← Chapters

နည်းဗျူဟာမြောက် အစီအစဉ်

Vol. 125 Ch. 1867

နည်းဗျူဟာမြောက် အစီအစဉ်

Vol. 125 Ch. 1867

လေထုအခြေအနေက ကြောက်မက်ဖွယ်ရာ လေးလံသိပ်သည်းလာခဲ့သည်။ လီအန်းနန် အပိုစကားများပြောရင်း အချိန်ဖြုန်းမနေတော့ဘဲ စုန့်ကျင်းမင်ထံသို့ လက်သီးတစ်ချက် ပစ်ခွင်းလာခဲ့၏။

ကျန်သူများကမူ ထွေထူး ဂရုစိုက်နေကြခြင်း မရှိချေ။ မိသားစုနှစ်ခုက ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုများရှိပြီး လီအန်းနန်၏ လယ်ဗယ်ကို ကောင်းစွာ နားလည်ထားကြသည်။ ထိုတစ်ဒင်္ဂ၌ သူတို့စိတ်ထဲ ဤလူတော့ သွားပြီ ဟူ၍ တွေးတောမိသွားခဲ့ကြ၏။ ခြေထောက် အချိုးခံရလျှင်ပင် အချိန်မှားပြီး ပြဿနာ လာရှာမိသည့် ကံဆိုးသည့် သူ့ကိုယ်သူသာ အပြစ်တင်ရလိမ့်မည်။

ဝှစ်…

စုန့်ကျင်းမင် လက်တစ်ဖက် ဆန့်တန်း၍ လီအန်းနန်၏ လက်သီးကို ဆုပ်ကိုင်ထားလိုက်သည်။ တစ်ချက်ရွေ့လျားလိုက်သည်နှင့် သူ၏ တိုက်ခိုက်မှုအား ပိတ်ဆို့ထားပြီး ဖြစ်နေသည်။

“ ဘယ်လို ဖြစ်နိုင်မှာ ….”

ဤမြင်ကွင်းကို မြင်တော့ ရှိနေကြသည့်လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။

ယခုလို ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

သူက E အဆင့်ကျွမ်းကျင်သူ တစ်ယောက်လေ… သူ့ရဲ့ တိုက်ခိုက်မှုက ပိတ်ဆို့ခံလိုက်ရတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

“ ဟေ့ကောင် မင်း ဘာတွေ လုပ်နေတာတုန်းကွ … အခြေအနေကို နားမလည်ဘူးလား … ဒါတောင် အချိန်တွေ ဆွဲနေသေးတာလား …” ကျူးကျင်းပေါ် ပြစ်တင်မောင်းမဲလိုက်သည်။

“ ဟုတ်ကဲ့ …ကျုပ်သူ့ကို အခုချက်ချင်းပဲ ရှင်းလိုက်ပါ့မယ်…”

သဘောတူပြီးနောက် လီအန်းနန်၏ အမူအရာမှာ စတင် လေးနက်လာသည်။

လူအများ၏ ရှေ့မှောက်တွင် သူ၏ ထိုးနှက်တိုက်ခိုက်မှုကို အနှီ စုတ်ချာချာနှင့်လူက ပိတ်ဆို့ထားနိုင်လိုက်သည်က သူ့မာနကို အတော်လေး ထိခိုက်စေသလို အရှက်လည်း ရစေသည်။

စိတ်ပိုင်းဖြတ်ပြီးနောက် လီအန်းနန် နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။

သို့သော် နောက်တစ်ကြိမ် တန်ပြန်တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည့် အချိန်မှာပဲ တစ်စုံတစ်ရာ မှားယွင်းနေသည်အား သတိထားမိသွားခဲ့သည်။

သူ့ဘက်က မည်မျှပင် ကြိုးပမ်းအားထုတ်စေကာမူ လက်ကို နောက်သို့ ပြန်မဆွဲနိုင်တော့ချေ။

“ မဖြစ်နိုင်တာ … မင်း …… “

စုန့်ကျင်းမင် သူ့အား အပိုစာသားများ ပြောခွင့် မပေးတော့ဘဲ သူ၏ ကြီးမားသည့် လက်ကြီးက ရုတ်ချည်းဆိုသလို အပေါ်သို့ ကွေးညွှတ်သွားခဲ့ကာ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို အတင်းအကြပ် လိမ်ချိုးပစ်လိုက်၏။

“ အားးးးးးး “

အော်ဟစ်သံတို့က အဆောက်အဦးတစ်ခုလုံးသို့ ပျံ့လွှင့်သွားခဲ့လေသည်။

အနှီ စုတ်ချာချာနှင့် အမျိုးသားက လီအန်းနင်ကို ယခုလို နည်းလမ်းဖြင့် အနိုင်ယူလိုက်နိုင်လိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားကြချေ။

“ မဖြစ်နိုင်ဘူး ….”

