← Chapters

အရှက်မရှိတဲ့ခွေးကောင်

Vol. 017 Ch. 1670

အရှက်မရှိတဲ့ခွေးကောင်

Vol. 017 Ch. 1670

ရှောင်မုယွီသည် ရီဖူရှင်းအား လျစ်လျူရှုထား၏။ သူကား သူမမြင်ဖူးသမျှအထဲတွင် အရှက်မရှိဆုံးသော ရန်ဟောင်ဖြစ်သည်။

သူ့တွင် ရန်ဟောင်တစ်ပါး၏သိက္ခာသမာဓိများလည်း မရှိပေ။ သူ၏ရုပ်ရည်ချောမောသည်မှလွဲ၍...။

“ဓားအသိပြီးရင် နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲမှာ တခြားဘာတွေ ရခဲ့သေးလဲ” လူတစ်ယောက်က မေးသည်။

လေထဲတွင် နေမင်းကဲ့သို့ ရောင်ဝါများ ထွင်းလင်းနေသော လူတစ်ယောက် ရပ်နေ၏။

သူကား သူရိန်ဘုံ၊ နေမင်းနန်းတော်မှ တိဝူဖြစ်သည်။

တိဝူကား နတ်ဘုရားရတနာများကို ပိုင်ဆိုင်ခဲ့သော လူအချို့ထဲတွင် ပါဝင်သည်။ သူသည်လည်း ထိုရတနာကို အသုံးပြုကာ စတင်ကျင့်ကြံနေပြီဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းအသုံးပြုခဲ့သော အစွမ်းကို တခြားလူများထက် နားလည်သည်။

သူတစ်ယောက်တည်းမဟုတ်၊ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ထွက်လာသော တခြားလူများသည်လည်း ထိုမေးခွန်းကို မေးလိုကြသည်။

သူတို့သည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့လျှင်ပင် ကွာဟချက်မှာ သိပ်မကြီးမားကြောင်း သိနားလည်ကြ၏။

သို့သော်လည်း သူတို့သည် နတ်ဘုရားရတနာများကို အသုံးပြုသောအခါ အပြောင်းအလဲအနည်းငယ် ဖြစ်ပွား၏။ သူတို့သည် မဟာလမ်းစဉ်၏နယ်ပယ်နှင့် အလားသဏ္ဌာန်တူသောအရာကို ဖန်တီးနိုင်၏။ သူတို့၏လမ်းစဉ်မှာ ပိုမိုအားကောင်းသန်မာလာသည်။

ယခု ရီဖူရှင်းက လောကျောက်နှင့်တိုက်ခိုက်သောအခါ ထိုခံစားချက်ကို ပေးသည်။

ရီဖူရှင်း၏အကြည့်က တိဝူထံသို့ ရောက်လာသည်။ တိဝူကား ကောင်းကောင်းလေ့လာကြည့်ရှုနိုင်၏။ သူ၏နတ်မျက်လုံးဝင်ရိုးသည် မုန်တိုင်းမျက်လုံးများသက်စောင့်ဝိညာဉ်မှ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုသက်စောင့်ဝိညာဉ်ကား ဧကရာဇ်ရီချင်လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ထိုသက်စောင့်ဝိညာဉ်ထဲတွင် ပါဝင်သော မဟာလမ်းစဉ်သည် ရီဖူရှင်း၏မူလလမ်းစဉ်နှင့် ကွဲလွဲမှု ရှိပေသည်။

ရီဖူရှင်းကား သူ၏စတုတ္ထဝင်ရိုးကိုပင် မထုတ်လွှတ်ရသေး။ ထိုဝင်ရိုးကို ထုတ်လွှတ်လိုက်ပါက တိဝူ မည်သို့ တွေးထင်မည်နည်း။ သူ၏စတုတ္ထဝင်ရိုးသည် ပြီးပြည့်စုံသော မဟာလမ်းစဉ်နယ်ပယ်ဖြစ်သည်။ ထိုအရာသည် အဆုံးစွန်သော ဖိနှိပ်မှု အာကာသနယ်ပယ် ဖြစ်၏။

“နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ငါဟာ အရှင်ဒွန်ဟောင်ရဲ့နတ်ဘုရားအလင်းနဲ့ ရစ်ပတ်ခံရပြီးမှ နတ်ဝင်ရိုးကို ဖွဲ့စည်းခဲ့တာဖြစ်လို့ ရလဒ်ကတော့ ပုံမှန်အားဖြင့် ကွဲပြားမှာပဲ” ရီဖူရှင်းက ပြောသည် “ကံမကောင်းတာက မင်းတို့က အဆင့်ကို မြန်မြန်ဆန်ဆန် တက်သွားခဲ့ကြတယ်။ ငါကတော့ အဆင့်တက်ဖို့ကို ချိုးနှိမ်ထားခဲ့ပြီးတော့ အမွေအနှစ်နဲ့တွေ့တဲ့အချိန်ကျမှ နတ်ဝင်ရိုးကို ဖွဲ့စည်းခဲ့တယ်”

ရီဖူရှင်း၏လေသံကား အေးအေးဆေးဆေး။ သူ၏နတ်ဝင်ရိုးက ကွဲပြားခြားနားခြင်းမှာ အရှင်ဒွန်ဟောင်၏အမွေအနှစ်ကြောင့်ဟု သူက ပြောဆိုရှင်းပြနေခြင်းဖြစ်သည်။

ရီဖူရှင်းပြောခဲ့သည်လည်း ဖြစ်နိုင်၏။ မည်သို့ဆိုစေ သူသည် နတ်ဝင်ရိုးဖွဲ့စည်းကာ အဆင့်တက်မည့်အစီအစဉ်အား အမှန်တကယ်ပင် နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ရောက်သည်အထိ ချိုးနှိမ်ထားခဲ့ပေသည်။

ဤသို့ဆိုလျှင် သူတို့သည် ရီဖူရှင်းတွေ့ကြုံခဲ့သည့်အခွင့်အရေးနှင့် အမှန်တကယ် လွဲချော်သွားခဲ့သည်လား။

“ဆိုလိုတာက မင်းရဲ့ကု့ချင်းဝင်ရိုးကလည်း အတူတူပဲပေါ့...” တိဝူ၏အကြည့်က မူလအတိုင်း။ သို့သော်လည်း သူသည် တစ်နည်းနည်းဖြင့်တော့ သံသယဝင်ပေသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေပြင်ပ၌ ရီဖူရှင်းနှင့် ကိုက်ကျိုထျန်းတို့၏တိုက်ပွဲမှာ မတူကွဲပြားသော ခံစားချက်များအား ပေးခဲ့ပေသည်။

ရီဖူရှင်းက တိဝူကို ကြည့်ကာ ထူးမခြားနားဟန်ဖြင့် ပြုံးသည်။ သူက ပြန်မပြောပေ။

တူညီသည်ဖြစ်စေ၊ ကွဲပြားသည်ဖြစ်စေ သူက တိဝူအား အဘယ်ကြောင့် ပြောရမည်နည်း။

“မင်းရဲ့ကု့ချင်းဝိညာဉ်ကို ထုတ်လွတ်လိုက်ပြီးတော့ ငါတို့ကို ကြည့်ခွင့်ပေး...” တိဝူက ရီဖူရှင်းကို ကြည့်ကာ အမိန့်ပေးသည်။

“မင်းတို့ကြည့်ဖို့ ငါ့ကု့ချင်းဝိညာဉ်ကို ထုတ်လွတ်ရမယ်...”

ရီဖူရှင်းက တိဝူကို ကြည့်သည်။ နေမင်းနန်းတော်မှ လူများကား အမှန်ပင် မောက်မာလွန်းသည်။

ရီဖူရှင်းက ပြုံးလိုက်သည်။ သူက နောက်လှည့်ကာ ရာရာဘေးသို့ လျှောက်သွား၏။

လမ်းစဉ်သစ်သီးကို စားသုံးပြုံးနောက်တွင် သူမ၏အခြေအနေမှာ တည်ငြိမ်သွားကာ သူမကို ရစ်ပတ်နေသော ဓားအသိမှာလည်း ပိုမိုအားကောင်းလာ၏။ သူမ၏ခန္ဓာကိုယ်မှ အရောင်အဝါမှာ အရေးကြီးသော အခြေအနေသို့ ရောက်တော့မည့်ဟန်ရှိနေသည်။

