← Chapters

တမူထူးခြားသည့် ကြင်နာယုယမှု

Vol. 125 Ch. 1873

တမူထူးခြားသည့် ကြင်နာယုယမှု

Vol. 125 Ch. 1873

လင်းရီ စုန့်ကျင်မင်ကို လျစ်လျူရှု၍ အသင်း ၁ အဖွဲ့ဝင်များအား ဖုန်းခေါ်လိုက်သည်။

နှစ်နာရီကြာပြီးသည့်နောက် လူတိုင်း လေဆိပ်၌ စုဝေး၍ ဒူဘိုင်းသို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြလေသည်။

သို့သော် စုန့်ကျင်းမင်က သူတို့နှင့်အတူ လိုက်ပါမလာချေ။ သူက အခြား လေယာဉ်တစ်စင်းဖြင့် တစ်ယောက်တည်း ထွက်သွားခဲ့၏။

ခုနစ်နာရီနီးပါးခန့် ကြာမြင့်ပြီးနောက် လေယာဉ်က ဒူဘိုင်းလေဆိပ်သို့ ဆင်းသက်လာသည်။

လေယာဉ်ပေါ်က ဆင်းသည်နှင့် ရင်းနှီးနေသည့် ခံစားချက်တစ်ခုက လင်းရီ၏ စိတ်ထဲ ပေါက်ဖွားလာခဲ့သည်။

ဤမြင်ကွင်းက သူနှင့် ကျီချင်းရန်တို့ ခရစ်စမတ်ကာလ၌ ဒူဘိုင်းရောက်လာခဲ့သည့် အခိုက်အတန့်ကို ပြန်အမှတ်ရလာစေသည်။

ထိုအချိန်တုန်းက ကျီချင်းရန် ဝတ်ထားခဲ့သည့် အင်္ကျီ အဝတ်အစားများကိုပင် လင်းရီ ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ သူမကို မြင်တွေ့လိုက်ရသည့် မည်သူမဆို ကြော်ငြာလာရိုက်ကူးသည့် မင်းသမီးတစ်လက်အဖြစ် အထင်မှားသွားလိမ့်မှာ မလွဲမသွေပင်။

အဆိုပါ LV စတိုးကိုလည်း လင်းရီ တရင်းတနှီး ရှိနေသည်။ ထို စတိုးဆိုင်ထဲ၌ ကျီချင်းရန် ခေတ္တ လှည့်ပတ်ကြည့်နေခဲ့ပြီး အဆုံး၌ ဘာတစ်ခုမျှ ဝယ်ယူခြင်း မပြုခဲ့ချေ။

မောလ်အလယ်ရှိ ခရစ် စမတ်သစ်ပင်ကြီးလည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။ သူ့ဘေး၌ အဖော်ပြုပေးနေသည့် အမျိုးသမီးကလည်း အပြင်၌ အေးတိအေးစက်နှင့် အတွင်းက နွေးထွေးပျူငှာသည့် အမျိုးသမီးလေး မဟုတ်တော့ချေ။

“ အစ်ကိုရီ … ဘာတွေ အတွေးနက်နေတာ … သွားစို့လေ…”

သူ့အရှေ့က လမ်းလျှောက်နေသည့် ရှောင်ပင်းက လင်းရီ ပါမလာသည်ကို သတိထားမိတော့ နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။

“ ရတယ် … မင်းတို့ အရင် သွားနှင့်ကြ …”

လင်းရီ သူတို့နောက်ကနေ အေးဆေး လိုက်ပါလာခဲ့သည်။

တိုက်ဆိုင်မှုလော .. သို့မဟုတ် ကံကြမ္မာရေစက်ကြောင့်လော သူမသိ။ သူတို့အုပ်စု ချက်ကင်လုပ်ထားသည့် ဟိုတယ်က သူ ယခင်က တည်းခိုခဲ့ဖူးသည့် ဆေးလ်ဘုတ်ဟိုတယ် ဖြစ်နေလေသည်။

ဤနေရာရှိ အရာရာတိုင်းက သူ့အတွက် အတော်လေး ရင်းနှီးကျွမ်း၀င်နေခဲ့သည်။

ကလင် ကလင် ကလင် ..

