← Chapters

ရှေးဟောင်း အမွေအနှစ်

Vol. 21 Ch. 265

ရှေးဟောင်း အမွေအနှစ်

Vol. 21 Ch. 265

"ချင်ကန်က ကပ်ဘေးတံဆိပ်ငရဲရဲ့ အင်အားတစ်ခု ဖြစ်လာတော့ ဆရာက သူမကို ပြန်လာပြီး ဓားအစောင့်အရှောက်ဖြစ်စေချင်တယ်။ ငါက လက်မခံနိုင်ဘူး။ ဒါက ပထမပြဿနာပဲ"

ယွမ်ရှောင်အတွေးနက်နေစဥ် ဓားအစောင့်အရှောက်က စကားဆိုလာသောကြောင့် မေးခွန်းပြန်ထုတ်လိုက်သည်။

"အရိုးခြောက်စောင့်ရှောက်သူက ခင်ဗျားကို ရာထူးလွှဲပေးခဲ့တာ မဟုတ်ဘူးလား။ သူက သူရဲ့မြေးကို ခင်ဗျားရဲ့ ဆက်ခံသူဖြစ်စေချင်တာ တရားနည်းလမ်းကျပါတယ်"

"ဟုတ်ပါတယ်။ ဒါပေမယ့် ချင်ကန်ရဲ့ ကလေးတွေအားလုံးက စာပေကျင့်ကြံသူတွေ ဖြစ်ကုန်ပြီ။ ဓားအပျက်အစီးနယ်မြေအတွက် မဟာမိတ်လို့ထင်ရပေမယ့် ငါတို့က အသုံးချခံ ဖြစ်သွားနိုင်တယ်။ ထာဝရဓားအကျဥ်းထောင်ရဲ့ ကျင့်ကြံသူတွေက သူတို့အမြင်မှာ သိုးတွေပဲ"

ဓားအစောင့်အရှောက်က သက်ပြင်းချ၍ ရှင်းပြခဲ့သည်။

"အဲ့ဒီအဘိုးကြီးက ဒါကို နားလည်တယ်မလား"

"သူ့ကို ချင်ကန်က ကတိပေးထားပြီး ဓားအပျက်အစီးနယ်မြေကို ဦးစားပေးမယ်တဲ့။ သူက မိသားစုဝင်ဆိုတော့ ယုံကြည်ပေမယ့် ငါ မယုံဘူး။ လူတစ်ယောက်ကို ဘယ်လောက်ယုံယုံ နယ်မြေတစ်ခုလုံး အလောင်းအစား မလုပ်သင့်ဘူး။ ဆရာရဲ့ မျိုးနွယ်က ဓားအပျက်အစီးနယ်မြေမှာ အင်အားကြီးပြီး ငါရဲ့ ပါရမီက သူ့မျိုးဆက်တွေထက် သာလွန်နေတာကြောင့် ဓားအစောင့်အရှောက် ဖြစ်လာခဲ့တာပဲ။ သူက မျိုးဆက်သစ်တွေအပေါ် အကြွေးတင်သလို ခံစားနေရပြီး မြေးမကို ရာထူး ပြန်ပေးချင်နေတယ်"

အဘိုးအိုက လေးလံစွာ ပြောလိုက်သည်။

"ဒီပြဿနာလောက်တော့ ဖြေရှင်းလို့ရပါတယ်။ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်တောင် ရှိနေမှတော့ ထာဝရဓားအကျဥ်းထောင်ရဲ့ ဆက်ခံသူက ချင်ကန်မဖြစ်နိုင်တော့ဘူး"

ယွမ်ရှောင်က ထောက်ပြလိုက်သည်။

"မှန်တယ်။ ဒါပေမယ့် မင်းတို့က အစွမ်းထက်လာဖို့ အချိန် လိုတယ်။ ဓားနယ်မြေကို ကြီးကြပ်ဖို့ ဆရာက လက်လျှော့မှာ မဟုတ်ဘူး။ ဒုတိယပြဿနာက ပိုပြီး ကိုင်တွယ်ရခက်တယ်။ သူက အသက်ကြီးလာတဲ့အချိန်မှာ သေခြင်းတရားကို လက်မခံနိုင်ဘူး။ နှစ်ပေါင်းများစွာ ကြာလာပြီးနောက်မှာ ရှေးဟောင်းအမွေအနှစ်အပေါ် လောဘတက်လာတယ်"

