သူတို့က အရမ်းအားနည်းတာ မဟုတ်ဘူး... ငါကသာ သန်မာလွန်းနေတာ
Vol. 3 Ch. 31
ရွှီယန်က မြင်းကို စီးနင်းကာ ရှေ့ရှိ သိုင်းသမားနှစ်ယောက်တို့ကို ကြည့်သည်။ သူတို့နှစ်ယောက်၏ ခါးတွင် ဓားရှည်များ ချိတ်ဆွဲထားကာ မျက်နှာများက အံ့ဩနေပြီး မျက်လုံးများ၌ အနည်းငယ် အေးစက်သည့်အသွင် ရှိသည်။
သူက စဉ်းစား၏။
'ပစ်မှတ်ထားခံရတာလား။ တစ်ယောက်ယောက်က ငါ့ကိုပြန်ပေးဆွဲချင်တာလား..'
'မဟုတ်သေးဘူး.. ဘာလို့ အရင်တုန်းကကျတော့ ဒီလိုမျိုး ပစ်မှတ်ထား မခံရတာလဲ..'
'ဖြစ်နိုင်တာက အဲ့ဒီ့တုန်းက စစ်သူကြီးစံအိမ်နဲ့ စေ့စပ်ကြောင်းလမ်းကြောင်းလမ်းမှု မဖျက်သိမ်းရသေးလို့လား။ အဲ့ဒါကြောင့်မလို့ ဒီသိုင်းလောကက လူတွေက ငါ့ကို မထိရဲတာလား..'
သူသည် ဆရာသခင်တစ်ယောက်ကို အချိန်အတော်ကြာအောင် လိုက်လံရှာဖွေခဲ့၏။ သုံဟယ်ကောင်တီတွင် တစ်ယောက်တည်း လှည့်လည်ခဲ့ပြီး မြေအောက်လောကမှ မည်သည့်လူမှ သူ့ကိုပြန်ပေးဆွဲရဲခြင်း မရှိပေ။ သူ၏ဖခင်မှာ သုံဟယ်ကောင်တီ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လျှင်တောင် ဖြစ်၏။
ယခုအချိန်တွင်တော့ တစ်ယောက်ယောက်က သူ့ကိုလမ်းမထက်တွင် ပေါ်တင် မကောင်းကြံနေလေပြီ။
ရွှီယန်၏ ပထမဆုံးအတွေးမှာ သူနှင့် စစ်သူကြီးစံအိမ်တို့အကြားရှိ စေ့စပ်ကြောင်းလမ်းမှု ပျက်သိမ်းသွားသောကြောင့် ဖြစ်မည်ဟု ဖြစ်၏။
ထို့ကြောင့် ဒီသိုင်းလောကမှ လူများက မည်သည့် နောက်ဆံတင်းစရာမှ မရှိတော့ဘဲ စတင်ပစ်မှတ်ထားလာတာ ဖြစ်လိမ့်မည်။
'ငါက.. စစ်သူကြီးစံအိမ်ရဲ့ အနာဂတ်သားမတ်လောင်း မဟုတ်တော့ပေမယ့်.. ငါ့ရဲ့အဖိုးဖြစ်သူက အမှုထမ်းရေးရာအမတ်ကြီးပဲ..'
