အတုကို အစစ်ဖြစ်အောင် လုပ်မ်
Vol. 125 Ch. 1870
ကျိုးယွမ် မျှော်လင့်ထားသည့်အတိုင်း ကျိုးရှီချန်မှာ များများတွေးတောမနေသကဲ့သို့ စာချုပ်ကို စေ့စေ့ပေါက်ပေါက်လည်း မဖတ်ရှုခဲ့ချေ။
ကျိုးယွမ် လက်ညှိုးညွှန်သည့် နေရာသို့သာ သူ၏ နာမည်ကို လက်မှတ်ရေးထိုးပေးနေသည်။
ဘေးတွင် ထိုင်နေသည့် ဖန်ကျားရီမှာတော့ သဘာဝမကျသည့် အမူအရာဖြင့် ဖြစ်နေခဲ့၏။
ဤပရောဂျက်နှင့် ပတ်သက်၍ သူမစိတ်ထဲ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို အမြဲခံစားနေရသည်။ သို့သော်လည်းပဲ သူမ ဝမ်းကွဲ၏ ရဲဘော်ရဲဘက် သုံးဦးက သူတို့တွေ ဤကိစ္စကို ကိုင်တွယ်ပေးမည်ဟု ဆိုလာသဖြင့် သူမ ကိုင်တွယ်ခွင့် ပြုထားခဲ့၏။
ကျိုးရှီချန် လက်မှတ်ထိုးလိုက်သည်ကို မြင်တော့ ကျိုးယွမ် မျက်လုံးအရောင် လက်ခနဲ ဖြစ်လာသည်။
ယခု စာချုပ် လက်မှတ်ထိုးပြီးသွားပြီ ဖြစ်သဖြင့် ကော်ပိုရေးရှင်း တစ်ဝက်က သူ့လက်ထဲ ကျရောက်လာပြီဟု ပြော၍ ရသည်။
ကျန်သည့် တစ်ဝက်ကိုတော့ လျှို့ဝှက် စစ်ဆင်ရေးများဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ် အတွင်း အပြည့်အဝ ဝါးမျိုးနိုင်ပေလိမ့်မည်။
“ ပရောဂျက်ကို ငါမင်းတို့နှစ်ယောက်နဲ့ လွှဲထားမယ်… ဒါက မင်းတို့အတွက် စစ်ဆေးမှု တစ်ခုဆိုလည်း ဟုတ်တယ်…. ကြိုးစားထားကွာ ..” ကျိုးရှီချန် ပြောလိုက်သည်။
“ ဟုတ် ဦးလေး ... ခင်များ စိတ်ချထားလိုက် … ကျွန်တော် ကျိန်းသေပေါက် ကြိုးစားမယ်…. ဦးလေးကို စိတ်ပျက်အောင် မလုပ်ဘူး ..”
“ အဲ့လို ယုံကြည်ချက်မျိုး ရှိတာ ကောင်းတယ်…”
ထိုအချိန်တွင် တံခါးဝမှ ခြေလှမ်းသံများ ထွက်ပေါ်လာပြီး လင်းရီနှင့်နင်ချဲ့တို့နှစ်ဦး အထဲသို့ ဝင်လာသည်။
“ အကုန်ဒီမှာပါလား … သူတို့ အကုန် ဒီရောက်နေကြတာ ငါ ယုံတောင် မယုံနိုင်ဘူး …” နင်ချဲ့ ပြုံးလိုက်သည်။
နင်ချဲ့ပြောသည့် အားလုံးက ကျိုးမိသားစုရှိ လူများကို မဆိုလိုဘဲ ထိုအစား အဓိကကျသည့် လူများအားလုံး ရောက်ရှိနေခြင်းကိုပင်။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၌ အဓိက ပါဝင်ပတ်သက်သူများ ဖြစ်သည့် ကျိုးရှီချန် ၊ ကျိုးယွမ်နှင့် ဖန်ကျားရီတို့က ဤနေရာတွင် ရှိနေသောကြောင့်ပင်။
သူတို့ သုံးယောက်ကို မြင်တော့ ကျိုးယွမ်၏ အမူအရာပြောင်းလဲသွားခဲ့၏။
လင်းရီနှင့် နင်ချဲ့ကို သူ မသိသော်လည်း ချိုးယွီလော့ကိုတော့ သူ သိနေသည်။
သူ့ ဝမ်းကွဲ သေဆုံးသွားစဉ်က ဈာပနာကို တစ်ခေါက်ရောက်လာခဲ့ဖူး၏။
ထို့ပြင် သူတို့ လုပ်နေသည့် ပရောဂျက်ကို နောက်ကွယ်ကနေ ကဖျက်ကရပ် ပြုနေသူကလည်း သူမသာလျှင် ဖြစ်၏။
ထို့ကြောင့် ယခုလို အရေးကြီးသည့် အခိုက်အတန့်၌ ကျိုးယွမ် သူမကို မမြင်တွေ့လိုပေ။
“ မိန်းကလေးချိုး ၊ မိန်းကလေးနင် … မင်းတို့ပါလား ….”
