← Chapters

ရွှီမိသားစု၏ အန္တရာယ်

Vol. 3 Ch. 43

ရွှီမိသားစု၏ အန္တရာယ်

Vol. 3 Ch. 43

"ငါတပည့်.. အခုအချိန်မှာ အမြန်ဆုံးလုပ်ဖို့ လိုအပ်နေတာက အိမ်ကိုပြန်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ပဲ.."

လီရွှမ်က ဘေးမှကြည့်ကာ သတိပေး၏။

"ဟုတ်တယ်.. ကျွန်တော်အခုပဲ အိမ်ကို မြန်မြန်ပြန်ရမယ်.."

ရွှီယန်က သတိပြန်လည် လာပြီးနောက် ချက်ချင်းပင် ပြောသည်။

"ဆရာ.. ကျွန်တော်အိမ်ကိုပြန်ပြီး ဒီကိစ္စကို သွားဖြေရှင်းလိုက်ပါဦးမယ်။ ပြီးရင် ဆရာ့ကိုခစားဖို့ ပြန်လာခဲ့ပါမယ်.."

"သွားနှင့်.."

လီရွှမ်က ခေါင်းငြိမ့်သည်။

"ဒါနဲ့.. သူတို့ကရော..."

ရွှီယန်က ဖျင်ကြမ်းဝတ်စုံဝတ် အဘိုးကြီးနှင့်  ကောင်တီအုပ်ချုပ်သူတို့ကို ကြည့်သည်။ သူ၏မျက်နှာက မဲမှောင်နေ၏။

"သူတို့ကိစ္စကို ထားခဲ့လိုက်.."

လီရွှမ်က ခေါင်းကိုရမ်းသည်။

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်က ဦးညွှတ်ပြီးနောက် လျှပ်တစ်ပြတ် ရွေ့လျားသွားပြီး အမှောင်ထဲတွင် ချက်ချင်းပင် ပျောက်ကွယ်သွား၏။

သူသည် အမြန်သွားနိုင်ရန် အတွက် မြင်းကို စီးနှင်းခြင်း မပြုပါ။ ဘဲငန်းလှုပ်ရှားမှု အတတ်ကိုသာ တစ်ခါတည်း အသုံးပြုခဲ့၏။

သူ၏ လက်ရှိခွန်အားနှင့် အမြန်နှုန်းမှာ မြင်းတစ်ကောင်ထက် များစွာ ပိုမို သာလွန်ပါသည်။ အိမ်သို့ အမြန်ပြန်ရန် လိုအပ်နေရာ ဘဲငန်းလှုပ်ရှားမှု အတတ်ကိုသာ အသုံးပြုလိုက်၏။

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးကြီးတို့ အုပ်စုမှာ အလွန်ထိတ်လန့်နေပြီး ဖြစ်၏။ ရွှီကျွင်းဟယ်၏ ငတုံးသားက အဘယ်ကြောင့် အလွန် စွမ်းအားကြီးရသနည်း။

ဖြစ်နိုင်တာက ပုန်းအောင်းနေသည့် စွမ်းအားကြီး ဆရာသခင် တစ်ယောက်ကို အမှန်တကယ် ရှာတွေ့ခဲ့သည်လား။

ဒီလောကကြီးတွင် ထိုကဲ့သို့သော ပုံပြင်စာအုပ်များအတွင်းရှိ ဒဏ္ဍာရီဆန်သည့် ပုဂ္ဂိုလ်များ အမှန်တကယ် ရှိနေသည်လား။

"ချီး... ဘယ်သူ့မှာ ဦးနှောက်ပြဿနာ ရှိနေတာလဲ.."

ခဏတာအတွင်း ကောင်းကင်မိခင်ဂိုဏ်းမှ အဖွဲ့ဝင်အားလုံးတို့သည် သူတို့၏ ဘဝများကို စတင် သံသယဝင်လာခဲ့သည်။

ရွှီယန် ထွက်ခွာသွားသည်နှင့် လီရွှမ်က ပြုံးကာ  ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးကြီးကို ဆွဲခေါ်ပြီး ပြော၏။

"ဒီမှာပဲ ငိုင်ပြီး ရပ်မနေကြနဲ့လေ။ အထဲကိုလာခဲ့... စကားပြောရအောင်.."

