← Chapters

လက်ချည်းဖြင့် ကြက်ကင်ခြင်း၊ တကယ့်ကို အပြစ်ပဲ

Vol. 3 Ch. 35

လက်ချည်းဖြင့် ကြက်ကင်ခြင်း၊ တကယ့်ကို အပြစ်ပဲ

Vol. 3 Ch. 35

တောင်စောင်းပေါ်တွင် ရွှီယန်က သူ၏ အသိအမြင်များအတိုင်း ဆက်လက်ကျင့်ကြံနေ၏။ မြေပြင်ပေါ်တွင် အပေါက်များ တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

ညနှောင်းပိုင်းသို့ ရောက်လာခဲ့ပါပြီ။ သူ၏ချီနှင့်သွေးစွမ်းအင်တို့ ကြီးစွာကုန်ခမ်းလာပြီး ပင်ပန်းမှုကို ခံရလာချိန်၌ မပြည့်ဝသည့် စိတ်ဆန္ဒများနှင့်အတူ ရွာဆီသို့ ပြန်ခဲ့၏။

နောက်တစ်နေ့နံနက်တွင် ရွှီယန်တစ်ယောက် အားအင်အပြည့်ဖြင့် တောင်စောင်းဆီသို့ သွားရောက်ကာ ထပ်မံကျင့်ကြံပြန်၏။

"ဘုန်း.."

သူ၏ လက်ဝါးရိုက်ချက် တစ်ခုနှင့်အတူ မြေကြီးများက ၃ပေလောက်အထိ လွင့်စင်သွားပြီး ချိုင့်တစ်ခု ပေါ်လာခဲ့သည်။

'စွမ်းအားက ထပ်ပြီးတော့ တိုးလာပြန်ပြီ။ ငါ့ရဲ့အာရုံခံမှုက မှန်ကန်တာပဲ။ ဒါပေမယ့် ဒါက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ငါ့ရဲ့ လက်ဝါးစွမ်းအားကို ထပ်ပြီးတော့ မြှင့်တင်ဖို့ လိုအပ်သေးတယ်..'

ရွှီယန်က မြေပြင်ပေါ်ရှိ ချိုင့်ကိုကြည့်ကာ အလွန်စိတ်လှုပ်ရှားစွာ ခံစားရသည်။ သူ၏ လက်ဝါးချက်သည် နဂါးနိုင်လက်ဝါးသိုင်းကို မလေ့ကျင့်ခင်ရထက် များစွာစွမ်းအားကြီးလာခဲ့၏။ နောက်ဆုံးတွင် အကြမ်းထည် ခွန်အားသက်သက်ဖြင့် တိုက်ခိုက်ခြင်းမှ အဆင့်တက်နိုင်ခဲ့လေပြီ။

'ငါ့ရဲ့ငတုံးတပည့်.. သူ့ရဲ့အကျင့်ကြံမှုမှာ ဘယ်လိုဖြစ်နေပြီလဲဆိုတာကို သွားကြည့်ဦးမှ..'

လီရွှမ်က အေးအေးလူလူ လျှောက်ကာ ရောက်ရှိလာ၏။

"ဆရာ.."

ရွှီယန်က အလျှင်အမြန် လေးစားစွာ ဦးညွတ်သည်။

"အင်း.."

လီရွှမ်က တစ်ချက်ကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ အကြီးနှင့်အငယ် ချိုင့်များကို တွေ့ရ၏။ အားလုံးတို့မှာ ရွှီယန်၏ ကျင့်ကြံစဥ်အတွင်းတွင် ပွင့်ထွက်ကုန်ကြခြင်း ဖြစ်သည်။

သူက ချက်ချင်းပင် ဝမ်းသာသွား၏။

"မင်းနားလည်မှုအချို့ ရလာပြီလား။ ဒီချိုင့်ရဲ့စွမ်းအားကို ကြည့်ရတာ အကြမ်းထည်ခွန်အားသက်သက်နဲ့ ဖြစ်လာနိုင်တဲ့အရာ မဟုတ်တော့ဘူး.."

