← Chapters

သူတို့ကို ICU ပို့လိုက်တာ

Vol. 125 Ch. 1868

သူတို့ကို ICU ပို့လိုက်တာ

Vol. 125 Ch. 1868

လူသွားစင်္ကြံလမ်းတစ်လျှောက် တိတ်ဆိတ်မှုကား ကြီးစိုးသွားခဲ့သည်။ စုန့်ကျင်းမင် သူ့ကိုယ်သူ ဖုန်များ ခါခပ်လိုက်ပြီး ဘာမျှ မဖြစ်ထားသကဲ့သို့ ဆေးလိပ် နောက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်ရင်း ဓာတ်လှေကားထဲသို့ လျှောက်သွားခဲ့သည်။

ခေတ္တကြာပြီးနောက် … ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး စုန့်ကျင်းမင် အထဲသို့ ဝင်သွားခဲ့၏။ ဖြတ်သွားဖြတ်လာ တိုက်ခတ်သွားသည့် လေပြင်းတစ်ခုနှယ် လူတိုင်း၏ မျက်စိရှေ့မှောက်မှ ကွယ်ပျောက်သွားခဲ့လေသည်။

အလွှာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး ရှေ့ရှိ မြင်ကွင်းက မည်သူမျှ စိတ်ကူးမယဉ်ထားခဲ့သည့် မြင်ကွင်းမျိုး ဖြစ်နေခဲ့သည်။

“ အမြန် … ငါ့အဖေ‌ ဘာဖြစ်သွားလဲ သွားကြည့်ကြစမ်း …”

လီအန်းနန် သူ့လက်ကောက်ဝတ်ကို ကိုင်ထားရင်း ကျူးကျင်းပေါ်ထံ လျှောက်သွားခဲ့သည်။ သို့‌သော် သူ့ဘက်ကမျှ မည်မျှပင် လှုပ်နှိုးအော်ခေါ်နေစေကာမူ အနည်းငယ်မျှ တုံ့ပြန်လာခြင်း မရှိပေ။ အသက်သေဆုံးသွားခဲ့သည့်ဟန်ပင်။

ဝေ့ယွီလုံသည် သူ့ခြေထောက်ရှိ နာကျင်မှုအား အံကြိတ်သည်းခံရင်း အော်ဟစ်လိုက်သည်။

“ မြန်မြန် တစ်ယောက်ယောက် လာကြစမ်း ..”

ထိုအချိန်၌ ကြမ်းပြင်၌ အမှောက်သိပ်ခံထားရသည့် လူများလည်း တစ်ယောက်ပြီး တစ်ယောက် ထလာခဲ့ကြသည်။ သူတို့၏ အခြေအနေက သိပ်ကောင်းမွန်မနေသော်လည်း အနည်းဆုံးတော့ သူတို့က သွားလာလှုပ်ရှားနိုင်ပါသေးသည်။

“ သေစမ်း … ငါတို့ ထောင်ချောက်ထဲ ကျသွားခဲ့တာပဲ …” ကျူးကျွင်းချီ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

“ မင်း ဘာပြောလိုက်တယ်…”

“ စောနတင်ပဲ ဒီ တစ်လွှာလုံးကို ရှင်းပစ်လိုက်ပြီ … ရဲတွေရဲ့ အမူအရာအရဆို ဒီတစ်လွှာလုံးမှာ လူရှိနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … အဲ့လူ ဒီနေရာမှာ ပေါ်လာတယ်ဆိုတာ လုံးဝ ပုံမှန် မဖြစ်နိုင်ဘူး …”

ကျူးကျွင်းချီ၏ စကားကို ကြားတော့ ဝေ့ယွီလုံလည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။

သူ့အဖေနှင့် ကျူးကျင်းပေါ်ကို ထိုကဲ့သို့ လွယ်လင့်တကူ အနိုင်ယူနိုင်ရန်က တစ်ဖက်လူသည် အနည်းဆုံးတော့ ဘီ - အဆင့် ရှိသင့်၏။

ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးက လွယ်လင့်တကူ ထွက်ပေါ်လာဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