ရွှီယန်၏ စိတ်က ပြောင်းလဲသွားသည်။ သူ့တွင် စစ်သူကြီးစံအိမ်နှင့် မည်သည့်ဆက်ဆံရေးမှ ဆက်လက်မရှိတော့ပေမယ့် သူသည် လက်ရှိ နိုင်ငံတွင် စွမ်းအားကြီး အမတ်ကြီးတစ်ဦးဖြစ်သည့် အမှုထမ်းရေးရာအမတ်ကြီး၏ မြေးဖြစ်သူ ဖြစ်သည်။
"ဦးနှောက်မကောင်းတဲ့ကောင်.. ငါတို့နဲ့ နာနာခံခံလိုက်ခဲ့.." လူဆိုးတစ်ယောက်က ခုန်ကာ ရွှီယန်ကို မြင်းပေါ်က ဆွဲချဖို့လုပ်သည်။
ဒီအချိန်၌ လမ်းပေါ်တွင် မည်သည့်ဖြတ်သွားဖြတ်လာမှ မရှိပေမယ့် သူတို့အနေနှင့် လျှင်လျှင်မြန်မြန် လုပ်ဆောင်ကာ လူကို အမြန်ဆုံး ဖမ်းဆီးရန် လိုအပ်ပါသည်။ထိုအခါမှသာ မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားနိုင်မည်ဖြစ်၏။
ရွှီယန်သာ လက်ထဲသို့ ကျရောက်လာပါက နောက်ဆက်တွဲ လုပ်ဆောင်ချက်များက လွယ်ကူမှာပါ။
သူက ရွှီယန်၏ပုခုံးကို လှမ်းဆွဲလိုက်သည်။ ရုတ်တရက် ခွန်အားကို ထုတ်လွှတ်ကာ အောက်သို့ဆွဲချဖို့ ကြိုးစား၏။
သို့ပေမယ့် သူ့ကို ထိတ်လန့်သွားစေသည်ကား သူ၏လက်မှာ တောင်တစ်ခုကို ဖမ်းဆုပ်ထားသည့်နှယ် ရှိနေခြင်းပင်။ တစ်ဖက်လူက လုံးဝ လှုပ်ရှားခြင်း မရှိပေ။
"မကောင်းတော့ဘူး.."
သူက ထိတ်လန့်သွားခဲ့ပြီး လက်ကိုလွှတ်ကာ အဝေးသို့ ရှောင်တိမ်းသွားတော့မှာပါ။
သို့ပေမယ့် လည်ပင်း၌ တင်းကြပ်မှုကို ခံစားလိုက်ရ၏။ လက်တစ်ဖက်က သူ၏လည်ပင်းကို ဖမ်းဆုတ်ကာ အပေါ်သို့ ဆွဲမြှောက်လိုက်ခြင်း ဖြစ်သည်။
"ငါ့ကိုဖမ်းဖို့ ဘယ်ကနေ သတ္တိတွေ ရလာတာလဲ.."
ရွှီယန်က တစ်ဖက်လူကို စူးစိုက်စွာကြည့်သည်။
ထိုပုံကို တွေ့ရပြီးနောက် အခြားတစ်ယောက်လည်း အံ့သြသွား၏။ သူက ဓားကို ဆွဲထုတ်ကာ လေထဲသို့ ပျံလိုက်ပြီးရွှီယန်ကို ခုတ်ပိုင်း၏။
"လက်ကိုလွှတ်လိုက်.."
သူ၏ မျက်လုံးများထဲတွင် လူသတ်ငွေ့တို့ ရှိနေပြီး မျက်နှာပေါ်၌ ကြမ်းကြုတ်မှုတို့ ဖြတ်သန်းသွားသည်။
"ဟန့်.."
ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူက ကျန်သည့် လက်တစ်ဖက်ကို မြှောက်ကာ ရန်သူ၏ ဓားရှည်ဆီသို့ တစ်ခါတည်း ဦးတည်လိုက်သည်။
သူ၏လက်များမှ သန်မာသည့် အားတစ်ခုထွက်ပေါ်လာပြီး ဓားကို ကြမ်းကြုတ်စွာ ဖမ်းဆွဲလိုက်၏။
"ဘန်း.."
ဓားသည် သူ၏လက်ထဲသို့ ရောက်ရှိသည်နှင့် သွေးနှင့်ချီ၏ အားလှိုင်းအောက်တွင် ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ကျိုးပဲ့သွားခဲ့သည်။
"ဘုန်း.."
