အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခ ကျော်လွှားခြင်း ဝိညာဉ်အတိဒုက္ခချီ
Vol. 17 Ch. 251
ချီမင်က နဝမအဆင့်ကောင်းကင်အတိဒုက္ခကို ခေါင်းအသာမော့ကာ ကြိုဆိုလိုက်သည်။ ကြည်လင်နေသည့်ကောင်းကင်ပြာက အလျင်အမြန်ပြောင်းလဲသွားသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက စုစည်းလာပြီး ပြင်းထန်သည့်အင်အားဖြင့်ဖိနှိပ်လာသည်။
ထိုကဲ့သို့ကြီးမားသည့်စွမ်းအားမျိုးက ပတ်ဝန်းကျင်မှသူများ၏မျက်စိထဲတွင်တော့ ခုခံဖို့ ခဲယဉ်းသည့် စွမ်းအားမျိုးဖြစ်သည်။ စစ်မှန်ကျယ်ပြန်သည့်ကောင်းကင်အရှိန်အဝါပေ။ ကောင်းကင်အတိဒုက္ခ၏နယ်နိမိတ်ထဲ၌ရှိမနေလျှင်ပင် သူတို့ခင်ဗျာခေါင်းကိုမထောင်နိုင်လောက်သည့်အထိ ဖိနှိပ်ခံနေရသေးသည်။
ချီမင်၏မျက်လုံးထဲတော့ မတူညီပေ။
နဝမအဆင့်ကောင်းကင်အတိဒုက္ခနှင့်ရင်ဆိုင်နေရလျှင်ပင် ချီမင်က ဘာမှမခံစားရပေ။ ကောင်းကင်အတိဒုက္ခနှင့်ရင်ဆိုင်နေရသည်မှာ လေပြေလေညှင်းကလေးများတိုက်ခတ်သွားသည့်ပမာ အလွန်ကိုသက်တောင့်သက်သာဖြစ်ပေသည်။
လျှပ်စီးအတိဒုက္ခသည် မြည်ဟိန်းလာတော့၏။
အချိန်ခဏလေးအတွင်းမှာ အတိဒုက္ခတိမ်တိုက်များက ကောင်းကင်အပြည့်ဖုံးလွှမ်းသွားပြီး နဝမအဆင့် ကောင်းကင်အတိဒုက္ခအဖြစ်စုစည်းဖြစ်တည်လာတော့သည်။ ကောင်းကင်ကိုးထပ်ပမာ ဖြစ်သွားပြီး တန်ခိုးအရှိန်အဝါကလည်း အမှန်တကယ်ပင် ကြီးကျယ်ခမ်းနား၏။
ခရက်!ခရက်!
လျှပ်စီးမိုးကြိုးများက ရေလွှမ်းနဂါးတစ်ကောင်ပမာကခုန်လျက်ရှိသည်။
“ဒါက တကယ်ကြီးနဝမအဆင့်ကောင်းကင်အတိဒုက္ခပဲ။”
“အစကနေအဆုံးထိကို ရက်နှစ်ဆယ်ပဲရှိသေးတယ်။ လတစ်ဝက်တောင်မပြည့်သေးဘူး။ သူက ကောင်းကင်အတိဒုက္ခခုနစ်ခုတိတိဖြတ်ကျော်ပြီးသွားပြီ။ အခု နောက်ဆုံးအတိဒုက္ခ နဝမအဆင့်ကောင်းကင်အတိဒုက္ခကိုကျော်ဖြတ်တော့မယ်။
(ဘာသာပြန်သူ၏ရှင်းလင်းချက်: နဝမအဆင့် အတိဒုက္ခက အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ကိုတက်တာပါ။ မဟာယနအဆင့်ကိုတက်တာကြ အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခပါ)
လူတိုင်း ထိတ်လန့်သွားကြရပြန်သည်။
“နောက်ဆုံး ကောင်းကင်အတိဒုက္ခ”
ချီမင်က ပြုံး၍ဆိုသည်။ “ဒီတစ်ကြိမ်တော့ ငါမဟာကပ်ဘေးဒုက္ခနည်းစနစ်ကိုမသုံးတော့ဘူး။ လျှပ်စီးအတိဒုက္ခရဲ့စွမ်းအားကို ငါကိုယ်ပိုင်အင်အားနဲ့ပဲကျော်ဖြတ်တော့မယ်။”
ဘုန်း!ဘုန်း!ဘုန်း!
