← Chapters

အခန်း (၁၆၆)

Vol. 12 Ch. 166

အခန်း (၁၆၆)

Vol. 12 Ch. 166

လမ်းသွယ်လေးများနှင့် လမ်းကြားလေးပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီး နောက်ဆုံးတွင်တော့ ချွေးချန်းက စံအိမ် တည်ရှိနေသောနေရာကို ခြေရာခံနိုင်ခဲ့သည်။ ထင်ထားသည့်အတိုင်း ထိုစံအိမ်က ဝင်ပေါက် တစ်ဖက်တစ်ချက်ဆီတွင် ကျောက်တုံး ကျားရုပ်ထုတစ်စုံ ရှိနေသည့် အလွန်ကြီးကျယ်ခမ်းနားသော စံအိမ်တစ်ခုဖြစ်သည်။ လှေကားထစ်က အလွန်အမင်းကို မြင့်မားပြီး တံခါးကို တင်းကျပ်စွာ ပိတ်ထားခဲ့သည်။

သို့သော် ထိုနေရာနှင့် ပတ်သက်ပြီး ထူးဆန်းနေသည်မှာ ဝင်ပေါက်အပြင်ဘက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ဖြစ်သည်။ ထိုဆိုင်းဘုတ်က ‘သစ်ခွနီ’ဟူသော နာမည်ဖြစ်ပြီး ထိုစံအိမ်ကို ပိုင်ဆိုင်သော ကလန်၏မျိုးရိုးနာမည် မဟုတ်ချေ။

အစောပိုင်းတွင် ချွေးချန်း၏အာရုံစိုက်မှုကိုရရှိခဲ့သော နေရာက ဤစံအိမ်ထဲတွင် ရှိနေသော သီးသန့်စာကြည့်တိုက် တစ်ခုဖြစ်ပုံရသည်။ ထိုအရာက မြို့ငယ်လေးထဲတွင် ကွန်ဖြူးရှပ်ကျောင်းဆောင်တစ်ခုကဲ့သို့ မြင့်မားလွန်းလှသည့်အတွက် သာမန်ချမ်းသာကြွယ်ဝသော ကလန်တစ်ခု မဟုတ်နိုင်ပေ။

သစ်ခွနီစံအိမ်အနားသို့ နီးကပ်လာလေလေ ချွေးချန်းကတော့ လေထုထဲရှိ တင်းမာမှုများကို ပို၍ခံစားမိလာလေလေ ဖြစ်သည်။ မုန်တိုင်းမရောက်ခင် လေပြေလာနေသော အခြေအနေတစ်ခုကဲ့သို့ အသက်ရှူလိုက်ရုံနှင့် အနည်းငယ် ခံစားမိနိုင်၏။

ထိုနေရာ၌ ကွန်ဖြူးရှပ်လမ်းစဉ်အမှန်တရား အငွေ့အသက်များအပြင် မမြင်ရသော ကမ္ဘာမြေကြီး၏ အငွေ့အသက်များ ရှိနေ၏။ အများစုကတော့ သန့်စင်သော စွမ်းအားများ သို့မဟုတ် မသန့်စင်သော စွမ်းအားများဟု အမျိုးအစား သတ်မှတ်နိုင်သည်။

သန့်စင်သော အငွေ့အသက်များကတော့ ကျင့်ကြံမှုကို အကျိုးရှိစေနိုင်ပြီး မသန့်စင်သော အငွေ့အသက်များကတော့ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။ ပုံမှန်အားဖြင့် ထိုအရာများက သင်္ချိုင်းနယ်မြေများ၊ ရှေးဟောင်းအုတ်ဂူများနှင့် ရှေးဟောင်းတိုက်ပွဲကွင်းပြင်များကဲ့သို့သော နေရာများတွင် ရှိတတ်သည်။ ထိုနေရာများတွင်တော့ မသန့်စင်သော အငွေ့အသက်များသာ ပို၍များပြားနိုင်သည်။

ဤကမ္ဘာကြီးထဲတွင် ရှိနေသော သုခဘုံများက အိုင်းရစ်ပန်းပွင့်လေးများကဲ့သို့ ကျင့်ကြံသူများအပေါ် အကျိုးရှိစေနိုင်ပြီး ဆွဲဆောင်မှုရှိသော ရနံ့များ ထုတ်ပေးနိုင်သည်။

ချွေးချန်းက လက်နောက်ပစ်လိုက်ပြီး လှေကားပေါ်သို့ တက်သွားခဲ့သည်။ တံခါးဘေးမှနေ၍ သက်လတ်ပိုင်းအရွယ် အစောင့်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ချွေးချန်းက အလွန်သိမ်မွေ့နူးညံ့ပြီး ခန့်ညားကြောင်း သူလည်း မြင်လိုက်ရ၏။ ထို့ကြောင့် ချွေးချန်းက ငယ်ရွယ်သော်လည်း သူကတော့ အထင်မသေးရဲပေ။ သူက ချွေးချန်း၏ အဆင့်အတန်းကို တလေးတစား မေးမြန်းလိုက်သည်။

သူက တစ်ကိုယ်တော်အင်မော်တယ် တစ်ယောက်ဖြစ်ပြီး နတ်ဆိုးများ ၊ မကောင်းဆိုးဝါးများကို သုတ်သင်၍ ကောင်းမှုများ စုဆောင်းနေသူတစ်ယောက် ဖြစ်ကြောင်း ချွေးချန်းက အစောင့်ကို ပြောခဲ့သည်။

မြို့အပြင်ဘက်မှနေ၍ စံအိမ်ထဲတွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း သူက သတိထားမိခဲ့သည်။ ပြဿနာတစ်ခု သေချာပေါက် ဖြစ်လာတော့မည်ဖြစ်သည့်အတွက် သူက စံအိမ်တွင် နေထိုင်သူများကို ကယ်တင်ရန် ရောက်လာခဲ့သည်ဟု ပြောခဲ့၏။

ချွေးချန်း၏စကားကို အစောင့်ကတော့ ဟာသအနေဖြင့်သာ သတ်မှတ်ထားခဲ့သည်။ ဤကမ္ဘာကြီးထဲတွင် နတ်ဘုရားများကဲ့သို့သောအရာများက အမှန်တကယ် ရှိနေကြောင်း သူ သိနေသည့်အပြင် ဤစံအိမ်ထဲတွင် ဝိညာဉ်များ ရှိနေသည်ကိုလည်း သိနေခဲ့၏။

သို့သော် သူ၏မျက်လုံးထဲတွင်တော့ ထိုကဲ့သို့သော နတ်ဘုရားများက မြို့ထဲတွင် အပျက်အစီးများ လုပ်ဆောင်တတ်သော ပညာရှင်များကဲ့သို့ သစ်ခွနီစံအိမ်ကိုတော့ သေချာပေါက် နှောင့်ယှက်ရဲလိမ့်မည် မဟုတ်ချေ။

“ချောင်ကလန်ရဲ့မျိုးနွယ်ခေါင်းဆောင်က ဒီစံအိမ်ထဲမှာနေတယ်ဆိုတာ မြို့ထဲမှာ နေတဲ့လူတိုင်းသိတယ်။ သူ့ရဲ့သား(၃)ယောက်လုံးက အစွမ်းထက်အင်မော်တယ်တွေပဲ။ အထူးသဖြင့် သူ့ရဲ့အငယ်ဆုံးသား ချောင်ကျိရွှမ်က လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းကမှ ကျင့်ကြံရေးကလန်တစ်ခုရဲ့ အမွေဆက်ခံသူဖြစ်လာတယ်။ သူက ဓားရှည်သိုင်းပညာနဲ့ မိုးကြိုးကျင့်စဉ်နှစ်မျိုးလုံးကို ကျွမ်းကျင်တယ်…”

