ဗလာဂိတ်တံခါး......
Vol. 30 Ch. 405
အခေါင်းတလားထဲတွင်ရှိနေသော သေးငယ်လှတဲ့ မိန်းကလေးရုပ်တုကို စုမင် ကြည့်နေခဲ့သည်။ဒီမျက်နှာလေးကို ကြည့်လိုက်မိသည်တွင် အိမ်မက်တွေထဲကတဆင့်ကြားခဲ့မိသည့် ငယ်ရွယ်နုပျိုလှသည့် အသံလေးကြောင့် ရင်ထဲမှာ ဝမ်းနည်းသည့်ခံစားချက်များ ပေါ်ထွက်လာသည်။
" နိုးပြီလား "
တည်ငြိမ်စွာ စကားမဆိုနိုင်သေးခင်အထိ တိထျန်း တိတ်ဆိတ်နေသည်။ မျက်နှာပြင်ထက်က တုန်လှုပ်ခြောက်ခြားခြင်း အရိပ်ငွေ့များသည်လည်း လွင့်ပါးကုန်ပြီဖြစ်၍ အရင်အတိုင်း သီးသန့်ဆန်သူတစ်ယောက်ဖြစ်သွားခဲ့ပြန်သည်။
" ကျုပ် သူ့ကို မှတ်မိပြီ......"
စုမင် တီးတိုးရေရွတ်လိုက်သည်။ ဒါတွေဟာ အိမ်မက်မဟုတ်မှန်း စုမင် နားလည်ခဲ့လေပြီ......
စုမင်ရဲ့ ဝမ်းနည်းပူဆွေးမှုများသည် ပျောက်ကွယ်မသွားဘဲ ပိုမိုပြင်းထန်လာခဲ့သည်။ မျက်ဝန်းတွေ စိုစွတ်လာပြီး ကျဆင်းလာသောမျက်ရည်ပေါက်များသည် ကျောက်သားရုပ်ထုလေးပေါ် ကျဆင်းကုန်လေ၏....
စုမင်ရဲ့ မျက်ရည်စက်များ ကျောက်သားရုပ်ထုပေါ်ကျဆင်းသွားချိန်မှာ စိတ်ထဲတွင် မြင်ကွင်းအသစ်များ ဖြစ်ပေါ်လာလေ၏...ထိုမြင်ကွင်းများတွင် စုမင်သည် အနီရောင်ဆံသား ၊အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိမိကိုယ်ကို ပြန်မြင်နေရ၏.....
သူ၏ အနီရောင်ဆံနွယ်များသည် အစာရှာရန် အလို့ငှာ ဂူဗိမ္မာန်မှ ထွက်လာသည့် နဂါးတစ်ကောင်သဖွယ် ပြောင်းလဲသွားပြီး ၎င်းဖြတ်သန်းသွားရာနေရာတိုင်းရှိ စစ်သည်တော်များထံမှ စွမ်းအားများကို စုပ်ယူနေသည်ကို မြင်တွေ့နေရပြီး အစွမ်းထက်လွန်းလှသော သားရဲများသည်ပင် လွတ်မြောက်နိူင်ခြင်းမရှိပေ.......
ဆောင်းဉီးပင်လယ်မျိုးနွယ်စုဆီ ဉီးတည်သွားပြီး ကောင်းကင်ကြီးအား လက်တစ်ဖက်တည်းဖြင့် မတင်ထားသည့် ဆံသားအနီအရောင်များရှိသည့် မိမိကိုယ်ကို စုမင်ပြန်မြင်တွေ့နေရသည်။ကုန်းစီကို တံဆိပ်ခတ်နှိတ်ပြီး ကောင်းကင်ပေါ်ချိတ်ဆွဲခဲ့သည်။ ထို့အပြင် ဆောင်းဉီးပင်လယ်မျိုးနွယ်စုတစ်ခုလုံးကိုပါ ချိတ်ပိတ်ပြီး မျိုးနွယ်စု၏ မြင့်မြတ်သောမိန်းမပျို ဝမ်ချိုးကို ခေါ်ယူကာ လေအလွှင့်တွင် အနီရောင်ဆံသားတို့ဝဲဖြာဟန်ဖြင့် ထွက်ခွာခဲ့သည်။
ဆံသားအနီရောင်ရှိသော မိမိကိုယ်တိုင်ကရှေးဟောင်းကျင့်စဉ်တစ်ခုဖြစ်သော ယင်ဖီးနစ်ကျင့်စဉ်ဖြင့် ဝမ်ချိုးအား ပုံသွင်းနေသည့်ဖြစ်စဉ်အစအဆုံးအား စုမင် ပြန်တွေ့မြင်နေရသည်။ ဤရက်ပိုင်းအတွင်း ဟုန်လော့ ဖြတ်သန်းခဲ့ရသည့်ခရီးစဉ်မှတ်ဉာဏ်များသည် စုမင်၏ မျက်လုံးများထဲတွင် အရှိန်အဟုန်ပြင်းစွာ ပြန်လည်ထင်ဟပ် ဖြတ်ကျော်သွားသည့်နှယ်.......
