ငါ့အိမ်ကို ဘယ်သူရှာရဲလဲ
Vol. 3 Ch. 44
ရွှီကျွင်းဟယ်က မည်သည်ကိုမှ မပြောပေ။ နှလုံးသားထဲတွင် သက်ပြင်းသာ ချမိ၏။
ဒီကပ်ဘေးပြီးပါက သူ၏ ဦးနှောက်မကောင်းသည့် သားဖြစ်သူသည် ကံကောင်းထောက်မပြီး လွတ်မြောက်နိုင်ကာ ဝူနိုင်ငံတွင် ရှောင်ပြေး နေရလျှင်တောင် ပုန်းအောင်းနေသည့် စွမ်းအားကြီးပုဂ္ဂိုလ်အား ရှာဖွေရန်အတွက် စဉ်းစားနေလောက် ဦးမှာပါ။
သူ့အတွက် လက်စားချေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေပြီး ဒဏ္ဍာရီလာ စွမ်းအားကြီး သိုင်းပညာများကို သင်ယူရန်သာ ရှိပါသည်။
သားဖြစ်သူအား သူကောင်းကောင်းသိ၏။
"အဘိုးကြီးဖန်.. ခင်ဗျား.. ဒီည ထွက်သင့်တယ်။ ချန်ပြောင်ထုံနဲ့ သူ့လူတွေက ကောင်းကင်မိခင်ဂိုဏ်းကို ရင်ဆိုင်ရာမှာ အကောင်းဆုံး ကြိုးစားပြီးတော့ တိုက်ခိုက်တာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အစိုးရအမှုထမ်းတွေ ပါဝင်လာရင်တော့ ရွှီအိမ်နဲ့ပဲ အတူတူ ရပ်တည်ပြီး မကောင်းတဲ့ အဆုံးသတ်ကို အကြုံခံမှာ မဟုတ်ဘူး.."
ရွှီကျွင်းဟယ်က တွေးဆကာ ပြော၏။
"ကျွန်တော်နားလည်ပါပြီ.."
ဆေးဆရာဖန်က ခေါင်းငြိမ့်သည်။ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
"ယောက်ျား.. ကောင်းကင်မိခင်ဂိုဏ်းကလူတွေ ဒီည လာမှာလား.."
သခင်မရွှီက ခဏတာ တိတ်ဆိတ်နေပြီးနောက် မေး၏။
"ငါလည်း အဲ့လိုပဲ ခန့်မှန်းရတယ်.."
ရွှီကျွင်းဟယ်က ခေါင်းငြိမ့်သည်။ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ နှလုံးသားထဲတွင် အနည်းငယ် လေးလံစွာ ခံစားရ၏။
ရွှီမိသားစု အိမ်တော်၏ အပြင်ဘက်ရှိ လမ်းတစ်ဖက်တွင် စားသောက်ဆိုင်တစ်ခု ရှိပါသည်။ လူ၁၀ ယောက်ကျော်တို့သည် အတူတူ ထိုင်နေကြပြီး အားလုံးတို့တွင် ဖျင်ကြမ်းဝတ်စုံများကို ဝတ်ဆင် ထားကြသည်။
ဦးဆောင်လာသူမှာ လက်ထဲတွင် ငှက်မွှေးယပ်တောင်တစ်ခုကို ကိုင်ဆောင်ထား၏။ သူက ပြတင်းပေါက်တွင် ရပ်ကာ ရွှီအိမ်တော်ကို ကြည့်နေပါသည်။
"အကြံပေးခုံ.. မလှုပ်ရှားသေးဘူးလား.."
လူသန်ကြီး တစ်ယောက်က နက်ရှိုင်းသည့် အသံဖြင့်ပြော၏။
"စိတ်မပူနဲ့.. ဒီညမှာ ရွှီမိသားစု ပျက်စီးရလိမ့်မယ်။ သုံဟယ်ကောင်တီရဲ့ အစိုးရက ရွှီမိသားစုနဲ့ ငါတို့ကိုတစ်ခါတည်း သတ်ဖြတ်နိုင်ဖို့အတွက် ထောင်ခြောက်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ထင်နေကြတယ်။ တကယ့်ကို ဟာသပဲ.."
"ငါအရာအားလုံးကို ကြိုတင်ပြီး စီစဉ်ပြီးသွားပြီ။ သူတို့တွေ စပြီးတော့ လှုပ်ရှားတာနဲ့ သုံဟယ်စီရင်စုရဲ့ ခေါင်းဆောင် ပြောင်းလဲရမယ့် အချိန်ပဲ။ ဒီညမှာ သုံဟယ်စီရင်စုကို ထိန်းချုပ်ခြင်း အစီအစဉ်က စတင်ပြီ.."
