နောက်ဆုံးတွင် စတင်ခြင်းရွာမှ ထွက်ခွာခြင်း
Vol. 3 Ch. 40
လီရွှမ်က သူဖန်တီးထားသည့် မူလအဆင့်၏ ကျင့်ကြံခြင်းနည်းလမ်းအားလုံးတို့ကို တစ်ခါတည်း ရှင်းပြသည်။
"ငါတပည့်.. မင်းမှတ်မိလား.."
မူလအဆင့် ကျင့်ကြံခြင်းနည်းလမ်းမှာ သူ့အနေနှင့် ပထမဆုံးအကြိမ် ဆင်ခြင်သုံးသပ်မှုများစွာတို့ ပြုလုပ်ခဲ့သည့် ဖန်တီးမှု ဖြစ်၏။
သီအိုရီ၊ ဖွဲ့စည်းပုံနှင့်... အစရှိသည်တို့သည် အရေပြားသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းကဲ့သို့ အခြေခံအဆင့်များထက် များစွာ ပိုမို ပြည့်စုံပါသည်။
၎င်းတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားနှင့် ဒန်တျန်အတွင်းရှိ ချီပင်လယ်တို့၏ တည်နေရာတို့ကိုပင် ထောက်ပြထားသည်။
ထိုကဲ့သို့သော ပိုမိုအသေးစိတ်ကျသည့် ကျင့်စဉ်တစ်ခုက ရွှီယန်အတွက် အောင်မြင်စွာ နားလည်ပြီး လေ့ကျင့်နိုင်ရန် ပိုမိုလွယ်ကူမှာပါ။
"ဆရာ.. တပည့်မှတ်မိပါပြီ.."
ရွှီယန်က လေးစားစွာ ခေါင်းငြိမ့်သည်။
"မူလအဆင့်ရဲ့ လမ်းစဉ်ကို ကျင့်ကြံခြင်းကို သေသေချာချာ တရားထိုင်ပြီးတော့ စဉ်းစား.. ချီနဲ့သွေးအဆင့်ရဲ့ ကျင့်ကြံမှုကိုလည်း လျစ်လျူရှုထားတာမျိုး မလုပ်နဲ့။ အရမ်းကြီး လောဘမကြီးနဲ့ပေါ့.."
"မင်းအနေနဲ့ အခြေခိုင်ဖို့ လိုအပ်တယ်.."
လီရွှမ်က လေးနက်စွာဖြင့် နောက်ထပ်တစ်ကြိမ် သတိပေးလိုက်ပြန်၏။
"ဆရာ.. တပည့် နားလည်ပါတယ်။ ကျွန်တော်ရဲ့ ချီနဲ့သွေး ပြီးပြည့်စုံခြင်း အဆင့်ကို မရောက်မချင်း သေချာပေါက် အဆင့်ချိုးဖျက်ဖို့အတွက်ပဲ စိတ်လောနေမှာ မဟုတ်ပါဘူး.."
ရွှီယန်က လေးနက်စွာ ခေါင်းငြိမ့်သည်။
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ထို့နောက် ဆက်လက်ပြော၏။
"ဒီစကား၄ခွန်းက မူလအဆင့်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြထားတယ်။ သေသေချာချာ မှတ်သားထား.."
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်၏ပုံက တက်ကြွနေပြီး စိတ်လှုပ်ရှားသည့် အသွင်တစ်ခု ပေါ်လာခဲ့သည်။
"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ တံတားက သေမျိုးလောကကို ရှင်းထုတ်ပေးတယ်.."
"စိတ်ဝိဉာဉ်စွမ်းအင်ကို ရှူသွင်းရှူထုတ်လုပ်တာက မူလသဘာဝဆီကို ပြန်ရောက်စေတယ်။ အစစ်အမှန်စွမ်းအင်က ကျယ်ပြောပြီး အဆုံးမသတ်ဘူး။ စွမ်းအင်ကို ထိန်းချုပ်ပြီး ကောင်းကင်အထိ မြင့်တက်စေပါ.."
