← Chapters

ဓားတစ်ကွက်ဖြင့် ကြောက်လန့်စေသူ

Vol. 21 Ch. 262

ဓားတစ်ကွက်ဖြင့် ကြောက်လန့်စေသူ

Vol. 21 Ch. 262

လင်းချန်၏ တောင်းဆိုချက်က ဝါးတောတစ်ခုလုံးကို ဆူညံသွားစေကာ တပည့်များစွာသည် တအံ့တသြဖြစ်နေကြ၏။ ဓားရုပ်သေးကို လက်နက်ကုန်ကြမ်းများဖြင့် သွန်းလုပ်ထားကာ အင်မော်တယ်ကျောက်စိမ်းနှင့် အစီအရင်ရုန်းများ ပေါင်းစပ်ထားသဖြင့် နဂါးငွေ့တန်းအဆင့် ရတနာဓားတစ်လက် ကိုင်ဆောင်ထားသောအခါ ဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်နှင့် စွမ်းအားတူညီ၍ အယောက်တစ်ရာဆိုလျှင် ခက်ခဲလွန်းပေသည်။ လင်းချန်က သူတော်စင်နယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်သောကြောင့် ဤတိုက်ပွဲမှာ အဆင့်ကျော်တိုက်ခိုက်ခြင်းထက်ပိုပေသည်။

လူအုပ်အကြားတွင် လှပသော မိန်းကလေးတစ်ယောက်ရှိနေပြီး သာမန်တပည့်များနှင့်ယှဥ်လျှင် ကြိုးကြာတစ်ကောင်အလား ထင်ပေါ်နေသည်။

"ငရဲကိုးထပ်မှာ ဘယ်သူမှ ဒီလိုမလုပ်နိုင်ဘူး။ သခင်လေးလင်းက တိုက်ခိုက်နိုင်ရင် တကယ့်ကို အစွမ်းထက်တာပဲ။ ငါဆိုရင်တောင် ဓားရုပ်သေးတစ်ရာကို မယှဥ်နိုင်ဘူး"

ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့် ဖုန်းရောင်လင်က ချီးကျူးလိုက်ခြင်းဖြစ်ကာ တပည့်အများအကြားတွင် သူမနှင့် လင်းချန် တွဲဖက်ညီသည်ဟု ပြောဆိုနေသဖြင့် ရှက်သွေးဖြာနေသည်။ တစ်ချိန်က ကြီးကြပ်သူဖုန်း၏ မြေးဖြစ်သော သူမသည် ကောင်းကင်အထက်မှ ကြိုးကြာတစ်ကောင်ဖြစ်၍ လင်းချန်မှာ စွန့်ပစ်ခံ ဓားကျွန်တစ်ယောက်သာ ဖြစ်သော်လည်း လက်ရှိတွင် ကြိုးကြာမှာ အတူတူတွဲဖက်ရန် ဖားယားနေရပြီဖြစ်သည်။

"လူတိုင်း သခင်လေးလင်းက အံ့ဖွယ်တစ်ခု လုပ်ပြတော့မယ်"

သူမက ညှင်သာစွာ ပြုံး၍ သာယာနာပျော်ဖွယ်အသံဖြင့် လူတိုင်း အာရုံစိုက်ရန် ဆော်သြောနေ၏။ ဝါးတောအတွင်းရှိ ဧရာမကျောက်တံခါးကြီး ပွင့်လာကာ လူသဏ္ဍာန် ဓားရုပ်သေးတစ်ရာကျော် ထွက်ပေါ်လာကာ သံချပ်ကာဝတ်ထားသဖြင့် သံချင်းထိခတ်သံ တချွင်ချွင်မြည်ဟီးနေပြီး အစီအရင်ရုန်းများ လှုပ်ရှားသက်ဝင်နေသည်။ ဓားကိုယ်စီကိုင်ဆောင်ထားသော ရုပ်သေးတစ်ခုချင်းစီသည် ခရမ်းရောင်ဧကရာဇ်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိနေရာ နတ်ဘုရားတိုက်ကြီးသည် ကျယ်ဝန်းလှသော စကြဝဠာအလယ်တွင် ဖုန်မှုန့်ပမာ သေးငယ်အားနည်းလှ၏။ ဖန်ဆင်းရှင်အင်မော်တယ်က လောကများကို အလွှာအလိုက် ပိုင်းခြားဖန်တီးထားခြင်းသည် အောက်နယ်မြေများကို ကာကွယ်ရန်ဖြစ်ပြီး သို့မဟုတ်လျှင် စွမ်းအားကွာခြားချက်ကြောင့် အကုန်လုံး အသတ်ခံလိုက်ရပေလိမ့်မည်။

