← Chapters

ကပ်ဘေးတံဆိပ်ငရဲ

Vol. 21 Ch. 264

ကပ်ဘေးတံဆိပ်ငရဲ

Vol. 21 Ch. 264

အင်မော်တယ် နတ်နန်းတော်အတွင်း လင်းချန်သည် ပလ္လင်အထက်တွင် ထိုင်နေပြီး အောက်ဘက်၌ ကြီးကြပ်သူသုံးယောက်က ခေါင်းငုံ့၍ တိတ်ဆိတ်စွာ ခစားနေကြသည်။ တစ်ဖက်လူက သူ၏ ဓားကွက်ကို ကူးယူ အသုံးပြုသွားသောကြောင့် မျက်မှောင်ကြုတ်၍ စဥ်းစားနေပြီး နတ်ရုံးတော်များမှ အစွမ်းထက်ဖြစ်တည်မှုများအကြောင်း ပြန်လည်ဆန်းစစ်နေ၏။

"ကျစ်ရွှမ်းလား။ ဒီကောင်က ငါ့ဓားသိုင်းတွေကို ခိုးသွားပေမယ့် နေရာလုထားတယ်ဆိုတော့ ပြန်လည်မွေးဖွားလာစရာ အကြောင်းမရှိဘူး"

သူ၏ အတွေ့အကြုံဖြင့် ထူးချွန်လွန်းသော ပါရမီရှင်များမှာ အစွမ်းထက် ဖြစ်တည်မှုများ သို့မဟုတ် အဖိုးတန်ရတနာများဖြင့် တစ်နည်းနည်း ဆက်စပ်နေကြောင်း သိထားသည်။ တစ်စုံတစ်ယောက်က မြင်ရုံနှင့် သင်ယူရန်မှာ မဖြစ်နိုင်လွန်းသောကြောင့် ခေါင်းတခါခါ ရှိနေပြီး အတိတ်ဘဝ၏ သက်တမ်းအတွင်း ကြားပင်မကြားဖူးပေ။ သူ၏ အကြည့်က လေးနက်နေပြီး ​ပြန်လည်မွေးဖွားလာပြီးနောက် နိမ့်ကျမှုကို ပထမဆုံးအကြိမ် ခံစားလိုက်မိ၍ စိတ်များ လေးလံနေသည်။

"သူက ငါ့ကို တစ်ခါ အသက်ကယ်ခဲ့လို့ လက်အောက်ခံအဖြစ် ရွေးချယ်ထားပေမယ့် အခုတော့ ဘာတွေ ဖြစ်ကုန်တာလဲ။ နှစ်ပေါင်းတစ်သန်းအကြာမှာ အာကာသနတ်ဓားက ငါ့အပိုင်ဖြစ်လာပြီ။ ဘာကြောင့် အတားအဆီးလေး အနည်းငယ်ရှိတာနဲ့ တာအိုနှလုံးသားကို အထိခိုက်ခံရမှာလဲ။ ယွမ်ရှောင် မင်းက ဘယ်သူဖြစ်ဖြစ် ငါ့ဘက်က ကစားပေးရမှာပေါ့"

လင်းချန်က တစ်ချက်ပြုံး၍ မတ်တပ်ရပ်လိုက်ပြီး ကြီးကြပ်သူသုံးယောက်ထံ ဝေ့ကြည့်ကာ တည်ငြိမ်စွာ အမိန့်ပေးခဲ့သည်။

"မင်းတို့သုံးယောက် ယွမ်ရှောင်ကို ပြဿနာမရှာနဲ့"

"ဘာကြောင့်လဲ။ သူက အတု မဟုတ်ဘူးလား"

ဖုန်းရောင်လင်အတွက် လက်စားချေလိုသော ဖုန်းပုဟွေက စောဒကတက်လာခဲ့သည်။

"သူက အတု မဟုတ်ဘူး"

"ဒါပေမယ့် ဝါးတောထဲက ဖြစ်ရပ်အရ သူက သခင်လေးထက် အများကြီး နိမ့်ကျပါတယ်"

ရွှမ်းကျန်းက ဝင်ပြောလိုက်ပြန်သည်။

"မင်းတို့ ဘာမှ မသိပါဘူး။ သူက အစွမ်းထက်လို့ မောက်မာတာ ပုံမှန်ပဲ။ လက်စားချေဖို့ မတွေးနဲ့"

