← Chapters

မူလအဆင့် ကျင့်ကြံခြင်းနည်းလမ်းအား လက်ဆင့်ကမ်းပေးခြင်း

Vol. 3 Ch. 39

မူလအဆင့် ကျင့်ကြံခြင်းနည်းလမ်းအား လက်ဆင့်ကမ်းပေးခြင်း

Vol. 3 Ch. 39

ရွှီယန်က ကျင့်ကြံမှုကို ရပ်တန့်ကာ သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ပေါ်လာ၏။

'ဘဲငန်းလှုပ်ရှားမှု အတတ်နဲ့ နဂါးနိုင်လက်ဝါးသိုင်းကို ပေါင်းစပ်လိုက်တာ ငါ့ရဲ့တိုက်ခိုက်မှုခွန်အားက အများကြီးမြင့်တက်လာခဲ့တယ်..'

'လက်ရှိ ငါ့ရဲ့ခွန်အားနဲ့ လူ၁၀၀၀၀ရှိတဲ့ စစ်တပ်တစ်ခုအကြားမှာ ဆိုရင်တောင် လွတ်လွတ်လပ်လပ်နဲ့ ဝင်နိုင်ထွက်နိုင်တယ်..'

'စစ်သည်၁၀၀၀၀ရဲ့ကြားက ခေါင်းဆောင်တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်တယ်..'

ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်ကာ ဒီအချိန်၌ ဂုဏ်ယူစွာ ခံစားနေရသည်။ နှလုံးသားထဲတွင် တွေးမိ၏။

'စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းတာလား... ငါ့ကို တုံးအတယ်ဆိုပြီး အရှက်ရတယ်လို့ ခံစားရတာလား... နောင်မှာ နင်တို့ကျန်းမိသားစုက ငါနဲ့ထိုက်တန်မှာ မဟုတ်ဘူးလို့ ငါပြောခဲ့တယ်။ အခုနင်တို့ ကျန်းမိသားစုက ငါနဲ့မထိုက်တန်တော့ဘူး..'

'သုံဟယ်ရဲ့ စစ်သူကြီးဖြစ်တော့ရော ဘာအရေးလဲ။ ချီနိုင်ငံရဲ့ ဧကရာဇ်ဆိုရင်တောင် ငါသူ့ကို လျစ်လျူရှု့ထားနိုင်တယ်..'

ရွှီယန်မှာ ဖြတ်လက်မှုနှင့် အားမာန်တို့ ပြည့်ဝနေသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏စေ့စပ်ကြောင်းလမ်းမှုက ဖျက်သိမ်းခံခဲ့ရပြီး လူအများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရ၏။ ဘယ်လိုလုပ်ပြီး စိတ်ထဲတွင် မကျေမနပ်မဖြစ်ဘဲ နေမည်လဲ။

ဒီအချိန်၌ သိုင်းပညာကို သင်ကြားပြီးနောက် သူ၏ခွန်အားတို့ ကြီးစွာမြင့်တက်လာခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ချီနိုင်ငံ၏ စစ်တပ်ကိုပင် ကြက်ကလေး ငှက်ကလေးများထက် မပိုဟု ခံစားလာရ၏။

လူငယ်တစ်ယောက်၏ မာန်မာနက သဘာဝအတိုင်း ထွက်ပေါ်လာခဲ့၏။

သူ၏ လက်ရှိ စိတ်အခြေအနေအရ သူ့အပေါ် လှောင်ပြောင်ခဲ့သူများကို သနားစရာကောင်းလှသည်ဟု တွေးမိသည်။ ရေတွင်းထဲရှိ ဖားများကဲ့သို့ လောကကြီး၏ ကျယ်ပြောမှုကို မသိနိုင်ဘဲ ရှိနေကြ၏။

ထိုလှောင်ပြောင်ရယ်မောသည့် စကားများသည် သူ၏နားထဲသို့ ဆက်လက်ဝင်ရောက်ခြင်း မရှိတော့ပါ။

သူ့နှင့် ထိုသူများမှာ တူညီသည့် လောကတစ်ခုမှ  မဟုတ်တော့ပေ။

"ငါတပည့်.. မင်းဒီလောက် အချိန်တိုအတွင်းမှာ လှုပ်ရှားမှုအတတ်ကို နားလည်နိုင်လာပြီး နဂါးနိုင်လက်ဝါးသိုင်းနဲ့ ပေါင်းစပ်အသုံးပြုပုံကိုလည်း တွေးတောနိုင်ခဲ့တယ်။ ဒါက အရမ်းကောင်းတယ်.."