လင်းချန်သည် အာကာသစွမ်းအား ထုတ်ဖော်နိုင်သော နတ်ဓားဝိညာဥ်ကို ဆင့်ခေါ်လိုက်ပြီး သူ၏အတိတ်ဘဝမှ ဓားဝိညာဥ်ထက် သာလွန်နေ၏။ လူပေါင်းများစွာရှေ့မှောက်တွင် ဓား၏ အာကာသစွမ်းအာကို အာရုံခံနေရင်း ကိုးရောင်ခြယ် ဓားကို တစ်ချက်ကြည့်ကာ သူက ကျေနပ်စွာ ပြုံးလိုက်သည်။

"အာကာသနတ်ဓားမှာ လောကကြီးကိုးခု ရှိတယ်။ ဒီဓားနဲ့သာဆိုရင် ငါ့အတိတ်ဘဝထက် ပိုပြီး အစွမ်းထက်လာလိမ့်မယ်။ ကောင်းကင်နတ်ဓားတာအိုကလည်း အကန့်အသတ်ကို ကျော်လွန်နိုင်မယ်"

ထိုအတွေးကြောင့် ချီတက်လာသော ဓားရုပ်သေးတစ်ရာကို ကြည့်နေရင်း တိုက်ခိုက်လိုစိတ် တောက်လောင်လာသည်။ သူက ပတ်ဝန်းကျင်မှ ဆူညံသံများကို လျစ်လျူရှုထားပြီး မျက်လုံးမှိတ်၍ ဓားမြှောင်အပေါ် အာရုံစိုက်ကာ နှစ်ပေါင်းတစ်သန်းအတွင်း အရာများစွာ မေ့လျော့သွားသည့်တိုင်အောင် အမုန်းတရားနှင့် ဓားတာအို ကျန်ရစ်နေခဲ့၏။ ဓားရုပ်သေး တစ်ရာကျော် နီးကပ်လာသောအခါ တပည့်များ အာရုံစိုက်နေကြသကဲ့သို့ ဖုန်းရောင်လင်မှာလည်း လက်ခုပ်လက်ဝါးတီး၍ အားပေးနေခဲ့သည်။ အနားကပ်လာသော ရုပ်သေးများစွာကို တောင်တစ်လုံးပမာ တည်ငြိမ်နေသော လင်းချန်က နှင်းပွင့်များပမာ သဘောထား၍ ဓားမြှောင်အား ရုတ်တရက် ပစ်ခတ်လိုက်သည်။

"ကောင်းကင်ပြင် ဓားသိုင်း"

သူ၏ မျက်နှာအထက်တွင် ပြုံးယောင်သန်းနေပြီး အတိတ်ဘဝမှ ခံစားချက်မျိုး ပြန်လည်ဖြစ်ပေါ်လာသည့်အပြင် ဓားတာအို၌ တိုးတက်မှုတစ်ခု ရှိလာခဲ့၏။ ကိုးရောင်ခြယ် ဓားဝိညာဥ်သည် ရေပြင်ပေါ် ဖြတ်သန်းသွားသော လေပြင်းတစ်ခုပမာ တိုက်ခတ်သွား၍ ဓားရုပ်သေးများမှာ သစ်ရွက်အလား ထိုးဖောက်ခံခဲ့ရသည်။

"ဘန်း"

ဓားချက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တွန့်လိမ်သွားကာ ရုပ်သေးအားလုံး လှုပ်ရှားမှုကင်းမဲ့၍ လဲကျကုန်သည်။ ဤမြင်ကွင်းကြောင့် ဓားအပျက်အစီးနယ်မြေ၏ တပည့်များ မျက်လုံးအပြူးသားဖြင့် ထိတ်လန့်တုန်လှုပ်နေကာ ထာဝရဓား၏ ပဲ့တင်သံ ကိုးကြိမ်ကို အမှတ်ရသွားကြ၏။

"သခင်လေးလင်း"

ဝါးတောအတွင်း အော်ဟစ်အားပေးသံများ ဟိန်းထွက်လာသည်။

"သူသာရှိနေရင် ထာဝရ ဓားအကျဥ်းထောင်က ငရဲကိုးထပ်တိုက်ပွဲမှာ အနိုင်ရမှာ သေချာတယ်"