အင်မော်တယ်အဖိုးအိုတစ်ယောက်အား ကောင်းကင်တုန်ဟီးလောက်သည်အထိ တန်ပြန်တိုက်ခိုက်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ထို့အပြင် ဆံရှည် အင်မော်တယ်အမျိုးသမီးအား ယင်ဖီးနစ်ကျင့်စဉ်ဖြင့် ပုံသွင်းခဲ့ပြန်သေးသည်ကိုလည်း မြင်ခဲ့ရပြန်သည်။
ရှာမန်မျိုးနွယ်စုတို့၏ မြင့်မြတ်သောတောင်ကြီး ပေါ်တွင် တိထျန်းနဲ့ ကမ္ဘာတုန်ဟီးသည်အထိ တိုက်ခိုက်ခဲ့ကြပြန်သည်။နောက်ဆုံးတွင်တော့....ဟုန်လော့၏ ဝိဉာည်သည် သူ့(စုမင် )ခန္ဓာကိုယ်ထဲသို့ မှတ်ဉာဏ်များ ပို့ပေးရင်းရယ်မောရင်းဖြင့်ပင် ပျောက်ကွယ်သွားချိန်တွင် စုမင်၏ မှတ်ဉာဏ်များသည်လည်း ရပ်တန့်သွားခဲ့လေသည်......
" ငါဟာ တာအိုလမ်းစဉ်ကို နှစ်သုံးသောင်းကျင့်ကြံခဲ့ပြီးပြီ.....အခုတော့ အင်မော််တယ်တစ်ယောက်မဟုတ်တော့ဘဲ သေမျိုးလူသားတစ်ယောက်ပဲ ပြန်ဖြစ်လာတော့မယ်......"
ထိုရယ်မောသံသည် စုမင်၏ စိတ်အား လှိုင်းထန်စေခဲ့ပြီး တဖြည်းဖြည်းနဲ့ အက်ကွဲရှတသော ရှေးဟောင်းအသံတစ်ခုအဖြစ် လွင့်ပါး ပျောက်ကွယ်သွားလေသည်....
"နားထောင်... ကောင်လေး ...ငါ တိထျန်းကို နက်နက်နဲနဲ မုန်းတီးပေမယ့် သူ့ခွန်အားက ငါ မှတ်မိထားတာထက်ကို ကျော်လွန်နေပြီ.....ငါ့ကို အချိန်ဘယ်လောက်ကြာကြာ ချိတ်ပိတ်ထားသလဲ ငါမမှတ်မိတော့ဘူး...အခုဆို ငါဟာသေမျိုးတစ်ယောက်အဖြစ်နဲ့ ဘဝဆုံးရတော့မယ်...ဒါပေမယ့်လဲ ငါ မကျေနပ်နိူင်သေးဘူး...."
" အင်မော်တယ် ဧကရာဇ်ရဲ့သားတော်တစ်ပါးဖြစ်တဲ့ ငါက ရှေးဟောင်းတော်ဝင်ကျင့်စဉ်တစ်ခုဖြစ်တဲ့ ဆယ်ဘဝကျင့်စဉ်ကို မင်းလွတ်မြောက်ဖို့အတွက် ပေးခဲ့မယ်......ဒီကျင့်စဉ်က မင်းရဲ့ ကျင့်ကြံမှုအဆင့် မြင့်လာတာနဲ့အမျှ ချိတ်ပိတ်ခံထားရတဲ့ မင်းရဲ့ မှတ်ဉာဏ်တွေကို ဖွင့်ပေးဖို့ ကူညီပေးလိမ့်မယ်....."
