ငှက်လေးတွေ လာကြစမ်း
Vol. 21 Ch. 267
ဖီးနစ်မျှော်စင်၏ လေးထပ်မြောက်သည် အလွန်ကျယ်ဝန်းသော ဟင်းလင်းပြင်တစ်ခု ဖြစ်ကာ နတ်ဆိုးချီများ ရစ်သိုင်းနေ၍ ကြီးမားလှသော မိုးပြာရောင် ပုံရိပ်များ ဟိုမှသည် အဆက်မပြတ် ပျံသန်းနေကြသည်။ ၎င်းတို့အထက်တွင် ရုန်းများ တောက်ပနေ၍ သက်ရှိသတ္တဝါများအလား ကြမ်းတမ်းရက်စက်ပြီး လှောင်အိမ်အတွင်းမှ ငှက်များပမာ မျှော်စင်နံရံကို အဆက်မပြတ် ဝင်ဆောင့်နေကြ၏။ ဝင်ပေါက်တွင် လေထဲ မျောလွင့်နေသော ကျွန်းတစ်ခု ရှိပြီး လူတစ်ထောင်ခန့် ရောက်ရှိနေကာ ထိပ်တန်းတပည့်များချည်း ဖြစ်သည်။
"အဆင့်တစ်ဆယ် ဖီးနစ်"
မိန်းကလေးများ၏ တအံ့တသြ အော်သံ ထွက်ပေါ်လာကာ အနက်ရောင်မြူခိုးအကြားတွင် ရှိနေသော ခရမ်းရောင်ဝတ် လူငယ်တစ်ယောက်ကို စောင့်ကြည့်နေကြသည်။
"သခင်လေးလင်းက ပထမဆုံးအကြိမ်မှာတင် အဆင့်တစ်ဆယ် ဖီးနစ်တစ်ကောင်ကို စုပ်ယူနိုင်ခဲ့တယ်။ ဒီလိုလူမျိုးကို ဓားအပျက်အစီးနယ်မြေသမိုင်းမှာ ယှဥ်နိုင်သူ မရှိလောက်တော့ဘူး"
ခေါင်းတုံးပြောင်ပြောင်၊ ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်က ချီးကျူးလိုက်ခြင်းဖြစ်သည်။
"ဒါပေါ့။ တပည့်တွေရဲ့သမိုင်းမှာ နေမင်းကောင်းကင် သခင်လေးတစ်ယောက်သာ အသက်ဆယ့်ရှစ်မတိုင်ခင် အဆင့်ခြောက် ဖီးနစ်ကို စုပ်ယူနိုင်ခဲ့တယ်။ အဲ့ဒါကို သန့်စင်ဖို့ တစ်လတောင် အချိန်ယူရတယ်"
အပြာရောင်ဝတ် မိန်းကလေးတစ်ယောက်က လေးစားသော မျက်ဝန်းများဖြင့် ကြည့်နေရင်း ရေရွတ်သည်။
"စစ်ခုံရန် မင်းက သခင်လေးလင်း ဓားကျွန်ဘဝမှာ ကူညီပေးခဲ့ဖူးတယ်လို့ ကြားတယ်"
ကတုံးလူငယ်က သူမကို မေးလိုက်သည်။
"မပြောပလောက်ပါဘူး။ ဒါပေမယ့် သခင်လေးလင်းက အမြဲအမှတ်ရနေမယ်လို့ ပြောတယ်"
စစ်ခုံရန်၏ ပါးတွင် ရှက်သွေးဖြာနေ၏။
"ဒါဆိုရင် မင်းလည်း သူ့ရဲ့ ရွေးချယ်ခံတစ်ယောက် ဖြစ်လာလိမ့်မယ်"
"ကုရင် အများကြီးမတွေးနဲ့။ သူက ယဥ်ကျေးနေရုံသက်သက်ပဲ"