လင်းချန်က လက်ကာပြ၍ ဟန့်လိုက်သောကြောင့် သုံးယောက်လုံး ခေါင်းညိတ်၍ အကြောင်းအရင်းကို သိချင်နေကြ၏။

"ဒါဆိုရင် ယွမ်ရှောင်က သခင်လေးနဲ့ ပါရမီချင်း ယှဥ်နိုင်တာလား"

ဖုန်းပုဟွေက စပ်စုလိုစိတ်ကို မထိန်းနိုင်သဖြင့် မေးလာခဲ့သည်။

"စိတ်အေးအေးထားပါ။ သူ့ကို သိမ်းသွင်းဖို့ နည်းလမ်းရှိပါတယ်။ ဓားအစောင့်အရှောက်မှာ နောက်ခံမရှိတော့ရင် ဓားအပျက်အစီးနယ်မြေကို ငါတို့ အုပ်ချုပ်ဖို့ မဝေးတော့ပါဘူး"

လင်းချန်က တိုက်ရိုက် အဖြေမပေးသော်လည်း ကိုယ်ကျင့်စရိုက်နှင့် တာအိုနှလုံးသားအရ အတိတ်ဘဝတွင် အခက်အခဲတိုင်းကို ဖြတ်ကျော်ပြီး သွေးလမ်းခင်း၍ ရှေ့ဆက်ကာ နောက်မဆုတ်ဖူးပေ။ သူ့အတွက် အတားအဆီးဆိုသည်မှာ ကျော်လွှားရန်ဖြစ်ကာ ပြန်လည်မွေးဖွားလာသည့်တိုင်အောင် နှစ်တစ်သန်းကြာသည်အထိ လက်စားချေလိုစိတ် တည်ရှိနေသည်။ ထိုစကားကြောင့် မြေးအတွက် လက်စားချေချင်နေသော ဖုန်းပုဟွေပင် အနာဂတ်အကျိုးစီးပွားအတွက် သည်းခံရန် ရွေးချယ်ခဲ့သည်။

"မင်းတို့ရဲ့တပည့်တွေလည်း သူ့ကို သွားမ​နှောင့်ယှက်စေနဲ့။ အသတ်ခံရရင် ငါလည်း မကယ်နိုင်ဘူး။ ညစ်ညစ်ပတ်ပတ် လှည့်ကွက်တွေ သုံးဖို့ နတ်ဆိုးတိုက်ကြီးနဲ့ နတ်ဘုရားတိုက်ကြီးကို လူလွှတ်ထားသေးတယ်မလား"

"ဟုတ်ကဲ့"

လင်းချန်၏ အကြည့်က ယွမ်ရှင်းဟယ်ထံ ကျရောက်လာသောအခါ ခေါင်းညိတ်၍ အမှန်အတိုင်း ဝန်ခံလိုက်၏။

"ဒါမျိုးတွေက အကျိုးမရှိဘူး။ ပြိုင်ပွဲတစ်ခု ဖြစ်ပေမယ့် လူယုတ်မာ ဖြစ်နေစရာ မလိုအပ်ဘူး။ သူက ငါ့အသက်ကို ကယ်ဖူးလို့ ဂုဏ်သိက္ခာရှိရှိ ယှဥ်ပြိုင်မယ်"

လင်းချန်က သတိပေးလိုက်ပြီး ထိုအကြံမှာ အရိုးခြောက်စောင့်ရှောက်သူ၏ လက်ချက်ဖြစ်ပြီး ကြီးကြပ်သူသုံးယောက်မှာ အမိန့်အတိုင်း လိုက်နာရုံပင်။

"ငါက ဓားသင်္ချိုင်းကို သွားပြီး စာရင်းလည်း သွင်းပြီးပြီ။ အခု မင်းတို့ရဲ့ ကတိအတိုင်း ဓားအပျက်အစီးနယ်မြေရဲ့ အရင်းအမြစ်တွေ ထုတ်ပေးစမ်း"

"ပြင်ဆင်ထားပြီးပါပြီ။ သခင်လေးလင်း ကြွပါ"

ဖုန်းပုဟွေက ခေါင်းညွှတ်၍ လမ်းပြခေါ်ဆောင်သွားသောအခါ လင်းချန်၏ မျက်လုံးများ တောက်ပနေသည်။ ဓားသိုင်းနှင့် ဓားရည်ရွယ်ချက်မှာ သူ့အတွက် အပေါ်ယံခွန်အားဖြစ်ပြီး အဓိကအရေးကြီးသည်မှာ ကျင့်ကြံခြင်း အခြေခံဟု လက်ခံထားသည်။