ထိုအဖြစ်က ရီဖူရှင်းအား ထူးဆန်းစေသည်။ ရန်ဟောင်များက သူမကို ဖိအားပေးခြင်းမှာ ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိခဲ့ဟန်တူ၏။

တစ်စုံတစ်ခုထူးဆန်းသည်ကို ခံစားမိဟန်ဖြင့် ရာရာက မျက်လုံးကို ဖွင့်သည်။

“ပြန်ရအောင်...” ရီဖူရှင်းက ပြောသည်။

“အင်း...” ရာရာက ခေါင်းညိတ်သည်။ ရီဖူရှင်းနှင့် သူမကြားတွင် ကျေးဇူးတင်စကား မလိုအပ်ပေ။ သူတို့သည် သေခြင်းရှင်ခြင်း အခိုက်အတန့်များစွာကို အတူတူကျော်ဖြတ်ခဲ့ပြီးဖြစ်၏။ ရာရာကား ရီဖူရှင်း၏ညီမအရင်းနှင့် မခြား။ သို့သော်လည်း သူမက ရီဖူရှင်းအပေါ်တွင်ကား ရှုပ်ထွေးသော ခံစားချက်များ ရှိပေသည်။

ထိုခံစားချက်ကား ပြောပြရန် ခက်ခဲပေသည်။

ဂူတုံးလျှိုနှင့် လီဟန်ဓားသမားတို့သည်လည်း ရှေ့ကို လျှောက်လာကြသည်။ သူတို့အုပ်စုက လူအုပ်ကြီးအား လျစ်လျူရှုကာ ထိုနေရာမှ ထွက်လာကြ၏။

တိဝူက ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သည်။ သို့သော်လည်း သည်နေရာမှာ ထျန်ရှင်းကျောင်းတော်ဖြစ်၏။ သူ့အနေဖြင့် တစ်ဘက်လူကို မတားနိုင်။ ထို့အပြင် ရီဖူရှင်း၏နောက်မှ အကြီးအကဲနှစ်ယောက်မှာ အလွန်စွမ်းအားကြီးဟန်တူသည်။

ချန်းချီက တိဝူအား ကြည့်သည်။ နေမင်းဘုံနှင့် သဏ္ဌာန်မဲ့ဘုံတို့သည် အမြဲအားဖြင့် ယှဉ်ပြိုင်ဘက်များဖြစ်သည်။ နေမင်းဘုံတွင် တိဝူ၏အဆင့်မှာ သူမနှင့် ဆင်တူ၏။

နေမင်းနန်းတော်၏နတ်ဘုရားတစ်ပါးဂုဏ်ပုဒ်ရှိသော တိဝူသည် ပြိုင်စံရှားသော အဆင့်အတန်းရှိ၏။ ယခု သူသည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ရာ နောင်တွင် နေမင်းနန်းတော်ကို ဆက်ခံရန် သေချာသလောက် ရှိသည်။

သို့သော်လည်း သူကား ရီဖူရှင်းကို အထင်သေးမိချေပြီ။ ထျန်းဟယ်အကြီးအကဲ၏တပည့်သည် ကိုက်ရှီနှင့် ကိုက်ကျိုထျန်းတို့အား သတ်ဖြတ်ရဲ၏။ ရီဖူရှင်းက မည်သို့သောလူစားမျိုးဖြစ်သည်ကို သိနိုင်သည်။

သို့သော်လည်း ရီဖူရှင်းသည် သူတို့ထက် အားနည်းဟန်မတူ။ နတ်ဝင်ရိုးဖွဲ့စည်းခြင်းတွင် သူသည် မိမိတို့ထက်ပင် ပို၍ ရှေ့ရောက်နေဟန်ရှိ၏။

လက်ရှိတွင် ရီဖူရှင်းသည် အက်ကြောင်းမဲ့ဝင်ရိုးနှစ်ခုကိုသာ ထုတ်ပြခဲ့သေး၏။

ချန်းချီက လေထဲကို ခုန်တက်ကာ ထွက်သွားသည်။ တခြားသော တန်ခိုးရှင်များလည်း တဖြေးဖြေး ကျဲပါးသွား၏။ သည်မတိုင်ခင် နန်လော့ရှန်းက ရီဖူရှင်းအား နတ်ဝင်ရိုး ဘယ်နှစ်ခု ဖွဲ့စည်းခဲ့သနည်းဟု မေးခဲ့သည်။ ယခု ရီဖူရှင်းက နတ်ဝင်ရိုးနှစ်ခုကို ထုတ်ပြခဲ့ရာ ဆိုလိုသည်က သူ့တွင် နတ်ဝင်ရိုးနှစ်ခုသာ ရှိသည်ဟု၍။

