← Chapters

တစ်ခုခု ပျောက်နေတယ်

Vol. 125 Ch. 1875

တစ်ခုခု ပျောက်နေတယ်

Vol. 125 Ch. 1875

“ ဘာဖြစ်လို့လဲ သမီး …” ချင်ရင်ယွဲ့က ဘေးကနေပြီး မေးမြန်းလိုက်၏။ ကျီချင်းရန် တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ကို ရင်တမမနှင့် ဖြစ်နေသည်။

“ အန်တီ …”

ကျီချင်းရန် သူမ၏ မျက်ရည်များအား သုတ်လိုက်၏။

“ ဟယ်တော် ဟယ်တော် .. ဘာလို့ ငိုနေရတာလဲ … မြန်မြန် သုတ်လိုက် … တစ်ခုခုဆိုလည်း အန်တီ့ကို ပြောလေ … အန်တီ ကူညီပေးမှာပေါ့ …”

“ သမီး နောက်တစ်ခေါက်လောက် ထပ်သွားလည်ချင်သေးတယ်…”

ကျီချင်းရန် ပို၍ သည်းထန်စွာ ငိုကြွေးလာခဲ့၏။ သူမ ဤတစ်ကြိမ် ထွက်သွားပြီးသည်နှင့် နောက်တစ်ကြိမ် ဘယ်တော့မှ လာဖြစ်တော့မှာ မဟုတ်မှန်းကို သူမ သိသည်။

အမှတ်တရတို့ ပြည့်နှက်နေသည့် ထိုနေရာလေးအား နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်ရင်း နှုတ်ဆက်ချင်မိလေသည်။

“ အန်တီတို့ မနေ့က သွားခဲ့တဲ့ နေရာကိုလား …”

“ အွန်း …”

“ ဘာလို့ မရမှာ … အန်တီတို့ အခုပဲ သွားကြမယ်… “

ကျီချင်းရန် သွားချင်နေသည့် နေရာက ကျွန်းအသေးလေး ဖြစ်ကြောင်းကို ချင်ရင်ယွဲ့သိသည်။ မနေ့ မနက်ခင်းတုန်းက အိပ်ရာနိုးသည်နှင့် ထိုနေရာသို့ တန်းမတ်စွာ ဦးတည်ခဲ့လေသည်။

သို့သော် ထိုနေရာသို့ ရောက်ရှိသွားခဲ့ပြီးသည့်နောက် သူမ၏ ခံစားချက်တို့က အလွန်အမင်း လှိုင်းထန်လာခဲ့သည်။ သူမ၏ ကျန်းမာရေးအား ရှေးရှု၍ ကျီချင်းရန်အား ထိုနေရာသို့ မသွားစေချင်ပေ။ သို့သော် သူမ၏ လက်ရှိအခြေအနေကို ကြည့်ရင်း ငြင်းဆန်မည့်ကြံသည့် စကားလုံးတို့က ထွက်မလာနိုင်ခဲ့ချေ။

ထိုအကြောင်းတွေးမိတော့ ချင်ရင်ယွဲ့က သူမဘေးရှိ ဘော်ဒီဂတ်ကို ကျွန်းသို့ သွားရန်အတွက် ရဟတ်ယာဉ်တစ်စင်း ပြင်ထားပေးဖို့ ပြောလိုက်၏။

ကျီချင်းရန်က ထိုနေရာနှင့် ပတ်သက်ပြီး အဘယ်ကြောင့် တမ်းတမ်းစွဲ ဖြစ်နေရလဲဆိုတာကို ချင်ရင်ယွဲ့ နားမလည်နိုင်ခဲ့ပေ။ သို့ပေမယ့် သူမက သွားချင်သည်ဟု ပြောလာခဲ့သဖြင့် ကျီချင်းရန်ကို အဖော်ပြုပြီး လိုက်ပါသွားမည် ဖြစ်၏။

မကြာမီ ရဟတ်ယာဉ်က အဆင်သင့် ဖြစ်သွားခဲ့ပြီး ကျီချင်းရန်နှင့် ချင်ရင်ယွဲ့အပြင် ဘော်ဒီဂတ် ရှစ်ယောက်က ရဟတ်ယာဉ်ပေါ်သို့ တက်၍ ပင်လယ်ပြာကြီးသို့ ဦးတည်လိုက်ကြသည်။

