အဖြူရောင်ကောင်းကင်ထက်သို့ပျံသန်းခြင်း
Vol. 30 Ch. 406
လောကတစ်ခွင် အေးခဲနေသည့်အချိန်မှာပင် စုမင်၏ နောက်ဘက်တွင် ရှိသည့် ဘဲဉပုံသဏ္ဍာန် ဝဲဂယက်ထဲမှ ပြင်းထန်သော စုပ်ယူအားတစ်ရပ်ထွက်ပေါ်လာလေသည်။သို့သော်ငြားလဲ ထိုစုပ်ယူအားသည် စုမင် တစ်ဉီးတည်းဆီသာ ဉီးတည်နေပြီး လောကတစ်ခွင်ရှိ အခြားသောအရာများအား စိတ်ဝင်စားဟန်မရှိပေ........
တိထျန်းသည် စုမင်၏ ကျောဘက်မှ ပေါ်ထွက်လာသော ဧရာမဝဲဂယက်ကြီးအား တင်းမာသောမျက်နှာထားတို့ဖြင့် စူးစိုက်ကြည့်နေပြီး တစ်ခဏသော်မျှ ဆိုင်းတွမနေဘဲ ညာဘက်ဖြင့် စည်းတံဆိပ်တစ်ခုပြုလုပ်ကာ စုမင် ဆီသို့ လက်ညှိုးညွှန်လိုက်သည်။
" ကောင်းကင်ဘုံ၏ ကောင်းချီးနှင့်အတူ အကျွန်ုပ်၏ အမိန့်တော်အရ ကောင်းကင်နှင့် မြေပြင်အား တံဆိပ်ခတ်လော့....."
တိထျန်းသည် စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် စုမင်ဆီသို့ လက်ညှိုးညွှန်လိုက်သော အခါ ဝဲဂယက်မှထွက်ပေါ်နေသော အငွေ့အသက်များတစ်ခဏမျှ ရပ်တန့်သွားသည်။ သို့သော်လည်း ထိုတခဏပြီးချိန်တွင် ဝဲဂယက်သည် အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက် လည်ပတ်နေပြန်သည်။
သို့သော်လည်း လောကတစ်ခွင် အေးခဲနေသည့် အချိန်၌ တိထျန်း၏ မျက်ဝန်းထဲတွင်မူ အေးစက်နေသည့်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ တိထျန်း ရှေ့သို့ ခြေတစ်လှမ်းတိုးသွားခဲ့သည်၏ ထိုခြေလှမ်းသည် သူ့အား စုမင်၏ရှေ့သို့ ရောက်သွားစေသည့် အပြင် ယင်စွမ်းအားလျော့နည်းမှု တစ်ချို့ ဖြစ်ပေါ်လာစေပြီး ဝဲဂယက်အား ခတ္တရပ်တန့်သွားစေခဲ့သည်။ ထိုအခိုက်အတန့်အား အခွင့်ကောင်းယူ၍ တိထျန်း စုမင်၏ လက်မောင်းအား လှမ်းဆွဲလိုက်လေသည်။
" ပြန်လာခဲ့စမ်း သူပုန်ကောင်...."
သတ်ဖြတ်လိုစိတ်များဖြင့် စုမင်၏ မျက်ဝန်းများ တောက်ပနေသည်။ စုမင် နောက်ဆုတ်လိုက်ပြီး တိုးဝင်လာသည့် တိထျန်း၏လက်ဝါးကို ညာလက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။ ထိုညာဘက်ညှိုးသည် မာန်နတ်ဘုရားစွမ်းအား တည်ရှိနေသော လက်ညှိုးသည်သာပင်........