"ကောင်းကင်က ငါတို့ဘက်မှာ ရှိနေပြီ။ အစစ်အမှန်အင်မော်တယ် တစ်ယောက် မွေးဖွားလာခဲ့ပြီ"

သူတို့၏ စိတ်လှုပ်ရှားပျော်ရွှင်နေသော မျက်လုံးများက လင်းချန်အပေါ် မျှော်လင့်ချက်ကြီးမားကြောင်း ပြောပြနေသည်။

"ဒီကောင်က ငါ့လိုမျိုး အဆင့်ကျော်တိုက်ခိုက်နိုင်တယ်ပေါ့"

"ဒါကပုံမှန်ပါပဲ။ သူ့အတိတ်ဘဝက ဓားသိုင်းကို အသုံးပြုပြီး အခြေခံက မင်းထက် ပိုကောင်းနေရုံပါပဲ"

ယွမ်ရှောင်နှင့် ကြယ်ပြာက စိတ်ချင်းဆက်သွယ်ကာ ဆွေးနွေးနေခြင်း ဖြစ်၏။

"ဒီကောင်တော့ တစ်ကွက်မှားသွားပြီ။ လူကြားထဲမှာ အစွမ်းပြချင်တာလား ဟား ဟား"

ယွမ်ရှောင်က တစ်ဖက်လူ၏ ဓားကွက်ကို တစ်ချက်ကြည့်ရင်း ပြုံးနေသောကြောင့် မည်သူမှ နားမလည်နိုင်ခဲ့ပေ။ ထိုအချိန်တွင် လင်းချန်၏ အစွမ်းပြမှု ပြီးဆုံးသွားသောအခါ လူအုပ်၏ အာရုံသည် သူ့ထံ ရောက်လာကာ မည်သို့အစွမ်းပြမည် ဖြစ်ကြောင်း ခန့်မှန်းနေကြသည်။

"ယွမ်ရှောင် နင်က ဓားရုပ်သေးတစ်သန်းကို စိန်ခေါ်မှာလား"

ဖုန်းရောင်လင်က အပြစ်ကင်းစင်သော မျက်နှာမျိုးဖြင့် ထေ့ငေါ့လိုက်ခြင်းဖြစ်သည်။ ယွမ်ရှောင်အနားတွင် ရှိနေသော မုသားအမိ၏ အလှတရားကြောင့် လင်းချန်မှာ နင်သွားခဲ့သည်။ အတိတ်ဘဝတွင် သူက ဓားတာအိုအပေါ် စိတ်နှစ်ကျင့်ကြံခဲ့ရာ မိန်းမများနှင့် ပျော်ပါးခွင့် မရခဲ့သောကြောင့် ပြန်လည်မွေးဖွားလာသော ဤဘဝတွင် အတိုးချပျော်ပါးနေသော်လည်း အချစ်ရေးကိစ္စ၌ တစ်ဖက်လူမှာ သာလွန်နေပုံရသည်။ ဓားရုပ်သေး တစ်သန်းဟူသော အရေအတွက်မှာ ထာဝရဓား၏ ပဲ့တင်သံက ယွမ်ရှောင်အတွက် အကြိမ်တစ်သိန်း မြည်ဟီးခဲ့သောကြောင့် ကိုးကြိမ်ပိုင်ရှင် လင်းချန် တိုက်ခိုက်ခဲ့သော ရုပ်သေးတစ်ရာထက် အဆတစ်ရာ ပိုသည်။ ထို့ကြောင့် အရေအတွက် အဆတစ်ရာကျော် ပို၍ အစွမ်းပြရန် ဖုန်းရောင်လင်က မီးမွှေးပေးလိုက်ခြင်းပင်။

"မိန်းကလေးဖုန်းက လာနောက်နေတာလား။ ဝါးတောထဲမှာ ဓားရုပ်သေးတစ်ရာနဲ့ တစ်ရုပ်ပဲ ရှိတယ်။ သခင်လေးလင်းရဲ့ ဓားချက်ကြောင့် ပျက်စီးသွားပြီဆိုတော့ ပြန်ကောင်းလာဖို့ ခဏလောက် စောင့်ရမယ်။ ဘယ်က အရေအတွက် တစ်သန်း ရှိမှာလဲ"