ခုံရော့ကျစ်က အောင်နိုင်သည့် မျက်နှာပေးတစ်ခုနှင့် ကြည့်သည်။
"ချီနိုင်ငံရဲ့ ဧကရာဇ်က မောက်မာပြီးတော့ အရည်အချင်းမရှိဘူး။ ချီရုံးတော်က ဘာအကျိုးပြုမှုမှ မလုပ်ပဲ အစိုးရလစာကို ယူတဲ့လူတွေနဲ့ ပြည့်နေတယ်.."
"ငါတို့ရဲ့ ကောင်းကင်မိခင်ဂိုဏ်းက မိုးကောင်းကင်ရဲ့ အလိုကိုလိုက်ပြီး ဒီသုံဟယ်စီရင်စုကို စတင်မှတ်အဖြစ် ပြုလုပ်ပြီး ချီနိုင်ငံရဲ့ ဧကရာဇ်ကို တကယ့် အုပ်ချုပ်မှုဆိုတာ ဘာလဲဆိုတာကို သိသွားအောင် လုပ်ပေးလိုက်မယ်.."
ခုံရော့ကျစ်၏ မျက်လုံးများက ခက်ထန်ကာ သူ၏အသံက ဧကရာဇ်ချီနှင့် ချီရုံးတော်အပေါ် ဒေါသတရားတို့ဖြင့် ပြည့်နက်နေပါသည်။
လူသန်ကြီးက အကြိမ်ကြိမ် ခေါင်းငြိမ့်သည်။ သူ၏ ထောက်ခံမှုကို ဖော်ပြ၏။
"အကြံပေးခုံက.. သိုင်းပညာမှာ ထူးချွန်မှုအတွက် ကျော်ကြားခဲ့တယ်။ ကဗျာစာပေနဲ့ ဉာဏ်ပညာကလည်း လောကကြီးမှာ ပြိုင်ဖက်ကင်းတယ်.."
"ဒါပေမယ့် အင်ပါရီယာ စာမေးပွဲကို သုံးကြိမ်တိုင်အောင် ကျရှုံးခဲ့တယ်။ ချီရုံးတော်က တကယ့်ကို အသုံးမကျတဲ့ မျက်ကန်းတွေပဲ.."
အခြားသူများကလည်း ခေါင်းငြိမ့်ကြသည်။ အကြံပေးခုံမှာ ကောင်းကင်မိခင်ဂိုဏ်း၏ ဗျူဟာဆိုင်ရာ အကြီးအကဲ ဖြစ်သည်။
သူ့တွင် အနှိုင်းမဲ့သည့် ပါရမီနှင့် ဉာဏ်ပညာရှိ၏။ သို့ပေမယ့် စာမေးပွဲကို သုံးကြိမ်တိုင်အောင် ကျရှုံးခဲ့လေသည်။
ဧကရာဇ်ချီက အရည်အချင်း မပြည့်ဝပဲ ရုံးတော်တွင် မျက်ကန်းများနှင့် ပြည့်နက်နေတာ သေချာပါသည်။
ဤသည်က ကောင်းပါသည်။ အကြံပေးခုံ ကောင်းကင်မိခင်ဂိုဏ်းသို့ စတင်ဝင်ရောက်ခဲ့စဉ် ကတည်းက သူတို့တွေ ခြေတစ်လှမ်းပြီး တစ်လှမ်း မြင့်တက်လာခဲ့၏။
ယခုအချိန်၌ သုံဟယ်စီရင်စုကို ထိန်းချုပ်ရန်အတွက် နောက်ဆုံးခြေလှမ်းကိုသာ လိုအပ်ပါတော့သည်။
ပြီးလျှင် ပုန်ကန်ခြင်း အလံတိုင်ကို လွှင့်ထူနိုင်မှာ ဖြစ်၏။
အကြံပေးခုံသာ သူတို့ဘက်တွင် ရှိပါက ကောင်းကင်မိခင်ဂိုဏ်း၏ တော်လှန်မှုမှာ သံသယဝင်စရာမကောင်းလောက်အောင် အောင်မြင်မှု ရလာမှာပါ။
"ဒါ ဒါ ဒါ ဒါ ဒါး.."