လူတိုင်း ဟိုတယ်၌ အခြေချပြီးသည့် အချိန်မှာပဲ လုပေချိန်ထံက ဖုန်းဝင်လာခဲ့၏။

“ မင်း အခု ဒူဘိုင်းရောက်လောက်ရောပေါ့ …”

“ အကြီးအကဲက ဒါလည်း သိနေတယ်…”

“ လူတွေ အဲ့လောက်အများကြီး မင်းနဲ့ အတူ ထွက်သွားခဲ့တာ မသိရအောင် ငါက ကန်းနေတာမှ မဟုတ်တာ ..” လုပေချိန် ဖုန်းထဲကနေ ရယ်မောလိုက်သည်။

“ ခင်များပုံစံကြည့်ရတာ ဒီကိစ္စကို ဂရုစိုက်နေတဲ့ပုံလည်း မပေါ်ဘူးပဲ ..”

“ ဒါပေါ့ … ဘာလို့ ဂရုစိုက်နေမှာ …” လုပေချိန် ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့က အဲ့လို နေရာမျိုးပဲ … မင်း လက်စားချေမှ ရမယ်… ပြီးတော့ မင်းကိုယ်တိုင် စီစဉ်ထားတယ်ဆိုတော့ ငါ စိတ်ချတယ်… အသင်း ၁ ကို လေ့ကျင့်ပေးတယ်ပဲ သဘောထားလိုက် ..။’

“ ကျွန်တော့်ကို တခြား အသိပေးစရာ ရှိသေးလား …”

“ ကျုံးဝေ့တပ်ဖွဲ့က တခြား ယူနစ်တွေနဲ့ မတူဘူး … မင်းတို့ ဘယ်သူဘယ်ဝါပါဆိုတာကိုသာ ထုတ်မပြမိစေနဲ့ …” လုပေချန် ပြောလိုက်ပြီး “ ငါတောင်းဆိုချင်တဲ့ တစ်ခုတည်းသော အရာကတော့ ကောင်းကောင်းသာလုပ်ခဲ့ …”

“ နားလည်ပြီ …”

“ ကျန်တာ ငါ ဘာမှ မပြောတော့ဘူး … မင်းကြိုက်သလိုသာ လုပ်ခဲ့ … ဂရုစိုက် .. ပြီးတော့ စောစောပြန်ခဲ့ …”

“ ဟုတ်ကဲ့ပါ …”

ဖုန်းချပြီးနောက် မကြာီ ကျန်သူများလည်း စုဝေးလာခဲ့ကြ၏။

“ အစ်ကိုရီ … ကျွန်မတို့ ဘယ်အချိန် ထွက်ကြမှာလဲဟင်…”

ယွီစီယင် မေးမြန်းလိုက်၏။

“ မလောသေးနဲ့ဦး … လေယာဉ်အကြာကြီးစီးခဲ့ရတာ အရင် နားကြတာပေါ့ … ထွက်ဖို့ အသင့်ဖြစ်ရင် မင်းတို့ကို အသိပေးမယ်…” လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်ပြီး

“ မင်းတို့ ဘာမှ လုပ်စရာ မရှိဘူးဆိုရင် ဟိုဒီ လျှောက်ပတ်ကြည့်လို့ရတယ်…”

“ ညတောင် ရောက်နေပြီ … တစ်ခုခု သွားစားကြမယ်လေ…”

ရှောင်ပင်း ပြောလိုက်၏။

“ ငါ မလိုက်တော့ဘူး .. မင်းတို့ပဲ သွားကြတော့ …”

ပြောပြီးနောက် လင်းရီသည် အခန်းထဲကနေ တိတ်တဆိတ် ထွက်သွားခဲ့ပြီး အခြား မည်သည့်အရာကိုမျှ မညွှန်ကြားသွားခဲ့ချေ။

လူတိုင်း အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ လင်းရီနှင့် ပတ်သက်၍ တစ်ခုခု မူမမှန်ဟု သူတို့ ခံစားနေရလေသည်။

“ ကောင်းပြီ … သူ့ကို လွှတ်ထားလိုက် ..” နင်ချဲ့ ပြောလိုက်ပြီး “ အရင်သွားစားကြတာပေါ့ … ပြီးရင် ရှော့ပင်ထွက်ကြမယ်…”

