← Chapters

အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု ယန်လီ

Vol. 17 Ch. 256

အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု ယန်လီ

Vol. 17 Ch. 256

ချီမင်လက်ရှိရောက်နေသည့်မြောက်ပိုင်းဒေသက တောင်ပိုင်းဒေသနှင့်အလွန်အမင်းဝေးကွာသည်။ မြောက်မှတောင်သို့ပုံမှန်အတိုင်းသွားမည်ဆိုလျှင် အချိန်အများကြီးလိုအပ်သည်။ တိုက်ကြီးတစ်ဝက်နီးပါးကွာသည်။

သူက ဟင်းလင်းပြင်ခုန်ကူးခြင်းကိုသုံးလိုက်သည်။ ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူသာခြေရာမဲ့ပျံသန်းခြင်းကို သုံးပြီး လျှို့ဝှက်နက်နဲကမ္ဘာမှကြိုက်တဲ့နေရာကို ခုန်ကူးနိုင်သည်။

တောင်ပိုင်းဒေသ၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း

အလင်းတစ်ချက်လက်သွားသည်။

ချီမင်၏ပုံရိပ်က နေရာလွတ်ထဲမှထွက်ပေါ်လာသည်။ သူက ကောင်းကင်မှာရပ်နေပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးကိုပြင်းထန်သည့်အမူအရာနှင့်ကြည့်လိုက်သည်။ တိုက်ပွဲက ဖရိုဖရဲဖြစ်နေသည်။

သုံးရက်လောက်ကြာပြီးတော့ အင်မော်တယ်စစ်တပ်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို အလျင်အမြန်ဆင်းသက်လာသည်။ သတိပေးချက်မရှိတော့ဘဲ အင်မော်တယ်စစ်တပ်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို တိုက်ခိုက်လိုက်သည်။

သုံးရက်အတွင်းမှာပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း အကာအကွယ်အစီအရင်က ပျက်စီးသွားတော့သည်။

“တိုက်ခိုက်”

“တိုက်ကြ”

“အင်မော်တယ်တွေ မင်းတို့အကုန်လုံးသေရမယ်။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစစ်မြေပြင်၌ ‌တပည့်များနှင့်အကြီးအကဲတို့၏ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံများထွက်ပေါ်နေသည်။ တိုက်ပွဲညာသံတွေ ဟိန်းဟောက်သံတွေ ထွက်ပေါ်နေသည်။ ကောင်းကင်ယံမှာ မဟာအကြီးအကဲများနှင့်မြို့အရှင်အဆင့် အင်မော်တယ်မျိုးနွယ်တို့ တိုက်ခိုက်နေကြသည်။

သိုင်းနည်းစနစ်အမျိုးမျိုးနှင့်စွမ်းအင်မျိုးစုံတို့တိုက်ခိုက်လျက်ရှိသည်။ တိုက်ပွဲကပြင်းထန်လျက်ရှိပြီး သေကြေမှုတွေများပြားလာသည်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတောင်တန်းများမှ မွေးမြူထားသည့်နတ်ဆိုးများမှာ ထိုအခွင့်အရေးကိုယူလျက် ဂိုဏ်းကို အရူးအမူးလက်စားချေနေကြသည်။

မြေပြင်တစ်ခွင်လုံး ဗြောင်းဆန်လျက်ရှိသည်။

နေရာလွတ်က အက်ကွဲလာသည်။

တောင်တန်းအလီလီ ပြိုကျပျက်စီးကုန်သည်။

ဘုန်း! ဘုန်း!

သွေးချောင်းစီးကုန်သည်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှတပည့်များနှင့်အကြီးအကဲများမှ စစ်မြေပြင်တွင်တစ်ဦးပြီးတစ်ဦးကျဆုံးလျက် ရှိသည်။ မြင်ကွင်းက ကြေကွဲဖွယ်ဖြစ်သည်။

အင်မော်တယ်များလည်း သေဆုံးလျက်ရှိသည်။

အင်မော်တယ်စစ်တပ်နှင့်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ သုံးရက်နှင့်သုံးညတိုက်ခိုက်လာသည်။

နွေဦးဆောင်းဦးဂိုဏ်းနှင့် ဗုဒ္ဓတစ်သောင်းဂိုဏ်းမှ စစ်ကူများမှာ ရောက်မလာကြသေးပေ။ အင်မော်တယ်များက ကြိုတင်ပြင်ဆင်ထားတာဖြစ်သည်။ သူတို့က ထိုဂိုဏ်းနှစ်ခုမှစစ်ကူပို့ခြင်းကိုတားဆီးရန် အင်မော်တယ်စစ်တပ်ကိုလွှတ်ထားသည်။