ရွှီယန်၏ လက်မှ ချီနှင့်သွေး စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ရန်သူကို တစ်ခါတည်း ထိမှန်၏။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ထိုလူ လေထဲတွင် ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့သည်။
အသွေးအသားများက နေရာတိုင်းသို့ လွင့်စင်ကုန်ပြီး ရွှီယန်ကို အလန့်တကြား ဖြစ်သွားစေကာ ခန္ဓာကိုယ်ရှိ သွေးနှင့်ချီအလွှာကို ချက်ချင်းပင် ဖွဲ့စည်းလိုက်သည်။
ရလဒ်အနေနှင့် သူ၏ သွေးနှင့်ချီထု ထွက်ပေါ်လာသည်နှင့် လည်ပင်းကို ဖမ်းဆုပ်ခံထားရသည့် သူဟာ သတိမထားမိလိုက်ဘဲ ချီနှင့်သွေး၏ ထိရိုက်မှုကို ခံလိုက်ရသည်။
ထိုသူ၏အရိုးနှင့် ကြွက်သားများက နေရာမှာတင် ပျက်စီးကုန်ပြီး မျက်လုံးများ ပြူးကျယ်ကာ ထိတ်လန့်စွာ သေဆုံးသွားခဲ့သည်။
"ဘုန်း.."
ချီနှင့်သွေးလှိုင်းတစ်ခု ပေါက်ကွဲထွက်သွားပြီး အသွေးအသားနှင့် အလောင်းတို့သည် လမ်းတစ်ဖက်တစ်ချက်ရှိ မြက်ခင်းများပေါ်သို့ ကျဆင်းကုန်ကြသည်။
'ဒါက အားနည်းလွန်းတယ်..'
ရွှီယန်က လက်ထဲရှိ ခန္ဓာကိုယ်ကို မြတ်ဖုတ်များအကြားသို့ လွှင့်ပစ်လိုက်သည်။ မနေနိုင်ဘဲ အံ့သြစွာ ကြည့်မိ၏။
သူက ချီနှင့်သွေးကို အသက်သွင်းလိုက်ရုံသာ ရှိပါသည်။ သို့ပေမယ့် တစ်ဖက်ရန်သူကို တစ်စစီ ဖြစ်သွားစေခဲ့သည်လား။
'ငါက သန်မာလွန်းတယ်..'
'သူတို့နဲ့ငါက တူညီတဲ့အဆင့်မှာ ရှိမနေတော့ဘူး..'
ရွှီယန် လေများကို မှုတ်ထုတ်ကာ စိတ်လှုပ်ရှားစွာ ခံစားရသည်။
ဤသည်မှာ စစ်မှန်သည့် သိုင်းပညာဖြစ်၏။ သူက ချီနှင့်သွေး အဆင့်သာ ရှိပါသေးသည်။ သို့ပေမယ့် ယခုကဲ့သို့ ကြောက်စရာကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထား၏။
'ငါ့ရဲ့ ခွန်အားအပေါ် ထိန်းချုပ်နိုင်မှုက အနည်းငယ် လိုအပ်နေသေးတယ်။ နောက်တစ်ကြိမ်မှာ ပိုပြီးတော့ ဂရုစိုက်ဖို့လိုတယ်..'
ဒီတစ်ကြိမ် သင်ခန်းစာကို သင်ယူပြီးနောက် ရွှီယန် သူ၏ခရီးကို ဆက်လက်ထွက်ခွာခဲ့သည်။
ဒီအချိန်၌ လမ်းပေါ်တွင် မည်သူမှမရှိပါ။ သူ၏ လူဆိုးနှစ်ယောက်အား သတ်ဖြတ်မှုကို မည်သူမှ မြင်တွေ့မှုမရှိပါ။ ရွှီယန်သည် အိမ်သို့ အေးအေးလူလူပင် ပြန်ခဲ့၏။
"ယန်အာ.. နင်ပြန်လာပြီလား.."
