← Chapters

မင်းတို့တွေက တကယ့်ကို ကျွမ်းကျင်မှု မရှိဘူး

Vol. 3 Ch. 42

မင်းတို့တွေက တကယ့်ကို ကျွမ်းကျင်မှု မရှိဘူး

Vol. 3 Ch. 42

ချီနိုင်ငံ၏ သိုင်းပညာစွမ်းအားမှာ လီရွှမ် စိတ်ကူးထားသည်ထက်ပင် ပိုမိုစွာ အားနည်းနေပါသည်။ သူသည် လက်ရှိ သူ၏စွမ်းအားနှင့် ချီနိုင်ငံတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိမည်ဟု ခံစားရ၏။ ချီနိုင်ငံ၏ ရုံးတော်ကို လုံးဝဂရုမစိုက်ဘဲ နေလို့ရပါသည်။

"ဒီလူတွေမှာ ဘာလှည့်ကွက်တွေ ရှိမလဲ ဆိုတာကို ကြည့်တာပေါ့.."

သူက ရေရွတ်ရင်းနှင့် ကျောက်စိမ်းအဆောင်ကို ကစားကာ ဂိတ်တံခါးဆီသို့ အေးအေးလူလူ လျှောက်ထွက်သွားပြီး တံခါးကို ဖွင့်၏။

ခြံဝန်း၏ အပြင်ဘက်တွင် ၁၀ယောက်ကျော်သည့် လူအုပ်စုတစ်စု ရှိပါသည်။ သူတို့အားလုံး ဖျင်ကြမ်းဝတ်စုံများကို ဝတ်ဆင်ထားကြ၏။

မျက်နှာများက လေးနက်စွာ ရှိနေကြသည်။ ဦးဆောင်လာသူမှာ ဖျင်ကြမ်းဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ဖြစ်ကာ ခုနက စကားပြောခဲ့သည့် သိုင်းလောက၏ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်သည်။

"မင်္ဂလာပါ စေတနာရှင်.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုက လက်နှစ်ဖက်ကို ရင်ဘတ်၌စုကာ ဦးညွတ်ပြီး  လေးစားမှုပေးသည်။

"ခင်ဗျားတို့တွေ ဘာလုပ်နေကြတာလဲ.."

လီရွှမ်က လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ပွတ်ရင်းက နားမလည်နိုင်သည့် ဟန်ဖြင့် မေးသည်။

"စေတနာရှင်... ကောင်းကင်မိခင်က ဂရုဏာတရား ကြီးမားပြီး သာမန်လူတွေကို အကူအညီပေးတယ်.."

"မင်းကိုကြည့်ရတာ ချောမောပြီးတော့ ကြယ်ဝချမ်းသာတယ်။ သာမန်လူတွေကို ကူညီဖို့အတွက်  ပိုက်ဆံလှူဒါန်းချင်လား မသိဘူး.."

"ကောင်းကင်မိခင်က စေတနာကောင်းတဲ့ လူတွေကို  ဂရုဏာထားပြီး ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုရအောင်  ကောင်ချီးပေးပါတယ်.."

လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။ သူက ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုကို ခဏတာ တိတ်ဆိတ်စွာ ကြည့်သည်။

ထို့နောက် ပြော၏။

"မင်းတို့တွေ.. လူသားတွေကို ကူညီမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကိုပိုက်ဆံလာတောင်းတာက ပြဿနာအများကြီး မရှိသေးဘူး.."

"ဒါပေမယ့် သရုပ်ဆောင်တဲ့အခါ နည်းနည်းပါးပါး ပိုပြီးတော့ လေးနက်လို့ရမလား.."

သူကပြောရင်းနှင့် လက်ကိုမြှောက်ကာ ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအို၏ လက်ချောင်းကို ညွှန်ပြ၏။

