← Chapters

ကိုယ်လုပ်တော်

Vol. 017 Ch. 1669

ကိုယ်လုပ်တော်

Vol. 017 Ch. 1669

နတ်ကွန်းတောင်ထိပ်ပေါ်တွင် များစွာသော ပရိသတ်များသည် တိုက်ပွဲကို ကြည့်နေကြ၏။

တိုက်ပွဲကား လူနှစ်ယောက် လှုပ်ရှားခြင်းကင်းမဲ့သော တိုက်ပွဲဖြစ်ပေသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းများသည် ရီဖူရှင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေ၏။ ရီဖူရှင်း၏မျက်လုံးများသည် ကောင်းကင်၏အသိနှင့် ဆက်နွယ်သွားကာ များစွာသော မဟာလောကဓာတ်များ ဆင်းသက်လာစေ၏။ မဟာလမ်းစဉ်သည် မရေမတွက်နိုင်သော ကြယ်တရာအချုပ်ထောင်များအဖြစ်ပြောင်းလဲကာ လောကျောက်အား တိုက်ခိုက်ကြ၏။

နတ်ဝင်ရိုးမျက်လုံးဖြင့် သူသည် မဟာလမ်းစဉ်၏မှော်မျက်လုံးပညာအား ထုတ်သုံးခဲ့၏။

ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ အဆုံးမဲ့သော မြေကမ္ဘာအသိများ စုစည်းလာကြသည်။ မြေဓာတ်တို့သည် မုန်တိုင်းတစ်ခုနှယ်ဖြစ်လာ၏။ ထိုအရာသည် လောကျောက်ကို ချုပ်နှောင်မည့် အချုပ်ထောင် ဖြစ်လာသည်။

လောကျောက်ကား သူ၏မူလနေရာတွင် ရပ်နေသည်။ သူ၏နတ်ဝင်ရိုးအစွမ်းသည်လည်း ပေါက်ကွဲထွက်လာသော်လည်း တစ်ဘက်လူ၏မှော်မျက်လုံးတွင် အလွန်တရာ သေးငယ်သလို ခံစားရ၏။ သူ၏ရုပ်ခန္ဓာနှင့် စိတ်နယ်ပယ် နှစ်ခုလုံးမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံနေရသည်။ သူ၏တန်ပြန်တိုက်ခိုက်မှုမှာလည်း အရာမထင်။ တစ်ဘက်လူ၏အချုပ်ထောင်ကို ပယ်ဖျက်ရန် သူ့တွင် နည်းလမ်း မရှိပေ။

ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသည်ကား ထိုလောကအချုပ်ထောင်သည် မဟာလမ်းစဉ်၏ပိတ်ဆို့ခြင်းနယ်ပယ်အဖြစ် ပြောင်းလဲသွားခြင်းပင်။ လောကျောက်သည် လမ်းစဉ်စွမ်းအားကို အသုံးပြုနိုင်စွမ်းပင်လျှင် ပျောက်ကွယ်သွား၏။ သူနှင့် လောကဓာတ်တို့ ဆက်နွယ်မှုမှာလည်း ပြတ်တောက်သွား၏။

ရန်ဟောင်တန်ခိုးရှင်တစ်ပါးသည် နေမင်း လမင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။ သူကား လောကနှင့် ဆက်နွယ်နေခြင်းဖြစ်သည်။ သူ၏စိတ်ဝိညာဉ်မှာ လောကနှင့် ပေါင်းစပ်ထားပြီးဖြစ်သည်။ သူ၏မဟာလမ်းစဉ်ဝိညာဉ်သည် လောကကြီး၏အစိတ်အပိုင်းဖြစ်၏။

လောကနှင့် ဆက်နွယ်မှု ပြတ်တောက်သွားခြင်းမှာ မည်သို့ အဓိပ္ပာယ်ဆောင်သနည်း။

ဆိုလိုသည်ကား သူသည် ထက်ဝက်ခန့်မျှသာ အစွမ်းရှိတော့ကာ သူသည် နတ်ဝင်ရိုး၏စွမ်းအားသီးသန့်ကိုသာ မှီခိုရပေတော့မည်။

