← Chapters

အချေအတင်

Vol. 125 Ch. 1861

အချေအတင်

Vol. 125 Ch. 1861

သူမတို့နှစ်ယောက်လုံး ကျူးကျွင်းချီကို လှောင်ရယ်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြ၏။ 

ဤလူက အိုဂျီဂျီဝိုင်ဇာတ်ကားထဲက သတ်၍မရသည့် ပိုးဟပ်ကဲ့သို့ အတော်လေး ရယ်စရာကောင်းသည်ဟု ခံစားနေရသည်။ 

သူက ရှေ့အရင်ရက်လောက်တုန်းကပဲ လင်းရီ ရိုက်နှက်တာကို ခံခဲ့ရတယ်… အဲ့တာကို ဘယ်လောက်ပဲ ကြာသေးလို့ … အခုကျတော့ ဒီကိုလာပြီး မောက်မာတင်စီးတဲ့ အထာကြီးနဲ့ ရောက်လာနေတယ်… 

ဒီလူ အရှက်ရော ရှိရဲ့လား မသိဘူး … 

“ နင်တို့ နှစ်ယောက်က ဒီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာ …” နင်ချဲ့ ရင်ဘက်ရှေ့ လက်ပိုက်လျက် တံခါးပေါက်သို့ ညွှန်ပြလိုက်ပြီး “ ကိစ္စမရှိရင် တံခါးပေါက်က ဟိုမှာ … ဒီလာပြီး လေထုညစ်ညမ်းအောင် လုပ်မနေစမ်းနဲ့ …” 

ကျူးကျွင်းချီ၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့၏။ 

“ ဒီလို အချိန်မျိုးမှာတောင် မသိချင်ယောင်ဆောင်နေတယ်ပေါ့ …” 

နင်ချဲ့နှင့် ချိုးယွီလော့တို့ နှစ်ယောက်၏ မျက်နှာ အမူအရာမှာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့သည်။ သူတို့နှစ်ယောက် အထဲသို့ ဝင်လာကတည်းကပင် လာရင်းအကြောင်းပြချက်ကို ရေးတေးတေးတော့ ခန့်မှန်းမိ၏။ 

ယခု ကျူးကျွင်းချီ၏ စကားကို ကြားတော့ သူတို့နှစ်ယောက်က ကျိုးမိသားစုကိစ္စနှင့် ရောက်လာသည်ကို ပို၍ သေချာသွားခဲ့တော့သည်။ 

မဟုတ်ပါက ယခုလို ပျင်းရိငြီးငွေ့စရာကောင်းသည့် လုပ်ရပ်တို့အား ပြုမူနေမှာ မဟုတ်ချေ။ 

ထို့ပြင် သူမတို့ ရှိနေသည့် နေရာကိုလည်း အလွန်လျင်မြန်စွာ ရှာဖွေနိုင်ခဲ့သေး၏။ ၎င်းတို့၏  ရှာဖွေထောက်လှမ်းနိုင်စွမ်းကလည်း လုံးဝ ထိပ်တန်းဖြစ်ပြီး ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၄ ကဟူ၍ ပြောစရာ မလိုလောက်အောင်ကိုပင်။ 

“ ပြောစရာရှိတာကို တိုက်ရိုက်မပြောတတ်ဘူးလား … ဘာလို့ စောင်းပါးရိပ်ခြည်တွေ လာပြောနေတာ …” 

ထောက် … ( မီးခြစ်သံ) 

ကျူးကျွင်းချီသည် ထိုင်ခုံတစ်လုံးကို ဆွဲယူ၍ နှုတ်ခမ်းတွင် ဆေးလိပ်ကိုက်ကာ မီးညှိလိုက်သည်။ သူ နင်ချဲ့ကို စေ့စေ့စပ်စပ် တစ်ချက်သေချာကြည့်လိုက်ပြီး “ မင်းတို့နှစ်ယောက် ကျိုးမိသားစုဆီ ဘာရည်ရွယ်ချက်နဲ့လာတာ … မင်း အဲ့တာကို ဘယ်လိုရှင်းမလဲ… “ 