"ရပါတယ်.. ကျေးဇူးပါ.. ကျွန်တော်တို့တွေ အရေးကြီးကိစ္စရှိသေးလို့... ကယ်တင်စရာတွေရှိနေသေးလို့ပါ... ဟုတ်တယ် သာမန်လူတွေကို ကယ်တင်ဖို့ ရှိသေးတယ်.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုက အမြန်ငြင်း၏။

သူ၏နဖူးမှ ချွေးစေးများ ထွက်လာခဲ့သည်။ သူ၏ရှေ့ရှိ လူငယ်မှာ အလွန်ငယ်ရွယ်ပုံပေါ်၏။ သို့ပေမယ့် မကောင်းဆိုးဝါးကြီး တစ်ကောင် ဖြစ်မည်မှာ အလွန်သေချာပါသည်။

ရွှီယန်ကဲ့သို့သော အရူးတစ်ယောက်ကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန်မာလာစေပြီး နားလည်နိုင်ခြင်း မရှိသည့် စွမ်းအားများအား ပိုင်ဆိုင်လာစေခဲ့၏။

သူ၏ ဆရာဖြစ်သူက သာမန် လူသားတစ်ယောက် ဖြစ်နေမှာ မဟုတ်ပေ။

"မင်းတို့တွေက... တကယ်ပဲ  ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကို ကူညီပေး မလိုလား.."

လီရွှမ်က ပြုံးသည်။

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ တကယ်ပဲ ကူညီပေးတာပါ.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုက လူတစ်ကိုယ်လုံး တုန်ရင်စွာဖြင့် ပြော၏။

ကောင်တီအုပ်ချုပ်သူက မြေပြင်ပေါ်မှ မနဲထကာ ကြောက်ရွံ့စွာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ထွက်ပြေးရန် ကြိုးစား၏။

"ယွင်ရှန်းရဲ့ ကောင်တီအုပ်ချုပ်သူ.. ဒီကိုခဏလာဦး.."

လီရွှမ်က သူ၏ ကျောက်စိမ်းအဆောင်ကို ဝှေ့ရမ်းကာ ဆို၏။

"စီနီယာ.. ဘာမေးချင်လို့လဲ မသိဘူး။ ကျွန်တော်သေချာပေါက် ဖြေကြားပေးမှာပါ.."

ယွင်ရှန်းကောင်တီ၏ အုပ်ချုပ်သူက ခေါင်းငြိမ့်ကာ ဦးညွှတ်သည်။ ဖားရားသည့် အသွင်တစ်ခုဖြင့် ပြော၏။

"မကြောက်နဲ့.. အထဲကိုဝင်ပြီး ပြောရအောင်။ ကောင်းကင်မိခင်ဂိုဏ်းက ဘာများလဲလို့..."

လီရွှမ်က သူ၏ ချီနှင့်သွေးကို အသုံးပြုလိုက်သည်။ မမြင်နိုင်သည့် ဖိအားတစ်ခုက လူတိုင်းကို လွှမ်းခြုံလာခဲ့၏။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ.."

ကောင်းကင်မိခင် ကိုးကွယ်သူများ၏ အဖွဲ့ဝင်များမှာ မနာခံဘဲ မနေရဲကြတော့ပါ။ သူတို့၏ မျက်နှာများပေါ်တွင် ရှုံ့မဲ့နေသည့် အပြုံးများဖြင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်ကြရ၏။

ခြံထဲသို့ ဝင်လိုက်သည်နှင့် ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးကြီးက ရုတ်တရက် စိတ်ကူးတစ်ခု ရလာပြီး ချက်ချင်းပင် ဒူးထောက်၏။

"စီနီယာ.. ခင်ဗျားရဲ့ ဒီဗိုင်းစွမ်းအားက ပြိုင်ဖက်ကင်းတယ်။ ကောင်းကင်လိုပဲ ထည်ဝါလှတယ်။ လောကမှာ အတုမဲ့တဲ့ ဆရာသခင်တစ်ယောက် ဖြစ်တယ်.."

"ဒီနေ့ကစတင်ပြီး ကျွန်တော်တို့ ကောင်းကင်မိခင်ဂိုဏ်းက ကောင်းကင်ရဲ့ မဟာသူတော်စင်အဖြစ် ခင်ဗျားကို ကိုးကွယ်လိုပါတယ်.."

"ကောင်းကင်မဟာသူတော်စင်က အတုမဲ့တယ်။ လောကမှာ သူ့လိုလူမျိုးမရှိဘူး.."

ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုက သူ၏ဦးခေါင်းကို မြေပြင်နှင့်တိုက်ကာ ပုံစံက လေးနက်နေပါသည်။

စစ်မှန်သည့် ယုံကြည်သက်ဝင်သူ တစ်ယောက်ကဲ့သို့ ရှိနေ၏။

ထိုပုံကို တွေ့ရပြီးနောက် ယွင်ရှန်းကောင်တီ၏ အုပ်ချုပ်သူနှင့် အခြားလူများကလည်း  ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။

လေးနက်သည့် ပုံစံများဖြင့် သူတို့အားလုံးမှာ နက်ရှိုင်းသည့် ယုံကြည်သက်ဝင်သူများ သဖွယ် ရှိနေ၏။ မြေပြင်နှင့် ဦးခေါင်းကို ဖိကပ်ကာ ကြိုးစားပမ်းစား ဦးချကြသည်။

"ဒုတ် ဒုတ် ဒုတ်.."

ဦးချခြင်း အသံများကိုပင် ကြားနိုင်၏။

"ကောင်းကင် မဟာသူတော်စင်ကို တွေ့ဆုံပါတယ်.."

"ကောင်းကင်မဟာသူတော်စင်က အတုမဲ့ပြီး လောကမှာ ပြိုင်ဘက်ကင်းတယ်.."

လီရွှမ် "..."

"ဒီကောင်းကင်မိခင်ဂိုဏ်းက လူတွေက ဘယ်လိုလူထူးဆန်းတွေလဲ.."

"ကောင်းကင် မဟာသူတော်စင်က ဘာကြီးလဲ။ ကောင်းကင်မိခင်နဲ့ တွေ့ပေး မလို့လား.."

"ရွေးချယ်စရာ နှစ်ခုပေးမယ်။ ထိုင်ပြီးတော့ ကောင်းကောင်း ပြောရင်ပြော.. မပြောရင်သေကြ.."

လီရွှမ်က မထူးမခြားနားသည့် လေသံတစ်ခုဖြင့် ပြော၏။

ဦးချနေသည့် အသံများက ရပ်တန့်သွားကြသည်။

ဖျင်ကြမ်းဝတ်စုံဝတ် အဘိုးကြီးနှင့် အခြားသူများက သူတို့၏ နဖူးများရှိ ချွေးများကိုသုတ်ကာ တိတ်ဆိတ်စွာဖြင့် မတ်တပ်ရပ်ကြ၏။

စကားပြောမည်လား သေမည်လား...

သူတို့ မည်သည်ကို ရွေးချယ်ရမည်အား သိကြပါသည်။

လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဖျင်ကြမ်းဝတ်စုံဝတ် အဘိုးအိုနှင့် အခြားသူများကို ကောင်းကင်မိခင်ဂိုဏ်း၊ တော်ဝင်ရုံးတော်နှင့် သိုင်းလောက အကြောင်းတို့ကို ရှင်းပြခိုင်းပြီး ဒီလောက၏ အခြေအနေကို ပိုမိုနားလည်မှု ရရှိအောင် လုပ်၏။

သုံဟယ်စီရင်စုရှိ ရွှီမိသားစုတွင်...

ဒီအချိန်၌  ရွှီအိမ်တော် တစ်ခုလုံး မီးများဖြင့် ထိန်လင်းနေပါသည်။

အစောင့်များက လက်နက်များကို ကိုင်ဆောင်ကာ ရွှီအိမ်တော်ကို ကင်းလှည့်နေကြ၏။ သူတို့အားလုံး သတိမပြတ် ရှိနေကြသည်။

အိမ်တိုင်းတွင် လူတစ်ယောက်ဆီ ထိုင်နေကာ ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်နေကြ၏။

အတွင်းဘက် ခြံဝန်းအတွင်းတွင် ခေါင်းဆောင်ချန်နှင့် ဆရာဝမ်တို့က လက်နက်များကို ကိုင်ဆောင်ပြီး ထိုင်နေကြ၏။

သူတို့နှစ်ယောက်အပြင် အတွင်းဘက် ခြံဝန်းကို စောင့်ကြပ်နေသည့် အခြား လူ၃ယောက်တို့လည်း ရှိပါသည်။

ထိုထိပ်တန်းအဆင့် သိုင်းသမား၅ယောက်လုံးမှာ  သိုင်းလောကမှ နာမည်ကျော် ပုဂ္ဂိုလ်များဖြစ်ကြ၏။

"ယောက်ျား.. ကောင်းကင်မိခင်ဂိုဏ်းက မိစ္ဆာတွေ ကျွန်မတို့ ရွှီမိသားစုကို ဘာလို့ ပစ်မှတ်ထားရတာလဲ။ အစိုးရကရော ဘာပြောလဲ.."