"နဂါးနိုင်လက်ဝါးကို မတက်မြောက်သေးပေမယ့် နောင်မှာ သေချာပေါက် အောင်အောင်မြင်မြင် တတ်မြောက်လာမှာ.."

"ဆရာ.. ကျွန်တော် ဉာဏ်လင်းပွင့်မှုအချို့ ရလာခဲ့တယ်.."

ရွှီယန်က ပြောရင်းနှင့် လက်ကိုမြှောက်ကာ လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ မြေပြင်ပေါ်တွင် အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

လီရွှမ်က တည်ငြိမ်စွာသာ ကြည့်သည်။ သို့ပေမယ့် သူ၏ နှလုံးသားထဲတွင် အံ့ဩနေ၏။

'ငါ့တပည့်ရဲ့ နားလည်သဘောပေါက်မှုက တကယ့်ကို ကောင်းတာပဲ..'

'ချီနဲ့သွေးကို ပိုစွမ်းအားကြီးအောင် ထုတ်ဖော်တဲ့ နည်းလမ်းတစ်ခုကို နားလည်လာခဲ့တယ်..'

'သူပထမဆုံး စကားစုကို နားလည်သွားတာ ဖြစ်မယ်..'

ထို့ကြောင့် သူကပြော၏။

"ဒီလိုမျိုး တိုးတက်မှု ရလာတာ ဆိုလိုတာက မင်းမှာ နဂါးနိုင်လက်ဝါးသိုင်းကို ကျင့်ကြံဖို့ ပါရမီပါလာတယ်လို့ ဆိုလိုတာပဲ.."

"ဒါပေမယ့် ရန်သူက မင်းကို ခွန်အားစုဆောင်းဖို့အတွက် အချိန်ပေးမှာ မဟုတ်ဘူးဆိုတာကို အမြဲတမ်း မှတ်ထားဖို့လိုအပ်တယ်.."

"မင်းရဲ့လက်ဝါးရိုက်ချက်ကို နှလုံးသားက ရွေ့လျားတာနဲ့ ထုတ်လွှတ်နိုင်ဖို့ လုပ်ဆောင်ရမယ်.."

"နဂါးသဏ္ဍာန် လက်ဝါးအားကို ကျင့်ကြံနိုင်မှပဲ အစောပိုင်းအဆင့်ကို ဝင်ရောက်နိုင်တယ်လို့ ယူဆနိုင်ရုံ ရှိမယ်.."

"မင်းရဲ့စိတ်ကို ငြိမ်သက်အောင်လုပ်ပြီး ပိုစဉ်းစား.. ပိုပြီးလေ့ကျင့်.."

ရွှီယန်က မှင်သက်သွား၏။

'ဟုတ်တယ်.. အကြိမ်တိုင်း လက်ဝါးချက်ကို ထုတ်ဖို့လုပ်တဲ့ အချိန်တိုင်းမှာ ပြင်ဆင်တဲ့ ဖြစ်စဉ်တစ်ခုကို ပြုလုပ်နေရတယ်..'

'အဲ့ဒါက ခဏလေးပဲဆိုရင်တောင် သိုင်းသမားတွေအကြားမှာ သေခြင်းရှင်ခြင်းက လျှပ်တပြက် ဆုံးဖြတ်နိုင်တယ်..'

'ငါ့ရဲ့ နားလည်သဘောပေါက်မှု လမ်းကြောင်းက မှန်ကန်တယ်။ ဒါပေမယ့် လုံလောက်အောင် နက်ရှိုင်းမှု မရှိသေးဘူး။ ငါဆက်ပြီးတော့ ကြိုးစားဖို့လိုသေးတယ်..'

သူကလေးစားစွာ ဦးညွှတ်သည်။

"ဆရာ့ရဲ့ ညွှန်ကြားမှုအတွက် တပည့်ကျေးဇူးတင်ပါတယ်.."

