← Chapters

ကျွန်တော်တို့ ကောင်းကင်မိခင်ဂိုဏ်းက သခင်လေးရွှီကို ကောင်းကင် မဟာသူတော်စင် အဖြစ် ကိုးကွယ်လိုတယ်

Vol. 3 Ch. 45

ကျွန်တော်တို့ ကောင်းကင်မိခင်ဂိုဏ်းက သခင်လေးရွှီကို ကောင်းကင် မဟာသူတော်စင် အဖြစ် ကိုးကွယ်လိုတယ်

Vol. 3 Ch. 45

"ခွေးကောင်တွေ.. မင်းတို့တွေ ငါ့အိမ်ကိုလာပြီးတော့ ရှာရဲတယ်။ သေချင်နေတာလား.."

ဒီအချိန်၌ ရွှီယန်တစ်ယောက် အလွန် ဒေါသထွက်နေ၏။

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူအား စူးစိုက်စွာ ကြည့်သည်။

အနီရောင် နဂါးတစ်ကောင်က သူ့ကို လှည့်ပတ်နေပြီး စွမ်းအားကြီးမားသည့် ဖိအားကြောင့် သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူအား မြေပြင်ပေါ်သို့ ထိုင်ကြသွားစေ၏။

"ငါ့အဖေက အလုပ်ကို ကြိုးစားပြီး ပိုက်ဆံလေးနည်းနည်းရအောင် စီးပွားရေးကို မနားတမ်း လုပ်ထားရတာ။ ဒါက လွယ်ကူတယ် ထင်လား.."

"ဧကရာဇ်ရဲ့ သားနှစ်ယောက် ပုလ္လင်အတွက် တိုက်ခိုက်တာနဲ့ပဲ ငါတို့ရွှီမိသားစုကို ထိခိုက်ချင်တာလား။ ဒါကြီးက လွန်သွားပြီ.."

"ငါ့အဘိုးက သူ့ရဲ့ တတိယသားကို မြင့်မြင့်မားမား စဉ်းစားပေးထားတာက အဲ့ဒီ့ဧကရာဇ်ရဲ့ ကံကောင်းမှုပဲ.."

ရွှီယန်က ထိုစကားကို ပြောချိန်၌ ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူတို့၏ မျက်နှာများက ရုတ်တရက်  ပြောင်းလဲသွားသည်။

ဤသည်မှာ ပေါ်တင် ပုန်ကန်ထကြွခြင်းပင်။ မိသားစုတစ်ခုလုံး သုတ်သင်ခံရမည့် အရေးကို ဖြစ်ပွားစေနိုင်၏။

ရွှီအိမ်တော်၏ အပြင်ဘက်တွင် ပုန်းအောင်းနေသည့် ခုံရော့ကျစ်က ရွှီယန်၏ စကားကို ကြားရပြီးနောက် စိတ်လှုပ်ရှားသွားသည်။ ရွှီယန်၏ ထည်ဝါလှသည့် အသွင်အပြင်ကို ကြည့်ကာ သူ၏ စိတ်ထဲတွင် ရဲတင်းသည့် စိတ်ကူးတစ်ခု ပေါ်လာခဲ့၏။

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက ရွှီယန်ကို ထိတ်လန့်သည့် မျက်နှာဖြင့် လက်ညှိုးထိုးသည်။

"မင်း... မင်းက သစ္စာဖောက်ပဲ။ ဒါက ပုန်ကန်ထကြွတာနဲ့ ညီမျှတယ်။ မင်းကို ဘယ်လို အပြစ်ပေးမှုက စောင့်နေမယ်ထင်လဲ.."

"သွားကြ။ ဒီသစ္စာဖောက်ရွှီနဲ့ သူ့သားကို ဖမ်းဆီးကြ။ ဒါက မင်းတို့ကိုယ်မင်းတို့ ဂုဏ်ဆောင်နိုင်မယ့် အခွင့်အရေးတစ်ခုပဲ။ သူတို့ကို မြန်မြန်သွားဖမ်းကြ.."

