← Chapters

လင်းရီ၏ အစီအစဉ် 

Vol. 125 Ch. 1865

လင်းရီ၏ အစီအစဉ် 

Vol. 125 Ch. 1865

သက်လတ်ပိုင်း ရဲအရာရှိ၏ အမူအရာမှာ တင်းကြပ်သွားခဲ့၏။ သူ့နောက်ရှိ တခြားသူများလည်း ထို့အတူပင်။

ဘယ်လို မစ်ရှင်ကများ တစ်လွှာလုံးကို ဗလာကျင်းပစ်ဖို့လောက်အထိ လိုအပ်နေရတာလဲ …

အဆုံးတွင်တော့ သူတို့အားလုံး အဖြေတစ်ခုကို ရေးတေးတေး ခန့်မှန်းမိလိုက်ကြသည်။ ၎င်းက အမှုကြီး တစ်ခုဖြစ်လောက်၏။ မဟုတ်ပါက ယခုလို လူတစ်ယောက်အား စေလွှတ်လာခဲ့မှာ မဟုတ်ချေ။

“ ရတယ် ရတယ် … ကိစ္စမရှိဘူး … အဲ့ကိစ္စ ကျုပ်တို့နဲ့ လွှဲထားလိုက် … ဘာပြဿနာမှ မရှိစေရဘူး …”

ယခု အခြေအနေကြောင့် သက်လတ်ပိုင်း ရဲအရာရှိ အမျိုးသားမှာ မည်သို့မျှ တုံ့ဆိုင်းခြင်း မရှိဘဲ ရင်ဘက်ကို လက်ဖြင့်ပုတ်၍ အာမခံလိုက်သည်။

ဤသည်က လုံးဝကို အန္တရာယ်များသည့် မစ်ရှင်တစ်ခု ဖြစ်၏။ တစ်လွှာလုံးကို မဆိုထားနှင့်။ ဆန္ဒရှိပါက ဟိုတယ်ကြီး တစ်ခုလုံးကိုပါ ဗလာကျင်းပေးလိုက်၍ ရလေသည်။

“ ကျေးဇူးပါပဲ …”

“ ရပါတယ် … ဒါ ကျုပ်တို့အလုပ်ပဲလေ…” သက်လတ်ပိုင်း ရဲအရာရှိကြီးက ပြောလိုက်သည။ “ ဒါနဲ့ ဒီတစ်လွှာတည်းနဲ့ အဆင်ပြေလို့လား … ဟိုတယ်ကြီး တစ်ခုလုံးပါ ရှင်းအောင် လုပ်ခိုင်းလိုက်ရမလား …..”

လင်းရီ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်သွားခဲ့၏။ သူ ဤလူများကို အမှန်ပင် အထင်သေးခဲ့မိလေသည်။

“ အဲ့လောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး … ဒီ တစ်လွှာတည်းဆိုရင်ကို ရပြီ …”

“ အိုကေ အိုကေ အိုကေ … ကျုပ်တို့ နားလည်ပြီ … သေချာပေါက် ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်…” သက်လတ်ပိုင်း ရဲအရာရှိ အမျိုးသားက အပြုံးလေးဖြင့် ယဉ်ကျေးစွာ ဆိုလိုက်၏။

“ ဒါပေမယ့် သေချာအောင် ထပ်မေးလိုက်ဦးမယ်… ခြေထောက်ကျိုးထားတဲ့ လူနှစ်ယောက်ကို တကယ်ပဲ ဂရုစိုက်ဖို့ မလိုဘူးလား …”

“ တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် ဒီကိစ္စ ခင်များနဲ့ မဆိုင်စေရဘူး … စိတ်မပူနဲ့ …”

“ ကျုပ်တို့ အရင်တစ်ချက်သွားကြည့်ခဲ့တာ သူတို့ ခြေထောက် ဒဏ်ရာက ဆေးရုံကို အမြန်မပို့ဘူးဆိုရင် တစ်ခုခု ဖြစ်သွားခဲ့မှာ စိုးရိမ်ရတယ်နော်….”