“စီနီယာလော...” ရာရာကြောင့် ဒဏ်ရာရသွားသော ရှန့်ထိုတန်ခိုးရှင်သည် အမူအရာ ပြောင်းလဲသွား၏။ တစ်စုံတစ်ခု လွဲမှားနေကြောင်း သူလည်း နားလည်သည်။ လောကျောက်သည် ရီဖူရှင်း၏လမ်းစဉ်အောက်တွင် ပိတ်လှောင်ခံထားရဟန်ရှိသည်။

ထို့အပြင် လေဟာနယ်အလွှာအချုပ်ထောင်အတွင်း၌ အဆုံးမဲ့သော နတ်အလင်းတို့သည် လောကျောက်၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းထောက်စီးဝင်နေကြ၏။ ထိုအဖြစ်က လောကျောက်၏အမူအရာကို ကြီးစွာ ပျက်ယွင်းစေကာ အဆုံးမဲ့သော နာကျင်မှုအား ခံစားရ၏။ သူသည် တစ်စုံတစ်ခုပြောရန် ကြိုးစားသော်လည်း သူမည်မျှ ပြောပါစေ မည်သူမှ မကြားရပေ။

ထိုအခိုက်တွင် လောကျောက်၏နာကျင်မှုကို သူ ခန့်မှန်း၍ပင် မရပေ။ မဟာမျက်လုံး၏စွမ်းအားအောက်တွင် ဖျက်ဆီးအားသည်ကား အဆုံးမဲ့၏။ လောကျောက်သည် သူ တာရှည်တောင့်မခံနိုင်တော့ဟု သိလိုက်သည်။ သူ၏စိတ်ဝိညာဉ်မှာ အဆက်မပြတ် ဖိအားပေးခံထားရသည်။ ဓားစွမ်းအားတစ်ခုသည် သူ၏ဝိညာဉ်ကို ထွင်းဖောက်ထား၏။ ထိုအခိုက်တွင် လောကျောက်ခံစားနေရသော နာကျင်မှုကို မည်သူမှ နားမလည်နိုင်။

“တော်ပြီ... ကျုပ် အရှုံးပေးတယ်...” လောကျောက်၏အသံသည် ရီဖူရှင်း၏အသိထဲကို ရောက်လာ၏။

“မင်းက အရမ်းစွမ်းအားကြီးတာပဲ။ ဘာလို့ နှိမ့်ချနေရတာလဲ။ ကျုပ်က ရိုးရိုးသားသား လမ်းညွန်မှုကို ခံယူချင်တာပါ။ ကျုပ်ကို လေးလေးနက်နက် တိုက်ခိုက်ပေးပါ” ရီဖူရှင်းက ပြန်ပြောသည်။

ခရက်... ခရက်...

သူ၏ဝိညာဉ်သည် ကွဲအက်လာတော့မည့်ဟန်ရှိနေသည်။ လောကျောက်က နာကျင်စွာ အော်ဟစ်လိုက်၏။ သူ၏မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါး၏ပုံရိပ်ပေါ်နေပြီး သူ၏ဝိညာဉ်တွင် တံဆိတ်ရိုက်ထားသကဲ့သို့ ထင်ကျန်နေသည်။

သူ၏ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် တုန်ယင်နေပြီး မည်မျှ အားထုတ်ပါစေ မလွတ်မြောက်နိုင်ပေ။

ထို့အပြင် ရီဖူရှင်းသည် ရပ်တန့်လိုဟန်မရှိပေ။ ရီဖူရှင်း၏စကားက မည်သို့သဘောဖြစ်ကြောင်းကို သူနားလည်သည်။

အကယ်၍ သူအနိုင်ရလျှင် ရာရာကို ခေါ်သွားနိုင်သလို ဝိညာဉ်လက်နက်များကိုလည်း ရမည်။

သူ ရှုံးလျှင် ရီဖူရှင်းက သူ့အား အလွတ်ပေးမည်ဟု သူသည် တုံးအစွာ ယုံကြည်ခဲ့၏။

မူလကတည်းက ရီဖူရှင်းသည် သူ့အား အလွတ်ပေးရန် ဆန္ဒမရှိပေ။ ရီဖူရှင်းပြောခဲ့သော စကားများမှာ သူနှင့်တိုက်ခိုက်ရန် အကွက်ဆင်ခြင်းသာ ဖြစ်သည်။

ဤကား နှစ်ဘက် လက်ရည်စမ်းခြင်း မဟုတ်ပေ။ တစ်ဘက်သတ် အနိုင်ကျင့်ခြင်းသာ ဖြစ်၏။

ရီဖူရှင်းကား လူတိုင်း၏ရှေ့တွင် သူ့ကို အရှက်ခွဲနေခြင်းဖြစ်သည်။

“တော်ပြီ...”

