ရှောင်မုယွီ၏အပြောင်းအလဲ
Vol. 017 Ch. 1672
အမှန်တကယ်အားဖြင့် ရှောင်မုယွီသည် ရီဖူရှင်း၏ပထမဆုံးသော တပည့်လည်းဖြစ်သည်။
သို့သော်လည်း သူမက သူ၏တပည့်ဖြစ်လာခြင်းမှာ သူ၏အပြောချိုချိုကြောင့် ဖြစ်သည်။
အမှန်တကယ်လည်း ရှောင်မုယွီသည် ရီဖူရှင်းအား ယုံကြည်သည်။ မဟုတ်လျှင် ရီဖူရှင်းကို ဆရာတင်မည် မဟုတ်ပေ။ သူမက ရီဖူရှင်း၏အမူအကျင့်နှင့်ပတ်သက်၍ သံသယဝင်သော်လည်း သူ၏ကျင့်ကြံခြင်းပါရမီကိုမူ သံသယ မဝင်ပေ။ ထို့ကြောင့် သူမသည် ပညာရှိကျမ်းအား စိတ်ပါလက်ပါ လေ့ကျင့်၏။
ထင်မှတ်ထားသည့်အတိုင်း သူမသည် လမ်းစဉ်သက်သေပြရန် နီးကပ်လာသည်ဟု ခံစားရသည်။
သူမ နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲသို့ ဝင်သောအခါ ရန်ဟောင်အဆင့်သို့ ခြေတစ်လှမ်းတက်နေပြီဖြစ်သည်။ သူမတစ်ယောက်တည်း မဟုတ်ပေ။ အမှန်တကယ်အားဖြင့် နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲသို့ ဝင်ရောက်သော ကလန်များမှ ပါရမီရှင်များမှာ ရန်ဟောင်အဆင့်သို့ တက်ခါနီးများဖြစ်ကြသည်။
ရှောင်မုယွီ လေ့ကျင့်နေသောအချိန်တွင် ရာရာသည် ရန်ဟောင်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ အရှင်ဒွန်ဟောင်၏ဓားအသိကြောင့် သူမသည် နတ်ဝင်္ကပါဓားဝင်ရိုးအား ဖွဲ့စည်းနိုင်ခဲ့၏။ အရှင်ဒွန်ဟောင်၏ဓားအသိအပြင် ရီဖူရှင်း၏အကူအညီကိုပါ ရရှိခဲ့ရာ သူမ ဖွဲ့စည်းခဲ့သော ဝင်ရိုးမှာလည်း အက်ကြောင်းမဲ့ဝင်ရိုးဖြစ်ပေသည်။
နတ်ဘုရားအကြွင်းအကျန်နယ်မြေအပြင် သူ၏သက်စောင့်ဝိညာဉ်သည် အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းရန် အလွန်အထောက်အကူဖြစ်ကြောင်း ရီဖူရှင်း သိရှိရသည်။
တစ်ခါတစ်ရံ သူ၏သက်စောင့်ဝိညာဉ်၏ဇစ်မြစ်ကို ရီဖူရှင်း အမှန်တကယ် သိလိုသည်။
ယနေ့တွင် ရှောင်မုယွီသည် ရီဖူရှင်း၏စံအိမ်သို့ ရောက်လာခဲ့ကာ ရန်ဟောင်အဆင့်သို့ တက်လှမ်းရန် အဆင်သင့် ဖြစ်နေခဲ့ပြီဖြစ်သည်။
သူမသည် ရီဖူရှင်း စီရင်ထားသော ဝင်္ကပါထဲ၌ ရပ်နေသည်။ သူမသည် သီးသန့်နယ်ပယ်ထဲ၌ ကောင်းကင်ထက်တွင် တည်ရှိနေသော နေ၊လနှင့် ကြယ်များအား မြင်နေရ၏။
“ဆရာ... ဒါက ဘယ်လိုအစီအရင်မျိုးလဲ...” ရှောင်မုယွီက အံ့အားသင့်စွာ ပြောသည်။ အားကောင်းသော စိတ်အသိတစ်ခု လေထဲ ပျံ့နှံ့နေသည်။
ရီဖူရှင်းက သူမအား ပြန်မဖြေပေ။ သူ့ပုံစံက ပင်ပန်းနေဟန်ရသည်။
“ဆရာ... ဘာဖြစ်တာလဲ...” ရှောင်မုယွီက မေးသည်။
“ဒီဝင်္ကပါကို အတော်အားထုတ်ပြီး လုပ်ထားရတာ။ ဒါကို ပြီးမြောက်ဖို့ ငါ ခြေကုန်လက်ပန်းကျခဲ့ရတယ်” ရီဖူရှင်းက အားနည်းစွာ ပြောသည် “ဒါပေမဲ့ မင်းက ငါ့အားထုတ်မှုနဲ့ ထိုက်တန်ပါတယ်။ ငါပြောတာတွေကို မှတ်မိသေးလား...”