အဆိုပါ လူနှစ်ယောက်က အန္တရာယ်ရှိသည့် လူစားမျိုးများ ဖြစ်ပေမယ့် ၎င်းတို့တွင်လည်း ၎င်းတို့ အခွင့်အရေးကိုယ်စီရှိသည်။

ရှေ့ဆက် လုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်မီ စမ်းသပ်စစ်ဆေးပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်လေသည်။

“ မလိုဘူး … ဒီတိုင်းပဲ ထားလိုက် … သူတို့နဲ့ စောက်လုပ်ရှုပ်ခံမနေနဲ့… “ လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ လုပ်ဖို့ လိုတာက ဒီတစ်လွှာလုံးကို ရှင်းပေးဖို့ပဲ …”

“ အိုကေ … ကျုပ်နားလည်ပြီ …”

ပြောပြီးနောက် ရဲအရာရှိမှာ သူ့နောက်ရှိ လူများကို ခေါ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ထိုအချိန် ၊ အပြင်ဘက်ရှိ လူအုပ်ကြီးမှာ ယခုထိတိုင် လူစုမကွဲသေးဘဲ အချင်းချင်း တီးတိုးအတင်းတုပ်နေကြရင်း အခြေအနေကို‌ စောင့်ကြည့်လေ့လာနေကြသည်။

ဖြတ်သွားဖြတ်လာ ကြည့်ရှုသူများအပြင် ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့မှာ ဟိုတယ်ဝန်ထမ်းများ၏ ကောင်းမှုဖြင့် လူနာတင် ထမ်းစင်ပေါ်သို့ ရောက်နေကြပြိး ဆေးရုံသို့ ပို့ဆောင်ရန် အဆင်သင့် ဖြစ်နေခဲ့၏။

“ အထဲက လူတွေ လက်မြှောက်လိုက်ကြပြီလားတဲ့ … ဘာလို့ အသံတွေ မကြားရလဲ မသိဘူးနော်..”

“ ရဲဘက်က လူတွေ အများကြီးရောက်လာမှတော့ မင်းစဉ်းစားကြည့်ကွာ … ဟိုဘက်က ရှိတာ သုံးယောက်တည်း … နှစ်ယောက်ကလည်း မိန်းကလေး … ခုခံဖို့ အခွင့်အရေးတောင် ရှိလိုက်မှာ မဟုတ်ဘူး … ဘာသံမှ မကြားရတာ သာမန်ပါပဲ ..”

“ အမှန်ပဲ … လက်နက်ကိုင် ရဲအရာရှိတွေ ဒီလောက် အများကြီး ရောက်ချလာတာ ဘယ်သူပဲ ဖြစ်ဖြစ် ချက်ချင်း လက်နက်ချ အရှုံးပေးလိုက်မှာပဲ …”

ယခု အချိန်၌ ကျူးကျွင်းချီမှာ သတိပြန်လည်လာခဲ့ပြီး သူ့ခြေထောက်ရှိ နာကျင်မှုက သူ့ကို ထုံထိုင်းနေစေသည်။

“ ညီကိုဝေ့ … ရဲတွေက သူတို့ကို ကိုင်တွယ်နိုင်ပါ့မလား …” ကျူးကျွင်းချီ ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။

“ မဖြစ်နိုင်ဘူး …” ဝေ့ယွီလုံ ခေါင်းခါလိုက်သည်။

“ သူတို့အကုန်လုံးက ဗိုလ်မှူးအဆင့်တွေချည်းပဲ … ရဲတွေက ဘာသွားလုပ်နိုင်မှာ … ဒါပေမယ့် အဲ့တာက ငါတို့အတွက် အရေးမကြီးဘူး … အခုချိန် ဆေးရုံရောက်တာနဲ့ အားလုံး အဆင်ပြေပြီ …”

