အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်
Vol. 17 Ch. 246
ချီမင် လေဟာနယ်ထဲတွင်တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။ အင်မော်တယ်သလင်းကျောက်တွေကိုစုပ်ယူထားသောကြောင့် ဓမ္မစွမ်းအားတွေက သူ့ကိုယ်ပတ်လည်မှာမြင့်တက်လာသည်။ သူ့တစ်ကိုယ်လုံး ခန္ဓာမှဝိညာဉ်အထိ အသွင်ပြောင်းလဲသွားတော့၏။
ချီမင်၏ ခန္ဓာကိုယ်အပြင် ဓမ္မစွမ်းအားပါလှုပ်ခါလာသည်။ သူ့အနောက်၌ အဆုံးမရှိ ခမ်းနားသည့် ဖရိုဖရဲစစ်မှန်ခန္ဓာ ပေါ်ပေါက်လာသည်။ ဓမ္မရုပ်တုနားတွင် ဖရိုဖရဲမြူခိုးများမှာ အဆုံးမသတ်နိုင်လောက်အောင် ဝိုင်းရံနေသည့်အလားပင်။
ပတ်ဝန်းကျင်မှာတော့ ဖရိုဖရဲကမ္ဘာတစ်ခု ဖြစ်တည်လာသည်။
ချီမင်၏ ကျင့်ကြံခြင်းက အောင်အောင်မြင်မြင် ချိုးဖြတ်သွားသည်။ သူ့အဆင့်က တိုးတက်လာပြီး အင်အားကလည်းကြီးမားလာသည်။ စွမ်းအားအမျိူးမျိုး၏ မြှင့်တင်မှုအောက်၌ ကောင်းကင်နှင့်မြေကြီး မဟာတာအိုက စတင်ပဲ့တင်ထပ်လာသောကြောင့် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကိုပင်လှုပ်ခါသွားစေသည့် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်လာသည်။
သည်တစ်ကြိမ်ဖြစ်ပေါ်သည့်ကမ္ဘာ့ထူးခြားဖြစ်စဉ်က အလွန်ကြီးမားပေသည်။ ထူးဆန်းကမ္ဘာ၌ တာအိုပေါင်းစည်းခြင်းအဆင့်သို့ချိုးဖြတ်သည့် ထူးခြားဖြစ်စဉ်ထက်ပို၍ပင် သာလွန်သည်။
ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားပြီး ကမ္ဘာကြီးမှပဲ့တင်ထပ်လာပေသည်။
ထိုအချိန်၌ မဟာယိုယွင်းကမ္ဘာတစ်ခုလုံးတွင်...
ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ် ပြည်နယ်သုံးထောင်၌ သက်ရှိအားလုံးက ချီမင်အဆင့်ချိုးဖြတ်ရာမှဖန်တီးလိုက်သည့်ထူးခြားဖြစ်စဉ်ကြောင့် တပ်လှန့်ကုန်ကြသည်။ အဆုံးမရှိခမ်းနားသည့် ဖရိုဖရဲခန္ဓာပေါ်လာပြီး အရာအားလုံးကိုဖိနှိပ်လိုက်သည်။ တကယ်တော့ မဟာဂိုဏ်းကြီးများနှင့် အိမ်တော်တို့၏ သာလွန်ဖြစ်တည်မှုများပင် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရသည်။ ထိုသူတို့ကိုအနည်းငယ် အသက်ရှုကျပ်သွားစေသည်။
ရှေးခေတ်ယိုယွင်းပြည်နယ်မှ မဟာအင်မော်တယ်ဂိုဏ်းတွင်...