ရှောင်မုယွီ၏မျက်လုံးများတွင် သံသယအငွေ့အသက်များ ရှိနေသည်။ သူ၏စကားများက အမှန်လား...။
သူမဆရာ၏အကျင့်စရိုက်မှာ သံသယဝင်ဖွယ်ရာကောင်းသော်လည်း သည်အစီအရင်၏စွမ်းအားကြီးမှုကို ဆင်ခြင်ကြည့်ပါက သူ၏စကားများမှာ မှန်ကန်လောက်ပေသည်။
“ဟမ်... တပည့်က ဆရာရဲ့စကားတွေကို အသေအချာ မှတ်သားထားပါတယ်” ရှောင်မုယွီက ခေါင်းညိတ်ကာ ပြောသည်။
ရီဖူရှင်းက ရှောင်မုယွီထံသို့ လျှောက်သွားကာ သူမ၏ခေါင်းကို ပွတ်သပ်လိုက်၏။ သူက တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေဟန်ရသည်။
ရှောင်မုယွီက ခေါင်းမော့ကာ သူ့အား ကြည့်သည်။ ရီဖူရှင်းက ပြောသည် “မင်းက ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲ။ ငါ့အသက်ဓာတ်ခမ်းသွားရင်တောင်မှ မင်းရဲ့ လမ်းစဉ်သက်သေပြဖို့အတွက် ငါအတတ်နိုင်ဆုံး ကြိုးစားရမှာပဲ။ ငါ့အပြုအမူတွေအတွက် အရမ်းစိတ်ထဲမထားပါနဲ့။ ဒါက ငါ့ရဲ့ တာဝန်ပဲ”
“…”
ရှောင်မုယွီ မျက်လုံး ပြုးသွားသည်။
“ဆရာ... အဲလိုကြီး မလုပ်ပါနဲ့လား...” ရှောင်မုယွီက သူမ၏ခေါင်းထဲသို့ ရောက်နေသော ရီဖူရှင်း၏လက်ကို လက်ညိုးထိုးကာ ပြောသည် “တပည့် နေသားမကျသေးလို့ပါ...”
“အိုး...”
ရီဖူရှင်းက ခေါင်းညိတ်ကာ လက်ကို ဖယ်လိုက်သည်။ သို့သော်လည်း သူက လက်ကို မရုပ်သိမ်းသေးဘဲ ရှောင်မုယွီ၏ပါးကို ဆွဲညစ်ကာ အကြီးအကဲတစ်ဦး၏လေသံမျိုးဖြင့် ပြောသည် “မုယွီ... ငါက မင်းကို တပည့်အဖြစ် လက်ခံပြီးမှတော့ မင်းကို ငါ့မျိုးဆက်ထက်ငယ်တဲ့သူအဖြစ် သတ်မှတ်ထားပြီးသားပဲ။ တစ်ရက်ဆရာဖြစ်ရင် တစ်သက်တာ အဖေပဲလို့ ပြောစမှတ်ရှိတယ်။ မင်းက ငါ့အတွက် ကလေးတစ်ယောက်လိုပါပဲ။ ငါ့အပြုအမူတွေကို စိတ်ထဲသိပ်မထားနဲ့...”
