မဟာမျက်လုံး
Vol. 017 Ch. 1668
ထျန်ရှင်းကျောင်းတော်၏ တောင်ကုန်းငယ်များစွာ ဝန်းရံထားသော နတ်ကွန်းတောင်ထိပ်တွင် ကောင်းကင်သို့အထိ ထွင်းဖောက်မတတ် ဧရာမဓားသဏ္ဌာန် တောင်ထွတ်တစ်ခု ရှိ၏။
ထိုနေရာကား မြူများ ထူထပ်စွာ ရစ်သိုင်းထား၏။ ထိုနေရာမှ ပိတ်ဆို့ခြင်းအစီအရင်စွမ်းအားများ ရိုက်ခတ်ထွက်ပေါ်နေ၏။ နေရာတစ်ခုလုံးကို အစီအရင်ဖြင့် ခင်းကျင်းထားဟန်ရသည်။
ထိုအခိုက်တွင် လူတစ်စု နတ်ကွန်းတောင်ထိပ်တွင် ရပ်နေ၏။
ရာရာကား မြေပြင်ပေါ်တွင် ထိုင်နေသည်။ သူမအား ဓားစွမ်းအားများ ရစ်ပတ်ထားသည်။ သူမ၏အဝတ်စတွင် သွေးအချို့ စွန်းပေနေဟန်ရသည်။ သူမ ဒဏ်ရာရနေသည်မှာ ထင်ရှား၏။
သူမ၏ရှေ့တွင် လီဟန်ဓားသမားသည် သူ၏ဓားကို ဆုပ်ကိုင်လျှက် ရပ်နေ၏။ သူကား သူမကို ကာကွယ်ထားခြင်းဖြစ်ဟန်ရသည်။
သို့သော်လည်း တစ်ဘက်မှ လီဟန်ဓားသမားနှင့် ရင်ဆိုင်နေသူမှာလည်း ရန်ဟောင်တစ်ပါးဖြစ်၏။ သူသည် တတိယအတန်းအစားရန်ဟောင်ဖြစ်သည်။ သူသည် အသက်၄၀ အရွယ်ခန့်ရှိကာ အေးစက်သော အမူအရာရှိသည်။ သူက ရာရာနှင့် လီဟန်ဓားသမားကို ဖိအားပေးထား၏။
သတ်လတ်ပိုင်းလူကြီး၏နောက်တွင်ကား ဒဏ်ရာရထားသူတစ်ဦးရှိသည်။ သူကား ရှန့်ထိုအဆင့်မှ ဆယ်ကျော်သက်လူငယ်တစ်ဦးဖြစ်သည်။ သူ၏ဝတ်စုံမှာလည်း သွေးများ စွန်းပေနေ၏။
ကျန်သောလူများကား ဘေးမှ ရပ်ကြည့်နေကြသည်။
လီဟန်ဓားသမား၏မျက်နှာချင်းဆိုင်မှ လူကား ထျန်ရှင်းကျောင်းတော်၏မြူခိုးနီတောင်ကုန်းမှ ဖြစ်သည်။ ရာရာကြောင့် ဒဏ်ရာရသွားသောလူငယ်သည်လည်း ထိုတောင်ကုန်းမှ ဖြစ်၏။
“မင်းတို့က ထျန်ရှင်းကျောင်းတော်ရဲ့ ဧည့်သည်တွေဖြစ်လို့ ပြဿနာကြီးကြီးမားမား မဖြစ်ချင်ဘူး။ သူမကို ကျုပ်နောက်ကို လိုက်ခိုင်းလိုက်ပါ။ မြူခိုးနီတောင်ကုန်းက သူမကို သက်ညှာပြီး အပြစ်ပေးမယ်” လောကျောက်အမည်ရသော လူကြီးက ပြောသည်။ သူကား ထျန်ရှင်းကျောင်းတော်တွင် အရေးပါသောသူမဟုတ်သော်လည်း မြူခိုးနီတောင်ကုန်းတွင်တော့ သင့်တင့်သော အဆင့်အတန်းရှိပေသည်။
သူကား နောက်ရာစုနှစ်အနည်းငယ်တွင် အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးပင် ဖြစ်လာနိုင်ပေသည်။
လူတိုင်း အဆင့်မြင့်ရန်ဟောင် ဖြစ်လာနိုင်သည် မဟုတ်ပေ။ ထျန်ရှင်းကျောင်းတော်တွင်လည်း ထိုနည်းတူဖြစ်သည်။ ဘုံသုံးထောင်တွင် အဆင့်မြင်ရန်ဟောင်ဖြစ်လာနိုင်သူမှာ မိသားစုကြီးများ၊ အင်အားစုကြီးများက အရင်းအမြစ်များစွာ အသုံးပြုလေ့ကျင့်ပေးခံရသူများသာဖြစ်လေ့ရှိသည်။
ကျန့်ချင်းကျူကဲ့သို့သောသူမျိုးကား ထျန်ရှင်းကျောင်းတော်လိုနေရာမျိုးတွင်ပင် အလွန်ရှားပါးပေသည်။