တိတ်ဆိတ်နေသည့် လမ်းပေါ်တွင် မြင်းခွာသံများ ဆက်တိုက်ပေါ်လာပြီး အဝေးမှ ရွှီအိမ်တော်ဘက်သို့ တဖြည်းဖြည်း ရွေ့လျှားလာခဲ့သည်။
"လာနေပြီ.."
ခုံရော့ကျစ်၏ ပုံစံက လင်းလက်သွား၏။
"ပထမ အစီအစဉ်အတိုင်း ဆိုရင် ငါတို့တွေ ထောင်ကိုသွားမဲ့လမ်းမှာ ရွှီကျွင်းဟယ်နဲ့ သူ့ရဲ့ဇနီးဖြစ်သူကို ပြန်ပေးဆွဲကြမယ်.."
"ရွှီကျွင်းဟယ်က ငါတို့ဂိုဏ်းကို ဝင်ပြီးရင် ချီနဲ့ဝူနိုင်ငံမှာ ငါတို့ရဲ့စီးပွားရေး ရှိလာပြီး နိုင်ငံတစ်နိုင်ငံကို ယှဉ်ပြိုင်နိုင်တဲ့ ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်လာမှာ အိပ်မက်တစ်ခု မဟုတ်တော့ဘူး.."
"ဒါပေမယ့် ရွှီကျွင်းဟယ်က သဘောတူပါ့မလား.." လူသန်ကြီးက ကြောင်တောင်စွာ မေးသည်။
"တူမှာပေါ့.."
ခုံရော့ကျစ်က အရာအားလုံးကို ထိန်းချုပ်ထားသည့်အလား ယုံကြည်မှုအပြည့်ဖြင့် ပြောသ၏။
"သူ့ကိုယ်သူကို မစဉ်းစားရင်တောင်.. သူ့ရဲ့ ဦးနှောက်မကောင်းတဲ့ သားအတွက် စဉ်းစားပေးရမယ်လေ.."
"ဘုန်း.."
ရွှီအိမ်တော်၏ အရှေ့တံခါးက ပွင့်ထွက်သွားခဲ့သည်။ သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက စစ်သည်များကို ဦးဆောင်ကာ ချိုးဖျက်ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။
အိမ်တော်တစ်ခုလုံးက ချက်ချင်းပင် အုန်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။ ချန်ပြောင်ထုံ၊ ဝမ်ကွမ်ကျုနှင့် အခြားလူများ အားလုံးမှာ မှင်သက်သွားကြသည်။
ရန်သူများက ကောင်းကင်မိခင်ဂိုဏ်းမှ အဖွဲ့သားများမဟုတ်ဘဲ စစ်သည်များ ဖြစ်နေသည်လား။ ချက်ချင်းပင် သူတို့၏ ပုံစံများက ပြောင်းလဲသွားပြီး ဘေးဆီသို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။
အခြေအနေ မကောင်းပါက ချက်ချင်း ထွက်ပြေးကြမည် ဖြစ်၏။
"ရွှီကျွင်းဟယ်က ကောင်းကင်မိခင်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့တယ်.."
"ဒါက ကြီးမားတဲ့ အပြစ် တစ်ခုပဲ။ ဒီစီရင်စုအုပ်ချုပ်သူရဲ့ အမိန့်နဲ့ ရွှီမိသားစုကို ရှာဖွေပြီး ရွှီကျွင်းဟယ်နဲ့ သူ့ရဲ့မိန်းမကို ဖမ်းဆီးကြ.."
သုံဟယ်စီရင်စု၏ အုပ်ချုပ်သူက အစောင့်များ၊ ချန်ပြောင်ထုံနှင့် အခြားသိုင်းသမားများကို မာကျောစွာကြည့်သည်။ သူက နက်ရှိုင်းသည့် အသံဖြင့် ပြော၏။
"မင်းတို့တွေ ဒီကိစ္စမှာ မပါချင်ရင် လက်နက်တွေကို ချထားကြ။ မင်းတို့ရဲ့ နောက်ခံတွေကို အတည်ပြုပြီးရင် ကိုယ့်ဘာသာ ထွက်သွားလို့ ရနိုင်မယ်.."