သူက ချွေးချန်းကို လူလိမ်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်မှာ သိသာနေသည်။

သို့သော် သူကတော့ စိတ်မဝင်စားဘဲ စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်၏။

“မင်းတို့စံအိမ်ထဲမှာရှိတဲ့ ဖုန်းရွှေက တော်တော်လေးကောင်းတယ်။ အဲဒီကျမ်းစာ စာကြည့်တိုက်ကတော့ အကောင်းဆုံးနေရာမှာ ရှိနေတော့ အဲဒါက ဝင်္ကပါဗဟို ဖြစ်နိုင်တယ်။ ပြီးတော့ အတွင်းထဲမှာရှိတဲ့ စာအုပ်တွေထဲမှာ သူတော်စင်တွေ၊ လူကြီးလူကောင်းတွေ ကိုယ်တိုင်ချမှတ်ပေးထားတဲ့ တံဆိပ်တွေ ရှိနိုင်တယ်။ ဒါကြောင့် အချိန်ကြာလာတဲ့အခါမှာ သူတို့က ချီစွမ်းအားတွေကို စတင်စုဆောင်းလာနိုင်တယ်။ ရလဒ်အနေနဲ့ သာမန်မကောင်းဆိုးဝါးတွေ၊ ဝိညာဉ်တွေက ဒီနေရာကို မလာရဲကြဘူး။ ဒါပေမယ့် တစ်ချို့ဝိညာဉ်တွေကတော့ နူးညံ့သိမ်မွေ့ပြီး ကြောက်လန့်တတ်တယ်။ သူတို့တွေက လူသားတွေနဲ့အတူ ကြီးပြင်းလာကြပြီး ဒီနေရာမှာ ချောချောမွေ့မွေ့ တိုးတက်လာနိုင်ကြတယ်…”

အစောင့်က စိတ်မရှည်နိုင်တော့ဘဲ ချွေးချန်းကို ချက်ချင်းထွက်သွားရန် မောင်းထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ချွေးချန်းကို ညင်သာစွာ တွန်းလွှတ်နေခဲ့၏။ သူက ထိုကောင်လေး၏ အဓိပ္ပါယ်မရှိသောစကားလုံးများကို နားထောင်နေရန် အချိန်မရှိခဲ့ပေ။

ချွေးချန်းက ထိုအစောင့်၏လက်ကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ဒါပေမယ့် ဒီစံအိမ်ထဲမှာရှိတဲ့ ကျမ်းစာ စာကြည့်တိုက်နဲ့ ပတ်သက်ပြီး ထူးဆန်းနေတဲ့အရာတစ်ခုရှိတယ်။ အတွင်းထဲမှာ အရမ်းကြီးတဲ့ မြွေကြီးတစ်ကောင် ပုန်းနေတယ်။ ဲ့ဒါက အခုမှအစပဲ ရှိသေးပေမယ့် သူ့ရဲ့နောက်ကြောင်း ဇစ်မြစ်က မရှင်းလင်းဘူး။ တစ်စုံတစ်ယောက်က ဒီမြွေကို ကျမ်းစာ စာကြည့်တိုက်ထဲ ဖိတ်ခေါ်ထားတာ ဖြစ်နိုင်တယ်…”

“တကယ်လို့ ငါ ထင်ထားတာ မမှားရင် အဲဒါက မီးတောက်စပါးအုံးမြွေ တစ်ကောင်ဖြစ်နိုင်ပြီး သိပ်မကြာသေးခင်တုန်းကမှ သူ့ရဲ့အရေပြားကို ဒုတိယအဆင့် ဒါမှမဟုတ် နောက်ဆုံးအဆင့်ထိ ခွာချဖို့ လုပ်နေတယ်။ တကယ်လို့ သူသာ နောက်တစ်ကြိမ် အရေခွံလဲတာ အောင်မြင်သွားမယ်ဆိုရင် အစွမ်းထက်တဲ့ရေနဂါး တစ်ကောင်ဖြစ်လာလိမ့်မယ်…”

ချွေးခန်းက မြို့ထဲကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။

“ဒါပေမယ့် မြစ်ထဲမှာ ဒီမီးတောက်စပါးအုံးမြွေထက် ပိုပြီးတော့ ကျင့်စဉ်အဆင့်မြင့်တဲ့ ရေမြွေတစ်ကောင်ရှိတယ်။ လက်ရှိ သူက မြစ်ကြမ်းခင်းထဲမှာ ပုန်းအောင်းနေပြီး တိုက်ခိုက်ဖို့ အခွင့်အရေးကို စောင့်နေတယ်။ သူက သူ့ရဲ့ရန်သူကို အောင်အောင်မြင်မြင် အရေခွံလဲခွင့်ပေးမှာ မဟုတ်ဘူး…”

“သူတို့ရဲ့မူလဇစ်မြစ်က ဘယ်လိုပဲရှိရှိ ရေနဂါးတွေ ၊ နဂါးတွေ ၊ မြွေတွေနဲ့ စပါးအုံးမြွေတွေအားလုံးက ဉာဏ်ရည်ရှိလာတဲ့အချိန်မျိုးမှာ သူတို့ရဲ့မျိုးနွယ်အပေါ် မကျေမနပ် ဖြစ်လာကြတယ်။ ဒါကြောင့် မင်းတို့ရဲ့စံအိမ်က ကြိုတင်ပြင်ဆင်ထားတာ မရှိဘူးဆိုရင် မီးတောက်စပါးအုံးမြွေက အားနည်းနေတဲ့ အခြေအနေမျိုးမှာ ရေမြွေက ဒီနေရာကို ရောက်လာပြီး မီးတောက်စပါးအုံးမြွေရဲ့အသက်ကို ယူဆောင် သွားလိမ့်မယ်…”

“တစ်ချိန်တည်းမှာပဲ သူက တစ်ဝက်တစ်ပျက်ဖြစ်နေတဲ့ မီးတောက်စပါးအုံးမြွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗဟိုကို ဝါးမြိုပြီး သူ့ရဲ့ကျင့်ကြံမှုကို အဆင့်မြှင့်တင်လိမ့်မယ်။ မီးတောက်နဲ့ရေစွမ်းအားနှစ်ခု ပေါင်းစပ်သွားတဲ့အတွက် သူက မဟာတာအိုလမ်းစဉ်ကို အဆုံးသတ်ဖို့ သိပ်မလိုတော့ဘူး…”

အစောင့်၏မျက်လုံးထဲတွင် ဒေါသထွက်နေသည့် အမူအရာတစ်ခုပေါ်လာခဲ့သည်။ သူက ချွေးချန်းကို နောက်တစ်ကြိမ် တွန်းလွှတ်ရန် ကြိုးစားလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ပို၍အားစိုက်ထားခဲ့သည်။

“ဒီကနေ ချက်ချင်းထွက်သွားလိုက်တော့။ မင်းက ချောမောတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပေမယ့် မင်းပါးစပ်ကနေ အဓိပ္ပာယ်မရှိတာတွေ ထွက်လာတယ်…”

ချွေးချန်းက သက်ပြင်းချပြီး တစ်ယောက်တည်း ပြောလိုက်သည်။

“အခုတွေ့ပြီလား ဆရာ…။ နေရာတိုင်းမှာ သင်ကြားပေးလို့ မရနိုင်ဘူး။ ဒီလိုအရာများက နာကျင်မှုပဲ ရနိုင်တယ်။ အခုကျွန်တော်က ကိုယ့်လမ်းစဉ်နဲ့ပဲ သွားတော့မယ်…”