ဒီတစ်ကြိမ်၌ အင်မော်တယ်စစ်တပ်မှ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဖျက်ဆီးရန်ဆုံးဖြတ်ထားသည်။

စစ်မြေပြင်၌ ချီမင်သည် လုချင်းယန်၊ ယွမ်ဖုန်း၊ ရှောင်ဖန်း၊ သူ့ဆရာဖုန်း၊ တောင်ထွတ်သခင်မော့နှင့် တာအိုဆရာခရမ်းရောင်ကောင်းကင်တို့ကိုတွေ့လိုက်ရသည်။ သူက ရင်းနှီးသည့်မျက်နှာတချို့ကိုလည်းတွေ့ရသည်။

သူတို့က ပြင်းထန်သည့်တိုက်ပွဲအလယ်တွင် ကျရောက်နေကြသည်။

နှစ်တစ်ထောင်ကြာသွားခဲ့ပြီ။ ရှောင်ဖန်းနှင့်လုချင်းယန်က တာအိုပေါင်းစည်းခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ယွမ်ဖုန်းကတော့ အနည်းငယ်နိမ့်နေသေးသည်။ သူမက ဝိညာဉ်ဖွဲ့တည်ခြင်းအစောပိုင်းအဆင့်၌သာရှိသည်။

တခြားတစ်ဖက် ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်တွင်

ဖန်ကျန်း၊ ပန်လိုင်၊ ယင်းကျိုး

အင်မော်တယ်တောင်သုံးတောင် တားမြစ်ဧရိယာ၏အနက်ရှိုင်းဆုံးအပိုင်းတွင် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါတွေနိုးထလာသည်။ ပြင်းထန်သည့်ဆွေးမြေ့ခြင်းအရှိန်အဝါက တဖြည်းဖြည်းပျံ့နှံ့လာသည်။

ဖန်ကျန်းအင်မော်တယ်တောင်တားမြစ်ဧရိယာ၏ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်၊ ပန်လိုင်အင်မော်တယ်တောင်တားမြစ်ဧရိယာ၏ ဘိုးဘေးကောင်းကင်ကိုးလွှာ၊ ယင်းကျိုး‌အင်မော်တယ်တောင်တားမြစ်ဧရိယာ၏ဘိုးဘေး ဝါနက်ရောင်

သူတို့အားလုံးက မဟာယနအဆင့်မှာဖြစ်ပြီး လျှို့ဝှက်နက်နဲကမ္ဘာ၏ အထွတ်အထိပ်အဆင့်ဖြစ်သည်။

သူတို့အားလုံး နိုးထလာကြသည်။

“ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်”

ချီမင် ရင်းနှီးနေသည့်အသံကိုကြားလိုက်ရသည်။ ပုံရိပ်တစ်ခုကပျံသန်းလာသည်။ ထိုသူက အင်မော်တယ်ဘုရင်လင်းလုံဖြစ်သည်။

အင်မော်တယ်ဘုရင်လင်းလုံက နက္ခတာရာအလွှာ၌ ရပ်နေသည်။ သူက လက်တွေကိုနောက်ပစ်ထားပြီး သူ့အကြည့်ကမောက်မာဝံ့ကြွားလျက် အထင်သေးမှုတွေဖြင့်ပြည့်နှက်နေသည်။

“မင်းတို့တွေက သက်တမ်းကုန်ခါနီးမလို့ တားမြစ်ဧရိယာထဲမှာ ကိုယ့်ကိုယ်ကိုယ်စည်းခတ်ပြီး တက်လှမ်းဖို့အခွင့်အရေးရှာနေကြရတယ်။ ကံမကောင်းတာက အဲ့ဒီလိုစည်းခတ်လိုက်လည်း အချိန်တစ်ခုစာပဲရှင်သန်နိုင်တယ်။”

သွေးရောင်အလင်းတွေက ဒီရေအလားမြင့်တက်လာသည်။

ပုံရိပ်တစ်ခု ကောင်းကင်အပြည့် နေရာယူထားတဲ့သွေးအလင်းတန်းထဲက ထွက်လာသည်။ သူက သွေးအရှင်အင်မော်တယ်ဘုရင်ဖြစ်သည်။ သူ့အကြည့်က အေးစက်နေပြီးသတ်ဖြတ်လိုစိတ်တွေနှင့်ပြည့်နှက်နေသည်။ “ဒီနေ့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းပျက်စီးမယ့်နေ့ပဲ။”

“ငါကြားလာတာတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တောင်ပိုင်းဒေသရဲ့လမ်းမှန်လမ်းစဉ်ခေါင်းဆောင်ဆို”

တခြားအင်မော်တယ်ဘုရင်တစ်ပါးလည်းပေါ်လာသည်။ မည်းနက်နေသည့်မြူခိုးတို့မှာ အဆုံးမဲ့စီးဆင်းလာသည်။ ငရဲ၊ ယိုယွင်းခြင်း၊ သေဆုံးခြင်းနှင့်ဆိုးယုတ်ခြင်းအရှိန်အဝါတွေ ပျံ့နှံ့လာသည်။ သူ့တစ်ကိုယ်လုံးမှာ အပြစ်သားအရှိန်အဝါတွေထွက်ပေါ်နေသည်။ ထိုသူက အင်မော်တယ်ဘုရင် ငရဲမြစ်ဖြစ်သည်။

“ဒါပေမယ့် ဒီလောက်လေးပဲရှိတာလား။ သေခါနီးလူအိုကြီးသုံးယောက်ပဲရှိတယ်။”

“အရိုင်းအစိုင်းကောင်”

ယင်းကျိုးအင်မော်တယ်တောင်တားမြစ်ဧရိယာမှ ဘိုးဘေးဝါနက်ရောင်က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သူက ပထမဆုံးနိုးထလာတာဖြစ်သည်။ ဆွေးမြေ့ခြင်းအရှိန်အဝါ‌တွေပါဝင်နေသည့်ဝါနက်ချီတွေလည်ပတ်လာသည်။ ဝါနက်မိခင်ဒယ်စောက် ပျံထွက်လာတော့၏။

“အင်မော်တယ်တွေ” ဘိုးဘေးဝါနက်ရောင်က ကြိမ်းမောင်းလိုက်သည်။ “မင်းတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုတိုက်ခိုက်ရဲမှတော့ ဒီနေ့ပဲသေလိုက်တော့။”

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

ဝါနက်မိခင်ဒယ်စောက်က အင်မော်တယ်ဘုရင်ငရဲမြစ်ကို ရိုက်ချလိုက်သည်။

“ဟားဟားဟား...”

အင်မော်တယ်ဘုရင်ငရဲမြစ်ကကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့လေသံက လှောင်ပြောင်လိုမှုတွေပြည့်နှက်နေသည်။ “ရယ်ဖို့တောင်ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ်သာ အရင်ကယ်လိုက်ပါဦး။ ခင်ဗျားကများ ကျုပ်တို့ကိုသတ်မယ်။”

“ငရဲမြစ် ဓားလေးချက်”

ကလန်! ကလန်! ကလန်! ကလန်!

ဓားမြည်သံလေးချက်ထွက်ပေါ်လာပြီးလေထုကိုထိုးခွဲသွားသည်။

ထိုအသံတွေက အင်မော်တယ်ဘုရင်ငရဲမြစ်၏ကိုယ်ပိုင်ရတနာလေးလက်မှဖြစ်သည်။

ငရဲဓား၊ ယိုယွင်းခြင်းဓား၊ သေဆုံးခြင်းဓားနှင့်တိုက်စားခြင်းဓားတို့ဖြစ်ကြသည်။ ငရဲမြစ်၏ဓားလေးလက်လို့လည်းခေါ်သည်။

ကလန်! ကလန်!

ငရဲမြစ်ဓားလေးလက်က ခုတ်ပိုင်းချလိုက်သည်။ လေထုထဲတွင်ဝါနက်မိခင်ဒယ်စောက်နှင့် ထိပ်တိုက်တွေ့လိုက်သည်။ ဓားချီတွေ ပေါက်ကွဲထွက်လာပြီး ဝါနက်အလင်းရောင်ကိုဖြိုခွဲကာ ဒယ်စောက်ကိုတားဆီးလိုက်သည်။

ပုံရိပ်တစ်ခုက ယင်းကျိုးတားမြစ်ဧရိယာမှပျံထွက်လာသည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းပြီး ဝါနက်မိခင်ဒယ်စောက်ကို ပြန်ခေါ်လိုက်သည်။ ဒယ်စောက်က သူ့လက်ဖဝါးပေါ်၌ ဝဲပျံလာသည်။