သခင်မရွှီက စိုးရိမ်သည့် မျက်နှာဖြင့် မေး၏။

ရွှီကျွင်းဟယ်က သက်ပြင်းချပြီး ပြောသည်။

"ကောင်းကင်မိခင်ဂိုဏ်းက ငါတို့အိမ်ကိုလာပြီး  မိသားစုရဲ့ စီးပွားရေး အများစုကို လိုချင်နေကြတယ်.."

"ဆင်းရဲ ဒုက္ခခံနေရတဲ့ လူတွေကို ကူညီဖို့အတွက် ဆိုပြီးတော့ အကြောင်းပြပြီး တောင်းကြတာ။ ဒါပေမယ့် တကယ်တော့ သူတို့က ငါတို့ကို ကောင်းကင်မိခင်ဂိုဏ်းကို ဝင်ဖို့အတွက် အတင်းဖိအားပေးနေတာ.."

"ဒါက ပုန်ကန်ထကြွတဲ့ ဂိုဏ်းတစ်ခုပဲ။ အဲ့ဒီ့ထဲကို ဝင်ပါမိတာနဲ့ နိုင်ငံတော်ကို ပုန်ကန်တာနဲ့ တူညီပြီး  အကျိုးဆက်ကို စဉ်းစားကြည့်ပေါ့.."

ရွှီမိခင်က မျက်မှောင်ကြုံ့သွားပြီး ပြောသည်။

"အဲ့ကိစ္စကို ကျွန်မလည်း သိပါတယ်.."

"ဒါပေမယ့် အစိုးရက စီရင်စုထဲမှာ ဒီလောက် ရှုပ်ထွေးအောင်လုပ်နေတဲ့ ကောင်းကင်မိခင်ဂိုဏ်းကို ဘာလို့မဖမ်းရတာလဲ.."

"သုံဟယ်စီရင်စုရဲ့ စစ်သူကြီးကျန်းဖင်ရှန်းကရော ဘာလို့ ဒီတိုင်းထိုင်ပြီး ကြည့်နေရတာလဲ.."

"ဘာလို့လဲဆိုတော့ ဒီအချိန်က လှုပ်ရှားရမယ့်အချိန် မဟုတ်သေးလို့ပေါ့.."

ရွှီကျွင်းဟယ်က ခန်းမအတွင်းတွင် ဘယ်ညာ လျှောက်နေပြီး သူ၏ မျက်ခုံးများ ကြုံ့နေကာ စိတ်များက စိုးရိမ်မှုဖြင့် လေးလံနေပါသည်။

"ယောက်ျား.. ကျွန်မတို့တွေ ကောင်းကင်မိခင်ဂိုဏ်းရွှီအိမ်တော်ထဲကို ဝင်လာတာကို စောင့်နေရမှာလား။ ဘာလို့ ဒီပုန်ကန်တဲ့ ဂိုဏ်းရဲ့ ရွှီမိသားစုကို ဖျက်ဆီးမယ့် ကိစ္စကို ထိုင်ကြည့် နေရမှာလဲ.."

"သုံဟယ်စီရင်စုရဲ့ အုပ်ချုပ်သူက အတိုင်ခံရမှာကို မကြောက်ဘူးလား.."

သခင်မရွှီက နားမလည်နိုင်စွာ မေးသည်။

"သူတို့က သတင်းကို စောင့်နေကြတာ.."

ထိုအချိန်၌  ရွှီကျွင်းဟယ်တစ်ယောက် သူ၏ ဇနီးဖြစ်သူလည်း သိရှိရန် အချိန်ကျပြီဟု ခံစားရ၏။

"ဓားပြအုပ်စု ရုတ်တရက် အစအနမရှိအောင် ပျောက်ကွယ်သွားပြီး ကုန်စည်တွေကို.. မြို့တော်ဆီကို အောင်အောင်မြင်မြင် ပို့လိုက်နိုင်လို့ ကပ်ဘေးတစ်ခုကို ဖြတ်ကျော်နိုင်ပြီလို့ ငါထင်ထားခဲ့တာ.."

