မုသားအမိ
Vol. 21 Ch. 260
"ရှောင်လုံ ဟုတ်လား"
"ဟုတ်တယ်။ အဖေက မြေးကို နာမည်ပေးဖို့ လောသွားတာလေ"
တလုံဆိုသည်မှာ မုအကြီးဟု အဓိပ္ပါယ်ရပြီး ရှောင်လုံက မုအငယ်ဟူ၍ ဖြစ်သောကြောင့် ယွမ်ရှောင် အနည်းငယ် အံ့သြသွားသည်။
"ဒီကလေး အမြဲတမ်း အပျင်းကြီးနေတာပဲ"
မုတလုံက တဗျစ်တောက်တောက် ရေရွတ်ရင်း ခြံဝန်းအတွင်း ဝင်ရောက်သွားပြီး ရိုးရှင်းကာ ပန်းပင်လယ်အကြား ရောက်နေသော အိမ်တော်ထံ လျှောက်သွားလိုက်၏။ ၎င်းက ကျောက်ရန်ရန်၏ ခြံဝန်းနှင့်ယှဥ်လျှင် ပို၍ ရိုးရှင်းကာ လေထဲတွင် လတ်ဆတ်လန်းဆန်းသော သဘာဝရနံ့ထွက်ပေါ်နေကာ အဝါရောင် မီးအိမ်ငယ်အချို့ ချိတ်ဆွဲထားသည်။ နေရာကောင်းလေးဟု ယွမ်ရှောင်က မှတ်ချက်ပေးလိုက်ပြီး ဓားအပျက်အစီးနယ်မြေမှာ ကျယ်ဝန်း၍ သာမန်လူများ ဝင်ခွင့်မရှိသောကြောင့် အတော်အတန် ငြိမ်းချမ်းနေပုံပေါ်သည်။ သူက မုတလုံနှင့်အတူ လိုက်ပါသွားပြီး မြူခိုးများအကြားရောက်သွားသော နတ်ဘုရားတစ်ပါးအလား ကျက်သရေရှိလွန်းနေသည်။
"တောင်ဘက်က နည်းနည်းကျယ်တယ်။ မင်းအတွက် သန့်ရှင်းရေးလုပ်ပေးမယ်။ ငါတို့ သားအမိက အရှေ့ပိုင်းမှာ နေလို့ တစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါ"
မုတလုံက လမ်းလျှောက်ရင်း ရှင်းပြသည်။
"ကျေးဇူးတင်ပါတယ် အစ်မမု"
ယွမ်ရှောင်က ခေါင်းညိတ်၍ နေ့ဒဓူဝကိစ္စများအတွက် တစ်ခြားတစ်ယောက်မှ စီမံပေးလျှင် လွတ်လပ်စွာ ကျင့်ကြံနိုင်ပေလိမ့်မည်။ အနားတွင် အဘိုးကြီးနှစ်ယောက်နှင့် အဘွားကြီးတစ်ယောက် ရှိနေသော လင်းချန်နှင့်ယှဥ်လျှင် သူက ပို၍ကံကောင်းပေသည်။
"သခင်လေးယွမ် ငါ အရင်ကပြောထားသလို နာမည်ခေါ်လို့ရပါတယ်။ မင်းက အင်မော်တယ်လူဝင်စားတစ်ယောက်ဆိုတော့ မြင့်မြတ်ပါတယ်"
"ဟုတ်ပါပြီ"
မုတလုံက လေးနက်စွာ ပြောလိုက်သောကြောင့် သဘောတူလိုက်ရန်မှတစ်ပါး ရွေးစရာမရှိချေ။
"မေမေ သမီး ဗိုက်ဆာတယ်"
ထိုအချိန်တွင် ခြံဝန်းအတွင်းရှိ တံခါးတစ်ချပ်ပွင့်လာကာ လှပသော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာပြီး တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားနိုင်သည်။
"အား"
ပျင်းရိပျင်းတွဲ အကြောဆန့်၍ သမ်းဝေနေသော မုရှောင်လုံက သူ့ကို မြင်သောအခါ အလန့်တကြား အော်လိုက်မိသည်။
