← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

ပန်းရောင်ဝတ် ကလေးမလေးက နောက်ကျောပေါ်တွင် အလွန်များပြားသော ရှေးဟောင်းစာအုပ်အထပ်ကြီးကို သယ်ပြီး ကျမ်းစာ စာကြည့်တိုက်ထဲမှ ထွက်လာသည့်အချိန်တွင် ချွေးချန်းက ချန်းပင်အန်းကို ဦးညွတ်နေကြောင်း တွေ့လိုက်ရသည်။ သူမ၏မျက်လုံးထဲတွင် ချန်းပင်အန်းအပေါ် ကြောက်ရွံ့စိတ်များ ချက်ချင်း ပေါ်လာခဲ့၏။

တစ်ချိန်တည်းတွင် စိမ်းပြာဝတ်ကောင်လေးက ဆုတ်ပြဲနေသော အဝတ်အစားများနှင့်အတူ ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။ သူ့ပုံစံက အတော်လေးကို သနားစရာကောင်းနေခဲ့၏။ အနီရောင်အလင်းတန်းတစ်ခုက သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး ပြစ်မှုကျူးလွန်သူတစ်ယောက်ကို ခေါ်လာရန် တာဝန်ကျသော ရဲမက်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

စိမ်းပြာဝတ်ကောင်လေးက အသက်ကို အမောတကော ရှူနေရပြီး မြေကြီးပေါ်တွင်လှဲ၍ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။ သူက ချွေးချန်းကို လှည့်ကြည့်လိုက်သည့် အချိန်တွင် သူ၏မျက်လုံးထဲရှိ ရက်စက်ကြမ်းကြုတ်မှုများက လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးပေ။

မြို့အပြင်ဘက် မြစ်ထဲတွင် ရာစုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော လူတစ်ယောက်က ထိုကဲ့သို့ အရှက်ရသွားသည့်အချိန်တွင် အလွန်အမင်းကို ဒေါသထွက်သည်ဟု ခံစားရသည်မှာ အံ့ဩစရာတော့ မရှိချေ။

သူက လက်ချောင်းလေးများနှင့် လက်ဖျောက်တီးလိုက်ရာ စိမ်းပြာရောင်အလင်းတန်းလေးတစ်ခုက ချွေးခန်း၏ အင်္ကျီလက်ထဲသို့ ပျံသန်းလာသည်မှာ အသိုက်ထဲသို့ ပြန်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် ချွေးချန်းက ချန်းပင်အန်း၏ မျက်နှာပေါ်၌ အနည်းငယ် ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အပြုံးနှင့် ရှင်းပြလိုက်၏။

“ငါတို့က ယဲ့ဖူတောင်ကြားရဲ့ အပြင်ဘက်မှာ တွေ့ခဲ့တဲ့အချိန်ကို မှတ်မိသေးလား။ ငါက မင်းအတွက် အရမ်းကို အဖိုးတန်တဲ့ လက်ဆောင်တွေ ပြင်ဆင်ပေးထားတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီလက်ဆောင်တွေထဲက တစ်ခုကတော့ ရွှေဆောင်းဦးလို့ နာမည်ပေးထားတဲ့ ပိုင်ရှင်မဲ့ဓားပျံပဲ။ အဲဒီအရာက တော်တော်လေးကို အစွမ်းထက်တဲ့ ဓားပျံတစ်လက်ဖြစ်တဲ့အပြင် ထူးထူးခြားခြား ကျင့်စဉ်အဆင့်မမြင့်တဲ့ လူတစ်ယောက်ကတောင် အသုံးပြုလို့ရတယ်…”

ချွေးချန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်၏။

“ဒီဓားပျံရဲ့ နောက်ဆုံးပိုင်ရှင်က အလယ်မြေ နတ်ဘုရားကုန်းမြေကြီးမှာ အစွမ်းထက်တဲ့ ဓားအင်မော်တယ် တစ်ယောက်ပဲ။ သူက ကျားကစားရတာကို တော်တော်လေး ဝါသနာကြီးတယ်။ သူ့ခေါင်းကို တစ်ယောက်ယောက် ထုလိုက်သလိုပဲ။ သူက ဓားသိုင်းကျင့်ကြံမှုကနေ ကျားကစားခြင်းကိုပဲ လုံးဝအာရုံစိုက်ခဲ့တယ်။ သူ့အတွက် ကံဆိုးသွားတာကတော့ သူက ကျားကစားတဲ့ ပညာရပ်မှာ အတော်လေးကို နိမ့်ကျတယ်။ ဒါကြောင့် သူက အလောင်းအစားအနေနဲ့ ငါ့ဆီကို ဒီဓားပျံ ရှုံးနိမ့်သွားခဲ့ရတာပဲ။ သူက ဒီဓားပျံကို ရှုံးနိမ့်သွားခဲ့တဲ့အတွက် ဓားပျံနဲ့ သူ့ရဲ့ဆက်သွယ်မှုတွေအားလုံး ဖြတ်တောက်လိုက်ရပြီး ဓားသမားတစ်ယောက် ဆိုတဲ့ အရင်အဆင့်အတန်းကိုလည်း ဆုံးရှုံးသွားခဲ့ရတယ်…”

“လင်းရှို့ယီက ဒီရွှေဆောင်းဦးဓားပျံကို အသုံးပြုနိုင်မှာလား…”

ချန်းပင်အန်းက စိတ်ဝင်တစားမေးလိုက်သည်။

ချွေးချန်း၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အမူအရာတစ်ခုပေါ်လာခဲ့၏။

“ဆရာ…

မင်းက အရမ်းကို မျက်နှာလိုက်လွန်းတယ်။ လင်းရှို့ယီက ဒီဓားကို သုံးနိုင်တယ်။ ဒါပေမယ့် သူ့ကို ပေးလိုက်တာက အရမ်းကို ဖြုန်းတီးသလိုပဲ။ ငါက မင်းကိုပဲ ဒီဓား ပေးချင်တယ်။ လင်းရှို့ယီကိုတော့ မပေးချင်ဘူး…”

ပန်းရောင်ကလေးမလေးနှင့် စိမ်းပြာဝတ်ကောင်လေးတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် အံ့ဩမှုများ ပေါ်နေခဲ့၏။ အလယ်မြေ နတ်ဘုရားကုန်မြေကြီးမှ ဓားအင်မော်တယ်တစ်ယောက် နှင့် အလောင်းအစားလုပ်သည်ဟူသော အရာက သူတို့အတွက်တော့ လုံးဝကိုခန့်မှန်း၍ မရနိုင်ပေ။

ချန်းပင်အန်းက သူ၏ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဆက်လက်ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။

“ခဏစောင့်ပါဦး ဆရာ… ကျွန်တော်မှာ ဆရာ့ကို ပြောစရာလေးတွေ ရှိသေးတယ်။ ဒါဆိုရင် လုံချွမ်တိုင်းပြည်ကို ပြန်တဲ့ခရီးလမ်းမှာ ကြိုမမြင်နိုင်တဲ့ပြဿနာတွေ မဖြစ်တော့ဘူးပေါ့…”

ချွေးချန်းက ပြောလိုက်သည်။

ထို့နောက် သူက ရေမြွေနှင့် မီးစပါးအုံးမြွေတို့ကို ပြန်လှည့်ပြီး ပုန်းအောင်းခြင်းနဂါးကျောင်းဆောင်၏ အထွဋ်အမြတ်ရတနာတစ်ခုဖြစ်ခဲ့သော မင်ကျောက်တုံးလေးကိုကိုင်၍ ပြောလိုက်သည်။