အကြောင်းပြချက် တစ်ခုခုတော့ ရှိရမည် ဖြစ်၏။

ချိုးယွီလော့နှင့် ကျန်နှစ်ယောက်တို့ ထွက်ခွာသွားသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်မိရင်း ဝေ့ယွီလုံ၏ အသက်ရှူသံတို့ မြန်ဆန်လာသည်။

သံသယရှိနေဖို့ မလိုချေ။ အနှီ သာမန်ဖြစ်ပုံရမည့် လူကို သူတို့တွေ စီစဉ်ထားခဲ့တာပဲ ဖြစ်ရမည်။ သူတို့အားလုံး လှည့်စားခံလိုက်ရ၏။

သို့သော်လည်းပဲ ချိုးယွီလော့တို့က ထိုမျှ ကျွမ်းကျင်သူကို မည်သို့ ခေါ်လာနိုင်ခဲ့သနည်း။

ဧကန္တ …… ရှန်းလုံ အသင်းကများလား …

အဲ့လိုသာဆိုရင်တော့ ဒီကိစ္စ နောက်ကွယ်မှာ လုပေချိန် ရှိနေတာသေချာပြီ…

……………

ချွမ်ရှန်း၏ ရှုယွဲ့ ဟော့ပေါ့က ဒေသခံများကြားထဲ၌ အတော်လေး နာမည်ကြီး ရေပန်းစားသည်။ ၎င်း၏ အပြင်အဆင်က အခြားသော ပြောစမတ်ပြုလောက်စရာ ဟောပေါ့ဆိုင်များနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သာမန်ထက် အနည်းငယ်သာ ပိုသော်လည်း ၎င်း၏ အရသာက အခရာပင်။

အဆင်ပြေ သက်တောင့်သက်သာ ဖြစ်စေရန်အတွက် လင်းရီသည် ဒုတိယထပ်က သီးသန့်ခန်းကို မှာယူလိုက်၏။

သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်နှင့် စားသောက်နေစဉ်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။ စုန့်ကျင်းမင်က ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

နှစ်ယောက်သား မိနစ် အနည်းငယ်ကြာအောင် စကားပြောပြီးနောက် ဖုန်းပြန်ချလိုက်သည်။

“ ပြီးသွားပြီ .. ဆက်စားကြစို့ …’

မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် ပြန်ကြည့်လိုက်မိကြ၏။ “ နင် ပြောချင်တာ ဝေ့နဲ့ ကျူးမိသားစု ကိစ္စကို ဖြေရှင်းပြီးပြီလို့ ပြောချင်တာလား ….”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ငါ တခြားတော့ မပြောရဲဘူး … ဒါပေမယ့် ဒီကောင်တွေ နောက်သုံးလေးလအလောက်ထိတော့ ပြဿနာ လာရှာရဲမှာ မဟုတ်တော့ဘူး …”

“ ငါတို့သာ ဝေ့နဲ့ ကျူးမိသားစုကို ဖယ်ထုတ်လိုက်နိုင်မယ်ဆိုရင် အသင်း ၄ ထဲမှာ မိသားစု ၂၁ စုပဲ ကျန်တော့မယ် .. ပမာဏက မသေးဘူးဆိုပေမယ့် ဖိအား တစ်ချို့တော့ လျှော့ချပြီးသား ဖြစ်တာပေါ့ …” ချိုးယွီလော့ ပြောလိုက်သည်။

“ ငါလည်း အဲ့လိုစဉ်းစားနေတာ … ငါ တတ်နိုင်သလောက် ငါလုပ်မယ်…”

“ ငါ သိချင်တာကလေ .. နင် သူတို့တွေကို နောက် သုံးလေးလလောက်အထိ အပိုးကျိုးသွားအောင် ဘယ်လိုများ တွန်းအားပေးလိုက်တာ …”

“ ICU ပို့ထားလိုက်တာလေ …”

“ ICU …… “

နှစ်ဦးလုံး မည်သူကမျှ လင်းရီသည် ယခုလို ပြင်းထန်သည့် နည်းလမ်းဖြင့် ဖြေရှင်းလိမ့်မည်လို့ ထင်မထားခဲ့ချေ။