ကျူးကျွင်းချီ မည်သည်ကိုမျှ ကွယ်ဝှက်ခြင်း မရှိဘဲ ပြောလိုက်သည်။ 

ချိုးယွီလော့နှင့် နင်ချဲ့တို့က ကျုံးဝေ့တပ်ဖွဲ့၏ အသင်းခေါင်းဆောင်များ ဖြစ်ပြီး သူက သာမန် အသင်းသား တစ်ဦးမျှသာ ဖြစ်နေသော်လည်းပဲ သူမတို့နှစ်ဦးကို လေးလေးနက်နက် သဘောထားနေခြင်း မရှိပေ။ 

တစ်နည်းဆိုရသော် ၊ ရှန်းလုံအသင်းကလွဲ၍ အခြားမည်သူ့ကိုမျှ သူတို့ အသင်း ၄ အဖွဲ့ဝင်များသည် အထင်ကြီးခြင်း မရှိပါချေ။ 

အဘယ်ကြောင့်ဆိုသော် သူတို့၏ လယ်ဗယ်အဆင့်က အသင်းခေါင်းဆောင်ဖြစ်ရန် လုံလောက်နေသောကြောင့်ပင်။ 

၎င်းကြောင့်ပဲ .. ကျူးကျွင်းချီ၏ အမြင်၌ သူမတို့နှစ်ယောက်က ဤအတိုင်း ဂျူနီယာလေးများပင်။ ထို့ပြင် အမျိုးသမီးကလည်း ဖြစ်နေသေး၏။ အကယ်၍ ယခုကိစ္စကြောင့်သာ မဟုတ်ပါက အာရုံအနောက်ခံပြီး သူမတို့နှစ်ယောက်ထံသို့  လာရှာနေမှာ မဟုတ်ချေ။ 

“ ရှင်းပြရမယ် ဟုတ်လား ….” နင်ချဲ့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး 

“ ကျိုးလျန်က အခုလို ဖြစ်သွားတယ်… ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင် အနေနဲ့ ရောက်လာပြီး ကိုယ့်ရဲ့ ဝမ်းနည်းမှုကို ဖော်ပြတာ ဖြစ်သင့်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား …” 

“ ဝမ်းနည်းမှုကို ဖော်ပြရုံလောက်ဆို အဆင်ပြေသေးတယ်… ဒါပေမယ့် မင်းတို့က မင်းတို့ မလုပ်သင့်တဲ့ ကိစ္စကိုပါ လုပ်လိုက်သလိုပဲ….” 

ကျူးကျွင်းချီသည် ဆေးလိပ်ပြာကို ခံစားချက်ကင်းမဲ့သည့် မျက်နှာအမူအရာဖြင့် တောက်ချလိုက်ပြီး အကြည့်က သူမတို့နှစ်ယောက်ထံ ယှက်သန်းသွားခဲ့သည်။ 

“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ရိုးရိုးသားသားပဲ ပြောကြတာပေါ့ … ငါတို့ရဲ့ ဟာကျူလီအုပ်စုနဲ့ ပရောဂျက်ကို ဟန့်တားလိုက်တာ မင်းတို့မလား …” 

ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ ကျူးကျွင်းချီတို့နှစ်ဦး ယခုကိစ္စကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်မည်ကို မူလကတည်းက သတိပြုမိခဲ့ပြီး ဖြစ်သည်။ 

သို့တိုင် အတော်လေး အံ့အားသင့်သွားရဆဲပင်။ 

တကယ့်ကိုပင်။ အသင်း ၄ ရှိ မည်သူကမျှ သွားရှုပ်ရ၍သည့် လူစားမျိုးများ မဟုတ်ကြချေ။ 

“ ငါတို့ ဒီရောက်နေတာကြောင့်နဲ့ နင်တို့ ပရောဂျက် ရပ်ဆိုင်းခံလိုက်ရတာ ငါတို့ လက်ချက်ပါဆိုပြီး ပြောလို့ဘယ်ရမှာ … နင်တို့တွေ နေရာမှားရောက်လာကြပြီ …” 

ကျူးကျွင်းချီ စိတ်လက်မရှည်စွာဖြင့် နားကလော်လိုက်၏။ 

“ မင်းတို့နှစ်ယောက် … မင်းတို့ကိုယ်မင်းတို့ လိမ်နေတာကို သတိမမူမိဘူးလား … ငါတို့ ဒီနေရာထိ ရောက်လာတာနဲ့တင် အကြောင်းပြချက်က မလုံလောက်သေးဘူးလား …” 