ရှောင်မုယွီကား မျက်ရည်ကျလုမတတ်...။ သူက သူမအား ကလေးတစ်ယောက်ကဲ့သို့ အမှန်တကယ် ဆက်ဆံနေသည်လား...။
ရန်ဟောင်အဆင့်သို့ တက်လှမ်းခါနီး ကလေးကို သူမ၏ဆရာ မြင်ဖူးသလော...။
အကယ်၍ ရီဖူရှင်းသာ အဘိုးအိုတစ်ဦးဆိုပါက ရှောင်မုယွီ သည်းခံနိုင်ပေသည်။ သို့သော်လည်း ပြဿနာကား သူသည် ချေမောခန့်ညားသော လူငယ်တစ်ယောက် ဖြစ်၏။
“တပည့် အသားကျနေပါပြီ။ ဆရာ... တပည့်တို့ စလို့ရပြီလား...” ရီဖူရှင်း၏လက်မှ မလွတ်မြောက်တော့သလို သူမ ခံစားနေရသည်။
“အင်း...” ရီဖူရှင်း ခေါင်းညိတ်သည်။ သူက နဂိုနေရာသို့ ပြန်သွားကာ ထိုင်လိုက်သည် “စကြမယ်...”
…
ရက်အနည်းငယ် ကြာသောအခါ ရှောင်မုယွီ၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းများ ဖြာထွက်လာသည်။ မဟာလမ်းစဉ်၏ကြောက်မက်ဖွယ်အသံများ သူမ၏ခန္ဓာကိုယ်အတွင်း၌ ဆူညံခြင်းက ပတ်ဝန်းကျင်ကို ဗရမ်းပတာဖြစ်သွားစေသည်။ ထိုအဖြစ်က အချိန်အတန်ကြာနေခဲ့၏။ ထို့နောက်တွင် အဆုံးမဲ့သော နတ်အလင်းများ ရှောင်မုယွီ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
သူမက မျက်လုံးများကို အသာအယာဖွင့်လိုက်သည်။ ယခင်နှင့်မတူသည်က ရှောင်မုယွီ၏မျက်လုံးများက တဖျတ်ဖျတ် လက်နေသည်။ သူမ၏ကိုယ်ရောင်ကိုယ်ဝါသည်လည်း ပြောင်းလဲသွားခဲ့သည်။ သူမကား ယခင်ကထက်ပင် ချောမောလှပသွားခဲ့၏။ သူမ၏အသားအရေမှာ ပိုမိုချောမွေ့သွားကာ ကြည်လင်သန့်ရှင်းသော အငွေ့အသက်များကို ရသည်။
သူမ၏ဆံပင်များမှာ လေမတိုက်ဘဲ လွင့်နေ၏။ ရှောင်မုယွီ၏မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ တဖျတ်ဖျတ် လက်နေ၏။ သူမက ပြုံးလိုက်သည်။
သူမကား ယခု ရန်ဟောင်တစ်ပါး ဖြစ်နေလေပြီ။ ထို့အပြင် သူမသည် အက်ကြောင်းမဲ့ဝင်ရိုးအား ဖွဲ့စည်းနိုင်ခဲ့၏။
သူမက ရီဖူရှင်း ရှိနေရာသို့ ကြည့်လိုက်သည်။ သူမ၏အနီးမှ ပုံရိပ်ယောင်များ တဖြေးဖြေး ပျောက်ကွယ်သွားခဲ့ပြီးနောက်တွင် အလွန်တရာ ဖျော့တော့အားနည်းဟန်ရသော ရီဖူရှင်း၏ပုံစံက သူမ၏မြင်ကွင်းထဲသို့ ဝင်လာသည်။
“ဆရာ...”
ရှောင်မုယွီကား ထိတ်လန့်တကြားခေါ်ကာ သူ၏အနီးကို ကပ်သွားသည်။ သူမက သူ့အား သံသယ ဝင်ခဲ့သည်။ သို့သော်လည်း ဝင်္ကပါကား စွမ်းအားကြီးလွန်းရကား သူမကို အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းနိုင်ရန် ရီဖူရှင်းသည် ကြီးမားသော တန်ဖိုးအား ပေးဆပ်ခဲ့ရဟန်ရှိသည်။
“ငါ အဆင်ပြေတယ်...” ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ဆိုသည် “မင်း အောင်မြင်သွားတာ ဝမ်းသာစရာပဲ...”