လီအန်းနင် ကြမ်းပြင်၌ အော်ဟစ်ညည်းညူရင်း လဲလျောင်းနေသည်ကို မြင်တော့ ဝေ့ရှစ်ဖူနှင့် ကျူးကျင်းပေါ်တို့ နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြသည်။

ရိုးရှင်းသည့် အထိကရုဏ်းလေးတစ်ခုက ဤမျှအတိုင်းအတာထိ ရောက်ရှိလာလိမ့်မည်လို့ သူတို့တွေ မျှော်လင့်မထားကြချေ။

“ မင်းတို့ကောင်တွေကရော ဘာတွေ စောင့်နေကြတာ … မြန်မြန်သွားပြီး တိုက်ခိုက်ကြလေ…”

ဝေ့ရှစ်ဖူမှာ စိတ်ရှည်မှုများ ကုန်ဆုံးနေပြီး ဆက်လက် အချိန်ဖြုန်းလိုစိတ် မရှိတော့ပေ။ သူ့လူများအား ဆော်ဩ၍ ဤ ဖိတ်မခေါ်ထားသည့် ဧည့်သည်ကို ဖယ်ရှားပစ်ဖို့ ဟန်ပြင်သည်။

တစ်ချိန်တည်း၌ ကျူးမိသားစုဘက်ကလည်း စတင်လှုပ်ရှားလာခဲ့၏။ စုစုပေါင်း လူဆယ်ကျော်က စုန့်ကျင်းမင်ကို တစ်ပြိုင်နက် တိုက်ခိုက်လာခဲ့ကြသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း ….

သူ့ရှေ့ရှိ လူများက သာမန် ကိုယ်ခံပညာ လေ့ကျင့်သူများ ဖြစ်ကြပြီး အသန်မာဆုံး လူကပင် E အဆင့်မျှသာ ရှိသဖြင့် စုန့်ကျင်းမင်ကဲ့သို့ အေ - အဆင့် ရှိသည့် ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးဖြင့် နှိုင်းစာလိုက်ပါက မူလတန်းကျောင်းသားလေးများနှင့်ပင် မယှဉ်နိုင်ချေ။

ဘန်း ဘန်း ဘန်း ဘန်း …

စုန့်ကျင်းမင် လေကုန်ခံမနေဘဲ မိသားစု နှစ်ခုလုံးရှိ လူတစ်ယောက်ချင်းစီတိုင်းအား လက်သီးတစ်ချက်စီဖြင့် အမှောက်သိပ်ပေးလိုက်၏။

တစ်မိနစ် မပြည့်မီ အချိန်လေး အတွင်းမှာပဲ လူဆယ်ယောက်ကျော်မှာ နာကျင်စွာ ညည်းညူရင်း ကြမ်းပြင်၌ လဲလျောင်းနေရလေသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်ထနိုင်ခြင်း မရှိတော့ပေ။

၎င်းတို့၏ မျက်နှာမှာ အလွန်အမင်း နာကျင်ရသည့် ဝေဒနာတစ်ခုကို ခံစားနေရသည့် အမူအရာတို့ဖြင့် ဖြစ်နေကြလေသည်။

ဝေ့ရှစ်ဖူနှင့် ကျူးကျင်းပေါ်တို့နှစ်ယောက်၏ အမူအရာမှာ ဆက်လက် မတည်ငြိမ်နိုင်တော့ချေ။

ရှေ့ရှိ ဤလူများက သူတို့ဘေးနားတွင် နှစ်အတော်ကြာအောင် ရှိလာခဲ့ကြသည့် လက်အောက်ငယ်သားများ ဖြစ်ကြ၏။ ၎င်းတို့၏ အရည်အချင်းကို သူတို့ ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့် အနှီ စုတ်ချာချာနှင့် လူက သူတို့လူများအားလုံးကို အမှောက်သိပ်သွားသည်အား မယုံကြည်နိုင်ဘဲ ဖြစ်နေလေသည်။