" ဒါ့အပြင် ဒီကျင့်စဉ်က မင်းရဲ့ သွေးတွေကို အင်မော်တယ်တွေအားလုံးထက် သန့်စင်တဲ့ သွေးတွေအဖြစ် ပြောင်းလဲပေးလိမ့်မယ်...ဒီသွေးတွေထဲမှာပါတဲ့ ငါ့ရဲ့ တာအိုကျင့်စဉ်တွေ၊နတ်ဘုရားစွမ်းရည်တွေအကုန်လုံးကိုလဲ မင်း ပိုင်ဆိုင်နိုင်လိမ့်မယ်...."
"ဆယ်ဘဝကျင့်စဉ်ကို သုံးပြီး ငါ့ရဲ့ လက်ကျန်သက်တမ်းကို လောင်ကျွမ်းပြီး မင်းကို ဒီအခေါင်းတလားဆီရောက်အောင်ပို့ပေးတယ်ဆိုတာ ဒီအခေါင်းတလားထဲမှာ မင်းအတွက် အရေးကြီးတဲ့အရာတစ်ခုရှိနေတယ်လို့ ခံစားမိခဲ့လို့ပဲ.....တိထျန်းနဲ့တစ်ယောက်ချင်း ရင်ဆိုင်ရမှာကို စိတ်မပူပါနဲ့....ငါမင်းအတွက် ဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားထားပြီးသားပါ....ဒီစကားသံတွေကို မင်း ကြားနေရသ၍ ကျိန်းသေအောင်မြင်မှာပါ......"
" ဆယ်ဘဝကျင့်စဉ်ဆိုတာ တော်ဝင်မျိုးဆက် တစ်ဆက်မှာ တစ်ယောက်တည်းသာ ဆက်ခံခွင့်ရတဲ့ ကျင့်စဉ်တစ်ခုပဲ....ဘယ်လောက်ပဲ ပါရမီထူးနေပါစေ ဆက်ခံခွင့်မရတဲ့သူတွေအဖို့ လုံးဝကျင့်ကြံလို့မရတဲ့ ကျင့်စဉ်မျိုးပဲ...ဒါက အသေချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုနဲ့တူတယ်...ဒီကျင့်စဉ်ရဲ့ နယ်ပယ်တစ်ခုဆီတိုင်းကို တစ်သက်မှ တစ်ခါပဲကျင့်ကြံလို့ရတယ်.....ဒါ့ကြောင့် ဒီကျင့်စဉ်အတွက် တိုက်ခိုက်နေစရာမလိုဘဲ အစဉ်အလာအတိုင်းအမွေဆက်ခံလိုက်ရုံပဲ..."
" ဒါ့ကြောင့် တိထျန်းက ဒီကျင့်စဉ်ကို မသိသလို ဒီကျင့်စဉ်နဲ့သာဆို တည်နေရာပြောင်းပေးနိူင်တဲ့
ဗလာဂိတ်တံခါးကို ဖွင့်လို့ရမှန်းလဲ မသိတာပေါ့....အစက ဒီဂိတ်တစ်ခါးကို အမွေဆက်ခံနေတုန်း တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ရင် ငါတို့ထွက်ပြေးဖို့ လမ်းကြောင်းအဖြစ်သုံးမလို့ပဲ....ဒီတံခါးက အရင်တစ်ခါ ငါ နိုးထ လာတုန်းက အမှတ်အသားထားခဲ့တဲ့နေရာကို မင်းကို ပို့ပေးနိုင်တယ် ..."
" ဗလာဂိတ်တံခါးပွင့်လာတာနဲ့ တိထျန်းလဲ ဝင်ရှုပ်ရဲမှာ မဟုတ်တော့ဘူး..ဆယ်ဘဝကျင့်စဉ်ကလဲ မင်းရဲ့ တည်ရှိမှုကို ဖုန်းကွယ်ထားပေးနိုင်တာကြောင့် တိထျန်းရဲ့ နတ်ဘုရားအာရုံနဲ့က မင်းကို ရှာတွေ့နိုင်တော့မှာမဟုတ်ဘူး...."