စုမင် လက်ညှိုးညွှန်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုလက်ချောင်းဆီမှ အလင်းတန်းများ ဖြာထွက်လာသည်။ဖြာထွက်လာသော အလင်းတန်းများထဲတွင် ပထမမာန်နတ်ဘုရား၏ အဖျက်စွမ်းအားများ ကိန်းဝပ်နေသည်။
ထိုစွမ်းအားများထဲတွင် အရာအားလုံးထက် သာလွန်နေသည့် လွှမ်းမိုးချုပ်ကိုင်မှုများ ပြည့်ဝစွာပါဝင်နေသည်။ထိုစွမ်းအား သက်ဆင်းလာသည်တွင် ဗလာဂိတ်တံခါးပင်လျှင် သက်ရောက်ခြင်းခံလိုက်ရပြီး ဝဲဂယက်၏လည်ပတ်မှုများပြင် ပြိုကွဲပျက်စီးသွားတော့မယောင် ဖြစ်နေပြီ.....ထိုသည်မှာ မာန်နတ်ဘုရားစွမ်းအား၏ အပိုင်းအစမျှသာဖြစ်သော်လည်း စုမင်သည်သာ ဝဲဂယက်ထံ လက်ညှိုးညွှန်ခဲ့ပါက ထိုဗလာဂိတ်တံခါးတစ်ခုလုံးပျက်စီးသွားမည်မှာ ဧကန်မုချပင် ဖြစ်လေ၏......
ဤအချိန်တွင် ထိုစွမ်းအားကို ခံနိုင်ရည်ရှိသူမှာ တိထျန်းတစ်ဉီးတည်းသာပင်.....
"မာန်မျိုးနွယ်စုရဲ့ ပထမမာန်နတ်ဘုရား....."
တိထျန်း ၏မျက်နှာသည် တုန်လှုပ်ချောက်ချားသည့်အသွင်အပြင်နှင့်အတူ သိသိသာသာပြောင်းလဲသွားကာ ဤအဖြစ်အပျက်အား ထင်မှတ်ထားပုံမရပေ......
ပထမမာန်နတ်ဘုရား၏ စွမ်းအားသည် သာမာန်မျက်စိများဖြင့် မြင်ရန်ခက်သည့်အပြင် နတ်ဘုရားစိတ်အာရုံဖြင့်ပင် အာရုံခံနိုင်စွမ်းမရှိသည့် တည်ရှိမှုမျိုးဖြစ်သည်။ စုမင် အသုံးပြုလိုက်သည့်အချိန်မှသာ စွမ်းအားများ ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။
ထို့အပြင် နတ်ဘုရားရုပ်ထုများ သက်ဆင်းလာချိန်တုန်းက ထိုရုပ်ထုတို့၏ တူနှိုင်းမရသော အရှိန်အဝါကြောင့် ကိုယ့် ဒုက္ခကိုယ်ရှာသည်အနေဖြင့် မည်သည့် အင်မော်တယ်မျှ နတ်ဘုရားစိတ်အာရုံများ မထုတ်လွှင့်ရဲခဲ့ကြပေ......တိထျန်းသည် အေးခဲကောင်းကင်တောင်ထိပ်က အဖိုးအို၏ မြင်ကွင်းပေါ်တွင်သာ ခန့်မှန်း၍ ဆုံးဖြတ်ခဲ့ရသည့် အတွက် စုမင်တစ်ယောက် မာန်နတ်ဘုရားစွမ်းအား မည်မျှရရှိခဲ့မှန်း မသိခဲ့ရခြင်းဖြစ်သည်။
အေးခဲကောင်းကင်မျိုးနွယ်စု၏ အဖိုးအိုသည်လည်း စုမင်နဲ့ ပတ်သတ်သော ကောလဟများကို သေချာပေါက်ကြားသိခဲ့ပေမယ့် ကိုယ်တိုင်မမြင်တွေ့ခဲ့ရသည့်အတွက် မာန်မျိုးနွယ်စုကုန်းမြေတစ်ခွင်တွင် ကောလဟများ မည်၍မည်မျှပြန့်လွင့်နေကြောင်း အလုံးစုံကို မသိနိူင်ခဲ့ပေ.....ပြန့်လွင့်နေသော ကောလဟလများ၏ တစ်ချို့တစ်ဝက်သည် စုမင်တစ်ယောက် မာန်နတ်ဘုရား၏စွမ်းအားများ ရရှိသွားခြင်းဖြစ်ပြီး တစ်ချို့တစ်ဝက်ကတော့ စုမင်၏စွမ်းအားများသည် မာန်မျိုးနွယ်စု အားလုံးထက်သာလွန်သွားသည်အထိ တိုးပွားလာကြောင်း ကောလဟာလများဖြစ်ကြသည်။
ထို့အပြင် စုမင်သည် မာန်နတ်ဘုရား၏ မာန်သွေးကြောကိုပင် ရရှိခဲ့သည်ဟု ပြောဆိုသူများလဲ ရှိကြသေးသည်။ကောလဟာလ အများစုသည် အခြေအမြစ်မရှိ ချဲ့ကားပြောဆိုထားတာကြောင့် မယုံကြည်သူများလဲ ရှိကြသည်။