သို့သော်လည်း ရီဖူရှင်းတွင် နှစ်ခုထက်ပိုသော နတ်ဝင်ရိုးရှိသည်ဟု သူမက ခံစားမိနေသည်။

နန်လော့ရှန်းလည်း ထိုနေရာမှ ထွက်ခွာသွားသည်။ နန်လော့ရှန်းထွက်ခွာသွားသည်ကို ရှန်ဟောက်မြင်လျှင် သူသည်လည်း နောက်မှ လိုက်ပါလာကာ အော်လိုက်သည် “မင်းသမီးလော့ရှန်း... ကျုပ်က ရန်ဟောင်ဖြစ်ပြီးနောက်ပိုင်း နားမလည်တဲ့အပိုင်းတွေ ရှိသေးတယ်။ မင်းဆီက အကြံညဏ်တောင်းလို့ ရမလား”

နန်လော့ရှန်းက နောက်လှည့်ကာ ရှန်ဟောက်အား ကြည့်သည်။ သူမက ပြန်ပြောသည် “ငါကိုယ်တိုင် နားမလည်တာ အများကြီးပဲ”

သူမသည် အင်ပါယာနန်နှင့် ဧကရီလော့တို့၏တစ်ဦးတည်းသောသမီးဖြစ်ကာ အမြဲတမ်းအားဖြင့် အလိုလိုက်ခံထားခဲ့ရသော်လည်း ရန်ဟောင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ရှန်ဟောက်၏သဘောကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

“ဒါဆိုလည်း ကျုပ်တို့အတူတူ နားမလည်တာတွေကို ဆွေးနွေးတာက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား” ရှန်ဟောက်က ပြုံးလျှက်ပြောသည်။ သူ၏လေသံကား ညင်သာကာ အေးဆေး၏။

“ထျန်ရှင်းကျောင်းတော်မှာ စီနီယာတွေ အများကြီးရှိတယ်။ ငါတို့က ထျန်ရှင်းကျောင်းတော်ကို လာပြီး လေ့ကျင့်မှတော့ သူတို့က သေချာပေါက် လမ်းညွန်ပေးနိုင်မှာပဲ။ နှုတ်ဆက်ပါတယ်” နန်လော့ရှန်းက တည်ငြိမ်စွာ ပြန်ပြောသည်။ ထို့နောက် သူမသည် လေထဲကို တက်ကာ ပျံသန်းပျောက်ကွယ်သွား၏။

နန်လော့ရှန်းထွက်ခွာသွားသည်ကို ရှန်ဟောက်က ပြုံးလျှက် ကြည့်နေသည်။ နန်ထျန်းပြည်ထောင်မှ မင်းသမီး၊ အင်ပါယာနန်၏တစ်ဦးတည်းသောသမီးဖြစ်သော သူမ၏အပြုအမူမှာ သူတွေးထင်ထားသည့်အတိုင်းဖြစ်သည်။ သူ့အနေဖြင့် လမ်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန် မိန်းကလေးတစ်ဦး၏ပထမဆုံး ငြင်းပယ်ခြင်းကို ခံရခြင်းလည်းဖြစ်သည်။

သို့သော်လည်း သူ စိတ်ပျက်သွားခြင်းတော့ မရှိပေ။ နန်လော့ရှန်း၏အဆင့်အတန်းနှင့် အပြုအမူက သိပ်တော့ မထူးဆန်းပေ။

မဟာလမ်းစဉ်၏ဘုံသုံးထောင်တွင် နန်လော့ရှန်းမှ လွဲ၍ မည်သူသည် ရှန်ဟောက်၏လက်တွဲဖော် ဖြစ်နိုင်မည်နည်း။