“မင်းတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို အခုချက်ချင်း ဒီထဲမှာ ထည့်လိုက်။ ငါက သိပ်ပြီး စိတ်မရှည်ဘူး။ ဒါကြောင့် မင်းတို့က ငါ့ကို မစမ်းသပ်ဖို့ အကြံပေးချင်တယ်။ တကယ်လို့ မင်းတို့က ထပ်ပြီး အချိန်ဆွဲရဲမယ်ဆိုရင်တော့ ငါက …”

ချွေးချန်း၏အသံက ထိုနေရာတွင် ပြတ်တောက်သွားသည်။ သူက စိမ်းပြာဝတ်ကောင်လေးကို တစ်ကြိမ်တည်းနှင့် သတ်ပစ်သင့်ခြင်းရှိမရှိ စတင်စဉ်းစားနေခဲ့၏။ မည်သို့ဖြစ်စေကာမူ လုံချွမ်တိုင်းပြည်၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် သူက ရေနဂါးအိုကြီးနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်လျှင် အကောင်းဆုံးဖြစ်သည်။

သူ့ရှေ့တွင် ရှိနေသော မီးစပါးအုံးမြွေနှင့် ရေမြွေတို့ကတော့ ကျင့်စဉ်အဆင့် မြင့်မားမှုမရှိသလို သူတို့က ယခုချိန်ထိ ရေနဂါးအသွင်ပြောင်းလဲမှု မပြီးသေးပေ။ ထို့ကြောင့် သူတို့က ရေခဲစားစရာ မဟာမြစ်နတ်ဘုရား၏ အဆင့်မျိုးကိုပင် မရောက်သေးပေ။ ထို့ကြောင့် သူက အပိုဆုအနေနှင့်သာ သူတို့ကို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

သူက အိတ်ဆောင်ရတနာထဲတွင် ရှိနေသော ရတနာများကို အသုံးမပြုနိုင်ကြောင်း စဉ်းစားမိသည့်အခါ ထိုသတ္တဝါလေး(၂)ကောင်ကို ချန်းပင်အန်းဆီသို့ ပေးလိုက်ရန် စဉ်းစားထားခဲ့၏။

ထိုသို့ဆိုလျှင် ချန်းပင်အန်းက သူ၏တောင်တန်းထဲသို့ သူတို့ကို ခေါ်ဆောင်ပြီး ကြည့်ရှုစောင့်ရှောက်လိုက်သည်။ မီးစပါးအုံးမြွေနှင့် ရေမြွေတို့ကလည်း လီကျူးသုခဘုံသို့သွားရန် အခွင့်အရေးရှိလာပြီး ထိုအရာက သူတို့အတွက် အလွန်ကြီးမြတ်သော အခွင့်ကောင်းကြီးတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သေူတို့၏ သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ခဲ့ပေ။

လက်ရှိအချိန်တွင် သူနှင့်ချန်းပင်အန်းတို့က ဆရာတပည့်ဖြစ်နေပြီ ဖြစ်သည်။ ချွေးချန်းက ချန်းပင်အန်း၏ အကျင့်စရိုက်ကို တစ်ခြားလူများထက် ပို၍ကောင်းမွန်စွာ သိနေခဲ့၏။ သူက အိမ်သာထဲတွင် ရှိနေသော ကျောက်တုံးတစ်တုံးကဲ့သို့ မတုန်မလှုပ်ဖြစ်ကြောင်း သိနေသည်။

အကယ်၍ ချန်းပင်အန်းက ချွေးချန်းကို သူ့တပည့်အဖြစ် လက်မခံခဲ့လျှင် သူက ထိုသတ္တဝါနှစ်ကောင်ကို လက်ခံလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုတော့ ချွေးချန်းက သူ၏ တရားဝင်တပည့် တစ်ယောက် ဖြစ်လာသည့်အတွက် အခြေအနေတွေက ကွဲပြားသွားပြီ ဖြစ်သည်။

ခေါင်းထဲတွင် ထိုအရာကို စဉ်းစားမိသည့်အတွက် ချွေးချန်းက ခံစားချက်များစွာကို ရုတ်တရက် ကျော်လွှားနိုင်ခဲ့သည်။ ချန်းပင်အန်းနှင့် ရင်ဆိုင်ရခြင်းက သူ့အတွက် အလွန်အမင်းကို ဖိအားများ၏။ ထိုအရာက တောင်(၅)တောင်ကို နေရာရွှေ့ရန် ကြိုးစားအားထုတ်သည်ထက်ပင် ပို၍ပင်ပန်းသည်။

သို့သော် မမြင်ရသော အတားအဆီးကို ကျော်ဖြတ်လိုက်ပြီးနောက် သူက အလွန်ထူးဆန်းသော ခံစားမှုတစ်ခုကို ရခဲ့၏။ သူ့ဆီတွင် ကောက်ကျစ်စဉ်းလဲမှုများ ရှိနေသော်လည်း ချန်းပင်အန်း၏တပည့် ဖြစ်လာခဲ့ရသည့်အတွက် သူက အတော်လေး စိတ်အေးသွားခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးက ချွေးချန်း၏ အင်္ကျီအိတ်ထဲတွင် လှုပ်ရှားနေသော ရွှေရောင်အလင်းတန်းလေးကို မြင်နေရသည့်အချိန်တွင် ချက်ချင်းပင် အလျင်အမြန် ဒူးထောက်လိုက်ကြသည်။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ အင်မော်တယ်…။ ကျွန်တော်က အင်မော်တယ်အပေါ် ထာဝရသစ္စာရှိဖို့ ကျိန်ဆိုပါ့မယ်။ ကျွန်တော့်ကို ဘာပဲခိုင်းခိုင်း ဆင်ခြေမပေးဘဲ လုပ်ပါ့မယ်…”

သစ်ခွနီစံအိမ်၏ ကျမ်းစာ စာကြည့်တိုက်ထဲတွင် စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ရှုခဲ့သည့်အတွက် ပန်းရောင်ဝတ် ကလေးမလေးက ရေမြွေနှင့် ပတ်သက်လိုခြင်း မရှိချေ။ သူမက ပေါက်ကရစကားများကို စိတ်ကြိုက်ပြောဆိုတတ်သော သတ္တဝါမျိုးလည်း မဟုတ်ချေ။ လက်ရှိအခြေအနေက သူမ၏စိတ်ထဲတွင် စဉ်းစားခဲ့သောအရာနှင့် ဆန့်ကျင်နေခဲ့သည်။ ရလဒ်‌အနေနှင့် သူမက ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့၏။

ချွေးချန်းကတော့ စကားလုံးများနှင့် ဆက်ပြီး အချိန်မဖြုန်းချင်တော့ပေ။ သူက မင်ကျောက်တုံးကိုမြှောက်ပြီး ကြေညာလိုက်၏။

“သုံး အထိပဲ ရေတော့မယ်…”

ပန်းရောင်ကလေးမလးက ခဏကြာတွေဝေနေပြီးနောက် သူမ၏မျက်ခုံးကြာထဲမှနေ၍ အပ်ချည်မျှင်ကဲ့သို့ မီးတာက်မြွေလေးတစ်ကောင် ထွက်လာခဲ့သည်။ သူမ၏မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူမက ချက်ချင်း သေဆုံးသွားတော့မည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။