" ဒါဆို မင်း အနေနဲ့ အချိန်တစ်ခုအထိတော့ လွတ်လွတ်လပ်လပ် နေနိူင်လိမ့်မယ်.... ဒီကျင့်စဉ်က တစ်သက်မှာ တစ်ခါပဲသုံးလို့ရတာမို့သာ ငါ ဒီကျင့်စဉ်ကို အစကတည်း မသုံးခဲ့တာပေါ့....ဒါတွေအသာထားဉီး သုံးလို့ရလို့ ဒီကျင့်စဉ်ကိုသုံးပြီး ထွက်ပြေးမယ်ဆိုရင်တောင် ချိတ်ပိတ်ထားတာကနေ လွတ်မြောက်ဖို့ ခက်ခဲပြီး ပြန်နိုးထလာနိူင်တော့မှာမဟုတ်ဘူး....ငါ သေရင်တောင် သေသွားနိုင်တယ်.."
" ဗလာဂိတ်တံခါးက မင်းရဲ့နှလုံးသားထဲမှာရှိတယ်...ခေါ်လိုက်တာနဲ့ ပွင့်လာလိမ့်မယ်...အခုချိန်မှာ ကျင့်ကြံမှု အဆင့်နိမ့်နေသေးပေမယ့် မင်းအနေနဲ့ အစွမ်းထက်စစ်သည်တော်တစ်ယောက်ဖြစ်လာခဲ့ရင် ငါ့အတွက် တိထျန်းကိုသတ်ပြီး လက်စားချေပေးပါ....."
စုမင်၏ ခေါင်းထဲတွင် စူးရှနာကျင်မှုတစ်ရပ်အား ခံစားလိုက်ရပြီး မြင်နေရသော မြင်ကွင်းများ ပျောက်ကွယ်သွားလေသည်။စုမင် မြင်တွေ့နေရသည့် မြင်ကွင်းများသည် ကာလရှည်ကြာသည်ဟုထင်ရသော်လည်း အမှန်တစ်ကယ်တမ်းတော့ အပြင်လူများအဖို့ တစ်ခဏမျှသာ ကြာမြင့်ခဲ့သည်.......
ဟုန်လော့က မသေဆုံးမှီအချိန်လေးမှာတင် ဆယ်ဘဝကျင့်စဉ်ကို အသုံးပြုပြီး တိထျန်း၏ နတ်ဘုရားအာရုံအား ရှောင်ကွင်းကာ ထိုသတင်းစကားများကို စုမင်၏ စိတ်ထဲတွင် မှတ်သားပေးခဲ့လေသည်။ ထို့ကြောင့်သာ စုမင် နိုးထလာစဉ် တခဏအတွင်း ထိုစကားသံများကို ကြားခဲ့ရခြင်းဖြစ်သည်။
ခေါင်းတလားထဲက ရုပ်ထုလေးကို ငေးကြည့်နေရင်းကနေ စုမင် ဘယ်လက်ကို မြှောက်လိုက်ပြီး ခေါင်းတလား၏ ထောင့်စွန်းအား တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။
" မင်း မနိုးထလာခဲ့သင့်ဘူး....မင်းရဲ့ လက်ရှိပုံပန်းသွင်ပြင်ကို မြင်ရတာ စိတ်ပျက်ဖို့ကောင်းလိုက်တာ...ဟုန်လော့ကတော့ မတော်တဆ တစ်ခုဖြစ်သွားခဲ့ပြီ.....ငါ ထပ်ပြီး အမိန့်ပေးမယ်.....ကံကြမ္မာရေ....ပြန်အိပ်လိုက်တော့ ......"
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တိထျန်း ဖြည်းညှင်းစွာ စကားဆိုလိုက်လေသည်။
တိထျန်းရဲ့ နှုတ်ကနေ စကားဆုံးတွေ ထွက်ကျပြီးချိန်မှာ စုမင်က သေစေလောက်သော အကြည့်များဖြင့် တိတျန်းအား ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
" ကျုပ်ရဲ့ မှတ်ဉာဏ်တွေကို ဘယ်သူမှ ထပ်ပြီး ချိတ်ပိတ်ထားခွင့် မရှိစေရဘူး...ခင်ဗျားလဲပါတယ်....."
ထိုအချိန်တွင် စုမင်၏ လက်ညှိုးတွင် ရစ်ဖွဲ့လာသော ဆံချည်မျှင်သဏ္ဍာန်မျဉ်းကြောင်းများအား မည်သူတစ်ဉီးမျှ သတိမပြုမိခဲ့ပေ.....