ရှေးဦးတောထဲမှ ရှေးခေတ်ယိုယွင်းပြည်နယ်၌တည်ရှိသည့် ကောင်းကင်ဘုံတမျှခမ်းနားလှသောဂိုဏ်းဖြစ်သည်။ အဖြူရောင်တိမ်တိုက်များမြူခိုးများဝန်းရံလျက်ရှိပြီး အင်မော်တယ်ဘုံနန်းအလားပင်။
မြူခိုးငွေ့ငွေ့ထဲ၌ မိုးထိအောင်မြင့်မားသော နန်းတော်များရှိသည်။ ခမ်းနားသည့်နန်းတော်ထဲမှာ ပုံရိပ်တစ်ခုပေါ်လာပြီး ကောင်းကင်ကိုပျံတက်သွားသည်။ အကြင်သူက လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက်ရှိပြီး အကြည့်များက စူးရှတောက်ပလျက်ရှိသည်။ အင်မော်တယ်မြူခိုးတစ်လွှာက ထိုသူကိုဖုံးအုပ်လျက်ရှိနေသောကြောင့် ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် မဖြစ်နိုင်လုနီးပါးပင်။
“ဒီထူးခြားဖြစ်စဉ်က ဘယ်လိုကြောင့်တုန်း”
ထိုသူက သာလွန်သူတစ်ယောက်ဖြစ်ပေသည်။
အတိအကျဆိုရသော် မဟာအင်မော်တယ်ဂိုဏ်း၏ မဟာအင်မော်တယ်သာလွန်သူဖြစ်သည်။ သူက အဆုံးမဲ့ခမ်းနားသည့် ဖရိုဖရဲစစ်မှန်ခန္ဓာကိုကြည့်ရှုလျက်ရှိပြီး ပြင်းထန်သည့်ထိတ်လန့်သော အမူအရာတစ်ခုပေါ်လာတော့သည်။ “ပြိုင်ဘက်ကင်းသာလွန်သူတစ်ယောက်များ ထပ်ဖွေးဖွားလာတာလား”
“ကြည့်ရတာ အဝါရောင်စီးကြောင်းကန္တာရထဲကထင်တယ်”
ချီမင်အဆင့်ချိုးဖြတ်မှုကြောင့်ဖြစ်ပေါ်လာသည့် လှုပ်ခတ်မှုက အလွန်ကြီးမားပေသည်။ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ် ပြည်နယ်သုံးထောင်မှ မရေမတွက်နိုင်သည့် ဂိုဏ်းများနှင့်အိမ်တော်များ ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်သည်။ သာလွန်သူများက ချီမင်၏တည်နေရာကိုမှတ်သားကာ တစ်ယောက်ပြီးတစ်ယောက် အံ့ဖွယ်စွမ်းအားများကိုသုံးလျက် လေဟာနယ်ကိုဖြတ်သန်းကာ အသော့နှင်လာကြသည်။
သိပ်မကြာလိုက်ခင်မှာပဲ ဆယ်ယောက်ထက်မနည်းသည့် သာလွန်သူတွေက အဝါရောင်စီးကြောင်းကန္တာရထဲသို့ ဆင်းသက်လာကြသည်။
ရှေးခေတ်ယိုယွင်းပြည်နယ်၏ ကျွမ်းကျင်သူများ စုဝေးလာကြသည်။
ထိုသို့ဖြင့် အဝါရောင်စီးကြောင်းကန္တာရက အာရုံစိုက်မှုတို့၏ဗဟိုဖြစ်လာသည်။
မုန်တိုင်းမျက်လုံးဖြစ်လာသည်ဟုဆိုရမည်။ အဝါရောင်စီးကြောင်းကန္တာရမှ ကောင်းကင်အတိဒုက္ခ အထူးသဖြင့် အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့၏ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခက ပွက်လောရိုက်မှုအကြီးစားတစ်ခုဖြစ်သည်။ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခမှဖွဲ့တည်လာသည့်မြင်ကွင်းမှာ ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းသည်။
လျှပ်စီးတွေ ယှက်နွယ်လာသည်။
လျှပ်စီးမိုးကြိုးသွားများက ရေလွှမ်းနဂါးနှင့် စပါးကြီးမြွေများအလား အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ကို တိုက်ခိုက်လိုက်သည်။
နှစ်ယောက်စလုံးက စစ်မှန်ခန္ဓာကိုထုတ်ဖော်လိုက်ပြီး အတိဒုက္ခတိမ်တိုက်တွေကို ဖြတ်ကျော်လိုက်ကြသည်။ ကြောက်မက်ဖွယ်ဟိန်းသံတွေထွက်ပေါ်လာသည်။ မရေမတွက်နိုင်လောက်သည့် မိုးကြိုးသွားများကို အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တို့ဖြင့်တားဆီးလိုက်ပြီး အတိဒုက္ခတိမ်တိုက်နှင့် လျှပ်စီးမိုးကြိုးပင်လယ်ကြီးကို သန့်စင်ပစ်လိုက်သည်။
“ဒါ....”
