စုန့်ကျင်းမင် ထွက်လာပြီ
Vol. 125 Ch. 1866
သင်္ကာမကင်းဖြစ်စွာ ထိတ်လန့်ကြောက်ရွံ့နေရှာသည့် သူတို့နှစ်ယောက်၏ နှလုံးခုန်သံမှာ ရုတ်ချည်းဆိုသလို စုန်းစုန်းနစ်မြုပ်သွားခဲ့တော့သည်။
၎င်းတို့နှစ်ယောက်လုံး ပြန်လည်ချေပချင်သော်လည်းပဲ အကယ်၍ သူတို့ဘက်က ကြမ်းတမ်းသည့် စကားလုံးတို့ကို ဆိုမိလိုက်ပါက မိမိတို့၏ အခြေအနေမှာ ပို၍ ဆိုးရွားသွားလိမ့်မည် ဖြစ်ကြောင်းကို နားလည်ထားကြသည်။
ယခုအချိန်၌ တစ်ဖက်လူက သူတို့အပေါ် ဘာမျှ ပြုလုပ်မလာသည်ကပင် အကောင်းဆုံး အခြေအနေ ဖြစ်နေပြီး ဖြစ်၏။
သူတို့၏ မိသားစုဝင်များ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ထိုသုံးယောက်အား ကိုင်တွယ်ဖို့ဆိုသည်မှာ အသာလေးပင်။
“ သွားကြစို့ …. သူတို့နဲ့ လေကုန်ခံပြီး စကားပြောမနေနဲ့ …” ချိုးယွီလော့ ပြောလိုက်သည်။
“ အင်း … ဒီအခြေအနေတောင် ရောက်နေပြီးမှတော့ ငါလည်း စိတ်ရှုပ်ခံမနေပါဘူး ..” လင်းရီပြောလိုက်ပြီး “ ဒါပေမယ့် ခဏလေးစောင့်ဦး … ငါ ဒီကောင်တွေကို မေးချင်တာလေးတွေ နည်းနည်းရှိတယ်….”
ပြောပြီးနောက် ၊ လင်းရီ သူတို့နှစ်ယောက်ထံ ရောက်ရှိလာကာ အထက်စီးမှနေ၍ ငုံ့ကြည့်လိုက်၏။ မသိစိတ်အလျောက် ဝေ့ယွီလုံတို့နှစ်ဦးလုံး ခက်ခက်ခဲခဲ တံတွေးမျိုချမိသွားခဲ့ကြ၏။
တစ်ဖက်လူက နေရာ၌သာ ရပ်နေပြီး ဘာမျှ မပြုလုပ်သော်လည်းပဲ သူတို့၏ နှလုံးခုန်သံမှာ ကြောက်လန့်တုန်လှုပ်မှုကြောင့် ကဆုန်စိုင်းခုန်ပေါက်လို့နေသည်။ ခေါင်းအစ ခြေအဆုံး စီးဆင်းနေသည့် သွေးများအားလုံးပင် အေးခဲသွားသည့်သယောင် ခံစားလိုက်ရသည်။
လင်းရီ ဖုန်းကို အပေါ်အောက် ပွတ်ဆွဲလိုက်ရင်း မှတ်တမ်းတင်သည့် လုပ်ဆောင်ချက်ကို ဖွင့်၍ ၎င်းတို့နှစ်ယောက်အား တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ အဆုံးသတ်ဖို့ အချိန်ရောက်ပြီ .. ပြောစမ်း … ဘာတွေ ဖြစ်နေတာ …. မင်းတို့ရဲ့ အပေးအယူမှာ ကျိုးယွမ်က ကျိုးမိသားစုရဲ့ ရန်ပုံငွေတွေကို အသုံးပြုခဲ့တာလား ….”