ဓားအစောင့်အရှောက်က ဘိုးဘေးဓားသင်္ချိုင်းထံ လှမ်းမျှော်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။ ၎င်းက ထာဝရဓားအကျဥ်းထောင်၏ ​ရှေးဟောင်းရတနာ ဖြစ်ကာ အသွေးအသားကို ပြန်လည်ဖြစ်ပေါ်စေနိုင်သည်။ ဒဏ္ဍာရီများအရ ၎င်းသည် ရုပ်ခန္ဓာကို အသစ်တည်ဆောက်ပေးနိုင်ပြီး နှစ်ပေါင်းများစွာကြာအောင် ဘိုးဘေးများ၏ အလောင်း ပုပ်သိုးမသွားသော အ​ကြောင်းအရင်းလည်း ဖြစ်၏။ ထို့ကြောင့် ယွမ်ရှောင်၏ စိတ်အတွင်း သခင်မဟွာလျန်အတွက် ရုပ်ခန္ဓာ တည်ဆောက်ပေးရန် အတွေးရောက်လာသည်။

"ဓားအပျက်အစီးနယ်မြေမှာ ဘိုးဘေးတွေက ငြိမ်းငြိမ်းချမ်းချမ်း အနားယူနေကြတယ်။ ဓားအစောင့်အရှောက်တိုင်းကို သင်္ချိုင်းထဲမှာ မြုပ်နှံထားတယ်။ ဒီလိုနဲ့ အလောင်းတွေက နှစ်ပေါင်းများစွာ ကြာအောင် တည်တံ့နိုင်လိမ့်မယ်။ ငါဆိုလိုချင်တာကို မင်းနားလည်တယ်မလား"

ဓားအစောင့်အရှောက်က စကားဆက်လိုက်၏။

"ဂုဏ်သိက္ခာရှိရှိ အနားယူပြီး အမွေအနှစ်တွေ ချန်ထားပေးခဲ့တာ တကယ့်ကို အေးချမ်းတာပဲ"

ယွမ်ရှောင်က ခေါင်းညိတ်ထောက်ခံသည်။

"ဒါပေမယ့် ငါ့ဆရာက ပြန်လည်နုပျိုချင်နေပြီး ကိုယ်ကျိုးအတွက် အသုံးပြုချင်နေတယ်။ သူက သေရမှာကို ရူးမတတ်ကြောက်နေပြီး ဘိုးဘေးတွေရဲ့ အလောင်းကို ဖျက်ဆီးချင်နေတယ်။ ငါ ဒါကို လုံးဝ ခွင့်မပြုနိုင်ဘူး"

ဓားအစောင့်အရှောက်၏လေသံက ဖြည်းဖြည်းချင်း တင်းမာလာသောကြောင့် ပြဿနာကို ယွမ်ရှောင် နားလည်သွားကာ ချင်ကန်နှင့် ဓားအမွေအနှစ်၏ ပြဿနာမှာ ပေါ့သေးသေး မဟုတ်ချေ။

"သေဖို့ နီးကပ်လာတော့ ပိုပြီး ရူးသွပ်လာတယ်။ ဆရာက ချင်ကန်ကို ပြန်ခေါ်ချင်နေတာ အမွေအနှစ်ကို မောင်ပိုင်စီးချင်လို့ပဲ။ သခင်လေးယွမ် အဘိုးကြီးတစ်ယောက် စိတ်လွတ်သွားရင် အတော်ဆိုးတယ်ကွာ"

သူက ပခုံးတွန့်၍ သက်ပြင်းအခါအခါ ချနေပြီး ဆရာဖြစ်သူ၏ လောဘကြောင့် ကိုင်တွယ်ရခက်ခဲနေသည်။

"ဒီတော့ ဓားအပျက်အစီးနယ်မြေမှာ ဂိုဏ်းဂဏတွေ ကွဲကုန်ပြီပေါ့။ ဟို ကြီးကြပ်သူသုံးယောက်ကရော ဓားအမွေအနှစ်ရဲ့ အရေးကြီးတာကို မသိကြဘူးလား"

ယွမ်ရှောင်က စုံစမ်းသည်။

"သိပါတယ်။ သူတို့ရဲ့ မျိုးနွယ်မှာ ဓားအစောင့်အရှောက် ဘိုးဘေး တစ်ယောက်မှ မရှိဘူးဆိုတော့ ဘယ်ဂရုစိုက်ပါ့မလဲ။ သူတို့အတွက် ငါ့ကို ဖြုတ်ချပြီး အင်အားကြီးမားလာဖို့က အဓိကပဲ။ လောလောဆယ်မှာ အမွေအနှစ်ကိစ္စအကြောင်း မသိထားတာတောင် ငါ့ဘက်မှာ ထောက်ခံသူ ပိုများတယ်"

ဓားအစောင့်အရှောက်က ခေါင်းယမ်း၍ ရှင်းပြသည်။

"ဒီတော့ လင်းချန်နဲ့ အဘိုးကြီး ပူးပေါင်းသွားတာက ခင်ဗျားကို ပိုပြီး ခေါင်းကိုက်စေတာပေါ့"