“သူမ အမှားလုပ်တယ်လို့ ကျုပ်မထင်ဘူး” လီဟန်ဓားသမားက ပြောသည်။ သူက ဓားကို ဆုပ်ကိုင်ထားကာ နောက်ဆုတ်မည့်ဟန်မရှိပေ။
တစ်ဘက်လူကသာ လက်ရည်စမ်းလိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ၏တိုက်ခိုက်မှုများသည် ရက်စက်ကြမ်းကြုတ်လွန်း၏။ ရင့်သီးသော တိုက်ခိုက်မှုအောက်တွင် သူမသည် ပြန်လည်၍ ပြင်းထန်စွာ တိုက်ခိုက်ရကာ တစ်ဘက်လူသည် ဒဏ်ရာရသွား၏။ ထို့နောက်တွင် မြူခိုးနီတောင်ကုန်းမှ ရန်ဟောင်သည် တိုက်ရိုက်ဝင်ပါကာ သူမအား ဒဏ်ရာရစေခဲ့၏။
ဤက မည်သို့ ဆိုလိုသနည်း။ ထို့အပြင် သည်နေရာက သူတို့အပိုင်ဖြစ်သည်ကို ကောင်းကောင်းသိကြ၏။
ထိုအခိုက်တွင် ဝတ်စုံဖြူလူငယ်နှင့်အတူ လူတစ်စုသည် တောင်ကုန်းထိပ်ပေါ်သို့ ဆင်းသက်လာကြသည်။ ဝတ်စုံဖြူလူငယ်သည် ရာရာဘေးသို့ ရောက်လာ၏။
ရာရာက ရီဖူရှင်းအား လှမ်းကြည့်လျှင် သူက မေးသည် “အဆင်ပြေလား...”
“ငါ့ဒဏ်ရာ သိပ်မပြင်းဘူး” ရာရာက ခေါင်းယမ်းသည်။
ရီဖူရှင်းက လမ်းစဉ်သစ်သီးတစ်လုံးကို ထုတ်ကာ သူမအား ကမ်းပေးလိုက်သည်။ သူမက တစ်စုံတစ်ခုပြောရန်ဟန်ပြင်ပြီးမှ မပြောတော့ဘဲ သစ်သီးကို ယူကာ ဝါးစားလိုက်သည်။
“အဆင့်တက်အောင် မြန်မြန်ကြိုးစား...” ရီဖူရှင်းက တီးတိုးပြောသည်။ ရာရာသည် မဟာဓားအင်ပါယာ၏စိတ်အသိကို လက်ခံရရှိခဲ့သော်လည်း သူမသည် ရှန့်ထိုအဆင့်၏အမြင့်ဆုံးသို့ မရောက်သေးပေ။
မြူခိုးနီတောင်ကုန်းပေါ်မှ လူတိုင်းမှာ ဆွံ့အရသည်။ ရီဖူရှင်းကား သူတို့အားလုံးကို လျစ်လျူရှုထား၏။
လောကျောက်၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာ၏။ သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ထွက်လာသည်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ တတိယအတန်းအစားရန်ဟောင်ဖြစ်သော ကိုက်ရှိုထျန်းအား သတ်ဖြတ်ခဲ့၏။
သူကား အနည်းငယ် စိတ်ဝင်စားပေသည်။ အက်ကြောင်းမဲ့ဝင်ရိုးက ထိုမျှ စွမ်းအားမြင့်သည်လား။
ရီဖူရှင်းက မည်သည့်စကားမှ မဆိုသော်လည်း လီဟန်ဓားသမားက သူရောက်လာကတည်းက ဖြစ်ပျက်သမျှ အလုံးစုံကို စိတ်ဖြင့် ပြောပြပြီးဖြစ်သည်။
တစ်ဘက်အဖွဲ့၏ရည်ရွယ်ချက်ကား ရာရာကို တိုက်ခိုက်စေလိုရင်းဖြစ်ရပေမည်။
သူက တစ်ဘက်လူ၏အဆင့်အတန်းနှင့် နာမည်ကို မသိသော်လည်း ရန်ဟောင်အဆင့်ဖြင့် ရာရာကို ထိခိုက်စေအောင်လုပ်ခဲ့ခြင်းမှာ သူသည်းခံနိုင်သောအရာ မဟုတ်ပေ။
ရီဖူရှင်းက တစ်ဘက်လူအား လှမ်းကြည့်လိုက်သည်။ သူက လက်နှစ်ဘက်ကို ဆုပ်ကာ ပြောသည် “ရီဖူရှင်းပါ...”