ဒလက်သံက မြည်ဟည်းနေပြီး ရဟတ်ယာဉ်ပေါ်ရှိ လူနှစ်ယောက်လုံးက စကားမပြောကြချေ။

အကယ်၍ အတိတ်တစ်ချိန်က ဖြစ်ခဲ့မည်ဆိုပါက ကျီချင်းရန်သည် ချင်ရင်ယွဲ့ဘေးနား ထိုင်နေရင်း မရပ်နားတမ်း စကားတွေ ပြောနေမိလောက်သည်။

ပြောစရာ စကားမရှိလျှင်ပင် သူမတို့ကြားရှိ လေထုကို အေးစက်သွားအောင်လုပ်လို့ လုံးဝ မဖြစ်ချေ။ မည်သို့ပင်ဆိုစေ ချင်ရင်ယွဲ့က သူမ၏ အနာဂတ် ယောက္ခမဖြစ်၏။ ထို့ကြောင့် သူမနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားရပေမည်။

သို့သော် ယခုတော့ … ရဟတ်ယာဉ်ပေါ်သို့ တက်ပြီးကတည်းက သူမ၏ အကြည့်မှာ အဝေးတစ်နေရာရှိ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်သို့သာ အကြည့်ရောက်နေခဲ့သည်။

အမှတ်တရ လှိုင်းဂယက်တို့က ပင်လယ်ရေမျက်နှာပြင်ထက်သို့ ထွက်ပေါ်လာခဲ့ပြီး အမှုမဲ့အမှတ်မဲ့ဖြစ်စွာ မွှေနှောက်လာခဲ့၏။

အတိတ်တွင်တုန်းကတော့ အနှီအရာတို့က လှပသည့် အမှတ်တရများပင်။ သို့ပေမယ့် ယခုအချိန်မှာတော့ ရင်ဝကို ထက်ရှသည့် ဓားအစင်းပေါင်းများစွာဖြင့် လာရောက် ထိုးစိုက်နေသကဲ့သို့ နာကျင်ဖွယ်ရာများသာ ဖြစ်လာခဲ့တော့သည်။

ဤသည်က သူမကိုယ်သူမ ကုသနည်း ပုံစံတစ်မျိုး ဖြစ်၏။ အကယ်၍ သူမသာ တောင့်ခံကျော်လွှားနိုင်မည်ဆိုပါက လက်တွေ့အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံလာနိုင်လိမ့်မည်။

ကျီချင်းရန်၏ လွမ်းဆွေးနေသည့် ပုံရိပ်နှင့် သွယ်လျသည့် သူမ၏ ကိုယ်လုံးကို မြင်တော့ ချင်ရင်ယွဲ့ ရင်ထဲ ဆစ်ကနဲ နာကျင်မိသွားခဲ့၏။

လင်းရီ တကယ်မသေကြောင်း ပြောပြလိုက်ချင်မိသည့် အခိုက်အတန့်တို့ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ သို့သော် သူမ မလုပ်ခဲ့။ ကျီချင်းရန်က သူနှင့် လျန်ရူရွှယ်ကြားရှိ ကိစ္စကို သိရှိထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူမသားက အသက်ရှင်နေသေးကြောင်း သိသွားခဲ့မည်ဆိုပါက နှစ်ယောက်ကြားရှိ ဆက်ဆံရေးက ကွဲပြားသည့် အခြေအနေသို့ ကျရောက်သွားနိုင်သည်။

အမေတစ်ယောက်အနေနှင့် ထိုသို့ ဖြစ်လာမည်ကို သူမ မကြည့်ရက်ချေ။

လူသားတို့က တစ်ကိုယ်ကောင်းဆန်ကြသည့် သတ္တဝါများ ဖြစ်လေသည်။ ချင်ရင်ယွဲ့လည်း မတတ်နိုင်ဘဲ ရက်စက်ရတော့၏။ ကျီချင်းရန် သို့မဟုတ် လျန်ရူရွှယ်ကိုဖြစ်စေ … ဤကလေးနှစ်ယောက်လုံးကို သူမ သဘောကျပြီး မည်သူ့ကိုမျှ လက်မလွှတ်ချင်ပေ။

အမျိုးသမီး နှစ်ယောက်ကို ညီတူမျှတူ ဖြစ်စေမည့် နည်လမ်းတစ်ခုအား ရှာဖွေနေသော်လည်း အလယ်စန်တာပွိုင့်ကို ရှာတွေ့ဖို့ လိုနေသေး၏။