ထို့ကြောင့် အေးခဲကောင်းကင် အဖိုးအိုသည် ဒီအချက်များကို သေချာစွာဖယ်ထုတ်ပစ်ခဲ့ပြီး စုမင်အပေါ်မှားယွင်းအကဲဖြတ်ခဲ့မိပေသည်။အဘယ့်ကြောင့်ဆိုသော် ထိုအဖိုးအိုသည် တိထျန်း၏စံမံကိန်းများထဲမှ ကိုယ်ပွားခန္ဓာကိုယ် တစ်ခုသက်သက်သာဖြစ်သည့်အတွက် ဤမျှလောက်အထိ အသိဉာဏ်ကြွယ်ဝခြင်းမရှိခြင်းကြောင့်သာဖြစ်သည်။
စုမင် လက်ချောင်းကို လွှဲချလိုက်သည့်အခါ လက်ချောင်းပေါ်က ဆံခြည်မျှင်လေးသည် လျင်မြန်စွာလောင်ကျွမ်းသွားတော့သည်။လက်ချောင်းတစ်ဝိုက်တွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော တွင်းနက်တစ်ခု ဖြစ်ပေါ်လာသည်ကို စုမင် မြင်တွေ့လိုက်ရသည်။ထို တွင်းနက်သည် စုမင်၏ လက်ချောင်းများနှင့်အတူ ရွေ့လျားနေပြီး အေးခဲနေသော ကောင်းကင်ပြင်ကြီးအား မှေးမှိန်သွားစေခဲ့သည်။
ဤ နေရာတစ်ဝိုက်ရှိ ကောင်းကင်ပြင်တစ်ဝိုက်တည်းသာ သက်ရောက်ခံရခြင်းမဟုတ်ခဲ့ပေ။ ရှာမန်မျိုးနွယ်စုအထက်ရှိ ကောင်းကင်၊ တောင်ပိုင်းအာရုဏ်ဉီးအထက်ရှိကောင်းကင်၊ ပင်လယ်သေဒေသအထက်ရှိ ကောင်းကင်ပြင်ကြီးအပြင် မည်၍မည်မျှ အတိုင်းအတာအထိ သက်ရောက်မှု ကျယ်ပြန့်သွားမှန်း မသိနိုင်ခဲ့ပေ......ထိုခဏ၌ အရာအားလုံး မှုန်မှိုင်းလာလေတော့သည်.......
စုမင်၏လက်ချောင်းများ အနီးတစ်ဝိုက်ရှိ တွင်းနက်ကြီးဆီသို့ အရောင်စုံအလင်းတန်းများ စုဝေးလာခြင်းကြောင့် ကောင်းကင်တစ်ခုလုံး မှုန်မှိုင်းလာရခြင်းဖြစ်သည်။ထိုအလင်းတန်းများသည် နှိုင်းယှဉ်မရနိုင်လောက်သော အရှိန်အဟုန်ဖြင့် စုဝေးလာခြင်းဖြစ်သည်။
စုမင်၏ ပတ်ပတ်လည် ဧရိယာသည် ကမ္ဘာပေါ်ရှိ အလင်းအားလုံးကို တခဏချင်း ဆွဲယူသွားသကဲ့သို့ စူးစူးရှရှ အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ မြေပြင်ရှိ မြေထုအော်ရာများ သည်လည်း တုန်လှုပ်စပြုလာသည်။
ထိုသက်ရောက်မှုသည် တောင်ပိုင်းအာရုဏ်ဉီးနယ်မြေတစ်ခုကိုသာ သက်ရောက်ခဲ့သည်မဟုတ်။အခြားသော ကုန်းမြေတိုက်ကြီးများအပြင် ပင်လယ်သေဒေသထက်ရှိ မြောလွင့်နေသော မာန်မျိုးနွယ်စုကုန်းမြေတို့ပင် တုန်ဟီး ခဲ့သည်။ထို့နောက် ကောင်းကင်တစ်ခွင်မှ အလင်းတန်းအားလုံးကို စုမင်၏ လက်ချောင်းအနီးမှ တွင်းနက်သည် လျင်မြန်လှသောအရှိန်ဖြင့် စုပ်ယူနေကြသည်။
စုမင်၏ လက်ချောင်းတစ်ဝိုက်ရှိ တွင်းနက်သည် ကောင်းကင်နှင့် မြေကြီး၏ အလင်းရောင်များကို စုပ်ယူလိုက်သည်။ စုမင်သည် သိသိသာသာအမူအရာပြောင်းနေသော တိထျန်းအား လက်ညှိုးညွှန်လိုက်သည်။
" လောကစွမ်းအား....ဒါက ပထမမာန်နတ်ဘုရားပိုင်ဆိုင်တဲ့ လောကစွမ်းအားတွေပဲ....."