အစောင့်များအားလုံးက လက်နက်များကို ကိုယ်စီ ချလိုက်ကြ၏။ ချန်ပြောင်ထုံတို့ အတွက်လည်း တူညီစွာပင်ဖြစ်သည်။
ဤသည်မှာ အစိုးရဖြစ်၏။ ကောင်းကင်မိခင်ဂိုဏ်းရှိ မိစ္ဆာနောက်လိုက်များ မဟုတ်ပေ။ သူတို့ကို ခုခံခြင်းက ပုန်ကန်ခြင်း မည်၏။
ဤသည်မှာ မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရနိုင်သည့် ကြီးမားသည့် အပြစ်ကြီးတစ်ခု ဖြစ်သည်။
ရွှီကျွင်းဟယ်က ဇနီးဖြစ်သူကို တွဲရင်းနှင့် ရှေ့သို့ထွက်လာ၏။ သုံဟယ်စီရင်စု၏ အုပ်ချုပ်သူကို တည်ငြိမ်စွာကြည့်သည်။
မကြာသေးခင်ကပင် သူတို့သည် သောက်စားမှုပြုကာ ပျော်ရွှင်စွာ စကားပြောခဲ့ကြ၏။ သို့ပေမယ့် ယခုအချိန်၌ အလွန်ရက်စက်စွာ ပြုမူလာခဲ့သည်။ ဤသည်မှာ အိမ်ရှေစံမင်းသား နေရာအတွက် ရက်စက်လှသည့် တိုက်ပွဲဖြစ်၏။
"ကောင်းကင်မိခင်ဂိုဏ်းနဲ့ ပူးပေါင်းတယ်။ ဘယ်လိုလုပ်ပြီး ရုတ်တရက် စွပ်စွဲခံရတာလဲ.."
ရွှီကျွင်းဟယ်က ကောင်တီအုပ်ချုပ်သူကို ကြည့်ကာ သက်ပြင်းချသည်။
ကောင်းကင်မိခင်ဂိုဏ်းနှင့် ပူးပေါင်းခြင်း ဟူသည်မှာ အလွန်ကြီးလေးကာ ပြင်းထန်သည့် အပြစ်ဒဏ်တစ်ခုဖြစ်၏။
ရွှီမိသားစုတစ်ခုလုံးကို သုတ်သင်ပြီး ယောက္ခမဖြစ်သူ၏ မိသားစုများပင်လျှင် လွတ်မြောက်မည် မဟုတ်ပေ။
သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက မထူးမခြားနားစွာ ကြည့်ကာ ပြော၏။
"ငါ့ရဲ့ရုံးတော်က ရွှီမိသားစုနဲ့ ကောင်းကင်မိခင်ဂိုဏ်းတို့ရဲ့ ပူးပေါင်းမှုတွေ ရှိမရှိဆိုတာကိုပဲ စစ်ဆေးဖို့အတွက် တာဝန်ရှိတယ်။ ဒီကိစ္စကို ပြီးရင် တရားစီရင်ရေး ရုံးတော်က ဆုံးဖြတ်လိမ့်မယ်.."
ရွှီကျွင်းဟယ်က တိတ်ဆိတ်စွာသာ နေ၏။ သူ့ကိုကောင်းကင်မိခင်ဂိုဏ်းနှင့် ပူးပေါင်းသည်ဟူ၍ တစ်ခါတည်း ပြစ်ဒဏ်ချမှတ်ခြင်း မပြုခဲ့ပေ။
သူ၏အမြင်တွင် ဤသည်မှာ သူ့အား ကောင်းကင်မိခင်ဂိုဏ်းနှင့် အမှန်တကယ် ပူးပေါင်းရမည်လားဟု သေသေချာချာ စဉ်းစားရန်အတွက် ဖိအားပေးခြင်း ဖြစ်ပေလိမ့်မည်။
သူသာ ထိုကဲ့သို့ လုပ်ဆောင်ပါက မည်သည့် နောက်ပြန်လမ်းမှ ရှိတော့မည် မဟုတ်ပါ။ ဤသည်မှာ မိသားစုတစ်ခုလုံးကို သုတ်သင်နိုင်သည့် ကြီးလေးသည့် ပြစ်ဒဏ်တစ်ခုဖြစ်၏။
အခြားပြစ်မှုများသာ ဆိုပါက အပြစ်ဒဏ်မှာ သုတ်သင်ခံရမည့်အစား နယ်နှင်ဒဏ် ခံရခြင်းသာ ရှိမှာပါ။
အရာအားလုံးတို့သည် ကုန်သည်တစ်ယောက်သာ ဖြစ်သည့် သူ့အနေနှင့် ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းတွင် မရှိပေ။
မြို့တော်ရှိ ယောက္ခမဖြစ်သူတွင် ရလဒ်၏ ဆိုးကျိုးများအား ထိန်းညှိရန်အတွက် လုံလောက်သည့် လွှမ်းမိုးမှုတို့ ရှိရန်သာ မျှော်လင့်မိသည်။
"သူတို့ကို ခေါ်သွား.."