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်ကာ သက်တောင့်သက်သာဖြင့် ထွက်ခွာသွား၏။

သူသည် ဒီနေရာတွင် ဆက်လက်နေခြင်း သို့မဟုတ် ရမ်းသန်းပန်းသန်း ညွှန်ကြားချက်များကို ဆက်လက်ပေးခြင်း လုပ်ဆောင်နိုင်ခြင်း မရှိပါ။ တပည့်ဖြစ်သူ၏ မေးခွန်းများကိုသာ ဖြေနိုင်ခြင်းမရှိပါက ဤသည်က အလွန်ရှက်ဖို့ ကောင်းမှာပါ။

ထို့ကြောင့် ရွှီယန်၏ တိုးတက်မှုကို တစ်ချက်ကြည့်ပြီးနောက် လျှင်မြန်စွာဖြင့် ထွက်ခွာလာခဲ့သည်။

ကျန်ရှိသည့် အချိန်များတွင် ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်းကို မနက်ခင်းတွင် ကျင့်ကြံကာ နေ့လည်ခင်းတွင် သဘာဝတရား၈ပါး ပုံကြမ်းရှိ လှုပ်ရှားမှုအတတ်များကို စဉ်းစား၏။ သူ၏ ကိုယ်ပိုင်ခွန်အားကို ညအချိန် ကျင့်ကြံခြင်းဖြင့် မြှင့်တင်သည်။

မျက်စိတမှိတ်အတွင်းတွင် လဝက်မှာ ကုန်ဆုံးသွားခဲ့သည်။ တောင်စောင်းတွင် အရွယ်အစား အမျိုးမျိုးရှိသည့် ချိုင့်ဝှမ်းများဖြင့် ပြည့်နက်သွားခဲ့၏။ ရွှီယန်၏ နဂါးနိုင်လက်ဝါးသိုင်း၏ နက်နဲမှုလည်း ကြီးစွာတိုးတက်လာခဲ့သည်။

ယခုအချိန်၌ သူသည် အတွေးတစ်ချက်နှင့်အတူ လက်ဝါးအားကို ချက်ချင်းစိတ်ကြိုက် ထုတ်လွှတ်နိုင်၏။

ရိုက်ချက်တိုင်းတွင် သူ၏အတွင်းအားမှ ဖွဲ့စည်းလာသည့် လက်ဝါးအားက နွားငယ်တစ်ကောင်၏ ကိုယ်ထည်လောက်ရှိသည့် အရွယ်အစား ရှိလာခဲ့သည်။

လက်ဝါးအားက မြန်ဆန်အားပြင်းကာ အလွန်စွမ်းအားကြီးလှသည်။ အရင်ကနှင့် နှိုင်းယှဉ်ပါက ၃ဆလောက် ပိုမိုမြင့်တက်လာ၏။

သို့ရာတွင် သူသည် နဂါးသဏ္ဍာန်လက်ဝါးစွမ်းအားကို ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။ ယခုအချိန်၌ ထွက်ပေါ်လာသည့် ချီနှင့်သွေးစွမ်းအားမှာ သာမန်အားလှိုင်းတစ်ခုသာ ဖြစ်၏။ စွမ်းအားက ၃ဆလောက် တိုးမြင့်လာလျှင်တောင် ဖြစ်သည်။

နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်သွားသည့် အဆင့်အထိ ကျင့်ကြံနိုင်ခြင်း မရှိသေးပါ။

ဒီအချိန်၌ ရွှီယန်က နဂါးနိုင်လက်ဝါးသိုင်း၏ ဖော်မြူလာစကားစုကို လေ့လာကာ ပြီးခဲ့သည့်လဝက်အတွင်းတွင် ကျင့်ကြံခဲ့သည့် အတွေ့အကြုံများကို အကျဉ်းချုပ်သည်။

'နဂါးသဏ္ဍာန် လက်ဝါးစွမ်းအားကို ငါဘယ်လိုစုစည်းရမလဲ။ ငါဘာလို့ နဂါးသဏ္ဍာန် လက်ဝါးစွမ်းအားအဖြစ် စုစည်းဖို့ လိုအပ်တာလဲ..'

'စတင်မှုအဆင့်ကို ဝင်ရောက်အောင် ဘယ်လိုလုပ်ရမလဲ..'