"အဖိုးတန်ဓားလေး မင်းက ဒဏ္ဍာရီလာလက်နက်ဆိုတော့ ဒီပြိုင်ပွဲလေးမှာ နိုင်အောင် ကူညီနိုင်တယ်မလား။ မဟုတ်လို့ကတော့ မင်းကို အားနာစရာတွေ ဖြစ်ကုန်တော့မယ်"

သူက ကိုးရောင်ခြယ်ဓားဝိညာဥ်ကို ဆင့်ခေါ်၍ ပွတ်သပ်ပြီး ကျေနပ်စွာ ပြုံးလိုက်ပေသည်။

အပျက်အစီးတောင်ကြား၏ ခြံဝန်းအတွင်း ရွှေရောင်ရေကန်တစ်ခု ရှိနေပြီး များပြားလှသော ဆေးလုံးများဖြင့် စီရင်ထားသောကြောင့် ရနံ့ မွှေးကြိုင်လှသည်။ မူလတွင် ယွမ်ရှောင်က ၎င်းအတွင်း ခုန်ဝင်သွားချင်သော်လည်း ဓားစောင့်ရှောက်သူကို မြင်လိုက်ရသောကြောင့် အဘိုးကြီးတစ်ယောက်နှင့် ဆေးရည်စိမ်ရန် လက်တွန့်သွားခဲ့၏။ သူက အနားရှိ ခန်းဆောင်တစ်ခုတွင် ထိုင်ချလိုက်သောအခါ ဓားအစောင့်အရှောက်သည်လည်း ဝတ်ရုံတစ်ခု ခြုံလွှမ်း၍ ရေကန်ထဲမှ တက်လာခဲ့သည်။ အဘိုးအိုက ဓားသမားတစ်ယောက်ထက် အရှင်သခင်တစ်ပါးနှင့် ဆင်တူပြီး လူငယ်မှာ ပန်းချီလက်ရာတစ်ခုအလား တင့်တယ်နေသည်။

"သခင်လေးယွမ်က ဓားရုပ်သေးကို အစိတ်အပိုင်းတစ်သိန်းဖြစ်အောင် ဓားတစ်ချက်တည်းနဲ့ လုပ်ပြခဲ့တယ်လို့ ကြားတယ်။ ထိုက်ကျိစက်ဝိုင်းတစ်ခုစီလည်း ပါဝင်နေတော့ ဒီအဘိုးကြီးတောင် မယှဥ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ရွှေနွေဦး သေရည်ကို သောက်ပါဦး"

အဘိုးအိုက တစ်ချက်ပြုံး၍ ရွှေရောင်သေရည်တစ်ခွက် ငှဲ့ပေးလာခဲ့၏။ ယွမ်ရှောင်က လက်ခံလိုက်ပြီး လင်းချန်နှင့် အရိုးခြောက်စောင့်ရှောက်သူမှာ တစ်ဖက်တည်း ဖြစ်သောကြောင့် တစ်ဖက်လူသာ ဉာဏ်ကောင်းလျှင် သူ့ကို လှည့်ကွက်များ အသုံးပြုမည် မဟုတ်ချေ။

"ဒီသေရည်က ချိုမြပေမယ့် လည်ချောင်းထဲကို ဓားတစ်လက် ရောက်သွားသလို ပူဆင်းသွားတာပဲ"

သေရည်၏ အရသာကို ချီးကျူးလိုက်သော်လည်း သူ့အတွက် ကျောက်ရန်ရန်နှင့် ချန်ရီ၏ သေရည်များလောက် အရသာမရှိချေ။ အမည်ခံ ဓားအင်မော်တယ် ဟူသော အဆင့်အတန်းကြောင့် သူက ဓားအပျက်အစီးနယ်မြေနှင့် ထာဝရဓားအကျဥ်းထောင်၏ လက်ရှိအုပ်ချုပ်သူကို လေးစားနေစရာ မလိုအပ်ပေ။ ကြယ်ပြာထံမှ သတင်းအချက်အလက်အရ ​တစ်ဖက်လူသည် သူ့ထက် ကျင့်ကြံဆင့် ငါးဆင့်အထက် မြင့်ကြောင်း သိလိုက်ရသဖြင့် ဖိအားတစ်ခု ရှိနေသည်။ သူက သူတော်စင်နယ်ပယ်တွင် ရှိနေသဖြင့် ဓားအစောင့်အရှောက်သည် တာအိုနှလုံးသားနယ်ပယ် ဒုတိယကပ်ဘေးသို့ ဝင်ရောက်ပြီးဖြစ်ကာ ငရဲကိုးထပ်၌ ထိပ်တန်းကျင့်ကြံသူများအနက် တစ်ယောက် ဖြစ်ပေ၏။ ထူးခြားသော ပါရမီရှင်ဖြစ်သည့်တိုင်အောင် အဆင့်အတန်း ကွာခြားလျှင် အုပ်ချုပ်သူနှင့် တစ်စားပွဲတည်း ထိုင်၍ ဆွေးနွေးနိုင်စရာ အကြောင်းမရှိသဖြင့် ဤနေရာ၌ အဆင့်အတန်းကလည်း အရေးပါသည်။

