သူတို့ဘာသူတို့ ဖြစ်ချင်တာဖြစ်ပါစေ
Vol. 125 Ch. 1863
“ မင်း သူနဲ့ သိတာလား …”
ဝေ့ယွီလုံ ပြောရင်းဖြင့် ဖျစ်ညှစ်ထားသည့် လက်၌ ထည့်သွင်းထားသည့် သူ့ခွန်အားကို ဖြေလျော့လိုက်ကာ နင်ချဲ့အား အသက်ရှူရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။
ကျူးကျွင်းချီ၏ မျက်နှာ မကောင်းသည်ကို သူ မြင်တွေ့လိုက်ရသည်။
ယင်းက သူ့ကို တော်တော်လေး သင်္ကာမကင်း ဖြစ်အောင် ပြုလုပ်နေသည်။ မည်သို့ပင်ဆိုစေ သကောင့်သားက ဇာတ်ညွှန်းဇာတ်ကွက် မျိုးစုံကို မြင်တွေ့ခဲ့ဖူးပြီး သာမန်ဆိုပါက ယခုလို အမူအရာမျိုးကို လှစ်ဟာပြလာခဲ့မှာ မဟုတ်ချေ။
“ ငါ သူ့ပြိုင်ဘက် မဟုတ်ဘူး …”
ထိုစကားကို ကြားတော့ ဝေ့ယွီလုံ၏ အမူအရာမှာ ချက်ချင်းဆိုသလို လေးနက်တည်ကြည်လာခဲ့တော့၏။
ကျူးကျွင်းချီ၏ အဆင့်ကို သူ မသိဘဲ ဘယ်နေပါ့နည်း။ ထို့ကြောင့် ယခုလို စကားမျိုး ပြောလာသည့် အသံကြားသည့်အခါ၌ သူ့အရှေ့ရှိလူကို လေးလေးနက်နက် သဘောထားရတော့မည်ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။
“ ဆိုတော့ သူတို့နဲ့ အတူလိုက်လာခဲ့တဲ့လူက အမှိုက်ကောင် မဟုတ်ဘဲ မင်းပေါ့ ………..” ဝေ့ယွီလုံ အသံ အက်ရှရှဖြင့် ပြောလိုက်သည်။
လင်းရီ မည်သည့်စကားမျှ မဆိုချေ။ သူ နင်ချဲ့ထံသို့ လျှောက်လှမ်းသွားပြီး သူမကို ကူညီပေးလိုက်သည်။
“ ဘယ်လိုနေလဲ …”
“ သေတော့ မသေသေးဘူး …” နင်ချဲ့မှာ မျက်နှာတစ်ပြင်လုံး ချွေးပြိုက်နေပြီး မောဟိုက်နေခဲ့လေသည်။
“ သူက ဝေ့ယွီလုံ … အသင်း ၄ ကပဲ … “
“ အင်း … ငါ ခန့်မှန်းမိတယ်…” လင်းရီ အမူအရာ ကင်းမဲ့စွာ ဆိုလိုက်သည်။
ချွမ်ရှန်း၌ ကျူးကျွင်းချီနှင့် အတူ တွဲသွားတွဲလာလုပ်ပြီး ယခုလို သန်မာသည့် ခွန်အားမျိုး ပြိုင်ဆိုင်ထားနိုင်သူက ဝေ့ယွီလုံကလွဲပြီး အခြားသူ မရှိနိုင်ပေ။
သို့သော်လည်းပဲ သူတို့တွေ ဤနေရာကို အလွန်လျင်မြန်စွာ ရှာတွေ့သွားလိမ့်မည်လို့တော့ လင်းရီ မျှော်လင့်မထားခဲ့သည်မှာ အမှန်ပင်။
ကြည့်ရသည်မှာ အသင်း ၄ လက်ထွက်တို့က အရည်အချင်းတစ်ချို့တော့ ရှိပုံရ၏။
ထိုအချိန်တွင် ချိုးယွီလော့က သူ့အနား ရောက်လာခဲ့ပြီး “ နင် သူတို့နှစ်ယောက်ကို ရှင်းလိုက် … ငါ နင်ချဲ့ကို ဂရုစိုက်လိုက်မယ်…”
လင်းရီ ခေါင်းညိမ့်ပြလိုက်ပြီး ဝေ့ယွီလုံ၊ ကျူးကျွင်းချီတို့နှင့် မျက်နှာချင်းဆိုင်လိုက်၏။
“ အသင်း ၄ ရဲ့လူလို့ကို မပြောရဘူး … မင်းတို့ အတော်လျင်တာပဲ ..” လင်းရီ သူ၏ အသံကို နိမ့်လျက် ကျူးကျွင်းချီကို လက်ညှိုးညွှန်လိုက်သည်။ “ ဒီ အမှိုက်က ငါ့လူတွေကို မထိဖို့ မင်းကို မပြောပြဘူးလား …”