ထိုအချိန်၌ သူ၏အနောက်ဘက်မှ ရုတ်တရက် အသံတစ်ခု ပေါ်လာခဲ့၏။ ရွှီယန်က လန့်ဖြန့်သွားပြီး နောက်သို့ အမြန်လှည့်ကြည့်သည်။ ဆရာဖြစ်သူ၏ အေးဆေးစွာ ရပ်နေမှုကို တွေ့လိုက်ရ၏။

"ဆရာ... ဘယ်တုန်းက ရောက်နေတာလဲ.."

"မင်းရဲ့လှုပ်ရှားမှုအတတ်နဲ့ နဂါးနိုင်လက်ဝါးသိုင်းကို  ပေါင်းစပ်ပြီး ကျင့်ကြံနေချိန်တည်းက ရောက်နေတာ.."

ရွှီယန်က အံ့ဩသွားသည်။

'ငါသတိတောင် မထားမိခဲ့ဘူး။ ဆရာက ပုံမှန်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ။ သူ့ရဲ့ စွမ်းအားအနည်းငယ်ကို ထုတ်ပြမှပဲ ငါ့ကိုယ်ငါ ဘယ်လောက်သိမ်ဖျင်းတယ်ဆိုတာကို သိလာနိုင်တယ်..'

'ငါလည်း ဘယ်တော့များမှ ဆရာလိုမျိုး ဖြစ်လာမလဲမသိဘူး။ သာမန် လူတစ်ယောက်လိုမျိုးပေါ့..'

'ဒါက ဆရာပြောခဲ့တဲ့ အတိုင်းပဲ။ ရိုးရှင်းမှုနဲ့ သဘာဝဆီကို ပြန်ခြင်းနဲ့ သဘာဝနောက်ကို လိုက်ပါစီးမျောခြင်းပဲ..'

သူသည် စဉ်းစားလေလေ ဆရာဖြစ်သူအား ပိုမိုအနှိုင်းမဲ့စွာ ခံစားလာ‌လေ ရှိလာခဲ့သည်။

"ငါ့တပည့်.. အခု မင်းရဲ့လက်ရှိခွန်အားနဲ့  လူ၁၀၀၀၀ရှိတဲ့ သေမျိုးစစ်တပ် အတွင်းမှာ  လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်ရုံတင် မကဘူး။ သူတို့ကို သတ်ရင်တောင် အချိန်နည်းနည်းလောက်ပဲ ပိုကြာတော့မှာ.."

လီရွှမ်က လေးနက်စွာ ဆက်လက်ပြောသည်။

"ဒါပေမယ့် မင်းမှတ်ထားရမှာက.. သိုင်းပညာဆိုတာ သတ်ဖြတ်ဖို့အတွက်ချည်း မဟုတ်ဘူး။

သတ်ဖြတ်ဖို့မှာပဲ စိတ်စွဲလမ်းသွားရင် မကောင်းမှုလမ်းစဉ်မှာ နစ်မျောသွားပြီး ပြာအဖြစ် ပျောက်ကွယ်သွားရလိမ့်မယ်.."

သူသည် ငယ်ရွယ်ကာ မာနကြီးချိန်၌ ချီနိုင်ငံတစ်ခုလုံးတွင် စွမ်းအားကြီးမားပြီး ပြိုင်ဖက်ကင်း ဖြစ်လာသည့် တပည့်အပေါ် စိုးရိမ်နေမိသည်။

၎င်း၏ အကျိုးဆက်က အကြောက်တရားကင်းမဲ့ကာ မာန်မာနထောင်လွှားမှုကို ဖြစ်ပွားစေမှာပါ။ ဤသည်က ကိစ္စကောင်းမဟုတ်ပေ။