လီရွှမ်က စကားလုံးတစ်ခုချင်းစီတိုင်းကို ရှင်းလင်းစွာ ပြောပြသည်။
"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ တံတားက သေမျိုးဖုန်မှုန့်တွေကို ရှင်းထုတ်ပေးဖို့ ဆက်သွယ်လာခဲ့တယ်... စွမ်းအင်ကို ထိန်းချုပ်ပြီး ကောင်းကင်ကို မြင့်တက်သွားစေတယ်.."
ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်ကာ အကြိမ်ကြိမ် စဉ်းစားသည်။ သူ၏စိတ်ထဲတွင် ဉာဏ်လင်းပွင့်မှုအချို့ ရလာသည်ဟု ခံစားရ၏။
သူ့ကိုယ်သူ မူလပြန်ခြင်းနှင့် မဝေးကွာသည့်ပုံ ခံစားရသည်။
"မင်းရဲ့အားလပ်ချိန်တွေမှာ အဲ့ဒါကို လေ့လာလို့ရတယ်။ ချီနဲ့သွေးအဆင့်က ပြီးပြည့်စုံခြင်းကို ရောက်သွားပြီဆိုရင် မူလအဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်.."
လီရွှမ်က သူ၏တပည့်ကို ကြည့်သည်။ မူလအဆင့်၏ ကျင့်စဉ်အား တပည့်ဖြစ်သူကို လက်ဆင့်ကမ်းပေးပြီးဖြစ်၏။ သို့ပေမယ့် နားလည်နိုင်မည်လားဟူသည်မှာတော့ သိနိုင်ခြင်း မရှိပေ။
သို့ရာတွင် ရွှီယန်၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့် သန်မာအားကောင်းသည့် စိတ်ကူးယဉ်စွမ်းရည်တို့ကြောင့် တစ်ကြောင်း သူသင်ပေးသည့် သိုင်းပညာများအပေါ် ခိုင်မာသည့် ယုံကြည်မှုတို့ကြောင့် တစ်ကြောင်း သေချာပေါက် နားလည်သဘောပေါက်နိုင်မှာ ဖြစ်မည်ဟု ယုံကြည်ပါသည်။
'ဒီလောက်ဆိုရင် နောက်ထပ် တပည့်တစ်ယောက်လောက်ကို ရှာဖို့အချိန်ပဲ..'
'အဲ့ဒီ့ တပည့်ကလည်း နားလည်သဘောပေါက်မှု အရာမှာ ကောင်းမွန်ပြီး ကြီးမားတဲ့ အတွေးအခေါ် စိတ်ကူးစိတ်သမ်းတွေ ရှိရမယ်။ အဲ့ဒါမှ ငါကျပန်းတီထွင်တဲ့ ကျင့်စဉ်တွေကို နားလည်သဘောပေါက်နိုင်မှာ..'
လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ ချီနဲ့သွေးအဆင့်အတွက် သိုင်းပညာကျင့်ကြံမှု ပြီးမြောက်ခဲ့ပါပြီ။
ဤသည်ကို တပည့်အသစ်အား လက်ဆင့်ကမ်းပေးပါက သူ့အနေနှင့် တန်ပြန်အကျိုးပြုမှုတို့ ရနိုင်ဦးမည်လား။ တပည့်အသစ်များမှာလည်း ကျင့်ကြံခြင်းတွင် အောင်မြင်နိုင်ကြမည်လား။
သို့ပေမယ့် လီရွှမ်အနေနှင့် ပိုမိုကောင်းမွန်သည့် တန်ပြန်အကျိုးပြုမှုများကို ရရှိရန်အတွက် တပည့်အသစ်များအား အသစ်တီထွင်ထားသည့် နည်းပညာများကို လေ့ကျင့်ပေးရန် လိုအပ်သည်ဟု ခံစားရသည်။
သူ၏ ထိုမသိစိတ်ကို မှားယွင်းမည်မဟုတ်ဟု ယုံကြည်မိ၏။ ထို့ကြောင့် နောက်ထပ်တပည့်တစ်ဦးကို လက်ခံပါက နောက်ထပ် ကျင့်စဥ်တစ်ခုကို တီထွင်ရန် လိုအပ်ပါသည်။
ခွန်အားအဆင့်မှာ တူညီစွာသာ ရှိနေလိမ့်မည်။ သို့ပေမယ့် ကျင့်ကြံမှုနည်းလမ်းကတော့ ခြားနားနေရပေမည်။
'အတွေ့အကြုံ ရပြီးတဲ့နောက်မှာ တီထွင်ဖို့က တော်တော်လေး လွယ်ကူသွားမှာ။ ဒါပေမယ့် တပည့်ကောင်းတစ်ယောက်ဆိုတာ ရှာဖို့ခက်ခဲလှတယ်..'
