ရန်သူကို ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း
Vol. 3 Ch. 32
"ဘယ်သူလဲ.."
ခေါင်းဆောင်ရှုံက ဒေါသတကြီး အော်လိုက်ပြီးနောက် ခြေထောက်ဘေးရှိ တောခုတ်ဓားကြီးကို ဆွဲကာ ရုတ်တရက် ပေါ်လာသည့် ပုံရိပ်ကို ခက်ထန်စွာ ကြည့်သည်။
တစ်ချက်ကြည့်သည်နှင့် ဦးရေပြားတို့ ထုံထိုင်းစွာ ခံစားလိုက်ရ၏။ တစ်ဖက်လူ၏ တစ်ဟုန်းဟုန်း တောက်လောင်နေသည့် ချီများက ကြည့်လိုကါသည်နှင့် ကြောက်ရွံ့မှုတို့ မြင့်တက်လာစေသည်။
"ဒါက.. ရွှီကျွင်းဟယ်ရဲ့ ငတုံးသားပဲ.."
ဓားပြတစ်ယောက်က အံ့သြစွာဖြင့် အသံပြု၏။
ကျန်ရှိသည့်လူများလည်း အားလုံး ထိတ်လန့်သွားကြသည်။ ပြောကြသည်ကား ရွှီကျွင်းဟယ်၏ ငတုံးသားသည် နေရာတိုင်းတွင် စွမ်းအားကြီးမားသည့် ဆရာသခင်တစ်ယောက်အား ရှာဖွေနေသည်ဟု ဆို၏။
စစ်မှန်သည့် သိုင်းပညာကို သင်ကြားလိုလေသည်။ ဖြစ်နိုင်တာက သူ သင်ယူ တတ်မြောက်ခဲ့သည်လား။
"တိုက်ခိုက်ကြ.."
ခေါင်းဆောင်ရှုံက ဒေါသတကြီး အော်လိုက်ပြီးနောက် ရွှီယန်ဆီသို့ ခုန်ပျံကျော်လွှားကာ ပြေးတက်သွား၏။
"ဝိုင်းသတ်ကြ.. သူကတစ်ယောက်တည်း.."
ဓားပြများ၏ အရေအတွက်က လူ၁၀၀ကျော်ပါသည်။ ထို့အပြင် အားနည်းဆုံးလူမှာ သိုင်းလောက၏ ဒုတိယတန်းစား သိုင်းသမားများ ဖြစ်ကြ၏။ ခေါင်းဆောင်ရှုံကိုယ်တိုင်မှာ ပြိုင်ဘက်ကင်းသည့် ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်လုနီးနီးရှိသည်။
အဆင့်မြင့်ကျွမ်းကျင်သူ ၂၀လောက်လည်း ရှိ၏။ သူတို့ထဲရှိ တစ်ယောက်ချင်းစီတိုင်းဟာ ဓားများ၊ လှံများ၊ လျှို့ဝှက်လက်နက်များ အစရှိသည်တို့ကို ကိုင်ဆောင်ကာ ရွှီယန်ဆီသို့ ပြေးဝင်သွားကြသည်။
"လာခဲ့ကြ.."
ရွှီယန်က အလွန်စိတ်လှုပ်ရှားနေ၏။ ကျင်လောင်သော အသံတစ်ခုနှင့်အတူ သူ၏ ၁၀ပေမျှရှိသည့် ချီနှင့်သွေးစွမ်းအင်တို့ကို ထုတ်လွှတ်ကာ တစ်ခါတည်း ပြေးဝင်သွားသည်။
ရွှီယန်၏ လက်သီးနှင့် ကန်ချက်များက ချီနှင့်သွေးစွမ်းအင်၏ ဖြတ်သန်းမှုနှင့်အတူ အလွန်စွမ်းအားကြီးလှသည်။ ဓားပြများသည် ချက်ချင်းပင် ရှုံးနိမ့်ကုန်ပြီး ကြီးမားသည့် အထိအခိုက်အကျအရှုံးတို့ ဖြစ်ပွားကုန်ကြ၏။
ခေါင်းဆောင်ရှုံလည်း လက်သီးတစ်ချက်တည်းဖြင့် အစိပ်စိပ်အမွှာမွှာပင် ပေါက်ကွဲထွက်သွားခဲ့သည်။ နေရာတိုင်းတွင် အသွေးအသားတို့ လွင့်စင်နေပြီး ကျန်ရှိသည့် ဓားပြများကို ထိတ်လန့်ကြောက်ရွံ့ သွားစေသည်။
"ပြေးကြ.."
ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားကြီး သိုင်းပညာရှင်မျိုးနည်း။ ကြောက်စရာ ကောင်းလှပါသည်။ အနီးသို့ပင် မရောက်ဘဲ ချက်ချင်း သတ်ဖြတ်ခံရ၏။
ကျန်ရှိသည့် ဓားပြများအားလုံးလည်း ထိတ်လန့်စွာဖြင့် အလန့်တကြား ထွက်ပြေးကုန်ကြသည်။
"ထွက်ပြေးဖို့က လွယ်မနေဘူး.."
ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ချက်ချင်းပင် လိုက်လံသတ်ဖြတ်သည်။
'ဆရာပြောတာတော့ ငါနှိမ့်နှိမ့်ချချ နေသင့်တယ်တဲ့။ သူတို့အားလုံးကို သတ်လိုက်ရင် ငါလုပ်တယ်ဆိုတာကို ဘယ်သူမှသိမှာ မဟုတ်တော့ဘူး။ အဲ့ဒါဆိုရင် ပေါ်သွားမှာ မဟုတ်ဘူး။ ဒါကလည်း နှိမ့်ချခြင်းတစ်မျိုးပဲ..'
တိုက်ပွဲက တစ်ဖက်သတ်ဆန်လှ၏။ ရိုးရှင်းသည့် အဖျက်စွမ်းအား တစ်ခုကိုသာ အသုံးပြုကာ ဓားပြများအားလုံး အသတ်ခံခဲ့ရသည်။ မည်သူမှ ကျန်ရစ်ခြင်းမရှိပေ။
.........
လေနက်တောင်ကို ရှာဖွေပြီးနောက် ရွှီယန်တစ်ယောက် ရွှီမိသားစု၏ ဆုံးရှုံးသွားသည့် ကုန်စည်များကို ရှာတွေ့ခြင်းမရှိပေ။ ပုန်းအောင်းနေသည့် မည်သည့်ဓားပြမှလည်း မရှိပါ။
ထိုအချိန်၌ သူက တောင်ကုန်းပေါ်တွင် ရပ်ကာ နေရာတိုင်းတွင် ပြန့်ကျဲနေသည့် ခြေချောင်းလက်ချောင်းများကို ကြည့်ရင်းက အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။
'ဒါက တကယ့်ကို စွမ်းအားကြီးလွန်းတယ်။ ဒါပေမယ့် ဒီပြင်းထန်တဲ့အားကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာကိုပဲငါသိသေးတယ်..'
'ဒါက ခွန်အားကို ထုတ်လွှတ်တာ သက်သက်ပဲ။ ငါသာ ငါနဲ့ခွန်အားချင်းတူညီတဲ့ ရန်သူတစ်ယောက်ကိုတွေ့ရင် သေချာပေါက် သူ့ရဲ့ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး..'
'ဘာသိုင်းကွက်ကိုမှ ငါမသိဘူး။ ငါ့မှာ ပြင်းထန်တဲ့ စွမ်းအားပဲရှိတယ်..'
'ဒီတစ်ကြိမ် ပြန်ပြီးရင်တော့ ဆရာ့ကို မေးဖြစ်အောင်မေးရမယ်..'
