တပည့်လက်ခံခြင်း
Vol. 017 Ch. 1671
ရှောင်မုယွီ၏အကြည့်က တစ်ဖြေးဖြေး အေးစက်လာ၏။
အရှက်မရှိလိုက်လေခြင်း...
နတ်ဝင်ရိုးဖွဲ့စည်းခြင်းသည် သူမအတွက် အလွန်အရေးပါ၏။ သူမ၏နတ်ဝင်ရိုးသည် သူမ၏ကျင့်ကြံခြင်းကိုသာမက ကလန်အတွင်း၌ သူမ၏အဆင့်အတန်းနှင့်လည်း တိုက်ရိုက်သက်ဆိုင်သည်။
အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းနိုင်မည့်အခွင့်အလမ်းသည် နည်းပါးလွန်းသော်လည်း အနည်းဆုံးတော့ ကြိုးစားကြည့်ခြင်းက မမှားပေ။
သို့သော်လည်း ရီဖူရှင်းသည် အရေထူလွန်းသည့်သူ...
သူမ၏အတွေးအမြင်များအရ ကျင့်ကြံသူတစ်ဦးသည် မိစ္ဆာလမ်းစဉ်ဖြစ်စေ၊ လမ်းမှန်ဖြစ်စေ ကျင့်ကြံ၍ ရန်ဟောင်အဆင့်သို့အထိ တက်လှမ်းလာပြီးနောက်တွင် မိန်းမလှများကို တပ်မက်ခြင်းက သိပ်မရှိတော့...။
သူမသည် ပုံမှန်အားဖြင့် အလှအပရေးရာများကို သိပ်ဂရုမစိုက်သော်လည်း သူမ၏ရုပ်ရည်နှင့်ပတ်သက်၍ အလွန်အမင်း ယုံကြည်ချက် ရှိပေသည်။ သို့တိုင်အောင် ကျင့်ကြံခြင်းပညာရပ်တစ်ခုခုအတွက် သူမ၏ခန္ဓာကိုယ်အား ရောင်းစားရန်ကိုမူ လက်မခံနိုင်ပေ။
“ရှင့်ကို အထင်ကြီးမိတာ မှားတာပဲ...” ရှောင်မုယွီက အေးစက်စက်ပြောသည် “ရန်ဟောင်ရီက အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းနိုင်တယ်ဆိုမှတော့ အကျင့်စာရိတ္တကောင်းတဲ့လူလို့ ထင်ခဲ့တာ… ဒီလောက် ယုတ်မာမယ်လို့ မထင်ထားဘူး”
ရှောင်မုယွီ၏စကားများကို ကြားသည်တွင် ရီဖူရှင်း၏မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွား၏။ သူ၏အမူအရာက ထူးဆန်းသွား၏။
ယုတ်မာတယ်တဲ့လား...
ရှောင်မုယွီ၏အကြည့်ကို မြင်သည်တွင် သူမ၏အတွေးများကို ရီဖူရှင်း နားလည်လိုက်သည်။
ဒီမိန်းကလေး... ဘာတွေ တွေးနေတာလဲဟ...
