး.."
ချီလင်းဟောင်သည် လေးညို့မှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းအလား လွင့်ထွက်သွားသည်။ လွင့်ထွက်သွားသည့် အရှိန်သည် အလွန်ပင် မြန်ဆန်လွန်းပြီး ယွဲ့ဝူယောင် ရိုက်လိုက်သည့် ရိုက်အားသည် ပြန်းထန်လွန်းသည့် အတွက်ကြောင့် ပြိုင်ပွဲ ကွင်းပြင် ပြင်ပအထိ အတော်တော်ဝေးဝေးသို့ လွင့်ထွက်ခဲ့ရသည်။ အရှိန်သည် တော်တော်နှင့် မသေသေးချေ။ တရွတ်တိုက်ပါသွား၏။
ချီလင်းဟောင် "ချီးတဲ့မှ"
ပွဲ့ကြည့်ပရိတ်သတ်များ "..."
ရင်ပြင်တစ်ခုလုံးသည် သုသာန်တစ်စပြင်အလား တိတ်ဆိတ်သွား၏။ မည်သူမျှပင် စကားမပြောနိုင်အောင် ငြိမ်သက်နေကြ၏။ အပ်ကျသံ ကြားနိုင်သည့်အလားပင်။
"ငါ့ အားများသွားတာပဲ၊ အစောကမှအဆင့်တက်လိုက်တော့ စွမ်းအား အတိမ်အနက်ကို မထိန်းနိုင်လိုက်ဘူး"
ယွဲ့ဝူယောင်သည် အားတုံ့အားနာ တီးတိုးရေရွတ်လိုက်၏။ သို့သော် ရင်ပြင်တစ်ခုလုံးတိတ်ဆိတ်နေသည့်အပြင် အားလုံးကျင့်ကြံသူတွေမို့ သူမစကားကို ရှင်းလင်းစွာ ကြားနိုင်လေသည်။
"အစ်မကြီးကတော့ အစ်မကြီးပါပဲ" လုရှင်းယန်သည် သက်ပြင်းချကာပြောလိုက်၏။ ကျန်နှစ်ဦးလည်း သဘောတူသည့်အလား ခေါင်းညိတ်လိုက်ကြသည်။
"အား..နာတယ်ကွ"
"အိမ်မက်လားလို့ ဆိတ်ကြည့်တာ"
"ဒါကြီးက အဓိပ္ပာယ်ရောရှိရဲ့လား"
"မဖြစ်နိုင်တာ"
ပရိတ်သတ်များလဲ ပြောစရာစကားတစ်ခွန်းသာ စိတ်ထဲပေါ်လာကြလေသည်။
"သူတို့တွေက နတ်ဆိုးငယ်လေးတွေ"
ထျန်းလုံ၏ မျက်လုံးများ အရောင်လက်လာလေသည်။ သူ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကိုတော့ မည်သူမျှ မသိချေ။
"လုရှင်းယန်ပြောတဲ့စကားက အမှန်တွေပဲကိုး" ရှောင်ထျန်းသည် လုရှင်းယန်ပြောတုန်းက မောက်မာသည်ဟုပင်ထင်ခဲ့သည်။ သို့သော် လုရှင်းယန်၏ စီနီယာအစ်မတွင် မောက်မာနိုင်သည့် စွမ်းရည် အမှန်ပင်ရှိ၏။
လဲ့သားအဖသည်တော့ အလွန်ပင် တုန်လှုပ်ခြောက်ခြားနေပြီး မယုံနိုင်ပင် ဖြစ်နေတော့သည်။
'မဖြစ်နိုင်ဘူး ဒီမိန်းမ ဒီလောက်ထိ အစွမ်းထက်နေတာ'
လဲ့ရွှမ်ယန်သည်လည်း အံ့ဩ၍ မဆုံးနိုင်ဖြစ်နေသည်။
"ငါဆုံးဖြတ်လိုက်ပြီ သူတို့ကို ဂိုဏ်းထဲရအောင် ခေါ်မယ်"
ကျင်းဝူတောက်သည် အစက ဂိုဏ်း၏ဂုဏ်သိက္ခာကို စော်ကား၍ ဒေါသထွက်နေသော်လည်း သူတို့လေးဦးကိုသာ ဂိုဏ်းအတွင်း ခေါ်နိုင်ခဲ့လျင် ပြသနာမရှိတော့ချေ။ ထို့နောက် ကျင်းဝူတောက်သည် သူတို့ရှိရာသို့ ဆင်းလာခဲ့သည်။ ထိုက်ဟုန်ကျွင်းနှင့် ရှဲ့လန်တို့သည်လည်း ဆင်းလာခဲ့သည်။
"မင်းတို့တောင်းဆိုချင်တာပြော" ကျင်းဝူတောက်သည် ယွဲ့ဝူယောင်ကို ကြည့်ကာ မေးလိုက်၏။
"အစ်မမုန့်ကို ဂိုဏ်းထဲ ဝင်ခွင့်ပြုလိုက်" ယွဲ့ဝူယောင်သည် အမိန့်ပေးသည့်အလားပြောလိုက်၏။
"မဖြစ်နိုင်ဘူး" ကျင်းဝူတောက်သည်ငြင်းပယ်လိုက်၏။
"ကောင်းပြီ သွားကြစို့" ယွဲ့ဝူယောင်သည် သူတို့အဖွဲ့ကို ကြည့်ကာပြောလိုက်၏။ တစ်ဖက်ကငြင်းပယ်လိုက်ရင် တွယ်ကပ်နေစရာမလိုချေ။