အဆိုပါ မေးခွန်းကိုကြားတော့ နှစ်ယောက်လုံး စိတ်သက်သာရစွာ သက်ပြင်းချမိလိုက်ကြသည်။
သူတို့အဖို့ ဤသည်က ပြန်မဖြေနိုင်လောက်သည့် မေးခွန်းတစ်ခု ဟုတ်မနေချေ။
ကျိုးယွမ်က သူတို့အတွက် အပြင်လူ ဖြစ်သည်။ ၎င်းကို ရောင်းထုတ်လိုက်လို့လည်း ပြဿနာ မရှိပေ။
သူတို့မိသားစု ကိုယ်ပိုင် အကျိုးစီးပွားကို မထိခိုက်သရွေ့ အဆင်ပြေသည်။
“ ကျိုးယွမ်က တကယ်ကြီး အဲ့လိုမျိုး လုပ်ဖို့ စီစဉ်နေတာပဲ …” ကျူးကျွင်းချီသည် ဝေဒနာကို ကြံ့ကြံ့ခံလျက် လင်းရီကို ပြန်ဖြေလိုက်ပြီး “ သူက ဒီပရောဂျက်သုံးခုကို အသုံးချပြီး ကျိုးလျန်သေသွားတာကို အခွင့်ကောင်းယူပြီးတော့ ကျိုးမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ဘက်ခြမ်းထဲ လွှဲပြောင်းချင်နေတာ .. အဲ့တာ သူ့အကြံပဲ …”
လင်းရီ ပြုံးလိုက်သည်။
“ မင်းတို့က ပူးပေါင်းဆောင်ရွက်ပေးနေတယ်ဆိုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြတာပေါ့ …”
ပြောပြီးနောက် သုံးယောက်သား ထွက်ခွာသွားခဲ့ကာ ၎င်းတို့နှစ်ယောက်အား လျစ်လျူရှုလိုက်ကြသည်။
လင်းရီတို့ သုံးဦးသား ထွက်ခွာသွားသည့် မြင်ကွင်းကို ကြည့်ရင်း ကျူးကျွင်းချီတို့နှစ်ယောက်၏ စိတ်ထဲ၌ အာဃာတ အမုန်းတရားတို့ဖြင့် ပြည့်နှက်နေလေသည်။
“ သေစမ်း … ငါတို့ မိသားစုက လူတွေ ရောက်လာလို့ကတော့ ဒင်း မလွယ်ဘူးမှတ် …”
ယခုအချိန်၌ ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့နှစ်ဦးလုံး ဘာကိုမျှ ဂရုစိုက်မနေတော့ချေ။
သူတို့၏ လက်ရှိ အခြေအနေကို ကောင်းမွန်စွာ သတိထားမိနေသည်။ အကယ်၍ ယခုအချိန် ဆေးရုံသို့ ရောက်သွားခဲ့လျှင်ပင် သူတို့၏ ခြေထောက် အပြည့်အဝ ပြန်သက်သာလာဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ တစ်ဘဝလုံး ဒုက္ခိတ ဖြစ်ပြီ ဖြစ်၏။
ထို့ကြောင့် သူတို့တွေ လက်စားပြန်ချေရမည်။
ဆယ်မိနစ်ကြာပြီးသည့်နောက် ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး ဓာတ်လှေကားထဲမှ လူ ဆယ်ယောက်ကျော် ထွက်ပေါ်လာသည်။
အများစုက အမျိုးသားများ ဖြစ်ကြပြီး သုံးဆယ် သို့မဟုတ် လေးဆယ်ကျော် အရွယ်များ ဖြစ်ကြ၏။
ဓာတ်လှေကားထဲက ထွက်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ရာ ကော်ရစ်ဒါတွင် ရှိနေသည့် ကျူးကျွင်းချီနှင့် ဝေ့ယွီလုံတို့ကို မြင်တွေ့လိုက်ရလေသည်။
“ သား …..”