"မင်းကိုယ်မင်းလည်း ကြည့်လိုက်ဦး။ ဟောင်းနွမ်းတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားပြီး... ကြည့်ရတာ လူသားတွေအတွက် အလှူလိုက်ခံပြီး ဆင်းရဲသူတွေကို ကူညီမဲ့ပုံပေါ်ပေမယ့်... ဒီလို ပိုက်ဆံအလှူလိုက်ခံတဲ့ အချိန်မှာ မင်းရဲ့လက်ချောင်းက လက်စွပ်ကြီးကို ချွတ်ထားလို့ ရမလား။ အဲ့ဒါကို ခဏလောက် ဖွတ်ထားမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ်.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးကြီး၏ မျက်နှာက မှင်သက်သွား၏။ သူက လက်များကို ငုံ့ကြည့်ပြီးနောက် သူ၏ လက်မနှင့် လက်ညှိုးတို့ နှစ်ခုလုံးတွင် ကျောက်စိမ်းဖြင့် စီခြယ်ထားသည့် ရွှေလက်စွပ်တို့အား ဝတ်ဆင်ထားကြောင်းကို တွေ့လိုက်ရသည်။

လီရွှမ်က မျက်လုံးများကို ပင့်ကာ ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးကြီး၏ ဘေးရှိ လူလတ်ပိုင်းလူကြီးကို ကြည့်ပြီး သက်ပြင်းချ၏။

"ပြီးတော့ ခင်ဗျားရောပဲ။ အဖိုးတန်တဲ့ လက်စွပ်တစ်ခုကို ဝတ်ဆင်ထားတဲ့အပြင်... အပြင်ပန်းမှာ ဟောင်းနွမ်းတဲ့  ဖျင်ကြမ်းဝတ်စုံကို ခြုံထားပေမယ့် အတွင်းထဲမှာ  ပိုးထည်က မချွတ်ရသေးဘူး.."

"ခင်ဗျားတို့က တကယ့်ကို ကျွမ်းကျင်မှုမရှိတာပဲ.."

ရွှီယန်က နောက်တွင်ရပ်ကာ ဆရာဖြစ်သူ၏  မှတ်ချက်များကို ငိုင်တိုင်စွာ ကြည့်နေမိ၏။

ပြောရလျှင် ဆရာ၏စကားတွင် မည်သည့် အမှားအယွင်းမှ မရှိပေ။ ကောင်းကင်မိခင်ဂိုဏ်းရှိ ဒီလူများသည် ပိုမိုယုတ္တိဆန်အောင် သရုပ်ဆောင်သင့်ပါသည်။

ထို့အပြင် လက်စွပ်ဝတ်ထားသည့် လူကြီးမှာ ကြည့်ရတာ အနည်းငယ် ရင်းနှီးပုံပေါ်၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူကအံ့သြစွာမေးသည်။

"ခင်ဗျားက ယွင်ရှန်းကောင်တီရဲ့ ကောင်တီအုပ်ချုပ်သူမှတ်လား.."

ယွင်ရှန်းမြို့ငယ်၏ အုပ်ချုပ်သူမှာ ကောင်းကင်မိခင်ဂိုဏ်းမှလား...

ကောင်းကင်မိခင်ဂိုဏ်းရှိ နောက်လိုက်များက တိတ်ဆိတ်စွာဖြင့် အတွေးနက်သွားကြသည်။

အရင်တုန်းက ချမ်းသာသည့် မိသားစုများသို့ သူတို့သွားရောက်ကာ ပိုက်ဆံတောင်းခံစဉ်တွင် မည်သည့်အမှားအယွင်းကိုမှ ထောက်ပြခြင်းမရှိဘဲ သံသယကင်းရှင်းစွာဖြင့်သာ လှူဒါန်းခဲ့၏။

ယနေ့တွင် အဘယ်ကြောင့် အလွန်ခြားနားနေရသသနည်း။

"မင်းရဲ့အမြင်က တကယ့်ကို စူးရှတာပဲ.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးကြီး၏ မျက်လုံးများ၌  အလင်းတစ်ချက် လက်သွားသည်။

ယခုအချိန်၌ ဒီအ‌ခြေအနေသို့ ရောက်လာခဲ့ပြီး ဖြစ်ရာ သူက လိုရင်းကို တည့်တိုးသာ ပြောပြီး စစ်မှန်သည့်ခွန်အားကို အသုံးပြုမည် ဖြစ်သည်။

"အဲ့ဒါက ကျွန်တော့မှာ စူးရှတဲ့မျက်လုံးတွေ ရှိလို့မဟုတ်ဘူး။ ခင်ဗျားတို့ကမှ တကယ့်ကို ကျွမ်းကျင်မှု မရှိလို့ပဲ.."