အချိန်က ည ၇ နာရီအချိန်ဖြစ်၏။ ဒူဘိုင်း၏ night life က ယခုအချိန်မှ စတင်ရုံမျှသာ ရှိသေးသည်။

လင်းရီ တက္ကစီတစ်စင်း ငှားလိုက်ပြီး ဒူဘိုင်း ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

ထို့နောက် ရဟတ်ယာဉ်ဖြင့် ပင်လယ်ဘက်သို့ ပျံသန်းထွက်ခွာလာခဲ့သည်။

တစ်နာရီနီးပါးခန့် ကြာပြီးနောက် ရဟတ်ယာဉ်က ကျွန်းပေါ်သို့ ဆင်းသက်လာသည်။

နိုင်လွန်ကတ္တရာလမ်းဘေးတွင် ဆိုင်းဘုတ်တစ်ခု ထောင်ထားလျက် ရှိပြီး စာလုံး အသေးတို့ဖြင့် ရေးသားထားသည်က ‘ ကျီချင်းရန် ‘ ဟူ၍ပင်။

အတိတ်၏ မှတ်ဉာဏ်တို့က လှိုင်းဒီရေကဲ့သို့ သူ့စိတ်အတွင်း၌ တစ်လှိုင်းပြီးတစ်လှိုင်း စတင်ရိုက်ခတ်လာခဲ့သည်။

အဆိုပါ ခရစ်စမတ်နေ့က ဖြစ်ပျက်သွားခဲ့သည့် အမှတ်တရတို့မှာ ယခု ပြန်တွေးကြည့်လိုက်သောအခါ၌ မနေ့တနေ့ကကဲ့သို့ သူ့ဦးနှောက် မှတ်ဉာဏ်များအတွင်း၌ လတ်လတ်ဆတ်ဆတ် စွဲထင်နေလေသည်။ ယင်းက မေ့ပျောက်ဖြစ်ဖို့ ခက်ခဲလွန်းလှ၏။

ကျွန်းက မှောင်မည်းနေပြီး သုခဘုံလေးသဖွယ် ဖြစ်နေသည့် ထိုနေ့က နေဝင်ဆည်းဆာနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက လူမနေဘဲ စွန့်ပစ်ခံထားရသည့် ကျွန်းကြီး တစ်ခုနှယ် တည်ရှိနေသည်။

အတိတ်ကာလက ဤနေရာ၌ ချိတ်ပိတ်ထားခြင်း ခံထားရသည်။

တစ်လှမ်းချင်း တစ်လှမ်း … လင်းရီ ဗီလာထံသို့ လျှောက်လှမ်းလာသည်။

ရေပန်းထဲ၌လည်း ရေက အနည်းအကျဉ်းမျှသာ ကျန်ရစ်တော့ပြီး အောက်ဘက်၌ ရွှံ့နှင့် သစ်ရွက်တို့က ဖုံးလွှမ်းနေကာ အနည်းငယ် ယိုယွင်းပျက်စီးရိပ်တို့ ပြသနေခဲ့၏။

တံခါးဝသို့ ရောက်တော့ လင်းရီ လက်ဆန့်တန်း၍ သူ၏ လက်ဗွေရာဖြင့် တံခါးဖွင့်လိုက်သည်။ သို့သော် မီးလုံးများအား ဖွင့်မနေတော့ဘဲ အရှိအတိုင်းပဲ ထား၏။

အပြင်မှ ဖောက်ထွင်းဝင်ရောက်လာသည့် လရောင်က လက်တစ်ကမ်းစာ အကွာအဝေးခန့်ကို ယောင်ဝါးဝါး မြင်တွေ့ရစေသည်။

ထို ဝိုးတဝါးတား အလင်းရောင်များကြား၌ ဖုန်မှုန့်တို့က ပြည့်နှက်နေပြီး အစက်အပြောက်တစ်ခုချင်းစီတိုင်းက အတိတ်မှ မှတ်ဉာဏ်ကို သယ်ဆောင်ထားသည့်ဟန်ရပြီး လင်းရီအား မေ့မရနိုင်သည့် အဆိုပါ ခရစ်စမတ်ညသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