"သခင်လေးယွမ်က သေရည်ကို အရသာခံတတ်တာပဲ"

"သေရည်ကောင်းကို မချီးကျူးလို့ ဘယ်ဖြစ်မလဲ။ အခု ခင်ဗျားနဲ့ အရိုးခြောက်စောင့်ရှောက်သူကြားထဲက ပြဿနာအကြောင်း ပြောရအောင်"

ယွမ်ရှောင်က သေရည်ခွက်ကို ချ၍ စကားလမ်းကြောင်းပေးလိုက်သည်။

"အဓိကပြဿနာ နှစ်ခု ရှိတယ်။ ပထမ ငါ့ဆရာမှာ ချင်ကန်လို့ ခေါ်တဲ့ မြေးမတစ်ယောက် ရှိပြီး တလုံနဲ့ အသက်တူတူပဲ။ သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီထူးချွန်ပြီး ကပ်ဘေးတံဆိပ်ငရဲမှာ လက်ထပ်လိုက်လို့ ကျင့်ကြံဆင့် မြင့်တက်လာတဲ့အပြင် ရာထူးကြီးကြီးမားမား ရထားတယ်"

ဓားအစောင့်အရှောက်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီး ယွမ်ရှောင်အနေဖြင့် ငရဲကိုးထပ်တွင် သုံးထပ်အကြောင်းသာ ကြားဖူးထားသည်။ အဆုံးမဲ့ငရဲပြည်၊ ထာဝရဓားအကျဥ်းထောင်၊ ရှေးဟောင်းနတ်ဆိုးငရဲဟူ၍ ဖြစ်ကာ မျိုးနွယ်သုံးခုနှင့် အသီးသီး သက်ဆိုင်၏။

"ကပ်ဘေးတံဆိပ်ငရဲ ဟုတ်လား"

"သူတို့က ငရဲကိုးထပ်မှာ အသန်မာဆုံးအနက် ပါဝင်ပြီး လူသားမျိုးနွယ် စာပေကျင့်ကြံသူတွေ ရှိတယ်။ ငရဲကိုးထပ်မှာ အင်အားကောင်းပြီး လူသားမျိုးနွယ်ကို ဦးဆောင်တယ်"

ဓားအစောင့်အရှောက်က စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

"စာပေ ကျင့်ကြံသူ ဟုတ်လား"

"မကြားဖူးဘူးလား"

ယွမ်ရှောင်သာ အင်မော်တယ် လူဝင်စားဖြစ်လျှင် နေရာတစ်ခု၏ အမည်အကြောင်း မကြားဖူးသည့်တိုင်အောင် စာပေကျင့်ကြံသူအကြောင်း သိရမည်ဖြစ်သောကြောင့် အဘိုးအိုကို ပဟေဠိဖြစ်သွားစေသည်။

"မကြားဖူးဘူး"

"သူတို့က ကျုပ်တို့ ဓားကျင့်ကြံသူတွေလို လူသားမျိုးနွယ်ရဲ့ ကျင့်စဥ်လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းတယ်။ ငါတို့မှာ ဓားဝိညာဥ်တွေ ရှိပြီး အရိုးထဲမှာ ပေါင်းစပ်ထားလို့ သက်စောင့်ဓားလို့ ခေါ်နိုင်တယ်။ စာပေသမားတွေရဲ့ ဦးနှောက်ထဲမှာ အသက်တာအိုတံဆိပ်တွေ ရှိပြီး သက်စောင့်တံဆိပ်လို့ အမည်ရတယ်"