သို့ရာတွင် လီရွှမ်သည် ရွှီယန်၏ လမ်းမှားသို့ ရောက်ရှိမှုအပေါ် အရမ်းကြီး စိုးရိမ်ခြင်းတော့ မရှိပါ။ ဘာပဲဖြစ်ဖြစ် သူ့တပည့်၏ စိတ်သဘောထားမှာ ကောင်းမွန်ဆဲရှိ၏။

ကိုယ်ပိုင် အကန့်အသတ်ကိုလည်း နားလည်ပါသည်။ ထို့အပြင် သိုင်းပညာအပေါ်  ဆုံးဖြတ်ချက်လည်း ခိုင်မာပြတ်သား၏။

သူကဲ့သို့ ဆရာတစ်ယောက်၏ ညွှန်ကြားမှုနှင့် မည်သို့ပင်ဆိုစေကာမူ အပြင်ဘက်လောကရှိ အားနည်းလှသည့် သိုင်းပညာလောကတွင် ကိုယ့်ကိုယ်ကို နစ်မွန်းသွားမည် မဟုတ်ပါ။

ထို့အပြင် ဒီလောကကြီး၏ စစ်မှန်သည့်သိုင်းပညာမှာ ချီနိုင်ငံကဲ့သို့ အမြဲတမ်း နိမ့်ပါးနေမည် မဟုတ်လောက်ပေ။

မီးလည်ဆံမွှေးဝံပုလွေက ပြီးပြည့်စုံသည့် ဥပမာတစ်ခုဖြစ်၏။

"ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော်စိတ်ထဲမှာ မှတ်သားထားပါမယ်.."

ရွှီယန်က လေးစားစွာ ဖြေကြားသည်။

"အင်း.. ငါတို့တွေက အကောင်းအဆိုး မခွဲခြားဘဲ သတ်ဖြတ်လို့ မရပေမယ့် မင်းအနေနဲ့ ချိ့နဲ့ပုံချည်း ရှိနေလို့လည်း မဖြစ်ဘူး.."

"လိုအပ်တဲ့ အခါကျရင် သတ်ဖြတ်မှုပြုနိုင်ပြီး မီးရဲ့နှလုံးသားထဲမှာလည်း ကောင်းမှုနဲ့ဆိုးမှုကို ပိုင်းပိုင်းခြားခြား သိမြင်ရမယ်.."

"ငါတို့တွေက အားနည်းတဲ့သူကို အနိုင်မကျင့်ဘူး။ နှလုံးသားထဲမှာ ကိုယ်ပိုင် ကျင့်ဝတ်စည်းကမ်းတွေ ရှိနေရမယ်.."

လီရွှမ်က ညင်သာသည့် လေသံတစ်ခုဖြင့် ပြောသည်။ သူ၏တပည့်ဖြစ်သူအား ထင်ရာဆိုင်းကာ အလွယ်တကူ သတ်ဖြတ်တတ်သည့် လူမျိုး ဖြစ်ခွင့်ပြုမည် မဟုတ်ပါ။

ထို့အပြင် နူးညံ့သည့် နှလုံးသားနှင့် သတ်ဖြတ်ရမည့် အချိန်တွင် တုံ့ဆိုင်းနေမည်ကိုလည်း ခွင့်ပြုမည် မဟုတ်ပါ။

သတ်ဖြတ်သင့်သည့်လူကို တုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ရပေမည်။

"တပည့် နားလည်ပါတယ်.."

ရွှီယန်က ဦးညွတ်သည်။

"ကောင်းပြီ။ ကြိုးကြိုးစားစားလေ့ကျင့်ပြီး ချီနဲ့‌သွေးကျင့်ကြံမှုအဆင့်မှာ အမြန်ဆုံး အသေးစားအောင်မြင်မှုအဆင့်ကို ရောက်အောင်လုပ်။ အချိန်ကျလာရင် ငါမင်းကို နောက်တစ်ဆင့်ရဲ့ ကျင့်ကြံမှုနည်းလမ်းတွေကို သင်ပေးမယ်.."

လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။

ရွှီယန်က  ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့၏။

"ဆရာ စိတ်ချပါ။ ကျွန်တော် လဝက်အတွင်းမှာ ချီနဲ့သွေးအဆင့်ရဲ့အသေးစား အောင်မြင်မှုအဆင့်ကို  ချိုးဖျက်နိုင်အောင် လုပ်ပါမယ်.."

