← Chapters

အဆင့်လွန် ဓားဝိညာဥ်

Vol. 21 Ch. 269

အဆင့်လွန် ဓားဝိညာဥ်

Vol. 21 Ch. 269

တိမ်တိုက်များ အကြားတွင် ဓားအော်ရာ တစ်သောင်းကျော် ပိုင်ဆိုင်ထားသည့် ဓားဝိညာဥ်နှစ်စင်း ပျံသန်းနေကြရာ ယွမ်ရှောင်၏ ကောင်းကင်သင်္ချိုင်းဓားသည် အပြာရောင်စွမ်းအင် မုန်တိုင်းကို ဖြစ်ပေါ်စေခဲ့၏။ ကျန်တစ်ဖက်တွင် ဓားအစောင့်အရှောက်သည် လေပေါ်လမ်းလျှောက်နေသကဲ့သို့ ထင်မှတ်ရပြီး ဓားဝိညာဉ်မှာ လေထုနှင့်တစ်သားတည်းပင်။ အတိတ်မှ ဖြစ်ရပ်အတိုင်းဆိုလျှင် သူက ဖီးနစ်အားလုံးကို ဝါးမျိုခဲ့မည်ဖြစ်သော်လည်း မုမျိုးနွယ်မှ များစွာ ထောက်ပံ့ပေးထားသဖြင့် လက်လွှတ်ပေးခဲ့သည်။ ဓားပင်လယ်တွင် သူက မည်သူကိုမှ မယုံနိုင်သဖြင့် အန္တရာယ်များ ပတ်လည်ဝိုင်းနေသောကြောင့် ​စွန်ငှက်အားလုံး လက်ဝါးကြီးအုပ်ခဲ့သည်။ သို့ရာတွင် သူက လောဘကြီးသော နတ်ဆိုးဓားဝိညာဥ်ပိုင်ရှင်ဟူသော ကောလဟာလများ ဓားနယ်မြေတစ်ခွင် ပျံ့နှံ့နေပြီဖြစ်သည်။ လက်ရှိ သူတို့ ဦးတည်နေသည်မှာ သွေးရေကန်ဖြစ်ပြီး ဓားစက်ကွက် ဖန်တီးနိုင်သော သွေးကျောက်များဖြင့် ဆက်စပ်ပေသည်။

"ဓားအပျက်အစီးနယ်မြေမှာ ဓားနှလုံးသား မချန်ရဆိုတဲ့ စည်းကမ်းတစ်ခု ရှိတယ်။ ဒါတွေက ရှားပါးလို့ ငါ အချိန်ယူရမယ်"

ဓားအစောင့်အရှောက်က ခရီးဆက်နေရင်း စကားစလိုက်သည်။

"ဘာကြောင့်လဲ"

ကောင်းကင်နယ်မြေတွင် ဓားသမားတိုင်းက မျိုးဆက်သစ်များအတွက် ဓားနှလုံးသား ချန်ရစ်တတ်သောကြောင့် ယွမ်ရှောင် အံ့သြသွားရသည်။

"ဓားနှလုံးသား ဖန်တီးရတာ ဒုက္ခများတယ်။ ဘိုးဘေးတွေက မျိုးဆက်သစ်တွေအပေါ် ဘာအကြွေးမှ မတင်နေဘူး။ တကယ်လို့ တစ်ယောက်ယောက်က စည်းကမ်းဖောက်လိုက်ရင် ကျန်တဲ့လူအကုန် လိုက်လုပ်ကြလိမ့်မယ်။ အခြေအနေတွေ ဆိုးလာနိုင်လို့ ရှေးခေတ်ကတည်းက ဒီစည်းကမ်းထုတ်ထားပြီး ဘိုးဘေးတွေကို အေးအေးချမ်းချမ်း ဘဝကူးစေတယ်"

ဓားအစောင့်အရှောက်က ရှင်းပြလိုက်ပြီး ဤသို့လုပ်ရန် မလိုအပ်သော အကြောင်းပြချက်မှာ ထာဝရဓားအကျဥ်းထောင်သည် လုံလောက်အောင် သန်မာသောကြောင့်ပင်။ ဓားကျင့်ကြံသူများ မျိုးတုံးလုနီးပါး ခက်ခဲနေသော ကောင်းကင်နယ်မြေတွင်မူ မျိုးဆက်သစ်များ ရှင်သန်ရေးအတွက် ဘိုးဘေးများက အမွေချန်ထားရစ်ခဲ့ကြသည်။ လက်ရှိ ခရီးစဥ်၏ ရည်ရွယ်ချက်မှာ ယွမ်ရှောင်အနေဖြင့် ဓားစက်ကွင်းများကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။