စစ်ခုံရန်က ငြင်းဆန်နေသော်လည်း သခင်လေးလင်း၏ စူးရှသောအကြည့်ကို မှတ်မိ၍ ရင်ခုန်မြန်လာသည်။ အတိတ်တွင် လင်းချန်ကို အနိုင်ကျင့်နေသူများကို သူမက မောင်းထုတ်ပေးခဲ့ပြီး ကြီးကြပ်သူတစ်ယောက်၏ မြေးဖြစ်သောကြောင့် နတ်သမီးတစ်ပါးပမာ မြင့်မြတ်ခဲ့သည်။ သို့သော် အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီး ဓားကျွန်က မြင့်မြတ်သူတစ်ယောက်အဖြစ် မြင့်တက်လာကာ သူမပင် ခေါင်းငုံ့ဆက်ဆံရသည်အထိ ရောက်ရှိသွား၏။ စစ်ခုံရန်နှင့် ကုရင်သည် ထာဝရဓားအကျဥ်းထောင်၏ ထိပ်တန်းဓားသမားများဖြစ်ကာ အင်မော်တယ်ဓားအဆင့်သတ်မှတ်ချက် နှစ်ဆယ်အတွင်း ပါဝင်သည်။ ကုရင်က ဖီးနစ်မျှော်စင်အစောင့် ကုရွှမ်၏ မြေးဖြစ်ကာ အရိုးခြောက်စောင့်ရှောက်သူ၏ မြစ်ဖြစ်သည်။
"ဖီးနစ်မျှော်စင်မှာ အဆင့်တစ်ဆယ် ဖီးနစ် ၁၁ ကောင် ရှိတယ်။ အခု ဆယ်ခုပဲ ကျန်ရစ်တယ်။ သခင်လေးလင်းက ဆက်ပြီး စုပ်ယူမှာလား သိချင်တယ်"
စစ်ခုံရန်၏ လှပသော မျက်ဝန်းလေးများ မျှော်လင့်တကြီး တောက်ပနေ၏။ အဆင့်တစ်ဆယ် ဖီးနစ်ကို စုပ်ယူနိုင်လျှင် ကြီးကြပ်သူများအတွက်ပင် အောင်ပွဲတစ်ခု ဖြစ်ပြီး တစ်ကောင်က သူတို့အတွက် အကန့်အသတ်ဖြစ်သော်လည်း လင်းချန်မှာ ခြားနားပေသည်။
"သူက မရပ်သေးဘူး"
ကုရင်က လေးစားစွာ ရေရွတ်လိုက်ပြီး အရိုးခြောက်စောင့်ရှောက်သူ၏ မျိုးဆက်ဖြစ်သောကြောင့် တခြားလူငယ်တစ်ယောက်ကို လေးစားမိရန် ခက်ခဲသည်။ ဖီးနစ်ပြာ တစ်ကောင်ကို ငရဲနတ်ဆိုးအရိုးများဖြင့် ဖန်တီးထားပြီး ရှေးဟောင်းငရဲပြည်၏ ထိုနတ်ဆိုးများမှာ ဓားအပျက်အစီးနယ်မြေ၏ အသန်မာဆုံး ကြီးကြပ်သူ ဆယ်ယောက်လောက် အစွမ်းထက်သည်။ သခင်လေးလင်းသည် အဆင့်တစ်ဆယ် ဖီးနစ်ကို ဖမ်းယူနိုင်သောအခါ ပရိသတ်များကို အုတ်အော်သောင်းတင်း ဖြစ်သွားစေ၏။ လေးထပ်မြောက်ရှိ ဖြစ်ရပ်သည် ဖီးနစ်မျှော်စင်၏ လေးထပ်လုံးမှ လူပေါင်းနှစ်ထောင်ကျော်ကို တုန်လှုပ်သွားစေခဲ့သည်။
"အစစ်အမှန် အင်မော်တယ် တစ်ယောက်ပဲ။ အတု တစ်ယောက်လို မဟုတ်ဘူး"
စစ်ခုံရန်က လှောင်ပြောင်နေစဥ် အော်သံတစ်ခုထွက်ပေါ်လာသောကြောင့် ရှေ့ဆုံးတန်းရှိ ကြီးကြပ်သူများပင် လမ်းဖယ်ပေးလိုက်ရ၏။
"ဓားအစောင့်အရှောက်နဲ့ သခင်လေးယွမ် ရောက်လာပြီ"
"အစစ်အမှန် အင်မော်တယ်က အောင်မြင်မှုတွေ ရယူနေချိန်မှာ အတုက ဒီလိုပြုမူနေတာ ရှက်စရာပဲ"
ကုရင်က ခေါင်းယမ်း၍ စိတ်ပျက်အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"သခင်လေးလင်း ဘယ်ရောက်ရောက် လူလေးစားခံရတာပဲ"