"ဒါပေမယ့် ပိုကြီးတဲ့ တစ်ခု ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး။ ဒီခက်ခဲမှုက ဖြတ်ကျော်ဖို့ တကယ့်ကို  မလွယ်ဘူး.."

သခင်မရွှီက တုံ့ဆိုင်းစွာ မေးသည်။

"ဘယ်လို ကပ်ဘေးမို့လို့လဲ.."

ရွှီကျွင်းဟယ်က သက်ပြင်းချကာ ပြော၏။

"ပုလ္လင်ကို ဆက်ခံဖို့အတွက် တိုက်ပွဲပေါ့.."

ထိုစကားကို ကြားရပြီးနောက် သခင်မရွှီ၏ မျက်နှာက ဖြူရော်သွားသည်။ တုန်ရင်စွာဖြင့် မေး၏။

"ယောက်ျား.. ရှင်ပြောတာက ကျွန်မအဖေ..."

"ယောက္ခမရဲ့ ဆရာက အကြီးအကဲချန်ပဲ..  အကြီးအကဲချန်က တတိယမင်းသားကို ထောက်ပံ့ပေးတယ်.."

"ဒါကြောင့် ယောက္ခမကို တတိယမင်းသားရဲ့ လူယုံတစ်ယောက်လို့ အားလုံးက သတ်မှတ်ထားကြတာ။ သူက တတိယမင်းသားရဲ့ အဖွဲ့ထဲမှာပဲ.."

"ပြီးခဲ့တဲ့ နှစ်တုန်းက စီရင်စု၃ခုရဲ့ ကပ်ဘေးကို သွားရောက်ကယ်တင်ဖို့ လုပ်တဲ့အချိန်မှာ တတိယမင်းသားက ဧကရာဇ် သူ့ကို ချီးမြှင့်ထားတဲ့  ကျောက်စိမ်းလက်ဆောင်ကို ပျောက်ဆုံးသွားစေခဲ့တယ်.."

"အဲ့ဒီ့ကတည်းက ပုလ္လင်အတွက် ဆက်ခံသူတိုက်ပွဲမှာ အရေးနိမ့်လာခဲ့တာ။ အခု ဒီကိစ္စက အဆုံးသတ်ကို ရောက်တော့မယ်.."

ရွှီကျွင်းဟယ်က သက်ပြင်းချသည်။ သာမန် ကျောက်စိမ်းတစ်ခုသာ ဆိုပါက ဘာမှမဖြစ်ပေ။

တတိယမင်းသား၏ ကပ်ဘေးအတွက် ကယ်ဆယ်ရေး အကျိုးပြုမှုများကြောင့် အပြစ်ပေးမှုမှ  လွတ်ငြိမ်းခွင့် ရနိုင်ပါသည်။

သို့ရာတွင် ထိုကျောက်စိမ်းကို စိမ်းလန်းခြင်း သက်ရှည်ကျောက်မျက်လို့ခေါ်ပြီး လောကကြီး၌ ရှားပါးလှ၏။

"အဲဒါကို သယ်ဆောင်ထားရင် ရောဂါဘယတွေ ကင်းဝေးပြီး သက်တမ်းကို ရှည်စေနိုင်တယ်။ ဒါက တန်ဖိုးဖြတ်မရတဲ့ ရတနာတစ်ခုပဲ"

"အဲ့ဒီရတနာ ပျောက်ဆုံးသွားတဲ့ ကိစ္စကြောင့် တတိယမင်းသားက ဧကရာဇ်ကို အသက်ရှည်ရှည် မနေစေလိုလို့ တမင်ဆုံးရှုံးအောင် လုပ်တယ်ဆိုပြီး သတင်းတွေ  ထွက်လာခဲ့တယ်။

"ကျောက်မျက်က အစစ်ဟုတ်လား မဟုတ်လား ဆိုတာကို မသိရပေမယ့် ဒီကိစ္စ ဖြစ်ပျက်ပြီးတဲ့ နောက်မှာ တတိယမင်းသားက ဧကရာဇ်ချီရဲ့ မျက်နှာသာပေးမှုကို ဆုံးရှုံးပြီး အိမ်ရှေစံမင်းသား ယှဉ်ပြိုင်ပွဲကနေ ဖယ်ထုတ်ခံလာရတယ်။