လီရွှမ်က သက်ပြင်းချ၏။ သူ၏ လက်ကိုဆန့်ကာ  ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအို၏ ပုခုံးအား ပုတ်ပြီးပြော၏။

"ဒီလို သရုပ်ဆောင်ပုံမျိုးနဲ့ ပုန်ကန်တိုင်း ကျရှုံးနေတာ အံ့သြစရာမရှိဘူး.."

ထိုအချိန်၌ ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုဟာ ထိတ်လန့်သွားသည်။

"ဆရာသခင် တစ်ယောက်ပဲ...ဆရာသခင်တွေ ကြားထဲမှာမှ စစ်မှန်တဲ့ ဆရာသခင် တစ်ယောက်ပဲ.."

သူက အလွန်ကြောက်ရွံ့သွားပြီး နဖူးမှချွေးများ စီးကျလုမတတ် ဖြစ်သွားခဲ့သည်။

"ကျွန်တော်က ကောင်းကင်မိခင်ဂိုဏ်းရဲ့ ဖျင်ကြမ်းဝတ် စောင့်ရှောက်သူပါ။ ခင်ဗျားက သိုင်းလောကမှာ ဘယ်အမည်နဲ့ နာမည်ကျော်ကြားလဲ မသိဘူး.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုက တောင့်တင်းသွားသည့် ခန္ဓာကိုယ်ဖြင့် သူ၏အတွင်းအားကို ထုတ်ဖော်ရန် အဆင်သင့်ပြင်ဆင်ကာ နက်ရှိုင်းသည့် အသံတစ်ခုဖြင့် မေး၏။

ထိုအချိန်၌ ကောင်တီအုပ်ချုပ်သူနှင့် အခြားသူများလည်း စိုးရိမ်သွားကြသည်။ ရွှီယန်၏ ဆရာဖြစ်သူမှာ ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်လား။

ယခုကဲ့သို့ ငယ်ရွယ်လှသည့် ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်မှာ အလွန် ရှားပါးလှပါသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် တိတ်တဆိတ် အချက်ပြကာ ရုတ်တရက် တိုက်ခိုက်မှု ပြုကြ၏။

သို့ပေမယ့် လီရွှမ်ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ ရွှီယန်ကို ဦးတည်ခြင်းသာ ဖြစ်၏။ ရွှီကျွင်းဟယ်၏ ငတုံးသားကိုသာ ဖမ်းမိပါက သူတို့၏ ပန်းတိုင်ဟာ အောင်မြင်နိုင်ပါပြီ။

ကောင်းကင်မိခင် ဂိုဏ်းသားများ၏ ချဥ်းကပ်လာမှုကို ကြည့်ကာ ရွှီယန်၏ မျက်ခုံးများက အနည်းငယ် ကြုံ့သွားသည်။

သူ၏ လက်ကိုမြှောက်ကာ သွေးနှင့်ချီက မြင့်တက်လာပြီး အနည်းငယ် ဖိချလိုက်၏။ စွမ်းအားကြီးမားသည့် ချီနှင့်သွေးက ချက်ချင်းပင် သူတို့ကို ဖိနှိပ်သွားသည်။

ရလဒ်အနေနှင့် ကော်တီအုပ်ချုပ်သူတို့ အားလုံး သူတို့၏ ခန္ဓာကိုယ်များ အပေါ်သို့ တောင်တစ်ခု ကျဆင်းလာသည်ဟု ခံစားလိုက်ရ၏။

အသံတစ်ခုနှင့်အတူ မြေပြင်ပေါ်သို့  လဲကျသွားပြီး ပြန်ထနိုင်ခြင်း မရှိတော့ပေ။

"ကိုယ့်အဆင့်ကို မသိကြဘူး.."

ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။

သူကစိတ်ကောင်းထားကာ ထိုလူများကို တစ်ခါတည်း  သတ်ဖြတ်ခြင်းမပြုခဲ့ပါ။ အားလုံးမှာ ဆရာ၏ ဆုံးဖြတ်ချက် အပေါ်တွင် မူတည်၏။

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးကြီးမှာ ဝိဉာဉ်လွင့်မတတ် ထိတ်လန့်သွားသည်။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားကြီးသူ တစ်ယောက် ဖြစ်သနည်း။

"ငါတို့တွေ ဒီကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးလို့ရပါတယ်။ ငါတို့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုက မျက်နှာပေါ်တွင် ချွေးစေးများ ကျလာရင်းက ပြောသည်။

ထိုအချိန်၌  ကောင်တီအုပ်ချုပ်သူက အော်၏။

"ငါက ယွင်ရှန်းကောင်တီရဲ့ ကောင်တီအုပ်ချုပ်သူပဲ။ ငါ့ကို သတ်တာက နိုင်ငံကို ပုန်ကန်တာနဲ့ ညီမျှတယ်။ မင်းတို့တွေ ပြန်ပြီးတော့ စဉ်းစားသင့်တယ်.."