မြူခိုးနီတောင်ကုန်းမှ ရန်ဟောင်နှစ်ပါးသည် လောကျောက်၏နောက်ကို ရောက်လာသည်။ သူတို့ထဲမှ တစ်ယောက်သည် လောကျောက်ကဲ့သို့ သန်မာကာ တစ်ခြားတစ်ယောက်မှာ ဒုတိယအတန်းအစားနတ်ဝင်ရိုးကို ပိုင်ဆိုင်၏။ သို့သော်လည်း လောကျောက်တစ်ယောက် အဆုံးစွန်သော ဖိနှိပ်မှုအား ခံစားနေရသည်ကို သူတို့ မည်သို့ မမြင်ဘဲ နေမည်နည်း။

လောကျောက်ကား အလွန်အမင်း နာကျင်ဟန်ပေါ်နေသည်။

သူတို့ထံမှ နတ်ဝင်ရိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ မဟာလမ်းစဉ်စွမ်းအားများက လောကျောက်ကို ဖိနှိပ်နေသော စွမ်းအားများကို တုန့်ပြန်တော့မည့်ဟန်ရှိသည်။

ထိုအချိန်တွင် လူနှစ်ယောက် ရှေ့ကို တက်လာသည်။ တစ်ယောက်ကား ဝတ်စုံဖြူဝတ်ထားကာ အလွန်ချောမောခန့်ညားသော လူငယ်ဖြစ်သည်။ သူက ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်လျှင် ပတ်ဝန်းကျင်သည် ကောင်းကင်နတ်ဝင်ရိုး၏ဖိအားအောက်ကို ရောက်သွားဟန်ရှိသည်။ အလင်းများသည် အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့သွားကာ ဂူတုံးလျှို၏နောက်၌ အံ့ဖွယ်ကောင်းသော နိမိတ်များ ဖြစ်ပေါ်လာသည်။

မရေမတွက်နိုင်သော ရှေးဟောင်းသားရိုင်းများ ပေါ်ပေါက်လာ၏။ သူတို့သည် ပုံစံအမျိုးမျိုးဖြင့် ဟိန်းဟောက်မာန်ဖီကာ ရန်ဟောင်တစ်ပါးထံသို့ တိုးဝင်လာကြသည်။

တခြားတစ်ဘက်တွင် လီဟန်ဓားသမားသည်လည်း ရှေ့ကို တက်လာ၏။ သူ၏နတ်ဓားကို လေထဲမြှောက်လိုက်ကာ ထောင်သောင်းများစွာသော ဓားများကို စေလွတ်လိုက်သည်။ ထိုဓားများသည် ဂူတုံးလျှို၏တိုက်ခိုက်မှုကဲ့သို့ မထင်ရှားသော်လည်း အလွန်တရာ လှပဆန်းကြယ်နေဆဲဖြစ်သည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုးမှ ထုတ်လွှတ်သော အလင်းများမှာ သာမန်မဟုတ်ပေ။

ဂါး...

ဝုန်း...

ဧရာမသားရိုင်းကြီးများ၏အော်ဟစ်မာန်ဖီသံများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ တတိယအတန်းအစားနတ်ဝင်ရိုးပိုင်ရှင် ရန်ဟောင်သည် ချက်ချင်းပင် ဖိအားအောက်တွင် နောက်ဆုတ်သွားရ၏။ သူ့ခန္ဓာကိုယ်မှ နတ်ဝင်ရိုးကား တိုက်ရိုက်ဖိနှိပ်ခံရသည်။ သူကား ရီဖူရှင်းထံသို့ ချဉ်းကပ်နိုင်စွမ်းမဲ့သွား၏။