သူက ချောမောသည့်လူငယ်တစ်ယောက်ပုံဖြစ်သည်။ သူ့မျက်လုံးတွေက ကြယ်တာရာတွေသဖွယ်လင်းလက်နေပြီး အရှိန်အဝါက ကောင်းကင်နှင့်မြေကြီးကိုဖိနှိပ်နိုင်သည်။ သူက အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ချောမောကာ ဆံပင်ရှည်တွေမှာတော့ ရေတံခွန်တစ်ခုသဖွယ်ဖြာကျနေသည်။

သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဘိုးဘေးသုံးပါးထဲမှတစ်ပါးဖြစ်သည့် ဘိုးဘေးဝါနက်ရောင်ဖြစ်သည်။

ချက်ချင်းပဲ ပန်လိုင်‌အင်မော်တယ်ဘုရင်တားမြစ်ဧရိယာမှ ဘိုးဘေးကောင်းကင်ကိုးလွှာထွက်ပေါ်လာသည်။ သူက လေးထောင့်ကျကျမျက်နှာနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ့နောက်မှာ မည်းနက်နေသည့်ဆေဘာတစ်လက်ကို ချိတ်ဆွဲထားသည်။

သိပ်မကြာခင်မှာပဲ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကလည်း ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ကို ကိုင်ထားလျက်ထွက်ပေါ်လာသည်။ သူက ဆံပင်ဖြူအကြီးအကဲတစ်ယောက်ဟန်မျိုးဖြစ်သည်။ သူမျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းနေသည်။

“ဘိုးဘေးတို့”

“ဘိုးဘေးသုံးပါးရောက်လာပြီ။”

စစ်မြေပြင်၌ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှတပည့်တွေနှင့်အကြီးအကဲများက ကြည့်ရှုလိုက်ကြသည်။

အင်မော်တယ်ဘုရင်သုံးပါး၏အရှိန်အဝါနှင့်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှဘိုးဘေးသုံးပါး၏အရှိန်အဝါတွေ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူတို့က တရားဝင်မတိုက်ရသေးပေမယ့် အရှိန်အဝါက တိုက်ခိုက်နေပြီဖြစ်သည်။ “ဆရာ”

ချီမင်၏အကြည့်က ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်အပေါ်ကျရောက်သွားသည်။ တစ်ချက်လောက်ကြည့်ပြီးတော့မှ အကြည့်ပြန်ခွာလိုက်ပြီး တခြားဖက်ကိုကြည့်လိုက်သည်။

သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီးလေဟာနယ်အလွှာထဲကို နေရာရွှေ့ပြောင်းလိုက်သည်။

နောက်တစ်ခဏမှာ ချီမင်၏ပုံရိပ်က လေဟာနယ်အလွှာ၌ပေါ်လာသည်။ သူ့ရှေ့မှာရင်းနှီးနေသည့်ပုံရိပ်နှစ်ခုရှိသည်။ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ဂိုဏ်းချုပ်ယန်လီနှင့်သူ့ကိုယ်ပိုင်တပည့် စုချင်းယင်တို့ဖြစ်သည်။

စုချင်းယင်၏မျက်နှာမှာဖျော့တော့နေသည်။ သူမက ကြောင်အနေပြီး သူမအမူအရာက အသက်မရှင်ချင်တော့သည့်အတိုင်း မလိုလားမှုတွေပြည့်နှက်နေသည်။

သူမကတစ်ခုခုကိုထိတ်လန့်နေပုံပေါ်သည်။

“ချီမင်”

ယန်လီ လေဟာနယ်အလွှာ၌ ရပ်နေပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစစ်မြေပြင်ကိုကြည့်နေသည်။ သူ့အမူအရာကရှုပ်ထွေးနေပြီး တစ်ခုခုကိုစဉ်းစားနေပုံရသည်။ ချီမင်ရုတ်တရက်ပေါ်လာတာက သူ့ကိုထိတ်လန့်သွားစေပြီး သတိပြန်ဝင်လာသည်။

“မင်းသေချင်နေတာလား”

“စီနီယာ.. စီနီယာချီ”