ရွှီယန် အတွေးနက်သွား၏။ သူ၏စိတ်ထဲတွင် စစ်မှန်သည့် နဂါးတစ်ကောင်၏ ပုံရိပ်က ပေါ်လာခဲ့သည်။

ချီနှင့်သွေးကို လှည့်လည်လိုက်ချိန်၌ ချီနှင့်သွေးလှိုင်းအားက သူ၏လက်ဝါးမှ ထွက်ပေါ်လာခဲ့၏။ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့သည် တဖြည်းဖြည်းနှင့် မြွေနဂါးတစ်ကောင်၏ အသွင်သို့ ကူးပြောင်းလဲလာခဲ့သည်။

သို့ပေမယ့် မြွေနဂါးတစ်ကောင်ကဲ့သို့ ချီးနှင့်သွေးလက်ဝါးအား တစ်ခုအဖြစ် ပြောင်းလဲသွားပေမယ့် နဂါးတစ်ကောင်၏ သဏ္ဌာန်နှင့် အများကြီး ဝေးကွာနေပါသေးသည်။

'ငါနားလည်ပြီ။ နဂါးသဏ္ဍာန်ကို ဖွဲ့စည်းနိုင်ဖို့အတွက် ငါ့ရဲ့ချီနဲ့သွေးကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်။ ချီနဲ့သွေးကို ထိန်းချုပ်မှု မြင့်မားလာမှသာ နဂါးပုံစံကို ဖွဲ့စည်းနိုင်မှာ..'

'ငါသာ အဲ့လိုလုပ်နိုင်ရင် စုစည်းလာတဲ့ နဂါးသဏ္ဍာန်လက်ဝါးအားက တကယ့်နဂါးနဲ့ တူညီနေမှာ။ အဲ့ဒါက နဂါးနိုင်လက်ဝါးသိုင်းရဲ့ နောက်ဆုံးအသွင်သဏ္ဍာန် ဖြစ်လိမ့်မယ်..'

'ဒီအဆင့်မှာ ငါလုပ်ဖို့လိုတာက နဂါးသဏ္ဍာန်ကို စုစည်းဖို့ပဲ။ ဦးချို၊ မုတ်ဆိတ်နဲ့ လက်သည်းတွေ အပါအဝင်ပေါ့..'

လားရာတစ်ခု ရလာပြီးနောက် ရွှီယန်က သူ၏ချီနှင့်သွေးကို စုစည်းပြီး ၎င်းတို့ကို နဂါးတစ်ကောင်၏ အသွင်သဏ္ဍာန်သို့ ထိန်းချုပ်ကာ စတင်ကျင့်ကြံသည်။

သို့ရာတွင် ဦးချိုကို စုစည်းနိုင်သည့် အချိန်တိုင်းတွင် လက်သည်းကို စုစည်းနိုင်ခြင်းမရှိဘဲ ရှိနေ၏။ သူ၏ သွေးနှင့်ချီတို့က အထိန်းအချုပ် ကင်းမဲ့စွာ ပြိုလဲကုန်ကြသည်။

နဂါးသဏ္ဍာန် လက်ဝါးအားကို စုစည်းလိုပါက အရင်ဆုံး သူ၏ သွေးနှင့်ချီအပေါ် အသုံးချနိုင်စွမ်းအား မြှင့်တင်ရန် လိုအပ်ကြောင်းကို နားလည်လိုက်သည်။

ဤသည်မှာလည်းပဲ နဂါးနိုင်လက်ဝါးသိုင်းကို စတင်နိုင်ရန်အတွက် လိုအပ်ချက်တစ်ခု ဖြစ်၏။

'နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်ပြီးရင် ငါ့ရဲ့ လက်ဝါးစွမ်းအားလည်း ထပ်ပြီးတော့ တိုးတက်လာမှာ..'

'ခွန်အားတွေ အားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိပြီး အခုလိုမျိုး အထိန်းအချုပ်ကင်းမဲ့လုနီးပါး ဖြစ်နေမှာ မဟုတ်ဘူး..'

ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်းအား ကျင့်ကြံခြင်း၏ အဓိကအချက်ကို နားလည်ပြီးနောက် သူ၏ချီနှင့်သွေးတို့အပေါ် ထိန်းချုပ်မှုအား မြှင့်တင်ရန် စတင်ကြိုးစားသည်။

၃ရက်ကြာပြီးနောက်...