သူက လေထဲတွင် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လေလှိုင်းလေးတစ်ခု ထွက်ပေါ်လာပြီး အစောင့်က နောက်ကို လွင့်ပျံသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် တံခါးထဲမှနေ၍ လူသန်ကြီး (၅)ယောက် (၆)ယောက်ခန့် ထွက်လာခဲ့၏။ သို့သော် သူတို့က အဆင့်နိမ့် သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့သာ ဖြစ်သည်။

ချွေးချန်းက သူတို့ကို အလေးမထားခဲ့ဘဲ ရှေ့ကိုဆက်၍ လျှောက်လာခဲ့၏။ သူတို့ကတော့ အစောင့်ထက်ပင် ပို၍အခြေအနေ ဆိုးရွားကြသည်။ သူတို့က ချွေးချန်း၏အင်္ကျီလက်ပင် ဝှေ့ယမ်းစရာမလိုဘဲ လေထဲသို့ လွင့်သွားကြ၏။ မြေပေါ်သို့ ပြုတ်ကျလာပြီးနောက် သူတို့က နာနာကျင်ကျင် အော်ဟစ်နေကြပြီး မတ်တပ်ပင် ပြန်မရပ်နိုင်ကြပေ။

ချွေးချန်းက စံအိမ်ထဲသို့ ဖြတ်သွားသည့်အချိန်တွင် သူ၏ပတ်ပတ်လည်၌ ပို၍များပြားသောအစောင့်များ ရောက်လာသော်လည်း တစ်ယောက်မျှသူ့ကို နှေးကွေးသွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။

ကျမ်းစာ စာကြည့်တိုက်၏ အပြင်ဘက်တွင် ရှိသော မြေကွက်လပ်သို့ ရောက်လာပြီးနောက် ချွေးချန်း၏ မျက်လုံးထဲတွင် စိတ်ဝင်စားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

သူ့ကို သားအဖ(၃)ယောက်ဖြစ်ပုံရသော လူ(၃)ယောက်က တားဆီးထားကြ၏။ ထိုနယ်မြေထဲတွင်တော့ သူတို့ကလွဲလျှင် တခြားလူများမရှိချေ။ သူတို့ကတော့ ကျမ်းစာ စာကြည့်တိုက်ထဲတွင် မည်သည့်အရာ ရှိနေကြောင်း မပြချင်သလို အပြင်လူများက ပြဿနာမရှာစေရန် တားဆီးထားပုံရသည်။

ချွေးချန်းက ထို(၃)ယောက်ကို ခဏကြည့်လိုက်ပြီးနောက် သူတို့ကိုကျော်၍ ကြည့်လိုက်သည်။ ကျမ်းစာ စာကြည့်တိုက်က အလွန်ကြီးမားပြီး စုစုပေါင်း(၆)ထပ် ရှိသည်။ စာကြည့်တိုက်၏ အပေါ်ဘက် ကောင်းကင်ကြီးပေါ်ရှိ အနက်ရောင် တိမ်တိုက်ကြီးများ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အရာတစ်ခုရှိနေပြီး လျှပ်စီးကြောင်းများ ဆက်တိုက်ထွက်ပေါ်လာနေခဲ့၏။

အလွန်ကြီးမားသော စပါးအုံးမြွေကြီး၏ အမြီးက ပေ(၁၀၀)ကျော် အရှည်ရှိပြီး သူ၏အမြီးက ကျမ်းစာ စာကြည့်တိုက်၏ ဝင်ပေါက်မှနေ၍ အောက်ဆုံးအလွှာမှပင် မြင်တွေ့ရသည်။ သူ့ခန္ဓာကိုယ်က စာကြည့်တိုက်ကို ရစ်ပတ်နေပြီး အလွန်ကြီးမားသော ဦးခေါင်းကြီးက ကောင်းကင်ပေါ်ရှိ တိမ်တိုက်ကြီးများထဲတွင် ရှိနေခဲ့သည်။

တိမ်တိုက်ထဲတွင် ရှိနေသော လျှပ်စီးကြောင်းများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏နှလုံးသားထဲ၌ အံ့ဩမှုနှင့်ကြောက်လန့်မှုများ ပြည့်နေခဲ့သည်။ သို့သော် သူက တိုက်ခိုက်ချင်စိတ်တစ်ခုကိုလည်း ခံစားမိခဲ့၏။ ဤကမ္ဘာကြီးထဲတွင် မိုးခြိမ်းသံကို မကြောက်သော နတ်ဆိုးမည်မျှရှိမည်နည်း။ အကြောက်တရားများကို ခံစားမိနေခြင်းက သူတို့၏မျိုးရိုးစဉ်ဆက် စိတ်ထဲတွင် နက်ရှိုင်းနေသော အရာတစ်ခုသာဖြစ်သည်။

အတိတ်တွင်တော့ လျှပ်စီးစွမ်းအား ရှိနေသော ကောင်းကင်အင်ပါယာတစ်ပါးက သူ၏ လျှပ်စီးနတ်ဘုရားများ ၊ မိုးနတ်ဘုရားများနှင့်အတူ ကမ္ဘာကြီးထဲကို လှည့်လည်သွားလာပြီး နတ်ဆိုးများ မကောင်းဆိုးဝါးမြောက်များစွာကို သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။

ချွေးချန်းက ရှေ့ကို ဆက်၍ လျှောက်သွားသည့်အချိန်တွင် သားအဖ(၃)ယောက်ထဲ၌ လူငယ်နှစ်ယောက်က သူ့ကို သင်ခန်းစာပေးရန် ဒေါသတကြီး ထွက်လာကြသည်။

ထိုအချိန်တွင် ရှေးဟောင်းကြေးနီချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးက သူတို့ကို တားထားခဲ့၏။ သူက သူတို့ကို ရပ်နေရန် အချက်ပြလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ တလေးတစား ပြောလိုက်သည်။

"ငါ့နာမည်က ချောင်ဟုရှန်လို့ခေါ်တယ်။ ဒီက မိတ်ဆွေ လာလည်ရတဲ့ ရည်ရွယ်ချက်ကို သိခွင့်ရှိမလား…"

ချွေးချန်းက ရပ်မနေဘဲ ရှေ့ကိုဆက်၍ လျှောက်သွားရင်း ပျင်းရိစွာ ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့ စိတ်ဆန္ဒကောင်းတွေကို စံအိမ်ဝင်ပေါက်မှာရှိတဲ့ အစောင့်အပေါ်မှာ သုံးပြီးသွားပြီ။ အခု ငါက ဒီအဆောက်အဦကို ဖျက်ဆီးပစ်မယ်။ ငါက မင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောမယ်။ တကယ်လို့ မင်းတို့တွေ တစ်ယောက်ယောက်က ငါ့ကိုတားဆီးဖို့ ကြိုးစားမယ်ဆိုရင် ငါက မင်းတို့မိသားစုမျိုးဆက်တစ်ခုလုံးကို ရှင်းလင်းပစ်မယ်…”

“ဒါပေမယ့် အဲဒါက အရမ်းလွန်လွန်းပါတယ်လေ။ ငါက အနည်းဆုံးတော့ မင်းတို့(၃)ယောက်လုံးကို သတ်ပစ်မယ်။ တကယ်လို့ ငါ့ဆရာက ဒီအဖြစ်အပျက်ပြီးသွားလို့ ငါ့ဆီကနေ ရှင်းပြချက်တောင်းတယ်ဆိုရင်တော့ မင်းတို့(၃)ယောက်က ရေမြွေနဲ့ မီးတောက်စပါးအုံးမြွေတို့ရဲ့ တိုက်ပွဲမှာ သေသွားတယ်လို့ ပြောလိုက်ရုံပဲ။ ငါက နည်းနည်းလေးတောင် အပြစ်ရှိသလို ခံစားမိမှာ မဟုတ်ဘူး…”