မုတရှုံက ရှေ့ထွက်၍ ဖြေရှင်းပေးခဲ့ပြီး ဓားရုပ်သေးများမှာ အလိုလို ပြန်လည်ကောင်းမွန်လာနိုင်သဖြင့် နောက်တစ်ကြိမ် စိန်ခေါ်မှုအတွက် အချိန်တစ်ခု စောင့်ရန် လိုအပ်နေသည်။ လူအုပ်က ဖုန်းရောင်လင်ကို ထူးဆန်းစွာ ကြည့်နေကြပြီး ယွမ်ရှောင်အား လှောင်ပြောင်နေကြောင်း သိသာပေသည်။ အချိန်တစ်ခုကြာလျှင် အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်အကြား မည်သူက ပို၍ အစွမ်းထက်မည်ကို သိရပေတော့မည်။ လင်းချန်က အစွမ်းပြခဲ့သောကြောင့် ယွမ်ရှောင်သာ အမီမလိုက်နိုင်လျှင် ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်သဖြင့် ဓားအစောင့်အရှောက်၏ ဘက်တော်သားများ ခေါင်းကိုက်နေရ၏။

"နောက်ထပ်ရုပ်သေးအပို ရှိ​သေးတယ်မလား"

"ဟုတ်ကဲ့။ တစ်ခုပဲ ကျန်ရစ်ပါတယ်"

ယွမ်ရှောင်၏အမေးကို မုတရှုံက ဖြေလိုက်သောအခါ ထိုရုပ်သေးနှင့် တိုက်ခိုက်မည်ဟု သိလိုက်ရသဖြင့် ပဟေဠိဖြစ်သွားခဲ့သည်။ ထို့အပြင် ဝါးတောတစ်ခုလုံး တိတ်ဆိတ်သွားကာ အကြည့်ချင်းဖလှယ်၍ နှာခေါင်းရှုံ့နေကြ၏။ ဓားအပျက်အစီးနယ်မြေတွင် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်လွှဲမရသော်လည်း ယွမ်ရှောင်သည် အစွမ်းကို ဖုံးကွယ်ထားရန် ရည်ရွယ်နေပုံရသဖြင့် ကြယ်ပြာက စကားစလိုက်၏။

"မင်းက သူ့အသက်ကို ကယ်ခဲ့ပေမယ့် ဒီသိုးလေးက ကျေးဇူးသိတတ်ပုံမရဘူး"

"ငါ ဘာလုပ်နေလဲဆိုတာ မင်းတို့ သိတယ်မလား"

"ဖန်ဆင်းရှင်က ပြောင်းလဲသွားပြီ။ မင်းမှာ အကြံအစည်တွေ လှည့်ကွက်တွေနဲ့ ခံစားချက်တွေ ပြည့်နှက်နေတယ်။ အစ်ကိုကြီး မင်းရဲ့ ပစ်မှတ်ကတော့ ဆိုးဆိုးရွားရွားကို ခံရတော့မယ် ကျွတ် ကျွတ်"

ကြယ်ပြာက လင်းချန်ကို သနားဟန်ဖြင့် စုတ်သပ်လိုက်သည်။

"ဒါက ကစားပွဲတစ်ခုပါပဲ။ ငါက ဘယ်သူ့မှ သနားနေမှာ မဟုတ်ဘူး"

ယွမ်ရှောင်သည် အကျိုးမရှိလျှင် ခြင်ပင် ထမရိုက်သော လူစားမျိုးဖြစ်၍ လှုပ်ရှားလိုက်တိုင်း ပြတ်သားပေသည်။

"နည်းနည်းတော့ ပြဿနာများပေမယ့် သင်ခန်းစာတော့ ပေးရမှာပဲ"

လူထု၏ အာရုံစိုက်မှုအလယ် ရောက်နေသော သူက ခပ်တိုးတိုးရေရွတ်၍ ဆန့်ကျင်ဘက်ရှိ တစ်ခုတည်းသော ဓားရုပ်သေးကို တစ်ချက်ကြည့်သည်။ ၎င်းက ဓားဆွဲထုတ်၍ ချီတက်လာသောအခါ မြေပြင်၌ တဒုန်းဒုန်း မြည်ဟီးနေပြီး သူ၏ ဓားကိုင်လက် မြှောက်ကာ ဓားမြှောင်အသွင်ဖြင့် ပစ်ခတ်လိုက်၏။ ကောင်းကင်သင်္ချိုင်းဓားက အာကာသနတ်ဓားနှင့် ယှဥ်လျှင် တောက်ပမှု မရှိသော်လည်း ဓားလမ်းကြောင်း မှန်းဆရခက်ခဲ၏။ ဓားက ရုပ်သေးအနားရောက်သောအခါ အနီးရှိ လေဟာနယ် တုန်ခါသွားကာ ကောင်းကင်ပင် အရောင်မှိန်သွားသယောင် ထင်မှတ်ရပြီး ပေါက်ကွဲသံနှင့်အတူ ထိုးဖောက်သွားခဲ့သည်။ ဓားရုပ်သေးက ဘုန်းခနဲ လဲကျ၍ မြေပြင်နှင့်အတွေ့တွင် မရေမတွက်နိုင်သော အစိတ်အပိုင်းလေးများအဖြစ် ပြန့်ကြဲသွားသည်။