"လင်းချန်ကို ဓားအမွေအနှစ်ပေးမယ်လို့ ဆရာက ကတိပေးခဲ့တယ်။ အဲ့အကြောင်းကြားတာနဲ့ သူတို့ ပူးပေါင်းသွားကြတာပဲ။ ဒါက အရမ်းစွမ်းအားကြီးလို့ ဆယ်ပုံတစ်ပုံလောက် ပမာဏနဲ့တင် ဆရာ့ကို ငယ်ရွယ်နုပျိုစေတယ်။ ငါက ဘယ်သူ့ကိုမှ ဒီအမွေအနှစ် မပေးနိုင်ဘူး။ ဒီတော့ လင်းချန်နဲ့ သူက တစ်ဖွဲ့တည်း ဖြစ်သွားပြီး ကျင့်ကြံဆင့်မြင့်လာတာနဲ့ ငါ့ဆီမှာ သော့ကို သေချာပေါက် တောင်းလိမ့်မယ်။ ဒီလိုအမည်ခံ ဓားအင်မော်တယ် ပေါ်လာတာက ငါတို့အတွက် အိပ်မက်ဆိုးဖြစ်နေပြီ"

ဓားအစောင့်အရှောက်၏ မျက်နှာထားက အေးစက်တင်းမာနေသည်။

"လင်းချန်ကို သော့ပေးလိုက်ရင် အဘိုးကြီးကို ချက်ချင်း ကန်ထုတ်မှာပဲ။ ဒါဆိုရင် ခင်ဗျားအတွက်လည်း သတင်းကောင်းပေါ့"

ယွမ်ရှောင်က တစ်ချက်ရယ်မော၍ ဟာသလုပ်လိုက်သည်။

"ငါ့ဘဝကို ဂုဏ်သိက္ခာရှိရှိ နေထိုင်ခဲ့တယ်။ ဘိုးဘေးတွေကို သစ္စာမဖောက်ချင်ဘူး။ နောက်ထပ်နှစ်ပေါင်းတစ်သိန်းလောက် မျိုးဆက်သစ်တွေအတွက် အလောင်းနဲ့ အမွေအနှစ် ချန်ထားရစ်ခဲ့ချင်တယ်"

ဓားအစောင့်အရှောက်က ပြုံးလိုက်သော်လည်း စိတ်လေးနေခဲ့သည်။

"မကျော်သင့်တဲ့ စည်းတွေ ရှိတယ်။ ဒါတွေသာ ပျက်စီးသွားရင် လောဘသားချည်း ဖြစ်ကုန်မှာပေါ့"

"အမှန်ပဲ။ ငါ လမ်းဆုံးရောက်နေတဲ့အချိန်မှာ ကောင်းကင်က မင်းလို ပါရမီရှင်တစ်ယောက် ပို့ပေးလာမယ်လို့ မထင်ထားဘူး "

ဓားအစောင့်အရှောက်သည် အရိုးခြောက်စောင့်ရှောက်သူနှင့် ​ကြီးကြပ်သူများသာမက ချင်ကန်နှင့် ကပ်ဘေးတံဆိပ်ငရဲကို မကြောက်သော်လည်း ဓားအပျက်အစီးနယ်မြေ၏ အနာဂတ်မျှော်လင့်ချက် လင်းချန်ကို ဆန့်ကျင်ရန် မလွယ်ချေ။ အကယ်၍ သူသာ ဆန့်ကျင်လျှင် ဓားအစောင့်အရှောက် ရာထူး ပြုတ်သွားနိုင်ကာ မျိုးနွယ်တစ်ခုလုံး ဒုက္ခရောက်နိုင်သည်။

"ခြင်္သေ့နှစ်ကောင် တစ်ဂူထဲ မအောင်းဘူး။ အရင်းအမြစ် အကန့်အသတ်ရှိတော့ တစ်ယောက်တည်း ထိပ်ဆုံးရောက်လိမ့်မယ်"

အရာရာကို နားလည်သွားသောအခါ ယွမ်ရှောင်သည် ဓားအစောင့်အရှောက်နှင့် ဓားအပျက်အစီးနယ်မြေ၏ အခက်အခဲကို သဘောပေါက်သွားကာ သူနှင့် လင်းချန်အကြား ဆက်ဆံရေး ပျက်စီးရန် ကံပါလာပုံပေါ်သည်။ ထိုအချိန်တွင် ကြယ်ပြာက စနောက်လိုက်သောအခါ လနီလည်း ထောက်ခံလိုက်သည်။

"ဒီကောင်သာ လောလောဆယ် အားနည်းတဲ့ သိုးပိန်လေး ဖြစ်မနေဘူးဆိုရင် အစ်ကိုကြီးက အရှင်လတ်လတ် မျိုချလိုက်လိမ့်မယ်"