ဤသည်မှာ မာန်နတ်ဘုရားထံမှ ရရှိခဲ့သော စွမ်းအားဖြစ်လေသည်။ စုမင်၏ ခန္ဓာကိုယ်အား ဟုန်လော့ ထိန်းချုပ်ထားစဉ်တုန်းက ထိုအရာသည် ပျောက်ကွယ်နေခဲ့သည်.......ဤစွမ်းအား ရှိသည်အား ဟုန်လော့ ပင်လျှင် သတိမပြုမိခဲ့ပေ.....
ယခု စုမင် ပြန်လည်ရောက်ရှိလာချိန်တွင် ထိုအရာသည်လည်း ပြန်လည်ပေါ်ထွက်လာခဲ့ပြီ......
ထိုဆံချည်မျှင်လေးသည် ပြန်လည်ပေါ်ထွက်လာသော်ငြားလဲ တည်ရှိနေမှုအား မပြသခဲ့ပေ...ထို့အပြင် စုမင် ခေါင်းတလားအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်အား တိထျန်း ဂရုမထားမိခဲ့တာကြောင့် စုမင်ရဲ့ လက်ညှိုးပေါ်က ဆံချည်မျှင်များအား သတိမပြုမိသည်မှာ သဘာဝကျနေပေသည်။
ထိုအရာသည် စုမင်၏ ဝှက်ဖဲဖြစ်သည်။ ထိုအရာကြောင့်သာ စုမင်တစ်ယောက် တိထျန်းနဲ့ ရင်ဆိုင်နေရသည့်တိုင် တည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။
စုမင် ဆုံးဖြတ်ခဲ့ပြီးပြီ.....အစက မာန်နတ်ဘုရားစွမ်းအားကို ရှာမတွေ့ ခဲ့ပေမယ့်လည်း ရှာတွေ့ခဲ့ချိန်မှာတော့ ထိုအရာကို ဒီတစ်ကြိမ်တွင် အသုံးပြုရပေတော့မည်။
ဟုန်လော့ ပင်လျှင် အနိုင်မယူနိုင်ခဲ့သော တိထျန်းအား မာန်နတ်ဘုရား စွမ်းအားသုံးပြီး သတ်နိုင်မည်မှာ မသေချာသော်ငြားလဲ ဟုန်လော့ မသေခင် ပြင်ဆင်ပေးထားခဲ့သော လွတ်လမ်းများရှိနေသေးသည်။
သို့သော်လည်း စုမင် ထိုကဲ့သို့ ထွက်မပြေးချင်ပေ.........
သူ ဒါကို မလုပ်ချင်သည့် အတွက် ဘယ်လိုပြောပြော အသုံးဝင်လိမ့်မည်မဟုတ်.....
တိထျန်းသည် စုမင်အား စူးရှသောအကြည့်များဖြင့် ကြည့်နေသည်။ စုမင်သည်လည်း တိထျန်းအား ပြန်ကြည့်လိုက်ချိန်တွင် တိထျန်း ညာခြေမြှောက်ကာ ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။
" ငါ့သားတစ်ယောက်ဖြစ်တဲ့ မင်းက ငါ့ကိုစိတ်ပျက်စေရုံသာမကဘူး အရင်လို ကလေးဆန်တုန်းပဲကိုး "
ထိုခြေလှမ်းတစ်ချက်ကြောင့် ဖြစ်ပေါ်လာသော သန်မာသည့် အားလှိုင်းများသည် စုမင်ထံသို့ တိုးဝင်သွားကြလေသည်။
စိန်ခေါ်၍မရနိူင်သော ပြင်းထန်လှသည့်ဖိအားတစ်ရပ်သည် စုမင်ထံသို့ ကျရောက်လာသောအခါ စုမင် လှုပ်ရှား၍မရတော့ပေ....ခြေထောက်အောက်မှ ဖြတ်ကျော်သွားသော အားလှိုင်းကြောင့် စုမင် တုန်တုန်ယင်ယင်ဖြစ်လာပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့သည်။
" ဒူးထောက်စမ်း "
တိထျန်း ၏ အစွမ်းထက်သော နတ်ဘုရားအာရုံနှင့် စိတ်ဆန္ဒတို့သည် စုမင်၏ ခန္ဓာကိုယ်ပေါ်တွင် စုရုံးသွားပြီး ပြင်းထန်သော တောင်များ ဖိထားသကဲ့သို့ ခံစားရကာ ဒူးခေါင်းများမှ အက်ကွဲသံများ ထွက်ပေါ်လာကာ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။
" ကျုပ်ကို ဒူးထောက်ခိုင်းဖို့ ခင်ဗျားမှာ ဘာအခွင့်ရေးရှိလို့လဲ "
စုမင် အံကြိတ်ထားရင်းဖြင့်ပင် တိထျန်းအားမော့ကြည့်လိုက်သည်။ ခြေထောက်များကတော့ ဖြောင့်မတ်နေဆဲသာပင်.....နာကျင်မှုသည် ဓားတစ်လက်ကဲ့သို့ ခန္ဓာကိုယ်အား စူးရှစွာ ထိုးနှက်နေသော်လည်း စုမင် အရှုံးမပေးခဲ့ပါ......