ရွှီယန်က နှလုံးသားထဲတွင် စဉ်းစားသည်။ လေပြင်းကာ မှောင်မဲသည့် ညအချိန်ကို အမှီပြုပြီး သူသည် တောင်ပေါ်မှ အမြန်ဆင်းကာ သုံဟယ်ကောင်တီဆီသို့ ပြန်ခဲ့၏။
ရွှီယန်ထွက်ခွာသွားပြီးနောက် လီရွှမ်က သူဖန်တီးခဲ့သည့် မူလအဆင့်၏ ကျင့်ကြံခြင်းသီအိုရီနှင့် ဖွဲ့စည်းပုံတို့ကို သေသေချာချာ လေ့လာသည်။ မည်သည့် လိုအပ်ချက်မှ မရှိဘဲ ချီနှင့်သွေးအဆင့်နှင့် ဆက်စပ်မှုရှိစေရန် သေချာအောင် စစ်ဆေး၏။ ထိုအခါမှသာ သူသည် လုံးဝစိတ်သက်သာရာရစွာ ခံစားလာရသည်။
ရွှီယန်ကို မူလအဆင့်၏ ကျင့်ကြံခြင်းအတတ်အား လက်ဆင့်ကမ်းပေးရန် အခွင့်အလမ်းကို စောင့်စားရန်သာ ကျန်တော့၏။
ကျင့်ကြံခြင်းကဲ့သို့ ပင်ပန်းခက်ခဲခဲ့သည့် အလုပ်ကိုတော့ သူ၏ တပည့်ဖြစ်သူကိုသာ လက်လွှဲထားမည် ဖြစ်သည်။
သူကတော့ ဒီအတိုင်းထိုင်ကာ အကျိုးရလဒ်ကို ခံစားမည်ဖြစ်၏။
သူ့အနေနှင့် ကျင့်ကြံခြင်းအဆင့်၊ ကျင့်စဉ်၏ဖွဲ့စည်းပုံ၊ အခြေခံသီအိုရီနှင့် ကျင့်စဉ်အတွက် အကြမ်းဖျင်းစကားစုများကို ဖန်တီးရုံသာ လိုအပ်ပါသည်။ အောင်မြင်နိုင်မည်လား ဟူသည်ကတော့ တပည့်ဖြစ်သူ ရွှီယန်အပေါ်၌ လုံးဝ မူတည်နေပါသည်။
'ဒီနေရာကနေ ထွက်ခွာဖို့ အချိန်ကြပြီ။ ဝိဉာဉ်ကူးပြောင်းလာကတည်းက ဒီရွာငယ်လေးမှာပဲ နေနေရတာ တကယ့်ကို ဘဝဆိုးလွန်းတယ်..'
လီရွှမ်က သက်ပြင်းချသည်။ သူ၏ပစ္စည်းများကို ထုတ်ပိုး၏။ ရွှီယန်ပြန်လာသည်နှင့် ရွှေ့ပြောင်းမှုကို စတင်မှာဖြစ်သည်။
လုပ်စရာမရှိရာ လီရွှမ်သည် ရွာငယ်တွင် လှည့်လည်လျှောက်ပတ်နေ၏။ ဒီရွာ၏ ရှုခင်းများမှာ ကောင်းမွန်ပြီး တံခါးပိတ်နေထိုင်သည့် ဘဝနှင့် အလွန် သင့်တော်မှုရှိလှသည်ဟု ဆိုရပေမည်။
လမ်းလျှောက်မှုတစ်ခု ပြုလုပ်ပြီးနောက် သူသည် နေအိမ်ဆီသို့ ပြန်ခဲ့၏။
'အလုပ်အကျွေးပြုတဲ့ တပည့်မရှိတော့ ငါဘာသာငါ ချက်ပြုတ်ရဦးမယ်။ တကယ့်ကို သက်တောင့်သက်သာ မရှိဘူးပဲ..'
လီရွှမ်က သက်ပြင်းချသည်။
သူသည် တပည့်ဖြစ်သူ၏ ခစားမှုနှင့် နေသားကျပြီးဖြစ်ကာ သူ့တွင် ခစားမည့်လူမရှိပါက အမြဲတမ်း သက်တောင့်သက်သာမရှိစွာ ခံစားလာရ၏။
"သင်၏ တပည့်ဖြစ်သူသည် ဓားပြတစ်စုကို ရက်စက်ကြမ်းကြုတ်စွာ သုတ်သင်ခဲ့သည်။ သင်သည် ရန်သူအား ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း အတတ်ကို တတ်မြောက်ခဲ့သည်"
သူ၏စိတ်ထဲတွင် အသံတစ်ခုပေါ်လာ၏။ သူသည် ချက်ချင်းပင် ရန်သူများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်သည့် အတတ်အား တတ်မြောက်လာခဲ့သည်။
လီရွှမ်က မှင်သက်သွား၏။ သူ့ကိုယ်သူ မရေမတွက်နိုင်သည့် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းများကို ကိုယ်တိုင်ပြုလုပ်ပြီးနောက် ရန်သူများကို ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းအတတ်အား တတ်မြောက်လာခဲ့သည်ဟု ခံစားရ၏။
'ငါ့ရဲ့ ငတုံးတပည့် ဘာတွေလုပ်နေတာလဲ။ ဓားပြတစ်စုကို သုတ်သင်လိုက်တာလား..'