စိမ်းပြာဝတ်ကောင်လေး၏ မျက်နှာတွင်လည်း ရှုံးနိမ့်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

“ထားလိုက်ပါတော့လေ။ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဆိုတာ အခြေအနေကိုလိုက်ပြီး ပြောင်းလဲသင့်တယ်…”

ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှနေ၍ မီးခိုးငွေ့များ ထွက်လာပြီး မီးတောက်စပါးအုံးမြွေထက် အနည်းငယ် ပို၍ကြီးသော စိမ်းပြာရောင်မြွေငယ်လေး တစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ ထိုမြွေငယ်လေးကလည်း မင်ကျောက်တုံးဆီသို့ ပျံသန်းသွားခဲ့၏။

စပါးအုံးမြွေနှင့် မြွေတို့က မင်ကျောက်တုံးဆီသို့ ဝင်သွားသည့်အချိန်တွင် သူတို့က ဘောလုံးတစ်လုံးကဲ့သို့ ချက်ချင်း ခွေနေခဲ့သည်။ သူတို့က အနည်းငယ်လေးပင် လှုပ်ရှားရဲခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ မင်ကျောက်တုံး၏အစွန်တွင် အိပ်ပျော်နေသော ရေနဂါးအိုကြီးတစ်ကောင် ရှိသည်။

ထိုရေနဂါးအိုကြီးက မြွေသတ္တဝါအားလုံး၏ အကြီးဆုံးဖြစ်သည့်အတွက် သူတို့ကသာ မှားယွင်းလုပ်ဆောင်မိမည် ဆိုလျှင် ရေနဂါးအိုကြီးကို အိပ်စက်နေရာမှ နှိုးမိနိုင်ပြီး ဒေါသထွက်သွားစေနိုင်သည်။

မင်ကျောက်တုံးကို သိမ်းလိုက်ပြီးနောက် ချွေးချန်း၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“မင်းတို့နှစ်ယောက်က ကံကောင်းတယ်လို့ သတ်မှတ်နိုင်တယ်။ မင်းတို့ကို ဒီမင်ကျောက်တုံးက ချုပ်နှောင်ထားပေမယ့် မင်းတို့ရဲ့ကျင့်စဉ်အဆင့်ကတော့ ဆက်ပြီးတော့ တိုးတက်လာလိမ့်မယ်။ တကယ်လို့ ဒီအခွင့်အရေးကိုသာ ရေနဂါးနဲ့ ပတ်သက်နေတဲ့ တစ်ခြားနတ်ဆိုးသတ္တဝါတွေဆီ ပေးလိုက်မယ်ဆိုရင် သူတို့က သူတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို မင်ကျောက်တုံးထဲထည့်ဖို့ ငါ့ကို တောင်းပန်နေကြမှာ…”

ထိုစကားကို ကြားသည့်အခါ ဘဝတစ်လျှောက်လုံး ကျမ်းစာ စာကြည့်တိုက်ထဲတွင် ကောင်းမွန်စွာ ကြီးပြင်းလာသော ပန်းရောင်ဝတ် ကလေးမလေးကတော့ ကျေးဇူးတင်သည့် အမူအရာနှင့် ဦးညွတ်လိုက်သည်။

စိမ်းပြာဝတ် လူငယ်လေးကတော့ အနှောင်အဖွဲ့ကင်းကင်းနှင့် အချုပ်အနှောင်မရှိသော ဘဝမျိုးတွင် နေထိုင်ခဲ့သည့်အတွက် ချွေးချန်း၏စကားကို အထင်သေးစွာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားခဲ့သည်။

ချွေးချန်းက ထိုအရာကို အလေးမထားဘဲ အပြုံးနှင့် ဆက်ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်ကို ကြားဖူးတယ်မလား။ အဲဒီနေရာက ကောင်းကင်ဘုံကနေ ပြုတ်ကျလာတဲ့ လီကျူးသုခဘုံပဲ။ ငါ့ရဲ့ဆရာက အဲဒီမှာ အရမ်းကို ချမ်းသာတယ်။ သူက တောင်(၅)တောင်ကို ပိုင်ဆိုင်ထားတဲ့အပြင် စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီးရှိနေတဲ့ မြွေကျောက်တုံးတွေလည်း ပိုင်ဆိုင်ထားတယ်…”

“အဲဒီအရာတွေက ဒီကမ္ဘာကြီးထဲမှာ နောက်ဆုံးသော အစစ်အမှန်နဂါးရဲ့ ဝိညာဉ်သွေးတွေကနေ ဖြစ်ပေါ်လာတာပဲ။ သူတို့က ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ ငါပြောစရာ မလိုလောက်ဘူး ထင်တယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်က လုံချွမ်တိုင်းပြည်ကို ပြန်တဲ့လမ်းတစ်လျှောက်မှာ ငါ့ရဲ့ဆရာကို ဂရုစိုက်ပေးဖို့ လိုအပ်တယ်…”

ပန်းရောင်ကလေးမလေး၏ မျက်လုံးများက ချက်ချင်းပင် ဝင်းလက်တောက်ပလာပြီး သူမက ဝမ်းသာသွားသော အမူအရာနှင့် ချန်းပင်အန်းကို ဦးညွတ်လိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်မကို အစေခံတစ်ယောက်လို သတ်မှတ်ထားလို့ ရပါတယ်…”

စိမ်းပြာဝတ်ကောင်လေးကတော့ အလွန်ပွင့်လင်းသည့်အတွက် ဒူးထောက်ပြီး မေးလိုက်သည်။

“ဆရာ…

ဆရာက ညအချိန် အိပ်ယာထဲမှာ ဖျော်ဖြေပေးဖို့ အစေခံမိန်းမလှလေးတွေ လိုချင်လား။ ကျွန်တော်က မိန်းမလှလေးတွေ အများကြီးနဲ့သိတယ်။ တစ်ချို့က ကျင့်ကြံသူတွေလို့တောင် ပြောလို့ရတယ်။ ဆရာက ကျွန်တော့်ကို ခေါင်းညိတ်လိုက်ဖို့ပဲ လိုတယ်။ ကျွန်တော်က ပြန်ပေးဆွဲ.. မဟုတ်ဘူး ကျွန်တော်က သူတို့ကို ဆရာ့ရဲ့ အိမ်တံခါးဆီ ဖိတ်ခေါ်ပြီး ဆရာ့ရဲ့ရှေ့ကို ချက်ချင်း ရောက်လာစေရမယ်…”

ချန်းပင်အန်းကတော့ ချွေးချန်းကို ကြည့်လိုက်ပြီး သူ၏မျက်ခုံးကြားထဲကို လက်နှင့် နှိပ်နယ်နေခဲ့သည်။ ကြည့်ရသည်မှာ ထိုအရာများက သူနှင့် အမှန်တကယ် ပေါင်းစည်းချင်နေပုံရ၏။ ခေါင်းထဲတွင် ထိုအရာကို တွေးမိသွားသည့်အချိန်တွင် ချွေးချန်းကဲ့သို့သော လူတစ်ယောက်ကသာ စိမ်းပြာဝတ်ကောင်လေးကဲ့သို့သော ထူးဆန်းပြီး စည်းကမ်းမရှိသည့်လူတစ်ယောက်ကို ဆွဲဆောင်နိုင်သည်မှာ ထူးခြားမှုတော့ မရှိချေ။