"ကောင်းပြီ။ လဝက်ကြာပြီးရင် ငါမင်းကို မူလအဆင့်ရဲ့ကျင့်ကြံမှုကျင့်စဉ်ကို သင်ပေးမယ်.."

တပည့်ဖြစ်သူအား သွေးသစ်လောင်းကာ အားပေးမှုပြုလုပ်ပြီးနောက် လီရွှမ်က အလွန်ကျေနပ်သွားသည်။ လဝက်ကြာပြီးနောက် သူသည် ရွှီယန်အား မူလအဆင့်၏ ကျင့်စဉ်ကို သင်ကြားပေးမည် ဖြစ်သည်။

သူ့ဘာသာ စတင်လေ့လာမှုပြုကာ မူလအဆင့်၏  ကျင့်စဉ်ကို နားလည်သဘောပေါက်လာစေမည်ဖြစ်သည်။

နောက်ထပ် လဝက်အတွင်းတွင် ရွှီယန်တစ်ယောက် ကိုယ့်ကိုယ်ကိုအား ပြင်းထန်သည့် ကျင့်ကြံမှုအတွင်းတွင် နစ်မြုပ်ထား၏။ သူသည် ဘဲငန်းလှုပ်ရှားမှုအတတ်နှင့် နဂါးနိုင်လက်ဝါးသိုင်းအား ကျင့်ကြံခြင်းကိုပင် ရပ်တန့်ထားသည်။

ကြိုးစားမှုက အရာထင်၏။ လဝက်ကြာပြီးနောက် ရွှီယန်၏ ချီနှင့်သွေးတို့ ကောင်းကင်သို့ ပေ၃၀တိုင်အောင် ထိုးတက်သွား၏။ သူက ချီနှင့်သွေးအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်အား ရောက်ရှိခဲ့ပါပြီ။

ထိုနေ့တွင် လီရွှန်က  ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။

ညှို့မှိုင်းနေသည့် ကောင်းကင်ကိုကြည့်ရတာ နှင်းကျတော့မည့်ပုံပါ။

'ထွက်ခွာဖို့ အချိန်ကျပြီ..'

သူက စဉ်းစားသည်။

လီရွှမ်က နောင်တရစွာဖြင့် သက်ပြင်းချကာ ဒီ‌ ချောင်ကျသည့် ရွာငယ်လေးမှ ထွက်ခွာရန်အတွက် အချိန်ရောက်ပြီဟု ဆုံးဖြတ်လိုက်လေ၏။

ဒီလောကသို့ စတင်ကူးပြောင်းလာစဥ် ကတည်းက သူသည် ဒီရွာငယ်မှ ခြေတစ်လှမ်းပင် ထွက်ခွာခဲ့ခြင်း မရှိပါ။ အပြင်ဘက်လောကအား လုံးဝ သိရှိနားလည်ခြင်း မရှိပေ။

သူသိသည်မှာ သူသည် ချီနိုင်ငံ၏ သုံဟယ်ကောင်တီပိုင်နက်အတွင်းတွင် ရှိနေခြင်း ဖြစ်၏။

ထိုအချိန်၌ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သင်၏တပည့်သည် ချီနှင့်သွေး အဆင့်၏ အသေးစား ကျွမ်းကျင်မှုအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်.."

"သင်သည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိကာ သင်၏ခွန်အားသည် အဆင့်တူများထက် အဆ၁၀၀ ပိုမိုမြင့်မားလာသည်.."

'ချီနှင့်သွေးအဆင့် ပြီးမြောက်သွားပြီ..'

လီရွှမ်တစ်ယောက် သူ၏ချီနှင့်သွေးတို့ ချက်ချင်းမြင့်တက်လာသည်ဟု သာခံစားရ၏။ အတွေးတစ်ချက်နှင့်အတူ ကောင်းကင်အမြင့် မိုင်၃၀၀သို့  ရောက်ရှိသွားသည်။

'ငါ့ရဲ့ငတုံးတပည့်.. တကယ့်ကို လုပ်နိုင်လိုက်တာပဲ။ လဝက်အတွင်းမှာ ချီနဲ့သွေးအဆင့်ရဲ့ အသေးစားအောင်မြင်မှုအဆင့်ကို ရောက်ရှိခဲ့တယ်။ အခု သူ့ကို မူလအဆင့်ရဲ့ ကျင့်စဉ်ကို  သင်ပေးရမယ့်အချိန်ပဲ..'