"ငါ ခေါ်လာတဲ့ကောင်ကများ ငါ့ကို ပုန်ကန်ပြီး ဒူးထောက်ဖို့ ငြင်းတယ်ပေါ့....ဒူးထောက်စမ်း "
တိထျန်း စုမင်ဆီသို့ လျှောက်သွားပြီး ပိတ်ရပ်လိုက်သည်။ သူတို့ နှစ်ဉီးသားကြားတွင် ပေသုံးဆယ်သာကွာဝေးပေတော့သည်။
တိထျန်း၏ အသံဆုံးသည်တွင် စုမင်၏ ဒူးခေါင်းများ ကွဲထွက်လာပြီး သွေးများစီးကျလာသည်။
ပြင်းထန်လှသော စိတ်ဆန္ဒများနှင့် ဖိအားများသည် စုမင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား လေးလံစွာ ဖိစီးထားပြီး ၎င်းတို့အား စုမင် စိတ်ဆန္ဒရှိတိုင်း မထိန်းချုပ်နိူင်တာကြောင့် ဆက်လက်ကျဆင်းလာသောဖိအားများကြောင့် ညာဘက်ဒူးခေါင်းသည် မြေပြင်နှင့် တဖြည်းဖြည်းနီးကပ်လာခဲ့လေပြီ......
သို့ပေမယ့် ညာဘက် ဒူးထောက် မြေပြင်နဲ့ မထိမှီ စုမင် ဘယ်လက်ကို ထောက်ပြီး ခုခံလိုက်သည့်အတွက် ညာဒူးခေါင်းသည် မြေပြင်နှင့် မထိမှီ တစ်လက်မခန့်အလိုတွင် ရပ်တန့်နေသည်။
" ကျုပ်ထက်သာတဲ့ စွမ်းအားတွေကလွဲရင် ခင်ဗျားမှာ ဘာရှိသေးလို့လဲ....ခင်ဗျား ကျုပ်ခန္ဓာကိုယ်ကို ဒူးထောက်အောင် လုပ်လို့ရရင် ရမယ် ကျုပ်ရဲ့ စိတ်နှလုံးသားကိုတော့ ဉီးညွှတ်လာအောင် လုပ်လို့မရဘူး...."
တိထျန်းကို ခေါင်းမော့ကြည့်လိုက်ချိန်၌ စုမင်၏ နှုတ်ခမ်းထောင့်တွင် သွေးစက်များစီးကျနေသည်။ မျက်ဝန်းများသည်သာမက စုမင်၏ မျက်နှာထားသည်လည်း သေစေနိူင်လောက်သည်အထိ တည်ငြိမ်နေလေသည်။
" ဒီနေ့ ခင်ဗျား စွမ်းအားသုံးပြီး ကျုပ်ကို ဒူးထောက်ခိုင်းနိူင်ပေမယ့် နောင်တချိန်ကျရင် ခင်ဗျား အဆပေါင်းများစွာ ပြန်ပေးဆပ်ရမယ်.....
ခင်ဗျားတင် မကဘူး ခင်ဗျားရဲ့ အင်မော်တယ် မျိုးနွယ်စုတစ်ခုလုံးပါ ကျုပ်ရှေ့မှာ ဒူးထောက်နေစေရမယ်....ခင်ဗျား ကျုပ်ရှေ့မှာ ဉီးညွှတ်နေစေရမယ်...."