“အထွတ်အထိပ်လျှပ်စီးအတိဒုက္ခ”
“ဒါက တကယ့်ကို နဝမအစွန်းဆုံအထွတ်အထိပ်တစ်ယောက်က အဝါရောင်စီးကြောင်းကန္တာရထဲမှာ အထွတ်အထိပ်လျှပ်စီးအတိဒုက္ခကိုလာကျော်လွှားနေတာပဲ။”
“ရူးလောက်တယ်”
“အာ...ဒါကြီးက..”
ထိတ်လန့်ခြင်း။
အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသည်။
တဖြည်းဖြည်းဖြင့် ချီမင်က ဓမ္မစွမ်းအားနှင့်အရှိန်အဝါကိုထိန်းချုပ်လိုက်သည်။ အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်ကိုဖြတ်ကျော်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်ထူးခြားဖြစ်စဉ်က တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
လုံးဝပျောက်ကွယ်သွားသည်။
“ကြယ်ရွှေ့ပြောင်းခြင်း”
ချီမင်က ညာဘက်လက်ကိုဝှေ့ယမ်းပြီး အံ့ဖွယ်စွမ်းအားကိုအသုံးပြုလိုက်သည်။ ကမ္ဘာကြီးကပြောင်းလဲသွားသည်။ ကောင်းကင်လျှို့ဝှက်ချက်က ဖုံးကွယ်ခံလိုက်ရပြီးခြေရာအားလုံးကိုဖျောက်လိုက်သည်။
“ဂုဏ်ပြုပါသခင်။ အတိဒုက္ခကျော်လွှားခြင်းကိုအောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ သခင့်ရဲ့အင်အားက တိုးတက်သွားပါပြီ။” ကြာပန်းနက်က ဂုဏ်ပြုလိုက်သည်။
ချီမင် ခေါင်းအသာညိတ်ပြလိုက်သည်။ သူ့ကိုယ်ထဲမှာ စွမ်းအားတွေ မြင့်တက်လာတာကိုခံစားလိုက်ရသည်။ ပြိုင်ဘက်ကင်းပြီဆိုသည့်ခံစားချက်တောင် ရလိုက်သည်။ “နှစ်တစ်ထောင်နီးပါးကြာပြီးတဲ့နောက်မှာ ငါနောက်ဆုံးတော့ အတိဒုက္ခကျော်လွှားခြင်းပထမအဆင့်ကို ရောက်ပြီ”။
“အမှောင်မီးလျှံနဲ့ကပ်ဘေးလေးတို့ရဲ့ လျှပ်စီးအတိဒုက္ခကအဆုံးမသတ်သေးဘူးပဲ”
ချီမင် သူတို့ကိုကြည့်နေလိုက်သည် “မကြာခင်တော့ပြီးမှာပါ”
ကြာပန်းနက်ကပြောသည် “သခင့်ရဲ့ကျင့်ကြံခြင်းက ချိုးဖြတ်သွားတဲ့အချိန်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ထူးခြားဖြစ်စဉ်တစ်ခုပေါ်ပေါက်လာတယ်။ ဒါက မဟာယိုယွင်းကမ္ဘာတစ်ခုလုံးကို တပ်လှန့်လိုက်သလိုဖြစ်သွားတယ်။ မဟာယိုယွင်းကမ္ဘာရဲ့ စုစုပေါင်း သာလွန်သူ(၂၈)ယောက် ရောက်လာခဲ့ပါတယ်။”
“မဟာယိုယွင်းကမ္ဘာရဲ့ သာလွန်သူတွေ။” ချီမင်က တစ်ချက်ကြည့်ရင်း ရေရွတ်လိုက်သည်။