သုံဟယ်ကောင်တီ အုပ်ချုပ်သူ၏ လက်ဝှေ့ရမ်းမှုနှင့်အတူ နှောင်ကြိုးများအား ကိုင်ဆောင်ထားသည့် စစ်သည်နှစ်ယောက်တို့ ရှေ့တက်လာကြသည်။ ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူကို ချည်နှောင်ရန် ပြင်ဆင်၏။
စစ်သည်များမှာလည်း ရွှီမိသားစု၏ အိမ်တော်ကို ရှာဖွေရန်အတွက် စတင် ပြေးလွှားသွားကြသည်။
သုံဟယ်ကောင်တီ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တွင် ယခုမျှ ကြီးမားသည့် ချမ်းသာကြွယ်ဝမှုတို့ ရှိရာ မည်သူက မနာလို မဖြစ်ဘဲ နေမည်လဲ။
ယခုအချိန်၌ ထိုတံတိုင်းကြီးမှာ နောက်ဆုံးတွင် ပြိုလဲတော့ပေမည်။ မရေမတွက်နိုင်သည့် ဆာလောင်နေသည့် ဝံပုလွေများက သေချာစွာ ဝင်ရောက် စားသောက်ကြမှာ ဖြစ်၏။
ရုတ်တရက် မိုးကြိုးကဲ့သို့ အော်သံတစ်ခု ပေါ်လာခဲ့သည်။
"ငါ့ရဲ့အိမ်ကို ဘယ်သူရှာရဲလဲ ဆိုတာကို.. ငါကြည့်ဦးမယ်.."
သခင်မရွှီ၏ မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။ သူမက အသံပြု၏။
"ယန်အာ.."
သူမ၏မျက်နှာက ချက်ချင်းပင် ဖြူရော်သွား၏။
ဒီအချိန်တွင်မှ သူမ၏သားက အဘယ်ကြောင့် ပြန်လာရသနည်း။
"ဘုန်း.."
ထိုအချိန်၌ ကြောက်စရာကောင်းသည့် မီးနီရောင်စွမ်းအားတို့ ရစ်ပတ်ထားသည့် အနီရောင် နဂါးနှစ်ကောင်တို့က လေထဲမှ ထိုးဆင်းလာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားအလား အောက်ရှိ စစ်သည်များနှင့် အမှုထမ်းများကို ဖြတ်သန်း တိုက်ခိုက်လာခဲ့သည်။
ချက်ချင်းပင် ရွှီအိမ်တော်ကို ရှာဖွေရန်အတွက် တာဆူနေကြသည့် စစ်သည်များနှင့် အမှုထမ်းများ နောက်သို့ လွင့်စင်ကုန်ကြ၏။
မြေပြင်ပေါ်သို့ လဲကျကာ အချိန်အတော်ကြာအောင် မထနိုင်ဘဲ ရှိနေပါသည်။
ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူကို ချည်နှောင်ရန်အတွက် ရှေ့တက်လာသည့် စစ်သည်နှစ်ယောက်တို့မှာလည်း နဂါးကြီးတစ်ကောင်၏ လေထဲသို့ မြှောက်လိုက်ခြင်းကို ခံရပြီး ကြောက်စရာကောင်းသည့် မီးတောက်တစ်ခုကဲ့သို့ ပူလောင်လှသည့် စွမ်းအားအောက်တွင် ပေါက်ကွဲထွက်ကုန်ကြသည်။
စစ်သည်နှစ်ယောက်လုံး တူးခြစ်နေသည့် အလောင်းများအဖြစ် ပြောင်းလဲသွားပြီး အခြား စစ်သည်မျာ၏ ဦးခေါင်းများပေါ်သို့ ကျဆင်းကုန်ကြ၏။
ပူလောင်လှသည့် စွမ်းအားများ လွှမ်းခြုံနေသည့် လူငယ်တစ်ယောက် ကောင်းကင်မှ သက်ဆင်းလာပြီး ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူတို့၏ ရှေ့သို့ ကျရောက်လာခဲ့သည်။ သူ၏ ကြောက်စရာကောင်းသည့် ခွန်အားကို ပြီးပြည့်စုံစွာ ပြသထား၏။