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက အော်၏။

ရွှီယန်က နတ်ဘုရားကဲ့သို့ စွမ်းအားကို ပြသခဲ့ပေမယ့် အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်ခြင်းမရှိဘဲ  အကျိုးအမြတ်ရလိုသည့် လူများ ရှိနေပါသေးသည်။

"လူတိုင်းပဲ.. အတူတူ တက်ကြရအောင်။ သူက တစ်ယောက်တည်းကို.. ကြောက်စရာမလိုဘူး.."

စစ်သည်များ၏ ခေါင်းဆောင်က လက်နက်ကို ကိုင်ဆောင်ကာ အော်၏။

ပုန်ကန်မှုကို ဖိနှိပ်ကာ ပုန်ကန်ခြင်း ခေါင်းဆောင်ကို  ဖမ်းဆီးခြင်းမှာ ကြီးမားသည့် အကျိုးပြုမှု ဖြစ်သည်။

ချမ်းသာကြွယ်ဝမှုနှင့် မြင့်မားသည့် ရာထူးဂုဏ်သိမ်တို့ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပါပြီ။

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက ခေါင်းဆောင်ချန်နှင့် အခြားသူများကို လှမ်းကြည့်ကာ ပြောသည်။

"ပုန်ကန်တဲ့ လူဆိုးတွေကို ဖမ်းဆီးရာမှာ ပါဝင်တဲ့လူတွေအားလုံး ရုံးတော်ကို တင်ပြခံရပြီး ဆုကြေးတွေ ရကြလိမ့်မယ်.."

"မြင့်မားတဲ့ ရာထူးတွေနဲ့ ချမ်းသာကြွယ်ဝမှုက မင်းတို့မျက်စိရှေ့မှာပဲ။ အခွင့်အရေးကို ကောင်းကောင်းဖမ်းဆုပ်ကြ.."

ထိုလူများအားလုံးသည် ထိပ်တန်းသိုင်းသမားများ ဖြစ်ကြ၏။

ချန်ပြောင်ထုံနှင့် အခြားလူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အနည်းငယ် စိတ်ဝင်စားသွားကြသည်။ သို့ပေမယ့် တုံ့ဆိုင်းလဲ နေကြ၏။

"မြှားသမားတွေ ပစ်ကြ.."

ရွှီအိမ်တော်၏ အပြင်ဘက်တွင် စစ်သည်များက သူတို့၏ လေးများကို တင်ကာ မြှားတံများကို ဆွဲလိုက်ကြသည်။ အေးစက်သည့် မြှားတံများက ရွှီယန်တို့ ၃ယောက်ကို ဦးတည်ထား၏။

သခင်မရွှီ၏ မျက်နှာက ဖြူရော့သွားပြီး တုန်ယင်သည့်အသံဖြင့် ပြောသည်။

"ယန်အာ.. မြန်မြန်လေး ပြေးတော့.. ငါနဲ့နင့်အဖေကို စိတ်ပူမနေနဲ့.."

"အမေ.. စိတ်မပူနဲ့.. ကျွန်တော် ဒီနေ့မှာ ကျွန်တော်တို့ မိသားစုအတွက် တရားမျှတမှုကို ရှာပေးမယ်.."

ရွှီယန်၏ မျက်လုံးများက အေးစက်နေပြီး ဒေါသတကြီး ပြော၏။

"ငါ့အဖေက အလုပ်ကိုကြိုးစားပြီး စီးပွားရေးအချို့ကို လုပ်တယ်.."

"ဥပဒေကို လိုက်နာတယ်။ ဒါပေမယ့်အခု ဧကရာဇ်မိသားစုရဲ့ ပြဿနာကြောင့် သူဆွဲထည့်ခံရတယ်။ ဒါက တကယ့်ကို လွန်ကျူးတာပဲ.."

ယခုအချိန်၌ ရွှီယန်က အမှန်အကန် နေပြီ ဖြစ်၏။

"အဖေသာ စီးပွားရေးလုပ်ပြီး ပိုက်ဆံမရှာနိုင်ဘူးဆိုရင် ငါ့အတွက် ပိုက်ဆံသုံးဖို့ ဘယ်ကနေပြီး ရနိုင်မှာလဲ.."

"အဖေ စုဆောင်းထားတဲ့ ချမ်းသာကြွယ်ဝမှုတွေသာ မရှိရင် တပည့်တစ်ယောက် ဖြစ်လာဖို့ ပူဇော်ခြင်းလက်ဆောင်တွေကို ဘယ်က ရနိုင်မှာလဲ.."