ချိုးယွီလော့ မျက်လုံးလှန်ကြည့်လိုက်၏။ “ နင် စုန့်ကျင်းမင်ဆိုတဲ့ လူကို အကူအညီတောင်းလိုက်တာမလား …”

နှစ်ယောက်လုံးက လင်းရီအကြောင်းကို ကောင်းစွာ နားလည်ထားကြသည်။ သူမတို့တွေ သိထားမိသလောက်တော့ ဝေ့ရှစ်ဖူနှင့် ကျူးကျင်းပေါ်တို့ကို ICU သို့ ပို့ဆောင်နိုင်သည့်လူက စုန့်ကျင်းမင်သာလျှင် ရှိ၏။

တစ်ဖက်သူက အေ - အဆင့် ဒိတ်ဒိတ်ကျဲကြီးဖြစ်ပြီး ဝေ့ရှစ်ဖူနှင့် ကျူးကျင်းပေါ်ကို မဆိုထားနှင့်။ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ ရှိ မည်သူကမျှ ပေါက်ကွဲအားပြင်းထန်သည့် လက်နက်ကြီးများ အသုံးမပြုပါဘဲ စုန့်ကျင်းမင်ကို အနိုင်ယူဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

“ မင်း ခန့်မှန်းနိုင်တယ်ပေါ့ …”

လင်းရီ ကျယ်လောင်စွာ ထုတ်ပြောမနေဘဲ ပြုံးရုံမျှသာ ပြုံးလိုက်၏။

ဤကိစ္စက အတော်လေး အန္တရာယ်များသောကြောင့် သူမတို့နှစ်ဦးအား များများစားစား ပေးသိဖို့ စိတ်မကူးထားချေ။

သူမတို့တွေ ပါဝင်ပတ်သက်လာခဲ့မည်ဆိုပါက ဆိုးရွားသွားနိုင်သည်။

“ နင့်မျက်နှာကြည့်တာနဲ့ ဘာတွေ ဖြစ်နေလဲ ငါသိပြီးသား …” ချိုးယွီလော့ ပြောလိုက်ပြီး “ နင် ပြောတဲ့အတိုင်းဆိုရင် ဝေ့နဲ့ ကျူးမိသားစုကို ဖြေရှင်းပြီးသွားပြီ … ကျန်တဲ့ လူတွေကိုရော နင် ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားလဲ …”

လင်းရီ နှုတ်ခမ်းကိုက်လျက် “ ငါ သေချာ မစဉ်းစားရသေးဘူး .. ကျန်တဲ့လူတွေက သိုသိုသိပ်သိပ်ပဲ နေနေကြတာဆိုတော့ သူတို့ကို ဒီတိုင်း ဘလိုင်းကြီး ပြဿနာသွားရှာလို့ကလည်း မဖြစ်ပြန်ဘူး … ငါ အခု လုပ်နိုင်တာက အခွင့်အရေးကောင်းကို စောင့်ဖို့ပဲ …”

အမှန်တကယ်တော့ … ဝေ့နှင့် ကျူးမိသားစုကို ဖြေရှင်းလိုက်နိုင်သည်က လင်းရီအတွက် ထင်မှတ်မထားသည့် အပိုဘောနပ်စ်ပင်။

စုန့်ကျင်းမင်ကို ဤနေရာသို့ ခေါ်လာသည်ကပင် လောင်းကြေးထပ်ထားသလို ဖြစ်နေပြီး ကျန်သည့် မိသားစုများ အတွက်ကတော့ …

လင်းရီထံတွင် သင့်တင့်လျောက်ပတ်သည့် ဖြေရှင်းနည်းလမ်းတစ်ခု မရှိသေးချေ။

ဆိုပေမယ့်လည်း ပိုပြီး တိုက်ရိုက်ကျသည့် နည်းလမ်းတစ်ခုကတော့ အမြဲရှိလေသည်။ သူ့ဘက်က စုန့်ကျင်းမင်ကို အခြား မိသားစုများအား တိတ်တဆိတ် ခြေရာခံ၍ အမှောက်သိပ်ခိုင်းလိုက်၍ရသည်။