“ဆရာ ဘယ်လိုနေသေးလဲ...” ရှောင်မုယွီက ဒူးထောက်ထိုင်လိုက်ကာ ရီဖူရှင်းအား ထိန်းပေးသည်။
သူ့အား သံသယဝင်မိသည့်အတွက်ပင် သူမ စိတ်မကောင်းဖြစ်မိ၏။
“ငါ အဆင်ပြေတယ်။ ငါက အားပြတ်သွားပြီးတော့ အသက်ဓာတ် နည်းနည်းခမ်းသွားရုံလောက်ပါပဲ။ ဒါပေမဲ့ ငါ့အသက်ဓာတ်ကို ပြန်ပြီး ဖြည့်လို့ရတယ်။ စိတ်မပူပါနဲ့။ မကြာခင် သက်သာသွားမှာ...” ရီဖူရှင်းက ရှင်းပြသည်။
ရှောင်မုယွီကား အလွန်စိတ်မကောင်းဖြစ်သွားသည်။ သူ၏လက်ရှိ အခြေအနေက ကောင်းမွန်သည်ဟု မည်သို့ ပြောနိုင်မည်နည်း။
“တပည့် ဘာလုပ်ပေးရမလဲ... ဆရာ...” ရှောင်မုယွီက မေးသည်။
“ငါ့နောက်ကျောက တင်းမာနေတာပဲ... နည်းနည်း နှိပ်ပေးပါလား...” ရီဖူရှင်းက ပြောသည်။
ရှောင်မုယွီက မယုံကြည်သလို ကြည့်သည်။ နှိပ်ပေးခြင်းက အမှန်တကယ် အကူအညီဖြစ်မည်လား...။
သို့သော်လည်း သူမက ခေါင်းညိတ်ကာ ပြောသည် “ကောင်းပါပြီ...”
ထို့နောက် သူမက ရီဖူရှင်း၏နောက်ကျောကို စတင်၍ နှိပ်နှယ်သည်။
“ငါ့တပည့် လိမ္မာတာကို မြင်ရတော့ ဆရာ စိတ်ချမ်းသာတာပေါ့...” ရီဖူရှင်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။ သူကား အလွန်သက်တောင့်သက်သာ ခံစားရ၏။
အမျိုးသမီးရန်ဟောင်တစ်ဦး၏နှိပ်နှယ်မှုကို မည်သူတို့ ခံစားဖူးမည်နည်း။
ရီဖူရှင်းက ထိုအခွင့်အရေးကို လက်လွှတ်မခံလိုပေ။
ထိုအခိုက်တွင် လူတစ်ယောက် အနီးကို ရောက်လာသည်။ သူမကား ရှားရှင်းယွန်ဖြစ်သည်။ ရီဖူရှင်း၏အခြေအနေကို မြင်လျှင် သူမက ရှောင်မုယွီကို ပြောသည် “ငါနှိပ်ပေးမယ်...”
ရှောင်မုယွီက ရှားရှင်းယွန်ကို ကြည့်ကာ ရီဖူရှင်းအား ကြည့်သည်။ ထို့နောက် တီးတိုးမေးသည် “ဆရာ... သူမက ဆရာ့ရဲ့ ဇနီးလား...”
ရီဖူရှင်းက သူ့တွင် ဇနီးမယားရှိသည်ဟု ဆိုဖူးသည်။
“သူမကို အဲလို မခေါ်နဲ့...” ရီဖူရှင်း၏အမူအရာက မဲနက်သွားသည်။
ရှားရှင်းယွန်၏မျက်လုံးများလည်း ပြူးကျယ်သွား၏။
သို့သော်လည်း သူမက အနီးကို ကပ်လာကာ ပြောသည် “မုယွီ... ငါနှိပ်ပေးမယ်...”