သူ၏စိတ်ဝိညာဉ်ဆက်သွယ်မှုကို စာသင်သားအိုကြီးက ဖြတ်တောက်လိုက်ပြီးနောက် ချွေးချန်းက ကောင်လေး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့ပြီး သူ၏အကျင့်စရိုက်ကလည်း ပို၍ကလေးဆန်လာခဲ့သည်။ သို့သော် သူက အသက်ကြီးသော ချွေးချန်း၏ သွင်ပြင်လက္ခဏာနှင့် အတွေ့အကြုံများအားလုံးကို ပိုင်ဆိုင်ထား နေသေးသည်။

ထို့ကြောင့် သူက ကြည့်လိုက်ရုံနှင့် ချန်းပင်အန်း၏ အတွေးကို ကြိုတင်သိနိုင်ပြီး အနည်းငယ် စိတ်ဆိုးသွားသလို ခံစားလိုက်ရသည်။

“လီပေါင်ဖျင်နဲ့ တစ်ခြားကလေးတွေက သာမန်လို့ သတ်မှတ်နိုင်လို့လား။ အမှန်အတိုင်း ပြောရရင် မင်းကိုယ်တိုင်တောင် သာမန်မဟုတ်ဘူး ချန်းပင်အန်း။ သူတို့ရဲ့ခေါင်းထဲမှာ ဘယ်သူကရော အဆင့်နိမ့်တဲ့ လက်သီးသိုင်းကျမ်း တစ်ခုကို အကြိမ်တစ်သန်း လေ့ကျင့်ပြီးမှ တစ်ခြားအရာကို စဉ်းစားမယ်လို့ တွေးမှာလဲ…”

စိမ်းပြာဝတ်ကောင်လေးက ခေါင်းမော့ပြီး ပြောလိုက်သည်။

“ဆရာ…

သစ်ခွနီစံအိမ်ရဲ့ ချောင်ဟုရှန်မှာ နောက်ထပ် သားတစ်ယောက် ရှိတယ်။ သူက မြစ်ကမ်းဘေး မြို့အပြင်ဘက်မှာ စခန်းချနေပြီး ကျွန်တော့်ကို စောင့်ကြည့်နေတယ်။ သူ့ရဲ့ကျင့်စဉ်အဆင့်က မမြင့်ပေမယ့် သူ့မှာ ပါရမီရှိတဲ့အတွက် အင်မော်တယ်ကလန်တစ်ခုက ထောက်ပံ့ပေးထားတယ်။ အခုချိန်မှာ သူက သူ့အဖေနဲ့ တွေ့နေလောက်ပြီ။ သူသာ သူ့အဖေနဲ့ ဖြစ်ခဲ့တဲ့အရာတွေကို သိသွားမယ်ဆိုရင် နောက်ပိုင်းမှာ ကျွန်တော်တို့ကို သေချာပေါက် ပြဿနာရှာမှာပဲ။ ဒါကြောင့် ကျွန်တော်က…..”

ကောင်လေးက ပါးစပ်ဖွင့်လိုက်ပြီး ချောင်ဟုရှန်၏သားကို ဝါးမြိုရန် အချက်ပြလိုက် သည်။

ချွေးချန်းက အပြုံးနှင့် ပြောလိုက်၏။

“မင်းက ဒီကိစ္စကို ထပ်ပြီး ပတ်သက်ဖို့ မလိုတော့ဘူး။ မင်း လုပ်ဖို့လိုတာကတော့ ငါ့ဆရာနဲ့အတူ လိုက်သွားပြီး ဒီမြို့ထဲကနေ ထွက်သွားဖို့ပဲ။ ငါက ဒီမှာရှိတဲ့ ကိစ္စတွေအားလုံးကို ဖြေရှင်းလိုက်မယ်…”

“မလိုအပ်ရင် လူမသတ်နဲ့…”

ချန်းပင်အန်းက အဓိပွါယ်ရှိသော မျက်လုံးမျိုးနှင့် စိုက်ကြည့်ပြီး သတိပေးလိုက်သည်။

“ကျွန်တော်က ဆရာ့ရဲ့သင်ကြားမှုတွေကို ခေါင်းထဲမှာ သေချာပေါက် မှတ်ထားပါတယ်…”

ချွေးချန်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

ထိုအချိန်တွင် ချန်းပင်အန်း၏ နောက်ကျော၌ ရှိနေသော ဝါးခြင်းတောင်းလေးက အနည်းငယ် လှုပ်ရှားသွားသည်။ ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်ရာ သစ်သားဓားက အနည်းငယ် လှုပ်ရှားနေကြောင်း တွေ့လိုက်ရ၏။

ရွှေရောင်မိန်းကလေးက သစ်သားဓားနှင့် ခြင်းတောင်းအတိုင်း တက်လာပြီး ချန်းပင်အန်း၏ ပုခုံးပေါ်သို့ ရောက်လာခဲ့သည်။ ထို့နောက် ချန်းပင်အန်းကို လက်ယပ်ခေါ်နေသည့်အတွက် ချန်းပင်အန်းလည်း သူမအနားသို့ ခေါင်းတိုးလိုက်ပြီး နားထောင်နေခဲ့သည်။

ထိုမိန်းကလေး ပြောသောစကားများကို သေချာနားထောင်လိုက်ပြီးနောက် သူက ချွေးချန်းကို ပြန်လှည့်ပြီး ပြောလိုက်၏။

“မင်းက ချောက်ကမ်းပါးကျောင်းတော်ကို ရောက်သွားတဲ့အချိန်ကျရင် မောက်ရှောင်တုံကို စာသားနှစ်ခု ပြောပေးပါ။ အဲဒီစာသားတွေထဲက တစ်ခုကတော့ ‘ကောင်းကင်ကြီးနဲ့လူသားတွေက သီးသန့်ဖြစ်တည်နေတာ။ လူသားသဘာဝက ပြောင်းလဲလို့ရတယ်.’။ ဒုတိယစာသားကတော့ ‘ကျင့်ဝတ်တွေက အပြုအမူတွေကို စိုးမိုးတယ်။ ဥပဒေကတော့ အကြောက်တရားကနေတစ်ဆင့် အုပ်ချုပ်တယ်..’ဆိုတာပဲ..”

ချွေးချန်း၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထိုစာသားနှစ်ခုထဲမှ တစ်ခုကတော့ စာသင်သားအိုကြီးက သူ့ကို နှုတ်ဆက်စာအဖြစ် ပေးလိုက်ခြင်းဖြစ်သည်။ တစ်ခြား တစ်ခုကတော့ ချန်းပင်အန်းကို မောက်ရှောင်တုံ၏လက်ထဲသို့ ထည့်ပေးရန် မျှော်လင့်ထားခဲ့သော ချီကျင့်ချွန်၏ နောက်ဆုံးစကားဖြစ်သည်။

ထိုအရာကို စိတ်ထဲတွင် တွေးနေသည့်အတွက် ချွေးချန်းက အနည်းငယ် စိတ်ပျက်သွား၏။ သူက ချန်းပင်အန်း၏ပုခုံးပေါ်တွင် ရှိနေသော မိန်းကလေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ဒါက လီကျူးသုခဘုံထဲမှာ တစ်ခုတည်း ကျန်နေတဲ့ အမွှေးတိုင်ဝိညာဉ်ပဲ။ သူက နတ်ဘုရားခန္ဓာကိုယ်တစ်ခု ရဖို့အတွက် လမ်းကြောင်းပေါ်ကို ရောက်နေပြီ။ လော်ပိုတောင်ပေါ်မှာ တောင်တန်းနတ်ဘုရားကျောင်းဆောင်ရှိတယ်။ အဲဒီမှာ ရှိနေတဲ့တောင်တန်းနတ်ဘုရားက တော်တော်လေးကို ယုံကြည်ရတဲ့ လူတစ်ယောက်ပဲ။ ဒါကြောင့် မင်းက သူ့ကို အဲဒီမှာထားပြီး ကျောင်းဆောင်ထဲမှာ နေခိုင်းမယ်ဆိုရင် အဲဒီမှာ လာပြီးတော့ ပူဇော်တဲ့ အမွှေးတိုင်တွေဆီကနေ အရင်းအမြစ်တွေ ရနိုင်တယ်..”