၎င်း၏ လုပ်နိုင်စွမ်းဖြင့် ဆိုပါက သေချာပေါက် ဖြစ်နိုင်သည်။ သို့သော် ထိုသို့ ပြုလုပ်မည်ဆိုပါက လင်းရီအတွက်လည်း ပျက်စီးကိန်းဆိုက်လုနီးနီး အန္တရာယ်တစ်ခုကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထိုကဲ့သို့ သိသာထင်ရှားသည့် လုပ်ငန်းစဉ်က ဟွာရှ၏ အစိုးရထိပ်ပိုင်း အကြီးအကဲများ၏ အာရုံကို ဆွဲဆောင်မိသလို ဖြစ်သွားခဲ့မှာ ဖြစ်ပြီး သူ့အား သေချာပေါက် လျှော်ပေးလိုက်ကြမှာ မဟုတ်ချေ။ ချိုးယွီလော့နှင့် နင်ချဲ့တို့သည်ပင် ပြင်းထန်သည့် အကျိုးဆက်များအား ရင်ဆိုင်ကြုံတွေ့နိုင်ချေရှိလေသည်။

ထို့ကြောင့် ဤသည်က ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု မဟုတ်ခဲ့ချေ။

အမျိုးသမီး နှစ်ဦးမှာ ဖြည်းဖြည်းချင်း စားနေခဲ့ကြပြီး လက်ရှိ အခြေအနေကို ပြန်လည် ဆင်ခြင်သုံးသပ်နေခဲ့ကြလေသည်။

သူမတို့က အရေးမသာသည့် အခြေအနေ၌ ရှိနေဆဲ ဖြစ်ကြောင်းကို သတိထားမိလိုက်ကြသည်။

သူတို့ တတ်နိုင်သည့်အရာကား တစ်ဖက်ခြမ်းက လှုပ်ရှားလာမည်ကို စောင့်ဆိုင်းပြီး မည်သို့ တုံ့ပြန်မည်ကို ဆုံးဖြတ်ဖို့ပင်။

ကလင် ကလင် ကလင် …

ထိုအချိန်၌ လင်းရီ၏ ဖုန်းသံ မြည်လာသည်။

ခေါ်ဆိုလာသူက လုပေချိန် ဖြစ်သည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့၏။

နင်ချဲ့တို့လည်း တစ်ချက်မေးငေါ့ကြည့်လိုက်ရာ လုပေချိန်၏ ဖုန်းဖြစ်ကြောင်း မြင်တွေ့သွားခဲ့ကြလေသည်။

လင်းရီ ဖုန်းကောက်ကိုင်၍ စပီကာ ဖွင့်လိုက်၏။

“ အကြီးအကဲလု …”

“ မင်း အခု ချွမ်ရှန်းမှာမလား …” လုပေချိန်၏ တည်ငြိမ်မြဲမြံသည့် အသံက ဖုန်းထဲကနေ ထွက်လာသည်။

“ အင်း ဟုတ်တယ်… အကြီးအကဲ သိနေတယ် …”

“ ငါ လျိုဟုန်ဆီက ကြားတာ …” လုပေချိန် ပြောလိုက်ပြီး “ ဝေ့နဲ့ ကျူးမိသားစုတွေ တစ်ခုခု ဖြစ်သွားသံကြားတယ်… မင်း လက်ချက်မလား ....”

သုံးယောက်လုံး ကြက်သေသေသွားခဲ့ကြ၏။

ကိစ္စက ဖြစ်သွားပြီးခဲ့သည်မှာ နာရီဝက်ပင် မရှိသေးသော်လည်း လုပေချိန်က သိရှိနေချေပြီ။ ၎င်း၏ ထောက်လှမ်းရေး အင်အားက လူကို အမှန်တကယ် ကျောချမ်းအောင် ပြုလုပ်နေလျက် ရှိ၏။

“ ဟုတ်တယ်… ကျွန်တော်လုပ်တာ …”

ဖုန်းတစ်ဖက်ခြမ်းရှိ လုပေချိန်မှာ ရယ်မောလိုက်ပြီး “ မင်း ဘာတွေ စဉ်းစားနေလဲ ငါသိတာပေါ့ … ဒီလိုတွေ လုပ်စရာ မလိုပါဘူး … ငါကိုင်တွယ်လိုက်မယ်…”

“ ဟုတ်ကဲ့ နားလည်ပြီ ….”