နင်ချဲ့ ထူးမခြားနား အမူအရာဖြင့် ပခုံးတွန့်လိုက်၏။ 

“ နင်တို့နှစ်ယောက် ဘယ်လိုပဲ ထင်ထင် ကိစ္စမရှိဘူး … ဘာပဲဖြစ်ဖြစ် ဒါက ငါတို့နဲ့ မဆိုင်ဘူး .. ပြီးတော့ ငါတို့ အခု ရေချိုးပြီး မိတ်ကပ်လိမ်းတော့မလို့ … တခြား မရှိတော့ဘူးဆို နင်တို့ အခု ထွက်သွားလို့ရပြီ …” 

“ ငါတို့ လိုချင်တာ မရမချင်း ထွက်သွားပေးဖို့ မဖြစ်နိုင်မှာ စိုးတယ်…” 

နင်ချဲ့ လေဒီစီးကရက်တစ်လိပ်ကို သာမန်လျှံကာ မီးညှိလိုက်ပြီး သူတို့နှစ်ဦးကို သိမ်းကျုံးကြည့်လိုက်သည်။ 

“ အသင်း ၄ ရဲ့ လက်ရှိ အနေအထားကို နင်တို့ နှစ်ယောက်က ငါ့ထက်ပိုပြီး သိမှာပါ … နင်တို့မှာ အချိန်ရှိတယ်ဆိုရင် ကိုယ့်ကိစ္စကိုယ် စိတ်ပူနေလိုက် … တခြား အရေးမပါတာတွေ လိုက်လျှောက်လုပ်မနေနဲ့ ….” 

ကျူးကျွင်းချီ၏ မျက်ဝန်းတို့ မှေးကျဉ်းသွားခဲ့သည်။ သူ့မျက်ဝန်းတို့က ဒေါသကို ချုပ်တည်းထားလေသည်။ 

သူ့ကိုယ်သူ ဝါဂွမ်းအထူကြီးအား လက်သီးဖြင့် ထိုးလိုက်သော်လည်း တစ်ဖက်သူက ဘာမျှ ဖြစ်မသွားသကဲ့သို့ ခံစားနေရ၏။ 

သို့သော် ထိုအချိန်၌ ဝေ့ယွီလုံ စကားစလာခဲ့သည်။ 

“ မင်းတို့နှစ်ယောက် အခြေအနေကို နားလည်ရင် အကောင်းဆုံးပဲ … ငါတို့ ဒီနေ့ လာခဲ့တာ အဲ့ဒီ ကိစ္စ ဆွေးနွေးဖို့ မဟုတ်ဘူး … ပရောဂျက်ကို ပြန်ဖွင့်ပေးဖို့ မင်းတို့ကို အချိန်တစ်ရက်ပေးမယ်…. မဟုတ်လို့ကတော့ အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ထားလိုက်တော့ …” 

အမျိုးသမီးနှစ်ဦး၏ အမူအရာမှာ အေးတိအေးစက် ဖြစ်သွားခဲ့ပြီး သူမတို့တွေ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ဝေ့ယွီလုံကို စူးရဲစွာကြည့်လိုက်ကြသည်။ 

ကျူးကျွင်းချီနှင့် နှိုင်းစာကြည့်မည်ဆိုပါက … အနှီတိတ်ဆိတ်နေသည့်လူက ပိုပြီး ကိုင်တွယ်ရ ခက်ခဲ၏။ 

“ နင်တို့က ဘာသဘောလဲ … မလုပ်ပေးရင် ငါတို့နှစ်ယောက်ကို လုပ်မယ်ပေါ့ ….” နင်ချဲ့ အေးစက်စက် ပြောဆိုလိုက်သည်။

 “ ငါတို့ချင်း အသင်းတွေ မတူရင်တောင် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေတုန်းပဲ … လုံးဝ မလိုအပ်သရွေ့တော့ ငါလည်း အကြမ်းမဖက်ချင်ပါဘူး …” 