"ခင်ဗျားက ပွင့်ပွင့်လင်းလင်း ပြောလာပြီဆိုတော့ ​ကျုပ်လည်း ဒဲ့တိုးပြောမယ်။ ခင်ဗျားရဲ့ ဓားအော်ရာ အလွှာ ဘယ်လောက်ရှိလဲ"

ယွမ်ရှောင်က ရုတ်တရက် မတ်တပ်ရပ်၍ မေးလိုက်ခြင်း ဖြစ်သည်။

"ငါက ပါရမီရှင်တစ်ယောက်လို့ မခေါ်ရဲပေမယ့် ဓားအော်ရာ တစ်သောင်းကျော်နဲ့ ငရဲကိုးထပ်မှာ ထိပ်တန်းဓားသမားတစ်ယောက်ပဲ"

ဓားအစောင့်အရှောက်က ဂုဏ်ယူဝံ့ကြွားစွာ ဖြေသည်။

"ဒါဆိုရင် အချိန်မဖြုန်းတော့ဘူး။ ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းမယ်။ ဓားအော်ရာ အလွှာ တစ်သောင်း၊ ဓားစက်ကွင်း၊ ဓားနှလုံးသား၊ သူတော်စင်ကျောက်၊ အင်မော်တယ်ကျောက်စိမ်းနဲ့ ရွှေနွေဦး သေရည်တွေ လိုချင်တယ်"

သူ၏ တောင်းဆိုချက်က ဓားပြတိုက်နေသကဲ့သို့ ထင်မှတ်ရသောကြောင့် တစ်ဖက်လူကို ဆွံ့အသွားစေသည်။

"စိတ်ချပါ။ ကျုပ်က ဓားအမွေအနှစ်ကို စိတ်မဝင်စားဘူး။ ကျုပ်ကို တစ်ခါ ကူညီပေးရင် အစွမ်းကုန် ထောက်ပံ့ပေးတတ်တယ်။ အရင်းအမြစ်တွေ ပေးမယ်ဆိုရင် ခင်ဗျားကို စိတ်ရောကိုယ်ပါ ကူညီပေးမှာမို့ အရှုံးမရှိပါဘူး"

ယွမ်ရှောင်က လေးနက်စွာ စိုက်ကြည့်၍ ကတိပြုလိုက်သောအခါ ဓားအစောင့်အရှောက်သည် ဝါးတောအဖြစ်အပျက်ကို စဥ်းစားလိုက်ပြီး တွက်ချက်နေသည်။ သူက ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ပြီး မုတရှုံအနေဖြင့် မုမျိုးနွယ်ပြင်ပသို့ သတင်းပေါက်ကြားမည် မဟုတ်ဟု ခန့်မှန်းထားပြီးဖြစ်၏။

"ပါရမီရှင်တစ်ယောက်ကို တိုက်ခိုက်ဖို့ နောက်ထပ်ပါရမီရှင်တစ်ယောက် လိုတယ်။ ငါနဲ့အတူ ဖီးနစ်ပြာမျှော်စင်ကို လိုက်လာခဲ့။ ဓားအော်ရာ ဘယ်လောက်ရမလဲဆိုတာကတော့ မင်းအပေါ် မူတည်တယ် သခင်လေးယွမ်"

ဓားအစောင့်အရှောက်က ပူးပေါင်းရန် ဆုံးဖြတ်၍ ဦးဆောင်လမ်းပြပြီး ထွက်ခွာလာခဲ့သည်။

ကောင်းကင်တွင် ပျံသန်းနေသော ဓားများအကြားတွင် ဓားတစ်လက်ပမာ ထိုးထောင်နေသော မျှော်စင်တစ်ခု တည်ရှိပြီး ဓားအပျက်အစီးနယ်မြေ၏ အစည်ကားဆုံး နေရာတစ်ခုဖြစ်သည့် ဖီးနစ်ပြာမျှော်စင် ဖြစ်၏။ ၎င်းအထက်တွင် သားရဲပန်းချီများ ရေးဆွဲထားပြီး ဆည်းလည်းများ တပ်ဆင်ထားသဖြင့် တချွင်ချွင်မြည်သံများ ထွက်ပေါ်နေ၏။ မျှော်စင်အတွင်း၌ နတ်ဆိုးများစွာ ဟိန်းဟောက်နေသကဲ့သို့ ကြောက်မက်ဖွယ်အသံများ ထွက်ပေါ်နေသည်။

"သခင်လေးလင်းကို ဂါရဝပြုကြစမ်း"

ထိုအချိန်တွင် လူအချို့ရောက်ရှိလာကာ ဖီးနစ်ပြာမျှော်စင်ရှေ့မှောက်တွင် အသံကုန် အော်ဟစ်လိုက်ကြလေသည်။

All Chapters