ချန်းပင်အန်း၏ပုခုံးပေါ်တွင် ရှိနေသော ရွှေရောင်မိန်းကလေး၏ မျက်နှာပေါ်တွင် တွေဝေနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သို့သော် သူမက သက်ပြင်းချလိုက်ပြီး ချွေးချန်းကိုကြည့်၍ ပြောလိုက်၏။

“ဆရာချီက ငါ့ကိုနောက်ထပ် ထပ်ပြီး ပြောခိုင်းထားတာ ရှိသေးတယ်။ အဲဒီအချိန်မှာတော့ နင်က အဲဒီစကားကိုကြားဖို့ မထိုက်တန်ဘူးလို့ သူက ပြောခဲ့တယ်။ ဒါပေမယ့် အခုနင်က ချန်းပင်အန်းရဲ့ တရားဝင်တပည့်တစ်ယောက် ဖြစ်လာပြီဆိုတော့ နင်က လူဆိုးတစ်ယောက်ဖြစ်နေသေးပေမယ့် ငါက နင့်ကို ဒီသတင်းပြောပြနိုင်တယ်..”

ထိုစကားကို ကြားသည့်အခါ ချွေးချန်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ့ရင်ထဲတွင်လည်း စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဆက်ပြောပါ…”

ရွှေရောင်မိန်းကလေးက နူးညံ့သောအသံနှင့် ပြောလိုက်သည်။

“ဂဏန်းတစ်ကောင်မှာ ဘာလို့ ခြေထောက်(၆)ချောင်းနဲ့ လက်မ(၂)ချောင်း ရှိနေရတာလဲလို့ ကျောင်းသားတစ်ယောက်က မေးတယ်ဆိုရင် အဲဒါက စာရေးခြင်း အမှားတစ်ခုလား။ အဲဒီအချိန်မှာ ဆရာကတော့ ဆင်းရဲနွမ်းပါးတဲ့ စာသင်သား တစ်ယောက်မှာ ငွေကြေးမလုံလောက်ဘူးလို့ ပြန်ဖြေခဲ့တယ်…”

ထိုစကားကိုကြားသည့်အခါ ချွေးချန်းက အားရပါးရရယ်လိုက်သည်။ သူက အလွန်ကျယ်လောင်စွာ ရယ်မောနေခဲ့သည့်အတွက် မျက်ရည်များပင် စီးကျလာခဲ့၏။ ထို့ကြောင့် လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။

ချွေးချန်းက ရယ်မောနေရင်း ကျမ်းစာ စာကြည့်တိုက်ထဲသို့ ပြန်လျှောက်သွားခဲ့၏။ သူက မျက်လုံးထဲမှ ကျလာသော မျက်ရည်များကိုသုတ်ပြီး ပြောလိုက်သည်။

“ကျွန်တော်က ဆရာနဲ့အတူ ဆက်ပြီးတော့ မလိုက်နိုင်တော့ဘူး။ ဆရာက လုံလုံခြုံခြုံနဲ့ ချောမွေ့တဲ့ အိမ်အပြန်လမ်းဖြစ်ဖို့ ဆုတောင်းပေးနေပါ့မယ်…”

ကျမ်းစာ စာကြည့်တိုက်ထဲသို့ ပြန်သွားလိုက်ပြီးနောက် ချွေးချန်းက ဒုတိယထပ်၏ ပြတင်းပေါက်မှနေ၍ ထွက်ခွာသွားသော ချန်းပင်အန်းကိုကြည့်၍ အော်ပြောလိုက်သည်။

“ဆရာ… တကယ်လို့ နောက်ပိုင်းမဖြေရှင်းနိုင်ဘူးလို့ ထင်ရတဲ့ပြဿနာတွေ တွေ့ရမယ်ဆိုရင် အခွန်ရေးရာဌာနက အရင်အမတ်ကြီးကို သွားပြီးတော့ ရှာလို့ရတယ်။ ဆရာက ကျွန်တော့်ရဲ့ဆရာဆိုတာ သူ့ကို ပြောလိုက်ဖို့ပဲ လိုတယ်။ ဒါက အဲဒီစာသင်သားအိုကြီးရဲ့ တပည့်တစ်ဝက်လို့ ပြောလိုက်တာထက်တောင် ပိုပြီးတော့ ကောင်းသေးတယ်…”

“ကောင်းပြီလေ..။ ငါက ဒါကို စိတ်ထဲမှာ မှတ်ထားမယ်…”

ချန်းပင်အန်းက ပြန်လှည့်ပြီး ပြောလိုက်သည်။

“မင်းကိုယ်မင်း ဂရုစိုက်ပါ။ ကြည့်ရတာတော့ ငါတို့နှစ်ယောက်လုံးက ကိုယ့်လမ်းကိုယ် ဆက်ပြီးတော့ လျှောက်ရတော့မယ် ထင်တယ်…”

ချွေးချန်းက ချန်းပင်အန်းကို လက်ပြနှုတ်ဆက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ထို့နောက် သူက (၆)လွှာမြောက်သို့ တက်သွားခဲ့ပြီး အဝေးသို့ ငေးကြည့်နေမိခဲ့၏။ သူက အစောပိုင်းတွင် ထိုအထပ်ကို တက်မသွားခဲ့သည်မှာ ထိုအထပ်တွင် လျှို့ဝှက်ချက်များ ရှိနေခြင်းကြောင့် မဟုတ်ချေ။ ထိုအစား ကလေးဆန်သော သူ၏အကျင့်စရိုက်အရ သူ့ခေါင်းထဲတွင် အဆင်မပြေသော မှတ်ဉာဏ်များ ပေါ်လာမှာ စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။

သူက စာသင်သား သူတော်စင်၏ ပထမဆုံးတပည့် တစ်ယောက်ဖြစ်ပြီး တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာ ဖြစ်ခဲ့သော်လည်း သူက လူတိုင်းကဲ့သို့ ငယ်ရွယ်ခဲ့ဖူးသည်။ ထိပ်ဆုံးအလွှာသို့ တက်သွားသည့်အချိန်တွင် ချွေးချန်းက ကြမ်းပြင်ပေါ်သို့ လှန်ချလိုက်ပြီး သူ့ဘေးတွင်တော့ ရှေးဟောင်းမင်ကျောက်တုံးကို သေချာချလိုက်သည်။

သူက အဖြူရောင်ဝတ်စုံပေါ်တွင် ဖုန်မှုန့်များ ပေါ်လာသည်ကို စိုးရိမ်နေခဲ့ခြင်း မရှိချေ။ သူက မင်ကျောက်တုံးကို ပြန်လှည့်ကြည့်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။