စစ်ခုံရန်ကလည်း ချက်ချင်း ထောက်ခံသည်။ သို့ရာတွင် ဖုန်းရောင်လင်၏ အဖြစ်က သင်ခန်းစာတစ်ခု ဖြစ်သောကြောင့် တီးတိုးသာ ပြောရဲပြီး အသံကျယ်ကျယ် မထွက်ဝံ့ပေ။ လူအုပ်၏ အာရုံစိုက်ခံနေရသော ယွမ်ရှောင်သည် ရှေ့ဆုံးသို့ ဓားအစောင့်အရှောက်နှင့်အတူ ရောက်ရှိလာသောအခါ ကြီးကြပ်သူများပင် ဦးညွှတ်ခဲ့ရသည်။ ဖုန်းရောင်လင်၏ သေခြင်းတရားသည် ဓားအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများကို သူ့ရှေ့မှောက်တွင် ဆူဆူညံညံမလုပ်ရန် သတိပေးနိုင်ခဲ့သည်။
"ကျုပ်တို့ စကြမလား"
အချိန်ခဏအတွင်း အဆင့်တစ်ဆယ် ဖီးနစ်တစ်ကောင်ကို ဖမ်းယူပြခဲ့သော လင်းချန်ကြောင့် ဓားအစောင့်အရှောက်မှာ ဖိအားများ ခံစားနေရသည်။ ယွမ်ရှောင်က ခေါင်းညိတ်၍ ကျွန်းအထက်သို့ ပျံတက်သွားကာ နတ်ဆိုးချီအတွင်း ဖီးနစ်ကို စုပ်ယူနေသော လင်းချန်နှင့် သူ့ကို လူအုပ်မှာ တစ်လှည့်စီ ကြည့်နေကြ၏။ သူ့အတွက် အတင်းအဖျင်းများမှာ စိတ်ပျက်စရာဖြစ်နေပြီး လာရင်းရည်ရွယ်ချက်သည် ပြိုင်ဆိုင်ရန်မဟုတ်ဘဲ ဖီးနစ်များကို စုပ်ယူရန်သာ ဖြစ်သည်။ သူက ဖန်ဆင်းရှင်အင်မော်တယ်၏ အရှိန်အဝါကို ထုတ်ဖော်ကာ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်အား မိုးပြာရောင် ဓားရှည်အဖြစ် ဆင့်ခေါ်ခဲ့သည်။
"ငှက်ကလေးတွေ ကိုယ့်ဘာသာလာကြစမ်း"
ယွမ်ရှောင်က တီးတိုးရေရွတ်၍ ဓားကို ယမ်းလိုက်သောအခါ အမိန့်အောက်တွင် မျှော်စင်တစ်ခုလုံး တုန်ခါလာကာ ငှက်အော်သံများနှင့်အတူ အဆင့်တစ်ဆယ် ဖီးနစ်များ တစ်ကောင်ပြီး တစ်ကောင် နတ်ဆိုးမြူအတွင်းမှ ထွက်ပေါ်လာကြသည်။
"ဟင်"
ဖီးနစ်တစ်ကောင်ကို စုပ်ယူဝါးမျိုနေသော လင်းချန်မှာ လှည့်ကြည့်လိုက်မိစဥ် ထိုဖီးနစ်မှာ အတောင်များကို ဖြန့်၍ မီးတောက်များတောက်လောင်လာကာ အဝေးရှိ ပုံရိပ်ထံ ထွက်ပြေးသွားခဲ့သည်။
"ဘယ်သွားတာလဲ"
သူက မျက်မှောင်ကြုတ်၍ စဥ်းစားနေသောအခါ လက်ကျန် အဆင့်တစ်ဆယ် ဖီးနစ်များသည်လည်း ယွမ်ရှောင်ထံ ဒရောသောပါး ပြေးဝင်သွားကြ၏။
"ဒီကောင် လုပ်ပြန်ပြီ"