ကျူးကျွင်းချီ ဘာမျှ ဆက်ပြောမလာတော့ချေ။ သူ့မိသားစုကို ဆက်သွယ်ထားပြီး ဖြစ်သော်လည်း ယခုဦးစားပေးက ဆေးရုံရောက်ဖို့ ဖြစ်၏။ ဤနေရာ၌ ဆက်နေလို့ မဖြစ်တော့ချေ။

မဟုတ်ပါက ခြေထောက်မှာ တစ်သက်လုံး ကိစ္စပြတ်ပြီ ဖြစ်၏။

ချလပ် …

လူတိုင်း အချေအတင် ဆွေးနွေးနေကြစဉ် အခန်းတံခါး ပွင့်ဟလာခဲ့ပြီး ကြည့်ရှုနေသူများအားလုံးကို အသက်ရှူဖို့ မေ့လျော့သွားစေခဲ့၏။

သူတို့အားလုံး ရဲအရာရှိများအတွက် အလိုအလျောက် လမ်းဖွင့်ပေးလိုက်ကြသည်။

သို့သော်လည်းပဲ ရဲများ ထွက်လာသည်ကို မြင်သည့် အခါ၌ ရှိသမျှ လူအားလုံး ကြက်သေသေသွားခဲ့ကြလေသည်။

သူတို့အားလုံး ဦးဆောင်လာသည့် ရဲအရာရှိ အမျိုးသားက စောနလေးတင် တစ်ဖက်သူ၏ ခြေထောက်အား နင်းချိုးထားသည့် လူငယ်ကို ဦးညွှတ်နေပြီး သူ့ပုံစံ ကြည့်ရသည်မှာ အတော်လေးကို ယဉ်ကျေးစွာ ပြုမူနေလျက် ရှိ၏။ ၎င်း၏ အမူအရာက တစ်ဖက်လူငယ်မှာ သူ့အထက် အရာရှိတစ်ဦး ဖြစ်နေသကဲ့သို့ ဖြစ်နေလေသည်။

ဟင် …

ဘာတွေ ဖြစ်နေတာလဲ …

ဒီလူတွေ ရုပ်ရှင်လာရိုက်နေကြတာလား …

ထိုမြင်ကွင်းကိုမြင်တော့ ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့ နှစ်ဦးလုံးက တည်တည်ငြိမ်ငြိမ်ပင်။

သူတို့အဖို့ ဤသည်က အတော်လေး သာမန်ဆန်သည့် ကိစ္စရပ်ဖြစ်၏။ ချိုးယွီလော့နှင့် ကျန်သူများကို သာမန်နည်းလမ်းများဖြင့် ကိုင်တွယ်ဖို့က မည်သို့မျှ မဖြစ်နိုင်ချေ။

သူတို့တွေ ဤကိစ္စကို သူတို့မိသားစုများထံ လွှဲပြောင်းပေးရမည်။ ရဲများက သူတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးသည်နှင့်တင် လုံလောက်ချေပြီ။

“ ဟိုတယ် တာဝန်ခံ ဘယ်မှာလဲ …”

သက်လတ်ပိုင်း ရဲအရာရှိမှာ အခြားလူများ၏ အကြည့်ကို ဂရုစိုက်မနေဘဲ လေးလေးနက်နက် အသံပြုလိုက်၏။

“ အရာရှိကြီး … ကျုပ်က ဒီဟိုတယ်ရဲ့ မန်နေဂျာပါ … တစ်ခုခု လိုအပ်တာရှိရင် ကျုပ်ကို ပြောလို့ ရပါတယ်….”

“ ဧည့်သည်တွေရဲ့ အခန်းကို ပြောင်းပေးပြီး ဒီတစ်လွှာလုံးကို ရှင်းဖို့ လုပ်လိုက် …”

“ ခင်ဗျာ ……. ဟုတ်ကဲ့ … ကျုပ်တို့ အကောင်းဆုံး ကြိုးစားလိုက်ပါ့မယ်…”

အကယ်၍ လင်းရီသာ ဤစကားမျိုး ပြောလာခဲ့မည်ိုပါက ဟိုတယ်မှာ ကျိန်းသေပေါက် ပူးပေါင်းဆောင်ရွက်ပေးမှာ မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူတို့ဘက်ကလည်း များစွာ ဆုံးရှုံးမှုတို့ ရှိလာမှာဖြစ်၏။

