← Chapters

စကားပြောရင် စကားပဲပြော

Vol. 125 Ch. 1871

စကားပြောရင် စကားပဲပြော

Vol. 125 Ch. 1871

“ မဟုတ်လို့လား …” ကျိုးယွမ် မောက်မာသည့် မျက်နှာထားဖြင့် ပခုံးတွန့်ပြလိုက်ပြီး “ သူသာ မသေခဲ့ဘူးဆိုရင် ငါ့ကရော ပလ္လင်ပေါ်တက်ဖို့ အခွင့်အရေး ရှိမှာတဲ့လား ဟားဟားဟား … အမှန်အတိုင်း ပြောရရင် ငါမင်းတို့ကို တကယ်ကျေးဇူးတင်တယ်… မင်းတို့ကြောင့်သာ မဟုတ်ရင် နောက် တစ်နှစ် ၊ နှစ်နှစ်လောက် စောင့်နေရဦးမှာ … ငါ တကယ် ကျေးဇူးတင်တယ် သိလား …”

လင်းရီ မတ်တပ်ရပ်လိုက်ပြီး ကျိုးယွမ်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

တစ်ဖက်သူ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့၏။ သူတို့နှစ်ဦး၏ ဘော်ဒီချင်းက မတိမ်းမယိမ်း ရှိသော်လည်းပဲ လင်းရီက သူ့ကို တစ်ခါမျှ မကြုံဖူးသည့် ဖိအားအောက်သို့ သွတ်သွင်းနေလေသည်။ ရုတ်ချည်းဆိုသလို သူ၏ နှလုံးခုန်နှုန်းတို့ မြန်ဆန်လာခဲ့၏။ ခြေချောင်းများကလည်း သူ၏ စိတ်အလိုအတိုင်း နာခံမှု မရှိတော့ဘဲ အလိုအလျောက် တုန်ယင်မိလာခဲ့သည်။

“ မင်း မင်း ဘာလုပ်မလို့လဲ …” ကျိုးယွမ်၏ အသံက အနည်းငယ် တုန်ယင်သွားခဲ့၏။ “ ငါ ပြောလိုက်မယ် … မင်း ငါ့ကို လက်ပါရင် ငါမင်းကို ပြန်ပြီး တရားစွဲမယ်…”

ဖြောင်း …

လင်းရီ ဘာစကားမျှ မဆိုဘဲ ကျိုးယွမ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

ကျိုးယွမ်၏ သာမန် ကိုယ်ခန္ဓာဖြင့် လင်းရီ၏ ခွန်အားကို မည်သို့ တောင့်ခံနိုင်လိမ့်မည်နည်း။

ပါးတစ်ချက်တည်းနှင့် ဘေးသို့ လွင့်ထွက်သွားခဲ့ပြီး နှုတ်ခမ်းထောင့်စွန်းမှနေ၍ သွေးတို့ စီးကျလာသည်။

သူ့ပုံစံမှာ အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့၏။

“ မင်း ငါ့ကို ဘယ်လိုတောင် လက်ပါဝံ့နေတာ … ငါ မင်းကို တရားစွဲမယ်…”

ကျိုးယွမ်ကို ငုံ့ကြည့်လိုက်ရင်း လင်းရီ၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသည်။

“ ငါ မင်းကို သတ်မယ်ဆိုရင်ကော ယုံလား …”

ကျိုးယွမ် ကျောချမ်းသွားခဲ့ပြီး ကြက်သီးမွေးညှင်းတို့က တစ်ကိုယ်လုံး ထောင်ထလာသည်။ သို့သော် အလျင်အမြန်ပဲ ပြန်လည် တည်ငြိမ်သွားခဲ့၏။ ဤသည်က တရားဥပဒေ စိုးမိုးသည့် ပတ်ဝန်းကျင်ဖြစ်ပြီး သူ့တွင် သတ္တိအဆတစ်ရာ ရှိနေလင့်ကစား သူ့အား ဘာတစ်ခုမျှ ပြုဝံ့မှာ မဟုတ်သည်က သေချာသည်။