ရီဖူရှင်း ဆွံ့အသွားသည်။ သေချာသလောက်ပင် သည်မိန်းကလေး၏အတွေးများက လွန်ကဲနေလေပြီ။
“နတ်မိမယ်ရှောင် အထင်မှားနေပြီထင်တယ်...” ရီဖူရှင်းက ပြောသည်။
“ညစ်ပတ်ယုတ်မာတဲ့လူ... ကျွန်မတို့အကြား နားလည်မှုသိပ်မရှိမှတော့ ဆက်ပြောနေစရာလည်း မရှိတော့ဘူး” ရှောင်မုယွီ နောက်လှည့်ကာ ထွက်သွားရန် ပြင်သည်။
“ခဏနေဦး...” ရီဖူရှင်း၏အမူအရာက သိပ်မကောင်းတော့...။ ရှောင်မုယွီက ရီဖူရှင်းအား ရေခဲတမျှ အေးစက်စွာ ကြည့်သည်။ ယနေ့ သူမသည် ကလန်မှ လူများကို မခေါ်ဘဲ တစ်ဦးတည်း ရောက်လာခဲ့၏။ သူမက ရီဖူရှင်းထံတွင် အကူအညီတောင်းလိုခဲ့သည်။
“နတ်မိမယ်ရှောင်... ကျုပ်က ခင်ဗျားကို စိတ်ဝင်စားနေတယ်များ ထင်နေတာလား...” ရီဖူရှင်းက အံ့အားသင့်ခြင်းကြီးစွာဖြင့် မေးသည်။
“မဟုတ်ဘူးလား...” ရှောင်မုယွီက နှာခေါင်းရှုံ့သည်။ သည်မတိုင်ခင်ကလည်း ရီဖူရှင်းသည် ရှောင်ကလန်၏သားမက်ဖြစ်လိုကြောင်း စနောက်ပြောကြားခဲ့သေးသည်။ ယခု သူ၏ရဲတင်းသော အကြည့်၊ စကားအသွားအလာများအရ ထိုသို့ ကောက်ချက်ချခြင်းက မမှားပေ။
“ရှင်းယွန်... ခွန်ရွှမ်... ဒီကို လာခဲ့ပါဦး...” ရီဖူရှင်းက ခေါ်လိုက်သည်။ ရှားရှင်းယွန်နှင့် ခွန်ရွှမ်တို့ ရီဖူရှင်းအနီးကို လျှောက်လာကြသည်။
ရီဖူရှင်းက သူမတို့နှစ်ဦး၏ပုခုံးပေါ်တွင် လက်တင်ကာ ရှောင်မုယွီအား ဒေါသတကြီးကြည့်လျှက်ပြောသည် “ကျုပ်ရဲ့ မင်းသမီးလေးတွေ မလှဘူးလား... နတ်မိမယ်ရှောင်... ခင်ဗျားရဲ့ ရုပ်ရည်နဲ့ ဘယ်က ယုံကြည်ချက်တွေ ရှိလာတာလဲ”
ရှားရှင်းယွန်နှင့် ခွန်ရွှမ်တို့က ထူးဆန်းစွာဖြင့် သူတို့ကို ကြည့်သည်။ အထူးသဖြင့် ရှားရှင်းယွန်...
ဒီ အရှက်မရှိတဲ့ခွေးကောင်...
တကယ်ကို...
သူကား အရှက်မဲ့လွန်း၏။
ရှားရှင်းယွန် တစ်ခုခုပြောရန် ပြင်သည်။ သို့သော်လည်း ခွန်ရွှမ်ကား ငြိမ်သက်စွာ ရပ်နေ၏။ ခွန်ရွှမ်၏အမူအရာမှာလည်း ထူးဆန်းနေသော်လည်း သူမသည် ရီဖူရှင်းအလိုအတိုင်း အလိုက်သင့်နေပေး၏။ သူမက ရှောင်မုယွီအား ရန်လိုသော အကြည့်ဖြင့်ပင် ကြည့်လိုက်သေးသည်။
ငြင်းဆန်ရန် ပြင်နေသော ရှားရှင်းယွန် ချက်ချင်း ငြိမ်သက်သွားသည်။ သူမက နှာခမ်းကို အသာကိုက်လိုက်၏။ ထို့နောက် သူမက ရှောင်မုယွီကို အသာကြည့်လိုက်သည်။
မိန်းကလေးများ၏တုန့်ပြန်မှုက ရှောင်မုယွီအား အံ့အားသင့်စေသည်။
ရီဖူရှင်းတွင် ထိုသို့ ရည်ရွယ်ချက် မရှိသည်လား...။