လီရွှမ်က အံ့သြသွားသည်။
သူ၏ငတုံးတပည့်က အလွန်သတ္တိကောင်းလှသည်လား။ ထို့အပြင် အပြင်ဘက်လောက၏ သိုင်းပညာအဆင့်က အလွန် နိမ့်ပါးလှသည်လား။
ရွှီယန်မှာ ချီနှင့်သွေးအဆင့်သို့သာ ဝင်ရောက်ခဲ့ပေမယ့် ဓားပြအုပ်စုတစ်ခုလုံးကို သူတစ်ယောက်တည်းနှင့် အနိုင်ယူခဲ့သည်လား။
ဒီဓားပြများ၏ ခွန်အားက အလွန်နိမ့်ပါးလှပါသည်။
'အရမ်းပြင်းထန်ပြီး ကြမ်းကြုတ်လွန်းတယ်။ ဒါက ဘာနည်းပညာမှမရှိဘဲ ခွန်အားသပ်သပ်ကို မှီခိုပြီး ရန်သူကို သတ်ဖြတ်တာပဲ..'
လီရွှမ်သည် စနစ်မှ တန်ပြန်ရရှိလာသည့် အကျိုးရလဒ်နှင့် ရန်သူကို ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း နည်းလမ်းအား အောင်မြင်စွာ တတ်မြောက်သွားသည်။
ဤသည်မှာ အမှန်တကယ်ကို ကြမ်းကြုတ်သည့် ခွန်အားအပေါ်တွင်သာ လုံးဝမှီခိုပြီး မဆင်မခြင် ပြေးဝင်ကာ မည်သည့် သိုင်းကွက်ကိုမှ မသုံးဘဲ သတ်ဖြတ်ခြင်းဖြစ်သည်။
ထိုအချိန်၌ လီရွှမ်လည်း သူ့အနေနှင့် ခွန်အားအဆင့်ကျင့်ကြံခြင်း နည်းလမ်းများကိုသာ တီထွင်နေပြီး မည်သည့်သိုင်းကွက်ကိုမှ ဖန်တီးခဲ့ခြင်း မရှိကြောင်းကို နားလည်လာခဲ့သည်။
ကြမ်းကြုတ်သည့် ခွန်အားကိုသာ ဒီအတိုင်း အသုံးပြုနေပါက စစ်မှန်သည့် သိုင်းပညာရှင်တစ်ယောက်ဟု မည်ကဲ့သို့ ယူဆနိုင်မည်နည်း။
'မဟုတ်ဘူး.. ငါ..တိုက်ခိုက်ရာမှာ အသုံးပြုဖို့အတွက် စကေးနဲ့သိုင်းကွက်တွေ အချို့ကို ဖန်တီးရမယ်။ အဲ့ဒါမှ ခွန်အားအားလုံးကို ကောင်းကောင်း အသုံးချနိုင်မှာ..'
'ငါ့ရဲ့ငတုံးတပည့်က ဒီတစ်ကြိမ်မှာ ဓားပြတွေကို ခွန်အားသပ်သပ်နဲ့ အနိုင်ယူခဲ့တယ်။ သူလည်း ဒါကို နားလည်သွားလောက်မှာ။ ဒီတစ်ကြိမ် ပြန်လာပြီးရင် ငါ့ကို သိုင်းပညာစကေးတွေအကြောင်း သေချာပေါက်မေးမှာပဲ..'
'ငါကြိုတင်ပြီး ပြင်ဆင်ထားဖို့လိုတယ်..'