"သခင်လေးယွမ် မင်းရဲ့ ဓားဝိညာဥ်မှာ ဓားစက်ကွင်း ဘယ်လောက်များများ လက်ခံနိုင်သလဲ"

ဓားအစောင့်အရှောက်က မေးခွန်းထုတ်သည်။

"အဲ့တာက အရေးကြီးလို့လား"

"ဓားဝိညာဥ်ရဲ့ အဆင့်နဲ့ ပတ်သက်နေတော့ အရေးကြီးပါတယ်"

"ဒါဆိုရင် ခင်ဗျားရဲ့ဓားဝိညာဥ်က အဆင့်ဘယ်လောက်လဲ"

"ဓားစက်ကွင်း ခြောက်ခုနဲ့ အဆင့်ဆယ့်တစ်ပါ"

ဓားအစောင့်အရှောက်၏ အဖြေစကားကြောင့် အဆင့်သတ်မှတ်ချက်ကွဲပြားနေသောအခါ ယွမ်ရှောင်၏ သိချင်စိတ် တိုးပွားလာ၏။

"နတ်ဘုရားတိုက်ကြီးမှာ ဓားဝိညာဥ်က အမြင့်ဆုံး နဂါးငွေ့တန်းအဆင့်ပဲ ရှိတယ်။ ငရဲကိုးထပ်ရဲ့ အဆင့်သတ်မှတ်ချက်အကြောင်း ရှင်းပြပေးပါဦး"

သူက ခေါင်းတစ်ချက်ညိတ်၍ မေးလိုက်သဖြင့် အင်မော်တယ်လူဝင်စား မဖြစ်ကြောင်း သိသာသွားခဲ့သည်။ အစစ်အမှန် အင်မော်တယ်တစ်ပါးဆိုလျှင် မေးခွန်းထုတ်စရာ မလိုအပ်သောကြောင့် လင်းချန်ပင် မမေးဖူးပေ။ သို့ရာတွင် သူ၏ ကောင်းကင်ကို ဆန့်ကျင်နိုင်သော ပါရမီကြောင့် ဓားအစောင့်အရှောက်မှာ စိတ်ကွက်မသွားဘဲ ရှင်းပြပေးခဲ့သည်။

နတ်ဘုရားတိုက်ကြီးတွင် အောက်ဘုံ အဆင့်များ ဖြစ်ကာ ငရဲကိုးထပ်ကဲ့သို့ အပြည့်အဝ ဖွဲ့စည်းတည်ဆောက်ထားသော လောကတစ်ခုတွင် အထက်တန်း အဆင့် ခုနစ်ခု ရှိသည်။ ဓားအစောင့်အရှောက်၏ ဓားဝိညာဥ်က အဆင့် ၁၁ ဖြစ်သောကြောင့် အမြင့်ဆုံးမှာ အဆင့် တစ်ဆယ့်လေး ဖြစ်သည်။ ၎င်းတို့ကို ရေ၊ မြေ၊ သစ်သား၊ မီး၊ သတ္တု၊ ယင်နှင့် ယန်ဟူ၍ သတ်မှတ်ထားကာ နဂါးငွေ့တန်းအဆင့် ဓားဝိညာဥ်ပိုင်ရှင်ထက်စာလျှင် ရေအဆင့် ဓားဝိညာဥ်ပိုင်ရှင်သည် တာအိုနှလုံးသား နယ်ပယ်သို့ ရောက်ရန် ပို၍ လွယ်ကူ၏။ မြေအဆင့် ဓားဝိညာဥ်တွင် ဓားစက်ကွင်း ငါးခု တပ်ဆင်နိုင်ကာ အများအားဖြင့် တောင်သခင်များနှင့် ထိပ်တန်း တရားသူကြီးများ ပိုင်ဆိုင်ထားသည်။ အချုပ်အားဖြင့် ဆိုရသော် ရေအဆင့်သည် ဓားစက်ကွင်းလေးခု၊ မြေနှင့် သစ်သားအဆင့်တွင် ငါးခု၊ မီးအဆင့်တွင် ခြောက်ခု တပ်ဆင်နိုင်သည်။ နောက်ဆုံး အဆင့်သုံးခု ဖြစ်သော သတ္တု၊ ယင်နှင့် ယန်အဆင့် ဓားဝိညာဥ်ဖြစ်စေ၊ ရတနာများဖြစ်စေ၊ ကျင့်စဥ်များဖြစ်စေ ဒဏ္ဍာရီများ ဖြစ်ကြသည်။