“ ဟားဟား …” စိတ္တဇဆန်ဆန် ရယ်မော၍ ကျိုးယွမ် ကြမ်းပြင်က ပြန်ထလာခဲ့သည်။

“ မင်းက အံ့ဩဖို့ကောင်းတဲ့ကောင်ပဲ … ငါအထင်ကြီးမိပါတယ်… ငါ မင်းကို အပြစ်ပြုဖို့ မတတ်နိုင်ဘူးဆိုတာ ငါ့ကိုယ်ငါ သိတယ်… ငါ အခု ထွက်သွားပေးမယ် ဟုတ်ပြီလား … ဘယ်လိုပဲဖြစ်ဖြစ် ငါလိုချင်တာလည်း ရပြီးပြီပဲ … မင်းတို့ကောင်တွေနဲ့ အလဟဿ အချိန်ဖြုန်းမနေတော့ဘူး …”

လင်းရီ ဘာမျှ မဆိုဘဲ ကျိုးရှီချန် ပစ်ပေါက်ထားသည့် စာချုပ်ကို ငုံ့ကြည့်လိုက်၏။

“ မင်း မှီခိုနေတဲ့ စာချုပ်က ဒါလား …”

“ အဲ့တော့ ဘာဖြစ်လဲ …” ကျိုးယွမ် အကြောက်အလန့်ကင်းစွာ ပြောလိုက်၏။

လင်းရီသည် ကော်ဖီစားပွဲပေါ်ရှိ မီးခြစ်ကို ကောက်ယူလိုက်ပြီး စာချုပ်ကို လေထဲမှာပဲ မီးရှို့ပြလိုက်၏။

ကျိုးယွမ် ကြက်သေသေသွားခဲ့သည်။ လင်းရီ ယခုလိုလုပ်ရပ်မျိုး ပြုလုပ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ.

အကယ်၍ စာချုပ်သာ ဖျက်စီးခံလိုက်ရမည်ဆိုပါက သူ ကြိုးစားခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်ချေတော့မည်။

“ ငါ့စာချုပ်ကို ပြန်ပေးစမ်း ..” ကျိုးယွမ် ရူးနှမ်းနေသည့် လူတစ်ယောက်ကဲ့သို့ ပြေးလာခဲ့ပြီး လင်းရီ လက်ထဲရှိ စာချုပ်ကို လုယူဖို့ ကြိုးပမ်းလိုက်သည်။

ဝှစ် …

လင်းရီ သူ့ကို အခွင့်အရေးမပေးဘဲ အနားသို့ ရောက်လာသည်နှင့် ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။

ကျိုးယွမ်မှာ နောက်သို့ တစ်ဖန်ပြန်လွင့်သွားခဲ့ပြီး ယခင်ကထက်ပင် ပို၍ အခြေအနေ ဆိုးရွားသွားခဲ့တော့၏။

မကြာမီ စာချုပ်အထပ်လိုက်ကြီးမှာ ပြာပုံဘဝသို့ ပြောင်းလဲသွားခဲ့လေသည်။

ကျိုးယွမ်၏ မျက်နှာမှာ ဝိဉာဏ်စုပ်ယူခံထားရသကဲ့သို့ အသက်ဝိဉာဏ်ကင်းမဲ့နေသည့် မျက်နှာထားမျိုး ဖြစ်သွားခဲ့သည်။ စာချုပ် နှစ်ခုလုံးက မီးရှို့ခံလိုက်ရသဖြင့် သူ့တွင် မည်သည့် သက်သေ အထောက်အထားတို့မျှ မရှိတော့ချေ။

နောင်အနာဂတ်၌ ကုမ္ပဏီကို ထိန်းချုပ်ခွင့်ရရန် မျှော်လင့်ချက်ကား ကင်းမဲ့ချေပြီ။ ယခင်နှစ်များတစ်လျှောက် သူ လုံးပမ်းထားခဲ့ရသည့် ရလဒ်များသည်လည်း အချည်းနှီးဖြစ်သွားခဲ့ပြီ ဖြစ်၏။