"အခြေနေတစ်ခုတော့ ရှိတယ်" ယွဲ့ဝူယောင်တို့ လှည့်ထွက်သွားသည့်အချိန်တွင် ကျင်းဝူတောက်သည် ပြောလိုက်၏။
"ဘာအခြေအနေလဲ" ယွဲ့ဝူယောင်သည် နောက်လှည့်မကြည့်ပဲမေးလိုက်၏။
"မင်းတို့လေးယောက်ရော ထိုက်ရွှမ်ဂိုဏ်းထဲ ဝင်မယ်ဆိုရင် အဲ့ဒီမိန်းကလေးကိုရော လက်ခံပေးမယ်" ကျင်းဝူတောက်သည်ပြောလိုက်၏။
"လိုက်ပို့စရာမလိုဘူး၊ နှုတ်ဆက်ပါတယ်" ယွဲ့ဝူယောင်တို့သည် ထွက်ခွာသွားတော့သည်။
'ထိုက်ရွှမ်ဂိုဏ်းကို မျက်နှာသာပေးပါဦး၊ ဒီလောက်ပြတ်သားစရာလိုလို့လား'
ထို့နောက် ကျင်းဝူတောက်သည် မျက်လုံးများ မှေးကျင်းလိုက်ပြီး သူ၏ ကောင်းကင်နတ်ဘုရားအဆင့် ဖိအားကို သူတို့လေးဦး အပေါ် ထုတ်လွှတ်လိုက်သည်။
ပိုင်ကျန့်ယွီ၊ လျှိုမင်ယွမ်နှင့် အားနည်းနေသေးသည့် လုရှင်းယန်တို့သည် ဒူးထောက်ကျလုမတက်ဖြစ်သွားခဲ့သည်။ ယွဲ့ဝူယောင်သည် အံကြိတ်ကာ ထိုဖိအားကို ခုခံလိုက်သည်။ ထို့နောက် မြေပြင်ကို လက်ဝါးနှင့်ရိုက်၏။ ထိုအချိန်တွင် လုရှင်းယန်တို့ သူဦးကို ဖုံးအုပ်သွားသည့် ခရမ်းရောင် ရေခဲအလွှာကြီးပေါ်ထွက်လာကာ ကာကွယ်ပေးလိုက်၏။
'ကောင်းတယ် မောက်မာတဲ့ မိန်းမ သေရတော့မယ်' လဲ့ကျန်း၏အတွေးသာဖြစ်၏။
"ဝူယောင်" လဲ့ရွှမ်ယန်လည်း မည်သို့မှ မတက်နိုင်ချေ။ ထိုက်ရွှမ်ဂိုဏ်းသည် သူဆန့်ကျင်နိုင်သည့် ဖြစ်တည်မှုများမဟုတ်ပေ။
"ဒီမိန်းကလေးက အေးစက်စက်ပုံပေါ်ပေမဲ့ စိတ်ထားပြည့်ဝတာပဲ၊ သူစိမ်းတွေအပေါ်သာ မောက်မာပြီးရန်လိုတက်တယ်၊ သူ့ဂျုနီယာတွေကိုတော့ နွေးထွေးပြီး ကာကွယ်မှုပေးတယ်" ထိုက်ဟုန်ကျွင်းသည် သုံးသပ်လိုက်၏။ သူတို့သည် ထိုမိန်းကလေးကို စမ်းသပ်နေခြင်းသာဖြစ်၏။ ထိုအပြင် သူမ မောက်မာခဲ့လွန်းသောကြောင့် အနည်းငယ် ပညာပေးခြင်းသာဖြစ်၏။
"ဒါတော့အမှန်ပဲ၊ ဒါနဲ့ ရှောင်ကျွင်း ငါတော့ မကောင်းတဲ့ အာရုံတစ်ခုရနေတယ်" ရှဲ့လန်သည် ပြောလိုက်၏။
ယွဲ့ဝူယောင်အတွက် ဖိအားသည် အတော်လေးပြင်းထန်လှသည်။ အဆင့်ကွာခြားချက်သည်လည်း အတော်ကွာဟနေသည်။
"အစ်မကြီး"
ယွဲ့ဝူယောင်သည် လေးဦးစလုံးစာ ဖိအားခံယူထားရသည့်အလားဖြစ်နေသည်။ ထို့နောက် ယွဲ့ဝူယောင်သည် အံကြိတ်ပြီး ခရမ်ရောင်ရေခဲများဖြင့် ဓားရှည်တစ်လက်ပုံစံ ဖော်လိုက်သည်။ ထိုဓားရှည်ကို မြေပြင်တွင်ထိုးစိုက်လိုက်ပြီးနောက် သူမ လဲမကျစေရန် တင်းတင်းဆုပ်ကိုင်ထားလိုက်ရ၏။ ထို့နောက် သူမခန္ဓာကိုယ်မှ အအေးစွမ်းအင်များ ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။ လေထုပင်ခဲလာပြီးနောက် သူမနှင့် လုရှင်းယန်တို့သုံးကိုပါ ခရမ်းရောင် ရေခဲများနှင့် ဖုံးလွှမ်းသွားခဲ့သည်။ အချိန်အနည်းငယ်ကြာလာပြီးနောက် သူမ၏ ခရမ်းရောင်ရေခဲ အလွှာသည် တဖြေးဖြေးအက်လာခဲ့သည်။
"အနိုင်ကျင့်ရတာကို ကြိုက်တာလား"