နဝမအဆင့်အတိဒုက္ခတိမ်တိုက်က မိုးကြိုးလျှပ်စီးများကို တိုက်ရိုက်ပစ်လွှတ်လိုက်သည်။ လျှပ်စီးမိုးကြိုးသွားများမှာ ထူထပ်သည့်လျှပ်စီးတိုင်ကြီးများအလားပင်။ လျှပ်စီးတွေမိုးကြိုးများပြင်းထန်နေသည်မှာ နေရာလွတ်ပါ နှစ်ခြမ်းကွဲထွက်တော့မည့်ဟန်ပေါ်နေသည်။
မိုးကြိုးက ချီမင့်ကိုယ်ကိုထိမှန်သွားသည်။ လျှပ်စီးသွားက ဖြတ်ခနဲလင်းလက်သွားပြီးမှ မျက်စိကျိန်းလောက်ဖွယ်အလင်းတန်းကြီးပေါ်လာသည်။
“ဟားဟားဟား...”
မိုးကြိုးလျှပ်စီးများကြား၌ ချီမင်က ရယ်မောလျက်ရှိသည်။ သူ့ခန္ဓာကိုယ်၌ ဓမ္မစွမ်းအားများလည်ပတ်နေသည်။ ဖရိုဖရဲမြင့်မြတ်ခန္ဓာကြောင့် ခန္ဓာကိုယ်အင်အားမှာ အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည့်အဆင့်ကိုရောက်ရှိနေပြီဖြစ်၏။ “နဝမအဆင့်ကောင်းကင်အတိဒုက္ခရဲ့စွမ်းအားလား။ အားနည်းတယ်။ အရမ်းအားနည်းလွန်းတယ်။”
“ငါကို နည်းနည်းလေးတောင် မထိခိုက်စေဘူး။”
“ဖရိုဖရဲလက်သီး”
ချီမင်၏အကြည့်က တည်ငြိမ်လျက်ရှိသည်။ သူက ခန္ဓာကိုယ်အနေထားတစ်ခုပြုလုပ်လိုက်သည်။သူက မြင်းထိုင် ထိုင်လိုက်ပြီး ခါးပေါ်တွင် လက်သီးဆုပ်ကာတင်ထားလိုက်သည်။
နောက်တစ်ခဏမှာ ချီမင်က ညာဘက်လက်သီးကိုပစ်သွင်းလိုက်သည်။ မယုံနိုင်လောက်အောင်ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးတစ်ချက်ထွက်ပေါ်လာသည်။ ထိုလက်သီးက ဖရိုဖရဲမြူခိုးလက်သီးအင်အားအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးတတ်သွားသည်။ ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားဖြစ်ပေသည်။
ကြီးကျယ်ခမ်းနားသည့် နဝမအဆင့်ကောင်းကင်အတိဒုက္ခမှာ ချီမင်၏လက်သီးချက်ကြောင့် အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာသည်။
လက်သီးတစ်ချက်
လက်သီးတစ်ချက်သာဖြစ်သည်။
နဝမအဆင့် ကောင်းကင်အတိဒုက္ခက ပျက်စီးသွားတော့သည်။
“ဟားဟားဟား”
ချီမင်က ကောင်းကင်ယံ၌ နောက်တစ်ကြိမ်ရယ်မောလိုက်ပြန်သည်။ တွင်းနက်ကြီးတစ်ခုသဖွယ် ပါးစပ်ကိုဟကာ စုပ်ယူလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့်စုပ်ယူအားတစ်ခုထွက်ပေါ်လာပြီး နဝမအဆင့်ကောင်းကင်အတိဒုက္ခကို ဖျက်ဆီးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နဝမအဆင့်ကောင်းကင်အတိဒုက္ခတစ်ခုလုံးက မည်းနက်နေသည့် မြစ်တစ်စင်းအဖြစ်ပြောင်းလဲသွားပြီး ချီမင်ထံမှ စုပ်ယူခံရလိုက်ရကာ ဓမ္မစွမ်းအားအဖြစ်သန့်စင်ခံလိုက်ရ၏။
ချီမင်က တစ်ချက်တည်းဖြင့် စုပ်ယူလိုက်သည်။ ကောင်းကင်ယံမှ ကြယ်တာရာတို့ရွှေ့ပြောင်းသွားသည့်ပမာ စုပ်ယူခံလိုက်ရသည်။