ရွှီမိခင်က သားဖြစ်သူ၏လက်ကို ပျော်ရွှင်စွာ ဆွဲယူကာ အထက်အောက် စုန်ဆန်ကြည့်သည်။ ပိန်ပါးသွားခြင်း၊ အသားမဲသွားခြင်းတို့ မရှိပဲ ပိုမိုသန်မာလာသည့် ပုံပါ။
သူမသည် ချက်ချင်းပင် စိတ်သက်သာရာရသွား၏။
သူမ၏ အဖိုးတန်သားသာ ထိခိုက်မှုမရှိပါက ကိစ္စကောင်းတစ်ခု ဖြစ်သည်။
"ယန်အာ.. ဒီတစ်ကြိမ် ပြန်လာပြီးနောက်မှာ အပြင်ကို လျှောက်ပြီးမသွားနဲ့တော့။ အခုအပြင်ဘက်မှာ မလုံခြုံတော့ဘူး.."
သခင်မရွှီက သတိပေးသည်။
"အမေ.. အဖေရော ဘယ်မှာလဲ.."
ရွှီယန်က သံသယဖြင့် မေး၏။
အကြိမ်တိုင်း သူပြန်လာသည့် အချိန်တွင် ဖခင်ဖြစ်သူသက တင်းမာသည့် မျက်နှာဖြင့် ပေါ်လာပြီး ဆူပူကြိမ်းမောင်းလေ့ရှိ၏။ ယနေ့တွင်တော့ မည်သူ့ကိုမှ တွေ့ရခြင်းမရှိပေ။
"နင့်အဖေ စီးပွားရေး ကိစ္စတစ်ခုနဲ့ အဝေးကို သွားနေတယ်.."
သခင်မရွှီ၏ အသံ၌ စိုးရိမ်မှုအချို့ ပါဝင်နေ၏။
"အမေ.. ကျွန်တော်တို့မိသားစု ဘာဖြစ်တာလဲ.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ချက်ချင်းပင် တစ်ခုခုကို နားလည်သွားပြီး အိမ်တွင် ကိစ္စတစ်ခု ရှိရမည်ဟု တွေးမိလိုက်သည်။ မဟုတ်ပါက သူ၏ဖခင်သည် အလုပ်ကိစ္စများကို ကိုယ်တိုင်ကိုင်တွယ်စရာ လိုမည်မဟုတ်ပေ။
သားဖြစ်သူအား အပြင်ဘက်ရှိ အန္တရာယ်များကို နားလည်ပြီး အိမ်တွင် တည်ငြိမ်စွာ နေထိုင်စေရန်အတွက် သခင်မရွှီက သက်ပြင်းချစွာ ပြောသည်။
"ကျင်းဟန်နဲ့ သုံဟယ်ကောင်တီတို့အကြားက လမ်းမှာ ဓားပြတစ်စု ဘယ်တုန်းက ပေါ်လာလဲ မသိဘူး။ သူတို့တွေ ငါတို့ ကုန်စည်တွေကို လုယူသွားလို့.."
"အခုပဲ.. နင့်အဖေ ကုန်စည်တွေကို ထပ်ပို့ဖို့ လူစီစဉ်နေတယ်။ ကတိပေးထားတဲ့အတိုင်း ပစ္စည်းတွေကို မပို့နိုင်ဘူးဆိုရင် လျော်ကြေးသုံးဆတောင် ပေးရမှာ.."
"ယန်အာ.. နင့်အဖေ သူ့ဘာသာ ဒီကိစ္စတွေကို ဖြေရှင်းလိမ့်မယ်။ နင်အခုမှပြန်လာတာ.. ဆာနေပြီလား.."
သခင်မရွှီက အစေခံများကို ချစ်ရသည့် သားဖြစ်သူအား ကြိုဆိုရန်အတွက် စားပွဲတစ်ခု ပြင်ဆင်ခိုင်း၏။
ရွှီယန်က မျက်မှောင်ကြုံ့သွားသည်။ ထို့နောက် သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့၏။
'ငါက.. အခုအချိန်မှာ စတင်ခြင်းအဆင့်က သိုင်းသမားတစ်ယောက်လေးပဲ ဆိုပေမယ့် သာမန် ထိပ်တန်းသိုင်းသမားတွေက ငါ့အတွက် ဘားမှမဟုတ်တော့ဘူး..'