လင်းရီ၏ ကြောက်မက်ဖွယ်ကောင်းမှုက ကျူးကျွင်းချီ၏ စိတ်ထဲ၌ နက်ရှိုင်းသည့် အမြင်တစ်ခုကို ချန်ရစ်ထားခဲ့သည်။
ယင်းက ခွန်အားအဆင့်မြင့်မားသောကြောင့်သာ မဟုတ်ဘဲ မိသားစုကြီး ငါးခု၏ ခေါင်းဆောင်ကြီးများကိုပင် ပါးဖြတ်ရိုက်ဝံ့သောကြောင့်ဖြစ်သည်။
ဟွာရှတစ်ခုလုံး၌ ထိုသို့ လုပ်ဝံ့သည့်ဇရှိသူက လက်တစ်ဆုပ်စာပင် ရှိမှာ မဟုတ်ချေ။
မသိစိတ်အလျောက် ၊ ကျူးကျွင်းချီသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားခဲ့၏။ စစ်မရောက်ခင်ကတည်းကပင် သူ့မှာ မြားကုန်ပြီးသား ဖြစ်နေသည်။
သို့သော် ဝေ့ယွီလုံက ထိုအချင်းအရာကို သတိမပြုမိချေ။
သူ့ရှေ့ရှိလူက သန်မာသော်လည်း သူ့ကိုယ်ပိုင် အရည်အချင်းအပေါ်တွင် ယုံကြည်ချက် အပြည့်ရှိသည်။ တစ်ဖက်သူ မည်မျှပင် သန်မာစေကာမူ သူ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်သည်။
“ မင်း ဘယ်ကကောင်တုန်း … ဒါ ငါတို့ အတွင်းရေးကိစ္စ … မဆိုင်တဲ့ကိစ္စ ဝင်မပါချင်စမ်းနဲ့ … ခြေထောက် မကျိုးချင်ဘူးဆိုရင် အခု ဒီက ထွက်သွားလိုက်တော့ …”
လင်းရီ သကောင့်သားအား ငုံ့ကြည့်လိုက်သည်။ “ ဒါဆိုရင် မင်း ခြေထောက်တွေကို မေ့လိုက်လို့ရပြီ ..”
လင်းရီက ထွက်သွားဖို့ ဆန္ဒမရှိသည်ကို မြင်တော့ ဝေ့ယွီလုံ အပိုစာသားများရွတ်ရင်း အချိန်ဖြုန်းမနေတော့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လင်းရီထံသို့ ပြေးဝင်လာခဲ့၏။
တစ်ချိန်တည်းတွင် လင်းရီလည်း စတင်လှုပ်ရှားလာသည်။
ဘန်း ဘန်း ဘန်း ..
စက္ကန့်အနည်းငယ် အတွင်းမှာပဲ နှစ်ဦးမှာ ဒါဇင်ချီမျှ အကွက်ဖလှယ်ပြီး ဖြစ်၏။
တိုက်ခိုက်နေစဉ်အတွင်း ဝေ့ယွီလုံ၏ အုတ်မြစ်က အတော်လေး ခိုင်မာပြီး ကျူးကျွင်းချီထက် သာလွန်နေသည်ကို လင်းရီ သတိထားမိလိုက်သည်။
သို့သော် ပိုပြီး အံ့အားသင့်သွားခဲ့ရသူက ဝေ့ယွီလုံပင်။
သူတွေးထားခဲ့သည်မှာ သူ၏ စကေးတို့ဖြင့် လင်းရီကို အမှောက်သိပ်ရန်က အကွက်ရေ အနည်းငယ်မျှသာ လိုအပ်မည်ဟု ထင်ခဲ့သည်။
အံ့အားသင့်ဖို့ကောင်းလောက်အောင်ပင် လင်းရီက သူ၏ တိုက်ခိုက်မှုမှန်သမျှကို အသာအယာလေးပဲ ချေဖျက်ပြနေခဲ့လေသည်။
“ မင်း ကျူးကျွင်းချီကို အနိုင်ယူနိုင်ခဲ့တာ မဆန်းတော့ပါဘူး … မင်းရဲ့ စကေးတွေက တကယ်မဆိုးဘူးပဲ … အတည်ချဖို့ အချိန်ကျပြီ …”
အနှီစကားလုံးတို့ဖြင့် ဝေ့ယွီလုံသည် လွှားခနဲ ခုန်လိုက်ပြီး လင်းရီထံသို့ ကန်ကျောက်လိုက်၏။