အော်ဟစ်လိုက်သူက ကျူးကျင်းပေါ်ပင်။ အရပ်အမောင်းက သာမန်သာဖြစ်ပြီး အဖြူရောင်ရှပ်နှင့် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ရှေ့တွင်လည်း ဗိုက်က အနည်းငယ် ဆူထွက်နေသည်။
၎င်း၏ သွင်ပြင်က သာမန် သက်လတ်ပိုင်းအရွယ် စီးပွားရေး သမားတစ်ယောက်နှင့် အတော်လေး ဆင်တူလှ၏။ မည်သူကမျှ စီ - အဆင့် ကျွမ်းကျင်သူ တစ်ယောက်ဟူ၍ တွေးထင်မိကြမှာ မဟုတ်ချေ။
နှစ်ယောက်၏ ဆိုးရွားလှသည့် အခြေအနေကို မြင်တော့ ကျူးကျင်းပေါ် စိုးရိမ်ကြောင့်ကြစွာ မြည်တမ်းလိုက်မိပြီး ကျူးကျွင်းချီထံသို့ အလျင်အမြန်ပြေးလာခဲ့၏။
“ အဖေ ……”
“ ဘယ်သူလဲ … ငါ့သားကို ဒီလိုဖြစ်အောင် ဘယ်ကောင်လုပ်တာလဲ ….” ကျူးကျင်းပေါ် တဂျစ်ဂျစ်မြည်အောင် အံကြိတ်ရင်း ပြောလိုက်သည်။
“ အဲ့ကောင်က မာ့စ်နဲ့ ဦးထုပ်ဆောင်းထားတာ .. ဘယ်သူလဲ ကျွန်တော်တို့လည်း သေချာမသိဘူး …” ကျူးကျွင်းချီ ပြောလိုက်၏။
“ သူတို့အခု ထမင်းသွားစားတယ်… ခဏဆို ပြန်လာတော့မှာ … ကျွန်တော်တို့ ဒီမှာ စောင့်နေရင် သူတို့ကို ဖမ်းလို့ရတယ်….”
“ လခွီးလိုပဲ … သူ့ဘာသူ ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ဒီကောင် သေကိုသေရမယ်….”
“ လောင်ကျူး … အခုက ဒီအကြောင်းတွေ ပြောနေရမယ့် အချိန်မဟုတ်သေးဘူး … ကလေးနှစ်ယောက်ကို အမြန် ဆေးရုံပို့ဖို့ လုပ်ရမယ်… ငါတို့ ဒီမှာနေပြီး ဒီကိစ္စ ကိုင်တွယ်လိုက်မယ်…”
ပြောလိုက်သူက အရပ် ၁.၉ မီတာ နီးပါး မြင့်သည့် လူတစ်ယောက်ပင်။ ၎င်း၏ ဦးခေါင်းထိပ်တွင်တော့ ဆံပင်တို့က ကျိုးတို့ကျဲတဲသာလျှင် ကျန်ရစ်တော့၏။
သူ့နာမည်က ဝေ့ရှစ်ဖူဖြစ်ပြီး ဝေ့ယွီလုံ၏ ဖခင်ဖြစ်သည်။
“ ကောင်းပြီ …” ကျူးကျင်းပေါ် ခေါင်းညိမ့်လိုက်၏။
“ ဟေ့ကောင်တွေ … သူတို့ကို ဆေးရုံပို့လိုက် … မြန်လေကောင်းလေပဲ …”
“ ဘော့စ် … သခင်ငယ်နှစ်ယောက်ကို ကျုပ်တို့နဲ့ လွှဲထားလိုက်ပါ …”
ပြောလိုက်သူက ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ထုဆစ်တည်ဆောက်ထားသည့် လူတစ်ယောက်ပင်။ ၎င်းက လိမ္မာပါးနပ်မှု ရှိသည့် သွင်ပြင်ကို ဆောင်နေသည်။ နာမည်က လီအန်းနန် ဖြစ်ပြီး ကျူးကျင်းပေါ်၏ လက်ထောက်ပင်။ သူ့အနား ရှိနေသည်မှာ ဆယ်စုနှစ် တစ်ခုကျော်မျှ ကြာပြီဖြစ်ပြီး ကျူးကျင်းပေါ်၏ တန်ဖိုးထားခြင်းကို ခံရသူ တစ်ဦးဖြစ်၏။