လင်းရီ ရှေ့ဆက်ပြီး ရှည်ရှည်ဝေးဝေး မမေးမြန်းခဲ့ချေ။

လုပေချိန်၏ ကောက်ကျစ်ဉာဏ်များမှုဖြင့် ဆိုပါက သူ့တွင် ဤကိစ္စအား ကိုင်တွယ်နိုင်စွမ်း ရှိသည် ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ၊ လင်းရီကို ပြောပြမှာ မဟုတ်ချေ။

သူကိုယ်တိုင်က ထုတ်ပြောဖို့ ဆန္ဒမရှိသရွေ့ စကားအစ်အောက်မေးမြန်းဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် မေးနေလို့လည်း အချည်းနှီးသာ ဖြစ်သည်။

“ ဟုတ်ကဲ့ လုပ်မနေနဲ့ …” လုပေချိန် ပြောလိုက်ပြီး “ ငါ လျိုဟုန်ဆီကကြားတာ အသင်း ၁ ရဲ့ အဖွဲ့ဝင်တော်တော်များများ အနားယူဖို့ အဆိုတင်သွင်းလာတယ်ဆိုပဲ … မနက်ဖြန်လောက်ကို ရန်ကျင်းလာပြီး သူတို့ရဲ့ နောက်ဆုံးအကြိမ် တာဝန် အစီရင်ခံတာကို လုပ်ဖို့ ရှိတယ်… မင်း အသက်ရှင်နေသေးတာကို ဖုံးကွယ်ဖို့လည်း မလိုဘူးဆိုတော့ မင်း ပြန်ရောက်တာနဲ့ အသင်း ၁ ကို စပြီး ကိုင်တွယ်တော့ …”

“ ဟင် … သူတို့တွေ အကုန်လုံး အနားယူဖို့ အဆိုတင်သွင်းလာတယ်ဟုတ်လား …”

ဟွာရှရှိ အလျှို့ဝှက်ဆုံး စစ်တပ်ယူနစ် တစ်ခု အနေဖြင့် အနားယူခြင်း လုပ်ငန်းစဉ်မှာ အစီရင်ခံစာလေး တစ်စောင် တင်သွင်းပြီးသည်နှင့် ပြီးသွားသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။

အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက များပြားလှသည့် လျှို့ဝှက်ချက်များကို သယ်ဆောင်ထားပြီး ၎င်းတို့အား ထုတ်ဖော်ပြောခြင်း မရှိစေရန်အတွက် အနားယူရန် အဆိုပြုလွှာတင်သွင်းပြီးနောက်တွင် စုံစမ်းစစ်ဆေးရန် လုပ်ငန်းစဉ် အတွဲလိုက်ကိုလည်း ဖြတ်ကျော်ရသေး၏။ ထိုမျှနှင့်လည်း မပြီးသေး။ ခွင့်ပြုမိန့်ကျပြီးသည့်တိုင် လက်ကျန် ဘဝတစ်လျှောက်လုံး၌ အစိုးရ သီးသန့်ဌာန၏ စောင့်ကြည့်လေ့လာခြင်းကိုလည်း ခံရသေးသည်။

ထို့ကြောင့် အနားယူခြင်း လုပ်ငန်းစဉ်က အတော်လေးကို ဂရုစိုက်ရသည့် ကဏ္ဍတစ်ခုဟု ဆိုလျှင်လည်း မမှားချေ။

“ ငါတော့ အဲ့လိုကြားမိတာပဲ … ဘာဖြစ်ဖြစ်ပါ … အသင်း ၁ ကို မင်းဘာမင်း ကိုင်တွယ်လိုက် … ငါ့မှာ လုပ်စရာတွေက ခုတလော အများကြီးပဲ … ဒီတော့ ငါ့ပြဿနာစာရင်းထဲ လာမထည့်နဲ့ …”

“ ကျွန်တော် မနက်ဖြန် ပြန်လာခဲ့မယ်…”

“ ကောင်းပြီ …..”

All Chapters