ထိုအချိန်မှာပဲ လင်းရီဘက်က တန်ပြန်တိုက်ခိုက်မှု ပြန်လုပ်လိုက်၏။
သူ၏ မျက်မှောင်တို့က တင်းကြုတ်သွားခဲ့ကာ ဒေါသထွက်နေသည့် အမူအရာဖြင့် သူ၏ သွင်ပြင်က သားကောင်ကို အမဲဖြတ်ဖို့ အသင့်ဖြစ်နေသည့် သားရိုင်းကောင်ကြီးကဲ့သို့ ဖြစ်နေသည်။
ဘန်း …
ခပ်အုပ်အုပ် အသံတစ်ခုနှင့်အတူ ညှို့သကျည်းနှစ်ခုက အတူထိတွေ့သွားခဲ့၏။
“ ဘယ်လို ဖြစ်နိုင်မှာလဲ …”
သူတို့ချင်း ထိတွေ့မိသည့် အချိန်မှာပဲ ဝေ့ယွီလုံ၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။
သူ၏ စကေး လယ်ဗယ်တို့ဖြင့် တစ်ဖက်သူ၏ အရိုးများကို ချိုးပစ်ဖို့ လုံလောက်ပြီဟူ၍ တွေးထင်ထားခဲ့သော်လည်း သူ၏ ခြေထောက်ကသာ စတီးပြားကြီးကို ကန်ကျောက်လိုက်ရသည့်နှယ် ခံစားလိုက်ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ အားးးး “
နောက်တစ်စက္ကန့်၌ ၊ ဝေ့ယွီလုံ အာခေါင်ခြစ် အော်ဟစ်လိုက်ပြီး သူ့ခြေထောက်ကို ကိုင်၍ ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။
“ ညီကိုဝေ့ …”
ကျူးကျွင်းချီ အထိတ်ထိတ် အလန့်လန့်ဖြင့် အော်ဟစ်လိုက်လေသည်။ သူ့ကို သေအောင် ရိုက်သတ်လျှင်ပင် ဝေ့ယွီလုံကဲ့သို့ သန်မာသည့် တစ်စုံတစ်ယောက်က ဤ မာ့စ်တပ်ထားသည့်လူကို တစ်ကွက်တည်းနှင့် ရှုံးနိမ့်သွားလိမ့်မည်ဟူ၍ ယုံကြည်နိုင်မှာ မဟုတ်ချေ။
အခြေအနေက ထိန်းချုပ်မှုအောက်မှ လွတ်ကင်းစ ပြုလာသည်ကို မြင်တော့ ကျူးကျွင်းချီသည် ဝေ့ယွီလုံထံ တရှိန်ထိုး ပြေးသွားခဲ့သည်။
ဤလူက ဆိုရန်စကား ကင်းမဲ့လောက်အောင် သန်မာလွန်းလှသည်။ သူ ကိုင်တွယ်နိုင်သည့် အဆင့်မဟုတ်ချေ။ ရွေးချယ်စရာကား အခြား မရှိ။ ထွက်ပြေးရပေမည်။
ဝှစ် …
ကျူးကျွင်းချီက ဝေ့ယွီလုံကို ဖေးမပေးဖို့ ကူညီတော့မည့် အချိန်မှာပဲ လင်းရီ ရှေ့သို့ တက်လှမ်းလာပြီး သကောင့်သား၏ မေးကို ဖြတ်ကန်လိုက်သည်။
နောက်ထပ် ကျယ်လောင်သည့် အော်သံတစ်ခု ပျံ့လွင့်လာခဲ့သည်။
အင်အားက ပြင်းထန်လွန်း၍ ကျူးကျွင်းချီ၏ သွားများအားလုံး ကျွတ်ထွက်ကုန်ပြီး သွေးတို့ မြင်မကောင်းအောင် စီးကျလာခဲ့၏။ သူ၏ သွင်ပြင်က ဝေ့ယွီလုံထက်ပင် အခြေအနေ ဆိုးရွားနေသည်။
ကျူးကျွင်းချီ၏ ဆိုးဆိုးရွားရွား အခြေအနေကို မြင်တော့ ဝေ့ယွီလုံမှာ သူ့ခြေထောက် နာကျင်မှုက သိသိသာသာလျော့ပါးသွားသည်ဟု ခံစားလိုက်ရ၏။
ထိုအခါမှပဲ မာ့စ်တပ်ထားသည့် ဤလူက မည်မျှ ရက်စက်လှကြောင်းကို အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့တော့သည်။