'သာမန်လူတွေက သေချာပေါက် သင့်တော်မှာ မဟုတ်ဘူး။ သူတို့မှာ နားလည်သဘောပေါက်နိုင်စွမ်း နည်းပါးပြီး အားကောင်းတဲ့ အတွေးအခေါ် စိတ်ကူးတွေ မရှိဘူး..'
'ကျင့်ကြံမှုမှာ သေချာပေါက် အောင်မြင်နိုင်မှာ မဟုတ်ဘူး..'
သူက မူလအဆင့်၏ ကျင့်စဉ်တွင် နစ်မျောနေသည့် ရွှီယန်ကိုကြည့်သည်။ ဒီငတုံးတပည့်တွင် ထူးချွန်ပြောင်မြောက်သည့် လေ့လာနိုင်စွမ်းရှိကာ အားကောင်းသည့် စိတ်ကူးယဉ်မှုနှင့် သူသင်ပေးသည့် သိုင်းပညာအပေါ် ခိုင်မာသည့် ယုံကြည်ချက်တို့ ရှိ၍သာ မဟုတ်ပါက ကျင့်ကြံခြင်းတွင် အောင်မြင်နိုင်မှာ မဟုတ်ကြောင်းကို သူကောင်းကောင်းသိပါသည်။
ထိုအခါမှသာ ရွှေလက်ချောင်းဟာ ပေါ်လာခဲ့၏။ ထို့ကြောင့် တပည့်လက်ခံရန်အတွက် ပါရမီ လိုအပ်ချက်မှာ နိမ့်ပါးလို့ လုံးဝမဖြစ်ပေ။
'ချီနိုင်ငံက အကြီးကြီးပါ။ ဒုတိယမြောက် သင့်တော်တဲ့တပည့်ကို ငါရှာတွေ့လောက်မှာပါ..'
လီရွှမ်က မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
ချီနိုင်ငံတွင် ရှာဖွေနိုင်ခြင်းမရှိပါက သူသည် ဝူနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
'ငါသင့်တော်တဲ့ လူတစ်ယောက်နှစ်ယောက်ကိုလည်း ရှာထားရမယ်..'
'သူတို့ကို တပည့်အဖြစ် လက်မခံရင်တောင် အစေခံတွေအဖြစ် ခေါ်ထားလို့ ရတယ်မလား..'
'ချီနဲ့သွေးအဆင့် ကျင့်ကြံခြင်းနည်းလမ်းကို လက်ဆင့်ကမ်းပြီး အလုပ်ဖြစ်မလားလို့ ကြည့်တာပေါ့..'
'တကယ်လို့ အစေခံဆိုပြီး ခေါ်တာက မသင့်တော်ဘူးဆိုရင် အမည်ခံတပည့်အဖြစ် ခေါ်ရင်ရော..'
'ငါက စွမ်းအားကြီး ဆရာသခင်တစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး တပည့်ကို အလွယ်တကူ လက်ခံရမှာလဲ..'
'အဲ့ဒါကြောင့် အစေခံလို့ပဲ ထားတာပေါ့..'