ချွေးအေးတို့က ကျိုးယွမ်၏ နောက်ကျောတစ်ခုလုံးသို့ ရွှဲနစ်သွားခဲ့သည်။ သူ ယခု မည်သည့်နေရာသို့ သွားရမည်မှန်း သိသည်။ ကျိုးရှီချန်အနားသို့ တွားသွားသွား၍ ခြေသလုံးကို ဖက်ထား၍ ငိုသံကြီးဖြင့်

“ ဦးလေး … ကျွန်တော် မှားမှန်းသိပါပြီ … ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးလေး တစ်ခါပဲ ထပ်ပေးပါ … ကျွန်တော် ခေတ္တ လမ်းပျောက်သွားခဲ့လို့ အဲ့လို လုပ်မိသွားတာပါ … ဒါမျိုး နောက်တစ်ကြိမ် ထပ်မလုပ်ဝံ့တော့ပါဘူး …”

ကျိုးရှီချန်၏ ယခင် အားနည်းသည့် သွင်ပြင်မှာ ဆေးကြောခံလိုက်ရသကဲ့သို့ ကင်းစင်ပျောက်ကွယ်ပြီး ဖြစ်နေပြီး မျက်လုံးအကြည့်တို့က ဓားတစ်စင်းနှယ် ထက်ရှနေခဲ့သည်။

“ ငါမင်းကို အခွင့်အရေး ပေးလိမ့်ဦးမယ်လို့ မင်း ထင်နေတာလား ….”

“ ဒါပေမယ့် ကျွန်တော်က ဦးလေးရဲ့ တူလေဗျာ … ခင်များ ကျွန်တော့်ကို ဒီလိုလုပ်လို့ ဘယ်ရမှာ …”

“ မင်းက ငါ့တူဆိုတော့ရော ဘာအရေးလဲ … ဒီလောက်ထိ ဆိုးရွားတဲ့ လုပ်ရပ်ကို လုပ်ထားတာတောင် မင်းကို အသေမသတ်လိုက်တာပဲ ကံကောင်းတယ်မှတ်လိုက် …”

ကျိုးရှီချန်သည် ကျိုးယွမ်ကို အမှားပြင်ဆင်ခွင့် လုံးဝ မပေးချေ။

အကယ်၍ သူ့တွင်သာ ကျောက်ဆစ်လို နှလုံးသား မရှိခဲ့ဘူးဆိုပါက ကျိုးမိသားစုကို အမြင့်သို့ ရောက်အောင် ဦးဆောင်နိုင်ခဲ့မှာ မဟုတ်ချေ။

ကျိုးယွမ် နွမ်းလျအားပျက်စွာဖြင့် ကြမ်းပြင်တွင် ထိုင်ချလိုက်သည်။ ဤအခြေအနေသို့တိုင် ရောက်လာခဲ့ပြီ ဖြစ်ရာ သူဘာပဲ ပြောပြော အသုံးဝင်မှာ မဟုတ်တော့ချေ။

“ လာကြစမ်း … ဒီကောင့်ကို ဆွဲထုတ်သွားစမ်း …”

ကျိုးရှီချန်၏ ဘော်ဒီဂတ်နှစ်ယောက်က အပြင်မှ ရောက်လာခဲ့ပြီး ကျိုးယွမ်ကို အပြင်သို့ ဆွဲခေါ်သွားခဲ့ကြသည်။

“ ခေါင်းဆောင်လင်း … ဒါတွေအားလုံး မင်းကျေးဇူးကြောင့်ပါပဲ … မင်းသာ ရောက်မလာခဲ့ရင် ငါတို့ ကျိုးမိသားစုတော့ တကယ်ကို အဆုံးသတ်ပြီ …”

“ ကျိုးလျန်က ကျုပ် လက်အောက်ငယ်သားပဲလေ… ဒါ ကျုပ်လုပ်သင့်လုပ်ထိုက်တာပါ …”

လင်းရီ ပြောလိုက်ပြီး “ ကျုပ် အရင်က ပြောခဲ့တဲ့ အတိုင်းပဲ … နောင်ကျ ကျိုးမိသားစု မကိုင်တွယ်နိုင်တဲ့ ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင် ကျုပ်ကို ဆက်သွယ်လို့ရတယ် … ကျုပ် တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ကူညီပေးမယ်…”