“ကောင်းပါပြီ...” ရှောင်မုယွီက ခေါင်းညိတ်ကာ ဘေးကို ဖယ်ပေးသည်။ ရှားရှင်းယွန်၏အပြုအမူအရ သူမသည် ရီဖူရှင်း၏အမျိုးသမီးဖြစ်ရပေမည်။
ခွပ်...
အသံတစ်သံထွက်လာသည်။ သာယာနေသော ရီဖူရှင်းတစ်ယောက် အလန့်တကြား ထရပ်လိုက်သည်။ ရှားရှင်းယွန်က အမှန်တကယ်ပင် သူ၏နောက်ကျောကို လက်သီးဖြင့် ထိုးလိုက်၏။
“အား...”
ရီဖူရှင်းက ထခုန်ကာ ဒေါသတကြီး ပြောသည် “မင်းသမီး... ငါ့ကို သတ်နေတာလား...”
ရှောင်မုယွီကား မင်တက်နေသည်။
ဆရာ၏အားနည်းဖျော့တော့သည့် အခြေအနေက မည်သို့ ပျောက်ကွယ်သွားသနည်း။
ရှောင်မုယွီ ချက်ချင်း သတိဝင်လာသည်။ သူမ၏မျက်နှာက နီရဲသွား၏။ သူမက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။
ဒီ အရှက်မရှိတဲ့ ဆရာ...။
ရှောင်မုယွီ၏အကြည့်ကို ခံစားမိသည်တွင် ရီဖူရှင်းက ပြောသည် “မုယွီ... တစ်မျိုးမထင်နဲ့။ မင်းက တအားလိမ္မာတော့ ငါက စိတ်ချမ်းသာပြီး ချက်ချင်း သက်သာသွားတာ...”
“ဟမ်... တပည့် ယုံပါတယ် ဆရာ...” ရှောင်မုယွီက နှာခမ်းကိုက်ကာ ပြောသည်။
“ဒီလိုပဲ ဖြစ်ရမှာပေါ့။ မုယွီ... အခု ကလန်ကို ပြန်ပြီးတော့ ကျင့်ကြံဆင့်တည်ငြိမ်အောင် သွားပြီးတော့ လုပ်တော့....” ရီဖူရှင်းက ပြောသည် “ဆရာပြောတာတွေ မမေ့နဲ့...”
ရှောင်မုယွီက ခေါင်းညိတ်သည်။ ထို့နောက် သူမက ရီဖူရှင်းတို့နှစ်ယောက်အား ပြောသည် “ဆရာ... ဆရာကတော်... တပည့် မနှောင့်ယှက်တော့ပါဘူး။ နောက်ရက်ပိုင်းမှ တပည့် လာလည်ပါ့မယ်”
ထို့နောက် သူမ ပြန်လည်ထွက်ခွာသွားသည်။
“လျှောက်ပြီးတော့ ခေါ်မနေနဲ့...” ရီဖူရှင်းကား ဆွံ့အရသည်။
“ဒီကလေးက မရင့်ကျက်သေးဘူး… မင်းသမီး စိတ်မရှိပါနဲ့...” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောသည်။
ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်သည်။ တိုးညှင်းစွာဖြင့် သူမက ပြောသည် “မုယွီက တော်တော်စိတ်ကောင်းတယ်လို့ ငါခံစားရတယ်။ သူမကို အခက်တွေ့တောင် မလုပ်ပါနဲ့...”
“…”
ရီဖူရှင်း မျက်လုံးပြူးသွားသည်။
….
ထိုနေရာမှ ထွက်လာပြီးနောက်တွင် ရှောင်မုယွီကား စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သည်ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည်များအားလုံးမှာ အိပ်မက်အလား ထင်မှတ်ရသည်။ သူမက လှပစွာ ပြုံးလိုက်သည်။
“ဆရာ...” ရှောင်မုယွီက ရေရွက်လိုက်သည်။ သူမက နွေးထွေးမှုကို ခံစားရ၏။
ထိုခံစားချက်ကား အလွန်ကောင်းပေသည်။
သူမက နောက်တစ်နေရာသို့ ရောက်လာသည်။ ထိုနေရာတွင် ရှောင်ကလန်မှ လူများ ရှိနေကြသည်။ ရှောင်မုယွီ ပြန်လာသည်ကို မြင်လျှင် သူတို့ထဲမှ တစ်ယောက်က ဆိုသည် “သခင်မလေး...”