နောက်ရန်ဟောင်တစ်ပါးမှာလည်း ဓားများ၏ဖိနှိပ်မှုကြောင့် နောက်ဆုတ်သွားရသည်။

ပတ်ဝန်းကျင်မှ လူတိုင်းမှာ ရီဖူရှင်းအနီးမှ ဂူတုံးလျှိုနှင့် လီဟန်ဓားသမားတို့ကို ကြည့်ကာ ထိတ်လန့်သွားကြသည်။

ထျန်ရှင်းကျောင်းတော်မှ လူအများစုမှာ ရီဖူရှင်းနှင့်ပတ်သက်၍ ကြားဖူးနားဝရှိသော်လည်း အက်ကြောင်းမဲ့ဝင်ရိုးသုံးခု၏တိုက်ခိုက်မှုကို ကြည့်ကာ မင်တက်ငေးမောနေရဆဲပင်။

သူတို့မျိုးဆက်တွင် ကျန့်ချင်းကျူတစ်ဦးတည်းသာ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။

အဝေးတွင် များစွာသော လူများသည် ဆက်လက်ရောက်လာနေကြ၏။ သူတို့ကား ထိုအနီးတဝိုက်တွင် လေ့ကျင့်နေကြသူများဖြစ်ကာ နတ်အာရုံများဖြင့် လှမ်းကြည့်နေခဲ့ကြ၏။ တိုက်ပွဲကို မြင်ပြီးနောက်တွင် စိတ်ဝင်စားလွန်းသဖြင့် ကိုယ်တိုင် ရောက်လာကြ၏။

ထျန်ရှင်းကျောင်းတော်မှ ရန်ဟောင်သုံးပါးသည် တစ်ဘက်လူသုံးဦးထက် ပိုမိုတန်ခိုးအဆင့်ပိုမြင့်၏။ သို့သော်လည်း သူတို့မှာ ဖိနှိပ်ခံနေရသည်။

ရီဖူရှင်း ရပ်တန့်ခြင်း မပြုပေ။ သူက သည်ကိစ္စ ကြီးကျယ်သွားမည်ကို စိတ်မပူပေ။ လောကျောက်သည် ရာရာအပေါ် တကိုယ်ကောင်းဆန်စွာ နိုင်ထက်စီးနင်းပြုလုပ်ခြင်းဖြစ်ရာ ထျန်ရှင်းကျောင်းတော်ကသာ လောကျောက်ဘက်မှ ဝင်ပါလျှင် သူတို့၏ဂုဏ်သိက္ခာသည် များစွာ ထိခိုက်ပေလိမ့်မည်။

လက်ရှိတွင် ထျန်ရှင်းကျောင်းတော်တွင် လေ့ကျင့်နေကြသော အင်အားစုများစွာမှ လူများသည် ဤနေရာသို့ ရောက်နေကြ၏။

လောကျောက်ကား တုန်ယင်နေခြင်းသာ မဟုတ်တော့ဘဲ ယိုင်နဲ့ပြိုလဲတော့မည့် အခြေအနေဖြစ်နေသည်။ သူကား အလွန်သနားစဖွယ်ကောင်း၏။

စွမ်းအားမြင့်တန်ခိုးရှင်များက လောကျောက်ကို သနားဂရုဏာသက်စွာ ကြည့်ကြသည်။ လောကျောက်သည် ရန်ဟောင်တစ်ပါးဖြစ်သော်လည်း ဤသို့ ပြင်းထန်စွာ ဖိနှိပ်မှုကို ခံရ၏။ သူသည် ကြီးမားသော စိတ်ဒဏ်ရာများပင် ရနိုင်သည်။

ရီဖူရှင်းက ဤသို့ ဖြစ်လာရန် အစီအစဉ်ချခဲ့ခြင်းမှာ သေချာသည်။

“မင်းသမီးလော့ရှန်း...”