တိထျန်း ၏ အမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားပြီးလျင်မြန်စွာ နောက်ပြန်ဆုတ်သွားတော့သည်။ သူ၏လက်များသည် တံဆိပ်ခတ်ရန်အတွက် ကောင်းကင်ကို လက်ယာလက်ဖြင့် ညွှန်ပြကာ မြေပြင်ကို လက်ဝဲနှင့် ညွှန်ပြပြီး မိုးခြိမ်းသံနှင့်တူသော အသံတစ်ခု သူ့နှုတ်ခမ်းမှ ထွက်ပေါ်လာသည်။
" မာန်မျိုးနွယ်စုရဲ့ ပထမမာန်နတ်ဘုရားစွမ်းအားတွေပါလား ...သိပ်ကောင်းတယ်.... မင်းအသက်ရှင်နေတုန်းက ငါ့ရဲ့တာအိုကို မပြီးမြောက်သေးတဲ့အချိန်ဖြစ်နေတယ်...ငါ့ရဲ့တာအိုလမ်းကြောင်း ပြည့်စုံသွားချိန်ရောက်တော့ မင်းက ပျောက်ကွယ်သွားနှင့်နေပြီ....မာန်မျိုးနွယ်စုတစ်ခုလုံးက မင်းကို သေပြီလို့ ထင်နေပေမယ့် မင်းအခုထိမသေသေးမှန်း ငါသိနေတယ်.....မင်းရဲ့ နယ်ပယ်က အထွပ်အထိပ်ကို ရောက်နေပြီး တိုးတက်လာဖို့ လမ်းမမြင်တော့ဘူးလေ...အဲ့တော့ မင်းက အခြားကမ္ဘာတစ်ခုကို ရှာပြီး တိုးတက်ဖို့ မဟာနိယာမတစ်ခု ရှာဖွေနေတာမလား...."
"လောကတစ်ခုလုံးရဲ့ နိယာမ အရင်းအမြစ်တွေကို စုပ်ယူထားတဲ့ မင်း အခုချိန်မှာ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ ငါသိအောင်လိုက်ပြစမ်း...."
" ဒီနေ့...ပေါ်ထွက်လာတဲ့ မင်းရဲ့ စွမ်းအားတွေက အရိပ်အမြွက်လောက်ပဲဆိုပေမယ့် ငါ့ရဲ့ဒီခန္ဓာကိုယ်ကလဲ ကိုယ်ပွား တစ်ခုပဲဆိုတော့ မင်းနဲ့ငါ့ကြားမှာ ဘယ်သူပို သန်မာလဲ ကြည့်ကြရအောင်...."
တိထျန်း နောက်ဆုတ်လိုက်ရင်း ကောင်းကင်နဲ့ မြေပြင်ဆီ လက်ညှိုးညွှန်ကာ ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။
" အဖြူရောင်ကောင်းကင်ထက်သို့ ပျံသန်းခြင်း.."