ပထမတစ်ချက်အနေဖြင့် လီအန်းနန်က အင်မတန် ပါးရည်နပ်ရည် ရှိလှပြီး အရိပ်ပြသည်နှင့် ချက်ချင်း အကောင်မြင်သဖြင့် အတော်လေး အဆင်ပြေလှသည်။
ဒုတိယအနေနဲ့ကတော့ လီအန်းနန်၏ စကေးတို့က E အဆင့်သို့ ရောက်ရှိထားပြီး ကိစ္စတော်တော်များများကို သူနှင့် စိတ်ချထား၍ရလေသည်။ ယင်းက ကျူးကျင်းပေါ်ကို တော်တော်လေး အလုပ်ရှုပ်သက်သာသွားစေခဲ့သည်။
“ အဖေ … သူ့ကို လွတ်မသွားစေနဲ့နော်… ဒီကောင်တွေကို ချွမ်ရှန်းကနေ ထွက်မပြေးစေနဲ့ …” ကျူးကျွင်းချီ နာကျည်းမုန်းတီးစွာ ပြောလိုက်သည်။
“ မပူနဲ့ … အဖေဘာလုပ်ရမလဲ သိတယ်…”
ကျူးကျင်းပေါ် ပြန်ဖြေလိုက်၏။
“ မင်းတို့နှစ်ယောက်က ဒဏ်ရာ သက်သာဖို့ကိုပဲ အာရုံစိုက် … အဖေ ဒီကကိစ္စတွေအားလုံး ကြည့်ရှင်းလိုက်မယ်…”
ကျူးကျင်းပေါ်နှင့် ဝေ့ရှစ်ဖူတို့ ရင်ဘက်ထဲရှိ ဒေါသတရားတို့က ထိန်းချုပ်မရနိုင်တော့သည့် အဆင့်သို့တိုင် ရောက်ရှိလာနေသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့် မိသားစုနှစ်ခုမှာ ဝေ့ယွီလုံနှင့်ကျူးကျွင်းချီကို အကျိုးပြုအမှတ်များ ရလိုစိတ် ရည်ရွယ်ချက်ဖြင့် ကျုံးဝေ့တပ်ဖွဲ့သို့ ပို့ဆောင်ပြီး မိသားစုကောင်းကျိုးအတွက် အသုံးချရန် ရည်ရွယ်ခဲ့ကြ၏။
ယခု သူတို့တွေ ထင်ပေါ်ကျော်ကြားပြီး အောင်မြင်ဖို့ လက်တစ်ကမ်းစာမျှသာ လိုအပ်တော့သည့် အချိန်၌ လုပေချိန်က သူတို့ကို တိတ်တဆိတ် ရာထူးဖြုတ်ပစ်လိုက်လေသည်။
ထို့ပြင် ယင်းလုပ်ရပ်အတွက် ရှင်းပြချက် တစ်စုံတစ်ရာလည်း မပေးခဲ့ချေ။
ဒေါသဖြစ်ချင်စရာ အကောင်းဆုံးကတော့ သူတို့မိသားစုတွေ ဖြေရှင်းချက် မတောင်းနိုင်သေးခင်မှာပဲ သူ့သားဖြစ်သူက ယခုလို အခြေအနေဆိုးရွားသည်အထိ ရိုက်နှက်ခံလိုက်ရခြင်းကိုပင်။
သူတို့နှစ်ဦးလုံး မည်သူကမျှ ယခုအချင်းအရာကို လက်သင့်မခံနိုင်ခဲ့ကြချေ။
တစ်ချိန်တည်းတွင် လီအန်းနန်သည် လူတစ်ချို့ကို ညွှန်ကြား၍ ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့ကို ဓာတ်လှေကားထံ သယ်သွားဖို့ စေခိုင်းလိုက်သည်။
အကုန်လုံးက အလျင်လိုနေကြပြီး သူတို့နှစ်ဦးကို ဆေးရုံသို့ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ချင်နေကြလေသည်။ အချိန် နည်းနည်းလေးမျှ ဖြုန်းတီး၍ မဖြစ်ပေ။ ယခုလောလောဆယ်၌ သခင်ငယ်လေး နှစ်ယောက်ကို ကယ်တင်ဖို့ အာရုံစိုက်ရမည် ဖြစ်ပြီး လက်သည်တရားခံကိုတော့ ပြန်လာပြီးမှ ကိုင်တွယ်၍လည်း ရသည်။