အသံတစ်သံကို ကြားရသည်။ နန်လော့ရှန်းလည်း ရောက်လာသည်။ သူမကား ထျန်ရှင်းကျောင်းတော်ကို မကြာသေးခင်ကမှ ဝင်ရောက်လာခြင်းဖြစ်သည်။

သူမအား နှုတ်ဆက်သူမှာ ရှန်ကလန်မှ ရှန်ဟောက်ဖြစ်သည်။

ထျန်ရှင်းကျောင်းတော်တွင် လေ့ကျင့်နေသူအများစုမှာ မည်သို့ ခံစားရမည်ကိုပင် မသိကြတော့။

“ဒီလူက အတော် ရက်စက်တာပဲ...” ရှောင်မုယွီက လှပသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူမက နန်လော့ရှန်းနှင့် ချန်းချီတို့ကို ကြည့်သည်။ သူမကိုယ်တိုင်က အလွန်လှပသော်လည်း သူမတို့နှစ်ယောက်နှင့် မယှဉ်နိုင်ဟု တွေးမိသည်။

နန်လော့ရှန်းနှင့် ချန်းချီတို့နှစ်ယောက်မှာ ကြည့်မိသူတိုင်းကို မင်တက်ငေးမောစေနိုင်သူလေးများဖြစ်သည်။

သို့သော်လည်း သူမသည် ရီဖူရှင်း၏စိတ်နေစိတ်ထားကို အနည်းငယ် သိနားလည်ပြီးဖြစ်သည်။ ရီဖူရှင်းကား အပြုံးမျက်နှာဖြင့်ပင် နတ်ကြာပန်းအား လုယက်ခဲ့၏။ သူ၏အပြုံးတွင် ဓားသွားတစ်ချောင်း ရှိနေ၏။

သို့သော်လည်း ရှောင်မုယွီသည် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်သုံးဦးအား ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်များအား ရသည်။

သူမသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲ၌ အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ပေ။ သူမတွင် ကြီးမားသော အလားအလာ ရှိသော်လည်း သူမ၏မိသားစုတွင် သူမသည် အတော်ဆုံးပါရမီရှင် မဟုတ်ပေ။ သူမသည် အက်ကြောင်းမဲ့ဝင်ရိုးအား ဖွဲ့စည်းနိုင်ခဲ့ပါက သူမ၏ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ သူမ မအောင်မြင်ပါက အကောင်းဆုံးသော အထောက်အပံ့များမှာ သူမအတွက် ဟုတ်မည် မဟုတ်ပေ။

ဘုန်း...

အသံတစ်သံအား ကြားရသည်။ ရီဖူရှင်းက ရပ်တန့်လိုက်သည်ကို အားလုံးက မြင်လိုက်ကြရသည်။ လောကျောက်ကား မြေပြင်ပေါ်သို့ တိုက်ရိုက်လွင့်စင်ကျသွား၏။

“စီနီယာ...” သူ့နောက်မှ လူက ရှေ့ကို တက်လာသည်။ လောကျောက်သည် တုန်ယင်စွာဖြင့် အားတင်းလျှက် ကြိုးစားထရပ်သည်ကို သူမြင်၏။ လောကျောက်တွင် ဒဏ်ရာကြီးကြီးမားမားရဟန်မတူသော်လည်း သူသည် အလွန်အားနည်းနေသည်။

သူ မည်သို့ တွေ့ကြုံခံစားခဲ့ရသည်ကို နားလည်လိုက်သည်။

“သက်ညှာပေးခဲ့တဲ့အတွက် ကျေးဇူးပါ...” ရီဖူရှင်းက ပြောသည်။

လောကျောက်၏အမူအရာကား သုန်မှုန်နေ၏။

သူက သူ့နောက်မှ လူများကို ကြည့်ကာ ပြောသည် “သွားမယ်..”

သူကား သည်နေရာတွင် ဆက်နေရန် အလွန်ရှက်ရွံ့နေပြီဖြစ်ရာ အမြန်ဆုံး ထွက်သွားလိုသည်။

မြူခိုးနီတောင်ကုန်းမှ လူများ တစ်ဦးပြီးတစ်ဦး ထွက်သွားကြသည်။ ရီဖူရှင်းနှင့် သူ့လူများက ကိုယ်ရောင်ကိုယ်ဝါများကို ထိန်းချုပ်လိုက်ကြသည်။ အရာအားလုံးမှာ ပုံမှန်အနေအထားသို့ ပြန်ဖြစ်သွားသည်။

ရီဖူရှင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သည်နေရာတွင် ရောက်နေသူများမှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ တွေ့ခဲ့သူ အများအပြား ပါဝင်သည်။

“ရီဖူရှင်း...”