အပေါ်လှေကားထပ်သို့ တက်သွားရင်း လင်းရီ အခန်းတိုင်းသို့ လှည့်ပတ်ကြည့်လိုက်၏။

ကျီချင်းရန် ဤနေရာသို့ ပထမဆုံးအကြိမ် အဖြစ် ရောက်လာခဲ့စဉ်က တစ်ခန်းချင်းစီတိုင်းကို သွားရောက်လည်ပတ်ခဲ့ပြီး ဗီလာ၏ နေရာတစ်လက်မ မကျန် သူမ၏ အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံး၌ … လင်းရီ မာစတာ အိပ်ခန်းထဲသို့ ရောက်လာခဲ့သည်။

လရောင်က ခန်းဆီးလိုက်ကာကို ကျော်၍ အခန်းတွင်း ထွန်းလင်းနေသည်။

ထိုညက သူတို့နှစ်ယောက် ဤအခန်းထဲ၌ အိပ်စက်အနားယူခဲ့ကြသည်။

ဖြည်းညင်းစွာဖြင့် လင်းရီ၏ လက်ချောင်းများက နူးညံ့သည့် အိပ်ရာကုတင်ထက်သို့ ပွတ်သပ်မိသွားခဲ့ပြီး ကျီချင်းရန်က သူ့နံဘေးတွင် တည်ရှိနေသကဲ့သို့ ခံစားနေရသည်။

လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ သူ၏ မှတ်ဉာဏ်များအားလုံးကို ဖိနှိပ်ထားလိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းလာခဲ့၏။

လူတွေက သူတို့၏ မှတ်ဉာဏ်တွေထဲမှာ ရှင်သန်နေ၍ မဖြစ်ပေ။ တစ်ချို့အရာများက လူကိုယ်တိုင် ရင်ဆိုင်ဖို့ လိုအပ်သည်။

သူ ရင်ဆိုင်ဖို့လိုသည်။

တိတ်ဆိတ်စွာ လမ်းလျှောက်ရင်း လင်းရီ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သူ ဒီနေ့ ရောက်လာခဲ့တာက ဤနေရာကို တစ်ချက် လာကြည့်ရန် ဖြစ်ပြီး ယခု ဆန္ဒပြည့်ဝသွားပြီ ဖြစ်သဖြင့် ပြန်ရတော့မည့် အချိန်ပင်။

သို့သော် သူ အပြင်ထွက်တော့မည့် အချိန်မှာပဲ လင်းရီ၏ ခြေလှမ်းတို့က ရုတ်ချည်း ရပ်တန့်သွားခဲ့၏။

ယခုလေးတင် တည်ငြိမ်သွားခဲ့သည့် သူ၏ စိတ်ခံစားချက်တို့က ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ တစ်ဖန် သောင်းကြမ်းလာကာ လှိုင်းများအကြား၌ သူ့အား နစ်မွှန်းသွားခဲ့စေသည်။

ဆိုဖာဘေးရှိ ဗီရိုအသေးလေးပေါ်တွင် ထောင်ထားသည့် ဘောင်ကွပ်ထားသည့် ဓာတ်ပုံတစ်ပုံကို လင်းရီ မြင်တွေ့လိုက်ရသည်။ ယင်းဓာတ်ပုံက မကြီးမားပေ။ အေဖိုးစာရွက်၏ တစ်ဝက်အရွယ်အစားမျှသာ ရှိ၏။

ဓာတ်ပုံထဲတွင် လူနှစ်ယောက် ရှိနေသည်။ တိတိကျကျ ပြောရမည်ဆိုပါက သူနှင့် ကျီချင်းရန်တို့ အတူ ရိုက်ထားသည့် ဓာတ်ပုံပင်။

ထိုပုံက သူနှင့် ကျီချင်းရန်တို့ အိမ်၌ အတူ ရိုက်ထားခဲ့သည့် ဓာတ်ပုံဖြစ်သည်ကို လင်းရီ ရှင်းလင်းပြတ်သားစွာ မှတ်မိနေခဲ့သည်။

ပုံက လွတ်လပ်ပေါ့ပါးပြီး အိမ်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