သူတို့ သုံးယောက် အထဲဝင်လာသည်ကိုမြင်တော့ ကျိုးရှီချန်သည် အပြုံးတစ်ခု ဖြစ်ပေါ်လာစေရန် အတင်းတွန်းအားပေး၍ ဆိုဖာသို့ထိုင်ရန် ပျူငှာလိုက်သည်။
သူတို့ သုံးဦး ရောက်လာသည်ကို မငြင်းဆန်သော်လည်း အဘယ်ကြောင့် ကျုံးဝေ့တပ်ဖွဲ့ရှိ လူများက ထပ်ခါတလဲလဲ ရောက်လာနေကြလဲဆိုတာကို ကျိုးရှီချန် နားမလည်နိုင်သေးချေ။
ဒါ နည်းနည်းလေး များလွန်းနေပြီမလား …
လူတိုင်း ထိုင်ချလိုက်ကြ၏။ ကျိုးယွမ်မှာတော့ မျက်နှာအမူအရာ ကောင်းမွန်မနေချေ။
သူ့ဘက်က ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့ကို ဤအကြောင်း ပြောပြခဲ့ပြီးဖြစ်၏။ ၎င်းတို့၏ အစွမ်းအစဖြင့် ဆိုပါက ဤအရေးကို လွယ်လင့်တကူ ဖြေရှင်းပြီးသင့်လေပြီ။ အဘယ်ကြောင့် ဤလူများက ပေါ်ပေါ်ထင်ထင်ကြီး ရောက်လာနေရပြန်သနည်း။
“ လူကြီးမင်းကျိုး …. ကျွန်မတို့ ဒီနေ့ အဓိက ရောက်လာခဲ့တာက ပရောဂျက် ကိစ္စ ပြောချင်လို့ပဲ ….”
“ ပရောဂျက်လား ….”
ကျိုးရှီချန်သည် ချိုးယွီလော့ကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်မိပြီး သူမ ဘာကိုဆိုလိုချင်နေမှန်း နားမလည်နိုင် ဖြစ်နေသည်။
“ ကျုပ်တို့ ကျိုးမိသားစုနဲ့ အတူ ပူးပေါင်းလုပ်ဆောင်ချင်တဲ့ ပရောဂျက်များ ရှိနေလို့လား …”
“ မဟုတ်ပါဘူး .. အဲ့တာက ရှင်တို့ ကျိုးမိသားစု ၊ ဝေ့မိသားစုနဲ့ ကျူးမိသားစုကြားက အပျော်ရေကစားကွင်း ပရောဂျက် ကိစ္စဘဲ …”
ကျိုးရှီချန်၏ အမူအရာမှာ ပိုလို့ပင် ဇဝေဇဝါ ဖြစ်လာခဲ့ရသည်။ သူ အရင်ဆုံး ကျိုးယွမ်ကို ကြည့်လိုက်၏။ ထို့နောက် ဖန်ကျားရီထံ အကြည့်ပို့လိုက်သည်။
ဤသည်က မိသားစုသုံးခုပူးပေါင်းဆောင်ရွက်ထားသည့် ပရောဂျက် အသစ်ဖြစ်ပြီး ကျုံးဝေ့တပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါချေ။
အဘယ်ကြောင့် သူမက ထိုအကြောင်း သူ့အား ပြောရန် ရောက်လာခဲ့သနည်း။
“ မိန်းကလေးချိုး … မင်းမှာ ပြောစရာရှိတယ်ဆိုရင် ဒီတိုင်း ပြောလိုက်ပါ ..” ကျိုးရှီချန် ယဉ်ကျေးစွာ စကားဆိုလိုက်၏။