ထိုမြင်ကွင်းသည် သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ကြယ်တာရာမြစ်တစ်စင်းလုံး ပြိုကျပျက်စီးကာ လှိုင်းနှင့်အတူ မျောပါသွားသည်ကို မြင်နေရသကဲ့သို့ပင်။
တန်ခိုးအရှိန်အဝါကြီးမားသည့် နတ်ဘုရားတစ်ပါးအလားပင်။
စွမ်းအားကြီးလွန်းပေသည်။
ချီမင်က သူလက်ရှိဘယ်အဆင့်၌ ရောက်နေပြီးမှန်းသူကိုယ်တိုင်ပင်မသိပေ။ သူသာ အင်အားအပြည့်ထုတ်မိပါက မဟာယိုယွင်းကမ္ဘာတစ်ဝက်ကျော်လောက်ကိုဖျက်ဆီးနိုင်မည်ဟု ခံစားရသည်။
အလွန်အမင်းကိုစွမ်းအားကြီး၏။
နဝမအဆင့်ကောင်းကင်နှင့်မြေကြီးနှစ်ခြင်းက သက်ဆင်းလာသည်။
ချီမင်က လေဟာနယ်ထဲတွင်တင်ပျဉ်ခွေချိတ်ထိုင်လျက် ဖရိုဖရဲမဟာတာအိုကျမ်းကို လည်ပတ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များကိုစုပ်ယူကာ အင်မော်တယ်သလင်းကျောက်များကို စုပ်ယူသန့်စင်လိုက်တော့သည်။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်၏တစ်ကိုယ်လုံးက တုန်ခါလာသည်။ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်သွားခြင်းဖြစ်၏။ သူသည် ရှစ်ခုမြောက်အတိဒုက္ခကိုကျော်လွှားပြီး အတိဒုက္ခကျော်လွှားခြင်း နောက်ဆုံးအဆင့်သို့ရောက်ရှိသွားတော့သည်။
နှစ်ခြင်းကိုးကြိမ်၊ အသွင်ပြောင်းခြင်းကိုးကြိမ်၊ စိတ်ဆန္ဒအသွင်းပြောင်းခြင်းကိုးကြိမ်
ချီမင်က အကန့်အသတ်ကိုရောက်ရှိသွားပြီး အောက်ကမ္ဘာ၏ အထွတ်အထိပ်စွမ်းအားနှင့်ထိတွေ့မိတော့မည်ဖြစ်ပေသည်။ သူက အကန့်အသတ်ကိုထိတွေ့မိနေပြီဖြစ်၏။
ကိစ္စတွေက မပြီးဆုံးသေးပေ။
နေ့တစ်ဝက်ကြာမျှ ချီမင်က သူ၏ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင်လုပ်လိုက်သည်။ သူ့မျက်လုံးက လင်းလက်လာပြီး ပစ္စည်းစာရင်းထဲမှ အဆင့်ကိုးကောင်းကင်အတိဒုက္ခရွှေအမြူတေကို ထုတ်ယူလိုက်သည်။
သူ့လက်ဖဝါးထက်၌ လက်မအရွယ် ရွှေရောင်ဆေးလုံးတစ်ခုပေါ်လာ၏။ ရွှေရောင်အလင်းတောက်ပလျက် အဝိုင်းပုံစံရှိသည်။ ဆေးလုံး၌ မယုံနိုင်စရာကောင်းသည့် ထူးခြားဖြစ်စဉ်အမျိုးမျိုး ထွက်ပေါ်နေသည်။
ခြေသည်းကိုးခုရွှေနဂါးကိုးကောင်က အသက်ဝင်လာကာ ဆေးပေါ်၌ ကခုန်နေသည့်အလားပင်
ပစ္စည်း:အဆင့်ကိုးကောင်းကင်အတိဒုက္ခရွှေအမြူတေ
ဖော်ပြချက်: အကြီးစားဂိမ်းမြေအောက်စခန်း:ကောင်းကင်ကိုးလွှာအတိဒုက္ခနယ်ပယ်မှ ရရှိသည့်အထူးပစ္စည်းဖြစ်သည်။ အဆင့်ကိုး ဖန်တီးခြင်းကိုးကြိမ် ရွှေအမြူတေဟုလည်းခေါ်ကြသည်။ ကောင်းကင်နှင့်မြေကြီး၏ အကန့်အသတ်မဲ့ဖန်တီးခြင်းစွမ်းအားများပါဝင်သည်။