“ မင်း … ငါ့အနားမလာခဲ့နဲ့ …”
ဝေ့ယွီလုံသည် ဒုက္ခိတ ဖြစ်နေသည့် သူ့ခြေထောက်ကို ဒရွတ်တိုက်ဆွဲ၍ တံခါးဝသို့ တွားသွား သွား၏။
သူ့အဖို့ … ရှေ့ရှိ ဤလူက ကြောက်ရွံ့ဖွယ်ကောင်းမှု၏ ပြယုဂ်တစ်ခုပင်။ ဤနေရာကနေ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ကြံဆရပေမည်။
“ ငါ့လူတွေကို ရိုက်ချင်တိုင်း ရိုက်ပြီး ထွက်သွားချင်တယ်ပေါ့ …”
လင်းရီ၏ မျက်နှာမှာ အေးစက်နေခဲ့ပြီး ဝေ့ယွီလုံကို မည်သည့်အခွင့်အရေးမျှ မပေးခဲ့ချေ။
သူ့ ညာခြေထောက်ကို မြှောက်၍ အခြား ခြေထောက်သို့ ဂျွတ်ခနဲ မြည်အောင် နင်းချပစ်လိုက်သည်။
“ အားးးးးးးး”
အရိုးအက်သံနှင့်အတူ နာကျင်စွာ အော်ဟစ်သံက ပျံ့လွင့်လာပြန်သည်။
ဝေဒနာမှာ မေ့မြောလုမတတ် နာကျင်လွန်းလှ၏။
ယခုအချိန်၌ သူ့ခြေထောက် နှစ်ဖက်လုံးမှာ လင်းရီကြောင့်နှင့် ဒုက္ခိတဖြစ်သွားခဲ့ချေပြီ။ သူ့ တစ်သက်လုံးကို ဝှီးချဲပေါ်မှာပဲ အချိန်ကုန်ဆုံးရချေတော့မည်။
အခြားတစ်ဖက်တွင်ရှိ ကျူးကျွင်းချီမှာ အံ့ဩဘနန်း ဖြစ်သွားခဲ့၏။ သူ့မျက်ဝန်းထဲရှိ ထိတ်လန့်တုန်လှုပ်နေမှုများက ဝေ့ယွီလုံအောက် လုံးဝ မလျော့ချေ။
သူ့လယ်ဗယ်က ဝေ့ယွီလုံမျှပင် ကောင်းမွန်မနေရာ ဤလူက သူ့ကိုလည်း ညှာတာပေးနေမှာ မဟုတ်ချေ။
ဘန်း ဘန်း ဘန်း ဘန်း …
စကားတစ်ခွန်းမျှ ပြောဆိုခြင်း မရှိပါဘဲ ကျူးကျွင်းချီသည် ကြမ်းပြင်သို့ ဒူးထောက်လိုက်ကာ လင်းရီအား အကြိမ်ကြိမ် ဦးခိုက်လိုက်၏။
ယခုလိုအခြေအနေ၌ မာနဟူသည် ဘယ်ပျောက်နေမှန်း သူ မသိတော့ချေ။
သူ့ လက်ကျန် ဘဝတစ်လျှောက်လုံးကို ဝှီးချဲပေါ်၌ မကုန်ဆုံးလိုပေ။
“ ဘာပဲ ပြောပြော မင်းက ကျုံးဝေ့တပ်ဖွဲ့ထဲကပဲလေ… မင်းမှာ မာနလေး ဘာလေး မရှိဘူးလား …” လင်းရီ အသံအက်ရှရှဖြင့် ပြောလိုက်၏။
“ ကံကောင်းတာ ငါက ပြန်ပေးသမား မဟုတ်နေလို့ပဲ … မဟုတ်လို့ကတော့ ကျုံးဝေ့တပ်ဖွဲ့ တစ်ခုလုံး မင်းရောင်းစားတာ ခံနေရလောက်ပြီ …”
ခရက် …
ခရက် …
နှစ်ချက်ဆက်တိုက်ကန်ကျောက်ပြီး ကျူးကျွင်းချီ၏ ခြေထောက်များကို လင်းရီ ချိုးပစ်လိုက်၏။ တစ်ဖက်သူမှာ မျက်ဖြူလှန်သွားခဲ့ပြီး ချက်ချင်းလက်ငင်း သတိလစ် မေ့မြောသွားခဲ့လေသည်။
“ ငါတို့အခု ဘာလုပ်ကြမလဲ …”
နှစ်ယောက်လုံးကို ကိုင်တွယ်ပြီးသည့်နောက် ချိုးယွီလော့နှင့် နင်ချဲ့တို့ အနားရောက်လာခဲ့ကြသည်။
“ ငါ့အခန်းထဲ အရင်သွားကြတာပေါ့ … ဒီကောင်နှစ်ယောက်ကိုတော့ သူတို့ဘာသူတို့ ဘာဖြစ်ဖြစ် ထားခဲ့လိုက် …”
“ အိုကေ ….”