“ ဒါဆိုလည်း ကျွန်မ တည့်ပဲ ပြောလိုက်တော့မယ်…” ချိုးယွီလော့ သူမ၏ ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး တည်ငြိမ်စွာဖြင့် “ ရှင့်ရဲ့ ဒီတူလေးက ဒီခု ပရောဂျက်ကနေတစ်ဆင့် ကျိုးမိသားစုရဲ့ ကြွယ်ဝမှုတွေကို သူ့ထဲ လွှဲပြောင်းဖို့ လုပ်နေတယ်… ကျန်တာကိုတော့ ကျွန်မ မပြောတော့ဘူး .. ရှင်လည်း ကိစ္စတွေ အများကြီးကို ကြုံတွေ့ခဲ့ဖူးတဲ့လူပါ … ဒီလောက်ဆို ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်လောက်ပြီမလား …”
ဤစကားကြားတော့ ကျိုးရှီချန်၏ အမူအရာမှာ ချက်ချင်းလက်ငင်း လေးနက်တည်ကြည်သွားခဲ့တော့၏။ သူ၏ အကြည့်က စတင်ထက်ရှလာပြီး နဂို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါတို့က စတင်ပျံ့လွင့်လာသည်။
“ ဦးလေး … သူတို့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတနာ … ကျွန်တော်က ဦးလေးရဲ့ တူအရင်းခေါက်ခေါက်ကြီးလေဗျာ … အဲ့လိုမျိုးတွေ လုပ်ပါ့မလား … သူတို့လျှောက်စွပ်စွဲနေတာ …” ကျိုးယွမ် ရှင်းပြလိုက်သည်။
“ ပြီးတော့ ဝေ့နဲ့ ကျူးမိသားစုက ချွမ်ရှန်းမှာ အင်အားကြီးတဲ့ မိသားစုတွေ … ယုံကြည်ထိုက်လို့လည်း ပတ်၀န်းကျင်မှာ အတော်လေး နာမည်ကြီးတယ်… ဒီပရောဂျက်က အောင်မြင်သွားတာနဲ့ ငွေတွေ သောက်သောက်လဲဝင်မယ့် ပရောဂျက်ကြိးပဲ … သူတို့ တစ်ဖက်သတ် စွပ်စွဲတဲ့ စကားတွေကို နားမယောင်လိုက်နဲ့ …”
“ ကျူးကျွင်းချီ ဝန်ခံသွားပြီပြီ … မင်း ငြင်းနေလို့လည်း အပိုပဲ …”
ချိုးယွီလော့ သူမ၏ ဖုန်းကို ထုတ်၍ လင်းရီ မှတ်တမ်းတင်ထားသည့် ရုပ်သံကို ပြန်လည်ဖွင့်ပြလိုက်လေသည်။
နားထောင်ပြီးနောက် … ကျိုးရှီချန်၏ မျက်နှာမှာ လုံးဝ နက်မှောင်သွားခဲ့တော့သည်။
ဤကဲ့သို့ ခိုင်မာသည့် သက်သေ အထောက်အထားနှင့်ဖြစ်ရာ မည်သူ့ကို ယုံကြည်ရမှန်း သူ နားလည်ပြီ ဖြစ်၏။
သူ၏ အတူ အရင်းအချာက ထိုသို့သောလုပ်ရပ်မျိုး ပြုလုပ်လာလိမ့်မည်ဟူ၍ ကျိုးရှီချန် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါချေ။
“ မဟုတ်တမ်းလျားတွေ … သူက အဲ့လိုပြောတာ ဘယ်လိုဖြစ်နိုင်မှာလဲ …” ကျိုးယွမ် မယုံကြည်နိုင်စွာ မြည်တမ်းလိုက်၏။