“ မင်းတို့ကို လမ်းဖယ်ဖို့ ပြောတာ ဘာလို့ စကား မနာခံချင်ကြတာ … အသားနာမှ စကားနားထောင်ချင်ကြတယ် ဟုတ်လား …” စုန့်ကျင်းမင်သည် စီးကရက်ပြာအား လက်ဖြင့် တစ်ချက်တောက်ချလိုက်သည်။

“ မင်းကိုယ်မင်း အထင်ဇွတ်ကြီးမနေနဲ့ … ငါတို့ မင်းကို အနိုင်မယူနိုင်ဘူးလို့ တကယ်ကြီး ထင်နေတာလား …”

ဒေါသထွက်နေသည့် လီအန်းနန်သည် သူ့ခါးမှ ခေါက်ဓားမြောင်ကို ဖော်ထုတ်လာခဲ့၏။

ထိုအခိုက် ကျူးကျင်းပေါ် သူ့အား ဟန့်တားလာသည်။

“ မဆင်မခြင် မလုပ်နဲ့ …. မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး …”

ကျူးကျင်းပေါ်၏ စကားလုံးက လီအန်းနန်ကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။

တစ်ချိန်တည်း၌ နှစ်ဖက်ကြားရှိ လေထုအခြေအနေမှာလည်း စတင် တင်းမာလာလေသည်။

“ ဒီက ညီကို …. ငါက ကျူးမိသားစုက ကျူးကျင်းပေါ်ပါ … ငါ ဘယ်သူဆိုတာ မင်းသိမယ်လို့ ငါထင်တယ်… မင်း အခုချိန် ထွက်သွားပေးမယ်ဆိုရင် ငါမင်းနဲ့ မငြင်းတော့ဘူး … ဒါပေမယ့် ပြဿနာရှာချင်နေတယ်ဆိုရင်တော့ ….. ငါတို့ကို စော်ကားလို့ မင်းအတွက် ကောင်းကျိုး မရှိပါဘူး …”

“ မင်းတို့ ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး …” စုန့်ကျင်းမင် သာမန်လျှံကာ ပြောလိုက်သည်။ “ ငါ အခု အောက်ထပ်ဆင်းမယ်… ငါ့ အချိန်တွေ လာမဖြုန်းနဲ့ … မင်းတို့ကောင်တွေ မစောင့်နိုင်ဘူးဆိုလည်း လှေကားက ဆင်းသွားကြ ….”

ကျူးကျင်းပေါ်၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့သည်။ “ မင်း တမင် လုပ်နေတာပဲ …”

“ ငါ မလုပ်ဘူး … အရင်စတာ မင်းတို့ပဲ … ငါက ဘာမို့လို့ မင်းတို့ကို ပြဿနာရှာရမှာ …”

“ မင်းက သေချင်နေတာပဲကွ ……..”

ကျူးကျင်းပေါ်၏ မျက်နှာထက်၌ ဒေါသတို့က ပေါက်ကွဲထွက်လာနေသည်။ ယခုလို အရေးကြီးသည့် အခိုက်အတန့်၌ ဤကဲ့သို့ လူ့ဂွစာ တစ်ယောက်နှင့် လာတွေ့နေရသည်က နောက်ဆုံးသော မြက်ထုံးတစ်ခုကဲ့သို့ပင်။

သူ၏ သွင်ပြင်က မီးညှိခံထားရသည့် ယမ်းမှုန့်စည်ပိုင်းကဲ့သို့ ဖြစ်နေပြီး ပြင်းထန်သည့် ဒေါသတရားတို့က ပေါက်ကွဲလှိုင်းဂယက်ထချင်လောက်သည်အထိ ဆင်ခြင်တုံတရားအား ပျောက်ဆုံးသွားစေခဲ့တော့သည်။

“ ကြည့်စမ်း … လူကို မြင်တာနဲ့ ခွေ့ချင်နေတာ … ဘာလဲ ဂျိုကောင်းကြောင်း ကြွားချင်နေတာလား …”

“ မင်းက သေချင်နေတာပဲ …”