သူ၏ ချီနှင့်သွေးအပေါ် ထိန်းချုပ်မှုတွင် တိုးတက်မှုအချို့ ရလာပေမယ့် နဂါးသဏ္ဍာန်လက်ဝါးအားကို စုစည်းရန်အတွက် အဝေးကြီး လိုအပ်နေပါသေးသည်။

"ဆရာ.. ကျွန်တော် ချီနဲ့သွေးအပေါ် ထိန်းချုပ်မှုကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ.."

ရွှီယန်က မနေနိုင်ဘဲ စားသောက်စဉ်အတွင်းတွင် မေးသည်။

လီရွှမ်က ခဏတာ ရပ်တန့်သွား၏။ ချီနှင့်သွေးအပေါ် ထိန်းချုပ်မှုအား မည်ကဲ့သို့ မြှင့်တင်ရန် စဉ်းစားလေသည်။

သူက ဘယ်လိုလုပ်သိမှာလဲ..

သို့ပေမယ့် ဆရာသခင်တစ်ယောက်ဖြစ်ရာ သူ့အနေနှင့် ထိုကဲ့သို့ မဖြေကြားပဲနေရန် မဖြစ်နိုင်ပေ။

ပန်းကန်လုံးအတွင်းရှိ ကြက်ခြေထောက်ကို တစ်ချက်ကြည့်ကာ ရုတ်တရက် စိတ်ကူးတစ်ခု ရလာပြီးပြော၏။

"ငါ့တပည့်.. ချီနဲ့သွေးအပေါ် ထိန်းချုပ်မှုက အရေးကြီးတယ်ဆိုတာကို မင်းနားလည်လာခဲ့တယ်.. ဆိုလိုတာက မင်းမှာ တစ်ဆို့မှု အတားအဆီးတစ်ခုကို ကြုံတွေ့ရပြီလို့ပဲ.."

"ချီနဲ့သွေးက ငါတို့ဆီကပဲ လာတယ်။ အဲ့ဒါကို ထိန်းချုပ်မှုတိုးတက်အောင် ဘယ်လိုလုပ်မလဲ။ ချီနဲ့သွေးစွမ်းအင် အမျှင်တိုင်းကို ဘယ်လိုမျိုးအကျိုးရှိရှိ အသုံးချပြီး ကိုယ့်ရဲ့ဆန္ဒအတိုင်း ထိန်းချုပ်နိုင်မလဲ.."

"မင်းအဲ့ဒါကို ချီနဲ့သွေးကို အသုံးပြုပြီး အသားကင်ရင်းနဲ့ စမ်းကြည့်လို့ရတယ်.."

လီရွှမ်က ကြက်ခြေထောက်မှ အသားစတစ်ခုကို ဆွဲဖဲ့ကာ စားသုံးခြင်းမှ ပြောသည်။

"လက်ဗလာနဲ့ အသားကင်တာက အထူးပညာရပ်တစ်ခု ဖြစ်တယ်။ အဲ့ဒါကို လုပ်ဆောင်နိုင်ဖို့က လူတစ်ယောက်ရဲ့ ချီနဲ့သွေးအပေါ် ထိန်းချုပ်မှု မြင့်မားတဲ့အဆင့်မှာ ရောက်နေဖို့လိုအပ်တယ်.."

"အပြင်ဘက်မှာ ကြွတ်ရွပြီး အတွင်းထဲမှာ နူးညံ့နေအောင်လို့ ကင်ဖို့လိုတယ်။ အဲ့ဒါမှ ပြီးပြည့်စုံမှာ။ မလွယ်ကူဘူး.."

"ဒီခြေထောက်ကို မင်းမြင်လား.."

လီရွှမ်က ကျန်ရှိသည့် ကြက်ခြေထောက်ကို ဖြုတ်ယူကာ သူ၏ ပန်းကန်လုံးထဲသို့ ထည့်ပြီး ဆက်လက်ပြောသည်.."