"ပူဇော်ခြင်းလက်ဆောင် မရှိရင် ငါက ဘယ်လိုလုပ်ပြီး အထွတ်အထိပ် သိုင်းပညာကို ကျင့်ကြံနိုင်မှာလဲ.."

"မင်းတို့တွေ ငါ့ရဲ့အိမ်ကို ချိတ်ပိတ်ပြီး ငါ့မိဘတွေကို ဖမ်းဆီးချင်တယ်ပေါ့။ ဒါက ငါ့ရဲ့သိုင်းပညာလမ်းကြောင်းကို ဖျက်စီးတာပဲ။ ဒါကြီးက လွန်သွားပြီ.."

ရွှီယန်သည် စဉ်းစားလေလေ ပိုမို ဒေါသထွက်လေ ဖြစ်လာခဲ့၏။ အေးစက်သည့်မြှားများ၊ အမှုထမ်းနှင့် စစ်သည်ရာချီ၊ ပထမတန်းစားနှင့် ထိပ်တန်းသိုင်းသမားများကို ရင်ဆိုင်ရချိန်၌ သူ့တွင် အကြောက်တရား လုံးဝမရှိပေ။

သူ၏ မျက်လုံးထဲတွင် ထိုလူများဟာ ခွေးနှင့်ကြောင်များကဲ့သို့ အားနည်းလှ၏။ နဂါးနိုင် လက်ဝါးသိုင်း တစ်ချက်နှင့် အားလုံးကို သတ်ဖြတ်နိုင်ပါသည်။

"ဟန့်.. ရေတွင်းအောက်က ဖားသူငယ်တွေက လောကကြီးရဲ့ ကျယ်ပြောမှုကို ဘယ်လိုသိမှာလဲ။ ဒီနေ့မှာ ငါရွှီယန်က မင်းတို့ကို စစ်မှန်တဲ့ သိုင်းပညာက ဘာလဲဆိုတာကို သိသွားအောင် လုပ်ပေးလိုက်မယ်.."

ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။

"သခင်လေးရွှီပြောတာ မှန်တယ်။ ချီနိုင်ငံရဲ့ ဧကရာဇ်အိုကြီးက မောက်မာပြီး အရည်အချင်းမရှိဘူး။ သူက နန်းချခံရဖို့ ထိုက်တန်တယ်.."

ရုတ်တရက် စိတ်လှုပ်ရှားသည့် အော်သံတစ်ခု ပေါ်လာခဲ့၏။ ပုံရိပ်၁၃ခုတို့က လေထဲသို့ ပျံသန်းလာပြီး စစ်သည်များ၏ ဦးခေါင်းပေါ်မှ ဖြတ်ကျော်ကာ မြင်ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဦးဆောင်လာသည့် တစ်ယောက်သည် ငှက်မွှေးယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားပြီး သူ၏မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။

ကျန်ရှိသည့် ၁၂ယောက်တို့ အားလုံးကတော့ လက်နက်အသီးသီးကို ကိုင်ဆောင်ထားပြီး သူတို့၏ မျက်နှာများက အေးစက်နေကြသည်။

"ကောင်းကင်မိခင်ဂိုဏ်းလား.."

ရွှီယန်က မျက်မှောင်ကြုံ့သွား၏။

ကောင်းကင်မိခင်ဂိုဏ်း အပေါ်တွင်တော့ သူ့တွင် မည်သည့် ကြီးမားသည့် ရန်ငြိုးမှ မရှိပါ။ ရွှီမိသားစု၏ အကျိုးအမြတ်ကိုသာ မထိခိုက်ပါက သူ့အနေနှင့် ဂရုစိုက်မည် မဟုတ်ပေ။

ထို့အပြင် ဒီတစ်ကြိမ် အချိန်မှီ ပြန်လာနိုင်ခဲ့ခြင်းမှာလည်း ကောင်းကင်မိခင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ယွင်ရှန်းကောင်တီ၏ အုပ်ချုပ်သူဆီမှ သတင်းရလာသောကြောင့် ဖြစ်၏။

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက အေးစက်သည့်အသံဖြင့် ပြောသည်။

"ရွှီကျွင်းဟယ်နဲ့ သူ့သားက ကောင်းကင်မိခင်ဂိုဏ်းနဲ့ ပူးပေါင်းနေတယ်။ သက်သေက ခိုင်မာနေပြီ။ သူတို့တွေကို သုတ်သင်သင့်တယ်.."