ရှောင်မုယွီက ခေါင်းညိတ်ကာ ဆိုသည် “ကလန်ကို ပြန်ရအောင်”
ထို့နောက်တွင် သူမတို့အဖွဲ့ ရှောင်ကလန်သို့ ပြန်ရန် ပြင်ဆင်ကြ၏။
ရှောင်ကလန်သည် ဗဟိုအင်ပါယာဘုံ၏မြောက်ပိုင်းဒေသတွင် ရှိသည်။ ဗဟိုအင်ပါယာဘုံ၏ထိပ်သီးကလန်တစ်ခုအနေဖြင့် ရှောင်ကလန်သည် ရှေးဟောင်းမြို့တစ်မြို့ကို အခြေတည်ကာ နေကြသည်။ သူတို့၏ကလန်နန်းတော်သည် ကောင်းကင်သို့အထိအောင် မြင့်မားလှ၏။
ရှောင်မုယွီပြန်ရောက်လျှင် သူမက တစ်နေရာသို့ ဦးတည်သွားနေသည်။ သူမဖြတ်သွားသည့်နေရာတိုင်းမှ လူများသည် သူမအား ဦးညွှတ်နှုတ်ဆက်ကြ၏။
သူမက ခန်းမဆောင်များစွာကို ဖြတ်သန်းသွားပြီးနောက်တွင် လူတစ်စုနှင့် လမ်းတွင် တွေ့သည်။ ထိုလူစုအား လူငယ်တစ်ယောက်က ဦးဆောင်လာသည်။
“ရှောင်မုယွီ...” လူငယ်က သူမအား ခေါ်သည်။ သူ၏လေသံတွင် အထက်စီးဆန်သော အငွေ့အသက်များပါဝင်နေသည်။ သူသည်လည်း ရှောင်ကလန်၏ရန်ဟောင်တစ်ပါးဖြစ်သည်။ သူမသည် ရှောင်မုယွီ၏ကိုင်းခွဲမျိုးရိုးမှ မဟုတ်ပေ။ သူတို့နှစ်ဦးလုံးမှာ ပင်မမျိုးရိုးများဖြစ်ကြသော်လည်း ပြိုင်ဘက်များဖြစ်ကြသည်။
“ဘာကိစ္စလဲ...” ရှောင်မုယွီ၏လေသံက အေးစက်နေသည်။
“မင်းက နောက်ဆုံးတော့ အဆင့်တက်သွားပြီပေါ့...” လူငယ်က ထီမထင်စွာ ပြုံးလျှက်ပြောသည် “မင်း အတော်နောက်ကျသွားပြီ။ မင်းက နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲက လက်ဗလာနဲ့ ထွက်လာခဲ့တယ်။ အခု နောက်တစ်ဆင့်တက်တာက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ ဒါပေမဲ့ မင်းက အဆင့်တက်သွားမှတော့ အထက်ကို တင်ပြရဦးမှာပဲမလား... သွားတော့...”
သူမက နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ သွားရာတွင် အမှန်တကယ် အကျိုးသိပ်မဖြစ်ထွန်းခဲ့ပေ။ သို့သော်လည်း သူမသည် ဝိညာဉ်လက်နက်သုံးခု ရရှိခဲ့သေးသည်။ လူငယ်ကား ဝိညာဉ်လက်နက်တစ်ခုပင် မရခဲ့ပေ။
“ရှောင်ရန်...” ရှောင်မုယွီကပြောသည်။ လူငယ်က သူမအား ပြန်ကြည့်၏။
“နောက်ငါ့ကို ဒီလိုလေသံနဲ့ မပြောနဲ့...။ ငါမကြိုက်ဘူး” ရှောင်မုယွီက ထူးမခြားနားစွာ ပြောသည်။
“ဟ...”