ဝေ့ယွီလုံ သူ၏ ခေါင်းကို အသာငုံ့ရင်း ပြောလိုက်သည်။ 

“ တို့စ်လုပ်ပေးနေတာကို ငြင်းပြီး အတင်းအကြပ် သောက်ခိုင်းရအောင် မလုပ်စမ်းနဲ့ … ဒါက မင်းတို့နှစ်ယောက်အတွက် နောက်ဆုံး အခွင့်အရေးပဲ …” 

“ နင်တို့ ပြောချင်သလိုသာပြော … နင်တို့ရဲ့ အရေးမပါတာတွေကို အာရုံစိုက်ပေးဖို့ ငါ့မှာ အချိန်မရှိဘူး …” 

နင်ချဲ့ စကားဆုံးသည်နှင့် ရုတ်တရက်ဆိုသလို အနက်ရောင် ပုံရိပ်တစ်ခုက သူမအရှေ့ လှစ်ခနဲ  ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။ 

ထိုအရာကို သတိပြုမိသည့် အခိုက်အတန့်၌ ဝေ့ယွီလုံမှာ သူမထံသို့ ပြေးဝင်လာနေချေပြီ။ 

နောက်ဆုတ်ဖို့ အခွင့်အရေးကား မရှိတော့ချေ။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် အနေအထားသို့ နင်ချဲ့ လျင်မြန်စွာ ပြောင်းလဲလိုက်ရ၏။ သူမ၏ လက်မောင်းနှစ်ဖက်ကို ရင်ဘက်ရှေ့ယှက်သန်းထားလိုက်သည်။ သို့ဖြစ်သည့်တိုင်အောင် သူမ၏ လှုပ်ရှားမှုတို့က နောက်ကျနေဆဲပင်။ 

ဝေ့ယွီလုံ၏ အခိုင်အမာ ကန်ချက်က နင်ချဲ့၏ ကိုယ်ပေါ်သို့ ရိုက်ခတ်လာသည်။ 

ကနေဦးကတည်းက နှစ်ဖက်ကြား ခွန်အား ကွာဟမှုမှာ ကြီးမားနေပြီး ဝေ့ယွီလုံဘက်က အသာစီးရသည့် အနေအထားကိုပါ ထည့်ပေါင်းလိုက်တော့ အဆိုပါ ခြေကန်ချက်က နင်ချဲ့ကို နောက်သို့ အလှမ်းပေါင်းများစွာ နောက်ဆုတ်သွားစေခဲ့သည်။ 

အနောက်ရှိ နံရံနှင့် ထိတွေ့မိတော့မှပဲ သူမ၏ကိုယ်ရှိန်ကို တန့်နိုင်သွားခဲ့သည်။ 

ဘန်း … 

ထိုအချိန်တွင် ချိုးယွီလော့ ရှေ့သို့ ပြေးတက်လာပြီး ကုတင်အစွန်းကို နင်း၍ ဝေ့ယွီလုံကို ခြေထောက်ဖြင့် ခုတ်ပိုင်းလိုက်သည်။ 

သူမနှင့် နင်ချဲ့တို့မှာ နှစ်ပေါင်းများစွာ ကြာအောင် ရဲဘော်ရဲဘက်များ ဖြစ်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိလှ၏။ 

ယခု နင်ချဲ့ထံသို့ တစ်စုံတစ်ရာ ဖြစ်ပျက်လာသည်နှင့် ချိုးယွီလော့မှာ ချက်ချင်းလက်ငင်းပဲ တုံ့ပြန်လာခဲ့သည်။ 

ဝေ့ယွီလုံ၏ တုံ့ပြန်မှုက အင်မတန်လျင်သည်။ ချိုးယွီလော့ ပြေးလာသည်နှင့် ချက်ချင်း ခုခံကာကွယ်မည့် ပုံစံကို ယူလိုက်သည်။ အနောက်သို့‌ ခြေတစ်လှမ်းဆုတ်ပြီး လက်ဆန့်တန်းလိုက်ကာ ချိုးယွီလော့၏ ခြေထောက်ကို ဆုပ်ဖမ်းထားလိုက်၏။ 

အခြေအနေ မဟန်သည်ကို မြင်တော့ ချိုးယွီလော့မှာ သူမ၏ ခါးကို အတင်းအကြပ် တစ်ပတ်လှည့်လိုက်ပြီး ဝေ့ယွီလုံ၏ ထိန်းချုပ်ထားမှုအောက်မှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်လေသည်။ 