လီရွှမ်၏ စိတ်ထဲတွင် စိတ်ကူးအချို့ ရှိနေ၏။
သူတီထွင်လိုက်သည့် သိုင်းပညာများကို တခြားလူများအား လက်ဆင့်ကမ်းပေးပြီးပါက ထိုလူများအနေနှင့် အောင်မြင်စွာ ကျင့်ကြံနိုင်မည်လား ဟူသည်ကို ရှင်းလင်းခြင်း မရှိပေ။
သို့ပေမယ့် လူတစ်ယောက်သည် အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုပါက သက်ဆိုင်ရာ ပါရမီအတွက် လိုအပ်ချက်တို့ ရှိနေမှာပါ။
ထို့အပြင် နောက်ပိုင်းမျိုးဆက် တပည့်များမှ ပြန်လည်ရရှိလာမည့် အကျိုးပြုမှုများက သေချာပေါက် အရမ်းကြီး ကောင်းမွန်နေမည် မဟုတ်ပါ။
ဤသည်မှာ လီရွှမ်၏ နှလုံးသားထဲရှိ မသိစိတ်ဖြစ်၏။ သူ၏ ထိုမသိစိတ်မှာ ရွှေလက်ချောင်းနှင့် သက်ဆိုင်နေမည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် ပိုမိုကြီးမားသည့် အကျိုးပြုမှုတို့ကို ရရှိလိုပါက စစ်မှန်သည့် တပည့်များကို လက်ခံပြီး ကျင့်စဉ်အသစ်အား ဖန်တီးရန် လိုအပ်နေ၏။
"အခုအချိန်က ဆရာ့အတွက် အပြင်ဘက်လောကကို ခရီးတစ်ထောက်လောက် လှည့်လည်ဖို့ အချိန်ကျပြီ.." လီရွှမ်က တည်ငြိမ်စွာ ပြောသည်။
"ဆရာ ဆက်ပြီးတော့ တံခါးပိတ် မနေတော့ဘူးလား.."
ရွှီယန်က အံ့သြသွားသည်။
"အခု ငါ့မှာ တပည့်တစ်ယောက် လက်ခံပြီးပြီဆိုတော့ လောကကြီးကို ပြန်လည်ဝင်ရောက်ဖို့ အချိန်ကျလာခဲ့ပြီ။ နောက်ပြီး ငါတံခါးပိတ်နေမယ်ဆိုလည်း နေလို့မရတဲ့နေရာ မရှိပါဘူး.."
"မြို့ထဲမှာလည်း တိတ်တိတ်ဆိတ်ဆိတ် နေလို့ရတယ်.." လီရွှမ်က လျှို့ဝှက်နက်နဲသည့် မျက်နှာတစ်ခုနှင့် ပြောသည်။
'မြို့ထဲမှာ တံခါးပိတ်နေတာလား..'
ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။ ချက်ချင်းပင် စတင်တက်ကြွလာခဲ့၏။
သူ၏ဆရာမှာ အမှန်တကယ်ကို စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။ တံခါးပိတ်နေထိုင်လို့ မရသည့်နေရာ ဘယ်နေရာတွင် ရှိသနည်း။
စစ်မှန်သည့် ဆရာသခင်တစ်ယောက်အတွက် နေရာတိုင်းက အတူတူပင် မဟုတ်ပါလား။ လူသူစည်ကားလှသည့် မြို့ထဲ၌ပင်လျှင် မည်သူမှမသိအောင် နေထိုင်နိုင်ပါသည်။
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန်က စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြီးနောက် သူ၏ပစ္စည်းများကို စတင်ထုပ်ပိုးသည်။
အထုပ်အပိုး အများကြီးမရှိပါ။ အဝတ်အစားအနည်းငယ်မှလွဲ၍ တပည့်အဖြစ် ပူဇော်ခြင်းလက်ဆောင်များသာ ရှိ၏။
လီရွှမ်က လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခုဖြင့် ကစားနေ၏။ သူသည် ပိုမိုပိုမိုကာ သဘောကျလာခဲ့သည်။
...