လီရွှမ် ရုတ်တရက် စိတ်ကျဉ်းကြပ်သွားသည်။
သိုင်းစကေးကို မည်ကဲ့သို့ ဖန်တီးရမည်နည်း။ သူက ဤသည်ကို မည်ကဲ့သို့ပြုလုပ်ရမည်အားပင် သိရှိခြင်းမရှိပါ။ ထို့အပြင် ကိုးကားမှု ပြုရန်အတွက် လက်တွေ့ကျသည့် သိုင်းပညာစကေးလည်း သူ့တွင်မရှိပေ။
ကျင့်ကြံမှုအတတ်မှာ ကျင့်ကြံခြင်းအတွက်သာ ဖန်တီးခြင်းဖြစ်ပြီး ရန်သူကို တိုက်ခိုက်ဖို့မဟုတ်ရာ လွယ်ကူသည်ဟု ဆိုနိုင်ပါသည်။
'ငါ့ခေါင်းတွေတောင် နာလာပြီ..'
လီရွှမ်က ခေါင်းကိုက်စွာ ခံစားလာရသည်။
'ငါစဉ်းစားပါဦးမယ်... ငါ့တပည့်ကို နဂါးနိုင်လက်ဝါး ၁၈ကွက်ကို သင်ပေးလိုက်ရမလား..'
'သွေးကြောခြောက်ခု ဒီဗိုင်းဓားကို သင်ပေးလိုက်ရမလား။ တတ္ထဂတာ လက်ဝါးကို သင်ပေးလိုက်ရမလား။ အားဟက်လက်သီးကို သင်ပေးလိုက်ရမလား... အဲ့ဒါတွေကို ဘယ်လိုတွေ ဖန်တီးရမလဲ..'
'ငါက ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာကိုတောင် သိတာမဟုတ်တာကို..'
ထိုအချိန်၌ လီရွှမ်တစ်ယောက် ခေါင်းခဲစွာ ခံစားလာရသည်။
'မဟုတ်ဘူး။ ငါမှားနေပြီ။ အားလုံးက ငါတပည့်ကို သူ့ဘာသာနားလည်အောင် လုပ်ခိုင်းရမှာ။ ငါကဘာလို့ ဒီလှုပ်ရှားကွက်တွေကို အရမ်းစွဲစွဲလန်းလန်း ဖြစ်နေမှာလဲ..'
'ငါဖန်တီးဖို့လိုတဲ့ သိုင်းပညာက ချီ၊ သွေး၊ ကန်းချီ၊ မူလအစစ်အမှန်ချီ၊ အစရှိသဖြင့်ကို... ချီနဲ့သွေး အစစ်အမှန်ချီနဲ့ အစားထိုးပြီး ရန်သူကို တိုက်ခိုက်တာထက် မပိုဘူး..'
'ငါတပည့်ကို သိုင်းပညာစကေး ဖော်မြူလာနဲ့ အကြမ်းဖျင်းသီအိုရီတွေကိုပဲ လက်ဆင့်ကမ်းပေးလိုက်မယ်..'
'သူဘာသာ နားလည်ပလေ့စေ..'
လီရွှမ်၏ စိတ်ထဲတွင် စိတ်ကူးတစ်ခု ရုတ်တရက် လက်သွား၏။ သူသည် ချက်ချင်းပင် ရွှီယန်ကို သိုင်းပညာစကေးအား မည်ကဲ့သို့ သင်ကြားရမည်ကို နားလည်သွားသည်။
'စတင်ခြင်းအမှတ်ကတော့ အရမ်းကြီးမြင့်လို့ မဖြစ်ဘူး။ အဲ့ဒါက သိုင်းပညာစကေး ဆိုတည်းက လက်ဝါးသိုင်းအချို့ကို သင်ပေးလိုက်ရမလား..'
'ဒါပေမယ့် နည်းနည်းလောက်တော့ အရေအသွေး မြင့်မားရမယ်။ အဲ့ဒါမှ သူ့ရဲ့ခွန်အား မြင့်တက်လာတာနဲ့အမျှ သိုင်းကွက်ကလည်း စွမ်းအားကြီးလာမှာ..'
'ပြီးတော့ ခြေလှမ်းအတတ်တွေလည်း လိုတယ်မလား..'
'ဓားသိုင်းလည်း ရှိသင့်တယ်... မဟုတ်ဘူး ဓားသိုင်းကွက်တွေအစား ငါသူ့ကို ဓားလမ်းစဉ်(တာအို)ကို သင်ပေးသင့်တယ်..'