“ငါက စနေပြီဆိုမှတော့ ငါက ရှေးဟောင်းရှုတိုင်းပြည်ထဲမှာရှိတဲ့ အစစ်အမှန်နဂါးတွေရဲ့ ခန္ဓာကိုယ်ကို ဒီမင်ကျောက်တုံးထဲမှာ စုဆောင်းရမယ်…”

ထို့နောက် သူက အပေါ်တွင် ရှိနေသော မျက်နှာကျက်ကို လှည့်ကြည့်လိုက်သည်။ ထိုမျက်နှာကျက်တွင် နဂါးတစ်ကောင်ပုံစံ ရေးဆွဲထားပြီး ထိုအရာက သူ့အိမ်တွင် ရှိခဲ့သော ကျမ်းစာ စာကြည့်တိုက်နှင့် အနည်းငယ် ကွဲပြား၏။ သူ့အိမ်ရှိ စာကြည့်တိုက်ကတော့ အနည်းငယ် မည်းမှောင်နေပြီး ယခု မျက်နှာကျက်ကဲ့သို့ လှပမှု မရှိချေ။

ချွေးချန်းက မျက်လုံးမှိတ်လိုက်ပြီး အနည်းငယ် အိပ်ချင်နေသလို ခံစားလိုက်ရ၏။ သူက ငယ်ရွယ်စဉ် မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားနေခဲ့သည်။ သူက အလွန်ကောင်းမွန်သော ပါရမီတစ်ခု ပိုင်ဆိုင်ထားသော်လည်း အလွယ်တကူ စိတ်ပျံ့လွင့်လွယ်သည်။

ရက်စက်ကြမ်းကြုတ်သော သူ၏အဘိုးက သူ့ကို အလွန်မျှော်လင့်ချက်ထားနေပြီး သူ့အာရုံစ၍ ရစေရန်အတွက် သူ့ကို ကျမ်းစာ စာကြည့်တိုက်၏ အပေါ်ဆုံးထပ်တွင် ရှိနေသော စံအိမ်ငယ်လေးထဲတွင် ပိတ်လှောင်ထားခဲ့သည်။ လှေကားကိုပင် သယ်ဆောင်သွားခဲ့သည့်အတွက် သူလည်း အောက်ကိုပြန်ဆင်းလာ၍ မရပေ။

သူ့အတွက် စားစရာများကို ကြိုးနှင့် တင်ပေးခဲ့၏။ ထို့ပြင် နေ့တိုင်း စားစရာ လာပို့သည့်အလုပ်သမားကိုလည်း အမြဲတမ်း ပြောင်းလဲတတ်သည်။ ထိုကဲ့သို့သော လူမဆန်သည့် နှိပ်စက်မှုကြောင့် သူက အတော်လေးကို မကျေမနပ် ဖြစ်လာပြီး ဆန့်ကျင်လိုသည့်အတွက် ချွေးချန်းက စာအုပ်ကို ဆုတ်ဖြဲပြီး အိမ်သာသုံးစက္ကူအဖြစ် အသုံးပြုခဲ့သည်။ တစ်ခါတစ်ရံ ထိုစာအုပ်များကို စက္ကူစွန်များအဖြစ် ခေါက်ပြီး ပြတင်းပေါက်မှ အပြင်ဘက်သို့ပစ်၍ လေထဲတွင် ပျံသန်းသွားသည်ကို ကြည့်နေမိခဲ့သည်။

သူက ထိုအရာကို လုပ်ခဲ့သည့်အချိန်တိုင်း ကျမ်းစာ စာကြည့်တိုက်၏ အောက်ခြေမှနေ၍ သူ့အဘိုး၏ ဒေါသတကြီးအော်ဟစ်သံကို ကြားနေရသည်။ ဤအချိန်အတောအတွင်း ချွေးချန်းက စံအိမ်ထဲရှိ စာအုပ်များအားလုံးကို ထပ်ပြီး စာအုပ်ပုံကြီးပေါ်တွင် မတ်တပ်ရပ်၍ ပြတင်းပေါက်မှတစ်ဆင့် မြို့အပြင်ဘက်ရှိ မြစ်ကြီးကို ငေးကြည့်နေမိသည်။ သူက မြစ်ကြီးကို နာရီပေါင်း မြောက်များစွာ ငေးကြည့်နေခဲ့တတ်၏။

ထိုအချိန်တွင် သူ့နာမည်က ချွေးချန်းမဟုတ်ဘဲ ချွေချန်းချန်းဟူသော နာမည်ဖြစ်သည်။ ပထမ ချန်းဟူသော နာမည်က စီးဆင်းနေသော ရေလှိုင်းသံများကို ကိုယ်စားပြုပြီး ဒုတိယ ချန်း နာမည်ကတော့ တောင်တန်းများကို ကိုယ်စားပြုသည်။ သူ့အဘိုးက သူ့ကို ထိုနာမည်ပေးခဲ့သည်မှာ သူက တောင်တန်းကြီးများကဲ့သို့ မြင့်မားပြီး မြစ်ပြင်ကြီးကဲ့သို့ လုံလောက်သော ဗဟုသုတများ ပြည့်နှက်နေသည့် စာသင်သား တစ်ယောက်အဖြစ် ကြီးပြင်းစေရန် မျှော်လင့်ထားခြင်းဖြစ်သည်။

သူက လူအများ လေးစားယုံကြည်ရသည့် အဆင့်မြင့်သော လူတစ်ယောက် ဖြစ်လာရန် သူ့အဘိုးက မျှော်လင့်နေခဲ့၏။ သို့သော် ချွေးချန်းကတော့ ထိုအရာများကို မလိုချင်ခဲ့ပေ။ ကျမ်းစာ စာကြည့်တိုက် အပေါ်ဆုံးထပ်မှ လွတ်မြောက်လာပြီး နောက်ဆုံးတွင်တော့ သူက ခရီးရှည်ကြီးတစ်ခု ထွက်ခွာရန် အိမ်မှ ထွက်လာခဲ့သည်။

သူက တိုင်းပြည်ပေါင်းများစွာကို သွားလာခဲ့ပြီးနောက် အလယ်မြေ နတ်ဘုရားကုန်းမြေကြီးဆီသို့ ရောက်လာခဲ့သည်။ သူက အလွန်ခေါင်းမာသော သူ့အဘိုးဆီမှ အဝေးကို ထွက်ပြေးချင်ရုံကလွဲလျှင် မည်သည့်အတွေးမျှ မရှိခဲ့ချေ။ ထို့ပြင် သူက နာမည်တွင် ရှိနေသော ဒုတိယချန်း စကားလုံးကို ဖယ်ရှားပြစ်လိုက်ပြီး ပထမချန်း စကားလုံးကိုသာ ထိန်းသိမ်းထားခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူက ဒုတိယ ချန်းစကားလုံးကို ပို၍ သဘောကျသည်။

အရှေ့ပိုင်းကုန်းမြေကြီးသို့ ပြန်ရောက်လာပြီး တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာ ဖြစ်လာပြီးနောက် သူက သူ့အိမ်ကို လုံးဝမပြန်ခဲ့သလို ပြန်ချင်စိတ်လည်း မရှိပေ။

ချွေးချန်းက မျက်လုံးဖွင့်လိုက်ပြီး မျက်နှာကို အင်္ကျီလက်နှင့်သုတ်၍ ပြောလိုက်၏။

“မင်းက ဘာကြည့်နေတာလဲ။ ယောကျ်ားတစ်ယောက်ငိုတာကို မမြင်ဖူးဘူးလား…”