“ကျုပ်က အင်ပါယာရီရဲ့နာမည်ကို ခဏခဏကြားဖူးပါတယ်။ အခု ကိုယ်တိုင်တွေ့ရတော့ တကယ်ကို ထူးခြားသာလွန်တဲ့သူဆိုတာ ဝန်ခံရပါတယ်” လောကျောက်က ပြောသည်။ သူက သူ၏နာမည်ကိုတော့ မပြောပေ။
“ဒါပေမဲ့ ခင်ဗျားက ဧည့်သည်တစ်ယောက်ဆိုပေမဲ့ ခင်ဗျား နောက်လိုက်က မြူခိုးနီတောင်ကုန်းက တပည့်တစ်ယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေခဲ့တယ်။ သူမရဲ့တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ သူမက ကျုပ်နဲ့အတူ မြူခိုးနီတောင်ကုန်းကို လိုက်ခဲ့ဖို့လိုတယ်” လောကျောက်က ပြောသည်။
“သူမက ကျုပ်ရဲ့ နောက်လိုက်မဟုတ်ဘူး။ ကျုပ်ရဲ့ ညီမပဲ” ရီဖူရှင်းက ပြောသည်။
လောကျောက်၏မျက်လုံးများ၌ ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။ သူက မဟာအင်ပါယာ၏ရတနာအား သူမကို ပေးခဲ့သည်မှာ မထူးဆန်းတော့။
“ကျုပ်ညီမက ငယ်ပြီးတော့ မသိနားမလည်သေးပါဘူး။ သူမရဲ့တိုက်ခိုက်မှုကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးတော့ ကျေးဇူးပြုပြီး နားလည်ခွင့်လွှတ်ပေးပါ” ရီဖူရှင်းက လက်နှစ်ဘက်ကို ဆုပ်ကာ ပြောသည် “ဒါပေမဲ့ သူမရဲ့အစ်ကိုအနေနဲ့ ကျုပ်က သူမ အပြစ်ပေးခံရတာကို ကြည့်မနေနိုင်ပါဘူး။ ဒါက လက်ရည်စမ်းတာနဲ့ စတဲ့ပြဿနာဆိုတော့ လက်ရည်စမ်းတာနဲ့ အဆုံးသတ်တာပေါ့။ ကျုပ်က ထျန်ရှင်းကျောင်းတော်ဆီက အမြဲတမ်း သင်ယူချင်တာပါ။ အခု ခင်ဗျားနဲ့တွေ့ရပြီဆိုတော့ နည်းနည်းလောက် သင်ယူပါရစေ။ တကယ်လို့ ကျုပ်ရှုံးရင် ကျုပ်ညီမကို ခေါ်သွားနိုင်သလို နတ်ဘုရားအကြွင်းအကျန်နယ်မြေကရတဲ့ ဝိညာဉ်လက်နက်နှစ်ခုကိုလည်း ပေးပါ့မယ်။ ခင်ဗျား ဘယ်လိုထင်လဲ”
ရီဖူရှင်း၏စကားကို ကြားလျှင် လောကျောက်၏မျက်နှာတွင် ထူးဆန်းသော အမူအရာဖြစ်လာသည်။
“တကယ်လို့ ခင်ဗျားနိုင်ရင်ကော အင်ပါယာရီ...” လောကျောက်က မေးသည်။
သူကား အမှန်ပင် စိတ်ဝင်စား၏။ အရည်အသွေးမြင့်ဝိညာဉ်လက်နက်နှစ်ခုက တန်ဖိုးမနည်းပေ။
တခြားလူများမူကား ရီဖူရှင်း၏စကားများထဲမှ ယုံကြည်မှုကို ခံစားမိကြသည်။ သူ ရှုံးနိမ့်မည်ဟု မည်သူမှ မယုံကြည်ပေ။
“တကယ်လို့ ကျုပ်အနိုင်ရရင် ကျုပ်ညီမကိစ္စကို ပြေငြိမ်းပေးစေချင်ပါတယ်။ ကျုပ်ကလည်း ကျုပ်ရဲ့တိုက်ခိုက်မှုကို ထိန်းချုပ်ပြီးတော့ ကျုပ်ညီမလို တစ်ဘက်သားကို မထိခိုက်စေရပါဘူး” ရီဖူရှင်းက ပြောသည်။
သူ၏စကားများတွင် မည်သည့်သံသယဖြစ်စရာမှ မရှိပေ။ ထိုအဖြစ်က လောကျောက်အား အမှန် စိတ်ဝင်စားစေသည်။