“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်း …”

ကိစ္စပြီးဆုံးတော့ သုံးယောက်သား ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။

မူလတုန်းက ကျိုးရှီချန်မှာ သုံးယောက်လုံးကို အိမ်၌ ထမင်းစားသွားစေချင်သည်။ သို့‌သော် လင်းရီတို့က ငြင်းပယ်လိုက်၏။

ရန်ကျင်းတွင် လုပ်စရာ ကိစ္စများ ရှိသေးသဖြင့် ဤနေရာ၌ အချိန်မဖြုန်းတော့သည်က ပိုကောင်းသည်။

သာယာနာပျော်ဖွယ် လောကဝတ် စကားတစ်ချို့ ဖလှယ်ပြီးနောက် သုံးယောက်မှာ ကျိုးမိသားစုဗီလာထဲက ထွက်လာခဲ့ပြီး လေဆိပ်သို့ တက္ကစီဖြင့် ဦးတည်လိုက်ကြ၏။

စုန့်ကျင်းမင်မှာမူ ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။ လင်းရီက အနက်ရောင်မြွေကို စာရင်းရှင်းဖို့ ရှိသေးသဖြင့် သူ့ဘက်က ပြင်ဆင်ထားဖို့ လိုလေသည်။ ထို့ကြောင့် လင်းရီနှင့် ကြိုတင် လမ်းခွဲသွားခဲ့၏။

၂ နာရီကြာပြီးသည့်နောက် လေယာဉ်မှာ ရန်ကျင်းလေဆိပ်သို့ ဆင်းသက်လာပြီး လင်းရီတို့ သုံးဦးလည်း ကျုံးဝေ့တပ်ဖွဲ့က အသင့်လာကြိုသည့် ကားဖြင့် အခြေစိုက် စခန်းသို့ ရောက်လာခဲ့ကြ၏။

သူတို့သုံးဦး လျိုဟုန်၏ ရုံးခန်းထဲသို့ ရောက်လာသည့် အချိန်၌ မွန်းလွဲ နှစ်နာရီ ထိုးနေချေပြီ။ လျိုဟုန် တစ်ခုခုစားနေသည်ကို သူတို့တွေ မြင်တွေ့လိုက်ရ၏။

“ ၂ နာရီတောင် ထိုးနေပြီ … အခုမှ စားတုန်းလား …”

“ ခုတလော အလုပ်တွေ တအား ရှုပ်တယ်လေကွာ … ခုနလေးတင်ပဲ အလုပ်တစ်ခု ပြီးတာ … ဒါပြီးရင် မီတင်က ရှိသေးတယ်… ဒါ ငါ့ပထမဆုံး တစ်နပ်ပဲ ..” လျိုဟုန် စားရင်းပြောလိုက်၏။

“ မင်းရော ချွမ်ရှန်းက ကိစ္စတွေ ပြီးခဲ့ပြီလား … ကျိုးမိသားစုလည်း အခြေအနေကောင်းရောပေါ့ …”

“ ပြီးသလောက်ပါပဲ …” လင်းရီ ပြောလိုက်သည်။ “ ချွမ်ရှန်းက ကိစ္စတွေ ပြီးသွားပြီဆိုတော့ အသင်း ၁ ကိစ္စ ကိုင်တွယ်ဖို့ ဒီပြန်လာခဲ့လိုက်တာ ….”

“ သူတို့‌တွေ အနားယူဖို့ အဆိုတင်သွင်းထားတဲ့အကြောင်း မင်းကြားပြီးလောက်ရောပေါ့ …”

“ အင်း .. ကျုပ်ကြားမိတယ်… သူတို့ အကုန် ရောက်လာပြီလား …”

“ မနက်ကတည်းကပဲ .. အခုလောလောဆယ်တော့ စစ်ဆေးမေးမြန်းတာတွေ ခံနေရတယ်… သိပ်မကြာခင် ပြီးလောက်ပါပြီ …”