စာသင်သားပုံစံ ဝတ်ဆင်ထားသော ယင်နတ်ဘုရား အဘိုးအိုတစ်ယောက်က ကျမ်းစာ စာကြည့်တိုက်၏ အပေါ်ထပ်တွင် ပေါ်လာခဲ့သည်။ ထိုအရာကတော့ ရေနဂါးအိုကြီးဖြစ်ပြီး သူက မင်ကျောက်တုံးကို မျက်နှာပျက်ပျက်နှင့် စိုက်ကြည့်နေခဲ့၏။

ချွေးချန်းက မြေပြင်ပေါ်တွင် လှဲနေခဲ့ပြီး မင်ကျောက်တုံးကို အဘိုးအိုဆီသို့ ပေး၍ ပြောလိုက်သည်။

“ငါက မင်းရဲ့နှစ်ပေါင်း(၃၀၀)ကျင့်ကြံမှုကို ဖယ်ရှားလိုက်ပြီ။ ဒါကြောင့် အရင်တစ်ခေါက် ဖြစ်ခဲ့တဲ့ကိစ္စကို ထပ်ပြီးတော့ မပြောတော့ဘူး။ မင်းက လုံချွမ်တိုင်းပြည်ကို သွားရမယ့်အစား ဒီနေရာမှာရှိတဲ့ ရေနဂါးမျိုးဆက်တွေအားလုံးကို ဖမ်းဖို့ ကူညီပေးစေချင်တယ်။ သူတို့ရဲ့သက်တမ်းတွေ ၊ ကျင့်ကြံမှုတွေကို ငါ ဂရုမစိုက်ဘူး။ သူတို့အားလုံးကို ဒီမင်ကျောက်တုံးထဲ ဖမ်းလာပေးပါ…”

“ငါ့ဆရာရဲ့အိမ်မှာ အရမ်းကို ထူးခြားတဲ့ မြွေကျောက်တုံးတွေ အများကြီးရှိတယ်။ အဲဒါလည်း သူ့ကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် သူ့ရဲ့အကျင့်စရိုက်မျိုးနဲ့ သူက အဲဒီကျောက်တုံးတွေ အားလုံးကို ပေးပစ်လိုက်မှာ။ ရေနဂါးမျိုးဆက်တွေအားလုံးကို ဖမ်းပြီးသွားရင် အဲဒီမြွေကျောက်တုံးတွေက ကောင်းကောင်းအသုံးဝင်လာလိမ့်မယ်..”

ထို့နောက် ချွေးချန်းက ထိုင်လိုက်ပြီး ဖုန်ခါလိုက်သည်။ ထိုအချိန်တွင် ရေနဂါးအိုကြီးကတော့ မင်ကျောက်တုံးကို သိမ်းလိုက်၏။ သူက ချွေးချန်း၏ အငွေ့အသက် ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူ့ရင်ထဲတွင် ရှိနေသော မကျေနပ်မှုများက ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး လေးစာအားကျမှုများသာ အစားထိုးရောက်လာခဲ့၏။

“တကယ့်ကို ထင်ထားတဲ့အတိုင်း တာ့လီအင်ပါယာရဲ့တော်ဝင်နန်းဆရာပဲ…”

ချွေးချန်းက သက်ပြင်းချပြီး ပြောလိုက်သည်။

“ဒီအရာတွေနဲ့ ပတ်သက်ပြီး ဘာမှအံ့ဩစရာမရှိဘူး။ အရှေ့ပိုင်းကုန်းမြေကြီးပေါ်မှာ ဒါက ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပဲ။ ဒါပေမယ့် အလယ်မြေ နတ်ဘုရား ကုန်းမြေကြီးမှာတော့ မင်းက နှစ်ပေါင်း(၁၀၀)လောက်ပဲ နေထိုင်ဖို့ လိုအပ်တယ်။ မင်းက အဲဒီအချိန် အတောအတွင်း ထူးခြားတဲ့ ပါရမီရှင်တွေက ဥက္ကာခဲကြီးတွေလို မြင့်တက်သွားပြီး ပြုတ်ကျလာတာတွေကို မရေမတွက်နိုင်အောင် မြင်ရလိမ့်မယ်။ သူတို့တွေက ပေါ်လာတဲ့ မြင်ကွင်းထက်တောင် ပိုပြီးတော့ မြန်သေးတယ်…”

“အလှည့်အပြောင်းက အရမ်းမြန်လွန်းတဲ့အတွက် မင်းက သူတို့ကိုတောင် အမီလိုက်နိုင်မှာ မဟုတ်ဘူး။ အဆုံးမှာတော့ သက်တမ်းရှည်ခြင်းဆိုတာက အရာအားလုံးထက် ပိုပြီးအရေးကြီးတယ်ဆိုတာ နားလည်လာလိမ့်မယ်…”

ရေနဂါးအိုကြီးက အပြုံးနှင့် ခေါင်းခါပြီး ပြောလိုက်သည်။

“အလယ်မြေ နတ်ဘုရားကုန်းမြေကြီးက ကျွန်တော်တို့လို လူတွေ ခြေချလို့ရတဲ့ နေရာတစ်ခု မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့ကိုသာ တွေ့သွားမယ်ဆိုရင် ကျွန်တော်တို့က အစွမ်းထက်အင်ပါယာတွေ ဖမ်းဆီးတာကို ခံရမယ့် အပြင် တစဆီပျက်စီးသွားနိုင်တယ်…”

ချွေးချန်းက မြေပေါ်တွင် ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ပြီးတော့ နောက်ထပ် အစီအစဉ်တစ်ခု ပြောင်းသွားသေးတယ်။ မင်းက ပိယွင်တောင်ပေါ်မှာရှိတဲ့ တောင်ထိပ်သခင်အဖြစ် ထမ်းဆောင်ဖို့ အရည်အချင်းမရှိဘူးလို့ တာ့လီအင်ပါယာမြို့တော်မှာရှိတဲ့ လူတစ်ချို့က တွေးနေကြ တယ်။ ငါက ဒီအချက်ကို လက်မခံပါဘူး…”

“ဒါပေမယ့် ဘုရင်ကြီးက မင်းကို လက်ထောက် တောင်ထိပ်သခင်အဖြစ်ပဲ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းက ဒုတိယအဆင့်တောင် မရှိဘူး။ ဒါက ငါ ကြီးကြပ်ရတဲ့ တာဝန်တစ်ခုပဲ။ ဒါကြောင့် မင်းက ငါတို့ရဲ့သဘောတူညီချက်ကို ဖျက်သိမ်းဖို့ ရွေးချယ်လိုက်မယ်ဆိုရင်တောင် ငါက မင်းကို ဘာပြဿနာမှ မရှာဘူး…”

အဘိုးအိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်က အဆင့်နိမ့်တဲ့ လက်ထောက် တောင်ထိပ်သခင် တစ်ယောက် ဖြစ်ရတာလည်း အဆင်ပြေပါတယ်။ တကယ်လို့ ဆိုးရွားတာ တစ်ခုခုဖြစ်လာရင် ကျွန်တော်က ခေါင်းရှောင်နေလို့ ရတယ်လေ…”