မြင်းတစ်ကောင်သည် ဟောင်းနွမ်းနေသည့် သစ်သားလှည်းတစ်ခုကိုဆွဲကာ တောတောင်များကို ဖြတ်သန်းပြီး ထွက်ခွာသွား၏။
လီရွှမ်က လှည်းအတွင်းတွင် ထိုင်ကာ သူ၏ ကျောက်စိမ်းအဆောင်ကို ကစားနေပါသည်။ ဖြေညှင်းစွာ ဝေးကွာ ကျန်ရစ်ခဲ့သည့် ထူထဲသည့် တောနှင့်တောင်တို့ကို ကြည့်ကာ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။
အချိန်ကူးပြောင်းလာပြီးနောက် နောက်ဆုံးတွင် တောင်များအတွင်း၌ ထွက်ခွာနိုင်ခဲ့လေပြီ။ ရွာငယ်မှ ကူးပြောင်းနိုင်ပြီ ဖြစ်၏။
ထိုအချိန်၌ နေ့တာက တဖြည်းဖြည်းနှင့် ဆည်းဆာချိန်သို့ ရောက်ရှိလာခဲ့ပါပြီ။ ရွှီယန်က မြင်းကိုဦးဆောင်ကာ ခေါ်ဆောင်သွားပြီး သူ၏ခြေလှမ်းများမှာ ပေါ့ပါးကာ မည်သည့်အသံမှ ထွက်ပေါ်ခြင်းမရှိပေ။
လှုပ်ရှားမှုအတတ်တွင် သိသာသည့် တိုးတက်မှု ရလာခဲ့၏။
"ဆရာ.. ရှေ့ကမြို့ကို ယွင်ရှန်းကောင်တီလို့ ခေါ်တယ်။ ကျွန်တော်တို့တွေ အဲ့မှာ အနားယူကြမလား။ ဒါမှမဟုတ် သုံဟယ် စီရင်စုမြို့ကို တစ်ခါတည်း သွားကြမလား.."
ရွှီယန်က မေးသည်။
"ယွင်ရှန်းကောင်တီမှာ ခဏလောက် နားတာပေါ့.."
လီရွှမ်က စဉ်းစားပြီးနောက်ဖြေကြား၏။
သူသည် ယွင်ရှန်းကောင်တီတွင် မည်သည့် သင့်တော်မည့် တပည့်အလောင်းလျာတို့ ရှိနိုင်မည်နည်းဟု ခဏတာ စူးစမ်းလို၏။
ယွင်ရှန်းကောင်တီမှာ လူဦးရေ သောင်းဂဏန်းသာရှိသည့် မြို့ငယ်လေးတစ်ခု ဖြစ်ပါသည်။
ညနေခင်းတွင် မြို့သားများက မြို့အတွင်းသို့ ဝင်ရောက်လာသည့် လှည်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရ၏။ လူငယ်နှစ်ယောက်ဖြစ်ကာ တစ်ယောက်က မြင်းကိုဦးဆောင်နေပြီး အခြားတစ်ယောက်က လှည်းပေါ်တွင် ထိုင်နေ၏။
လှည်းအတွင်းရှိ လူငယ်မှာ သာမန်ကျစွာ ဝတ်စားထားပါသည်။ သို့ပေမယ့် သူ၏လက်ထဲတွင် အပြစ်အနာအစာ ကင်းမဲ့သည့် ကျောက်စိမ်းအဆောင်တစ်ခုကို ကစားနေ၏။ တစ်ချက်ကြည့်သည်နှင့် အလွန်တန်ဖိုးကြီးမှာကို သိနိုင်ပါသည်။
လမ်းဘေးတွင် ထိုင်နေသည့် သူတောင်းစားတစ်ယောက်က လှည်းပေါ်ရှိလူကို အချိန်အတော်ကြာအောင် ကြည့်နေ၏။
သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် လင်းလက်သွားပြီး အနီးအနားရှိ ဈေးဆိုင်မှ လူလတ်ပိုင်း လူကြီးတစ်ဦးကို အချက်ပြလိုက်သည်။
