အရေထူတဲ့ ဆရာ
Vol. 017 Ch. 1673
နောက်ထပ် ရသတ္တပတ်များတွင် ရီဖူရှင်းသည် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေခဲ့သည်။
ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၄၅ခုနစ်အကုန်တွင် ယူချင်းသည် အဆင့်တက်သွားကာ မိစ္ဆာအင်ပါယာဖြစ်သွားသည်။
မျှော်လင့်ထားသည့်အတိုင်း သူသည်လည်း အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့သည်။
ထို့အပြင် သူသည် ရီဖူရှင်း၏အကူအညီမပါဘဲ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခု ရီဖူရှင်းအပြင် ဂူတုံးလျှို၊ ယူချင်း၊ ရာရာနှင့် လီဟန်ဓားသမားတို့အားလုံးမှာ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ကြသည်။ ထို့အပြင် သောကျောက်နှင့် ရှောင်မုယွီတို့ကိုလည်း ထပ်ပေါင်းထည့်လျှင် အမှန်တကယ် အရေအတွက် များပြားသော အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များဖြစ်ကြသည်။
သို့သော်လည်း ထိုကိစ္စမှာ လူအများ သတိထားမိခြင်း မရှိသေးပေ။
မဟုတ်လျှင် ဘုံကိုးဘုံလုံးသည် အပြင်းအထန် လှုပ်ခတ်သွားနိုင်၏။
ယနေ့တွင် လူတစ်စု ရီဖူရှင်း၏စံအိမ်သို့ ရောက်လာသည်။ သူတို့အထဲတွင် ဆဌမအဆင့်နတ်ဝင်ရိုးပိုင်ရှင်လည်း ပါဝင်ရာ သူတို့အုပ်စု မည်မျှ အားကောင်းသည်ကို သိနိုင်၏။
သို့သော်လည်း သူတို့သည် စံအိမ်၏အပြင်တွင်သာ ရပ်တန့်ကာ ဝင်ခွင့်တောင်းကြသည်။
ရီဖူရှင်းက သူတို့အထဲမှ လူအချို့ကို မှတ်မိပေသည်။ သူတို့မှာ ရှောင်မုယွီနှင့်အတူ လိုက်ပါကြသော သူများဖြစ်သည်။ သူတို့အုပ်စုမှာ ရှောင်ကလန်မှ ဖြစ်ရပေမည်။
လွန်ခဲ့သော ရက်သတ္တပတ်များစွာအကြာက သူမသည် ရန်ဟောင်အဆင့်သို့ တက်သွားကာ ကလန်သို့ ပြန်သွားခဲ့၏။ ထိုနေ့ကတည်းက ရီဖူရှင်းသည် သူမ၏သတင်းကို မကြားတော့ပေ။ ယခု ရှောင်မိသားစုမှ လူများ သူ့ထံသို့ ရောက်လာသည်။
“ကျုပ်တို့က ရှောင်ကလန်ကပါ အင်ပါယာရီ...” ဦးဆောင်လာသော အဘိုးအိုက အနည်းငယ်ဦးညွှတ်ကာ ဆိုသည်။ သူသည် အလယ်အလတ်တန်းစားရန်ဟောင်ဖြစ်သော်လည်း ရီဖူရှင်းကို အလွန်လေးစားစွာ ဆက်ဆံနေသည်။
“အရမ်းယဉ်ကျေးနေစရာမလိုပါဘူး အကြီးအကဲ...” ရီဖူရှင်းကလည်း ဦးညွတ်ကာ ပြောသည် “ခင်ဗျားတို့ ဘာလို့ ရောက်လာကြတာပါလဲ...”