“ပြီးတော့ ငါ့ဆရာကို သက်သေပြဖို့အတွက် ငါက မင်းတို့ကို မျက်ရည်ကျအောင် လုပ်ဖို့လည်း လိုသေးတယ်။ တကယ်လို့ ငါ့ဆီမှာသာ ဒီလိုရှေးကျတဲ့ဆရာတစ်ယောက် မရှိခဲ့ရင် ငါက လုပ်ချင်တာကိုလုပ်မှာပဲ။ ဒါဆိုရင်တော့ အရာအားလုံးက ချုပ်နှောင်ခြင်းထက် ပိုပြီးတော့ ဆိုးသွားလိမ့်မယ်…"

ချောင်ဟုရှန်က ဓားမောက်၏လက်ကိုင်ကို တင်းတင်းဆုပ်လိုက်သည်။ ထို့နောက် သူ၏ချပ်ဝတ်အင်္ကျီပေါ်တွင် အဝါရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး အေးစက်စွာ မေးလိုက်၏။

"မင်းက ငါတို့သစ်ခွနီ ချောင်ကလန်ကို စိတ်ကြိုက်လုပ်နိုင်ပြီလို့ ထင်နေတာလား…"

ချွေးချန်းက ကြမ်းပြင်ပေါ်သို့ အထင်သေးစွာ တံတွေးထွေးပြီး ပြောလိုက်သည်။

"မင်းတို့က သစ်ခွနီစံအိမ်ဆိုတဲ့နာမည်ကို ကိုယ်တိုင်ပေးရဲတာလား။ မင်းတို့ရဲ့ စာကြည့်တိုက်ထဲမှာ စာအုပ်ကောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် မင်းတို့မျိုးဆက်တွေကတော့ သူတော်စင်တွေရဲ့ ကျမ်းစာတွေကို မဖတ်သလို သူတော်စင်တွေရဲ့ သင်ကြားမှုကိုလည်း မသိဘူး။ မင်းတို့က ဓားတွေ ၊ လှံတွေနဲ့ပဲ ကစားချင်နေကြတယ်…”

“ပိုပြီးတော့ ခွင့်မလွှတ်နိုင်တဲ့ အချက်ကတော့ မင်းက နတ်ဆိုးတစ်ကောင်နဲ့ ပူးပေါင်းနေတယ်။ ပြီးတော့ ကျမ်းစာတိုက်ထဲမှာ နေခိုင်းပြီး အဲဒီစာအုပ်တွေထဲက ထွက်လာတဲ့ စာသင်သား အငွေ့အသက်တွေကို စုပ်ယူဖို့ ခွင့်ပေးခဲ့တယ်။ မီးတောက်စပါးအုံးမြွေ အရေခွံလဲမယ့်နေ့က မြစ်ကြမ်းခင်းထဲမှာရှိတဲ့ ရေမြွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ့် နေ့တစ်နေ့ဆိုတာ မင်းတို့အားလုံးက သိနေတယ်…”

“ဒါပေမယ့် မင်းတို့က မြို့ထဲမှာရှိတဲ့ မြို့သူမြို့သားတွေကို ဆုတ်ခွာဖို့ သတိပေးရမယ့်အစား ပုံရိပ်ယောင်တစ်ခုတောင် တမင်တကာ ဖန်တီးထားသေးတယ်။ အဲဒီအရာ‌နဲ့ အဆောက်အဦးကို မီးတောက်စပါးအုံးမြွေ ဖုံးကွယ်ထားတဲ့ မြင်ကွင်းကို ဖျောက်ထားသေးတယ်။ မီးတောက်စပါးအုံးမြွေနဲ့ ရေမြွေတို့ရဲ့တိုက်ပွဲအတောအတွင်း မြို့ထဲမှာ လူဘယ်နှစ်ယောက် သေသွားမယ်ဆိုတာ မင်းတို့သိလား…"

ချွေးချန်း၏မျက်နှာပေါ်တွင် အတော်လေး မကျေမနပ်ဖြစ်နေသည့် အမူအရာတစ်ခုပေါ်လာခဲ့သည်။

"ဒါတွေအားလုံးက မင်းရဲ့အမှားပဲ… ဆရာ။ မင်းရဲ့လုပ်ရပ်တွေက ငါ့ကိုပြဿနာတက်ပေးပြီ။ ငါက ဒီလူတွေကို စကားလုံးတွေ ၊ သင်ကြားမှုတွေနဲ့ အချိန်ဖြုန်းနေရပြီ…"

အရပ်ရှည်ရှည်နှင့် လှံကိုင်ထားသော လူငယ်လေးက ရှေ့တက်လာပြီး ပြောလိုက်၏။

"ဒီကောင်စုတ်လေးကို စကားပြောနေဖို့ မလိုတော့ဘူး။ ကျွန်တော် သူ့ကို သတ်ပစ်လိုက်မယ်။ ဒီစီရင်စုကို အုပ်စိုးဖို့ ကျွန်တော်တို့ ချောင်ကလန်ရဲ့အစီအစဉ်ကို သူက နှောင့်ယှက်ဖို့ ကြိုးစားနေမှာတော့ အကြိမ်တစ်ထောင်လောက် သေသွားသင့်တယ်…"

ချွေးချန်းက အားရပါးရရယ်လိုက်ပြီး လူငယ်လေးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ငါက မင်းရဲ့ဒေါသကို သဘောကျတယ်…"

ချက်ချင်းဆိုသလိုပင် လူငယ်လေး၏ မျက်ခုံးကြားထဲ၌ အနီရောင်သွေးစက်လေး တစ်စက် ပေါ်လာခဲ့သည်။ သူက ကိုင်ထားသော လှံရတနာ၏ အစွမ်းကို မြှင့်တင်ရန် စွမ်းရည်တစ်ခု သုံးတော့မည့်အချိန်တွင် သူ၏မျက်ခုံးကြားထဲ၌ အနည်းငယ် နာကျင်သွားသလို ခံစားလိုက်ရ၏။ သူက ထိုနေရာကို လက်နှင့် မထိနိုင်သေးခင် နာကျင်မှုတစ်ခု ရောက်လာပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။ သူက သတိပေးချက်မရှိဘဲ သေဆုံးသွားခဲ့ရသည်။

ချောင်ဟုရှန်၏ ချပ်ဝတ်အင်္ကျီထဲမှ အဝါရောင်အလင်းတန်းတစ်ခု တဖြည်းဖြည်း တောက်ပလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက အဝါရောင်တိမ်တိုက်ထဲတွင် ပျောက်ကွယ်သွားခဲ့၏။

ထိုအချိန်တွင် နောက်ထပ် သူ၏သားတစ်ယောက်ကတော့ ကျင့်စဉ်တစ်ခုကို စတင်ရွတ်ဆိုနေခဲ့ပြီး လက်ထဲတွင် တံဆိပ်များကို ဖန်တီးနေခဲ့သည်။ သူကတော့ သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းမျိုးစုံကို သုံးနေခဲ့၏။ သိပ်မကြာခင် သူ့ဘေး၌ အဖြူရောင်စာသားများနှင့် တောက်ပသော အလင်းတန်းတစ်ခုပေါ်လာပြီး ထိုအလင်းတန်း၏ ခေါင်းနှင့်အမြီးက ဆက်သွယ်၍ သူ၏ခန္ဓာကိုယ်ပေါ်တွင် စက်ဝိုင်းတစ်ခုသဖွယ် ဝန်းရံထားခဲ့သည်။ ထိုအရာတွင်သာမက အလွန်သေးငယ်သော မီးတောက်စပါးအုံးမြွေလေးတစ်ကောင်က သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လည်ပတ်နေခဲ့သည်။