“ ငါတို့က စီးပွားဖက် ပါတနာတွေပဲ … သူ့ကိုယ်ပိုင် အကျိုးစီးပွားကို ပစ်ပယ်ပြီး ဘာလို့ အဲ့လိုစကားမျိုးတွေ ပြောမှာ …”
“ ငွေက အရေးကြီးတယ်.. ဒါပေမယ့် အသက်ထက်တော့ ဘယ်အရေးကြီးနိုင်မှာ … လူတစ်ယောက်က အသက်ကို လောင်းကြေးထပ်ထားရတဲ့အချိန်မှာ အဲ့တာတွေ စဉ်းစားနိုင်မှာလား …”
လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“ ပြီးတော့ သူတို့နှစ်ယောက်ရှေ့မှာ မင်းက ပွန်းရုပ်လေးပဲ … ဒီပရောဂျက်ကို ဦးစားပေးနေစရာ အကြောင်းကို မရှိတာ …”
ကျိုးရှီချန် ဘာစကားမျှ မဆိုချေ။ သူ စားပွဲသို့ ချက်ချင်းပြန်သွားပြီး အစောပိုင်းက ကျိုးယွမ် ကမ်းပေးလာသည့် စာချုပ်ကို ဂရုတစိုက်နှင့် ခေတ္တဖတ်ရှုကြည့်လိုက်သည်။
အဆုံးထိတိုင် ဖတ်ရှုပြီးသည့်နောက် ကျိုးရှီချန်၏ အမူအရာက စပြီး အကျည်းတန်လာသည်။ မည်သည့်နေရာက မူမမှန်နေလဲဆိုတာကို တစ်ချက်ကြည့်လိုက်သည်နှင့် သူ တန်းပြောနိုင်လေသည်။
စာချုပ်ကို ကြမ်းပြင်သို့ ကောက်ပေါက်ပစ်လိုက်ပြီး ကျိုးရှီချန် ခက်ထန်တင်းမာသည့် မျက်နှာထားဖြင့် ကျိုးယွမ်အား မေးခွန်းထုတ်လိုက်၏။
“ မင်း ဒါကို ရှင်းပြစမ်း …”
ကျိုးယွမ် ဘာမျှ ပြောဆိုမလာခဲ့ချေ။ သူ၏ အမူအရာမှာလည်း သိပ်ပြီး ကောင်းမွန်မနေပေ။ ထိုအစား သူ အေးစက်စက်နှာမှုတ်လိုက်၏။
“ အခုအချိန်မှတော့ ဒါတွေ ပြောနေပြီး ဘာလုပ်မှာလဲ ဦးလေးရာ … စာချုပ်က လက်မှတ်ထိုးပြီးသွားပြီ … ကျွန်တော့်ဘက်က အပြည့်အဝ မအောင်မြင်လိုက်ဘူးဆိုပေမယ့် ဟာကျူလီအုပ်စု တစ်ဝက်က အခု ကျွန်တော့်လက်ထဲမှာပဲ …”
ကျိုးယွမ် မတ်တပ်ရပ်လိုက်ပြီး ကျိုုးရှီချန် ရှေ့မှောက်သို့ ရောက်လာခဲ့ကာ သူ၏ မျက်နှာဖုံးအစစ်အမှန်အား လှစ်ဟာပြလိုက်တော့သည်။
“ ကျွန်တော် ဒီနေ့အတွက် အမှောင်ထဲမှာ ကြိတ်ပြီး စီစဉ်လာတာ တစ်နှစ်ကျော်ကြာပြီ … အပြစ်တင်ချင်တယ်ဆို အချိန်ကိုက်မှာ သေသွားပေးပြီး ကျုပ်ကို အခွင့်အရေးရအောင် ဖန်တီးပေးသွားတဲ့ ခင်များရဲ့ သားတော်မောင်ကိုပဲ အပြစ်တင်လိုက် … မဟုတ်ရင် ကော်ပိုရေးရှင်းကို ရဖို့ သည့်ထက် ကြာရင် ကြာနေဦးမှာ … ကျွန်တော့်ရဲ့ ဆန္ဒတွေ ပြည့်ဝသွားတယ်ပဲ ပြောရမှာပေါ့ …”
“ မင်း ….”