'အလုပ်ဖြစ်မဖြစ်ကတော့ သူ့ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်သွားပြီ..'
လီရွှမ်၏စိတ်ထဲတွင် ယေဘူယျစိတ်ကူးတစ်ခု ရလာခဲ့၏။ သိုင်းပညာ စကေးများကို ဖန်တီးကာလက်ဆင့်ကမ်းပေးရမည်နှင့် အခြားသဘောတရားများကို မည်ကဲ့သို့ ပို့ချပေးရန် ဖြစ်သည်။
'ငါ့ရဲ့ချီနဲ့သွေးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ။ ပြီးတော့ ငါ့ရဲ့ခွန်အားက အဆင့်တူတွေထက် အဆ၁၀၀ပိုကြီးတယ်..'
'အချိန်ကျလာရင် ကျပန်းလှုပ်ရှားမှုတွေကို ငါက ပုံတူလိုက်ပြီး လုပ်ပြလိုက်ရုံပဲ။ အဲ့ဒါဆို ထွက်ပေါ်လာတဲ့ စွမ်းအားက ငါ့တပည့်ကို အံ့ဩသွားစေဖို့ လုံလောက်မှာ..'
'ပြီးရင် အကြောင်းပြချက်တစ်ခုရှာပြီး သူ့ကို အရူးလုပ်ရမယ်။ အဲ့ဒါဆို ပြဿနာကြီး မရှိလောက်ပါဘူး..'
ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်သည် ရွာ၏အပြင်ဘက်သို့ ရောက်လာခဲ့သည်။
"ဘုန်း.."
ပေ၁၀၀ရှိသည့် သွေးနှင့်ချီက ကောင်းကင်သို့ ထိုးတက်သွား၏။ ကြောက်စရာကောင်းသည့် စွမ်းအားတို့ ကိန်းဝင်နေပါသည်။
သူကလက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် လက်ဝါးရိုက်ချက်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်သည်။ ပေ၁၀၀ရှိသည့် ချီနှင့်သွေး စွမ်းအင်က လှိုင်းများကဲ့သို့ သူ၏လက်ဝါးများနှင့်အတူ ပျံသန်းလှည့်လည်၏။
မည်သည့်ပုံစံခွက်မှ မရှိဘဲ ခွန်အားအပေါ်တွင် လုံးဝ မှီခိုနေပုံပေါ်ကာ လက်ဝါးလှုပ်ရှားမှုများအကြားတွင် အနည်းငယ် ရှုပ်ထွေးနေဟန်ပင် ရှိပေမယ့် ပေ၁၀၀ရှည်သည့် သွေးနှင့်ချီစွမ်းအင်က ဖြစ်ပေါ်လာသည့် လှိုင်းများမှာ ကြောက်စရာကောင်းသည့် အသံများ ထွက်ပေါ်ကာ တူညီစွာ အရှိန်အဟုန်စွမ်းအားတို့ ကြီးမားနေပါသည်။
ထိုကြောက်စရာကောင်းသည့် ချီနှင့်သွေး စွမ်းအင်ကို မှီခိုရုံဖြင့် သူပြိုင်ဖက်ကင်း၏။
'လက်ဝါးရွှေ့ကွက်တွေက နည်းနည်း ရှုပ်ထွေးနေတယ်။ ကြည့်ရတာ ဘာနည်းစနစ်၊ ဘာစကေးမှ မရှိတဲ့ပုံပဲ။ ကျပန်းရိုက်ချက်တွေနဲ့ တူတယ်..'
'ဒါက အလုပ်မဖြစ်ဘူး။ အရူးလုပ်မယ် ဆိုရင်တောင်မှ ကိုယ်ပိုင် ဥပဒေသ အချို့တော့ ရှိသင့်တယ်..'
လီရွှမ်က မျက်မှောင်ကြုံ့သွားပြီး စဉ်းစား၏။
ထို့နောက် လက်ဝါးရိုက်ချက်များကို တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်သည်။ လှုပ်ရှားမှုများတွင် ဖွဲ့စည်းပုံတစ်ခု ရှိလာစေပြီး အနည်းဆုံးတော့ အရမ်းကြီး ပရမ်းပတာ မဖြစ်စေရန် ကြိုးစား၏။