စုချင်းယင်က ရုတ်တရက်လှုပ်ရှားလာသည်။ သူမကချီမင်ကိုမြင်တော့ ရှင်သန်လိုစိတ်က‌ပြန်ပေါ်လာသည်။ သို့ပေမယ့် သူမမျက်နှာမှာထိတ်လန့်သည့်အမူအရာပေါ်လာသည်။ “ပြေး... ပြေး‌တော့။”

“တိတ်စမ်း” ယန်လီ၏အမူအရာကအေးစက်သွားသည်။

“!!” စုချင်းယင်က ကြောက်သွားပြီး ပါးစပ်ပိတ်လိုက်သည်။

“ဂိုဏ်းချုပ်..” ချီမင်က အသက်ပြင်းပြင်းရှုလိုက်ပြီး ယန်လီကိုစိုက်ကြည့်လိုက်သည်။ သူကပြောလိုက်သည်။ “တကယ်‌ဆို အခုချိန်မှာ ငါမင်းကို အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုလို့ပြောရမလားပဲ။”

ယန်လီလည်း ခဏလောက်ကြောင်သွားသည်။ သူ့အကြည့်က အနည်းငယ်ရှုပ်ထွေးသွားသည်။ “ချီမင် မင်းကတော့ တကယ့်ကိုအင်မော်တယ်ဘိုးဘေးအလေးထားရတဲ့ဖြစ်တည်မှုဆိုတဲ့အတိုင်းပဲ။ ငါဘာမှတောင်မပြောရသေးဘူး။ မင်းကအကုန်လုံးကို ကြိုသိနေပြီ။”

“ဟုတ်တယ် မင်းပြောတာမှန်တယ်။”

ယန်လီက သက်ပြင်းချလိုက်သည်။ “လွန်ခဲ့တဲ့(၁၅)နှစ်လောက်က ငါကံတရားအတိဒုက္ခကျော်လွှားပြီးမဟာယနအဆင့်ကိုတက်လှမ်းခဲ့တယ်။ အဲ့ဒီနေ့မှာပဲ ငါကမှတ်ဉာဏ်တွေပြန်ရသွားပြီးစစ်မှန်ဝိညာဉ်က ပြန်လည်နိုးထလာခဲ့တယ်။”

“ဟက်.. ဘယ်သူကများ ငါ့ကိုအင်မော်တယ်မျိုးနွယ်ရဲ့အထွတ်အထိပ်ဖြစ်တည်မှုလို့ထင်မှာလဲ။ ရယ်ဖို့ကောင်းတယ်။ ဘယ်လောက်တောင်ရယ်ဖို့ကောင်းလိုက်လဲ။ ဒီဘဝမှာ ငါက အင်မော်တယ်မျိုးနွယ်ကို မုန်းတီးနေခဲ့ရတာ။”

“အရင်က ငါ့ခန္ဓာကိုယ်ကိုသုံးပြီး ကမ္ဘာကြီးကိုထောက်ပံ့ပေးခဲ့တယ်။ ငါ့ရဲ့စစ်မှန်ဝိညာဉ်က မသေသွားဘဲလျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်က ကာ‌ကွယ်ပေးထားခဲ့တယ်။ ငါပြန်လည်မွေးဖွားလာပြီး ငါ့ရဲ့စစ်မှန်ဝိညာဉ်က ပြန်ကောင်းသွားတယ်။ ဒီလိုမှ ငါလည်းအကြောင်းစုံကိုနားလည်သွားတယ်။”

“ချီမင် မင်းဇာတ်လမ်းတစ်ပုဒ်နားထောင်ချင်လား။”

ယန်လီက အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့အမူအရာက ပိုပြီးတော့တောင်ရှုပ်ထွေးလာသည်။

“ငါမကြားချင်ဘူး။” ချီမင်က ခေါင်းခါလိုက်ပြီး ယန်လီကိုတည့်တည့်ကြည့်လိုက်သည်။ “ငါမင်းပြောမဲ့ဇာတ်လမ်းကိုသိပြီးသွားပြီ။ မင်းရဲ့နောက်ခံကိုရောပေါ့။”

“ငါအကုန်လုံးကို သိပြီးပြီ။”

“မင်း..” ယန်လီက ကြောင်အသွားပြီး ရယ်မောလိုက်သည်။ “မင်းက အကုန်လုံးကိုသိနေပြီပဲ။ ဟားဟား... မင်းတကယ်ကြီးအကုန်လုံးကိုသိနေပြီပဲ။ အင်မော်တယ်မျိုးနွယ်ရဲ့ဘိုးဘေးအလေးထားရတဲ့သူဆိုတဲ့အတိုင်းပဲ။”