ဒဏ္ဍာရီတွေအရ အဆင့်ကိုးရွှေအမြူတေကို စားသုံးပါက ချက်ချင်းကို အင်မော်တယ်တစ်ပါး ဖြစ်သွားနိုင်သည်။
ဆေးလုံးကိုစားသုံးပြီး ဆေးအာနိသင်ကိုသန့်စင်ပြီးသည့်နောက်မှာ အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်၏အကန့်အသတ်ထိတိုက်ရိုက်မြှင့်တင်ပေးနိုင်ပြီး အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ဆင့်ခေါ်နိုင်သည်။
“အဆင့်ကိုး ရွှေအမြူတေ အင်မော်တယ်တစ်ပါးဖြစ်ခြင်း”
ချီမင် ကပြုံးလိုက်သည် “ဒီအဆင့်ကိုးရွှေအမြူတေက မဟာအထွတ်အထိပ်အရှင်တစ်ပါးရဲ့ ဆေးမီးဖိုထဲကများလား။”
ထို့နောက်မှာတော့
ချီမင်က အဆင့်ကိုးကောင်းကင်အတိဒုက္ခရွှေအမြူတေကို မျိုချလိုက်ကာ ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကို လည်ပတ်လိုက်သည်။ သူ့ဒန်တျန်းထဲက ဖရိုဖရဲစစ်မှန်ခန္ဓာက မျက်စိကျိန်းဖွယ်အလင်းရောင်တစ်ချက်ထုတ်လွှတ်လိုက်သည်။ မဟာတာအိုစစ်မှန်အမှတ်အသားက ပျံ့နှံ့လာပြီးကောင်းကင်နှင့်မြေကြီး၏စွမ်းအားက ပေါ်ပေါက်လာသည်။
အဆင့်ကိုး ကောင်းကင်အတိဒုက္ခရွှေအမြူတေ၏ဆေးအာနိသင်က ပျော်ဝင်သွားပြီး ရွှေရောင်နေမင်းတစ်စင်းပမာ ပေါ်ပေါက်လာသည်။ ကြီးကျယ်မြင့်မြတ်သည့် ဖန်တီးခြင်းစွမ်းအားများ ပေါ်ပေါက်လာသည်။ အဆင့်ကိုး ကောင်းကင်အတိဒုက္ခရွှေအမြူတေ၏အကျိုးသက်ရောက်မှုကတခြားရွှေအမြူတေများ၏အာနိသင်များထက်ပြင်းထန်သည်။ ထို့ကြောင့်ချီမင်က သုံးရက်တိတိအချိန်ယူပြီးစုပ်ယူကာ သန့်စင်ရတော့၏။
ချီမင်၏ကိုယ်က လှုပ်ခါလာသည်။ သူ့အရှိန်အဝါက လည်း တည်ငြိမ်လာသည်။ အတိဒုက္ခကျော်လွှားခြင်းနဝမအဆင့်၏အကန့်အသတ်ထိရောက်ရှိသွား၏။
ကောင်းကင်နှင့်မြေကြီးက ခံစားမိသွားပုံရသည်။ ချီမင်က ဆေးအာနိသင်၏ အကျိုးသက်ရောက်မှုအောက်မှာ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခသက်ဆင်းလာခြင်းကို အာရုံခံမိသွားသည်။ သူကကျင့်ကြံခြင်းမှနိုးထလာပြီး မျက်လုံးဖွင့်ကာ ကျယ်ပြန့်သည့်ကောင်းကင်ကိုကြည့်လိုက်သည်။
“အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ”
ချီမင်၏အမူအရာက တည်ငြိမ်သွား၏။ “မင်းက မြန်မြန်ရောက်လာတာပဲ။”
သူက ထရပ်လိုက်ပြီး အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ပထမအဆင့် လျှပ်စီးအတိဒုက္ခကိုရင်ဆိုင်လိုက်သည်။
ချီမင်က အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ကျော်လွှားသည်ကို မြင်ဖူးတာကြာပြီဖြစ်၏။ သူက သဘာဝအတိုင်း အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို အကြမ်းဖျင်းနားလည်ထားသည်။