" ကျုပ်...ကျိန်းသေ လုပ်ပြမယ် "
စုမင် အံကြိတ်ထားရင်းဖြင့် ဆုံးဖြတ်ချက်များအား တစ်ခွန်းချင်းစီ ကြေငြာခဲ့သည်။တစ်ချိန်တည်းမှာပင် စိတ်ထဲကနေ ဗလာဂိတ်တံခါးအား ဆင့်ခေါ်နေခဲ့သည်........
စုမင်၏ စကားလုံးများသည် တိထျန်အား တစ်ချက်လေးမျှပင် အမူအရာမပြောင်းစေနိူင်ခဲ့ပေ....တိထျန်း စုမင်နားသို့ တိုးကပ်လာသည်မှာ ပေနှစ်ဆယ်မျှသာကွာဝေးသည်အထိပင်....မြေပြင်မှ တစ်လက်မမျှသာ ကွာဝေးတော့သော စုမင်၏ ညာ ဒူးခေါင်း၊ အဆုံးမရှိသောဖိအားများကို ကြမ်းပြင်ထောက်ကန်ရင်း ခုခံနေသော သွေးပြန်ကြောများ ထင်းနေသော ဘယ်လက်တို့အား တိထျန်း အေးစက်စွာ စိုက်ကြည့်နေသည်။
" မင်းရဲ့ စိတ်နှလုံးသား ဉီးညွှတ်ဖို့ထိ မလိုပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ ဒူးထောက်ရင် လုံလောက်ပြီ "
တိထျန်း ညာလက်ကို မြှောက်ပြီး စုမင်၏မျက်ခုံးနှစ်ခုကြားကို လက်ညှိုးညွှန်လိုက်တယ်။ ဒီလက်ကို ပြန်ချလိုက်သည်နဲ့ အရာအားလုံးသည် လွန်လေခဲ့သော ရက်အတော်အကြာက အခြေနေတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။ စုမင်၏ မှတ်ဉာဏ်များသည်လည်း တဖန် ချိတ်ပိတ်ခံရဉီးမည်ဖြစ်ပြီး နိုးထလာသည့်အချိန်တွင်လည်း အတိတ်နှင့် အနာဂတ်သည် ရောထွေးနေပေဉီးမည်.......
ထို့အပြင် စုမင်၏ လှုပ်ရှားမှုတိုင်းအား နောက်ကွယ်မှနေ၍ စောင့်ကြည့်နေမည့် မျက်လုံးစုံရှိလာပေဉီးမည်။
သို့သော်လည်း တိထျန်း၏ လက်ညှိုး စုမင်၏မျက်ခုံးတို့အား ထိမိတော့မည့်အချိန်တွင် တိထျန်း၏အမူအရာများ ပြောင်းလဲသွားခဲ့သည်။စုမင်နဲ့ သက်ဆိုင်ခြင်းမရှိသော အေးစက်ပြီး ဗလာသက်သက်ဖြစ်နေသော စွမ်းအားတစ်ရပ်သည် စုမင်၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသောကြောင့်ပင်........
ထိုစွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် တပြိုင်နင် တိထျန်း၏လက်ချောင်းများအား အေးခဲသွားစေခဲ့သည်။အသက်ရှူချိန်အနည်းငယ်အတွင်း တိထျန်း မသဲမကွဲငြီးတွားရင်းဖြင့် ခြေတစ်လှမ်းနောက်ဆုတ်ခဲ့ရသည်။
တိထျန်း နောက်ဆုတ်လိုက်ချိန်တွင် စုမင်အား ဝိုင်းရံထားသည့် အားလှိုင်းများနှင့် နတ်ဘုရားအားရုံတို့သည်လည်း လွတ်ထွက်သွားကြလေပြီ......
ထိုသို့ လွတ်ငြိမ်းသွားချိန်တွင် စုမင်၏ ခန္ဓာကိုယ်မှ ဗလာစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဘဲဉပုံသဏ္ဍာန်ဝဲဂယက်ကြီးတစ်ခုသည် မှုန်ဝါးစွာ ဖွဲ့တည်လာခဲ့သည်။
ထိုဝဲဂယက်ကြီးပေါ်လာသည်နှင့် တပြိုင်နက် ကမ္ဘာပေါ်ရှိ လှုပ်ရှားမှုများအားလုံး အေးခဲကုန်ကြ၏.......