“ ချင်းရန် … အန်တီ အကြံပေးတာကို နားထောင် … အန်တီတို့ မနေ့ကလည်း ဒီကို လာခဲ့ပေးပြီပြီလေ… နောက်တစ်ခေါက် ထပ်လာဖို့ တကယ်ကြီး လိုလို့လား …”

“ ရတယ် အန်တီ … စိတ်မပူနဲ့ .. သမီးက ဒီတိုင်း လည်ပတ်ရုံတင်ပါပဲ .. အဆင်ပြေပါတယ်…” ကျီချင်းရန် အပြုံးတစ်ခုကို အတင်းအကြပ် ထုတ်ဖော်၍ ချင်ရင်ယွဲ့ကို စိတ်ပူစရာ မလိုကြောင်း ဖော်ပြလိုက်သည်။

ဟင်း …

ချင်ရင်ယွဲ့ ကြိတ်၍သာ သက်ပြင်းချလိုက်မိသည်။ သူမ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ချေ။

နာရီဝက်ခန့်ကြာပြီးနောက် ရဟတ်ယာဉ်သုံးစင်းက ကျွန်းပေါ်သို့ ဆင်းသက်လာသည်။

ကျီချင်းရန်နှင့် ချင်ရင်ယွဲ့တို့ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လိုက်ကြသည်။

ဘော်ဒီဂတ် ရှစ်ယောက်က ကျန် ရဟတ်ယာဉ်နှစ်စင်းပေါ်မှ ဆင်းသက်လာခဲ့ပြီး ချင်ရင်ယွဲ့နှင့် ကျီချင်းရန်အား ကာကွယ်ပေးရန် အနောက်မှ လိုက်ပါလာခဲ့ကြသည်။

ရဟတ်ယာဉ်ပေါ်က ဆင်းပြီးနောက် ကျီချင်းရန်မှာ မြေပြင်ထက်၌ ငူငူငိုင်ငိုင်ကြီး ရပ်နေရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။

သူမ၏ အနောက်တွင် လှိုင်းလုံးတို့က ကမ်းခြေသို့ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာနေကာ လေပြင်းတစ်ချက်တိုက်သွားတိုင်း အုန်းလက်များ၏ အသံကိုလည်း သူမ ကြားယောင်နေမိသည်။

မြင်ကွင်းတို့က ဘာတစ်ခုမျှ ပြောင်းလဲသွားခြင်း မရှိဘဲ တစ်ထေရာတည်းပင်။ ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာက သူမနှင့်အတူ အဖော်ပြုလိုက်ပါလာခဲ့သည့် တစ်ယောက်သောသူက သူမ၏ ဘေး၌ ရှိလို့မနေချေ။

ထိုအကောင်က သူမကို မုန်းတီးခွင့်လေးပင် မပေးဘဲ ထွက်ခွာသွားခဲ့၏။

ကျီချင်းရန် မလှုပ်မယှက် ရပ်တန့်နေခဲ့၏။ မြက်ပင်တစ်ပင်ချင်းစီတိုင်း၊ သစ်ကိုင်းတစ်ခက်ချင်းစီတိုင်းအား သူမ၏ မှတ်ဉာဏ်အတွင်း၌ တံဆိပ်ရိုက်ခတ်ထားချင်သည့်နှယ် စေ့စေ့စပ်စပ် စူးစိုက်ကြည့်နေခဲ့သည်။

ဆယ်မိနစ်ကျော်ကြာအောင် ရပ်တန့်နေခဲ့ပြီးနောက် ဗီလာသို့ ဖြည်းညင်းစွာ ဦးတည်လိုက်၏။

ရောင်စုံဖီးနစ်တောင်ပံများ မပါရှိသော်လည်း … တစ်ဦး၏ နှလုံးသားကို တစ်ဦးက နားလည်သဘောပေါက်ကြ၏။

လက်ရှိ ကျီချင်းရန်မှာ မနေ့က လင်းရီကဲ့သို့ တစ်ထေရာတည်း ခံစားနေမိခဲ့သည်။

သူမ ဤနေရာသို့ နှုတ်ဆက်ရန် ရောက်လာသည်ဟု ဆိုသော်လည်းပဲ အနှီ အမှတ်တရ မှတ်ဉာဏ်တို့က ဆူနာမီ လှိုင်းလုံးကြီးများကဲ့သို့ ကြီးမားလွန်းလှကာ မာကျောခက်ထန်ဟန် ဆောင်ထားသည့် သူမ၏ နှလုံးသားကို တတိတိနှင့် တိုက်စားနေခဲ့၏။