ရှန်ဟောက်က နောက်လှည့်ကာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ခွာသွား၏။ သူသည် နန်လော့ရှန်းကို စိတ်ဝင်စားသော်လည်း သူ၏ကျင့်ကြံခြင်းမှာ ပထမဦးစားပေးဖြစ်၏။ လက်တွဲဖော်ဟူသည်ကား ကျင့်ကြံခြင်းခရီးလမ်းတစ်ခုကို အတူလျှောက်လှမ်းရန် အဖော်ရှာခြင်းသာဖြစ်သည်။ သို့သော်လည်း သူနှင့်သင့်တော်သော မိန်းကလေးတွေ့ပါကလည်း လက်လွှတ်လိုခြင်းတော့ မရှိပေ။

…

ရီဖူရှင်း သူ၏စံအိမ်ကို ပြန်သောအခါ အံ့အားသင့်ဖွယ်ကောင်းအောင် သူ၏နောက်မှ လိုက်ပါလာသူမှာ ရှောင်မုယွီ ဖြစ်နေသည်ကို တွေ့ရ၏။

စံအိမ်ဝင်းထဲတွင် ရီဖူရှင်းသည် ရှောင်မုယွီကို သံသယမျက်လုံးများဖြင့် ကြည့်နေသည်။ သူက မေးသည် “နတ်မိမယ်ရှောင်... ခင်ဗျား တကယ်ပဲ ကျုပ်ကို စိတ်ဝင်စားနေတာလား”

ရီဖူရှင်းကား မူလက ကျီစယ်နေခြင်းသာဖြစ်သည်။ ရှောင်မုယွီက သူ၏ကိုယ်လုပ်တော် အမှန်တကယ် ဖြစ်လိုနေသည်လား။

သူ၏ဆွဲဆောင်မှုက ထိုမျှ ပြင်းထန်သလား...။

ရှောင်မုယွီ၏မျက်နှာက အေးစက်သွားသည်။ ဤလူသည် ပါရမီမြင့်ကာ ရန်ဟောင်တစ်ပါးဖြစ်လာခဲ့သော်လည်း အမှန်တကယ်ပင် အရှက်မဲ့နေဆဲဖြစ်ကြောင်း သိလိုက်သည်။

“ဒီမတိုင်ခင် ရန်ဟောင်ရီက ဝိညာဉ်လက်နက်သိပ်မရှိတော့ဘူးလို့ ပြောခဲ့တယ်။ ကျွန်မက စိတ်ဝင်စားလို့ ရောက်လာခဲ့တာပါ။ နန်လော့ရှန်းက ဘယ်လက်နက်တွေကို ရွေးချယ်သွားသလဲ ကျွန်မ သိချင်တယ်” ရှောင်မုယွီက ပြောသည်။ လက်ရှိတွင် သူမသည် ရီဖူရှင်း ပြောသမျှ တစ်ခွန်းမျှ မယုံတော့။

“နတ်မိမယ်ရှောင်က ရွေးချယ်သွားပြီးပြီဆိုတော့ နောက်တစ်ခါ ကြည့်ဖို့မလိုတော့ဘူးထင်တယ်” ရီဖူရှင်းက ငြင်းပယ်လိုက်သည်။ သူ၏မျက်တောင်များ တွန့်လိမ်သွား၏။

ရှောင်ကလန်၏သခင်မလေးကား သူ့ကို ယုံကြည်ခြင်းမရှိပေ။

“ရန်ဟောင်ရီက တစ်ခုခုကို မလုံမလဲဖြစ်နေတာလား” ရှောင်မုယွီက မေးသည်။

“နတ်မိမယ်ရှောင်က ကျုပ်ကို မယုံမှတော့ ကျုပ်က ဘာမှ ပြောနေစရာ မလိုတော့ပါဘူး” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။

“ဟွန်း...”