"ကြက်ခြေထောက်ကို မင်းရဲ့လက်နဲ့ ကင်နဲ့အချိန်မှာ မင်းလက်နဲ့ကိုင်ထားတဲ့ နေရာကကျက်ပြီး အခြားအပိုင်းတွေ အစိမ်းအတိုင်း ရှိနေမယ်ဆိုရင် မင်းရဲ့ချီနဲ့သွေးအပေါ် ထိန်းချုပ်မှုက စမ်းသပ်ချက်အောင်မြင်ပြီလို့ ပြောလို့ရတယ်.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က အတွေးနက်သွားသည်။ နှလုံးသားထဲတွင် သက်ပြင်းချမိ၏။

'လက်စသတ်တော့ ကျင့်ကြံခြင်းက ဘဝရဲ့ ကိစ္စငယ်လေးတွေထဲမှာလည်း ရှိနိုင်တာပဲ..'

'ငါက ဒီအဆင့်နဲ့ အများကြီး ဝေးကွာနေသေးတယ်။ ဆရာက တကယ့်ကို အဆင့်မြင့်မားတာပဲ..'

'ငါဘာလို့ဒါကို မတွေးမိတာပါလိမ့်..'

သူကစားသောက်ခြင်းကို ရပ်တန့်ကာ ပြောသည်။

"ဆရာ ကျွန်တော်နားလည်ပါပြီ.."

"ကောင်းပြီ.."

လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ကြက်ခြံသို့ ပြေးကာ ကြက်တစ်ကောင်ကို ဆွဲယူပြီး ကျွမ်းကျင်စွာ သတ်ဖြတ်အမွှေးနှုတ်၏။

ထို့နောက် လက်ဝါးထဲတွင် ကိုင်သည်။ ချီနှင့်သွေးတို့ မြင့်တက်လာပြီး ပူလောင်သည့်စွမ်းအားက ကြက်ကိုချက်ချင်းပင် လွှမ်းခြုံသွားသည်။

တကျီကျီ မြည်သံနှင့်အတူ အသားကင်နံ့ ထွက်ပေါ်လာခဲ့၏။ သို့ပေမယ့် သွေးနှင့်ချီကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်၌ လက်ထဲရှိကြက်မှာ တူးခြစ်ကာ အမဲရောင်သို့ ပြောင်းလဲသွားခဲ့သည်။ ဆက်လက်စားနိုင်ခြင်း မရှိတော့ပေ။

ရွှီယန်က ခေါင်းကိုကုပ်သည်။ ပြီးခဲ့သည့် အတွေ့အကြုံများကို ပေါင်းစည်းကာ နောက်ထပ် ကြက်တစ်ကောင်ကို ဖမ်းပြီး အမွှေးနှုတ်သတ်ဖြတ်၏။

လက်ဝါးထဲကို ထည့်ကာ ချီနှင့်သွေးအား အသုံးပြုပြီး ကင်ပြန်လေသည်။ နောက်ထပ် ကြက်တစ်ကောင်လည်း တူးသွားပြန်လေ၏။

စားသောက်မှုအပြီးတွင် လီရွှမ်တစ်ယောက် ရွာထဲသို့ အေးအေးလူလူ လမ်းလျှောက်ထွက်၏။ ရွှီယန်၏ ခြေထောက်အောက်တွင် လွှတ်ပစ်ထားသည့် တူးခြစ်နေသည့် ကြက်၁၀ကောင်ကျော်ကို တွေ့လိုက်ရသည်။

လက်ထဲတွင်လည်း လတ်လတ်ဆတ်ဆတ် သတ်ဖြတ်ထားသည့် ကြက်တစ်ကောင်ကို ကိုင်ထား၏။

'တကယ့်ကို အပြစ်ပဲ..'

လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ အချိန်တို အတွင်းတွင် ကြက်၁၀ကောင်ကျော်တို့ ထိခိုက်ခဲ့လေသည်။

သူသာ မတားပါက ကြက်ခြံတစ်ခုလုံး မနက်ဖြန်တွင် ထိခိုက်ကုန်မှာဖြစ်၏။

All Chapters