“ ခင်များ ကျုပ်အကြောင်းတွေ ကြိုပြီး ပြောပြထားသေးလား …”

“ အေး ငါ လုပ်တော့မလို့ပဲ … ဒါပေမယ့် မင်းရဲ့ ပြန်လည်ရှင်သန် အထမြောက်မှုကို မင်းဘာမင်း ရှင်းပြတာပဲ ပိုကောင်းမယ်ထင်လို့ …”

“ ကောင်းပြီလေ…” လင်းရီ ပြောလိုက်၏။ သူ၏ ပုံစံက ဖြစ်လိုဖြစ်ရာတော့ဟူသည့် သွင်ပြင်မျိုး ပေါက်နေသည်။

“ သူတို့ အကုန်ပြီးသွားရင် ဒီခေါ်လိုက် … အချိန်ကုန် သက်သာအောင် အကုန်လုံးကို တစ်ခါတည်း ရှင်းပြလိုက်မယ်…”

“ အင်း ..”

လျိုဟုန် သူ၏ စားစရာကို အမြန် အပြတ်ဖြတ်လိုက်ပြီး “ ငါ မီတင်တက်ရဦးမှာ … မင်းတို့ကောင်တွေ ဒီမှာ နေရစ်ခဲ့ကြ …”

“ အိုကေ …”

လျိုဟုန် ထွက်ခွာသွားခဲ့ပြီးနောက် ရုံးခန်းမှာ တိတ်ဆိတ်သွားခဲ့သည်။ နင်ချဲ့ စီးကရက် တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီး သွယ်လျသည့် သူမ၏ ခြေတံလေးများကိုတော့ ကော်ဖီစားပွဲပေါ်၌ တင်ထားလေသည်။

“ နင် အနက်ရောင်မြွေ လူတွေကို ကိုင်တွယ်မယ်ပြောတာ ဘယ်အချိန်လောက် လုပ်ဖို့ စီစဉ်ထားလဲ …”

“ နောက် လေး ငါး ဆယ်ရက် တစ်ရက်ရက်ပေါ့ … အတိအကျတော့ ငါလည်း မသေချာသေးဘူး …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက် ကူညီပေးဖို့ မလိုဘူး … လတ်တလော ဖြစ်သွားတဲ့ ကိစ္စတွေက အများကြီးဆိုတော့ … မင်းတို့ ကောင်းကောင်းလေး နားသင့်တယ်…”

“ ငါ မပင်ပန်းပါဘူး … အသင်း ၃ မှာ မစ်ရှင်မရှိသရွေ့ နင်နဲ့ အတူ လိုက်ခဲ့မယ်…” နင်ချဲ့ ပြောလိုက်သည်။ “ သူတိုက နင့်ကို သတ်လုသတ်ခင် ဖြစ်သွားခဲ့တာလေ… ငါ သူတို့နဲ့ သေချာပေါက် စာရင်းရှင်းဖို့လိုတယ်…”

“ အေးဆေးနေစမ်းပါကွာ … ခေါင်းဆောင်ချိုးကို ကြည့်စမ်း … သူဆို ငါနဲ့အတူလိုက်ဖို့ မင်းလိုတောင် ဖြစ်မနေဘူး …”

လင်းရီ တစ်ချက် ရယ်မောရင်း ပြောလိုက်သည်။

“ ငါတို့က မတူဘူးလေ.. ဒီလောက်နှစ်တွေကြာပြီးတော့မှ နောက်ဆုံး ဆိုဒ်ရော ၊ ကြာတဲ့အချိန်ရော ငါနဲ့ အံ့ဝင်ဂွင်ကျ ဖြစ်တဲ့ တစ်ယောက်တွေ့ပါတယ်ဆိုနေ နင်သေသွားရင် ငါဆုံးရှုံးရမှာပေါ့ … ဒီတော့ သေချာပေါက် စာရင်းရှင်းဖို့လိုတယ်… “

လင်းရီ “ ….. “

အစ်မကြီး … မင်း စကားပြောရင် စကားပဲပြောလေ.. ဘာလို့ ထူးဆန်းတာတွေ ပါလာတာလဲ။

All Chapters