ရှောင်ရန်က စိတ်ဝင်စားစွာ ကြည့်သည်။ သူက ပြုံးလျှက်ပြောသည် “မင်းက ရန်ဟောင်ဖြစ်သွားတော့ ပြောင်းလဲသွားတာပေါ့ ဟုတ်လား။ မင်းရဲ့ စွမ်းအားတွေကို စမ်းကြည့်ဖို့ စိတ်မထိန်းနိုင်တော့ဘူးလား”
ထို့နောက်တွင် သူ၏ရန်ဟောင်အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ၏နတ်ဝင်ရိုးမှာ ဒုတိယအတန်းအစားဖြစ်သည်။
ကလန်ကြီးများသည် ပုံမှန်အားဖြင့် လူငယ်မျိုးဆက်များ ယှဉ်ပြိုင်သည်ကို မကန့်ကွက်ပေ။ ထို့ကြောင့် ဤသို့ တိုက်ခိုက်ခြင်းက မထူးဆန်းပေ။
ရှောင်မုယွီက သူ့အား တစ်ချက်ကြည့်ကာရှေ့ကို တက်သွားသည်။
မဟာလမ်းစဉ်၏နတ်အလင်းများ ဖြာထွက်လာလျှင် ကြီးမားသော ဖိအားသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထိုဖိအားသည် တစ်ဘက်လူ၏နတ်ဝင်ရိုကို တိုက်ရိုက်ဖိနှိပ်ပေသည်။
ထိုအခိုက်တွင် ရှောင်မုယွီသည် ထူးဆန်းသော အလင်းများဖြင့် လင်းလက်နေသည်။ သူမကား ပြိုင်စံရှားသော နတ်သမီးတစ်ပါးအလား ထွန်းလင်းနေ၏။
ရှောင်မုယွီနှင့်အတူပြန်လာသော သူများ၏အမူအရာများမှာ ပြောင်းလဲသွား၏။ ထို့နောက် သူတို့သည် ကြီးစွာ စိတ်လှုပ်ရှားသွားကြသည်။
အက်ကြောင်းမဲ့ဝင်ရိုး...။
ရှောင်ရန်၏အမူအရာက ပျက်ယွင်းသွားကာ ရှောင်မုယွီကို အထိတ်တလန့်ကြည့်သည်။
တချိန်တည်းမှာပင် အဝေးမှလူများသည် ထိုအရောင်အဝါအား ခံစားမိကြဟန်ရှိသည်။ များစွာသော လူရိပ်များ ထိုနေရာသို့ ပျံသန်းလာကြ၏။
“ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ...” ရှောင်မုယွီက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူမက ရှောင်ရန်ကို ဖြတ်သန်းကာ ရှေ့ကို ဆက်လှမ်းသွားလိုက်သည်။
ရှောင်မုယွီ၏နောက်မှ လူများအားလုံးက ရှောင်ရန်ကို မတူမတန်သလို ကြည့်ကြသည်။ ယခုကား ကလန်အတွင်း၌ ရှောင်မုယွီ၏အဆင့်အတန်းမှာ ယခင်နှင့် လွန်စွာ ကွာခြားသွားပြီဖြစ်သည်။
ရှောင်ရန်ကား သူမနှင့်ယှဉ်ပြိုင်ရန် မထိုက်တန်တော့...။
“ရှောင်မုယွီ... ပင်ပခန်းမကို တိုက်ရိုက်လာခဲ့...” အသံတစ်သံ အဝေးမှ ပျံ့လွင့်လာသည်။ လူရိပ်များသည် တစ်နေရာသို့ ပျံသန်းသွားနေကြသည်။ ရှောင်မုယွီက ခေါင်းမော့ကာ အဝေးမှ ကောင်းကင်နန်းတော်သို့ ကြည့်သည်။ သူမ၏ဆံပင်များ လေထဲလွင့်နေကြ၏။
ထိုအခိုက်တွင် ထိုနေရာသည်ကား မလှမ်းနိုင်၊ မရောက်နိုင်သော နေရာ မဟုတ်တော့။
***