တိထျန်း ထိုကဲ့သို့ ကြွေးကြော်လိုက်သောအခါတောက်ပနေသော အဖြူရောင် အလင်းတန်းတစ်ခုသည် သူ၏ ညာဘက်လက်မှ ရုတ်တရက် ထွက်လာသည်။ ထိုအဖြူရောင်အလင်းတန်း၏ တောက်ပမှုက မှောင်နေသောကောင်းကင်ကို အဖြူရောင်အဖြစ် ပြောင်းလဲသွားစေသည်။
ထိုအဖြူရောင်သည် တိမ်များ၏ ဖြူလွှသောအရောင်များ ဖြစ်သည်။ ထိုအရာ ကောင်းကင်တွင် ပေါ်လာသောအခါ တိထျန်း၏ ညာလက်အား ဗဟိုချက်အဖြစ် သတ်မှတ်ပြီး အဆုံးမရှိသော အဖြူရောင်အလင်းတန်းများ စုစည်းကာ ကောင်းကင်ထက်တွင် အဖြူရောင် နေတစ်စင်းပေါ်ထွက်လာသည်။
ထို အဖြူရောင် နေတစ်စင်းသည် ကောင်းကင်ကနေ ဖြည်းဖြည်းချင်းသက်ဆင်းလာသည့် ဧရာမဂြိုဟ်ကြီးတစ်ခုကဲ့သို့ပင်......ထိုအချိန်တွင်၊ ၎င်း၏ အနည်းငယ်မျှသော အစိတ်ပိုင်းကိုသာ ထုတ်ဖော်နေသေးသော်လည်း မာန်မျိုးနွယ်စု ကုန်းမြေတစ်ခုလုံးတုန်ဟီးလာပြီး ပင်လယ်သေဆီကနေ ပင်လယ်အော်သံကြီးမှာ တဝုန်းဝုန်းပေါ်ထွက်လာခဲ့ကာ လူပေါင်းများစွာတို့၏ စိတ်နှလုံးအား တုန်လှုပ်ခြောက်ခြားနေစေခဲ့သည်။
တကယ်တမ်းတွင်မူ တောင်ပိုင်းအာရုဏ်ဉီးနယ်မြေတစ်ခုလုံးကနေ ခေါင်းမော့ကြည့်လိုက်ပါလျှင် ကြီးမားလှသည် အဖြူရောင် နေတစ်စင်းအား ကောင်းကင်ထက်တွင် မြင်တွေ့နေရပေမည်။
နေမှ တောက်ပနေသော အဖြူရောင် အလင်းတန်းများသည် ကမ္ဘာပေါ်တွင် အတောက်ပဆုံး အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့သည် ။
ထိုမြင်ကွင်းသည် ကမ္ဘာပျက်ကပ်ဘေး ဆိုက်ရောက်နေသည့်ပုံပမာနှယ်......ကောင်းကင်ကြီးသည် စုတ်ပြဲတော့မယောင်ဖြစ်နေပြီး မြေပြင်ထက်တွင်လည်း အက်ကြောင်းများ ပေါ်ထွက်လာလေပြီ....ထို့အပြင် ပင်လယ်သေဒေသ၏ ဟိန်းဟောက်သံများနှင့် အရှေ့ပိုင်းစွန့်ပစ်ကုန်းမြေ၏ရွေ့လျားမှုများလည်း ဆထက်တပိုး တိုးလာလေပြီ......
ဒီနှုန်း အတိုင်းသာဆိုလျှင် တောင်ပိုင်းအာရုဏ်ဉီးတိုင်းပြည်နှင့် ရှေ့ပိုင်းစွန့်ပစ်ကုန်းမြေတို့ တိုက်မိဖို့ ဆယ်နှစ်ပင် ကြာတော့မည်မဟုတ်.....ရွေ့လျားလာသော အရှိန်အရ တောင်ပိုင်းအာရုဏ်ဉီးတိုက်ကြီး၏ အနားသတ်ထိပျက်စီးသွားနိုင်သည်။
တိထျန်း ၏ မျက်နှာသည် ဖြူဖျော့နေ၏။ ဧကရာဇ်၀တ်ရုံသည် လောင်ကျွမ်းနေပြီး၊ သရဖူမှာလည်း အလားတူ ဖြစ်ပျက်နေသည်။ ၎င်းတို့အားအဖြူရောင်မီးတောက်များ ဖုံးလွှမ်းသွားခဲ့သည်။ သူ့အရေပြားသည် အရှိန်အဟုန်ဖြင့် ခြောက်ခမ်းစပြုလာသော်လည်း ထိုအရာများ လောင်ကျွမ်းသွားပြီး သူ့အရေပြားများ ခြောက်ခမ်းလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မှာ ပို၍ပင် တုန်လှုပ်ခြောက်ခြားလာသည်။