ရှားရှင်းယွန်နှင့် ခွန်ရွှမ်တို့သည် သူမထက်ပင် သာလွန်၏။ တော်ဝင်မျိုးနွယ်များဖြစ်သည့်အလျောက် သူတို့တွင်လည်း တမူထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ပိုင်ဆိုင်ကြပေသည်။
သို့သော်လည်း ရီဖူရှင်းက သူမအား ဤသို့ တုန့်ပြန်မည်ဟု လုံးဝ မထင်ထားပေ။ သူမ၏မျက်နှာက ထပ်မံ၍ သုန်မှုန်သွားပြန်၏။
ခွေးကောင်...။
“နတ်မိမယ်ရှောင်... ကျုပ် ခင်ဗျားကို စိတ်ဝင်စားနေတယ်လို့ တကယ်ထင်တာလား” ရီဖူရှင်းက ကျီစယ်ဟန်ဖြင့် မေးသည်။
ရီဖူရှင်းက သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ရှားရှင်းယွန်က ဘေးမှနေ၍ ရီဖူရှင်း၏မျက်နှာကို လှမ်းကြည့်သည်။
သူကား အရှက်မရှိသလို နှလုံးကားလည်း ကင်းမဲ့၏။
“ရန်ဟောင်ရီ ဘာလိုချင်တာလဲ...” ရှောင်မုယွီက မေးသည်။
“ကျုပ်မှာ တကယ်ပဲ အတွေ့အကြုံတချို့ရှိတယ်။ ဒါပေမဲ့ ကျုပ်က မိန်းကလေးကို ကူညီပေးဖို့ဆိုရန် တန်ဖိုးကြီးကြီးပေးဖို့လိုတယ်။ ကျုပ်က မိန်းကလေးကို သီးသန့်ပညာရပ်တစ်ခုကိုလည်း သင်ပေးရဦးမယ်။ ဒီပညာရပ်က အပြင်လူကို သင်ပေးလို့ မရဘူး။ တောင်းဆိုမှုတစ်ခုတည်းနဲ့ ဘယ်လိုကူညီပေးလို့ ရမှာလဲ...”
ရီဖူရှင်း၏စကားက ရှောင်မုယွီကို တွေဝေစေသည်။ သူ၏စကားထဲတွင် မည်သည်က အမှန်၊ မည်သည်က အမှား ပြောရန် ခက်ခဲသည်။
ရှောင်မုယွီကား တွန့်ဆုတ်နေသည်။ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းရန်မှာ မလွယ်ကူကြောင်း သူမ နားလည်သည်။ သို့သော်လည်း သူမ၏ခန္ဓာကိုယ်မှလွဲ၍ ရီဖူရှင်းအတွက် တခြားတန်ဖိုးရှိသောအရာ သူမတွင် မပိုင်ဆိုင်ပေ။
ရှောင်မုယွီ ရပ်နေသည်ကို ကြည့်ကာ ရီဖူရှင်း သက်ပြင်းချလိုက်သည်။
အံ့အားသင့်ဖွယ်ကောင်းအောင် ရှောင်ကလန်၏ဂုဏ်သရေရှိ သမီးပျိုကား တုံးအသူလေး ဖြစ်သည်။
သူက သူမအား သူ၏ပညာရပ်မှာ အပြင်လူကို သင်ပေး၍ မရကြောင်း သဲလွန်စပေးပြီးဖြစ်သည်။ သို့တိုင်အောင် သူမကား နားမလည်သေး။
“ပြီးခဲ့တဲ့ရက်ပိုင်းက လူတစ်ယောက် ကျုပ်ဆီကို တပည့်လာခံခဲ့တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်စဉ်က တန်ဖိုးကြီးပြီးတော့ အပြင်လူကို သင်ပေးလို့ မရဘူး” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
ရီဖူရှင်း၏စကားကို ကြားလျှင် ရှောင်မုယွီ၏မျက်နှာက တွန့်သွားသည်။
သူ၏တပည့် ဖြစ်ရမည်လား...။
ရီဖူရှင်းနှင့် ရှောင်မုယွီတို့ကား မျိုးဆက်တစ်ခုတည်းဖြစ်သည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေကို ဝင်စဉ်ကဆိုလျှင် သူတို့သည် တန်ခိုးအဆင့် အတူတူဖြစ်၏။