“အထွတ်အထိပ် အတိဒုက္ခ! ဒါကြီးက အထွတ်အထိပ်အတိဒုက္ခပဲ။”
“အသက်ရှုတောင်မှားသွားတယ်။”
“သူ တကယ်ကြီးအထွတ်အထိပ်အတိဒုက္ခကိုကျော်လွှားတော့မှာလား။”
“သူ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကိုကျော်ဖြတ်ပြီးတာနဲ့နဝမအဆုံးစွန်အဆင့်ရဲ့ အကန့်အသတ်ထိရောက်သွားတာပဲ။ သူက အခုအထွတ်အထိပ်အတိဒုက္ခကိုကျော်လွှားတော့မယ်။ အရမ်းမြန်လွန်းတယ်။ လဝက်လောက်ပဲရှိဦးမယ်။”
ရှိနေကြသည့်သူများက ထိတ်လန့်သွားကြရပြန်သည်။ သာလွန်သူငါးယောက်ပင် မတည်ငြိမ်နိုင်တော့ပေ။
“သူသာ အထွတ်အထိပ်အတိဒုက္ခရဲ့အဆင့်ကိုးဆင့်လုံးကို ကျော်ဖြတ်နိုင်သရွေ့တော့ သူ့အင်အားနဲ့ဆို ပြိုင်ဘက်ကင်းသာလွန်သူတစ်ယောက်ဖြစ်လာမှာ သေချာတယ်။”
“ဟုတ်တယ်။”
“ငါတို့တော့ ကြီးမြတ်တဲ့ ပြိုင်ဘက်ကင်းသာလွန်သူတစ်ပါးမွေးဖွားလာတာကို ကိုယ်တွေ့ကြုံလိုက်ရပြီ။”
သာလွန်သူငါးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီး တစ်ယောက်ချင်းစီ၏မျက်ဝန်းထဲ၌ ထိတ်လန့်မှုကိုမြင်တွေ့ရသည်။ သူတို့ သက်ပြင်းချလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ပထမအဆင့် လျှပ်စီးအတိဒုက္ခ ဖြစ်တည်လာသည်။ စုစုပေါင်း အတိဒုက္ခတိမ်တိုက်ပေါင်း (၈၁)လွှာရှိသည်။ တန်ခိုးအရှိန်အဝါမှာ ကြီးမားပြင်းထန်ပေသည်။
အတိဒုက္ခတိမ်တိုက်(၈၁)လွှာထဲတွင် လျှပ်စီးမိုးကြိုးများမှာ နဂါးအသွင်မရှိတော့ပေ။ သူတို့က လူသားပုံရိပ်များအဖြစ် ဆင့်ကဲပြောင်းလဲလာတော့သည်။ ထိုလူသားပုံစံများက မဟာယိုယွင်းကမ္ဘာ၌ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ဖြတ်ကျော်ပြီးသော သာလွန်သူများ၏ပုံရိပ်များဖြစ်သည်။ ထိုပုံရိပ်များ၏ပုံတူက မဟာယိုယွင်းကမ္ဘာ၌ ထွင်းထုခြင်းခံထားရ၏။ ကောင်းကင်နှင့်မြေကြီးက ထိုသူတို့၏ပုံရိပ်အဖြစ်ပြောင်းလဲထားခြင်းဖြစ်သည်။
လူသားပုံစံ လျှပ်စီးမိုးကြိုးတိုင်းက သာလွန်သူအဆင့်အောက် တိုက်ပွဲဝင်စွမ်းအားမျိုးရှိသည်။
“တိုက်” ချီမင်က ဟိန်းဟောက်လိုက်သည်။ သူ၏အကြည့်က စူးရဲတောက်ပလျက်ရှိပြီး တိုက်ခိုက်လိုစိတ်ကလည်းမြင့်တက်နေသည်။ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ပထမအဆင့် လျှပ်စီးအတိဒုက္ခဖြစ်သော်လည်း ဘာဖိအားမှမခံစားရပေ။ သို့ပေမယ့် နဝမအဆင့်ကောင်းကင်အတိဒုက္ခထက်တော့ပို၍စွမ်းအားကြီးသေးသည်။
သူက ကောင်းကင်အတိဒုက္ခ(၈၁)လွှာလုံးကိုဖျက်ဆီးပစ်လိုက်သည်။ ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏ စွမ်းအားက အံ့ဖွယ်စွမ်းအားတစ်ခုပြီးတစ်ခုသုံးလျက် ထွက်ပေါ်လာသည်။