“ဒီလိုဆိုမှတော့ ခင်ဗျားရဲ့ အက်ကြောင်းမဲ့ဝင်ရိုးကို ထုတ်ပြပါ အင်ပါယာရီ...” လောကျောက်က ပြောသည်။ ပြောပြောဆိုဆို သူက မမြင်ရသော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်၏။ လေထဲတွင်ရပ်ကာ သူသည် ရန်ဟောင်တစ်ပါး၏အရှိန်အဝါအား ပြသ၏။
များစွာသော နတ်ဘုရားအာရုံများသည် တိုက်ပွဲကို ကြည့်ရှုရန် အဝေးမှ ရောက်လာကြသည်။
“ကျုပ်ကို သင်ကြားပြသပေးပါ” ရီဖူရှင်းက အနည်းငယ် ဦးညွတ်ကာ ဆိုသည်။ ထို့နောက် သူက လေထဲကို တက်ကာ လောကျောက်အား အပေါ်စီးမှ ကြည့်လိုက်သည်။
လောကျောက်က ရီဖူရှင်းအား ပြန်ကြည့်လိုက်သည်။ သူက နတ်ဝင်ရိုးအား ထုတ်လွှတ်လိုက်၏။ ရွှေရောင်အလင်းများ သူ့ထံမှ ဖြာထွက်လာသည်။
သို့သော်လည်း သူက ရီဖူရှင်း၏မျက်လုံးများကို ကြည့်သောအခါ သူ၏အမူအရာက ပြောင်းလဲသွားသည်။ ရီဖူရှင်း၏မျက်လုံးများက အသူရာချောက်နက်များကဲ့သို့ ပြောင်းလဲသွားသည်။
“မှော်မျက်လုံးပညာ...” လောကျောက်က အကြည့်ကို လွှဲရန် ကြိုးစားသည်။ သို့သော်လည်း သူက မျက်လုံးအစုံကို ကြည့်မိသောအခါ သူကိုယ်တိုင် ချောက်နက်ကြီးထဲသို့ ကျဆင်းသွား၏။ ချက်ချင်းပင် သူသည် သီးသန့်နယ်မြေတစ်ခုသို့ ရောက်သွားသလို ခံစားလိုက်ရသည်။
ရွှေရောင်အချုပ်အနှောင်တစ်ခုသည် သူ့ထံသို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။ လောကျောက်က သူ၏နတ်ဝင်ရိုးကို အဆုံးစွန်အထိ အသက်သွင်းလိုက်၏။ ထို့နောက် အချုပ်ထောင်အား အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ရွှေရောင်လျှပ်စီးများသည် ပြင်းထန်စွာဖြင့် အချုပ်ထောင်ကို ပျက်စီးစေသည်။
ဝုန်း...
ဘုန်း...
သို့သော်လည်း အချုပ်ထောင်ကား အဆုံးမရှိပေ။ အလွှာတစ်ခုပျက်စီးတိုင်း အလွှာပေါင်းများစွာ နောက်မှ ထပ်ပေါ်လာသည်။
“မဟာမျက်လုံး... အဆုံးမဲ့သတ်ဖြတ်ခြင်း...” လောကျောက်၏ခေါင်းထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။ ဤတွင် သူ၏စိတ်ဝိညာဉ်သည် အဆုံးမဲ့သော သတ်ဖြတ်ခြင်းကို ခံရတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။ လောကျောက်သည် အရိုးထဲမှပင် နာကျင်မှုကို ခံစားရ၏။
“ရပ်လိုက်...” သူက အော်ဟစ်လိုက်သော်လည်း မည်သူမှ သူ၏အသံကို မကြားရပေ။ ယခုကား သူသည် ရီဖူရှင်း၏မှော်မျက်လုံးထဲ၌ ပိတ်မိနေခြင်းဖြစ်သည်။ သူ၏အသံမှာလည်း ချိတ်ပိတ်ခံထားရသည်။
“ခင်ဗျားရဲ့စွမ်းရည်တွေက မဆိုးဘူးပဲ။ ကောင်းကောင်းခံစားကြည့်ပါ” ရီဖူရှင်း၏အသံက လောကျောက်၏ခေါင်းထဲ တဖန်ပြန်ကြားလာသည်။ လောကျောက်၏မျက်နှာက တဖြေးဖြေး အရုပ်ဆိုးလာသည်။ အဆုံးမဲ့သော ဓားအသိတစ်ခုသည် သူ၏ခန္ဓာကိုယ်မှသည် သူ၏ဝိညာဉ်သို့အထိ ထွင်းဖောက်လာခဲ့၏။
***