"တတိယမင်းသားရဲ့ နောက်လိုက် အဖွဲ့အစည်းတွေလည်း ပစ်မှတ်ထားခံရပြီး ရှင်းလင်းခံရတယ်"

ထိုစကားကို ကြားရပြီးနောက် သခင်မရွှီ၏ မျက်နှာက ဖြူရော်သွားပြီး တုန်ယင်လာခဲ့၏။

"ဘာ... ဘာထွက်ပေါက်မှ မရှိဘူးလား။ ပထမမင်းသားကို ထောက်ပံ့ပေးရင်ရော.."

ရွှီကျွင်းဟယ်က ခါးသက်စွာ ပြော၏။

"မင်းရဲ့ဖခင်က အကြီးအကဲချန်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး တတိယမင်းသားရဲ့ လူယုံတစ်ယောက်ပဲ။ ဘာအခွင့်အရေးမှ မရှိဘူး.."

သူက ဇနီးဖြစ်သူ၏ လက်ကိုကိုင်ကာ ခဏတာ  တိတ်ဆိတ်နေပြီးနောက် ပြော၏။

"ငါတို့ရွှီမိသားစုက အရမ်းချမ်းသာတယ်။ ဒါ့ကြောင့် ဒီကိစ္စအတွက် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့တယ်။ ဒါက ကံတရားပဲ.."

"ငါရွှီကျွင်းဟယ် သိမ်ဖျင်းတဲ့ ဘဝတစ်ခုကနေပြီး ဒီအခြေအနေအထိ ရောက်ရှိ လာနိုင်ခဲ့တယ်။ ဒီဘဝမှာ နောင်တရစရာ အများကြီးမရှိဘူး.."

သူက အကူအညီမဲ့စွာဖြင့် ကြည့်ကာပြောသည်။

"ယန်အာအတွက်ကတော့...ဟူး.."

သခင်မရွှီက နီရဲသော မျက်လုံးများဖြင့် သူ့အပေါ်သို့ မှီလာ၏။

"ယန်အာ အိမ်မှာမရှိတာလည်း ကိစ္စကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီကပ်ဘေးကို သူရှင်သန်နိုင်ဖို့ ကျွန်မမျှော်လင့်တယ်.."

"ဒီကလေးက ပုံပြင်စာအုပ်တွေကို အရူးလိုပဲ ယုံကြည်နေပြီး စွမ်းအားကြီးသူ အချို့ကို လိုက်ရှာနေတာ.."

"ယန်အာကို အခြားလူတွေထက် အရင်ရှာတွေ့နိုင်ပြီး.. သူ့ကို ကြိုတင် ရှောင်ခိုင်းနိုင်ရင်တော့ လုံခြုံလောက်တယ်။ ဒီကိစ္စကို ငါစီစဉ်ဖို့ လုပ်ထားပါတယ်.."

ရွှီကျွင်းဟယ်က သူ၏ဇနီးဖြစ်သူကို ညင်သာစွာ  ဖက်၏။

ဆေးဆရာဖန်က လျှောက်လာပြီး ပြောသည်။

"သခင်ကြီး.. အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ။ သခင်လေးကို ရှာတွေ့တာနဲ့ ကျွန်တော် ချက်ချင်းပဲ ဝူနိုင်ငံကို ရွှေ့ပြောင်းပါမယ်.."

ရွှီကျွင်းဟယ်က ခေါင်းငြိမ့်ကာ ပြောသည်။

"ဝူနိုင်ငံမှာ ယန်အာရဲ့ ချမ်းသာကြွယ်ဝမှုကို သေချာစေဖို့အတွက် ငါတို့ရဲ့ ပိုင်ဆိုင်မှုအချို့ ရှိတယ်။ ကျေးဇူးပြုပြီး သူ့ကို နည်းနည်းလောက် ပိုပြီး ဂရုစိုက်ပေးပါ.."

"ဟူး.."

ဆေးဆရာဖန်က သက်ပြင်းချသည်။

"ကျွန်တော်သူ့ကို ဂရုစိုက်မှာပါ။ ဒီကိစ္စပြီးရင် သူလည်း အရင်လိုပဲ အရူးတစ်ယောက် ဖြစ်နေတော့မှာ မဟုတ်လောက်ပါဘူး..."

All Chapters