ထို့ပြင် သူ၏ခေါင်းပေါ်၌ ငါးရောင်ခြယ်အလင်းတန်းများ ထွက်ပေါ်လာနေသော ရှေးဟောင်းဦးထုပ်တစ်ခုကို ဆောင်းထားခဲ့သည်။ ထိုအရာက အကာအကွယ်မှော်အစွမ်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ မျက်စိတမှိတ်အတွင်း သူက ပတ်ပတ်လည်တွင် အကာအကွယ်အလွှာများစွာကို ဖန်တီးလိုက်သည်။

ထိုအရာကိုမြင်သည့်အခါ ချွေးချန်းက အလွန်ရယ်ချင်နေခဲ့၏။

“မင်းက တကယ်ကြောက်တတ်တာပဲ။ မဟုတ်ဘူးလား.. ဒါပေမယ့် ကြောက်တဲ့သူတွေက အသက်အရှည်ဆုံးနေရတာပဲ…”

ထို့နောက် ထိုလူငယ်လေး၏ မျက်ခုံးကြားထဲတွင် သွေးစက်လေးတစ်စက် ပေါ်လာခဲ့သည်။ သူက ချက်ချင်းပင် သတိပေးချက်မရှိဘဲ သေဆုံးသွားခဲ့ရ၏။

“မင်းက သရဲဖြစ်သွားတဲ့အချိန်ကျရင် ကြောက်စရာမလိုတော့ဘူး။ ငါ့ကို ကျေးဇူးမတင်နဲ့…”

ချွေးချန်းက အပြုံးနှင့် ပြောလိုက်သည်။

ထိုအချိန်တွင် ချောင်ဟုရှန်ကတော့ အသက်ရှင်ချင်နေသည့်အတွက် ထွက်ပြေးသွားခဲ့၏။ ချွေးချန်းက သူ့နောက်ကို လိုက်ရန် စိတ်ကူးမရှိချေ။ သူက အလွန်အမင်းကို ပျင်းရိနေခဲ့ပြီး ထိုကဲ့သို့ ယင်ကောင်လေးတစ်ကောင်ကို အမဲလိုက်ရန်အတွက် ပြဿနာမတက်ချင်တော့ပေ။

ချွေးချန်းက ကျမ်းစာ စာကြည့်တိုက်ထဲသို့ လျှောက်လာရမည့်အစား ဝင်ပေါက်တွင် ရပ်လိုက်သည်။ သူ့ခါးတွင် ချိတ်ထားသော အရက်အိုးက အရက်များ ပြည့်နေသည့်အတွက် အတော်လေး လေးလံနေခဲ့၏။

ဤနေရာသို့လာသော လမ်းတစ်လျှောက်တွင် ချွေးချန်းက အရက်ပေါင်းများစွာ ဝယ်ခဲ့သည်။ သူက တာ့ဆွေ တိုင်းပြည်မြို့တော်ထဲမှ ထွက်လာပြီးနောက် မူလဝယ်ထားသော အရက်များ ကုန်သွားခဲ့သည်။ မြင်းလှည်းထဲတွင် သူတို့ကို ကောင်းရွှမ် လက်ဆောင်ပေးခဲ့သော အရက်အိုးများစွာ ရှိနေသော်လည်း သူက မြင်းလှည်းထဲတွင်ထိုင်ပြီး အရက်သောက်၍ မရနိုင်ပေ။ ထို့ကြောင့် ချွေးချန်းက အရက်အိုးကို လွှတ်ပစ်ရမည့်အစား ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ ယခုတော့ ထိုအရာက သူ့အနားတွင် အချိန်ကြာမြင့်စွာ ရှိနေပြီး သူနှင့်ပို၍နီးစပ်လာခဲ့၏။

မြင်းလှည်းထဲတွင် ရှိနေသော အရက်အိုးများ ကုန်ဆုံးသွားပြီးနောက် ချွေးချန်းက လမ်းမပေါ်တွင် သူ တွေ့ရသော အရက်ဆိုင်များဆီမှ အရက်များကို ဝယ်ခဲ့ရသည်။ ထိုအချိန်တွင် ချွေးချန်းက ချန်းပင်အန်းဆီမှ ငွေကြေးများကိုပင် ချေးခဲ့ရ၏။ သူ့ဆီတွင် ငွေစတစ်စမျှ မရှိပေ။ သူက အဆင့်(၅) ချီကျင့်ကြံသူတစ်ယောက်ဖြစ်မလာခင် မည်သည့်ကြွယ်ဝချမ်းသာမှုကိုမျှ အသုံးပြု၍ မရနိုင်ပေ။

သူ၏အရက်အိုးကို သောက်လိုက်ပြီးနောက် ချွေးချန်းက ရှေ့ကို လျှောက်သွားပြီး ကျမ်းစာ စာကြည့်တိုက်၏လှေကားထစ်ပေါ်ကို တက်လိုက်သည်။

ချွေးချန်းဆီမှ ထွက်ပေါ်လာသော အန္တရာယ်ကို ခံစားမိနေသည့်အတွက် မီးတောက်စပါးအုံးမြွေက ကျမ်းစာ စာကြည့်တိုက်ထဲသို့ ပြန်ရောက်လာခဲ့သည်။ ရလဒ်အနေနှင့် ကောင်းကင်ပေါ်တွင် ရှိနေသော အနက်ရောင်တိမ်တိုက်များ၊ လျှပ်စီးကြောင်းများက နောက်ပြန်ဆုတ်သွားခဲ့၏။

ချွေးချန်းက လှေကားထစ်ဆီသို့ တက်သွားပြီး သက်ပြင်းချလိုက်သည်။

“လှေကားထစ်တွေကို တက်ရတာက တော်တော်နာကျင်ဖို့ကောင်းတာပဲ…”

ချွေးချန်းက (၅)လွှာကို ရောက်သည့်အချိန်တွင် အပေါ်ကိုထပ်၍ မတက်တော့ပေ။ သူက လှေကားထစ်ပေါ်တွင် ထိုင်လိုက်ပြီး ဆူပုပ်နေသော မျက်နှာဖြင့် နောက်ထပ် ခြေတစ်လှမ်း မလှမ်းချင်တော့ပေ။

အနက်ရောင်မျက်လုံးတစ်စုံ ရှိနေသည့် ဧရာမအနီရောင်ဦးခေါင်းကြီးက (၅)လွှာ နှင့် (၆)လွှာကြားထဲမှ ထွက်လာပြီး ချွေးချန်းကို သေချာစိုက်ကြည့်နေခဲ့သည်။

ချွေးချန်းက ထိုမီးတောက်စပါးအုံးမြွေကို ပြန်လှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“တကယ်လို့ ငါက မင်းလိုလူမျိုးနဲ့ စကားပြောခဲ့ပြီး ငါ့ကိုယ်ငါ ဖျော်ဖြေချင်တယ်ဆိုရင်တောင် ငါက ဒီလိုမျိုး ပြောင်းလဲသွားမှာ မဟုတ်ဘူး…”

မီးတောက်စပါးအုံးမြွေက မြေပေါ်တွင် ဦးခေါင်းကို ညင်သာစွာ ချလိုက်ပြီး အညံ့ခံလိုသည့်ပုံစံမျိုး ပြသခဲ့သည်။ ပြည်နယ်တစ်ခုလုံးကို အုပ်စိုးချင်သော ချောင်ကလန်မှ သားအဖ(၃)ယောက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုမီးတောက်စပါးအုံးမြွေက ပို၍အခြေအနေကို နားလည်ပုံရသည်။