"ဟန့်.."

ရွှီယန်က စူးစိုက်စွာကြည့်၏။ သူ၏ ချီနှင့်သွေးစွမ်းအားက ရုတ်တရက် မြင့်တက်လာခဲ့သည်။

ကောင်တီအုပ်ချုပ်သူမှာ သူ့ကိုယ်သူ အသားစတစ်ခုအဖြစ် အကြိတ်ခံရတော့မည်ဟု ခံစားလာရပြီး ကြီးစွာထိတ်လန့်သွား၏။

အမြန်ပြောလေသည်။

"ရပ်လိုက်.. ရပ်လိုက်ပါ သခင်လေးရွှီ.. မင်းရဲ့မိဘတွေ အခု အန္တရာယ် ကျရောက်နေတယ်.."

"ငါတို့ဂိုဏ်းကပဲ သူတို့ကို ကယ်တင်နိုင်မှာ။ ငါ့ကိုသာ သတ်လိုက်ရင် အကျိုးဆက်တွေကို မင်းခံရဖို့ စဉ်းစားဖို့လိုလိမ့်မယ်.."

"ဘာပြောတယ်.."

ရွှီယန်၏ မျက်နှာ၌ ဒေါသတို့ ပေါ်လာခဲ့၏။ သူ၏ ချီနှင့်သွေးတို့ မြင့်တက်လာပြီး အရှိန်အဝါက ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုနှင့် ကောင်းကင်ဂိုဏ်းမှ အခြားလူများကို ကြောက်ရွံ့သွားစေကာ သူတို့၏ မျက်နှာများ ဖြူ‌ရော်သွားကြသည်။

"ငါတကယ်ပြောနေတာ။ ဒါပေမယ့် အဲ့ဒါက ငါတို့ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး.."

ကောင်တီအုပ်ချုပ်သူမှာ  ဝိဉာဉ်လွင့်မတတ် ထိတ်လန့်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။ သေသေချာချာပြော.."

ရွှီယန်က  မေး၏။

"ငါ့ကို လိမ်ရဲရင်တော့.. မင်းကို တစ်စစီဖြစ်အောင်လုပ်ပြီး ခွေးကျွေးပစ်မယ်.."

သူသည် အိမ်မှထွက်လာခဲ့တာ အချိန် မကြာသေးပေ။ ဘယ်လိုလုပ်ပြီး သူ၏မိဘများက အန္တရာယ်တွင်းသို့ ကျရောက်ရသနည်း။

"သုံဟယ်စီရင်စုရဲ့ အစိုးရက ရွှီမိသားစုကို ရန်ပြုဖို့ စီစဉ်နေတဲ့ သတင်းအချက်အလက် တစ်ခုကို ငါတို့ လက်ခံရရှိခဲ့တယ်.."

"သူတို့က ပိုင်ဆိုင်မှုတွေကို နိုင်ငံဘဏ္ဍာအဖြစ်  သိမ်းယူပြီး လူတွေကို ထောင်ထဲထည့်ဖို့ လုပ်နေကြတာ။ ဒီကိစ္စက လုံးဝအသေအချာပဲ.."

ကောင်တီအုပ်ချုပ်သူက ဖုံးကွယ်ထားခြင်း လုံးဝမရှိဘဲ အမြန်ပြောသည်။

"ဟန့်.. မင်းသေချင်နေတာလား။ သုံဟယ်စီရင်စုရဲ့  အုပ်ချုပ်သူမှာ သတ္တိတွေ ၁၀ဆလောက် တိုးလာရင်တောင် ငါတို့ရွှီမိသားစုကို မထိခိုက်ရဲဘူး.."

ရွှီယန်က နှာခေါင်းရှုံ့သည်။

"ငါ့ရဲ့အဘိုးဖြစ်သူက လက်ရှိ အမှုထမ်းရေးရာ ဝန်ကြီးဌာနရဲ့ ဒုတိယ အမတ်ကြီးပဲ။ သုံဟယ်စီရင်စုရဲ့ အစိုးရက ဘယ်လိုလုပ်ပြီး ဒီလို သတ္တိရှိမှာလဲ.."