ဓမ္မစွမ်းအားကတိုးထွက်လာပြီး ကောင်းကင်အတိဒုက္ခ(၈၁)လွှာ၌ အပေါက်ကြီးတစ်ခုထွက်ပေါ်လာသည်။
လူသားပုံစံမိုးကြိုးများက တိုက်ခိုက်လိုက်ပြီး ချီမင်၏လက်သီးချက်ကို ဖျက်ဆီးလိုက်သည်။ ပုံရိပ်တစ်ခုတစ်လေပင် ချီမင့်လက်သီးကိုထိပ်တိုက်မရင်ဆိုင်နိုင်ပေ။
ပြိုင်ဘက်ကင်းပေသည်။
ပြိုင်ဘက်ကင်းစွမ်းရည်ဖြစ်ပေသည်။
ချီမင်က ကောင်းကင်နှင့်မြေကြီးကိုပင်တုန်ခါသွားစေသည့် ဟိန်းသံတစ်ခုထုတ်လိုက်သည်။ သူက အံ့ဖွယ်စွမ်းအား နဂါးနှင့်ကျားဖိနှိပ်ခြင်းကို အကန့်အသတ်ထိသုံးလိုက်၏။ ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားနှင့်ပေါင်းစပ်လိုက်တော့ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ပထမအဆင့် လျှပ်စီးအတိဒုက္ခကို အနိုင်ယူလိုက်နိုင်သည်။
ပေါက်ကွဲသံအကျယ်ကြီးတစ်ခုထွက်ပေါ်လာသည်။
ချီမင်က အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ပထမအဆင့် လျှပ်စီးအတိဒုက္ခကိုဖျက်ဆီးပစ်လိုက်သည်။ လျှပ်စီးအတိဒုက္ခကြောင့် သူ၏ဓမ္မစွမ်းအားက ဘာမှမပြောင်းလဲသွားပေမယ့် ပိုပြီးပြည့်စုံကာ သန့်စင်လာတာကိုခံစားရသေး၏။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်က သဏ္ဍာန်မဲ့ကောင်းကင်နှင့်မြေကြီး၏ မမြင်နိုင်သည့်စွမ်းအားသက်ဆင်းလာတာကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းလာပြီး ဝိညာဉ်ကိုသက်ရောက်သွားသည်။ တစ်နည်းနည်းဖြင့် ချီမင်၏ကိုယ်က တုန်ခါသွားသည်။ သူ့ဝိညာဉ်က မည်းနက်နေသည့်ကမ္ဘာတစ်ခုထဲသို့ကျဆင်းသွားခြင်းကို ခံစားလိုက်ရသည်။ ချီမင်သတိပြန်ဝင်လာသည့်အခါ သူထူးဆန်းကပ်ဘေးဒုက္ခနေရာလွတ်ထဲသို့ ကျဆင်းနေသည်ကို တွေ့လိုက်ရသည်။ ပိုပြီးတိတိကျကျပြောရလျှင် ချီမင်၏ဝိညာဥ်ကထူးဆန်းကပ်ဘေးဒုက္ခနေရာလွတ်ထဲတွင် ပိတ်မိသွားခြင်းဖြစ်သည်။
“ဒါက အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခဒုတိယအဆင့် ဝိညာဉ်အတိဒုက္ခပဲ။”
ချီမင်တုန့်ပြန်လိုက်သည် “ဒီလိုဆို ဝိညာဉ်အတိဒုက္ခပုံစံကထူးဆန်းကပ်ဘေးဒုက္ခနေရာလွတ်ထဲကို ကျော်ဖြတ်သူရဲ့ဝိညာဉ်ကိုဆွဲချသွားတာပဲ။”
သိပ်မကြာခင်မှာပဲ မမြင်နိုင်သည့်ကပ်ဘေးချီက ချီမင်ကို ပစ်မှတ်ထားလိုက်သည်။ ဝိညာဉ်ကပ်ဘေးချီလို့ခေါ်နိုင်ပြီး ကျော်ဖြတ်သူ၏ဝိညာဉ်ကို ဖျက်ဆီးပြီး သန့်စင်နိုင်၏။
“သန့်စင် ရွှေခန္ဓာ”
အတွေးတစ်ချက်ဖြင့် ချီမင်က အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းက ချီမင်၏ဝိညာဉ်မျက်နှာပြင်မှာပေါ်ပေါက်လာပြီးဝိညာဉ်ကပ်ဘေးချီကို ခုခံလိုက်သည်။