ချွေးချန်းက အပြုံးနှင့် မေးလိုက်၏။

“ငါက အင်မော်တယ်ဖြစ်ချင်နေတဲ့မင်းရဲ့အခွင့်အရေးကို နှောင့်ယှက်လိုက်တာ စိတ်မဆိုးဘူးလား…”

မီးတောက်စပါးအုံးမြွေက ခေါင်းခါပြလိုက်သည့်အတွက် (၅)လွှာကြမ်းပြင်တစ်ခုလုံးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

ချွေးချန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“မင်းက အသိဉာဏ်ရှိနေပြီဆိုတာ ငါသိတယ်။ တကယ်လို့ မင်းကသာ မင်းရဲ့အရေခွံကို ဆက်ပြီးတော့ လဲနေဦးမယ်ဆိုရင် မြစ်ထဲမှာနေတဲ့ ရေမြွေက မင်းထက်ပိုပြီး အောင်မြင်ဖို့ အခွင့်အရေးပိုများတယ်။ ဒီလိုဆိုရင် နှစ်ပေါင်းများစွာ မင်းစုဆောင်းလာတဲ့ ကျင့်စဉ်အဆင့်တွေက တခြားလူအကျိုးရှိဖို့ပဲ ဖြစ်သွားလိမ့်မယ်…”

ချွေးချန်းထက် တစ်ဆင့်မြင့်သော လှေကားထစ်တွင်တော့ အသက်(၆)နှစ် (၇)နှစ်အရွယ် ရှိသော စိမ်းပြာဝတ်ကောင်လေး တစ်ယောက် ထိုင်နေခဲ့သည်။ ထိုကောင်လေးဆီတွင် ဒေါင်လိုက်မျက်လုံးတစ်စုံ ရှိနေပြီး သူက လှေကားထစ်၏ လက်ရန်းပေါ်တွင် ထိုင်၍ချွေးချန်းကို ကြည့်နေခဲ့၏။

“မင်းက အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့အပြင် တော်တော်လေးလည်း မျက်လုံးကောင်းတယ်။ ငါက ဘယ်လောက်အစွမ်းထက်လဲဆိုတာကို သိနေတာပဲ…”

မီးတောက်စပါးအုံးမြွေက အတော်လေးကို မှင်တက်သွားခဲ့ပြီး သူ၏မသိစိတ်က ထွက်ပြေးချင်စိတ်ကို တားဆီး၍ အနည်းငယ် တုန်လှုပ်နေခဲ့သည်။ ချောင်ဟုရှန်နှင့် သူ့သားတို့၏ အကာအကွယ်မရှိတော့သည့်အတွက် သူလည်း အရေခွံလဲသည့်ဖြစ်စဉ်ကို အတင်းအကျပ် အဆုံးသတ်ခဲ့ရသည်။ လက်ရှိအချိန်တွင် သူက အားအနည်းဆုံး အခြေအနေ ရောက်နေသည့်အတွက် ရေမြွေကို တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။

“မင်းက လေးစားမှုမရှိတဲ့ ကောင်လေးတစ်ယောက် မဟုတ်ဘူးလား…”

ချွေးချန်းက အပြုံးနှင့် ပြန်လှည့်လာခဲ့သည်။

စိမ်းပြာဝတ်ကောင်လေး၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက သူ့ကိုယ်သူ လက်ညှိုးနှင့်ထိုးပြီး မေးလိုက်သည်။

“မင်းက ငါ့ကိုပြောနေတာလား ကောင်လေး…”

ထိုခဏတွင် စိမ်းပြာဝတ်ကောင်လေးက လက်နှင့် သူ၏နဖူးကို ကုတ်လိုက်သည်။ သူ၏လက်ချောင်းကြားထဲမှ နေ၍ သွေးများ စီးကျလာပြီး သူက (၅)လွှာတွင် ရှိနေသော လှေကားထစ်လက်ရန်းပေါ်မှ ပြုတ်ကျလာခဲ့၏။ ထို့နောက် သူက နာနာကျင်ကျင် လူးလှိမ့်နေသည့်အတွက် ကျမ်းစာ စာကြည့်တိုက်ကြီးတစ်ခုလုံးက လှုပ်ရှားနေခဲ့၏။

ချွေးချန်းက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“တော်လောက်ပြီ ။ ဟန်ဆောင်မနေနဲ့။ တကယ်လို့ မင်းသာ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါက မင်းကို တစ်ခြားတစ်ဖက်ဆီ ပို့ပေးလိုက်မယ်…”

စိမ်းပြာဝတ်ကောင်လေးက လူးလှိမ့်နေရာမှ ချက်ချင်းရပ်တန့်ပြီး မတ်တပ်ရပ်လိုက်သည်။ သူက မေးလိုက်၏။

“မင်းက ဘာလိုချင်တာလဲ…။ ငါက မြို့အပြင်ဘက်မှာရှိတဲ့ မြစ်နတ်ဘုရားနဲ့ အရမ်းရင်းနှီးတယ် ။ ငါတို့တွေက အချင်းချင်း ညီအစ်ကိုတွေလို့ ခေါ်လာတာ နှစ်ပေါင်း(၃၀၀)လောက်တောင် ရှိနေပြီ။ ဒါကြောင့် မင်းက မြို့နတ်ဘုရားနဲ့တောင် မတွေ့ရဲတဲ့ ဒီကလေးမလေးကို ငါ့စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်ပါ။ မင်းဆီမှာ တော်တော်လေး အဆင့်မြင့်တဲ့ ကျင့်ကြံမှု ရှိနေတယ်။ ဒါကြောင့် မင်းက ငါ့ရဲ့နန်းတော်ထဲကို အထူးဧည့်သည်တစ်ယောက်အဖြစ် လိုက်ပါဖို့ အခွင့်အရေး ရှိတယ်။ တကယ်လို့ မင်းသာ ဒီနေ့ ဒီကောင်မလေးကို ဝါးမြိုဖို့ ငါ့ကိုကူညီပေးမယ်ဆိုရင် ငါက ဒီမြို့ထဲမှာရှိတဲ့ လူတိုင်းကို သတ်ပစ်ဖို့တောင် မင်းကို ကူညီပေးနိုင်တယ်။ ပြီးတော့ ….”

ရုတ်တရက်ဆိုသလို စိမ်းပြာဝတ်ကောင်လေး၏အသံက ပြတ်တောက်သွားခဲ့ရပြီး သူက စကားတစ်ခွန်းမျှထပ်မပြောနိုင်တော့ပေ။ သူ့လည်ပင်းကို တစ်စုံတစ်ခုက ချုပ်နှောင်ထားသလို ထင်မှတ်ရ၏။ သူက ချွေးချန်း၏လက်ကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်ပြီး အလွန်အမင်းကို ကြောက်ရွံ့လာခဲ့သည်။

မီးတောက်စပါးအုံးမြွေကလည်း ပန်းရောင်ဝတ်စုံနှင့် ကလေးမလေးတစ်ယောက်အဖြစ် ပြောင်းလဲနေခဲ့ပြီး သူမက လှေကားဝင်ပေါက်တွင် ဘောလုံးတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ ချွေးချန်း၏လက်ထဲတွင် ရှေးဟောင်းမင်ကျောက်တုံးလေးတစ်ခု ကိုင်ထားပြီး ထိုမင်ကျောက်တုံးလေးထဲတွင်တော့ တစ်လက်မခန့် အရွယ်အစားရှိသော ရေနဂါးအိုကြီးတစ်ကောင် နေထိုင်သည်။ အကယ်၍ သေချာနားထောင်ကြည့်လိုက်မည်ဆိုလျှင် သူတို့က အိပ်ပျော်နေသော ရေနဂါးဆီမှ နှာမှုတ်သံကိုပင် ကြားနေရ၏။