'ဒီဓားပြတွေက ငါတို့မိသားစုရဲ့ ကုန်စည်ကို ပစ်မှတ်ထားရဲတယ်။ သူတို့က သေဖို့ထိုက်တန်ကြတယ်..'
'ကောင်းတယ်.. ငါလည်းခွန်အားကို စမ်းသပ်ဖို့ အခွင့်အရေး ရလာမယ်။ ဒီဓားပြအုပ်စုကို ငါတစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်မလားဆိုတာကို ကြည့်တာပေါ့..'
ဤသည်မှာ သူ၏ ခွန်အားကို စမ်းသပ်ကာ ပြဿနာများကို ဖြေရှင်းရန်အတွက် ကောင်းမွန်သည့် အခွင့်အလမ်းတစ်ခု ဖြစ်၏။
မိသားစုသည် ဒီနှစ်များအတွင်းတွင် သူ့အတွက် ပိုက်ဆံများစွာတို့ကို အကုန်ကျခံခဲ့၏။ ဒီတစ်ခေါက် ကုန်သွယ်မှုကို ဖခင်ဖြစ်သူက အလေးအနက်ထားရာ သိသားစွာပင် ကုန်စည်များမှာ ပိုက်ဆံများစွာတို့ တန်မှာဖြစ်၏။
"အမေ.. ဓားပြအသိုက်က ဘယ်နားမှာလဲ။ ဘာလို့အစိုးရက သွားပြီးတော့ မနှိမ်နင်းတာလဲ.."
ရွှီယန်က သိလိုစွာမေး၏။
သခင်မရွှီမှာ သူမ၏အဖိုးတန်သားတစ်ယောက် ဓားပြများကို ကိုယ်တိုင်သုတ်သင်ချင်သည်အား သိရှိခြင်းမရှိပေ။ ထို့ကြောင့် ဖုံးကွယ်ခြင်းမရှိဘဲ ပြော၏။
"သုံဟယ်ကောင်တီကနေ မိုင်၂၀၀ဝေးတဲ့ လေနက်တောင်ပေါ်မှာ... ကျင်းဟန်လမ်းရဲ့ ဘေးမှာပဲ.."
"ကျန်းဖင်ရှန်းက ကောင်းကင်မိခင်ဂိုဏ်းရဲ့ ပြဿနာကို ကာကွယ်ဖို့ဆိုပြီး အကြောင်းပြချက်နဲ့ ဓားပြတွေကို ရှင်းလင်းဖို့အတွက် စစ်သည်တွေ စေလွှတ်ပေးဖို့ တောင်းဆိုတာကို ငြင်းဆန်ခဲ့တယ်.."
"ဟန့်.. သူကစေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းပြီးတော့ ငါတို့မိသားစုနဲ့ ဘာဆက်နွှယ်မှုမှ မရှိတော့လို့ တမင်ရပ်ကြည့်နေတာ.."
သခင်မရွှီ၏ မျက်နှာက ကျန်းဖင်ရှန်း၏အကြောင်းကို ပြောရာ၌ ဒေါသတို့ ပေါ်လာခဲ့၏။
ထိုစကားကို ကြားရပြီးနောက် ရွှီယန် ချက်ချင်းပင် အခြေအနေကို နားလည်သွားသည်။
ဒီကုန်စည်များမှာ ကျင်းဟန်လမ်းကို ဖြတ်သန်းပြီး ချီနိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်နေတာ သေချာပါသည်။
သို့ပေမယ့် ဒီဓားပြများက လုယူရဲ၏။ သိသာစွာပင် ပိုမိုသည့် အကြောင်းပြချက်များ ရှိနေမှာပါ။
သို့ပေမယ့် ထိုကိစ္စကို ရွှီယန်ဂရုမစိုက်ပေ။ သူက သူ၏ ကိုယ်ပိုင်ခွန်အားကို စမ်းသပ်ကာ ဓားပြများကို အနိုင်ယူနိုင်သည်လား ဟူသည်ကိုသာ သိလို၏။
"အမေ.. ကျွန်တော့်မှာ လုပ်စရာရှိသေးတာကို ရုတ်တရက် သတိရလိုက်လို့။ ကျွန်တော် ခဏလောက် အပြင်ကိုသွားဦးမယ်.."