“ဒါဆိုတော့ မင်းအကုန်လုံးကိုတွက်ချက်ပြီးသိသွားပြီပဲ။ ဟုတ်တယ်မလား။”

ယန်လီကမေးလိုက်သည်။ “ကောင်းကင်နဲ့မြေကြီးကပ်ဘေးဒုက္ခ‌ကြောင့် ကောင်းကင်လျှို့ဝှက်ချက်ကရှုပ်ထွေးနေတယ်။ ဒါတောင် မင်းကကောင်းကင်လျှို့ဝှက်ချက် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးပြီးအမှန်တရားကိုတွက်ချက်နိုင်သေးတယ်။”

“ဟုတ်တယ်” ချီမင်က ခေါင်းညိတ်လိုက်သည်။

“ငါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲဖြစ်ဖြစ် အင်မော်တယ်မျိုးနွယ်ရဲ့အထွတ်အထိပ်ဖြစ်တည်မှုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။”

ယန်လီက အသက်ပြင်းပြင်းရှုပြီး ချီမင်ကိုတည့်တည့်ကြည့်လိုက်သည်။ သူက အသံနက်နက်ဖြင့်ပြောလာသည်။ “ငါက ငါပဲ။ ငါကယန်လီပဲ။ ချီမင် မင်းကပြန်လာရဲမှတော့ ပြင်ဆင်ထားပြီဆိုတဲ့သဘောပဲ”

“လာစမ်း” ယန်လီကပြောလိုက်သည်။ “ငါ့ကိုမင်းရဲ့အင်အား ပြစမ်း။”

ယန်လီ၏နောက်ခံက အတော်လေးရှုပ်ထွေးပေသည်။

ယန်လီက အင်မော်တယ်တစ်ဝက်ဖြစ်သည်။

သူက လူသားမျိုးနွယ်နှင့်အင်မော်တယ်မျိုးနွယ် ပေါင်းစပ်ရာမှမွေးဖွားလာခြင်းဖြစ်သည်။ ယန်လီ့အဖေက အင်မော်တယ်ဘုရင်(၁၀၈)ပါးထဲက တစ်ပါးဖြစ်သည်။

ဟုတ်ပေသည်။

ထိုသူက ရှေးအကျဆုံး ပထမအင်မော်တယ်ဘုရင်ဖြစ်သည်။

ယန်လီ၏မွေးမိခင်က ဗဟိုဒေသမှဖြစ်ပြီး သူမက တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်၏အကန့်အသတ်သာရှိသေးသည်။ သို့သော် ယင်ကိုးပါးအင်မော်တယ်ခန္ဓာဟုခေါ်သည့်အထူးရုပ်ခန္ဓာတစ်ခုတော့ရှိသည်။

ထိုအချိန်က ပထမအင်မော်တယ်ဘုရင်မှာ အသေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်ယင်ကိုးပါးအံ့ဖွယ်စွမ်းအားကို လေ့ကျင့်နေတာဖြစ်သည်။ သူက ယင်ကိုးပါးအင်မော်တယ်ခန္ဓာကို ဆေးမီးဖိုအဖြစ်သုံးကာ သန့်စင်ဖို့လိုအပ်သည်။

ယန်လီ၏မိခင်က ပစ်မှတ်ထားခံလိုက်ရသည်။

သို့ပေမယ့်

ဘယ်သူမှမမျှော်လင့်ထားတာက

ထိုအခြေအနေအောက်မှာ ဆေးမီးဖိုအနေနဲ့သုံးခံရသည့်ယန်လီအမေက တကယ်ကြီးကိုယ်ဝန်ရှိသွားသည်။ သူမက ပထမအင်မော်တယ်ဘုရင်၏မျိုးဆက်ကိုမွေးဖွားပေးလိုက်သည်။ ယန်လီ့အမေက အင်မော်တယ်မျိုးနွယ်၏နောက်ကွယ်မှာယန်လီကိုမွေးဖွားခဲ့သည်။

ပထမအင်မော်တယ်ဘုရင်ပင် မသိလိုက်ပေ။

သူမမသေခင်မှာ သူမက သူမတတ်နိုင်သမျှကိုသုံးပြီးယန်လီကို ဗဟိုဒေသအပြင်ကို ပို့ပေးခဲ့သည်။

All Chapters