သို့ပေမယ့် ရဲဘက်က ပြောလာခဲ့သည်ဖြစ်ရာ အကျိုးသက်ရောက်မှုက မတူညီတော့ချေ။

တစ်ဖက်က ယူနီဖောင်းနှင့် တရားဝင် အရာရှိဖြစ်၏။ ထို့ကြောင့် သူတို့ဘက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုသည်။

မကြာမီ ရဲသားများ၏ လမ်းညွှန်မှုအောက်၌ တစ်လွှာလုံးရှိ လူများအားလုံး ထွက်ခွာသွားခဲ့ကြသည်။

“ ကောင်းပြီ .. သွားစို့ …”

ကျူးကျွင်းချီ “ ??? “

ရဲများ ထွက်သွားတော့မည်ကို မြင်တော့ ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့ ကြက်သေသေသွားခဲ့ကြ၏။

“ အရာရှိကြီး … အရာရှိကြီး …” ဝေ့ယွီလုံ အော်ဟစ်လိုက်ပြီး “ ငါတို့ ဒီမှာ ကျန်နေသေးတုန်းလေ … ငါတို့ကို ဆေးရုံပို့ပေးရမယ် မဟုတ်ဘူးလား …”

“ မင်းတို့ကို ဆေးရုံပို့ပေးရမယ် ဟုတ်လား …”

သက်လတ်ပိုင်း ရဲအရာရှိမှာ နောက်သို့လှည့်ကြည့်လာပြီး နှာမှုတ်လိုက်သည်။ “ မင်းတို့ကောင်တွေ ကိုယ့်ကိစ္စကိုယ်ရှင်း … ၊ ဆုတ်ခွာမယ်…”

ဒါဇင်ချီသည့် ရဲသားများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့၏ အမူအရာမှာ ချက်ချင်း အေးခဲသွားခဲ့ကြသည်။

ချိုးယွီလော့ ၎င်းတို့ကို မည်သည့်အရာများ ပြောလိုက်သောကြောင့် ရဲအရာရှိများက သူတို့ကို လျစ်လျူရှုသွားခဲ့သနည်း။

ဖြစ်နိုင်တာ သူတို့တွေ ဒီမှာပဲ နာကျင်မှုကို သည်းခံနေရတော့မှာလား …..။

အခန်းထဲတွင်တော့ ချိုးယွီလော့သည် တံခါးဝရှိ ချောင်းကြည့်ပေါက်မှတဆင့် ကြည့်၍ “ အပြင်က လူတွေ အကုန်လုံး ထွက်သွားကုန်ကြပြီ … ဒါပေမယ့် ဝေ့ယွီလုံနဲ့ ကျူးကျွင်းချီကတော့ အနောက်မှာ ချန်ရစ်ခံခဲ့ရတယ် … ဘယ်သူကမှ သူတို့တွေကို ဂရုမစိုက်ကြဘူးပဲ …”

“ သေချာတာပေါ့ … ရဲတွေကလည်း ဘာကိစ္စ အလုပ်ရှုပ်ခံနေမှာ ….” လင်းရီ ပြောလိုက်သည်။

“ နင် သူတို့ကို ဒီမှာပဲ ချန်ခဲ့ခိုင်းပြီး ရဲတွေကို ပေးမကိုင်တွယ်တာက သူတို့မိသားစုတွေ ရောက်လာမှာကို စောင့်နေတာမလား …”

“ ဟုတ်တယ်… အဲ့အတိုင်းပဲ ..” လင်းရီ ပြောလိုက်ပြီး နာရီကို တစ်ချက် ကြည့်လိုက်သည်။

“ တော်တော်နှေးတဲ့လူတွေ … ဒီထက်ကြာနေဦးမယ်ဆိုရင် ဒီကောင်တွေ ဒီမှာတင် ဂန့်ကုန်တော့မှာပဲ …”