ထိုအခိုက်တွင် အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းက လှမ်းကြည့်ရာ ရှန်ဟောက်ကို မြင်သည်။

သူက ရှန်ဟောက်အား စိတ်ဝင်စားစွာ ကြည့်လိုက်၏။

“မင်းဟာ ရှန်ကလန်နဲ့ ရန်စနည်းနည်းရှိတယ်။ မင်းဆရာ ထျန်းဟယ်အကြီးအကဲဟာ ရှန်ကလန်ကပဲ။ မတော်တဆဖြစ်ရပ်တွေရှိခဲ့ပေမယ့် အခုမင်းက အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့တယ်။ မင်းသာ ရှန်ကလန်မှာ ဝင်ရောက်လေ့ကျင့်မယ်ဆိုရင် ငါတို့ဖြစ်ခဲ့တာတွေ အကုန်လုံးကို မေ့ပစ်လို့ရတယ်”

လူအများအပြား အံ့အားသင့်သွားကြသည်။ ရှန်ဟောက်ကား ရီဖူရှင်းကို ရှန်ကလန်သို့ ဖိတ်ခေါ်နေသည်။

ရီဖူရှင်းက ခေါင်းယမ်းသည်။ သူ၏ဆရာမှာ ချီရွှမ်ကလန်းဖြစ်ကာ သူ့အား ရှန်ကလန်က ခေါ်သွားခြင်းဖြစ်ကြောင်းသာ ရှန်ဟောက်သိပါက ရီဖူရှင်းအား သူက ဖိတ်ခေါ်မည် မဟုတ်ပေ။

“မင်းက ထျန်းဟယ်ဘုံကို သွားပြီး ငါ့ဆရာကို မေးကြည့်လိုက်။ ဆရာသဘောတူရင် ငါ ကန့်ကွက်စရာမရှိဘူး” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ရီဖူရှင်းက ရှန်ဟောက်အား ငြင်းပယ်ခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ ရှန်ဟောက်လိုချင်သည်ကား ရီဖူရှင်းက ခဏတအတွက်မျှပင် စိတ်ဝင်စားသွားစေလိုရင်းဖြစ်သည်။

“အင်ပါယာရီ... ရှောင်ကလန်ကို ဘယ်လိုထင်ပါသလဲ...” ရှောင်မုယွီက ပြုံးလျှက် မေးသည်။ ယခင်က သူမ၏ကလန်ကလည်း ရီဖူရှင်းနှင့် နီးကပ်သော ဆက်ဆံရေးရှိရန် ညွန်ကြားခဲ့သည်။

သူမကသာ ရီဖူရှင်းအား ဆွဲခေါ်နိုင်ပါက တခြားသော အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်နှစ်ဦးကိုလည်း ခေါ်နိုင်မည်ဖြစ်သည်။ မှန်သည်၊ သူမတွင် မျှော်လင့်ချက် မရှိကြောင်းလည်း နားလည်၏။

“ရှောင်ကလန်ရဲ့ သားမက်အနေနဲ့လား...” ရီဖူရှင်းက ရှောင်မုယွီကို ကြည့်ကာ ပြုံးလျှက်မေးသည်။

“ရှင်သာ ဆန္ဒရှိရင် ကျွန်မ စဉ်းစားပေးပါ့မယ်” ရှောင်မုယွီက ညင်သာစွာ ပြောသည်။

“ဒါပေမဲ့ ကျုပ်မှာ မိန်းမရှိပြီးသားဖြစ်နေပြီ။ ကျုပ်က မိန်းကလေးကို နည်းနည်း ထိခိုက်စေမှာ စိုးရတယ်...” ရီဖူရှင်းက တွေဝေဟန်ဖြင့် ပြောသည်။

ထိခိုက်စေမည်တဲ့လား...။

ရှောင်မုယွီ အေးခဲသွားသည်။ ထို့နောက် ရီဖူရှင်း ဆိုလိုသည်ကို နားလည်သွားကာ သူမ၏အမူအရာ ပြောင်းလဲသွား၏။ ထို့နောက် သူမက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။

သည်ခွေးကောင်က သူမအား သူ၏ကိုယ်လုပ်တော်အဖြစ် အလိုရှိနေ၏။

***

All Chapters