သူသည် မြေပြင်သို့ ညွှန်ပြသော လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး နေအလင်းရောင်ကို ရောက်ရှိလာစေသော သူ၏ ညာလက်သည် ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။ ထိုလက်နှစ်ချောင်းသည် ထိတွေ့လုနီးပါးဖြစ်နေသကဲ့သို့ အချင်းချင်း အဆက်မပြတ် နီးကပ်လာနေသည်။
သူ၏လက်ဝဲလက်သည် အထက်သို့တက်လှမ်းနိုင်သော စွမ်းအားကို ကိုယ်စားပြုပြီး ညာလက်သည် နေ့အချိန်ကို ကိုယ်စားပြုသည်။ ဤအကွာအဝေးအား အဆက်မပြတ် နီးကပ်စေခြင်းသည် မြင့်တင်ခြင်း၏ လုပ်ရပ်ဖြစ်သည်။
တိထျန်း ထိုပညာအား ထုတ်သုံးလိုက်သောအခါတွင် သူ၏အသွင်အပြင်သည် အဘိုးအိုတစ်ဉီး အသွင် ချက်ချင်းပြောင်းသွားပြီး လျင်မြန်စွာ အိုမင်းရင့်ရော်လာသည်။ သူ၏အသွင်အပြင်သည် ယခုအခါ လူသေကောင်သဖွယ် ဖြစ်နေသော်လည်း တောက်ပသော အလင်းရောင်နှင့် ကြီးမားလှသော တိုက်ပွဲဝင်စိတ်ဓာတ်များက သူ့မျက်လုံးထဲတွင် တောက်လောင်နေသေးသည်။
စုမင်သည် တိထျန်း၏ မထင်မှတ်ထားသော စွမ်းအားနှင့် မယုံနိုင်စရာကောင်းသော ပညာရပ်တို့ကို ကြည့်ပြီး တစ်စုံတစ်ခုကို နားလည်သွားသည့်အတွက် နှလုံးသားတစ်လုံးတုန်ရီနေ၏.....
သူ့တွင် မာန်နတ်ဘုရား၏စွမ်းအားမရှိပါက ဗလာဂိတ်တံခါးတံခါးမှတဆင့် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပါလော......
ဟုန်လော့ အစွမ်းထက်သည်မှာ မှန်ပေ၏ ...ဟုန်လော့သည် သူ့အတွက် လွတ်လမ်းတစ်ခု ချန်ရစ်ထားပေးခဲ့သော်လည်း တိထျန်းတွင် ပထမမာန်နတ်ဘုရား၏ စွမ်းအားနှင့် ညီမျှသော စွမ်းအားများ ပိုင်ဆိုင်ထားမည်ဟု မျှော်လင့်မထားခဲ့ပေ.....
'သူက သိပ်ကိုအစွမ်းထက်တယ်... ငါသူ့ကို ကျော်နိူင်ပါ့မလား....'
စုမင်၏ နှလုံးသားထဲတွင် ခါးသီးမှုများ တိုးလာသည်။ သူ တိထျန်းကို ကြည့်လိုက်သည်။ သူ၏ညာဘက်လက်ညိုးရှိ ဆံချည်မျှင်သည် လျင်မြန်စွာ လောင်ကျွမ်းသွားသော်လည်း တိထျန်း ၏ ကြီးမားသောတည်ရှိမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်တို့နှင့် နှိုင်းယှဉ်လျှင် တစ်စုံတစ်ရာ ချို့တဲ့နေပုံရသည်။
"စိတ်ဝိညာဉ်တွေ ကင်းမဲ့နေတယ်... အသက်မရှိတော့ဘူး..."
စုမင် အသက်ပြင်းပြင်းရှူလိုက်ပြီး တိထျန်း ရဲ့ စွမ်းအားကြောင့် သူ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခါးသီးမှုတွေကို ဖြေဖျောက်လိုက်သည်။ စုမင် တိုးတိုးလေး ရေရွတ်လိုက်ပြီး အမြန်စဉ်းစားကာ သူ့ညာလက်ကို မြှောက်လိုက်တယ်။ သူ့လက်ချောင်းကို စုတ်တံအဖြစ်သုံးပြီး တိထျန်းဆီသို့ မျဉ်းတစ်ကြောင်းရေးဆွဲလိုက်လေသည်။
" မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း..."