အဝါရောင်စီးကြောင်းကန္တာရ ပတ်ပတ်လည်တွင် လေဟာနယ်ထဲ၌ ပုံရိပ်များပုန်းကွယ်နေသော်လည်း သူတို့၏အရှိန်အဝါများက ရှိနေဆဲဖြစ်သည်။ စုစုပေါင်း (၂၈) ယောက်ရှိသည်။
ချီမင်က အသာလေးခေါင်းညိတ်လိုက်ပြီး ဆက်ပြီး အာရုံစိုက်မနေတော့ပေ။
သူက မူလကတည်းက မဟာယိုယွင်းကမ္ဘာ၏ ဖြတ်သွားဖြတ်လာတစ်ယောက်သာဖြစ်သည်။မဟာယိုယွင်းကမ္ဘာတွင် အတိဒုက္ခကို ကျော်လွှားပြီး ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်ပြီးသွားလျှင် သူသည် ဤနေရာမှ ထွက်ခွာသွားမည်ဖြစ်သည်။ သူသည် အချိန်အကြာကြီးနေမည်မဟုတ်သလိုကမ္ဘာကြီးကို လွှမ်းမိုးမှုနှင့် ပြောင်းလဲမှုကြီးကြီးမားမားလည်း ယူဆောင်လာမည်လည်း မဟုတ်ပေ။
ထိုအချိန်တွင် သာလွန်သူ (၂၈) ယောက်ထဲမှ သာလွန်သူတစ်ဦးက ရှေ့ထွက်လာပြီး ချီမင်ထံသို့ လျှောက်လာသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ချောမောသောမျက်နှာသွင်ပြင်ရှိသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် စိန်ပုံစံ စိမ်းပြာရောင်အမှတ်အသားတစ်ခု ရှိနေသည်။
“ကျွန်တော်က စိမ်းလန်းကောင်းကင်နတ်ဘုရားတောင်ရဲ့ သာလွန်သူ ချင်းလင်ပါ” လူငယ်ပုံပေါက် နေသော သာလွန်သူက မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။ “ခင်ဗျားရဲ့ အထောက်အထားကဘာလဲဆိုတာ သိခွင့်ရှိမလား။ ခင်ဗျားမှာ ဘယ်လိုနောက်ခံရှိလဲ။ရှေးခေတ်ယိုယွင်းပြည်နယ်မှာ ဘာကိစ္စရှိလ်ို့ပေါ်လာရတာလဲ။ဒီနေရာမှာမှ အတိဒုက္ခကို ဘာလို့လာကျော်လွှားနေရတာလဲ”
“စိမ်းလန်းကောင်းကင်နတ်ဘုရားတောင်” ချီမင်က ထိုလူငယ်သာလွန်သူကို တည်တည်ငြိမ်ငြိမ်အကြည့်ဖြင့် ကြည့်လိုက်ပြီး ရိုးသားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည် “ငါက မဟာယိုယွင်းကမ္ဘာရဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်ပဲ။ ငါလုပ်ချင်တာကို လုပ်ပြီးသွားရင် သဘာဝအတိုင်း ထွက်သွားမှာ။”
“ဖြတ်သွားဖြတ်လာ” သာလွန်သူ ချင်းလင်က တစ်ခဏမျှ စဉ်းစားလိုက်၏”ခင်ဗျားလုပ်ချင်တာကို လုပ်ပြီးသွားရင်...”