"စိတ်မရှိပါနဲ့။ သမီးလေးက ရိုင်းပြသွားရင် ခွင့်လွှတ်ပေးပါ"
"အဆင်ပြေပါတယ်"
အနည်းငယ် ထူးဆန်းသော မုရှောင်လုံကြောင့် မိခင်ဖြစ်သူက တောင်းပန်လာသောအခါ ယွမ်ရှောင်မှာ ခေါင်းယမ်းပြလိုက်သည်။
"မေမေ အပြင်က ဘယ်သူလဲ။ ဧည့်သည်လာမှာကို ဘာလို့ မပြောထားတာလဲ"
အခန်းအတွင်း ပြန်လည်ပြေးဝင်သွားသော မိန်းကလေး၏ အသံ ကြားလိုက်ရ၏။
"ဒါက အမည်ခံ ဓားအင်မော်တယ် သခင်လေးယွမ်ပဲ။ စကားကြည့်ပြော"
"ဟုတ်လား"
ခဏအကြာတွင် သူမက အဝါရောင်ဝတ်ရုံ တစ်ခု ဝတ်ဆင်၍ တက်ကြွစွာ ပြန်ထွက်လာခဲ့ပြီး ကြီးမားဝိုင်းစက်သော မျက်ဝန်းများကြောင့် ချစ်စရာကောင်းနေသည်။ ဆံပင်ကို နှစ်ဖက်ခွဲစည်းထားကာ တောက်ပသော ခေါင်းစည်းကြိုးများ စည်းနှောင်၍ ခါးတွင် ခေါင်းလောင်းငယ်လေးများ ချိတ်ဆွဲထားရာ လှုပ်ရှားလိုက်တိုင်း တချွင်ချွင်မြည်နေ၏။
"အစ်ကိုကြီး ငါက ရှောင်လုံပါ။ အသက်က ၁၄နှစ် ရှိပါပြီ"
သူမက ရှက်သွေးဖြာနေဟန်ဖြင့် မိတ်ဆက်လာခဲ့သည်။
"၁၄နှစ်ဆိုရင် အတော်ငယ်သေးတာပဲ"
ယွမ်ရှောင်က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။
"အဲ့ဒီလို မခေါ်ရဘူး။ သခင်လေးယွမ်လို့ ခေါ်ရတယ်"
မုတလုံက သူမ၏ လက်ကို ဆွဲကာ သင်ပြပေးလိုက်သည်။
"အဲ့လိုကြီးက ခေါ်လို့မကောင်းပါဘူး။ နတ်သားလေးလို့ ခေါ်မယ်လေ။ ပန်းချီကားထဲက အင်မော်တယ်တစ်ယောက်လိုမျိုးပေါ့။ အခုကစပြီး ငါက သခင်လေးယွမ်ရဲ့ သစ္စာရှိပရိသတ်ဖြစ်သွားပြီ။ ဒီခြံဝန်းထဲမှာ အတူတူနေမှာမလား၊ ပျော်စရာကြီး"
မုရှောင်လုံက ယွမ်ရှောင်၏လက်မောင်းကို ချိတ်ကာ ခိုးခိုးခစ်ခစ်ရယ်မောရင်း ပူဆာလိုက်ခြင်း ဖြစ်သည်။
"ဟို အမည်ခံ ဓားအင်မော်တယ်နဲ့ ယှဥ်ရင် နတ်သားလေးက တကယ့် အင်မော်တယ် လူဝင်စားနဲ့ တူတယ်။ ဟိုကောင်က ဘီလူးကျနေတာပဲ။ အင်မော်တယ်ဆိုရင်တောင် ကောင်းကင်ဘုံမှာ မြင်းထိန်းဖြစ်ရမယ်"
သူမက နှုတ်ခမ်းဆူ၍ ချစ်စဖွယ် ရေရွတ်လိုက်သည်။
"တိတ်တိတ်နေ၊ ရှောင်လုံ အဲ့ဒီလိုမျိုး အပြင်မှာ မပြောရဘူးနော်"
မုတလုံက သမီးဖြစ်သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ရသည်။
"သိပါတယ်။ သမီးက အဲ့လောက် မတုံးပါဘူး"
ယွမ်ရှောင်မှာ လျှာထုတ်၍ ပြောင်ပြနေသော မိန်းကလေးပို စိတ်မဆိုးခဲ့ပေ။ ထို့နောက် မုသားအမိသည် သူ့ကို ခြံဝန်း တောင်ဘက်ရှိ ခန်းဆောင်တစ်ခုထံ လိုက်ပါပို့ဆောင်ခဲ့ပြီး စားသောက်စရာများ ပြင်ဆင်ပေးကြ၏။ မုတလုံက အဓိကပြင်ဆင်နေရပြီး မုရှောင်လုံမှာ လက်နှစ်ဖက် မေးထောက်၍ သူ့ကို ထိုင်ငေးနေခြင်းပင်။