ကျိုးရှီချန်မှာ ဒေါသထွက်လွန်း၍ အသားတဆတ်ဆတ် တုန်ယင်နေသည်။ ရင်ဘက်ကို ဖိနှိပ်ထားရင်း လှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်ရကာ တည်ငြိမ်စွာပင် မတ်တပ်ရပ်မနေနိုင်တော့ချေ။
“ ဦးလေး …”
အခြေအနေဆိုးရွားလာသည်ကို မြင်တော့ ဖန်ကျားရီ အော်ဟစ်၍ ကျိုးရှီချန်ကို လာပြီး ဖေးမထားပေးသည်။ မဟုတ်ပါက သူ့မှာ အောက်သို့ လဲကျနေချေပြီ။
“ ကျိုးယွမ် … နင် ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့အကောင် … ဦးလေးက နင့်ကို ဒီလောက်ထိ ယုံကြည်ပြီး ကုမ္ပဏီကို နင့်ဆီ အပ်ထားတာတောင် ဘာကြောင့် ဒီလိုမျိုး လုပ်ရက်ရတာလဲ … သူ့ရဲ့ စေတနာတွေကို နင် ဒီလိုပဲ ပြန်ပေးဆပ်လိုက်တယ်ပေါ့ ဟုတ်လား …”
“ အမြင်ကျဉ်းတဲ့ စိတ်ဓာတ်နဲ့ လူတစ်ယောက်က ဘယ်တော့မှ လူကြီးလူကောင်းတစ်ယောက် မဖြစ်နိုင်ဘူး … ယောက်ျားတစ်ယောက်က အောင်မြင်မှုရဖို့ ဘာမဆို လုပ်ရဲကိုင်ရဲ ရှိရမယ်… ငါ့အစွမ်းအစနဲ့ … ဟာကျူလီအုပ်စုကို ဒီထက်ပိုမြင့်တဲ့ နေရာရောက်အောင် သေချာပေါက် ဦးဆောင်နိုင်တာပေါ့ … ဘာကိစ္စ သူများအတွက် အလုပ်လုပ်ပေးရမှာ … ငါ ကြိုးစားပမ်းစားနဲ့ အလုပ်လုပ်နေတဲ့ အချိန် အဲ့ဒီ ဘာတစ်စက်မှ စောက်သုံးမကျတဲ့ ကျိုးလျန်ကျတော့ ဘဝကို သာသာယာယာကြီး ဖြတ်သန်းနေတယ်…”
ကျိုးယွမ်၏ ခံစားချက်တို့က ဆက်တိုက် မြင့်တက်နေပြီး သူ့ပုံစံ ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသည့် မကျေနပ်ချက်တို့က တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့ဟန်ပင်။
“ ငါ ပြောမယ် ဖန်ကျားရီ … မင်း ဒီနှစ်တွေ တစ်လျှောက်လုံး ငါ့ကို အတိုက်အခံ လုပ်နေတာ ငါ သိပ်ကြည့်ရတယ်များ ထင်နေလား … ငါ့ ပရောဂျက်တွေ အများကြီးကို မင်း ပယ်ချခဲ့တယ်… အခု ကုမ္ပဏီ တစ်ဝက်က ငါ့လက်အောက် ရောက်သွားခဲ့ပြီ … ငါ ပြန်ရောက်တာနဲ့ မင်းကို ကုမ္ပဏီကနေ ကန်ထုတ်ပစ်မယ်… ငါ့အသားထဲ နစ်ဝင်နေတဲ့ ဆူးတစ်ချောင်း အဖြစ်ကနေ မင်းရပ်တန်းကရပ်လိုက်တော့ …”
ထိုသို့ပြောပြီးနောက် ကျိုးယွမ်သည် လင်းရီနှင့် ကျန်သူများကို မြေခွေးလိုအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“ မင်းတို့ကိုယ်မင်းတို့ သိပ်ကြီးမြတ်တယ် ထင်နေလား … ဒါပေမယ့် မင်းတို့ရောက်လာခဲ့တာ အခါနှောင်းသွားခဲ့ပြီ … အခု ဟာကျူလီအုပ်စု တစ်ဝက်က ငါ့လက်ထဲမှာပဲ … ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေကလည်း ငါ့ကို ထောက်ခံကြတယ်… ငါ့ကို တစ်နှစ်ပဲ ပေးလိုက် … ကျန်တဲ့ တစ်ဝက်ကိုပါ သိမ်းပိုက်ပြမယ် … အဲ့ခါကျရင် ဟာကျူလီ အုပ်စုကြီး တစ်ခုလုံးက ငါ့အပိုင်ဖြစ်ပြီပဲ ဟားဟား ….”
“ ကျိုးလျန်က အချိန်ကိုက် သေပေးခဲ့တယ်လို့ မင်းပြောခဲ့တယ်နော်….” လင်းရီ၏ အသံက အက်ရှရှဖြစ်နေပြီး ခြိမ်းခြောက်ရိပ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။