“ပြီးခဲ့တဲ့ရက်ပိုင်းက ရှောင်ကလန်နတ်မိမယ်ဟာ အခန်းအနားတစ်ခုကျင်းပဖို့ စီစဉ်ခဲ့တယ်။ ကျုပ်တို့က အင်ပါယာရီကို လာပြီးတော့ ဖိတ်ကြားတာပါ” အကြီးအကဲက ပြုံးလျှက်ပြောသည်။
ရီဖူရှင်း အံ့အားသင့်သွားသည်။ ရှောင်ကလန်နှင့်ပတ်သက်၍ သူသိပ်မသိပေ။ နတ်မိမယ်မှာ အမွေဆက်ခံသူကို ရည်ညွန်းခြင်းပေလော။
“အကြီးအကဲက တစ်ယောက်ယောက်ကို စေလွှတ်ပြီး အကြောင်းကြားလို့ ရပါတယ်။ လူကိုယ်တိုင်လာဖို့ မလိုအပ်ပါဘူး” ရီဖူရှင်းက ပြောသည်။
အကြီးအကဲက ပြုံးလိုက်သည် “နတ်မိမယ်က ကိုယ်တိုင်ဖိတ်ကြားဖို့ စေလွှတ်လိုက်တာပါ။ အင်ပါယာရီက သခင်မလေးရဲ့ဆရာဆိုတော့ သူမက ကိုယ်တိုင် လာခဲ့သင့်တာပါ။ ဒါပေမဲ့ အခန်းအနားကို ကျင်းပဖို့ သူမက မအားမလပ်နိုင်ဖြစ်နေတော့ ကျုပ် ရောက်လာခဲ့တာပါ။ ဒီအတွက် အင်ပါယာရီက ခွင့်လွှတ်ပေးစေချင်ပါတယ်”
“သေချာတာပေါ့...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ ကြည့်ရသည်မှာ ရှောင်မုယွီက အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းခဲ့ခြင်းသည် သူမ၏ကလန်တွင်း အဆင့်အတန်းကို အပြောင်းအလဲကြီးကြီးမားမား ဖြစ်စေခဲ့ဟန်ရသည်။
နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် အတော်ဆုံးသောလူများမှာ ကျင့်ချင်းကျူ၊ ရှန်ဟောက်၊ နန်လော့ရှန်းနှင့် တချို့သော လူများဖြစ်ကြသည်။ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းကာ ဝိညာဉ်လက်နက်များကို ရရှိခဲ့သူများမှာ နေလိုလလို ထွန်းတောက်ကြသူများဖြစ်ကြသည်။
သို့သော်လည်း အတော်ဆုံးဟု ဆိုသော်လည်း ထိုသူများအားလုံးမှာ ကလန်များ၏အမွေဆက်ခံသူများတော့ မဟုတ်ကြပေ။
ရှောင်မုယွီလည်း ထိုနည်းတူ ဖြစ်ရပေမည်။
သို့သော် ယခုတွင် ရှောင်ကလန်သည် နတ်မိမယ်ဘွဲ့ထူးကို ပေးကာ လူတိုင်းအား အခမ်းအနားသို့ ဖိတ်ကြားခဲ့သည်။ ဆိုလိုသည်က ယခု သူမသည် နန်လော့ရှန်းနှင့် ရှန်ဟောက်တို့ကဲ့သို့ အနာဂတ် ကလန်ခေါင်းဆောင်လောင်းတစ်ယောက်ဖြစ်နေလေပြီ။
“ဒါက အရမ်းကောင်းတာပဲ...” ရီဖူရှင်းက ပြုံးလိုက်သည်။
“ဖိတ်ကြားတာ ကျေးဇူးတင်ပါတယ်။ ဒါဆို အခုသွားကြတော့မလား...” ရီဖူရှင်းက ပြောသည်။
“နတ်မိမယ်က အင်ပါယာရီကို အရင်ဆုံး တွေ့ဆုံချင်ပါတယ်။ ဒါကြောင့် အင်ပါယာရီက အမြန်ဆုံးလာဖို့ သူမက မျှော်လင့်ထားပါတယ်။ တကယ်လို့ အင်ပါယာရီ အလုပ်များနေရင် ကျုပ်တို့ စောင့်ပေးနိုင်ပါတယ်” အဘိုးအိုက ပြုံးလျှက်ပြောသည်။
“ခဏလောက်စောင့်ပေးပါ...” ရီဖူရှင်းက နောက်လှည့်ကာ ပြောသည် “ကျွန်တော် သူတို့နဲ့လိုက်သွားဦးမယ်။ အကြီးအကဲတို့ ဒီမှာ နေကြပါ”
“ဖူရှင်း... ငါမင်းနဲ့လိုက်မယ်...” ကျန်းချင်ကျီက ပြောသည်။ သည်ရက်ပိုင်းအတွင်း သူသည် ရီဖူရှင်း မည်မျှ စွမ်းအားကြီးကြောင်း သိလာခဲ့၏။ မှော်ဆရာက သူနှင့်ပတ်သက်၍ ဟောကိန်းထုတ်ခဲ့ခြင်းမှာ မထူးဆန်းတော့။