ထို့နောက် နောက်ထပ်သာလွန်သူတစ်ဦး ရှေ့ထွက်လာပြန်သည်။
သူက ရှေးခေတ်ယိုယွင်းပြည်နယ်၏ မဟာအင်မော်တယ်ဂိုဏ်းမှ မဟာအင်မော်တယ်သာလွန်သူ ဖြစ်သည်။
မဟာအင်မော်တယ်သာလွန်သူက ပြောသည် “မင်းဘာလုပ်ချင်တာလဲ”
“ဒါက မင်းနဲ့မဆိုင်ဘူး။”
မဟာအင်မော်တယ်သာလွန်သူက မျက်မှောင်ကြုတ်လိုက်သည်။
ပတ်ဝန်းကျင်တွင် အခြားသာလွန်သူများက ရှေ့ထွက်မလာကြပေ။ မဟာအင်မော်တယ်သာလွန်သူနှင့် သာလွန်သူ ချင်းလင်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး စကားဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားကြသည်။
ချီမင်၏ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော ထူးခြားဖြစ်စဉ်က အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် သာလွန်သူဖြစ်တည်မှုများစွာကို အလွန်ကြောက်ရွံ့သွားစေ၏။ သူတို့သည် ကြည့်ရှုရုံသာ ကြည့်နေကြသည်။
ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်မှ ဤသာလွန်သူများသည် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြပေ။ မည်သို့ပင်ဆိုစေ ချီမင်က သူတို့နှင့် ပဋိပက္ခတစ်စုံတစ်ရာ မရှိပေ။
အချိန်ကုန်လွန်သွားသည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ပထမအဆင့်ဖြစ်သော လျှပ်စီးအတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်လိုက်သည်။ သူတို့က ခမ်းနားကြီးကျယ်သည့် စစ်မှန်ခန္ဓာများကို ထုတ်ဖော်ပြလိုက်သည်။ အလွန်ကြီးမားသည်။
သူတို့၏ အရှိန်အဝါများက ပိုမိုအားကောင်းလာသည်။
“မြန်လိုက်တာ။”
“သူတို့ အထွတ်အထိပ်လျှပ်စီးအတိဒုက္ခကို ကျော်ဖြတ်ဖို့ သုံးရက်ကျော်ကျော်ပဲ အချိန်ယူလိုက်ရတယ်။”
“ဘယ်လိုတောင်ပြင်းထန်တဲ့ အငိအားလဲ။”
“အရင်တုန်းက ငါဆို အထွတ်အထိပ်လျှပ်စီးအတိဒုက္ခကို ကျော်ဖြတ်ဖို့ တန်ဖိုးကြီးကြီးပေးခဲ့ရတယ်။ အဲ့ဒါကိုကျော်ဖြတ်ဖို့ တစ်လလုံးလုံး အချိန်ယူခဲ့ရတာ။” “ဒါ...”
ပတ်ဝန်းကျင်မှ သာလွန်သူများက ထိတ်လန့်သောအမူအရာများ ပြသလာကြသည်။
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က အင်အားအသစ်ကို အခြေခိုင်မာအောင် လုပ်ပြီးတော့ လူ့ပုံစံပြောင်းကာ ချီမင်ထံသို့ပြန်လာပြီး ဦးညွှတ်လိုက်ကြသည်။
“မဆိုးဘူး။” ချီမင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါ...”