"သူ လာမယ်ဆိုတာ သိထားလို့ အိပ်ရာထဲကနေ အဝတ်အစားကောင်းကောင်းမဝတ်ဘဲ ထွက်လာတာမလား"
မုတလုံက သမီးဖြစ်သူကို တင်းမာစွာ တစ်ချက်စိုက်ကြည့်၏။
"မေမေနော် သမီးက ဒီလိုမိန်းမမျိုး မဟုတ်ပါဘူး"
"ငါ့အမြင်တော့ ဟုတ်နေတာပဲ။ ဘယ်တုန်းက နင် အိပ်ရင် ဟိုပေါ်ဒီပေါ်တွေ ဝတ်ဖူးလို့လဲ"
"ဟုတ်ပါပြီ။ သမီးအတွက် ကိစ္စတွေ ခက်ခဲအောင် မလုပ်ပါနဲ့ မေမေရယ်"
မုရှောင်လုံက သူမ၏ နတ်သားလေးကို တစ်ချက်ငေးကြည့်၍ ဆူပူနေသော မိခင်ကို မျက်စောင်းထိုးနေခဲ့သည်။
"ကိုယ့်သိက္ခာကိုယ်ထိန်းစမ်း။ သူက လွယ်လွယ်လေး ဆွဲဆောင်ခံရမယ့် လူစားမျိုး ထင်နေလား"
မုတလုံ၏အမြင်တွင် ဤလောကကြီးနှင့် မအပ်စပ်လောက်သော အသွင်အပြင်မျိုးနှင့် ယွမ်ရှောင်သည် သာမန်မိန်းကလေးများကို စိတ်ဝင်စားမည်မဟုတ်ပေ။
"သိပါတယ်။.သူက အရမ်းချောလွန်းလို့ ကြည့်နေရုံပါပဲနော်"
မုရှောင်လုံက ယွမ်ရှောင်၏ အရူးအမူး ပရိသတ်တစ်ယောက်ဖြစ်လာကာ သစ်ရွက်လှုပ်လျှင်ပင် ရင်ခုန်တတ်သော အရွယ်မဟုတ်ပါလော။
"သခင်လေးယွမ် အခန်းမှာ ရက်အနည်းငယ်လောက် အနားယူပြီးမှ ဘိုးဘေးသင်္ချိုင်းကို သွားမှာလား"
မကြာမီ အခန်းကို ပြင်ဆင်ပြီးသောအခါ မုတလုံသည် လေးစားစွာ မေးခွန်းထုတ်လိုက်ပြီး ဓားအပျက်အစီးနယ်မြေတွင် ယွမ်ရှောင်၏ လုံခြုံရေးနှင့် ကျင့်ကြံရေးအတွက် တာဝန်ယူထားရသူ ဖြစ်၏။
"ဓားသင်္ချိုင်းကို အခုသွားရအောင်"
"နတ်သားလေးကို သမီးလည်း ကာကွယ်ပေးမယ်"
ယွမ်ရှောင်က ထရပ်လိုက်သောအခါ ပရိသတ်လေးသည်လည်း ပြေးထွက်လာကာ အကယ်၍ သူမကိုသာ ထားရစ်ခဲ့လျှင် ချက်ချင်း ငိုချမည့်ပုံပေါက်နေသည်။
"အေးပါကွာ။ လိုက်လာခဲ့"
သူက ခွင့်ပြုချက်ပေးလိုက်ပြီး မုသားအမိနှင့်အတူ တောင်ကြားအတွင်းမှ ထွက်ခွာလာ၍ ပိုမိုမြင့်မြတ်ကာ ထူးခြားဆန်းကျယ်ဟန်ရှိသော ဘိုးဘေးဓားသင်္ချိုင်း၏ ဝင်ပေါက်ထံ ဦးတည်လာခဲ့ကြသည်။ ၎င်းက ဘိုးဘေးများ အနားယူရာ နယ်မြေဖြစ်ပြီး တပည့်များနှင့် ဓားစီရင်သူများပင် အနီးကပ်ခွင့် မရှိပေ။ အတွင်းသို့ ကြည့်လိုက်လျှင် အဖြူရောင်မြူခိုးများ သိပ်သည်းနေပြီး ရှေးဦးအစီအရင်ထက် သာလွန်သော အစီအရင်တစ်ခုဖြင့် ကာကွယ်ထားကာ ဓားသဏ္ဍာန်အရိပ်များလည်း မြင်နိုင်၏။ ထိုအရိပ်များမှာ ဓားတာအို ဘိုးဘေးများ၏ အုတ်ဂူများဖြစ်ကာ သေသည့်တိုင်အောင် မတ်မတ်ရပ်နေကြသည်။ ဝင်ပေါက်သို့ ရောက်သောအခါ မုရှောင်လုံပင် လေးနက်သော အမူအရာဖြစ်လာကာ ယွမ်ရှောင်၏ အင်္ကျီလက်ကို ဆွဲထားပြီး အသံကျယ်ကျယ်ပင် မထွက်ဝံ့တော့ချေ။ ကျောက်တုံးလှေကားထစ်များမှ တဆင့် ဆက်လက်လျှောက်လှမ်းလာသောအခါ အစီအရင်၏ ဝင်ပေါက်တွင် ကောက်ရိုးတဲတစ်ခု ရှိနေပြီး အတွင်း၌ တစ်ကိုယ်လုံး အရေပြားခြောက်သွေ့၍ ဆံပင်နှင့်မုတ်ဆိတ် ဆွတ်ဆွတ်ဖြူနေသော အရိုးခြောက်စောင့်ရှောက်သူက တင်ပျဥ်ခွေထိုင်နေခဲ့၏။
"ကြီးကြပ်သူ စစ်ခုံးလည်း ရောက်နေတာလား"
မုတလုံ၏ မြင်ကွင်းအတွင်း အဘိုးအို၏ဘေးတွင် မတ်တပ်ရပ်နေသော အကြီးအကဲတစ်ယောက်လည်း ရှိနေသည်။
"ကြိုဆိုပါတယ် သခင်လေးယွမ်"
စစ်ခုံးက နွေးထွေးစွာပြုံး၍ ရည်မွန်စွာ အရိုအသေပေးလိုက်သော်လည်း အရိုးခြောက်စောင့်ရှောက်သူမှာ လူသေတစ်ယောက်အလား မလှုပ်မယှက် ထိုင်နေသည်။
"လင်းချန်က အထဲမှာလား"
ယွမ်ရှောင်က ရုတ်တရက် မေးလိုက်သည်။
"သခင်လေးလင်း ရောက်လာခဲ့ပေမယ့် ထွက်သွားပါပြီ"
"မြန်လှချည်လား"
"ဟုတ်ပါတယ်။ သူရဲ့ အမြင်မှာ ဒီနေရာက စိတ်ဝင်စားစရာ မရှိဘူးလို့ ဆိုပါတယ်"
စစ်ခုံး၏ မျက်လုံးများက ထူးထူးဆန်းဆန်း တောက်ပနေသည်။ အကယ်၍ နေမင်းကောင်းကင်သခင်လေး တစ်ယောက်သာ ဘိုးဘေးသင်္ချိုင်းအတွင်း ဝင်ခွင့်ရလျှင် ဘိုးဘေးများကို စော်ကားသော စကားမျိုး ပြောရဲမည် မဟုတ်ပေ။ သို့ရာတွင် အစစ်အမှန် အင်မော်တယ်လူဝင်စားသာ ဖြစ်နေလျှင် ဓားအပျက်အစီးနယ်မြေ၏ အမွေအနှစ်က မျက်စိကျစရာ မရှိချေ။
"သခင်လေးလင်းက ဓားအပျက်အစီးနယ်မြေရဲ့ ရှေးဟောင်းပညာရပ်တွေထက် ပိုတဲ့ အသိပညာ ပိုင်ဆိုင်ထားပါတယ်။ သူက ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲရောက်မှ လေ့ကျင့်ချင်နေပါတယ်"
"ကြီးကြပ်သူ စစ်ခုံးက လင်းချန်အကြောင်း ချီးကျူးပြီး ငါ့ကို ဖိအားပေးနေတာလား"
စစ်ခုံး၏ စကားကြောင့် ယွမ်ရှောင်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အေးစက်စက် အသံ ဖြစ်လာခဲ့သည်။
"မလုပ်ဝံ့ပါဘူး"