'သူသာ မူလအဆင့်ကို မချိုးဖျက်ခင်မှာ အဲ့ဒါရဲ့ နိယာမသဘောတရားတွေကို နားလည်သဘောပေါက်သွားရင် ငါတစ်ခါတည်း မူလအဆင့်ကို ရောက်ရှိသွားမလားပဲ..'

လီရွှမ်က စဉ်းစားသည်။

ရွှေလက်ချောင်း၏ တန်ပြန်အကျိုးပြုမှုမှာ တပည့်ဖြစ်သူ၏ ကျင့်ကြံခြင်းရလဒ်အပေါ်တွင် မူတည်နေပါသည်။

အကယ်၍ တပည့်ဖြစ်သူအနေနှင့် သက်ဆိုင်ရာအဆင့်တစ်ခုကို ရောက်ရှိခြင်းမရှိဘဲ ထိုအဆင့်၏ သဘောတရားများကို နားလည်မှု ရလာလျှင်လည်း  အကျိုးပြုမှုတစ်ခုကို ရရှိမည်လား။

ယခုအချိန်၌ ရွှီယန်ကို မူလအဆင့်၏ ကျင့်စဉ်အား  သင်ကြားပေးကာ ထိုကိစ္စကို အတည်ပြုနိုင်ပါသည်။

"ဆရာ.. ကျွန်တော် အဆင့်ချိုးဖျက်ခဲ့ပြီ.."

ရွှီယန်က ရိုကျိုးစွာဖြင့် ပြန်လာပြီး ဆရာဖြစ်သူကို ဦးညွှတ်သည်။

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်ကာ ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲရှိ၏။ မျက်တောင်များကို အသာမကာ ပြောသည်။

"ငါမင်းကို မူလအဆင့်ရဲ့ ကျင့်စဉ်ကို သင်ပေးမယ်။ ဒါပေမယ့် အရမ်းကြီး စိတ်မလောနဲ့။ ကျင့်ကြံခြင်းဆိုတာ တစ်ကြိမ်မှာ ခြေတစ်လှမ်းစီ လှမ်းဖို့ လိုအပ်တယ်.."

"မင်းကိုမင်း ကောင်းမွန်တဲ့ အခြေခံတစ်ခုကို တည်ဆောက်ရမယ်။ အခြေခံသာ လုံလုံလောက်လောက် မခိုင်မာဘူးဆိုရင် အဆင့်တက်ဖို့ပဲ အမြဲတမ်း ကြိုးစားလာတာနဲ့အမျှ မင်းရဲ့အနာဂတ် သိုင်းပညာလမ်းကြောင်းက တဖြည်းဖြည်း ပျက်စီးသွားမှာ.."

တပည့်ဖြစ်သူက မူလအဆင့်၏ ကျင့်စဉ်ကို ရရှိပြီးနောက် ချီနှင့်သွေးအဆင့်၏ ကျင့်ကြံမှုအား လစ်လျူရှု့မည်ကို စိုးရိမ်မိ၏။

ရည်ရွယ်ချက်တို့ အလွန့်အကျွံထားရှိကာ ချီနှင့်သွေးအဆင့်အား ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်ခြင်း မရှိဘဲ မူလအဆင့်ကို ချိုးဖျက်ပါက ကောင်းမည် မဟုတ်ပေ။

ထို့ကြောင့် လီရွှမ်က လေးနက်စွာဖြင့် ညွှန်ကြား၏။

"ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော် သေချာပေါက် ချီနဲ့သွေးအဆင့်ရဲ့ အခြေခံကို သေသေချာချာ  တည်ဆောက်ပါမယ်.."

ရွှီယန်က လေးစားစွာ ခေါင်းငြိမ့်၏။

"အင်း.. မင်းနားလည်မယ်လို့ ငါယုံကြည်တယ်.."