လမ်းဘေးစျေးဆိုင်ရှိ လူကြီးက တိတ်ဆိတ်စွာ ခေါင်းငြိမ့်ပြီးနောက် သူ၏ကုန်ပစ္စည်းများကို ထုပ်ပိုးကာ လမ်းကြားအတွင်းတွင် ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်း တစ်ခုလုံးမှာ လီရွှမ်၏ မျက်လုံးများအောက်မှ လွတ်မြောက်ခြင်းမရှိပါ။ သို့ပေမယ့် သူက မလှုပ်မရှားစွာဖြင့်သာ ရှိနေ၏။
ချမ်းသာမှုသည် ကြွားဝါသင့်သည့်အရာ မဟုတ်ပေ။ သို့ပေမယ့် ထိုစကားမှာ အားနည်းသည့် လူများအတွက်သာ ဖြစ်၏။
ချီနိုင်ငံ၏ သိုင်းပညာ ခွန်အားအဆင့်ဟာ အလွန်နိမ့်ကျပြီး သူ့ကို ခြိမ်းခြောက်နိုင်မည့်သူ မည်သူမှမရှိပါ။
စွမ်းအားကြီးမားသည့် သိုင်းသမားများ ဆိုလျှင်တောင် သူ၏လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို လုယူနိုင်မည် မဟုတ်ပေ။
"ဆရာ.. ဒီမြို့မှာ ကျွန်တော်တို့ မိသားစုရဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲ့ဒီ့မှာ ခြံဝန်းတစ်ခုလည်း ဝယ်ထားတယ်။ သွားကြည့်ကြမလား.."
ရွှီယန်က အကြံပေးသည်။
"ငါတပည့်.. မင်းကြိုက်သလိုသာ စီစဉ်လိုက်.."
လီရွှမ်က မထူးမခြားနားစွာ ပြော၏။
ဒီလောကရေးရာ ကိစ္စများကို သူ၏ တပည့်ဖြစ်သူအား စီမံရန်သာ လက်လွှဲထားသင့်ပေသည်။
ကောင်တီမြို့ငယ်၏ အလယ်ပိုင်းတွင်...
ခြံဝန်းငယ်တစ်ခု၏ ရှေ့၌ ရွှီယန်က ဂိတ်တံခါးကို ခေါက်သည်။ မကြာခင် အစေခံတစ်ယောက် ထွက်လာပြီး တံခါးကို ဖွင့်၏။
"သခင်လေးပဲ...ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ.."
ရွှီယန်ကို တွေ့ရပြီးနောက် အစေခံက အံ့ဩသွား၏။
ထို့နောက် ချက်ချင်းပင် အပြုံးတစ်ခုဖြင့် ပြောသည်။
"အကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်အောင် သေသေချာချာလုပ်ထား။ ပြီးရင် မင်းနေဖို့အတွက် အခြားနေရာမှာ သွားရှာလိုက်.."
ရွှီယန်က ချက်ချင်းပင် အမိန့်ပေး၏။
"ဟုတ်ကဲ့.. ဟုတ်ကဲ့ပါ သခင်လေး.. ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ.."
အစေခံက ရိုကျိုးသည့်အသွင်ဖြင့် ရွှီယန်၏ လက်ထဲရှိ ဇတ်ကြိုးကို ယူလိုက်တော့မှာပါ။
သို့ပေမယ့် ရွှီယန်က သူ့ကိုလျစ်လျူရှုကာ မြင်းကို သူကိုယ်တိုင် ခြံဝန်းအတွင်းသို့ ဦးဆောင်သွား၏။
"ဆရာ.. ဒီမြို့လေးက နေရာသေးလေးတစ်ခုပဲ ဖြစ်တယ်။ ပြီးတော့ နေထိုင်မှုအဆင့်အတန်းက ရိုးရှင်းကြတယ်..."
"ကိစ္စမရှိဘူး.."
အစေခံက လှည်းထဲတွင် ထိုင်နေသည့် လီရွှမ်ကိုကြည့်ကာ သိသာစွာပင် ကြောင်တောင်သွား၏။
"ဆရာလား.."
အချမ်းသာဆုံး သခင်ကြီး၏ ငတုံးသားသည် နောက်ထပ် အလိမ်ခံရပြန်ပြီလား..