ယွမ်ရှောင်အနေဖြင့် ဓားရုပ်သေးတစ်ခုတည်းဖြင့် အစွမ်းပြရန် လုံလောက်ပြီး တစ်ဖက်လူမှာ ဉာဏ်ကောင်းလျှင် ရိပ်မိပေလိမ့်မည်။ သူ၏ အကြည့်က လင်းချန်ထံ ကျရောက်သွားပြီး မထီမဲ့မြင်ပြုံး၍ စကားတစ်ခွန်း ပြောလိုက်သောအခါ မျက်လုံးများ ပြူးထွက်၍ မယုံကြည်နိုင်ဖြစ်နေပုံရသည်။

"အစ်ကိုလင်း ခင်ဗျားရဲ့ ဓားကွက်ပြသမှုအတွက် ကျေးဇူးတင်ပါတယ်"

လင်းချန်မှာ ခွေးအကြီး လှည်းနင်းထားသကဲ့သို့ ဆွံ့နေကာ ကြောက်လန့်နေပုံပေါ်သည်။ သူက အမှန်တကယ် ကြောက်လန့်နေခြင်း ဖြစ်သော်လည်း ကောင်းကင်နတ်ဓားဧကရာဇ်ဟူသော အဆင့်အတန်းဖြင့် အားတင်းထားရ၏။

"အခွင့်အရေး တစ်ခု လွတ်သွားပြီ။ မင်းလည်း အစွမ်းပြလိုက်သင့်တာ"

ကြယ်ပြာက မျက်လုံးလှန်ကြည့်၍ ရေရွတ်လိုက်၏။

"မင်းကို ဉာဏ်ကောင်းတယ်လို့ ထင်ထားတာ။ သူက ဘာလုပ်ဖို့ အစွမ်းပြနေရမှာလဲ။ ဒီကောင် တစ်ယောက်တည်း ကြောက်သွားရင်ကို လုံလောက်ပြီ"

လနီက စိတ်ပျက်လက်ပျက်ဖြင့် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

"ဦးလေးတရှုံ ကျုပ်က ပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်ပြီလား"

ယွမ်ရှောင်က သားရဲလေးကို မသိကျိုးကျွံပြု၍ မုတရှုံအား မေးခဲ့သည်။

"ဟုတ်ကဲ့"

မုတရှုံက ခေါင်းညိတ်၍ ညီမဖြစ်သူဘက် လှည့်ကာ အလျင်အမြန် တိုက်တွန်းနေသည်။

"သခင်လေးယွမ်ကို မြန်မြန်ခေါ်သွား။ အတင်းအဖျင်းတွေ မကြားစေနဲ့"

ကံဆိုးသည်မှာ နောက်ကျသွားခဲ့ပြီး ခပ်ငေါ့ငေါ့ လေသံမျိုးဖြင့် ဖုန်းရောင်လင်၏ အသံ ထွက်ပေါ်လာခဲ့သည်။

"သခင်လေးယွမ်က အတော်အစွမ်းထက်တာပဲ။ ဓားရုပ်သေးတစ်ခုကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ပိုင်းနိုင်ခဲ့တယ်။ သခင်လေးလင်း လုပ်ပြခဲ့သလို ချီးကျုးထိုက်ပါပေတယ်"

သူမ၏ စကားကြောင့် တပည့်အုပ်အတွင်းမှ ရယ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်အကြား စွမ်းအား ကွာခြားလွန်းနေသည်ဟု ထင်မှတ်ခဲ့ကြ၏။ သူမ၏ ချီးကျူးစကားသည် ထိုကွာခြားချက်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်လေသည်။

All Chapters