လီရွှမ်က  ခေါင်းငြိမ့်သည်။

မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး  ဦးခေါင်းကိုမော့လျှက်နှင့် အဝေးသို့ လှမ်းမျှော်ကြည့်၏။

အကြောင်းပြချက်အချို့ကြောင့် သူ၏ပုံစံက အလွန် ထည်ဝါလှသည်ဟု ခံစားလိုက်ရသည်။ ကြည့်ရတာ စည်းကမ်းတင်းကျပ်သည့် ဆရာသို့မဟုတ်  စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ အသွင်အပြင်နှင့် တူညီနေ၏။

"ချီနဲ့သွေးအဆင့်ရဲ့ အထက်မှာ မူလအဆင့်ရှိတယ်။ မူလအဆင့်ဆိုတာ ဘာလဲ။ အဲ့ဒါက သေမျိုးလောကကနေ ကင်းလွတ်ပြီး အစစ်အမှန်ကို ပြန်ခြင်းပဲ.."

"သေမျိုးလောကရဲ့ မသန့်စင်မှုတွေအားလုံးကို ရှင်းထုတ်ပြီးတဲ့အချိန်မှာ မူလအဆင့်ကို ရောက်သွားလိမ့်မယ်.."

"မူလအဆင့်ကို ရောက်ဖို့အတွက်ဆိုရင်... ခံစားချက်အရ လူတစ်ယောက်က သေမျိုးလောကကနေ ထွက်ခွာပြီး ဖြစ်ဖို့လိုအပ်တယ်..."

လီရွှမ်က သူကြိုတင်ပြင်ဆင်ထားသည့် မူလအဆင့်၏ မိတ်ဆက်ခြင်း အကြောင်းကို စတင်ရှင်းပြသည်။

ရွှီယန်က သေသေချာချာ နားထောင်၏။ သူအလွန် စိတ်လှုပ်ရှားနေပါသည်။ မူလအဆင့်သို့ ရောက်ရှိပါက သေမျိုးလောကမှ ကင်းလွတ်ပြီဟု  ဆိုနိုင်ကာ သာမန်လူတစ်ယောက် မဟုတ်တော့ပေ။

ဤသည်မှာ သိုင်းပညာ၏ ဒုတိယမြောက် အဆင့်သာ ရှိပါသေးသည်။ နောင်တွင် မည်ကဲ့သို့သော  စွမ်းအားကြီးသည့် အဆင့်များ ရှိလာမည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှ၏။

"မူလအဆင့်ကို ချိုးဖျက်ဖို့အတွက် မင်းရဲ့ချီနဲ့သွေးက ပြီးပြည့်စုံနေရမယ်။ မင်းရဲ့ခန္ဓာကိုယ်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့တံတား ဖြစ်လာပြီး  ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ် စွမ်းအင်ကို ခန္ဓာကိုယ်ထဲကို လမ်းညွှန်ပေးရမယ်.."

"ဒန်တျန် ချီပင်လယ်ကို ဖွင့်လှစ်ပြီး ချီနဲ့သွေးကို မူလအစစ်အမှန်ချီအဖြစ် ပြောင်းလဲရမယ်.."

"ချီနဲ့သွေး အားလုံးကို မူလအစစ်အမှန်ချီအဖြစ်  ပြောင်းလဲပြီးရင် မူလအဆင့်ကို ဝင်ရောက်နိုင်ပြီ.."

"မူလအဆင့်ရဲ့ ကျင့်စဉ်မှာ သဘာဝရဲ့စိတ်ဝိဉာဉ်စွမ်းအင်ကို လမ်းညွှန်ပြီး အဲ့ဒါကို မူလ အစစ်အမှန်ချီအဖြစ် စုစည်းရမယ်..."

လီရွှမ်က ရွှီယန်ကို သူဖန်တီးထားသည့် မူလအဆင့်၏ ကျင့်စဉ်အားရှင်းပြ၏။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတား၊ ဒန်တျန်ချီပင်လယ်တို့မှာ မည်သည်တို့ ဖြစ်ကြောင်းနှင့်  အခြားအရာများကို ရှင်းပြသည်။

All Chapters