သို့သော် ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ဓာတ်လှေကား တံခါးပေါက်ဝရှေ့၌ မတ်တပ်ရပ်ပြီး သူတို့သွားမည့်လမ်းကို ပိတ်ထားကြောင်း သတိပြုမိလိုက်လေသည်။
“ ဟေ့ ဟေ့ ဟေ့ … ရှေ့က သူတောင်းစား … လူသွားလမ်းကို ယီးမို့လာပိတ်နေတာလားကွ … လစ်စမ်း … ဒီလာပြီး မျက်စိစပါးမွှေး စူးစရာ လာလုပ်မနေနဲ့ …”
“ ငါ့ကို ပြောနေတာလား …”
ပြောလိုက်သူက စုတ်တီးစုတ်ပြတ် ပုံစံနှင့် သက်လတ်ပိုင်း အမျိုးသားပင်။
စီးကရက်ကို နှုတ်ခမ်းတွင်ခဲလျက် အေးဆေး ဖွာနေပြီး မုတ်ဆိတ်မွှေးများကိုလည်း ရိတ်ပြုထားခြင်း မရှိပေ။ သူ့ပုံစံက သပ်ရပ်သန့်ပြန့်နေသည့် ၎င်းတို့နှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက သူတောင်းစားသဖွယ် ဖြစ်နေလေသည်။
သို့သော်လည်းပဲ ထိုလူက သူတောင်းစား တစ်ယောက် မဟုတ်ကြောင်းကိုတော့ သူတို့တတွေ သိကြသည်။
အဘယ်ကြောင့်ဆိုသော် … သူတောင်းစားတစ်ယောက်က ရစ်ဇ်ကာတွန် ဟိုတယ်သို့ ရောက်လာခဲ့မှာ မဟုတ်သောကြောင့်ပင်။
သူတို့ရှေ့ ပိတ်ရပ်နေသည့် ထိုသူကတော့ လင်းရီအနောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည့် စုန့်ကျင်းမင်ပင်။
“ မင်းကလွဲလို့ ဒီနားမှာ တခြား ဘယ်သူ ရှိရဦးမှာ …” လီအန်းနန် ဆတ်ခနဲ ပြန်ပြောလိုက်ပြီး “ အမြန်ဖယ်စမ်း … ငါတို့ လူကယ်နေတာကို ကြန့်ကြာအောင် လာမနှောင့်ယှက်နဲ့ …”
“ မင်းတို့ဘာမင်းတို့ လူကယ်တာ ငါနဲ့ ဘာဆိုင်လို့ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ငါ အခု အောက်ဆင်းတော့မယ်… မင်းတို့လည်း ငါ့လမ်းမှာ လာမနှောင့်ယှက်နဲ့ .. အရင်ရောက်သူ အရင်ရတဲ့ စည်းကမ်းကို သိတယ်မလား …”
“ ငိုးပဲ … သေချင်လို့ ဒီလာပြီး ပြဿနာလာရှာနေတာလား …”
လီအန်းနန် ကျိန်ဆဲ၍ စုန့်ကျင်းမင်ကို လက်ညှိုးထိုးလိုက်ပြီး “ ဖယ်စမ်း … ငါတို့ အခု ကိစ္စရှိနေလို့ မင်းနဲ့ စာရင်းရှင်းဖို့ အချိန်မရှိသေးဘူး … “
“ ငါ့ကို ပြောနေတာလား …” စုန့်ကျင်းမင် ထူးမခြားနား အမူအရာဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်ပြီး “ မင်း ရိုက်ခံရမှာ မကြောက်ဘူးလား …”
“ ရိုက်ခံရမယ်….”
လီအန်းနန် မျက်လုံးကျဉ်းမြောင်းသွားခဲ့ပြီး “ မင်း က နာချင်နေတာပဲ …”