“သူတို့က သူ့ရဲ့အစေခံတွေပဲ။”
“အသက်ရှုမှားလောက်တယ်။”
“ကောင်းကင်ကိုးလွှာနဲ့မြေကြီးဆယ်ထပ်တစ်ခုလုံးကို တုန်ခါသွားစေနိုင်တဲ့ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်စေတဲ့သူဆိုတဲ့အတိုင်းပဲ။ တကယ်ကို ထူးခြားတယ်။လျှို့ဝှက်ဆန်းကြယ်တဲ့အဲ့ဒီသူက ဒီနှစ်ယောက်ကို ကျွန်ပြုထားတာပဲ။”
ပတ်ဝန်းကျင်မှ သာလွန်သူ (၂၈) ယောက်သည်ထိတ်လန့်သွားကြပြန်သည်။
မဟာယိုယွင်းကမ္ဘာက ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်၏ ပြည်နယ်သုံးထောင်နှင့်ဖွဲ့စည်းထားသည်ဟုသိကြသည်။သာလွန်သူ (၂၈) ယောက်သာ ရှိသည်တော့မဟုတ်ပေ။ ဤသူများသည် အစောဆုံးရောက်ရှိလာသူများသာ ဖြစ်သည်။
ချီမင် အဆင့်ချိုးဖြတ်မှုပြီးဆုံးသွားပြီးတဲ့နောက် ကြယ်ရွှေ့ပြောင်းခြင်း အံ့ဖွယ်စွမ်းအားကို အသုံးပြုကာ ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသောကြောင့် အခြားသာလွန်သူများက ချီမင်၏နေရာကို ရှာမတွေ့ကြပေ။ ထို့ကြောင့် (၂၈) ယောက်သာ ရောက်လာခဲ့ခြင်းဖြစ်သည်။
နောက်ထပ်နေ့တစ်ဝက်ကြာပြီးတော့ အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့၏ ဒုတိယအတိဒုက္ခဖြစ်သည့်အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ: ဝိညာဉ်အတိဒုက္ခ ရောက်ရှိလာသည်။
ဝိညာဉ်အတိဒုက္ခ။
နာမည်အတိုင်းပင်၊ ၎င်းက အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့၏ ဝိညာဉ်များကို တိုက်ရိုက်ပစ်မှတ်ထားသော အတိဒုက္ခတစ်ခုဖြစ်သည်။ ဝိညာဉ်အတိဒုက္ခ ကျရောက်လာခြင်းသည် လျှပ်စီးအတိဒုက္ခကဲ့သို့ ကြီးကျယ်ခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ဖြစ်ပေါ်လာသည်။
မသိလိုက်မသိဘာသာပင် ဝိညာဉ်အတိဒုက္ခက ကျရောက်နေပြီဖြစ်၏။
ထို့နောက် အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ကတင်ပျဉ်ခွေထိုင်လိုက်ကြသည်။ ကောင်းကင်နှင့်မြေကြီး၏ ကပ်ဘေးစွမ်းအားက သူတို့အပေါ် သက်ရောက်လာသောကြောင့် သူတို့၏ဝိညာဉ်များကို အမျိုးမျိုးသောကပ်ဘေးဒုက္ခများထဲသို့ ကျရောက်သွားစေသည်။
“အထွတ်အထိပ်ဝိညာဉ်အတိဒုက္ခက တိတ်ဆိတ်ပြီးဆန်းကြယ်တယ်။ ဒါက ဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားတာ။ မခံနိုင်ဘူးဆိုရင် ဝိညာဉ်ကပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်တစ်ခုပဲ ကျန်ခဲ့လိမ့်မယ်။”
“ဟုတ်တယ်၊ ဟုတ်တယ်။”
“အထွတ်အထိပ်လျှပ်စီးအတိဒုက္ခကို ကျော်ဖြတ်ပြီးတဲ့ ကျွမ်းကျင်သူ ဘယ်လောက်များများက ဝိညာဉ်အတိဒုက္ခထဲမှာ သေဆုံးပြီးပြီလဲဆိုတာ မသိဘူး။”
“သူတို့နှစ်ယောက် အောင်မြင်နိုင်ပါ့မလား မသိဘူး။”
မဟာယိုယွင်းကမ္ဘာမှ သာလွန်သူများက ဆွေးနွေးနေကြသည်။
ထို့အပြင် သူတို့သည် ချီမင်၏နောက်ခံနှင့် အထောက်အထားကို စုံစမ်းရန် သက်ဆိုင်ရာဂိုဏ်းများနှင့် အင်အားစုများကို စေလွှတ်ထားခဲ့သော်လည်း ဘာမှမရရှိခဲ့ပေ။
ထို့ထက်ပို၍...