ဘေးရှိ လီရွှမ်က အလွန် အံ့သြသွား၏။ ဒီငတုံးတပည့်၏ နောက်ခံမှာ အမှန်တကယ်ကို ရိုးရှင်းခြင်းမရှိပေ။

သူ၏ဖခင်က သုံဟယ်စီရင်စု၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အဘိုးဖြစ်သူမှာ အမှုထမ်းရေးရာ ဝန်ကြီးဌာန၏ ဒုတိယအမတ်ကြီး ဖြစ်သည်။

ထိုကဲ့သို့သော နောက်ခံနှင့် သူသည် သုံဟယ်ကောင်စီတွင်သာမက ချီနိုင်ငံ၏ မြို့တော်တွင်ပင် အလွန်ကြီးစိုးစွာ ပြုမူနိုင်ပါသည်။

"သုံဟယ်ကောင်တီရဲ့ အစိုးရကတော့ ဘယ်ထိပါးရဲမလဲ။ ဒါပေမယ့် အဲ့ဒါက မြို့တော်က ပုဂ္ဂိုလ်ကြီးတွေရဲ့ ရည်ရွယ်ချက်ပဲ..."

ကောင်တီအုပ်ချုပ်သူက ရွှီယန်တစ်ယောက် အလွန်ဒေါသထွက်ကာ သူ့ကို သေအောင် ရိုက်သတ်မည်အား ကြောက်သွားခဲ့သည်။ အမြန်ပြော၏။

"ပြောကြတာက အိမ်ရှေစံ မင်းသား ယှဉ်ပြိုင်ပွဲမှာ အကြီးဆုံးမင်းသားက အသာစီး ရနေတယ်တဲ့.."

"လက်ထောက်အမတ်ကြီး ကောကတော့ တတိယမင်းသားရဲ့ ထောက်ခံသူလေ။ ဒါကြောင့်..."

အိမ်ရှေစံမင်းသား နေရာအား လုယူသည့်ပွဲတွင်  တစ်ဖက်က အနိုင်ရပါက အခြား ရှုံးနိမ့်သူများတွင်  ဘယ်တုန်းက ကောင်းမွန်သည့် အဆုံးသတ် ရှိလို့နည်း။

ကြည့်ရတာ ရွှီမိသားစုသည် အမှန်တကယ်ကို  အန္တရာယ်အတွင်းသို့ ကျရောက်နေသည့် ပုံပါ။

"အိမ်ရှေစံမင်းသား နေရာအတွက် တိုက်ပွဲလား.."

ရွှီယန်က မျက်မှောင် ကြုံ့သွားသည်။ သူက ထိုကိစ္စများကို သိရှိခြင်းမရှိပါ။ သူ၏ အာရုံအားလုံးတို့မှာ ပုန်းအောင်းနေသည့် ဆရာသခင်အား ရှာဖွေရန် အပေါ်တွင်သာ ရှိခဲ့၏။

လီရွှမ်၏ တပည့်ဖြစ်လာပြီး နောက်တွင်လည်း သူ့ကိုယ်သူအား သိုင်းပညာတွင်သာ နှစ်မြှုပ်ထားခဲ့သည်။ အိမ်တွင် မည်သည်တို့ ဖြစ်ပျက်နေသည်ကို အများကြီး သိရှိခြင်း မရှိပါ။

ထို့အပြင် အိမ်ရှေစံ ရာထူးအတွက် တိုက်ပွဲမှာ ဝေးကွာလှသည့် မြို့တော်တွင် ဖြစ်ပွားနေခြင်းဖြစ်၏။

ရွှီယန်က မျက်မှောင်ကြုံ့သွားပြီး သူ၏ဖိအားကို  ပြန်လည် ရုပ်သိမ်းလိုက်သည်။ ကောင်တီအုပ်ချုပ်သူမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွား၏။

သူက ဆက်လက်ပြီး ပြောသည်။

"သုံဟယ်ရဲ့ စစ်သူကြီးစံအိမ်ဘက်က စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့တာက.. တတိယမင်းသားရဲ့ ထောက်ခံသူတွေ အရေးနိမ့်နေတာကို နားလည်ပြီး အိမ်ရှေစံရာထူးအတွက် တိုက်ပွဲက ပြီးဆုံးတော့မယ်ဆိုတာကို သိလို့ပဲ။ ဒါ့ကြောင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ဒီကိစ္စကနေ ခွဲထွက်သွားတာ.."