သူက ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမက သူ့ရင်ခွင်ထဲ ရှိနေခဲ့၏။ သူမ၏ လှပရွှန်းစိုနေသည့် မျက်လုံးဝိုင်းကြီးတို့က ဆန်းသစ်စ လခြမ်းသဏ္ဍာန် ကွေးညွှတ်နေခဲ့ပြီး သူမ၏ အပြုံးက ပျားရည်ထက်ကို ချိုမြနေသည်ဟု လင်းရီ ခံစားနေရသည်။

သို့သော် ဤဓာတ်ပုံကပဲ လင်းရီကို မလှုပ်ရှားနိုင်အောင် ပြုလုပ်နေခဲ့၏။

သူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်က သူမကို စပရိုက်ဖြစ်စေချင်သောကြောင့် ကျီချင်းရန်မှာ ဘာမျှ ထွေထူး မပြင်ဆင်ခဲ့ဘဲ လက်ဗလာသပ်သပ်နှင့် ဤနေရာသို့ ရောက်လာခဲ့၏။

ထို့ကြောင့် ဓာတ်ပုံများအား ဤနေရာ၌ ထားရစ်ခဲ့ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

တစ်ညနေပြီးနောက် သူတို့နှစ်ယောက် ကျိုးဟိုင်သို့ ပြန်လာခဲ့ကြပြီး နောက်ထပ် မလာဖြစ်ကြတော့ချေ။

သို့သော် ယခု သူတို့နှစ်ယောက်ပုံက ဤနေရာတွင် ရှိနေသည်။

အဓိပ္ပာယ်က ကျီချင်းရန်သည် ဤနေရာသို့ တစ်ခေါက် ရောက်လာခဲ့ပြီးပြီဟု ဆိုလိုနေခြင်းပင်။ ထို့နောက် သူမက ပုံကို ဤနေရာတွင် ထားရစ်ခဲ့၏။

သို့သော်လည်း သူတို့တွေ ကွဲကွာနေသည်မှာ အချိန်အတော်ကြာနေပြီး ဆိုလိုသည်မှာ သူ လွဲမှားချော်မှားဖြစ်သွားခဲ့သည့် အချိန်တုန်းက သူမ ဤနေရာသို့ တစ်ခေါက် ရောက်လာခဲ့ပြီး ဤဓာတ်ပုံအား နောက်၌ ချန်ထားရစ်ခဲ့ခြင်း ဖြစ်ရပေမည်။

လင်းရီထင်ထားခဲ့သည့်အတိုင်း လင်းရီ၏ နာရေးသတင်းကို ကြားချိန်မှစ၍ ကျီချင်းရန်မှာ အရာအားလုံးကို လွှတ်ချလိုက်ပြီး ဖြစ်သည်။

တမြန်မနေ့တုန်းက ချင်ရင်ယွဲ့နှင့်အတူ ဒူဘိုင်းသို့ တိတ်တဆိတ် ရောက်လာခဲ့ပြီး သူမတို့နှစ်ယောက်၏ ဓာတ်ပုံကို ဗီလာထဲ ချန်ရစ်ထားခဲ့၏။

သူမအဖို့ .. ဤကျွန်းကြီးက သုဿန်တစပြင်တစ်ခုနှင့် ကွဲပြားခြားနားခြင်း မရှိပေ။ အနှီချန်ထားရစ်ခဲ့သည့် နှစ်ယောက်အတူ ဓာတ်ပုံက အတိတ်တွင် အတူရှိခဲ့သည့် စုံတွဲနှစ်ယောက်၏ အမှတ်တရများကို ကိုယ်စားပြုသည်။

ထိုအခိုက်အတန့်၌ … ကျီချင်းရန်မှာ သူမတို့၏ အနှီ အမှတ်တရ မှတ်ဉာဏ်များအားလုံးကို ဤကျွန်းကြီးပေါ်၌ မြုပ်နှံထားလိုက်ပြီ ဖြစ်၏။

ဤသည်က .... ကြင်နာယုယမှုကို ဖော်ပြသည့် ကျီချင်းရန်၏ တမူထူးခြားသည့် နည်းလမ်းတစ်ခုပင်တည်း။

All Chapters