ချီမင်သည် မူလကတည်းက မဟာယိုယွင်းကမ္ဘာ၏ သက်ရှိတစ်ဦးမဟုတ်ပေ။
အချိန်ကုန်လွန်သွားသည်။
ခုနစ်ရက်အကြာတွင်...
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့၏ ခန္ဓာကိုယ်များမှ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ သူတို့၏အရှိန်အဝါများ မြင့်တက်လာပြီး မမြင်နိုင်သော ဝိညာဉ်လှိုင်းဂယက်တစ်ခုက ပတ်ဝန်းကျင်ကို ပျံ့နှံ့သက်ရောက်သွားသည်။
မကြာမီမှာပင် အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က မျက်လုံးဖွင့်ကာ နိုးထလာကြသည်။
ခုနစ်ရက်ကုန်ဆုံးသွားခဲ့သည်။
သူတို့နှစ်ဦးသည် အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ဒုတိယအဆင့်ဖြစ်သော ဝိညာဉ်အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၏။
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ မတ်တပ်ရပ်လိုက်ကြသည်။ “ကျွန်တော်တို့ ဝိညာဉ်အတိဒုက္ခကို ကျော်ဖြတ်ပြီးပါပြီ။”
“အရမ်းကောင်းတယ်။” ချီမင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏ “နောက်ထပ် အတိဒုက္ခ ခုနစ်မျိုးပဲ ကျန်တော့တယ်။”
“ဟုတ်ကဲ့။” အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ပြန်ဖြေလိုက်ကြသည်။
“သူတို့ ကျော်ဖြတ်သွားပြီ။”
“ခုနစ်ရက်ပဲ အချိန်ယူလိုက်တယ်၊ ခုနစ်ရက်ပဲ!”
“အတုန်းက ငါဆို ဝိညာဉ်အတိဒုက္ခကို ကျော်ဖြတ်ဖို့ ခြောက်လတိတိ အချိန်ယူခဲ့ရတယ်။”
မဟာယိုယွင်းကမ္ဘာမှ သာလွန်သူများသည် တစ်ဖန် ထိတ်လန့်သွားကြပြန်သည်။
နောက်ထပ်နေ့တစ်ဝက် ကုန်လွန်သွားသည်။
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က သူတို့၏ တတိယမြောက်အတိဒုက္ခဖြစ်သော စစ်မှန်ဝိညာဉ်အတိဒုက္ခကို ကြိုဆိုလိုက်ကြရသည်။
ဤတစ်ကြိမ် ကောင်းကင်အတိဒုက္ခသည် ဝိညာဉ်အတိဒုက္ခနှင့် အနည်းငယ်ဆင်တူသည်။ ၎င်းသည်လည်း မမြင်နိုင်သော ကပ်ဘေးဒုက္ခတစ်ခုဖြစ်သည်။ ထို့အပြင် ၎င်းသည် တိတ်ဆိတ်စွာ ကျရောက်လာပြီး သူတို့၏ စစ်မှန်ဝိညာဉ်များအပေါ် တိုက်ရိုက်သက်ရောက်ကာ ကပ်ဘေးစွမ်းအားဖြင့် သူတို့၏ စစ်မှန်ဝိညာဉ်များကို ဖျက်ဆီးဖို့ကြိုးစားလိုက်သည်။
ဤတစ်ကြိမ်တွင်လည်း အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့သည် တတိယမြောက်အတိဒုက္ခဖြစ်သော စစ်မှန်ဝိညာဉ်အတိဒုက္ခကို လုံးလုံခြုံခြုံနှင့် ခုနစ်ရက်မျှအချိန်ယူပြီးကျော်ဖြတ်သွားသည်။