အားလုံး တိတ်ဆိတ်သွားခဲ့သည်။
သုံဟယ်ကောင်တီ အုပ်ချုပ်သူ၏ ခန္ဓာကိုယ်က တုန်ခါနေ၏။ သူ၏ မျက်လုံးများ၌ အံ့သြမှုတို့ဖြင့် ပြည့်နက်နေပါသည်။
မြေပြင်ပေါ်တွင် လဲကျနေသည့် စစ်သည်များလည်း အကြောက်တရားဖြင့် တုန်ယင်နေကြ၏။
ရွှီမိသားစု၏ အစောင့်များ အားလုံးတို့လည်း ထိတ်လန့်နေကြပြီး သူတို့၏ ပါးစပ်များက ကျယ်လောင်စွာ ပွင့်ဟနေကြသည်။
မျက်လုံးများ ပြူးကျယ်စွာဖြင့် ကောင်းကင်ပေါ်မှ သက်ဆင်းလာသည့် လူငယ်ကို စိုက်ကြည့်နေမိ၏။
ခေါင်းဆောင်ချန်က တံတွေးများကို ဆက်တိုက် မျိုချနေပြီး သူ၏ နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာခဲ့သည်။
သူ၏မျက်လုံးများက ပြူးကျယ်နေပြီး ဦးနှောက်တွင် ဗလာကျင်းလင်း ဖြစ်နေ၏။
"ရွှီယန်လား..."
"ရွှီကျွင်းဟယ်ရဲ့ ငတုံးသားလား..."
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
ယခုအချိန်၌ အမှင်သက်နေဆုံးမှာ ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူတို့ ဖြစ်ကြသည်။
ရွှီယန်၏ ကောင်းကင်ပေါ်မှ သက်ဆင်းလာမှုကို ကြည့်ရှု့ကာ... အထူးသဖြင့် ကြောက်စရာကောင်းသည့် နဂါးကြီးနှစ်ကောင်၏ စစ်သည် အားလုံးတို့အား လွင့်စင်သွားစေခဲ့ပုံကို ကြည့်ရာ ဤသည်မှာ လူသားများ စွမ်းဆောင်နိုင်သည့် အဆင့်မှ ကျော်လွန်နေသည်ဟု ထင်မိကြသည်။
သူတို့၏ သားသည် လောကတွင် ပုန်းအောင်းနေသည့် စွမ်းအားကြီး ဆရာသခင်များကို အမြဲတမ်း ရှာဖွေနေခဲ့၏။
ဒဏ္ဍာရီပုံပြင်များမှ ဖော်ကျူးထားသည့် စွမ်းအားကြီးသိုင်းပညာကို သင်ကြားလိုလေသည်။ ဖြစ်နိုင်သည်မှာ သူသည် ကျင့်ကြံမှုတွင် အမှန်တကယ် အောင်မြင်မှု ရခဲ့သည်လား။
ရွှီယန်က ဒေါသတကြီး ဖြစ်နေ၏။ ခုနက သူအများကြီး ထိန်းချုပ်ထားပါသည်။ မဟုတ်ပါက ထိုစစ်သည်များ အားလုံး သူ၏ လက်ဝါးတစ်ချက်ဖြင့် အကုန်သုတ်သင်ခံရမှာ ဖြစ်၏။ အလောင်းများပင်လျှင် ကျန်ရစ်မည်မဟုတ်ပေ။
ဤသည်မှာ သူ၏ အိမ်တော်ဖြစ်ပြီး မိခင်ဖြစ်သူလည်း ရှိနေပါသည်။ ထိုသို့လုပ်ဆောင်ခြင်းက အိမ်ခန်းဆောင်များကို ညစ်ပတ်စေကာ မိခင်ဖြစ်သူကို ကြောက်ရွံ့သွားစေမှာဖြစ်သည်။
ထို့ကြောင့် သူက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ မိဘများကို ကြိုးများဖြင့် ချည်နှောင်ရန် ပြုလုပ်နေသည့် စစ်သည်နှစ်ဦးသာလျှင် လေထဲသို့ လွင့်စင်ကာ သူ၏ နဂါးနိုင်လက်ဝါးသိုင်းနှင့် နေရာမှာတင် သေဆုံးခဲ့ရ၏။
ပူလောင်လှသည့် ချီနှင့်သွေးစွမ်းအားက ချက်ချင်းပင် သူတို့၏ အလောင်းများကို မီးသွေးအလား ပြောင်းလဲသွားစေခဲ့သည်။