မျက်တောင်တစ်ခတ်စာအတွင်း ကျူးကျင်းပေါ်သည် စုန့်ကျင်းမင်ထံသို့ တိုးဝင်လာခဲ့၏။

သူ၏ လှုပ်ရှားမှုတို့က သေသပ်ရုံမျှမက ပေါက်ကွဲအားကလည်း ပြင်းထန်သည်။

အကယ်၍ ချိုးယွီလော့နှင့် နင်ချဲ့တို့သာ ယခုလို တိုက်ခိုက်မှုနှင့် ကြုံတွေ့လိုက်ရမည်ဆိုပါက သုံးချက်ထက်ပိုပြီး တောင့်ခံနိုင်မှာ မဟုတ်ချေ။

ဘန်း ဘန်း ဘန်း ဘန်း …

လက်သီးမိုးပေါက်များကြား၌ နှစ်ယောက်မှာ ဒါဇင်ချီသည့် တိုက်ခိုက်မှုများအား ဖလှယ်နေခဲ့ကြပြီး မည်သူ့ဘက်ကမျှ အသာစီး ရရှိမနေချေ။

“ မင်းက ပြဿနာ လာရှာရဲနေတာ မဆန်းတော့ပါဘူး .. စကေးတစ်ချို့ ရှိနေတာကြောင့်ကိုး ….”

ရေရွတ်ရင်းဖြင့် ဝေ့ရှစ်ဖူလည်း စတင်လှုပ်ရှားလာသည်။

ကျူးကျင်းပေါ်၏ အစွမ်းအစများကို ဝေ့ရှစ်ဖူ ကောင်းစွာ သိသည်။ သူနှင့် လက်ရည်တူ တိုက်ခိုက်နေနိုင်သည့်လူက အနည်းဆုံးတော့ စီ - အဆင့်၌ ရှိနေသည်မှာ ကျိန်းသေသည်။

အကယ်၍ နှစ်ယောက်တည်း လွှတ်ထားလိုက်မည်ဆိုပါက နောက်ဆုံး၌ မည်သူ အနိုင်ရသွားမလဲ ဆိုတာကို သူ မသေချာပေ။

မည်သို့ပင်ဖြစ်စေ သူ့ဘက်က တစ်ဖက်သူကို မြန်နိုင်သမျှ မြန်မြန် ဖယ်ရှားပစ်ဖို့ လိုအပ်၏။

ဝေ့ရှစ်ဖူ ပါဝင်လာသည်ကို မြင်တော့ စုန့်ကျင်းမင်၏ ဘယ်ဘက် နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ကာ မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် … သူ၏ စကေးအစစ်အမှန်များအား စတင် ထုတ်ဖော်လိုက်တော့၏။

ကနေဦးတုန်းက ကျူးကျင်းပေါ် တွေးထင်ထားခဲ့သည်မှာ တိုက်ပွဲအတွင်း၌ ဝေ့ရှစ်ဖူပါဝင်လာသည်နှင့် အခြေအနေသည် တစ်ဖက်သတ် ဆန်သွားလိမ့်မည် ဟူ၍ပင်။

သို့သော် ထင်မှတ်မထားစွာဖြင့် ဝေ့ရှစ်ဖူ၏ အကူအညီပါဝင်နေသည့်တိုင် သူတို့နှစ်ဦးမှာ စုန့်ကျင်းမင်ကို အမှောက်မသိပ်နိုင်ဘဲ ဖြစ်နေလေသည်။

ကျူးကျင်းပေါ်၏ စိတ်ပျံ့လွင့်သွားသည့် တဒင်္ဂကို အခွင့်ကောင်းယူ၍ စုန့်ကျင်းမင်၏ လက်ဝါးက ကျူးကျင်းပေါ်၏ ရင်ဘက်သို့ ကျရောက်သွားခဲ့ကာ ၎င်းနောက် အားပြင်းသည့် လက်သီးတစ်လုံးက ကပ်လျက် လိုက်ပါလာသည်။

ဖြုံလောက်သည့် အင်အားလှိုင်းတစ်ခုက တစ်ဆင့်ပြီးတစ်ဆင့် ကျူးကျင်းပေါ်၏ ခန္ဓာကိုယ်အတွင်းသို့ ရိုက်ခတ်သွားခဲ့ပြီး သွေးတစ်လုပ် မှုတ်ထုတ်၍ နောက်သို့ လွင့်စင်သွားခဲ့တော့သည်။

ချက်ချင်းဆိုသလို ကျူးကျင်းပေါ်၏ တိုက်ခိုက်နိုင်စွမ်းများ အားလုံး ဆုံးရှုံးသွားခဲ့ရ၏။

“ အဖေ …..”