စိမ်းပြာဝတ်ကောင်လေးနှင့် ကျမ်းစာ စာကြည့်တိုက်ထဲတွင် ရှိနေသော မီးတောက်စပါးအုံးမြွေတို့အတွက်တော့ ထိုကဲ့သို့ သိမ်မွေ့သော နှာမှုတ်သံကပင် မိုးခြိမ်းသံထက် အဆပေါင်းများစွာ ပို၍ကြောက်ဖို့ကောင်းသည်။

ချွေးချန်းက ရွှေရောင်အပ်ကလေးတစ်ချောင်းကို ထုတ်လိုက်ပြီး လက်မနှင့် လက်ညှိုးကြားထဲကို ထောက်လိုက်သည်။ သူက ထိုအပ်ထိပ်ဖျားနှင့် ရှေးဟောင်းမင်ကျောက်တုံး၏ အစွန်ပေါ်တွင် ခြစ်လိုက်၏။ ထိုအခါ မီးပွားလေး အနည်းငယ်ပေါ်လာပြီး သူက အပ်ကိုသွေးနေသလို ထင်ရသည်။

“ဒီထဲကို ဝင်ခဲ့တော့…”

ပန်းရောင်ဝတ်မိန်းကလေးက နံရံကို ကျောမှီထားခဲ့သည်။ သူမက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး မည်သို့ဆက်လုပ်ရမှန်း သေချာမသိခဲ့ပေ။

“အဲဒါဆိုရင် ငါတို့က တစ်ခုခုပြန်ရမှာလား…”

စိမ်းပြာဝတ်ကောင်လေးက မေးလိုက်၏။

“ရမှာပါ..ဥပမာအနေနဲ့ မင်းက အသက်ရှင်ခွင့်ရမယ်..”

ချွေးချန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

စိမ်းပြာဝတ်ကောင်လေးက ခေါင်းညိတ်တုံ့ပြန်လိုက်၏။ သူက သဘောတူတော့မည့်ပုံစံနှင့် (၅)လွှာ၏ ပြတင်းပေါက်မှနေ၍ အောက်သို့ခုန်ချပြီး ထွက်ပြေးသွားခဲ့သည်။ သူ့နောက်မှ ရွှေရောင်အလင်းတန်းတစ်ခု လိုက်လာပြီး ထိုအရာက (၂)ပေ (၃)ပေခန့်သာ အရှည်ရှိသည်။ ထိုအရာက သူ့နောက်မှနေ၍ အရှေ့ဘက်သို့ တိုက်ရိုက် လိုက်လာခဲ့၏။

ခဏကြာပြီးနောက် မြို့အပြင်ဘက်မြစ်ရေပြင်ပေါ်တွင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့သည်။ ရေထဲတွင်လည်း သွေးရောင်များ ပေါ်လာခဲ့၏။

ချန်းပင်အန်းက မြို့တံခါးတွင် ရေနွေးသောက်နေခဲ့သည်။ သူက ကျသင့်ငွေ ပေးလိုက်ပြီးနောက် ချက်ချင်း မြို့ထဲသို့ ပြန်ဝင်လာခဲ့၏။ သစ်ခွနီစံအိမ်သို့ ရောက်လာသည့်အချိန်တွင် ဝင်ပေါက်၌ လူတစ်ယောက်မျှ စောင့်မနေကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အတားအဆီးမရှိဘဲ ကျမ်းစာ စာကြည့်တိုက်ဆီသို့ ရောက်လာခဲ့၏။

သူက ထိုနေရာသို့ ရောက်လာခဲ့သည့်အချိန်တွင် ချွေးချန်းကလည်း အတွင်းထဲမှ ထွက်လာသည်ကို အချိန်ကိုက် တွေ့လိုက်ရသည်။ သူက လက်ထဲတွင် ပန်းရောင်ဝတ်ထားသော ကလေးမလေးကို ဆွဲခေါ်လာခဲ့၏။ သူက အထုပ်မသယ်ချင်သည့်အတွက် ကလေးမလေးကို သူ၏စာအုပ်သေတ္တာ သယ်ခိုင်းထားသည်။ ရလဒ်အနေနှင့် သူ သယ်ဆောင်ထားသည်မှာ ခါးတွင် ချိတ်ထားသော အရက်ဘူးသာ ဖြစ်သည်။

တခဏအတွင်း ချွေးချန်းဆီ၌ အတွေးတစ်ခု ပေါ်လာပြီး စာကြည့်တိုက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအား အများဆုံး ရှိနေသည့် စာအုပ်အနည်းငယ်ကို သွားယူရန် ပန်းရောင်ဝတ် ကလေးမလေးကို ညွှန်ကြားလိုက်သည်။သူကတော့ ကျမ်းစာ စာကြည့်တိုက်၏ တံခါးတွင် ထိုင်နေခဲ့၏။

သူက အရက်သောက်နေရင်း ချန်းပင်အန်းကို အပြုံးနှင့်ပြောလိုက်သည်။

“ပြောပါ ဆရာ… ကျွန်တော် နားထောင်နေတယ်..”

“ငါက မင်းကို ဘာလို့ငါနဲ့အတူ လုံချွမ်တိုင်းပြည်ဆီ ပြန်ခေါ်ချင်နေတာလဲဆိုတာ သိလား..”

ချန်းပင်အန်းက မေးလိုက်သည်။

ချွေးချန်းက အရက်ဘူးကို လှုပ်လိုက်ပြီး လက်ခုံနှင့် သုတ်၍ ပြောလိုက်၏။

“ငါသိတယ်။ မင်းရဲ့စောင့်ကြည့်မှုမရှိတော့ရင် ငါက လမ်းဟောင်းကို ပြန်လျှောက်ပြီး ချောက်ကမ်းပါး ကျောင်းတော်ကို ဒုက္ခပေးမှာ မင်းက စိုးရိမ်နေတာ။ မင်းက ကလေး(၃)ယောက်အတွက်လည်း စိုးရိမ်နေတယ်။ ဒါကြောင့် မင်းက ကလေးတွေ အန္တရာယ်မကျအောင် ငါ့ကို မင်းနဲ့အတူ ဒုက္ခခံပြီး ခေါ်လာခဲ့တာ…”

ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန်တွင် ချွေးချန်းကတော့ သက်ပြင်းချလိုက်မိ၏။

“ငါ့ကို အဲဒီလိုမျိုးမကြည့်နဲ့..။ ငါက မင်းရဲ့ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ တော်တော်လေးခက်တယ်လို့ ထင်နေတာလား။ မင်းရဲ့မျက်နှာပေါ်မှာရှိတဲ့ အံ့ဩမှုက ငါ့ရဲ့ဉာဏ်ရည်ကို စော်ကားလိုက်သလိုပဲ…”

ချန်းပင်အန်းက ခဏကြာ တိတ်ဆိတ်ပြီး ပြောလိုက်သည်။

“တကယ်လို့ မင်းကသာ သူတို့ကို လှိုက်လှိုက်လှဲလှဲ ကာကွယ်ပေးချင်တယ်ဆိုရင် ဒီနေ့ကစပြီး ငါက မင်းကို ငါ့ရဲ့ တပည့်ဖြစ်ခွင့်ပေးမယ်…”

“မင်းက ကိုယ်တိုင် အပေးအယူတစ်ခု လုပ်လိုက်တာပဲ…”

ချွေးချန်းက ချက်ချင်းပင် အရက်ဘူးကို မြှောက်ပြီး ပြောလိုက်သည်။

ချန်းပင်အန်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

“မင်းက ဘာသိတာလဲ.. ထားလိုက်ပါတော့။ ငါက မြန်မြန်ဆန်ဆန်သဘောတူလိုက်လို့ မဟုတ်လား…”