မာန်နတ်ဘုရား၏ စွမ်းအားများကို သုံးပြီး " မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း"စုတ်ချက်အား ရေးဆွဲလိုက်သောအခါ တိထျန်း၏ မျက်ဆံများ ကြုံ့ဝင်သွားလေသည်။တိထျန်း ခပ်တိုးတိုးဟိန်းဟောက်လိုက်ပြီး လက်များကို ထိကပ်လိုက်လေတော့သည်။
"ငါ့ရဲ့ မွေးရပ်မြေမှာတုန်းကတောင် စကြဝဠာရဲ့နိယာမတရားတွေအတိုင်း လုပ်နိူင်ခဲ့သေးတယ်။ ငါမွေးဖွားလာချိန်မှာ မာန်မျိုးနွယ်စုတွေ အားနည်းလာကြတယ် ... ကောင်းကင်ဘုံသာ အကြင်နာမဲ့ရင် ငါတို့အားလုံးကွဲကွာကြလိမ့်မယ်....မြေပြင်သာ အကြင်နာမဲ့ခဲ့ရင် ငါ့ရဲ့ နက်မှောင်တောင်ကို သေဆုံးစေလိမ့်မယ်...."
စုမင် မျက်လုံးကိုမှိတ်ထားသည်။ သူ့သွေးများ ပွက်ပွက်ဆူလာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ပူလောင်လာသည်။
“ကောင်းကင်မှာသာ မျက်လုံးတွေရှိရင် ငါ့ရဲ့ကမ္ဘာ ထာဝရအမှောင်ကျသွားတာကို အဘယ့်ကြောင့် မမြင်ကြတာလဲ။ နတ်ဘုရားတွေမှာ ဝိညာဉ်တွေရှိရင် ကောင်းကင်နဲ့ ပင်လယ်တွေကို တောင်ပိုင်းနဲ့မြောက်ပိုင်းအဖြစ် ဘာကြောင့် ပိုင်းခြားထားတာလဲ....."
" ငါ...ကောင်းကင်ဘုံအတွက် တာဝန်ထမ်းဆောင်ခဲ့တယ်....ဒါ့ကြောင့်မို့ ငါ့ကို ညရဲ့ မှောင်ထုကို မြင်တွေ့ခွင့်မပေးတာလား....ငါ နတ်ဘုရားတွေအတွက် တာဝန်ထမ်းဆောင်ခဲ့တယ်...ဘာ့ကြောင့်များ ငါ့ရဲ့ မှတ်ဉာဏ်တွေကို အပိုင်းပိုင်း အစစ ဖြန့်ကြဲပစ်ခဲ့တာလဲ....."
စုမင် ဆွဲသားလိုက်သော စုတ်ချက်နှင့်အတူ၊ သူ၏လက်ချောင်းပေါ်ရှိ ပူလောင်သောဆံချည်မျှင်များသည် ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခုဖြင့် စတင်တောက်ပလာခဲ့သည်။ ထိုအလင်းသည် ယခင်တစ်ခါ လောင်ကျွမ်းစဉ်က အလင်းရောင်နှင့် လုံးဝမတူပေ။လောင်ကျွမ်းသွားသည်နှင့် အတူ အခုချိန်တွင် စိတ်ဝိဉာဉ်တစ်ခု၊ ဘဝတစ်ခု....ဆန္ဒတစ်ခုအား ပိုင်ဆိုင်သွားခဲ့လေပြီ.......
ထိုတောက်လောင်နေသော ဆံချည်မျှင်များကနေ ပို၍ပင် ခိုင်ခံ့သော တည်ရှိမှုတစ်ခု ထွက်ပေါ်လာသည်။ ထိုတည်ရှိမှုစွမ်းအားသည် အဖြူရောင် ကောင်းကင်ကြီးကို တုန်လှုပ်သွားစေခဲ့ပြီး ကောင်းကင်အထက် အာကာသထဲတွင် မျက်လုံးတစ်စုံ ပေါ်လာစေခဲ့သည်။
ထိုမျက်လုံးတစ်စုံသည် တင်းကြပ်စွာ စေ့ပိတ်ထားလေသည်။
" ကောင်းကင်ဘုံမှာ မျက်စိမရှိရင် ကောင်းကင်အထိ တက်လှမ်းပြီး ငါ ကိုယ်တိုင် ကြည့်ရှုမယ်....နတ်ဘုရားတွေမှာ ဝိဉာဉ်မရှိရင် ငါ သူတို့ကို သတ်ဖြတ်ပြီး ဧကရာဇ်မင်းအဖြစ်ခံယူမယ်.....ငါကတိပြုတယ်....."