အနည်းဆုံးတော့ သူနှင့် ဟွားကျန့်ရှန်တို့နှစ်ဦးတွင် တစ်ဦးက ရီဖူရှင်းနောက်သို့ လိုက်ပါစောင့်ရှောက်ရန် လိုပေသည်။
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ငါလည်း လိုက်မယ်...” ရှားရှင်းယွန်က သူ့ဘေးကို ရောက်လာကာ ပြောသည်။
သူမက ရှောင်မုယွီအပေါ်တွင် ကောင်းသော အမြင်များ ရှိပေသည်။
ရီဖူရှင်းက သူမအား ကြည့်ကာ ခေါင်းညိတ်သည် “ကောင်းပြီ။ သုံးယောက်ဆို လုံလောက်တယ်။ ငါတို့ ရက်ပိုင်းလောက်နေပြီးရင် ပြန်လာကြမယ်”
အားလုံးက ခေါင်းညိတ်ကြသည်။ ယခု သူတို့အားလုံးအတွက် အရေးအကြီးဆုံးမှာ ကျင့်ကြံခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ရှောင်ကလန်သို့ မသွားနိုင်ပေ။
ရီဖူရှင်း၊ ကျန်းချန်ကျီနှင့် ရှားရှင်းယွန်တို့ ရှောင်ကလန်မှ လူများထံသို့ လှမ်းသွားကြသည်။
“သွားကြရအောင် အကြီးအကဲ...” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ...” အကြီးအကဲက ခေါင်းညိတ်သည်။ သူတို့အားလုံး လေထဲသို့ တက်သွားကာ ခဏအတွင်း ပျောက်ကွယ်သွားကြသည်။
ထိုအခိုက်တွင် အင်အားစုများစွာမှ လူများ ရှောင်ကလန်သို့ ရောက်လာနေကြသည်။
ရီဖူရှင်းတို့အုပ်စု လေထဲတွင် ပျံသန်းနေကြ၏။
“အကြီးအကဲ... အခမ်းအနားက ကြီးကျယ်ခန်းနားမှာလား...” ရီဖူရှင်းက မေးသည်။
“နတ်ဘုရားတွေနဲ့ နတ်မိမယ်တွေဟာ ရှောင်ကလန်ရဲ့ ဆက်ခံသူတွေပဲ။ ဒါကြောင့် ဒီဘွဲ့ထူးကို ဆက်ခံဖို့အတွက် အခန်းအနားကလည်း ကြီးကျယ်ခန်းနားတယ်” အကြီးအကဲက ခေါင်းညိတ်သည်။ ဤသို့ အခန်းအနားပြုလုပ်ကာ ထုတ်ဖော်ကြေညာခြင်းကလည်း သူတို့အတွက် အကာအကွယ်တစ်မျိုးဖြစ်ပေသည်။
ရီဖူရှင်းက နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။
“သူတို့က ဘာလို့ မုယွီကို ရွေးကြတာလဲ...” ရီဖူရှင်းက မေးသည်။
“သူမက အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းပြီးတော့ ရန်ဟောင်အဆင့်ကို တက်သွားခဲ့သလို ကလန်တွင်း လက်ရည်စမ်းပြိုင်ပွဲမှာလည်း ကောင်းမွန်တဲ့ရလဒ်တွေ ရခဲ့တယ်။ ဒါကြောင့် ကလန်က သူတို့ကို ဆက်ခံသူတစ်ယောက်အဖြစ် ရွေးချယ်ခဲ့တာ” အကြီးအကဲက ပြောသည်။
“နားလည်ပါပြီ...” ရှောင်ကလန်တွင် သူတို့၏အကဲဖြတ်သည့်နည်းလမ်းများ ရှိမည်ဟု ရီဖူရှင်း တွေးမိသည်။
ရှောင်မုယွီသည် အက်ကြောင်းမဲ့ဝင်ရိုး ဖွဲ့စည်းပြီးနောက်တွင် လုံးဝ ပြောင်းလဲသွားဟန်ရသည်။
…
ရီဖူရှင်း ဗဟိုအင်ပါယာဘုံသို့ ရောက်ပြီးနောက်တွင် ရှောင်ကလန်သည် ရီဖူရှင်း ဒုတိယမြောက်သွားခဲ့သော နေရာဖြစ်ပေသည်။
ရှောင်ကလန်၏ခမ်နားသော ဝင်းကြီးထဲတွင် များစွာသော အဆောက်အဦများ၊ ရဲတိုက်များ ရှိနေသည်။ ထျန်ရှင်းကျောင်းတော်အား နတ်ဘုံနတ်နန်းနှင့်ခိုင်းနှိုင်းမည်ဆိုပါက ရှောင်ကလန်သည် နတ်ဘုရားနန်းတော်ဖြစ်ပေမည်။