သူ့ကို ဘယ်တော့မှ ထပ်မမြင်တွေ့နိုင်တော့မှာ မဟုတ်တော့ ဟူသည့် အတွေးနှင့်ပင် သူမ၏ စိတ်ကမ္ဘာကြီးမှာ ပြိုလဲပျက်စီးနေရပြီး ဖြေဆည်နိုင်ရန် ဆေးကား ကင်းမဲ့နေသည်။

မရည်ရွယ်ပါဘဲ မျက်ရည်တို့က သူ့အလိုလို စီးကျလာခဲ့၏။

ညင်သာစွာဖြင့် … ချင်ရင်ယွဲ့ တစ်သျှူးကမ်းလာသည်။ ကျီချင်းရန် လက်ခံ၍ သူမ၏ မျက်ရည်များအား ဖယ်သပ်လိုက်၏။

ထို့နောက် အတွေးများကို ပစ္စုပ္ပန်သို့ ပြန်လည်ဆွဲခေါ်ရင်း ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့လိုက်သည်။

တံခါးဝကိုရောက်တော့ ချင်ရင်ယွဲ့နှင့် ဘော်ဒီဂတ်များကို အပြင်၌ စောင့်ခိုင်းရစ်စေသည်။

မနေ့က ကျီချင်းရန် ဤနေရာသို့ ရောက်လာစဉ်ကလည်း မည်သူ့ကိုမျှ အထဲသို့ ပေးမဝင်ခဲ့ချေ။

ချင်ရင်ယွဲ့ စိတ်မဆိုးပေ။ ယခုအချိန်၌ ကျီချင်းရန် ပျော်ရွှင်ဖို့ကသာ အရေးကြီးဆုံး ဖြစ်၏။

လက်ဗွေ စကန်ဖတ်ပြီးနောက် ကျီချင်းရန် ဗီလာထဲသို့ ဝင်လခဲ့သည်။ အမှတ်တရ မှတ်ဉာဏ်တို့က အချိန်ကာလ၏ လွှမ်းမိုးမှုကြောင့် ဝါကျင့်ကျင့် အရောင်သို့ ကူးပြောင်းသွားခဲ့ကာ လွမ်းဆွေးဖွယ် အငွေ့အသက်များအား ထုတ်လွှတ်နေသည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ဗီလာ၏ မြင်ကွင်းတိုင်းက သူမ၏ ဦးနှောက်ထဲ၌ ပြတ်သားစွာ မှတ်မိကျန်ရစ်နေခဲ့သည်။

ထိုနေ့က လင်းရီ မီးဖိုချောင်ထဲ ဟင်းချက်နေစဉ် သူမကို အကြီးတစ်ယောက်က အငယ်ကို အလိုလိုက်နှစ်သက်သည့် အကြည့်မျိုးဖြင့် သူမအား ကြည့်ရှုနေခဲ့သည်ကို ကျီချင်းရန် မှတ်မိနေသေးသည်။ ထို့နောက် ဖယောင်းတိုင်မီးများ ထွန်းညှိရင်း ခရစ်စမတ် ညတာကို ရိုမန်တစ်ဆန်ဆန် ကုန်ဆုံးခဲ့ကြ၏။ ညစာ စားပြီးနောက် ကမ်းခြေ၌ အတူထိုင်ကာ ကောင်းကင်ထက်ရှိ ကြယ်များအား နှစ်ယောက်အတူ ငေးမောရေတွက်ရင်း လင်းရီ၏ ရင်ခွင်ထဲ၌ အိပ်မောကျသွားခဲ့ပြီး ………

ရုတ်ချည်းဆိုသလို ကျီချင်းရန် လျှောက်လှမ်းနေသည့် သူမ၏ ခြေလှမ်းများအား ချက်ချင်း ရပ်တန့်လိုက်မိသည်။ ဆိုဖာဘေးရှိ ဗီရိုပေါ်တွင်တင်ထားသည့် ဓာတ်ပုံကား ယခု မရှိတော့ချေ။