"ဒါဆိုရင် ကွမ်ရှု ဘိုးဘေးတွေရဲ့ သိုင်းပညာတွေက ဘယ်အဆင့်လဲ"

"သစ်သားအဆင့်မြင့်။ သူတို့ကိုယ်တိုင် ဖန်တီးထားပေမယ့် ငရဲကိုးထပ်မှာ အထွတ်အထိပ် ကျင့်စဥ်တစ်ခုအဖြစ် လက်ခံထားကြတယ်"

ဓားအစောင့်အရှောက်က ဘိုးဘေးနှစ်ယောက်ကို ချီးကျူး၍ ဖြေလိုက်သည်။

"ကျုပ်ကို ဓားစက်ကွင်းနည်းနည်းလောက် ငှားပါ။ စမ်းသပ်ကြည့်ရအောင်"

ယွမ်ရှောင်က ကောင်းကင်သင်္ချိုင်းဓားကို ဆင့်ခေါ်လိုက်သောအခါ တလက်လက်တောက်ပနေသည့် ဓားစက်ကွင်းငါးခုကို မြင်နိုင်သော်လည်း ၎င်း၏အကန့်အသတ်ဟု ဓားအစောင့်အရှောက် မယုံပေ။ တစ်ဖက်လူက သိုလှောင်အိတ်အတွင်းမှ သွေးကျောက်များကို ထုတ်ပေးလာသောအခါ သူသည် ခြောက်ခုမြောက် ဓားစက်ကွင်းကို ချက်ချင်း တပ်ဆင်လိုက်သည်။ ဓားအစောင့်အရှောက်သည် ကိုယ့်ကိုကိုယ် တည်ငြိမ်စွာ ထိန်းသိမ်းထားသော်လည်း ဓားဝိညာဥ် အဆင့်ချင်း တူညီနေသောအခါ အတွင်းစိတ်၌ တုန်လှုပ်စပြုလာ၏။ ခုနစ်ခုမြောက် ဓားစက်ကွင်းလည်း အားစိုက်စရာမလိုဘဲ တပ်ဆင်နိုင်သောအခါ ထိုမြင်ကွင်းသည် သူ့ကို အံ့သြတကြီး ဖြစ်သွားစေခဲ့သည်။

"ယင်နဲ့ ယန် တစ်ခုခုပဲ။ ဒီဓားဝိညာဥ်နဲ့ဆိုရင် အစစ်အမှန် အင်မော်တယ် ဖြစ်လာဖို့ သေချာတယ်"

မူလတွင် ယွမ်ရှောင်မှာ အင်မော်တယ် လူဝင်စား မဖြစ်နိုင်ကြောင်း သံသယဝင်နေခဲ့သော်လည်း ဓားဝိညာဥ်၏ အစွမ်းကြောင့် အင်မော်တယ်ဖြစ်လာရန် ကံပါလာသူဖြစ်ကြောင်း ဓားအစောင့်အရှောက်က လက်ခံသွားခဲ့သည်။ ထိုအချိန်တွင် ရှစ်ခုမြောက် ဓားစက်ကွင်းကို ယွမ်ရှောင်က ပေါ့ပေါ့ပါးပါး တပ်ဆင်ပြလိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

"နောက်ထပ်တစ်ခုလောက် ထပ်ထည့်လည်း ကိစ္စမရှိလောက်ပါဘူး"

ဓားစက်ကွင်း ကိုးခုက ထွန်းလင်းတောက်ပနေသောအခါ ဓားအစောင့်အရှောက်မှာ နေရာတွင် ကြက်သေသေ၍ မလှုပ်မယှက် ငြိမ်သက်သွား၏။

"ပြည့်စုံအောင် လုပ်ကြတာပေါ့"

ယွမ်ရှောင်က နောက်ထပ် ဓားစက်ကွင်းတစ်ခု ထပ်ထည့်လိုက်ပြန်သောအခါ သူ့ကို အသက်ရှူရပ်မတတ် ထိတ်လန့်သွားစေသည်။

"ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့။ သခင်လေးယွမ် ဆက်လုပ်နေရင် ငါ့ရဲ့အသိအမြင်တွေ ချာချာလည်ပြီး တာအိုနှလုံးသား ပျက်စီးတော့မယ်"

ဆယ့်တစ်ခုမြောက် ဓားစက်ကွင်းထံ လက်လှမ်းနေသော ယွမ်ရှောင်ကို သူက ကပျာကယာ တားမြစ်လိုက်ရ၏။

"ဘယ်စောက်ရူးက ယန်အဆင့်ဟာ နောက်ဆုံးကန့်သတ်ချက်လို့ ပြောခဲ့တာလဲ။ ဒါကြီးက တကယ်တည်ရှိတယ်လို့တောင် ပြောမရတဲ့ အဆင့်မျိုးကို ရောက်နေပြီ"