ရီဖူရှင်းတို့ ရောက်လာလျှင် လူအများအပြားက စိတ်ဝင်တစား ကြည့်ကြသည်။ လူအများအပြားက သူတို့ကို ဦးညွတ်ကြသလို လူအများအပြားကလည်း အဝေးမှ ကြည့်နေကြသည်။
မကြာသေးမှီက ရှောင်မုယွီသည် နတ်မိမယ်ဘွဲ့ကို ဆက်ခံရရှိသလို ဆရာတစ်ဦးကိုလည်း တင်မြှောက်ခဲ့သည်ဟု သူတို့ကြားသိကြရသည်။
ထို့အပြင် သူမ၏ဆရာမှာ အလွန်ငယ်ရွယ်သလို ကျင့်ကြံဆင့်လည်း သိပ်မမြင့်ပေ။ သို့သော်လည်း သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် နာမည်ကျော်ကြားလာခဲ့ကာ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့သည်။
ထိုအဖြစ်က လူအများအပြားကို အံ့အားသင့်စေသည်။ အဘယ်ကြောင့် သူတို့၏နတ်မိမယ်က ရီဖူရှင်းအား ဆရာအဖြစ် တင်မြှောက်ခဲ့ရသနည်း။
နောက်ပိုင်းသတင်းများအရ ရှောင်မုယွီသည် ရီဖူရှင်း၏အကူအညီဖြင့် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။
“နတ်မိမယ်က နတ်သမီးနန်းတော်သို့ ပြောင်းရွှေ့သွားပါပြီ အင်ပါယာရီ...” အကြီးအကဲက ပြောသည်။ သူတို့က များစွာသော ရဲတိုက်များကို ဖြတ်ကျော်ကာ ကောင်းကင်နန်းတော်သို့ ဦးတည်လာကြသည်။
နတ်သမီးနန်းတော်ကား သီးသန့်ပုံစံဖြင့် ဆောက်လုပ်ထားသည်။ နန်းတော်ကား မြင့်မားကာ လှပခန့်ညားသည်။
ရီဖူရှင်းတို့ရောက်သွားလျှင် လူတစ်စု သူတို့ကို ထွက်ကြိုသည်။ ရှေ့ဆုံးတွင်ကား အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိသည်။ သူမသည် နေရောင်အောက်တွင် တောက်ပလင်းလက်နေခဲ့ကာ ထူးဆန်းသော မှော်ဝင်ပုလဲအလား ထင်မှတ်ရသည်။
သူမကား ရှောင်မုယွီဖြစ်သည်။
“သူမမှာ ဘုရင်မတစ်ယောက်ရဲ့ အရှိန်အဝါ ရှိနေတာလား...” ရီဖူရှင်းက သူ့ထံသို့ လှမ်းလာသော အမျိုးသမီးအား ကြည့်သည်။ သူမကား ယခင်ကနှင့် ကွဲပြားသွားဟန်ရသည်။ သူမထံမှ ယုံကြည်မှုပြင်းထန်သော အငွေ့အသက်များကိုလည်း ရ၏။
ကြည့်ရသည်မှာ သည်ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပွားခဲ့ဟန်ရသည်။
“ဆရာကို နှုတ်ဆက်ပါတယ်...” ရှောင်မုယွီက ရီဖူရှင်းကို ဦးညွတ်သည်။ ထို့နောက် သူမက သူမရှေ့မှ လူငယ်အား ပြုံးလျှက်ကြည့်သည်။
“မဆိုးဘူး...” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူမကား သူ၏တပည့်ဖြစ်ရန် ထိုက်တန်ပေသည်။
“အထဲကို ဝင်ကြပါ...” သူမက ဦးဆောင်ကာ အတွင်းသို့ ဝင်သည်။ ရုတ်တရက် သူမ၏နောက်မှ လူများက ဘေးကို ဖယ်ကာ လမ်းလုပ်ပေးကြသည်။ သူတို့အားလုံးက အလွန်အမင်း လေးစားစွာ ပြုမူကြ၏။ ရှောင်မုယွီ၏အဆင့်အတန်းမှာ သေချာပေါက် မြင့်မား၏။
ရီဖူရှင်းတို့ကလည်း သူမနောက်မှ လိုက်ပါသွားကြသည်။ ရှားရှင်းယွန်ကို ကြည့်ကာ ရှောင်မုယွီက တီးတိုးခေါ်သည် “အစ်မ...”