စုမင် မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ သူဒီလိုလုပ်လိုက်သည်နှင့် ကောင်းကင်ထက်က ဧရာမမျက်လုံးတစ်စုံသည်လည်း ပွင့်လာခဲ့လေပြီ..... ထိုအချိန်မှာ စုမင်၏ " မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း"သည် ကောင်းကင်ကို ဖြတ်ကျော်သွားသည် ။ တိထျန်း၏ လက်များ ချိတ်ဆက်ပြီးသည်နှင့် သူ့လက်ဖဝါးကြားမှနေ ပေါ်ထွက်လာတဲ့ အလင်းတန်းများဆီ ရောက်သွားခဲ့လေ၏.......
ကုန်းမြေတိုက်ကြီး နှစ်ခု တိုက်မိသကဲ့သို့ ကျယ်လောင်လှစွာသော မြည်ဟီးသံများသည် စုမင် ဆီသို့ တဟုန်ထိုးတိုးဝင်သွားသည့်အတွက် စုမင်၏ ဉီးခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မယောင်ဖြစ်နေပြီး ပါးစပ်ထဲမှာ သွေးများ စီးကျလာလေသည်။ကြီးမားသော စွမ်းအားတစ်ရပ်သည် စုမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ချက်ချင်းပင် ပြန်ထွက်သွားပြီး အနောက်ဘက်ရှိ ဗလာဂိတ်တံခါးထံ တိုးဝင်သွားသည့်အတွက် ဗလာဂိတ်တံခါးသည် အချိန်မရွေးပြိုကွဲလုနီးပါးဖြစ်နေလေပြီ.......
စုမင် သတိမေ့လုနီးပါးဖြစ်နေလေပြီ....သတိမပြတ်သွားခင် အချိန်လေးမှာ တိထျန်းတစ်ယောက် " မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း "အား ခုခံနေသည်ကို မြင်လိုက်ရသည်။ တိထျန်း၏ ဧကရာဇ် ဝတ်ရုံသည် စုတ်ပြဲနေပြီး သရဖူသည်လည်း ကွဲအက်နေလေပြီ....
အဖြူရောင်ကောင်းကင်ကြီးတစ်ခုလုံး အရည်ပျော်သွားပြီး အဖြူရောင် မိုးများအဖြစ် တောင်ပိုင်းအာရုဏ်ဉီး နယ်မြေအပေါ် သွန်းဖြိုးနေတော့သည်။
တိထျန်းတစ်ယောက် လေထုထဲတွင် အေးခဲနေသည်ကိုလဲ စုမင် မြင်လိုက်ရသေးသည်။တိထျန်း၏ ခန္ဓာကိုယ်ပေါ်မှာ သွေးစီးကြောင်းတွေ ရှိနေပြီး သူ့အမူအရာသည်လည်း အလွန်ထူးဆန်းနေသည်။ တိထျန်းကို ကြည့်ရသည်မှာ တစ်စုံတစ်ခုအတွက် နောင်တကြီးစွာရနေသည့်အပြင် ဝမ်းနည်းပူဆွေးနေပုံပေါက်နေသည်။ နောက်ဆုံးမှာတော့ တိထျန်း မျက်လုံးတွေကို မှိတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်းကြည်လင်လာပြီး ပျောက်ကွက်သွားလေတော့သည်။
" တစ်နေ့ ရောက်ရင် ငါ သူ့ကို သေချာပေါက် ကျော်လွန်နိုင်ရမယ်...."
စုမင် ခါးသက်စွာ ရေရွတ်လိုက်ပြီး မျက်ဝန်းများကိုမှိတ်ထားလိုက်လေတော့သည်။