ဓားအစောင့်အရှောက်သည် ယွမ်ရှောင်ကို ထူးခြားသော သတ္တဝါတစ်ကောင်အလား စိုက်ကြည့်နေကာ ထာဝရဓား၏ ပဲ့တင်သံ တစ်သိန်းမှာ အစစ်အမှန်ဟု တွေးနေခဲ့သည်။

"ခင်ဗျား ဘာကြည့်နေတာလဲ"

ယွမ်ရှောင်က ပခုံးတစ်ချက်တွန့်၍ မေးသည်။

"မင်းကို တစ်ယောက်ယောက်က သတ်လိုက်မိရင် ကောင်းကင်ရဲ့ ပြစ်ဒဏ်ကျဆင်းလာပြီး ငရဲကိုးထပ်ကို အမှုန့်ချေသွားလောက်တယ်"

"ခင်ဗျားဆိုရင်တောင် ကျုပ်ကို မသတ်နိုင်ပါဘူး"

ယုံကြည်ချက် ပြည့်ဝသော စကားကြောင့် ဓားအစောင့်အရှောက်မှာ ကျောရိုးတလျှောက် အေးစိမ့်၍ တုန်လှုပ်ခြောက်ခြားနေခဲ့၏။ နောက်ဆုံးတွင် တစ်ဖက်လူက အကန့်အသတ်မရှိသော အရည်အချင်းများနှင့် ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း သူ နားလည်သွားခဲ့ပြီး သီအိုရီအရ ကြီးပြင်းမလာခင် သတ်ပစ်မှသာ တားမြစ်နိုင်ပေလိမ့်မည်။ သို့သော် တစ်ဖက်လူ၏ အစွမ်းအစက ခန့်မှန်းရခက်လွန်းသောကြောင့် ဒုက္ခပေးရန် ကြိုးစားသူများမှာ ပျက်စီးကိန်း ဆိုက်ကြပေမည်။

"သခင်လေးယွမ် အထင်မလွဲပါနဲ့။ ကျုပ်က အဲ့လို မရည်ရွယ်ပါဘူး"

ကြောက်စိတ်ကို မခံစားဖူးသော ဓားအစောင့်အရှောက်မှာ ကြောက်ဒူးတုန်နေသဖြင့် ယွမ်ရှောင်ကို ချက်ချင်း ဦးညွှတ်လိုက်ရ၏။

"မစိုးရိမ်ပါနဲ့။ မင်းက ငါ့အပေါ် ကောင်းပါတယ်။ အကြီးအကဲမုအတွက် ရလဒ်ကောင်းတစ်ခု ရှိမှာပါ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ကတိပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ကျုပ်ဘဝမှာ ဖြစ်ရပ်မျိုးစုံကို မြင်ဖူးကြားဖူးခဲ့တယ်။ ဒါပေမယ့် မင်းလိုမျိုး ကြောက်စရာ ပါရမီရှင်တစ်ယောက်ကိုတော့ မကြုံဖူးဘူး။ ကြည့်ရတာ မင်းက ဖန်ဆင်းမှုတွေ ပြန်လည်လူဝင်စားတာ ဖြစ်ရမယ်။ ကျေးဇူးပြုပြီး ဦးညွှတ်တာကို လက်ခံပေးပါ"

"အဲ့လို ထင်တာပါပဲ"

ဓားအစောင့်အရှောက်၏ ခန့်မှန်းချက်က အမှန်တရားနှင့် နီးစပ်လွန်းနေသဖြင့် ယွမ်ရှောင်ပင် ကြောက်အအဖြစ်သွားသည်။ သူက ဖန်ဆင်းရှင် အင်မော်တယ်၏ ရုပ်ခန္ဓာကို မတော်တဆ ရရှိပိုင်ဆိုင်ခဲ့သော သေမျိုးဝိညာဥ်တစ်ခုပင်။

"သွေးရေကန်မှာ ငရဲနတ်ဆိုးသွေးကျောက် ခုနစ်ခု ရှိတယ်။ အဲ့တာအားလုံး မင်းကို ပေးမယ်"

နောက်ဆုံးတွင် သွေးရေကန်မှာ မြင်ကွင်းအတွင်း ဝင်ရောက်လာသောကြောင့် ဓားအစောင့်အရှောက်သည် ကိုယ့်ကိုကိုယ် တည်ငြိမ်စေကာ စိတ်ရင်းမှန်ဖြင့် ကတိပေးလိုက်လေသည်။

All Chapters