နင်ချဲ့၏ အရှေ့သို့ လျှောက်လှမ်းလာရင်း လင်းရီသည် သူမကို ခါးမှတဆင့် ပွေ့ချီလိုက်ကာ သူ့အခန်းထဲ ခေါ်သွားခဲ့၏။
တစ်ချိန်တည်းတွင် အခန်းအပြင်ဘက်၌ လူတော်တော်များများ စုဝေးနေခဲ့ကြသည်။ ယခုလေးတင် ဖြစ်ပွားသွားခဲ့သည့် အသံများက ဤလူများကို ဆွဲဆောင်သွားခဲ့လေသည်။
အခန်းနီးနားချင်းများသာမက ဟိုတယ်ဝန်ထမ်းများလည်း ရောက်ရှိနေကြသည်။ ကနေဦးတုန်းကတော့ သူတို့တွေမှာ သာမန်လျှံကာ ရန်ဖြစ်ရုံမျှဟုသာ တွေးထင်နေခဲ့ကြပြီး ပွဲကြည့်ရုံ သပ်သပ် ရောက်လာခဲ့ကြခြင်း ဖြစ်၏။ သို့သော်လည်းပဲ အခြေအနေက အတော်လေး ရုပ်ပျက်ဆင်းပျက် အနေအထားသို့ ရောက်ရှိသွားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
ထို့ကြောင့် အခြေအနေက ထိန်းချုပ်မှုအောက်က လွတ်ကင်းသွားသည်နှင့် ဟိုတယ်မှာ ရဲအား ချက်ချင်း ဖုန်းခေါ်လိုက်၏။ ဤကိစ္စကို ပရော်ဖက်ရှင်နယ်များနှင့် ဖြေရှင်းမှသာ ဖြစ်ချေတော့မည်။
“ လူကြီးမင်း … ခင်များ ဒါက ….”
ဟိုတယ်မန်နေဂျာမှာ လင်းရီကို ကြည့်ပြီး စကားကို ဖြောင့်ဖြောင့်တန်းတန်း မပြောဝံ့သည်အထိ ကြောက်လန့်နေခဲ့၏။ ကိုယ့်အရှေ့တွင် တစ်ဖက်သူ၏ ခြေထောက်များကို တုံ့ဆိုင်းခြင်း အလျဉ်းကင်းစွာနှင့် ရက်ရက်စက်စက် နင်းချိုးလိုက်သူကို မြင်မိပါက မည်သူကရော စကားကို ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်လိမ့်မည်နည်း။ သို့သော်လည်းပဲ သူ့တာဝန်က ဟိုတယ်ငြိမ်ဝပ်ပိပြားရေးကို စီမံခန့်ခွဲရန်ပင်။ ထို့ကြောင့်သာ အရဲစွန့်ပြီး မေးမြန်းလိုက်ရခြင်းပင်။
“ ရတယ် … ပျက်စီးသွားတဲ့ ကုန်ကျစရိတ်တွေကို တွက်ချက်ခဲ့လိုက် … မူရင်းဈေးအတိုင်း ပြန်လျော်ပေးမယ်…”
လင်းရီက စကားပြောဆိုရလွယ်ကူနေသည်ကို မြင်တော့ ဟိုတယ်မန်နေဂျာမှာ စိတ်သက်သာရသွားခဲ့ပြီး မဝံ့မရဲလေး စကားအစ်ကြည့်လိုက်၏။
“ ဒါဆိုရင် ဒီလူနှစ်ယောက်က . . . . . “
“ ဘယ်ကောင့်ကိုမှ ဂရုစိုက်နေစရာမလိုဘူး … မဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်ကို စောင့်ကြည့်လိုက်ပေါ့ …”