ယွမ်ရှောင်က ပခုံးတွန့်ပြလိုက်သဖြင့် ဓားအစောင့်အရှောက်က အသေးစိတ် ရှင်းပြပေးခဲ့သည်။

"ဦးနှောက်ထဲမှာ တံဆိပ်တစ်ခု ရှိတာလား။ ဒါတွေက ဘာအသုံးဝင်တာလဲ။ ဓားဝိညာဥ်တွေလိုမျိုးလား"

သူက စပ်စုလိုက်ပြန်သည်။

"တံဆိပ်တွေမှာ အဆင့်အမျိုးမျိုးရှိပြီး စွမ်းအား မြှင့်တင်ပေးနိုင်တယ်။ ယေဘူယျသဘောဆိုရင် ဓားဝိညာဥ်နဲ့ အတူတူပါပဲ။ အဲ့တာကို ကြားခံအဖြစ် အသုံးပြုပြီး တာအိုဂါထာတွေ ထုတ်ဖော်နိုင်တယ်။ ရတနာတွေပေါ်မှာ အသုံးချပြီး စွမ်းအား မြှင့်တင်ပေးနိုင်တယ်။ ဓားဝိညာဥ်နဲ့ယှဥ်ရင် အသက်တံဆိပ်မှာက ထူးခြားတဲ့ အသုံးဝင်ပုံ အမျိုးမျိုးရှိတယ်။ တစ်ခေါက်တည်းနဲ့ အကုန်လုံး ပြောပြဖို့ မဖြစ်နိုင်ဘူး။ ငရဲကိုးထပ်တိုက်ပွဲမှာ သူတို့နဲ့ ရင်ဆိုင်ရရင် ကောင်းကောင်းနားလည်သွားမှာပါ"

ဓားအစောင့်အရှောက်က ထိုကျင့်ကြံသူများကို အလေးအနက်ထားပုံပေါ်သည်။

"ဓားသမားတွေနဲ့ စာပေသမားတွေ ဘယ်သူက ပိုပြီးအစွမ်းထက်မယ်လို့ ထင်သလဲ"

ယွမ်ရှောင်က သူ၏အမြင်ကို မေးလိုက်၏။

"ဓားသမားတွေက တိုက်စစ်သန်မာပြီး ခံစစ်အားနည်းတယ်။ စာပေသမားတွေက ဟန်ချက်ညီမျှပေမယ့် အထူးစွမ်းရည်တွေကြောင့် စွယ်စုံရတယ်။ ဘယ်သူက ပိုသန်မာလဲဆိုတာကတော့ ပြောရခက်တယ်။ ငရဲကိုးထပ်ရဲ့ သမိုင်းမှာ ကပ်ဘေးတံဆိပ်ငရဲက ထာဝရဓားအကျဥ်းထောက်အထက် အဆင့်မြင့်နေတာချည်းပါပဲ"

အဘိုးအို၏ ဆိုလိုရင်း အဓိပ္ပါယ်ကို သူ နားလည်သွားပြီး ငရဲကိုးထပ်၌ စာပေသမားအုပ်စု၏ အင်အားက ဓားသမားအုပ်စုထက် သာလွန်ကြောင်း သဘောပေါက်ခဲ့သည်။

"သက်စောင့်တံဆိပ်တဲ့လား"

ယွမ်ရှောင်က ခေါင်းကုတ်လိုက်မိပြီး ဦးနှောက်အတွင်း တစ်ခုခု ရှိနေလျှင် ထူးဆန်းစွာ ခံစားရနိုင်ကြောင်း စဥ်းစားနေမိသည်။

"နတ်ဘုရားတိုက်ကြီးရဲ့ တာအိုအရင်းအမြစ် ကောင်းကင်ထောက်တိုင်က ဓားဝိညာဥ်ဖြစ်လာတယ်။ နတ်ဆိုးတိုက်ကြီးရဲ့ တာအိုအရင်းအမြစ်ကတော့ ထောင့်မှန်စတုဂံပုံ တောတောင်ရေမြေဆိုတော့ တံဆိပ်တစ်ခုနဲ့တောင် ဆင်တူနေသေးတယ်"

ကြယ်ပြာက အထက်ပါအတိုင်း ရေရွတ်၍ ဖန်ဆင်းရှင်အင်မော်တယ်၏ အတိတ်ဘဝသည် ကြိုတင်စီစဥ်ထားကြောင်း ခန့်မှန်းလိုက်လေသည်။

All Chapters