"သွားပြီးတော့ သတ်ကြ။ တစ်ယောက်မှ အရှင်မထားနဲ့.." သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက လက်ကိုဝှေ့ရမ်းကာ ပြော၏။

ခုံရော့ကျစ်က သူ၏ငှက်မွှေးယပ်တောင်ကို ခပ်ကာ  အသာပြုံးသည်။

"ဒီကပုဂ္ဂိုလ်... မင်းရဲ့ စစ်သည်တွေထဲမှာ လူဘယ်နှစ်ယောက်က ငါတို့ ကောင်းကင်မိခင်ဂိုဏ်းရဲ့ နောက်လိုက်တွေ ဖြစ်နေမယ်လို့ ထင်လဲ.."

သုံဟယ်ကောင်တီ အုပ်ချုပ်သူ၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွား၏။ ထို့နောက် သူက အေးစက်စွာ  နှာခေါင်းရှုံ့သည်။

"ငါ့ဘက်ကရော ပြင်ဆင်မလာဘူးလို့ မင်းထင်လား။ ဒီစစ်သည်တွေက သုံဟယ်ကောင်တီရဲ့  မြို့စောင့်တပ်ဖွဲ့က မဟုတ်ဘူး။ စစ်သူကြီး စံအိမ်ကနေပြီးတော့ စေလွှတ်ထားတာ.."

"ပစ်ကြ။ အားလုံးကို သတ်ကြ.."

သူကလက်ကို ဝှေ့ရမ်းကာ ခက်ထန်သည့် အကြည့်ဖြင့် ရှိနေ၏။

"ရွှီး ရွှီး ရွှီး.."

မြှားများက ချက်ချင်းပင် မိုးသီးများသဖွယ် ပျံသန်းလာကြ၏။ သို့ရာတွင် တစ်ချိန်တည်း၌ လားရာတစ်ခုတွင် မည်သည့်မြှားမှ ထွက်ပေါ်မလာသည်လည်း ရှိပါသည်။

ထိုနေရာရှိ စစ်သည်များက သူတို့၏ မြှားဦးများကို မြှားများကို ပစ်လွှတ်ခဲ့သည့် စစ်သည်များဘက်သို့  ချိန်ရွယ်ပစ်ခတ်လိုက်သည်။ ရုတ်တရက် အော်ဟစ်သံများ ဆူညံစွာ ပေါ်လာခဲ့၏။

သုံဟယ်ကောင်တီ အုပ်ချုပ်သူ၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွားသည်။ ကောင်းကင်မိခင်ဂိုဏ်းသည် အဘယ်ကြောင့် ယခုမျှ နက်ရှိုင်းစွာ အမြစ်တွယ်လာရသနည်း။

"ဝှစ်..."

ခုံရော့ကျစ်နှင့် အခြား ကောင်းကင်မိခင်ဂိုဏ်းမှ သန်မာသူများက ဆုတ်ခွာမှု ပြုကြသည်။ မြှားမိုးနှင့် လွှမ်းခြုံထားသည့် နေရာမှ ရှောင်ကြဉ်၏။

သို့ပေမယ့် ထိုအချိန်၌ ဧရာမ အနီရောင် နဂါးကြီးနှစ်ကောင်က ကောင်းကင်သို့ ဟိန်းလိုက်ကြသည်။

"ဝေါင်း.."

မြှားများအားလုံး လေထဲတွင် ရပ်တန့်သွားကြပြီး ရွှီယန်နှင့် ၁၀ပေအကွာ၌ ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။

"ဟန့်.."

ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက်  နဂါးနိုင်လက်ဝါး၏ အားတစ်ခုကို ထုတ်လွှတ်ကာ  မြှားများကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေသည်။

သူ၏လက်ဝါးကို တွန်းထုတ်လိုက်သည်နှင့် နဂါးနိုင်လက်ဝါးက ဟိန်းသံတစ်ခုနှင့် ထွက်ပေါ်လာခဲ့၏။

အနီရောင်နဂါးနှင့် ထိတွေ့လိုက်သည့် စစ်သည်အားလုံးတို့ သွေးများအန်ကာ မြေပြင်ပေါ်သို့ လဲကျကုန်သည်။

အချိန်အတော်ကြာအောင် ထနိုင်ခြင်း မရှိတော့ပေ။

ထိုအချိန်၌ ရွှီယန်က သုံဟယ်ကောင်တီ အုပ်ချုပ်သူကို ကြမ်းကြုတ်စွာ ကြည့်၏။

"ပုန်ကန်တာလား။ အဲ့တော့ ချီနိုင်ငံရဲ့ ဧကရာဇ်က ငါ့ကို ဘာလုပ်နိုင်မှာလဲ။ ငါရွှီယန်.. ဒီနေ့မှာ ပုန်ကန်တော့ ဘာဖြစ်လဲ.."

သုံဟယ်ကောင်တီ အုပ်ချုပ်သူ၏ မျက်နှာက ဖြူ‌ရော်သွားသည်။ သူ၏ နှုတ်ခမ်းများက တုန်ရီနေ၏။

သို့ပေမယ့် မာကြောသော လေသံဖြင့် ပြောသည်။

"ရွှီယန်.. ဒီလို ထူးခြားဆန်းကြယ် စွမ်းအားတွေကို မင်းဘယ်လို ရလာလဲဆိုတာကို ငါမသိဘူး။ ဒါပေမယ့် မင်းကိုယ်မင်း တစ်ယောက်ထဲနဲ့ စစ်တပ်တစ်ခုရဲ့ အင်အားကို ခုခံနိုင်မယ်လို့ ထင်နေတာလား.."

"ချီနိုင်ငံရဲ့ ကြီးမြတ်တဲ့ စစ်တပ်ကို မင်းတစ်ယောက်တည်း ဘယ်လိုခုခံနိုင်မှာလဲ.."

"မင်းက သေချာပေါက် သေရမှာ။ မင်းရဲ့ ရွှီမိသားစုနဲ့ အမတ်ကြီးကောလဲ သေချာပေါက် သေရမှာ.."

ထိုအချိန်၌ ခုံရော့ကျစ်က ခုန်ထွက်လာ၏။

"သခင်လေးရွှီ.. စိတ်မပူပါနဲ့.. ကျွန်တော်တို့ ကောင်းကင်မိခင်ဂိုဏ်းက မင်းကို ထောက်ပံ့ပေးမယ်.."

"ဒီချီဧကရာဇ်အိုကြီးက ကန်းနေတာ။ ပါရမီရှင်ကို အသိအမှတ်မပြုဘဲ အရည်အချင်းမရှိစွာ အုပ်စိုးခဲ့တယ်။ သူ့ကို နန်းချသင့်တယ်.."

ခုံရော့ကျစ်က စိတ်လှုပ်ရှားစွာနှင့် ဒေါသတကြီး  ပြော၏။ သူ၏မျက်လုံးများထဲရှိ အကြည့်က ပိုမိုကာ ကြမ်းကြုတ်လာခဲ့သည်။

"ငါခုံရော့ကျစ်က ထိပ်တန်း စာပေသမားတစ်ယောက် ဖြစ်ပြီး အသိပညာအရာမှာ အနှိုင်းမဲ့တယ်။ ဒါပေမယ့် ပြည်နယ်စာမေးပွဲကို ၃ကြိမ်တိုင်အောင် ကျရှုံးခဲ့တယ်.."

"ဒီအရည်အချင်းမရှိတဲ့ ဧကရာဇ်နဲ့ သုံးစားမရတဲ့ အမှုထမ်းတွေက ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်ကျက်သရေကို စံစားနေကြတယ်။ ကောင်းကင်က တကယ့်ကို ကန်းနေတာပဲ.."