ရှောင်မုယွီက နှခေါင်းရှုံ့သည် “ရန်ဟောင်ရီက ဘာလုပ်ခဲ့တယ်ဆိုတာ သိမှာပဲ။ ဒါပေမဲ့ ကျွန်မက ထပ်မပြောတော့ပါဘူး။ တစ်ခုတော့ ရှိတယ်။ ကျွန်မက ကလန်ကို ကိုယ်စားပြုပြီးတော့ ရန်ဟောင်ရီကို အခဲအခဲကြားထဲက ကူညီခဲ့တယ်ဆိုတာတော့ ဟုတ်တယ်မလား”

ရီဖူရှင်းက ပြုံးလိုက်သည်။ သူမ၏အကူအညီကား ဝိညာဉ်လက်နက်ဖြင့် အလှဲအလှယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူက သူမအပေါ် အကြွေးမတင်ပေ။

ရှောင်မုယွီကား ထူးဆန်းနေသည်။

“ဒါပေါ့...” ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည်။

“ဒါဆိုရင် ကျွန်မက ရန်ဟောင်ရီဆီမှာ အကူအညီနည်းနည်းတောင်းလို့ရမလား” ရှောင်မုယွီက အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးသည်။

ရီဖူရှင်း အံ့အားသင့်သွားသည်။ သူမက ဝိညာဉ်လက်နက်ကိစ္စကို တမင်ပြောခြင်းမှာ သူ့အား အပြစ်ရှိသလို ခံစားစေလိုသောကြောင့်လား။

“နတ်မိမယ်ရှောင်... ကျုပ် ဘာကူညီရမလဲ။ ကျုပ် တတ်နိုင်တာဆိုရင် အတတ်နိုင်ဆုံး ကူညီပါ့မယ်” ရီဖူရှင်းက ပြောသည်။

“ကျင့်ကြံသူတွေအကုန်လုံးဟာ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းတာ ဘယ်လောက်ခက်လဲသိကြတယ်။ ရန်ဟောင်ရီရဲ့မိတ်ဆွေတွေဟာလည်း အက်ကြောင်းမဲ့ဝင်ရိုးတွေကို ဖွဲ့စည်းခဲ့ကြတယ်။ ရန်ဟောင်ရီမှာ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းတာနဲ့ပတ်သက်ပြီး တစ်ခုခုသိထားတာမျိုး ရှိသလား” ရှောင်မုယွီက မေးသည်။

“သူတို့တွေ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းခဲ့တယ်ဆိုတာ သူတို့ကံတရားနဲ့ ကြိုးစားအားထုတ်မှုတွေပါပဲ။ နတ်မိမယ်ရှောင်လည်း အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းတာ ဘယ်လောက်ခဲလဲ သိတာပဲ” ရီဖူရှင်းက ပြောသည်။

ရီဖူရှင်း၏စကားကို ကြားလျှင် ရှောင်မုယွီ အနည်းငယ် စိတ်ပျက်သွားသည်။ ရီဖူရှင်းက အမှန်ကို ပြောနေခြင်းလား သူမ မသေချာပေ။ သို့သော်လည်း ရီဖူရှင်းက တစ်ခုခုသိထားလျှင်ပင် သူမကို ပြောမည်မဟုတ်ပေ။

“ကျွန်မ သင်ယူနိုင်တဲ့ နည်းစနစ်ဘာမှ မရှိဘူးပေါ့” ရှောင်မုယွီက စိတ်ပျက်လက်ပျက် မေးသည်။

“ဒါက အရမ်းခက်ခဲတယ်” ရီဖူရှင်းက ပြောသည်။

ရှောင်မုယွီက ထပ်၍ မမေးတော့ပေ။ သူမက ပြောသည် “နှုတ်ဆက်ပါတယ်”

ထို့နောက် သူမက နောက်လှည့်ကာ ထွက်သွားရန်ပြင်သည်။

“ဒါပေမဲ့ မျှော်လင့်ချက်တော့ ရှိပါတယ်” ရီဖူရှင်းက ထပ်ပြောသည်။ ထိုစကားက ရှောင်မုယွီ၏ခြေလှမ်းကို ရပ်တန့်စေသည်။

သူမက နောက်လှည့်ကာ ရီဖူရှင်းကို ကြည့်သည်။ သူက အမှန်တကယ် နည်လမ်းကို သိသည်လား။

“ရှင့်မှာ နည်းလမ်းရှိတာလား” ရှောင်မုယွီက မေးသည်။

“ဒါက နတ်မိမယ်ရှောင် ဘယ်လိုတန်ဖိုးကို ပေးနိုင်မလဲအပေါ် မူတည်တယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ရီဖူရှင်း၏စူးရဲသော အကြည့်ကို ခံစားမိသည်တွင် သူမ အေးခဲသွားသည်။ အရှက်မရှိတဲ့အကောင်...။

***

All Chapters