“ ဘော့စ် ….”

ကျူးကျွင်းချီနှင့် လီအန်းနန်တို့ ပြိုင်တူ မြည်တမ်းလိုက်ကြ၏။ သူတို့၏ မျက်နှာမှာ ဖြူလျော်နေပြီး ချွေးအေးတို့က နဖူးထက်ကနေ စီးကျလာလေသည်။

စောနကတင် လက်ရည်ညီစွာ တိုက်ခိုက်နေသည့် ပြိုင်ပွဲက ဝေ့ရှစ်ဖူ ပါဝင်လာသည်နှင့် ကျူးကျင်းပေါ်မှာ တစ်ချက်တည်း အမှောက်သိပ်ခံလိုက်ရလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

ကမ္ဘာကြီးက ငါ ယီးတွေ ဖြစ်နေတာလား …..

ဤတိုက်ပွဲ အလှည့်အပြောင်း အကုန်လုံးက စုန့်ကျင်းမင်၏ အကြံအစည် စနက်ပင်။

အကယ်၍ သူသာ ကျူးကျင်းပေါ်ကို လွယ်လင့်တကူ အနိုင်ယူပြလိုက်မည်ဆိုပါက ဝေ့ရှစ်ဖူလည်း လှုပ်ရှားလာတော့မှာ မဟုတ်သလို သူသည်လည်း တိုက်ခိုက်ရန် အကြောင်းပြချက် ရှိတော့မှာ မဟုတ်ချေ။

ထို့ကြောင့် ကျူးကျင်းပေါ်နှင့် လက်ရည်တူညီနေဟန် ဆောင်လိုက်ပြီး ဝေ့ရှစ်ဖူကို တိုက်ပွဲအတွင်း ပါဝင်လာဖို့ မျှားလိုက်သည်။ ဤနည်းလမ်းဖြင့် နှစ်ဦးလုံးကို တစ်ပြိုင်နက် ကိုင်တွယ်နိုင်ပေမည်။

ကျူးကျင်းပေါ် သတိလစ် မေ့မြောသွားခဲ့ပြီးနောက် ဝေ့ရှစ်ဖူ၏ နှလုံးမှာ လည်ချောင်းထဲက ခုန်ပေါက်ထွက်လာလုမတတ် ဖြစ်နေတော့၏။

ယခုအချိန်၌ သူ့ဘက်က နောက်ပြန်ဆုတ်ဖို့ကို တွေးတောပြီး ဖြစ်သည်။

ကျူးကျင်းပေါ်ပင် တစ်ချက်တည်းဖြင့် ဤအခြေအနေသို့ ရောက်သွားခဲ့ရာ အကယ်၍ ဆက်လက် တိုက်ခိုက်နေဦးမည်ဆိုပါက သူသည်လည်း အဆုံးသတ်ကောင်းတော့မှာ မဟုတ်ချေ။

မသိစိတ်အလျောက် … ဝေ့ရှစ်ဖူ ဆုတ်ခွာရန် ကြိုးပမ်းလိုက်သည်။ သို့သော် စုန့်ကျင်းမင်က သူ့ကို ထိုသို့ လုပ်ရန် အခွင့်အရေးမပေးပေ။

ရှေ့သို့ ပြေးတက်လာပြီး ဝေ့ရှစ်ဖူ၏ ဦးခေါင်းကို ဖြတ်ကန်လိုက်၏။

တစ်ဖက်သူမှာ သွားများကျွတ်သွားခဲ့ပြီး ဦးခေါင်းလည်း တဝီဝီမြည်သွားခဲ့ကာ နားနှစ်ဖက်လုံး အူသွားခဲ့လေသည်။

သုံးလေးလှမ်းခန့် ဒယီးဒယိုင် ဖြစ်နေပြီးနောက်တွင် ကြမ်းပြင်သို့ လဲကျကာ သတိလစ်သွားလေတော့သည်။

All Chapters