“ ပိုမကောင်းသွားဘူးလား … ရောက်လာပြီး အလောင်းကောက်ရုံပဲလေ…”

နင်ချဲ့ ရေချိုးခန်းထဲက ထွက်လာပြီး သူမ၏ လည်တိုင်ကို ထိတွေ့ရင်း ပြောလိုက်သည်။ သိသာထင်ရှားဆုံးကတော့ ညာဘက်ပါးရှိ အညိုကွက်ကြီးဖြစ်ပြီး ကျန်သည့် အခြား ဒဏ်ရာများကတော့ သူမ၏ အဝတ်အစားများဖြင့် ဖုံးကွယ်ထာခဲ့လေသည်။

လင်းရီ အမျိုးသမီး နှစ်ဦးကို ကြည့်လိုက်၏။

“ မင်းတို့နှစ်ယောက် အပြင်ထွက်လို့ အဆင်ပြေမှာလား …”

“ အွန်း .. ပြေတယ်…” နင်ချဲ့ ပြန်ဖြေလိုက်ပြီး “ နင့်စိတ်ထဲ တစ်ခုခု ရှိနေလို့လား …”

“ နောက်ကျနေပြီလေ… ပြီးတော့ အခုထိ နေ့လည်စာလည်း မစားရသေးဘူး …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ပဲ ဒီနားတစ်ဝိုက်မှာ ဟော့ပေါ့ဆိုင်ကောင်းကောင်း တွေ့ထားတယ်ဆို … အဲ့ဆိုင် သွားစမ်းကြည့်ကြတာပေါ့ …”

ချိုးယွီလော့ အပြင်သို့ လက်ညိုးထိုးပြလိုက်ပြီး “ ငါတို့ အပြင်သွားလို့ သူတို့မိသားစုကလူတွေ ရောက်လာခဲ့ရင် ဘယ်လိုလုပ်မှာ …”

“ ငါ သူတို့ကို ကိုင်တွယ်ဖို့ စီစဉ်ထားတယ် .. ဒါပေမယ့် ငါကိုယ်တိုင် ကိုင်တွယ်မယ်လို့တော့ မပြောခဲ့ဘူးလေ…” လင်းရီ မရိုးသားသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ ဗိုက်အရင်ဖြည့်ကြတာပေါ့ … ငါတို့ ပြန်ရောက်တဲ့အခါကျရင် ကိစ္စတွေလည်း ရှင်းပြီးလောက်ပြီ …”

အမျိုးသမီး နှစ်ဦးမှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ လင်းရီ၏ အစီအစဉ်နှင့် ပတ်သက်၍ သူမတို့တွေ မသေချာပေ။ သို့သော် … ပုံစံကြည့်ရသလောက်တော့ ဝေ့နှင့် ကျူးမိသားစုကို အပြည့်အဝ ကိုင်တွယ်နိုင်ဖို့ ယုံကြည်ချက် ရှိနေဟန်ပင်။

“ နင့်ဘက်က ပြည့်ပြည့်စုံစုံ စီစဉ်ထားပြီဆိုလည်း ငါတို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့ … “

“ သွားကြစို့ …”

ဆုံးဖြတ်ချက် ချပြီးနောက် သုံးယောက်မှာ အပြင်သို့ ထွက်လာခဲ့ကြသည်။

လင်းရီနှင့် ကျန်သူများ ထွက်လာသည်ကို မြင်တော့ ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့မှာ ကြောက်လန့်မှုကြောင့် အသီးသီး တုန်ယင်သွားခဲ့ကြ၏။

“ မင်း … မင်း ဘာလုပ်မလို့လဲ ….”

“ မင်းတို့နှစ်ယောက် ကြောက်နေလိုက်တာများ ကြည့်စမ်း … ငါတို့က ဒီတိုင်း ထမင်းစားဖို့ ထွက်လာတာကို အဲ့လောက်ထိ ကြောက်လန့်နေဖို့ လိုလို့လားဟ …”

All Chapters