"ယန်အာ.. နင်ဘယ်ကိုသွားမှာလဲ.. ပြန်လာခဲ့.."
သခင်မရွှီက စိုးရိမ်စွာ အော်ခေါ်၏။
ရွှီယန်မှာတော့ မြင်းအိမ်အတွင်းမှ မြင်းတစ်ကောင်ကို ထုတ်ကာ မြို့မှတစ်ခါတည်း ထွက်ခွာသွား၏။
'ဟိန်းဖုန်းတောင်(လေနက်)ကို မှောင်စပျိုးရင် ငါရောက်သွားလောက်တယ်။ ဒါက အချိန်ကိုက်ပဲ..'
ရွှီယန်က စိတ်လှုပ်ရှားစွာ စဉ်းစားသည်။
ဟိန်းဖုန်းတောင်ပေါ်တွင် သိုင်းသမားတစ်စုတို့ စုရုံးနေကြ၏။ သူတို့ဟာ ရွှီမိသားစု၏ ကုန်စည်များကို မည်ကဲ့သို့ လုယက်ရမည်အား ဆွေးနွေးနေကြသည်။
ခေါင်းဆောင်သည် အပေါ်အင်္ကျီအား ဝတ်ဆင်ထားခြင်းမရှိဘဲ ရင်ဘတ်တစ်ခုလုံးရှိ အမွှေးများ ပေါ်နေသည့် လူသန်ကြီးဖြစ်၏။ ထိုအချိန်၌ သူက ကြီးမားသည့် တောခုတ်ဓားကြီးကို ဘေးရှိ မြေပြင်ပေါ်တွင် စိုက်ကာ နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"ဒီတာဝန် အောင်မြင်ရမယ်။ ရွှီကျွင်းဟယ်က သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူး။ ကုန်စည်တွေကို တစ်ကြိမ် ဆုံးရှုံးပြီးတဲ့နောက်မှာ အပြည့်အဝ ပြင်ဆင်ထားမယ်ဆိုတာ သံသယဝင်စရာ မရှိဘူး။ ငါတို့တွေ ဒီကိစ္စကို ပေါ့ပေါ့တန်တန် လုပ်လို့မဖြစ်ဘူး.."
"စိတ်မပူပါနဲ့ အစ်ကိုဝက်ဝံနက်(ရှုံ).. ကျန်းဖင်ရှန်းသာ စစ်သည်တွေကို မစေလွှတ်ဘူးဆိုရင် ရွှီကျွင်းဟယ်က ဘယ်လောက်ပဲ ထူးချွန်နေပါစေ ကုန်စည်တွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူး.."
"ဟုတ်တယ်.."
ထိုအချိန်၌ ကြမ်းကြုတ်သည့်အငွေ့အသတ်တို့ လွှမ်းခြုံနေသည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူက တောင်ကုန်းပေါ်သို့ ပြေးတက်သွားကာ ကြမ်းကြုတ်စွာ ပြော၏။
"ငါတို့ ရွှီမိသားစုရဲ့ ကုန်စည်တွေကို လိုချင်တယ်ဆိုရင် မင်းတို့မှာ ဘယ်လောက် စွမ်းရည်ရှိလဲ ဆိုတဲ့အပေါ် မူတည်တယ်.."