ချွေးချန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သတိပေးလိုက်သည်။

“ဒါက ငါ့ကို စိတ်ကျေနပ်အောင် ပြောရုံပဲဆိုရင်တော့ မင်းက ပြန်ပြီး စဉ်းစားဖို့ အကြံပေးချင်တယ်။ ဘာလို့လည်းဆိုတော့ မင်းက ဒီဆုံးဖြတ်ချက်ကို ချပြီးသွားရင် နောက်ပိုင်းမှာ သဘောတူညီချက်ကို ချိုးဖျက်ဖို့ ခွင့်မပြုနိုင်ဘူး…”

“စိတ်မပူပါနဲ့… ကျွန်တော်က ဆုံးဖြတ်ချက်ချပြီးပါပြီ…”

အဘိုးအိုက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ချွေးချန်းက စိတ်သက်သာရာရသွားခြင်း မရှိသည့်အပြင် သူ၏မျက်နှာပေါ်၌ လှောင်ပြောင်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“ဒါကြောင့်လည်း မင်းက ဒီလောက်ကြာကြာ အသက်ရှင်နိုင်ခဲ့တာ…”

အဘိုးအိုက ချွေးချန်း၏လှောင်ပြောင်မှုကို အလေးမထားဘဲ ပြန်ပြောလိုက်သည်။

“ကျွန်တော် မျှော်လင့်တာကတော့ နောက်ထပ်နည်းနည်းလောက်ထပ်ပြီး အသက်ရှင်နေဖို့ပါပဲ…”

ချွေးချန်းက မတ်တပ်ရပ်လိုက်ပြီး အင်္ကျီပေါ်တွင် တင်နေသော ဖုန်မှုန့်များအားလုံးကို ခါချ၍ ပြောလိုက်သည်။

“ငါ့ကို တာ့ဆွေတိုင်းပြည်ဆီ လိုက်ပို့ပေးဖို့ မင်းကို လိုအပ်တယ်။ ပြီးရင်တော့ ဒီနေရာကိုပြန်လာပြီး သစ်ခွနီစံအိမ်ထဲမှာရှိတဲ့ ကိစ္စတွေကို အဆုံးသတ်လိုက်တော့။ လမ်းတစ်လျှောက်မှာ မင်းက မြို့အပြင်ဘက်မှာရှိတဲ့ မြစ်နတ်ဘုရားကို မြင်အောင်ပြပါ..”

ထိုစကားကိုကြားသည့်အခါ အဘိုးအို၏ မျက်နှာပေါ်တွင် ထူးခြားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ချွေးချန်းက သူ့ကို အပြုံးနှင့် မေးလိုက်၏။

“ဘာလဲ…. လူတစ်ယောက်က မင်းရဲ့လည်ပင်းပေါ်မှာ စီးတာမျိုး အသားမကျဘူးလား။ ဒါက ဘာမှရှက်စရာ မဟုတ်ပါဘူး။ အရင်တုန်းကဆိုရင် အင်မော်တယ်တွေက နဂါးတွေကို စီးတယ်။ ချမ်းသာကြွယ်ဝတဲ့သူတွေကတော့ မြင်းတွေ ၊ မြည်းတွေကို စီးကြတယ်။ ဒါက သာမန်ပဲလေ…”

အဘိုးအို၏မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခု ပေါ်လာပြီး သူ၏ကံတရားကို လက်ခံလိုက်သည်။

“ဒီလိုဆိုရင်တော့ ကျွန်တော်က အပြင်မှာ စောင့်နေပါမယ်…”

ချွေးချန်းက ခေါင်းညိတ်ပြလိုက်၏။ အဘိုးအိုက တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို မြို့အပေါ်ဘက် ကောင်းကင်ကြီးပေါ်တွင် ကြောက်စရာကောင်းသော လေလှိုင်းများ တိုက်ခတ်လာသည်။ အပေါ်ဘက်တွင် ရှိသော လေလှိုင်းများက အဆင့်နိမ့်တစ်ခုအဖြစ် ကျဆင်းသွားခဲ့ပြီး သူတို့က ကျမ်းစာ စာကြည့်တိုက်၏ထိပ်နှင့် ထိစပ်လာခဲ့သည်။

မြို့အပြင်ဘက်တွင် ရှိနေသော မြစ်နတ်ဘုရားက လူသားပုံသဏ္ဍာန် ပြောင်းလဲထားပြီး မြစ်ကမ်းစပ်တွင်ရပ်၍ ကောင်းကင်ကြီးပေါ်သို့ အံ့ဩမှင်တက်မိစွာ ကြည့်နေသည်။ မြို့နတ်ဘုရား ကျောင်းဆောင်၊ ဝမ်ချန်းကျောင်းဆောင်နှင့် စစ်နတ်ဘုရားကျောင်းဆောင်မှ နတ်ဘုရား(၃)ယောက်ကလည်း ထိုကဲ့သို့ ကြည့်ရှုနေကြ၏။

ချွေးချန်းက ရှေ့ကို လျှောက်သွားပြီး ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်။ သူက တိမ်တိုက်ပင်လယ်ကြီးကို ဖြတ်ကျော်ပြီး နဂါးအိုကြီး၏ခေါင်းပေါ်တွင် ဆင်းသက်လိုက်၏။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ရေနဂါးကြီးကို သူ၏စီးတော်ယာဉ်ကဲ့သို့ လုပ်ဆောင်ခဲ့သည်။

သူက ရှေးနတ်ဘုရားတစ်ပါးကဲ့သို့ နဂါးတစ်ကောင်ကို စီးနင်းနေခဲ့သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ချန်းပင်အန်းကဲ့သို့ ကျင့်ကြံမှုကို လုပ်ဆောင်ခဲ့သည်။ ကြည့်ရသည်မှာ အတူတူနေထိုင်ခြင်းက အမူအကျင့်များကိုလည်း ကူးစက်စေပုံရသည်။

…….

မြို့တံခါးတွင် ချန်းပင်အန်းက ကောင်းကင်ပေါ်၌ လှုပ်ရှားနေသော တိမ်တိုက်ကြီးများကို လှည့်ကြည့်လိုက်မိသည်။ ကလေးနှစ်ယောက်ကတော့ သူနှင့်အတူ ပါလာခဲ့၏။

စိမ်းပြာဝတ်ကောင်လေးက မြို့ထဲမှ ထွက်သွားသည့်အချိန်တွင် ပင်လယ်ထဲသို့ ပြန်ရောက်သွားသော အစွမ်းထက်သည့် ရေနဂါးကြီးတစ်ကောင်ကို ခံစားမိခဲ့သည်။ သူက ချက်ချင်းပင် ပြန်ပြောလိုက်၏။

“အဲဒီကောင်က ရင်ဆိုင်ဖို့ တော်တော်လေးခက်တယ်…”

ပန်းရောင်ကလေးမလေးကတော့ သူမ၏ရန်သူကိုကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့၍ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ချန်းပင်အန်းက ကောင်လေး၏ခေါင်းပေါ်သို့ လက်တင်ပြီး သတိပေး၍ ပြောလိုက်သည်။

“သူက ငါ့ရဲ့တပည့်ပဲ…”

စိမ်းပြာဝတ်ကောင်လေးက အလွန်ကြောက်လန့်သွားသည့်အတွက် အဝေးကို ထွက်ပြေးသွား၏။

ချန်းပင်အန်းကတော့ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ ကြည့်ရသည်မှာ တစ်ခါတစ်ရံ ဆိုးရွားသော အပေါင်းအဖော်များကလည်း ဆိုးရွားသော လွှမ်းမိုးမှုများ ရှိပုံရသည်။

Translated by Hein Htet.

All Chapters