သူက တုန်လှုပ်သွားကာ မျက်နှာပျက်သွားပြီး ကျားတစ်ကောင်၏ ပါးစပ်မှ အစာကို လုယူရဲသည်မှာ ပို၍ကြမ်းကြုတ်သော ကျားရဲတစ်ကောင် ဖြစ်နေကြောင်း နားမလည်နိုင် ဖြစ်နေသည်။
"ဖီးနစ်တွေက ဘာဖြစ်နေတာလဲ"
စောင့်ကြည့်နေသူများထံမှ အော်သံများ ထွက်ပေါ်လာကာ ထူးဆန်းသော အဖြစ်ကြောင့် အတွေ့အကြုံနည်းသော တပည့်များမှာ နောက်ဆုတ်လိုက်မိသည်။ သူတို့အထက်တွင် ဧရာမ မိုးပြာရောင် ဖီးနစ် ဆယ်ကောင်သည် မီတာတစ်ရာကျော် ရှည်လျားသော အတောင်များကို ဖြန့်၍ မီးများတောက်လောင်နေသဖြင့် အရိပ်ထိုးကျလာကာ မည်းမှောင်သွားသည်။ ပြင်းထန်လွန်းသော အပူချိန်နှင့် အရှိန်အဝါသည် အားနည်းသော တပည့်များကို ကြောက်ဒူးတုန်စေသည်။ လူအုပ်က မင်သက်နေပြီး အဖြစ်အပျက်ကို နားလည်ရန် ကြိုးစားနေစဥ် ဦးဆောင်လာသော ဖီးနစ်သည် အဖြူရောင်ဝတ် လူငယ်ထံ ဆင်းသက်လာခဲ့သည်။
"သခင်လေးယွမ်"
လူငယ်က ဓားမြှောက်၍ ချိန်ရွယ်လိုက်သောအခါ ဖီးနစ်သည် ဓားဦးကို တိုးဝင်လာကာ ဓားအော်အလွှာနှစ်ထောင်အဖြစ် ပြောင်းလဲပေါင်းစပ်သွား၏။ အံ့ဖွယ်မြင်ကွင်းသည် ကျွန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေကာ ကြီးကြပ်သူများပင် မျက်လုံးအပြူးသားဖြင့် မယုံနိုင်ဖြစ်နေကြသကဲ့သို့ ဓားအစောင့်အရှောက်ပင် အသက်ရှူမှားမတတ် ဖြစ်နေသည်။
"အဆင့်တစ်ဆယ် ဖီးနစ်ကို ဒီအတိုင်းဝါးမျိုလိုက်တာလား"
စစ်ခုံရန်မှာ တုန်တုန်ရီရီဖြင့် ကုရင်ဘက်လှည့်ကာ မေးလိုက်ပြီး အဖြေမရခင်မှာပင် ဖီးနစ်ကိုးကောင်သည် ကောင်းကင်သင်္ချိုင်းဓားအတွင်း တရစပ် ဝင်ရောက်သွားကြ၏။ ပေါက်ကွဲသံကိုးချက်နှင့်အတူ ငှက်မွေးနှင့် အစိတ်အပိုင်းများ ကျွန်းအထက်သို့ ပြုတ်ကျလာပြီး ဖီးနစ်မျှော်စင်၏ လေးထပ်မြောက်သည် မည်းမှောင်သွားကာ ဓားဝိညာဥ်၏ အလင်းရောင်သာ ကျန်ရစ်သည်။ ဓားအော်ရာအလွှာတစ်သောင်းအထိ မြင့်တက်လာပြီး ဓားစွမ်းအင်များမှာ ပင်လယ်ပမာ ကြီးမားကျယ်ပြန့်လာ၏။ မူလတွင် လေးထပ်မြောက်၌ အဆင့်တစ်ဆယ် ဖီးနစ် ၁၁ ကောင် ရှိပြီး တစ်ကောင်ကို ဖမ်းယူနိုင်ခဲ့သော လင်းချန်က အံ့လောက်စရာဖြစ်သော်လည်း ယွမ်ရှောင်သည် ဆယ်ကောင်ကို ဝါးမျိုလိုက်ရုံသာမက လင်းချန်၏ ဖီးနစ်ပင် လုယူခံလိုက်ရသည်။
"လခွမ်း"