မနေ့က သူမ လာခဲ့သည့် အချိန်တုန်းက ထိုနေရာ၌ ဘောင်ကွပ်ထားသည့် ဓာတ်ပုံတစ်ခု ချန်ထားရစ်သည်ကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေသေး၏။ သူမ ထွက်ခွာသွားစဉ်အချိန်ကပင် နောက်သို့ သမင်လည်ပြန် တစ်ချက် ကြည့်ခဲ့သေးသည်။ အဆိုပါ ဓာတ်ပုံက အဘယ်ကြောင့် နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့ရသနည်း။

ချက်ချင်းလက်ငင်းပဲ ကျီချင်းရန်၏ နှလုံးခုန်သံတို့ မြန်ဆန်လာသည်။

အလျင်လိုသည့် ခြေလှမ်းတို့ဖြင့် ဆိုဖာအနားသို့ ပြေးလာခဲ့၏။

ဓာတ်ပုံက အောက်သို့ ပြုတ်ကျသွားခြင်းလည်း မရှိသလို အနီးတစ်ဝိုက်တွင်လည်း ရှိမနေချေ။

“ ဘယ်လိုဖြစ်နိုင်မှာလဲ …”

ထိုအကြောင်းတွေးမိတော့ ကျီချင်းရန်သည် ကြမ်းပြင်သို့ ငုံ့လိုက်ရင်း ဆိုဖာကြားထဲ၌ ပြုတ်ကျသွားခဲ့ခြင်း ရှိမရှိ သေချာအောင် စစ်ဆေးလိုက်သည်။

သို့ပေမယ့် မည်သည့် လွဲချော်မှု တစ်စုံတစ်ရာကိုမျှ သူမ မမြင်တွေ့ရချေ။

ထို့နောက် ဒုတိယထပ်သို့ ပြေးသွားပြီး အခန်းတိုင်းကို သေချာစွာ စစ်ဆေးကြည့်သည်။

ကူကယ်ရာမဲ့စွာဖြင့် …. သူမ မည်သည်ကိုမျှ ရှာမတွေ့နိုင်ခဲ့ချေ။ ထို့ပြင် အခန်းမှာ ရှာဖွေခံထားရသည့် အရိပ်လက္ခဏာများလည်း ရှိမနေပေ။

ဓာတ်ပုံတစ်ပုံကလွဲပြီး ဗီလာထဲရှိ အခြားမည်သည့်အရာတို့ကမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။

ရုတ်ချည်းဆိုသလို မယုံကြည်နိုင်ဖွယ် ကိစ္စရပ်တစ်ခုအား တွေးတောမိသွားခဲ့ပြီး ကျီချင်းရန်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။

ဤနရာက ပင်လယ်ထဲရှိ လူအရောက်အပေါက်နည်းသည့် ကျွန်းတစ်ကျွန်းပင်။ အိမ်ထဲ၌ ပရိဘောဂမှတပါး တန်ဖိုးကြီး ပစ္စည်း တစ်စုံတစ်ရာလည်း ရှိမနေချေ။ အိမ်ဖောက်ထွင်းခံရစရာ အကြောင်းလည်း မရှိချေ။

ထို့ပြင် သူမနှင့် လင်းရီသာလျှင် တံခါးသော့ကို ဖွင့်နိုင်လေသည်။ မည်သူကမျှ ဝင်ရောက်နိုင်မှာ မဟုတ်ချေ။

သို့ဆိုလျှင် … ဓာတ်ပုံက မည်သို့ ပျောက်သွားခဲ့သနည်း။

ထိုအကြောင်းတွေးမိတော့ ကျီချင်းရန် အပြင်သို့ အလျင်အမြန် ထွက်လာခဲ့၏။ အပြင်တွင် မတ်တပ်ရပ်နေသည့် ချင်ရင်ယွဲ့က ကျီချင်းရန် တစ်ခုခု ဖြစ်လာသည်ကို မြင်ပြီး ချက်ချင်း ရှေ့သို့ ဆီးကြိုကာ မေးမြန်းလေသည်။

“ ဘာဖြစ်လို့လဲ … အထဲမှာ တစ်ခုခု ရှိနေလို့လား …”

ကျီချင်းရန်သည် ချင်ရင်ယွဲ့အား ဗလာကျင်းစွာ ငေးမောလျက်

“ သမီး ဗီလာထဲမှာ ချန်ထားခဲ့တဲ့ ဥစ္စာ မရှိတော့ဘူး …”

စာစဉ် (၁၂၅) ပြီး၏။

All Chapters