ရွှီယန်က မှင်သက်သွား၏။ စစ်သူကြီး စံအိမ်၏  စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်းနောက်တွင် ထိုကဲ့သို့သော လျှို့ဝှက်ပုံပြင်တစ်ပုဒ် ရှိနေသည်လား။

ကောင်တီအုပ်ချုပ်သူက ကြိုးစားကာ မတ်တတ်ရပ်ပြီး ပြောသည်။

"သုံဟယ်ရဲ့ ကောင်တီအုပ်ချုပ်သူက စတင်လှုပ်ရှားတော့မှာ.."

"အခု သုံဟယ်ကောင်တီမှာရှိတဲ့ နောက်ခံကြီးတဲ့ လူတိုင်း ရွှီမိသားစု အဆုံးသတ်ပြီဆိုတာကို သိကြတယ်.."

"သူတို့က ရွှီမိသားစုရဲ့ စီးပွားရေးကို အကုန် ခွဲဝေယူဖို့ မျက်စိကျနေ ကြတာ။ အဲ့ဒါကို တစ်စစီ စုတ်ဖြဲပစ်တော့မှာ.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ဒေါသတကြီး ဖြစ်သွားပြီး ကျိန်ဆဲ၏။

"ဧကရာဇ်က ကန်းနေတာပဲ.."

"ငါ့အဘိုးက သူ့ရဲ့တတိယသားကို ထောက်ပံ့ပေးတာက သူ့ကို မျက်နှာသာပေးတာပဲ။ ဒီလူတွေက ငါတို့ မိသားစုရဲ့ စီးပွားရေးကို ထိပါးရဲတယ်ပေါ့.."

"ငါ့အိမ်ကို လာသိမ်းရဲတဲ့လူတိုင်းကို ငါသတ်ပစ်မယ်.."

ထိုစကားကို ကြားရပြီးနောက် ကောင်တီအုပ်ချုပ်သူက ပျော်သွားပြီး ပြော၏။

"သခင်လေးရွှီ.. ခင်ဗျား ဒီလိုမျိုး နားလည်လာတာ တကယ့်ကို ကောင်းတယ်။ ကျွန်တော်တို့ ကောင်းကင်မိခင်ဂိုဏ်းကို ဝင်ရောက်ပြီး အတူတူ ပုန်ကန်ကြရအောင်.."

"ထွက်သွားစမ်း.."

ရွှီယန်က ကောင်တီအုပ်ချုပ်သူကို ရိုက်ထုတ်လိုက်ပြီး တစ်ဖက်လူကို လွင့်စင်ထွက်သွားစေ၏။

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဒီမင်းဆက်၏ အိမ်ရှေစံရာထူး ယှဉ်ပြိုင်ပွဲကား အမှန်တကယ်ကို ကြီးမားသည့် အကျိုးရလဒ်တို့ ရှိသလို  စတေးမှုကလည်း ကြီးမားလှ၏။

အနိုင်ရပါက နဂါးတစ်ကောင်၏ နောက်လိုက်ဖြစ်လာကာ ရှုံးနိမ့်ပါက မိသားစုတစ်ခုလုံး သုတ်သင်ခံရမည် ဖြစ်သည်။

ပိုမိုပြင်းထန်ပါက မျိုးဆက်၉ခုလုံး လိုက်လံသတ်ဖြတ်ခံရမည် ဖြစ်၏။ ရွှီမိသားစု၏ ကပ်ဘေးက ရုတ်တရက် ကျရောက်လာခဲ့၏။

သို့ပေမယ့် လက်ရှိ ရွှီယန်၏ ခွန်အားနှင့် ချီနိုင်ငံ၏ စစ်အင်အားမှာ အလွန် နိမ့်ပါးလှပါသည်။ အန္တရာယ်ဟု ပြောဆိုနိုင်ခြင်း မရှိပေ။

စစ်သည်ပေါင်း ထောင်နှင့်ချီကာ လာရောက်တိုက်ခိုက်လျှင်တောင် အလွယ်တကူ ရင်ဆိုင်နိုင်၏။

All Chapters