ထိုအချိန်မှာပဲ နင်ချဲ့မှာ အသိစိတ်ပြန်ဝင်လာခဲ့ပြီး ဝေ့ယွီလုံထံသို့ တရှိန်ထိုး ပြေးဝင်လာခဲ့၏။ 

တစ်ဦးချင်း တိုက်ခိုက်မည်ဆိုပါက သူမတို့နှစ်ဦးထဲ မည်သူကမျှ ဝေ့ယွီလုံ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ အတူပူးပေါင်း တိုက်ခိုက်တော့မှသာ အခွင့်အရေးတစ်ချို့ ရှိနိုင်မည် ဖြစ်၏။ 

သို့သော်လည်းပဲ သူမ အောင်မြင်ခါနီး အချိန်၌ ကျူးကျွင်းချီမှာ သူမကို ထိုသို့ ပြုလုပ်ရန် အခွင့်အရေးမပေးခဲ့ချေ။ 

ခြေထောက်ကို ခမ်းကြမ်းကြမ်းဆောင့်လိုက်ပြီး နင်ချဲ့ရှေ့သို့ အရှိန်နှင့် ပြေးဝင်လာခဲ့ကာ ပြေးလာနေသည့် နင်ချဲ့ကို လမ်းတစ်၀က်ကနေပြီး ဝမ်းဗိုက်သို့ ဖြတ်ကန်လိုက်၏။ 

ကျူးကျွင်းချီ၏ ခြုံခိုတိုက်ခိုက်လာမှုကြောင့် နင်ချဲ့မှာ အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘဲ အဝေးသို့ လွင့်စင်သွားခဲ့ကာ ပြတင်းပေါက်ဘက်ခြမ်းသို့ လူးလှိမ့်သွားခဲ့၏။ 

ဤသည်မှတဆင့် ကျူးကျွင်းချီ ခွန်အားအပြည့်သုံးထားကြောင်း သိရှိနိုင်သည်။ 

ချိူးယွီလော့နှင့် နင်ချဲ့တို့မှာ ဝေ့ယွီလုံအောက် အနည်းငယ်မျှသာ အင်အားနည်းသော်လည်းပဲ ကျူးကျွင်းချီနှင့်ဆိုလျှင်တော့ လက်ရည်က ညီတူမျှတူလောက်ပင်။ 

အကယ်၍ ပုန်းလျှိုးကွယ်လျှိုးဖြင့် တိုက်ခိုက်လာမှုကြောင့်သာ မဟုတ်ပါက ယခုလို သနားဖွယ်ကောင်းသည့် အခြေအနေမျိုးသို့ ရောက်လာမှာ မဟုတ်ပါချေ။ 

“ နင်ချဲ့ …” 

ချိုးယွီလော့ စိုးရိမ်စိတ်ကြီးစွာဖြင့် မြည်တမ်းမိလိုက်၏။ တစ်ဖန်ပြန်တိုက်ခိုက်မည့် သူမ၏ အစီအစဉ်ကို လက်လျော့၍ နင်ချဲ့အနားသို့ ပြေးလာပြီး သူမ၏ ထိခိုက်ဒဏ်ရာများအား စစ်ဆေးကြည့်ရှုလေသည်။ 

“ ငါ ရတယ် …” 

လေးယောက်ကြားရှိ တိုက်ပွဲက ခေတ္တ ယာယီ ရပ်ဆိုင်းသွားခဲ့၏။ နှုတ်ခမ်းထောင့်စွန်းရှိ သွေးများအား လက်ဖြင့် သုတ်လိုက်ပြီး နင်ချဲ့ နှင့် အမျိုးသားနှစ်ဦးမှာ မျက်နှာချင်း ဆိုင်လျက်သား ဖြစ်သွားခဲ့၏။ 

ဝေ့ယွီလုံ သူတို့နှစ်ယောက်ကို ပြတ်သားစွာ ပြောလိုက်၏။ 

“ မင်းတို့ ဆက်ချင်သေးလား …” 

“ ကြည့်ရတာ နင်တို့နှစ်ယောက်က ကျုံးဝေ့တပ်ဖွဲ့ထဲ ဆက်ရှိဖို့ကို လုံးလုံးလျားလျား လက်လျော့ထားတဲ့ပုံပဲ …” 

All Chapters