ဓားအစောင့်အရှောက်မှာ မယုံနိုင်လွန်းသောကြောင့် ကျိန်ဆဲလိုက်မိပြီး ဗဟုသုတများသော်လည်း ယွမ်ရှောင်ကဲ့သို့ လူတစ်ယောက် မမြင်ဖူးပေ။
"ကုရင်"
စစ်ခုံရန်မှာ အလန့်တကြားဖြင့် ကတုံးလူငယ်၏ လက်ကို ယောင်ယမ်းဆုပ်ကိုင်လိုက်မိသည်။
"ငါ့ကို မမေးနဲ့။ ငါလည်း ဘာမှမသိတော့ဘူး"
ကုရင်မှာလည်း အသံများ တုန်ယင်နေပြီး သူတို့နှစ်ယောက်သာမက လူတိုင်း အမြင်မှားသည်ဟု ခံစားနေရသည်။
"ပုံရိပ်ယောင်များလား"
သူမက ကျယ်လောင်စွာ အော်လိုက်မိသည်။
"ဖီးနစ်ဆယ်ကောင်လုံး ပျောက်ကွယ်သွားတာက ပုံရိပ်ယောင်ဖြစ်မလား"
ကုရင်၏ ငေါက်ငမ်းသံကြောင့် သူမ ပါးစပ်ပိတ်လိုက်ရ၏။ လင်းချန်သည်လည်း နတ်ဆိုးမြူအတွင်းမှ ထွက်ပေါ်လာပြီး ယွမ်ရှောင်၏ ကောင်းကင်သင်္ချိုင်းကို စူးစမ်းနေခဲ့သည်။
"ညီလေးယွမ်ရဲ့ ဓားက သာမန်ဓားဝိညာဥ် မဟုတ်ဘူးပဲ"
သူက အားတင်း၍ ပြုံးပြလိုက်ပြီး စကားဦးသန်းသည်။
"ဒီကောင်က နည်းနည်း အစားကြီးလို့ပါ"
ယွမ်ရှောင်က ပခုံးတွန့်ပြ၍ ဓားဝိညာဥ်အား ခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်လိုက်သည်။
"အစားကြီးတာလည်း ကောင်းတာပါပဲ။ ကြည့်ရတာ ငါက ဖီးနစ်မျှော်စင်ကို လာရပြီး အကျိုးမရှိလောက်တော့ဘူး"
လင်းချန်မှာ ခါးသက်သက် ရယ်မောနေခဲ့ရသည်။
"ငါ့ဓားအော်ရာက ဓားအပျက်အစီးနယ်မြေရဲ့ ထိပ်ဆုံးကို ရောက်လာပြီဆိုတော့ လုံလောက်ပါပြီ။ အစ်ကိုလင်းက လိုအပ်တယ်ဆိုရင် သုံးထပ်မြောက်ကို သွားနိုင်ပါတယ်။ ငါကတော့ ပြန်တော့မယ်"
ယွမ်ရှောင်က ဟားတိုက်ရယ်မောချင်စိတ်ကို ထိန်းချုပ်ပြီး အခြားတစ်နေရာသို့ သွားရန် အလျင်လိုနေဟန်ဖြင့် နှုတ်ဆက်လိုက်၏။
"ကောင်းပါပြီ"
လင်းချန်၏ စကားအဆုံးတွင် ဓားအစောင့်အရှောက်သည် ရယ်ရယ်မောမောဖြင့် ယွမ်ရှောင်ကို ဦးဆောင်ထွက်ခွာသွားခဲ့သည်။ နောက်ဆုံးတွင် ဓားအပျက်အစီးနယ်မြေ၏ ထိပ်တန်းတပည့်ပေါင်းများစွာကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သောကြောင့် ကျေနပ်စရာပင်။
"ဓားအော်ရာအများကြီးရှိလည်း ဓားဝိညာဥ်က အစွမ်းထက်လောက်ပါဘူး။ အဲ့တာက ဝါးမျိုနိုင်စွမ်းမြင့်ရင်ရော ဘာလုပ်ရမှာလဲ"
နောက်ဆုံးတွင် အသံထွက်ရဲလာသော စစ်ခုံရန်သည် သူမကိုယ်သူမ ရေရွတ်လိုက်လေသည်။