စစ်ခုံးက နောက်တစ်လှမ်း ဆုတ်သွားကာ သူ၏အကြံအစည်ကို တစ်ဖက်လူ မြင်နိုင်မည်ဟု ထင်မထားချေ။ ဓားသင်္ချိုင်းကိုပင် ဂရုမစိုက်သော လင်းချန်က အစစ်အမှန် လူဝင်စားဖြစ်နေလျှင် ဓားအပျက်အစီးနယ်မြေ၏ အနာဂတ်အတွက် အကျိုးများပေလိမ့်မည်။ သို့ရာတွင် ယွမ်ရှောင်ကို အမည်ခံ ဓားအင်မော်တယ်အတု ဟူ၍သာ သူက သတ်မှတ်ထားခဲ့သည်။
"ငါနဲ့ လင်းချန် ဆက်ဆံရေးက ရင်းနှီးတယ်။ ငါက သူ့အသက်ကို ကယ်ဖူးတယ်။ မင်းက ရန်တိုက်ပေးချင်ရင် အကျိုးဆက်တွေကို စဥ်းစားထားလား"
"သခင်လေးယွမ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ယွမ်ရှောင်၏ သတိပေးချက်ကြောင့် တစ်ဖက်လူမှာ ချက်ချင်း ဒူးထောက်၍ အဆက်မပြတ် ဦးညွှတ်ကာ တောင်းပန်နေရသည်။ တစ်ဖက်လူ၏ အဆင့်အတန်းအရ သူ့ကို သတ်ချင်လျှင် အမိန့်တစ်ခုပေးလိုက်ရုံသာ။
"လင်းချန်က ဒီအကြောင်း မပြောထားဘူးလား"
ယွမ်ရှောင်က ရုတ်တရက် ပြုံးလိုက်သည်။
"ကျုပ်က သခင်လေးလင်းရဲ့ သက်တော်စောင့်မဟုတ်လို့ မသိတာပါ"
စစ်ခုံးက ချက်ချင်းဖြေလိုက်ရင်း အရိုးခြောက်စောင့်ရှောက်သူထံ တစ်ချက်ခိုးကြည့်လိုက်သော်လည်း တိတ်ဆိတ်နေဆဲပင်။
"နားလည်ပြီ။ အခု ငါ့အတွက် ဝင်ပေါက်ကို ဖွင့်ပေးစမ်း"
ယွမ်ရှောင်၏အမိန့်သံအဆုံးတွင် အဘိုးအိုက လှုပ်ရှားလာပြီး မြူခိုးအစီအရင်ကို ဖယ်ရှားကာ ခမ်းနားသော ရှေးဟောင်းသင်္ချိုင်းကို ဖွင့်လှစ်ပေးခဲ့သည်။
"ဓားလမ်းစဥ်ကို သင်ယူဖို့ ဘိုးဘေးတွေကို အရိုအသေပေးရမယ်"
"မစိုးရိမ်ပါနဲ့။ သခင်လေးယွမ်ကို ကျွန်မ လမ်းပြပေးလိုက်ပါမယ်"
မုတလုံက ယွမ်ရှောင်ကို ဤနေရာအကြောင်း မိတ်ပေးချင်ရုံသာဖြစ်ပြီး ဓားပညာသင်ရန် မဟုတ်ပေ။
"အမျိုးသမီးတစ်ယောက်ရဲ့ တည်ရှိမှုကို ဘိုးဘေးဓားသင်္ချိုင်းက ဝင်ခွင့်မပြုဘူး"
အရိုးခြောက်စောင့်ရှောက်သူ၏ တားမြစ်မှုကြောင့် သူမက မျက်မှောင်ကြုတ်သွားကာ အကြိမ်ပေါင်းများစွာ ဝင်ရောက်ဖူးသော်လည်း တားဆီးမခံရဖူးပေ။
"ငါက နတ်သားလေးနဲ့ လိုက်သွားချင်ပါတယ်ဆို"
မုရှောင်လုံ၏ မကျေမနပ် ရေရွတ်သံကို အဘိုးအိုက မကြားဟန်ပြုနေသည်။
"သွားမယ် ရှောင်လုံ လိုက်လာခဲ့"
ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် သူမ၏ လက်ကို ဆွဲယူကာ ရှေ့တိုးလိုက်သဖြင့် ကြီးကြပ်သူစစ်ခုံးကို မျက်မှောင်ကြုတ်သွားစေခဲ့လေသည်။
"ဓားအစောင့်အရှောင်က ယွမ်ရှောင်ဟာ အင်မော်တယ်လူဝင်စားဆိုတာ အတပ်သိနေလို့ သမီးကိုတောင် ပေးထားတာလား"