“မိန်းကလေး… လမ်းခရီး ဘေးကင်းပါစေ...” ရီဖူရှင်းက သူမအား အနုနည်းဖြင့် နှင်ထုတ်လိုက်သည်။
ရှောင်မုယွီ၏အကြည့်က တိမ်မြူများလို ရွေ့လျားနေသည်။ နောက်ဆုံးတွင် သူမက ဆုံးဖြတ်လိုက်ဟန်ဖြင့် ပြောသည် “ကျွန်မက ရန်ဟောင်ရီရဲ့ တပည့်အဖြစ်နဲ့ သင်ကြားလိုပါတယ်”
“ဒါက မသင့်တော်ဘူးလို့ ထင်တယ်...” ရီဖူရှင်းက ရှောင်မုယွီကို ကြည့်ကာ ပြောသည် “နတ်မိမယ်က ရှောင်ကလန်ရဲ့ သခင်မလေးပဲ။ ပြိုင်စံရှားပါရမီကိုလည်း ပိုင်ဆိုင်သည်။ ကျုပ်က ဘာမှ မဟုတ်တဲ့သူပါ။ ပြီးတော့ ကျုပ်နည်းစနစ်က အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းဖို့ အခွင့်အရေးပိုများသွားရုံပဲရှိတယ်”
ရှောင်မုယွီ မတိုင်မှီက တုန်းရှင်းနယ်၊လင်းကလန်သည်လည်း ရီဖူရှင်းထံကို တပည့်လက်ခံရန် ချဉ်းကပ်ခဲ့သေးသည်။ သို့သော်လည်း ရီဖူရှင်းသည် လင်းကလန်ကို လက်ခံရန် အစီအစဉ်မရှိပေ။ သို့သော်လည်း လင်းကလန်၏အကြံပေးချက်မှာ အတိုင်းအတာတစ်ခုအထိ မှန်ကန်သည်ဟု တွေးမိသည်။
သူ၏တပည့်မှာ သူ့ဆရာ ချီရွှမ်ကန်း၏မြေးတပည့်ဖြစ်ပေမည်။
ဆရာဘိုးဘိုး ဒုက္ခရောက်လျှင် မြေးတပည့်က ကူညီပေးသင့်သည် မဟုတ်ပါလား။
“တပည့် ကြိုးစားကြည့်ချင်ပါတယ်” ရှောင်မုယွီက ပြောသည်။
“တပည့်လက်ခံတယ်ဆိုတာ အရေးကြီးတဲ့ကိစ္စပဲ။ အနာဂတ်မှာ နောင်တ မရဖို့လိုတယ်” ရီဖူရှင်းက ပြောသည်။
“တပည့် ဆုံးဖြတ်ပြီးပါပြီ။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ တပည့် နောင်တ မရပါဘူး။ ဆရာ့လက်အောက်မှာ ပညာသင်ကြားလိုပါတယ်” ရှောင်မုယွီက ထပ်ပြောသည်။
သူမ၏ခန္ဓာကိုယ်ကို ရင်းနှီးခြင်းမဟုတ်လျှင် သူမအနေဖြင့် လက်ရှိအခြေအနေကို လက်ခံနိုင်ပေသည်။ အက်ကြောင်းမဲ့ဝင်ရိုးကိုသာ ဖွဲ့စည်းခွင့်ရလျှင် ရီဖူရှင်း၏တပည့်အဖြစ် လိုလိုလားလား သင်ယူလိုပေသည်။
ထို့နောက်တွင် ရှောင်မုယွီက ဒူးထောက်ကာ မြေပြင်ပေါ်တွင် ဦးသုံးကြိမ်ချလျှက် ပြောသည် “တပည့်ရှောင်မုယွီက ဒီနေ့ကစပြီး ဆရာ့ရဲ့လက်အောက်မှာ သင်ယူပါမယ်။ ဒီနေ့စကပြီး ဆရာ့ကို လေးစားဦးထိုက်ထားပြီး ဆရာ့ရဲ့ စည်းကမ်းကို လိုက်နာပါမယ်”
ရီဖူရှင်းက ရှောင်မုယွီအား ကြည့်သည်။ သူ၏အမူအရာမှာလည်း လေးနက်နေပြီဖြစ်သည်။
သူက ရှောင်မုယွီ မည်မျှ စိတ်ထားပြတ်သားသည်၊ စိတ်ရင်းဖြင့် ဆုံးဖြတ်သည်ကို သိလိုပေသည်။ သူမက သူ၏လိုအပ်ချက်အတိုင်းအတာသို့ မရောက်ပါက အရဲစွန့်ကာ မကူညီလိုပေ။
မဟုတ်လျှင် သူလေ့ကျင့်ပေးသည့် တပည့်ကို ဆုံးရှုံးရုံမက သူမက သူ့အား အနာဂတ်တွင် မုန်းတီးသွားနိုင်ပေသေးသည်။