ရှားရှင်းယွန်ကလည်း ခေါင်းညိတ်ကာ ဆက်လျှောက်သွားသည်။
“နှုတ်ဆက်ပါတယ်... ဦးလေး...” ရှောင်မုယွီက ရီဖူရှင်းကို သွားခေါ်သော အကြီးအကဲအား ပြောသည်။
“အင်ပါယာရီကို ဂရုစိုက်လိုက်ပါ...” အကြီးအကဲက ပြောသည်။
“အင်း...” ရှောင်မုယွီက ခေါင်းညိတ်ကာ ပြောသည် “အားလုံး သွားလို့ရပြီ။ ငါ့မှာ ဆရာနဲ့ပြောစရာတွေ ရှိတယ်...”
သူတို့အားလုံး ထွက်သွားပြီးနောက်တွင် ရှောင်မုယွီက နတ်သမီးနန်းတော်သို့ လိုက်ပါလာခဲ့သည်။ ထို့နောက်တွင် ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် ရှောင်မုယွီတို့သာ နန်းတော်ထဲ၌ ကျန်ရစ်၏။
“ဒါက ဆရာ့ကို အရှက်မရစေဖို့ မျှော်လင့်ပါတယ်...” ရှောင်မုယွီက ပြုံးလျှက်ပြောသည်။
“မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ...” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက တစ်နေရာရှာကာ ထိုင်လိုက်ပြီး ပြောသည် “လာခဲ့... ငါ့တပည့်ကို ကောင်းကောင်းကြည့်ရအောင်...”
ရှောင်မုယွီက သူ့ထံသို့ လျှောက်သွားကာ ထူးဆန်းစွာ ကြည့်သည်။ သူက သူမ၏ခေါင်းကို ထပ်ပုတ်ဦးမည်လော...။
“တပည့်က အခု နတ်မိမယ်ဖြစ်နေပြီ။ ဆရာက နည်းနည်း မျက်နှာသာပေးသင့်တယ်...” ရီဖူရှင်းက လက်ဆန့်တန်းလျှင် သူမက ပြောသည်။
“မင်းက ဆရာကို လေးစားသင့်တယ်လေ...” ရီဖူရှင်းက ပြောသည်။
သူမက မျက်မှောင်ကြုံ့လိုက်သည်။ ဆရာကို လေးစားခြင်းက ခေါင်းကို ကိုင်ခြင်းနှင့် မည်သို့ ပတ်သက်သနည်း။
သူ၏အလေ့အထက ထူးဆန်းလွန်းလှသည်။
သူမက သူ့ကို ဒေါသတကြီး ကြည့်သော်လည်း ရှေ့ကို တက်ကာ ခေါင်းကို အသာငုံ့လိုက်၏။
သူမကား မည်သို့ဆိုစေ ရှောင်ကလန်၏နတ်မိမယ်ဖြစ်သည်။ လူတိုင်းက သူမအား တလေးတစား ဆက်ဆံရ၏။ သို့သော် … သည်နေရာတွင်ကား ...။
သူမက သည်းခံရုံမှတပါး...။
“ကောင်းတယ်...” ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ငါက မင်းကို တွေ့ဖို့ အဝေးကြီးက လာခဲ့တာ။ ငါ့ပုခုံးတွေ တင်းနေတယ်...”
“ဆရာ့ကို နှိပ်ပေးပါ့မယ်...” သူမက အံ့ကြိတ်ကာ ရီဖူရှင်း၏နောက်ကို လျှောက်သွားလိုက်သည်။ သူမကား မကြာခင် ဂုဏ်ပြုပွဲကျင်းပတော့မည်။ ယခု သူ၏ပုခုံးကို နှိပ်ပေးနေရ၏။
“ဒါက အရမ်းကောင်းတာပဲ...” ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ ဆိုသည်။ ထို့နောက် သူက တီးတိုးပြောသည် “ဒီလို မခံစားဖို့ဆိုရင် မိန်းကလေး တပည့်ဘာလို့ လက်ခံရမှာလဲ...”
ယောကျ်ားလေး တပည့်များမှာ ဤသို့ ပါရမီ မပါပေ။
ရှားရှင်းယွန်က သူ့အား အေးစက်စွာ ကြည့်သည်။ သူမက ဤသို့ အရေထူသော ဆရာအား မမြင်ဖူးပေ။
***