ရွှီကျွင်းဟယ်က စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည့် ခုံရော့ကျစ်ကို ထူးဆန်းစွာ ကြည့်သည်။ လက်စသတ်တော့ စာမေးပွဲကျခဲ့သည့် စာပေသမားတစ်ယောက် ဖြစ်၏။

ထိုသို့ဆိုပါက ပုန်ကန်ရန်အတွက် ကြံစည်ခဲ့ခြင်းမှာ ထိုအကြောင်းပြချက်ကြောင့်လား။

"အခု ကောင်းကင်က မျက်လုံးပွင့်လာခဲ့ပြီ။ သခင်လေးရွှီလို နတ်ဘုရားလို လူသားတစ်ယောက်ကို ပေါ်လာစေခဲ့ပြီ။ ဒါက ချီနိုင်ငံ အဆုံးသတ်ခြင်းရဲ့ လက္ခဏာပဲ.."

ခုံရော့ကျစ်က ပြောရင်းပြောရင်းနှင့် ပိုမိုကာပင် စိတ်လှုပ်ရှားလာပြီး ခံစားချက်အပြည့်ဖြင့် ရှိနေ၏။ သူက ရုတ်တရက် မြေပြင်သို့ တူထောက်ကာ သူ၏မျက်လုံးများ၌  ရူးသွပ်မှုဖြင့် ပြည့်နက်နေပါသည်။

"သခင်လေးရွှီ.. ကောင်းကင်မိခင်ဂိုဏ်း တစ်ခုလုံးက ဒီနေ့ကစပြီး ခင်ဗျားကို ကောင်းကင် မဟာသူတော်စင်အဖြစ် ကိုးကွယ်ချင်ပါတယ်.."

"ကောင်းကင် မဟာသူတော်စင်က အနှိုင်းမဲ့ပြီးတော့ ထည်ဝါတယ်။ အရည်အချင်းမရှိတဲ့ ချီဧကရာဇ်အိုကြီးကို ပုလ္လင်ပေါ်ကနေ သေချာပေါက် ဆွဲချနိုင်မှာ.."

သူတို့ ဗျူဟာခေါင်းဆောင်ခုံ၏ ဒူးထောက်မှုကို တွေ့ရပြီးနောက် ကောင်းကင်မိခင်ဂိုဏ်း၏ လက်ရွေးစင် အဖွဲ့ဝင် ၁၂ယောက်တို့ကလည်း  ချက်ချင်းပင် လက်နက်များကို မြေပြင်ပေါ်၌ စိုက်ကာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

အရိုအသေပေးစွာ ပြော၏။

"ကောင်းကင်မိခင်ဂိုဏ်းရဲ့ လက်ရွေးစင် ၁၂ယောက်တို့က ကောင်းကင် မဟာသူတော်စင်ကို အရိုအသေပေးပါတယ်.."

သူတို့၏ နှလုံးသားထဲတွင် အကြံပေးခုံ၏ အမြင်ကျယ်မှုကို တိတ်တဆိတ် ချီးကျူးမိကြ၏။ ထိုကဲ့သို့သော အနှိုင်းမဲ့သည့် ကောင်းကင်သူတော်စင်နှင့် သူတို့၏ ကောင်းကင်မိခင်ဂိုဏ်းသည် ဘယ်လိုလုပ်ပြီး ကျရှုံးမှုတို့ ကြုံတော့မည်နည်း။

ရွှီယန်က စိတ်လှုပ်ရှားစွာနှင့် ရူးသွပ်နေသည့် ခုံရော့ကျစ်ကို ကြည့်ကာ လုံးဝ အံ့သြသွားခဲ့သည်။ မည်သည်တို့ ဖြစ်နေသနည်း။

"ကောင်းကင် မဟာသူတော်စင်လား.."

သို့ပေမာ့် သူက ပုန်ကန်ထကြွမှုတစ်ခုကို ပြုလုပ်လျှင်တောင် အဘယ်ကြောင့် ထိုလူများနှင့် လုပ်ဆောင်ရမည်နည်း..

"ဘာကို ကောင်းကင် မဟာသူတော်စင်လဲ။ နေပါဦး။ မင်းတို့ကောင်တွေက ကောင်းကင်မိခင်ဂိုဏ်း မဟုတ်ဘူးလား။ ကောင်းကင် မဟာသူတော်စင်ဂိုဏ်းလို့  ပြန်ပြောင်းဖို့ စီစဉ်နေတာလား.."

ပဟေဠိဖြစ်နေသည့် ရွှီယန်က နောက်ဆုံးတွင် မေး၏။

All Chapters