ရှောင်မုယွီ မည်မျှ စိတ်ရင်းဖြင့် အလေးထားသည်ကို သူသိလိုသည်။
လက်ကို ဆန့်တန်းကာ ရီဖူရှင်းက ရှောင်မုယွီအား ထရပ်စေသည်။ ရှောင်မုယွီက ရီဖူရှင်းအား မော့ကြည့်၏။ သူမ၏အကြည့်က လေးစားသော အငွေ့အသက်များပြည့်နှက်ကာ ပြောင်းလဲသွားပြီဖြစ်သည်။ သူမက ရီဖူရှင်း၏တပည့်ဖြစ်လိုမှတော့ ယခင်လို သဘောထား၍ မရတော့ပေ။
“ဘာလို့ ငါ့ကို ယုံကြည်တာလဲ...” ရီဖူရှင်းက မေးသည်။
သူကား မူလက သွေးတောစမ်းရုံမျှသာ ဖြစ်သော်လည်း ရှောင်မုယွီက သူ့အား အမှန်တကယ် ဆရာအဖြစ် တင်မြှောက်ခဲ့သည်။
“ပထမအချက်က တပည့်ဟာ လမ်းစဉ်ကို လိုက်စားလိုပါတယ်။ ဒုတိယက ကောင်းကင်အာဏာစက်ဘုံက ဆရာကို ယုံကြည်တယ်။ သောကျောက်၊ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်နှစ်ယောက်တို့ကလည်း ဆရာကို ယုံကြည်တယ်” ရှောင်မုယွီက ဆက်ပြောသည် “ဒါကြောင့် တပည့်ကလည်း ဆရာကို ယုံကြည်ပါတယ်”
ရီဖူရှင်းကား ထိပ်သီးပါရမီရှင်နှစ်ဦး၏လမ်းညွန်ဦးဆောင်သူဖြစ်သည်။ သည်မတိုင်ခင်ကလည်း ကောင်းကင်အာဏာစက်ဘုံသည် ရီဖူရှင်းအား သရဖူဆောင်းပေးခဲ့သေးသည်။
သောမျိုးနွယ်စုမှ သောကျောက်သည် ရီဖူရှင်းအား အလွန်ယုံကြည်၏။ ထိပ်သီးအင်အားစုများအချင်းချင်း အားပြိုင်ရာတွင်ပင် ရီဖူရှင်းကြောင့် ဝင်ပါကူညီပေးခဲ့သေးသည်။
ထို့အပြင် ရီဖူရှင်းဘေးတွင် နောက်ထပ် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် နှစ်ဦး ရှိနေသေးသည်။
ရီဖူရှင်းသည် မကောင်းသော အမူအကျင့်တချို့မှလွဲ၍ သူမ၏ဆရာဖြစ်ရန် အရည်အချင်း ရှိပေသည်။
ရီဖူရှင်းက ပြုံးလိုက်သည် “မင်းရဲ့ဆရာအနေနဲ့ ငါက သီးသန့်ပညာရပ်တစ်ခုသင်ပေးမယ်။ ဒါကို သေသေချာချာ ဆင်ခြင်လေ့လာပါ” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် အလင်းတန်းတစ်ခုသည် ရှောင်မုယွီ၏ခေါင်းထဲကို ဝင်ရောက်ပျောက်ကွယ်သွားသည်။ ရှောင်မုယွီက ငြိမ်သက်စွာဖြင့် ပညာရပ်ကို လက်ခံယူသည်။
ရီဖူရှင်းက ပြောသည် “နောက်ရက်ပိုင်းမှာ ထျန်ရှင်းကျောင်းတော်မှာ လာပြီး လေ့ကျင့်ဖို့လိုတယ်။ မင်းဆရာက အစီအရင်ကြီးတစ်ခု လုပ်ဖို့လိုတယ်။ ဒီအတွက် အကုန်အကျက မခန့်မှန်းနိုင်အောင် များတယ်။ ပြီးရင် မင်းအတွက် အက်ကြောင်းမဲ့နတ်ဝင်ရိုးဖွဲ့စည်းဖို့ ကူညီပေးမယ်”
ထိုသို့ပြောကာ ရီဖူရှင်းက ရှောင်မုယွီ၏နဖူးကို သူ၏လက်ဖြင့် ထိပြီး အကြံပေးသည် “မှတ်ထားပါ... ဆရာ့ကို စိတ်မပျက်စေနဲ့...”
ရှောင်မုယွီက ခေါင်းမော့ကာ ဒေါသတကြီး ကြည့်သည်။ သူမ၏မျက်လုံးများထဲတွင် သံသယအငွေ့အသက်များ ဖြစ်ပေါ်လာ၏။ သူမက သူ့အား အဘယ့်ကြောင့် ယုံကြည်၍ မရနိုင်သနည်း...။
မခန့်မှန်းနိုင်သော ကုန်ကျမှု....။
ထိုသီးသန့်ပညာရပ်သည် ထူးခြားကောင်းမွန်သော်လည်း ရီဖူရှင်း ပြောကသကဲ့သို့ နက်နဲလွန်းသည်တော့ မဟုတ်ပေ။
ရီဖူရှင်းက ရှောင်မုယွီအား ကြည့်သည်။ သည်မိန်းကလေးရဲ့ အမူအရာက...။
ထိုသို့တွေးနေသော်လည်း သူ၏လက်က သူမ၏ခေါင်းကို ပွတ်သပ်နေဆဲဖြစ်သည်။ သူမ၏ဆရာဖြစ်သည့်အလျောက် ရီဖူရှင်းက သူမ၏ခေါင်းကို ထိ၍ ရပေသည်။
ရှောင်မုယွီ အံကြိတ်လိုက်သည်။ သူမ အညာခံလိုက်ရသလို ခံစားနေရသည်။
“တပည့်က ဆရာ့ရဲ့ မျှော်လင့်ချက်ကို မပျက်စေရပါဘူး” ရှောင်မုယွီက အံကြိတ်ကာ ဆိုသည် “တခြားကိစ္စမရှိတော့ရင် တပည့် သွားပါတော့မယ်”
“သွားတော့... ဆရာမင်းကို ယုံတယ်” ရီဖူရှင်းက သူမ၏ပုခုံးကို အသာပုတ်ကာ ပြောသည်။
ရှောင်မုယွီ ထွက်ပြေးသွားသည်။
သူမက မိစ္ဆာတစ်ကောင်နဲ့ ကတိကဝတ်ပြုမိသကဲ့သို့ ခံစားရသည်။
“ဒီတပည့်က မဆိုးဘူး။ ဉာဏ်ကောင်းတယ်” ရီဖူရှင်းက အဝေးသို့ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ကာ ပြောသည်။ ယနေ့တွင် သူသည်လည်း ဆရာတစ်ယောက် ဖြစ်သွားလေပြီ။
တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ရီဖူရှင်းက တစ်နေရာကို ကြည့်လိုက်သည်။ ရှားရှင်းယွန်က သူ့အား ပြုံးလျှက် ကြည့်နေသည်ကို မြင်၏။
“မင်းသမီး တစ်ခုခုပြောချင်လို့လား...” ရီဖူရှင်းက မေးသည်။
“အရှက်မရှိဘူး...” ရှားရှင်းယွန်က ပြောကာ လှည့်ထွက်သွားသည်။
ရီဖူရှင်း ဆွံ့အရ၏။ သူမ မနာလိုဖြစ်နေလား...။
***