ချွေးချန်းက အေးစက်စွာ ပြုံး၍ မေးလိုက်သည်။

“မင်းရဲ့ကမ်းလှမ်းမှုကို အလျင်စလို ရုတ်သိမ်းဖို့ မကြိုးစားပါနဲ့။ ငါက မင်းနဲ့အတူ မြင်းလှည်းကို ယူခဲ့တဲ့အချိန်ကတည်းကစပြီး ဒီလိုအရာတွေ ဖြစ်လာမှာကို ကြိုပြီးတော့ တွက်ထားခဲ့တယ်။ ဒါကြောင့် ငါက အခု မြန်မြန်ဆန်ဆန် သဘောမတူခဲ့ဘူး။ ဘာလို့လည်းဆိုတော့ ငါက ဒီအခွင့်အရေးကို အရမ်းလိုချင်နေလို့ပဲလေ…”

“အမှန်အတိုင်း ပြောရရင်တော့ ငါက ဒါတွေအားလုံးကို ကြိုတင်တွက်ချက်ထားခဲ့တယ်ဆိုတာ မင်းကို ကျေနပ်အောင် ပြောနေတာတော့ မဟုတ်ဘူး ချန်းပင်အန်း။ မင်းက ငါပြောတဲ့စကားကို ယုံချင်မှလည်း ယုံလိမ့်မယ်။ ဒါပေမယ့် တာ့ဆွေတိုင်းပြည်ရဲ့ မြို့တော်ထဲမှာ နေခဲ့ဖို့က နဂိုထဲက ငါ့ရဲ့အစီအစဉ် တစ်စိတ်တစ်ပိုင်းပဲ။ငါက တာ့ဆွေတိုင်းပြည်ကိုသွားတဲ့ ခရီးလမ်းတစ်လျှောက်လုံး ငါ့ကိုယ်ငါ စိတ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခု ကစားနေတာ ပျော်စရာ ကောင်းတယ်လို့ထင်လား။ ဒါက မင်းအတွက်တော့ ခန့်မှန်းကြည့်ဖို့ အရမ်းကို ခက်ခဲလိမ့်မယ်။ ဒါပေမယ့် အဲဒီအရာတွေက တာ့လီအင်ပါယာနဲ့ တာ့ဆွေတိုင်းပြည်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကစားပွဲတွေပဲ။ တိုင်းပြည်နှစ်ခုရဲ့ ကံကြမ္မာနဲ့ ရေစက်က ဒီကစားပွဲရဲ့ ရလဒ်အပေါ် မူတည်နေတယ်…”

ချွေးချန်းက ခဏရပ်ပြီး သက်ပြင်းချလိုက်သည်။

“ငါက သူရဲကောင်းပုံစံ နေထိုင်ရတာကို အသားမကျဘူး။ ငါက ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ရန်သူတိုင်းပြည်ထဲကို ဝင်ခဲ့ရတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အကူအညီမရှိဘူး။ အဆုံးမှာတော့ ငါက ဒီပြဿနာကို ဖန်တီးခဲ့တဲ့သူပဲ။ ငါက တစ်ခြားလူတစ်ယောက် ဖြေရှင်းမှာကို ထိုင်ကြည့်နေလို့မရဘူး။ ဆရာ..။ တကယ်လို့ ငါသာ တာ့ဆွေတိုင်းပြည်မြို့တော်ထဲမှာ သေသွားခဲ့မယ်ဆိုရင်…”

“ငါက မင်းအတွက် အုတ်ဂူတစ်ခု တည်ဆောက်ပေးမယ်…”

ချန်းပင်အန်းက လေးလေးနက်နက် ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ချွေးချန်းက အံ့ဩမှင်တက်သွားခဲ့၏။ သူက အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။

“သေစမ်း.. မင်းက အုတ်ဂူဆိုတဲ့ အသုံးအနှုန်းကိုတောင် သိနေပြီပဲ။ ကြည့်ရတာတော့ တာ့ဆွေတိုင်းပြည်ကို သွားတဲ့လမ်းတစ်လျှောက်မှာ လီပေါင်ဖျင်နဲ့ လင်းရှို့ယီတို့ဆီက တော်တော်လေး သင်ယူထားတယ် ထင်တယ်။ ငါ့ဆရာလို့ ပြောရမယ့်အတိုင်း မင်းက သင်ယူတဲ့နေရာမှာ တော်တော်လေးကို မြန်တာပဲ…”

“စကားမစပ် မင်းရဲ့အုတ်ဂူမှာ ချွေးချန်း ဒါမှမဟုတ် ချွေးတုံရှန်း ဘယ်နာမည်ကို ထိုးပေးရမလဲ..”

ချန်းပင်အန်းက မေးလိုက်သည်။

ချွေးချန်း၏မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာတစ်ခုပေါ်လာခဲ့၏။

“အဲဒီလိုမပြောနဲ့.. ငါ အခုထိမ သေသေးဘူး…..”

ထို့နောက် ချွေးချန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်သည်။

“မင်းက အဲဒီလိုလုပ်မယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ငါက မင်းအတွက် နှုတ်ဆက်လက်ဆောင်တစ်ခု ကြိုပြီးတော့ ပြင်ဆင်ပေးထားတယ်။ အခု ဒီကောင်မလေးက မီးတောက်စပါးအုံးမြွေတစ်ကောင်ပဲ။ သူက ငယ်ငယ်လေး ကတည်းက ကျမ်းစာ စာကြည့်တိုက်ထဲမှာ စာသင်သားအငွေ့အသက်တွေနဲ့ ပျိုးထောင်တာကို ခံခဲ့ရတယ်…”

“ဒါကြောင့် သူက အရမ်းကို ယဉ်ကျေးသိမ်မွေ့ပြီး အမိန့်ကို နာခံတတ်တယ်။ သူက မင်းအတွက် စာသင်သား လက်ထောက်တစ်ယောက်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ။ တစ်ခြားကလေးကတော့ နည်းနည်းလေး ခက်ထန်ကြမ်းတမ်းတဲ့ စိတ်နေစိတ်ထားရှိတဲ့ ကလေးတစ်ယောက်ပဲ။ ဒါပေမယ့် လုံချွမ်တိုင်းပြည်ကို ပြန်တဲ့လမ်း‌တစ်လျှောက်မှာ မင်းအတွက် တိုက်ခိုက်ပေးနိုင်မယ့် လူတစ်ယောက် လိုအပ်တယ်။ ဒါဆိုရင် မင်းက သူခိုးဓားပြတွေကို တွေ့ရမယ်ဆိုရင်တောင် မင်းရဲ့လက်တွေက ညစ်ပတ်နေစရာ မလိုတော့ဘူး…”

“လီကျူးသုခဘုံက သူတို့အတွက်တော့ အရမ်းဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခုပဲ။ သူတို့က မင်းရဲ့ပိုင်နက်ထဲကိုရောက်သွားရင် မင်းရဲ့အမိန့်ကို မနာခံမှာ ပူစရာမလိုတော့ဘူး ။ ဒါပေမယ့် မင်းက ‌အဲဒီရေမြွေကိုတော့ ခဏစောင့်မှရမယ်။ သူက သူ့ရဲ့ကြမ်းတမ်းမှုအတွက် သိပ်မကြာခင် လာပြီးတောင်းပန်လိမ့်မယ်…"

ချန်းပင်အန်းက ထိုအရာများအားလုံးကို မည်သို့စဉ်းစားရမှန်းမသိခဲ့ပေ။

"မင်းက လူဆိုးတစ်ယောက်ပဲ။ ဒီတော့ ငါ့ထက်ပိုပြီး အဆပေါင်းများစွာ ပိုဉာဏ်ကောင်းတယ်။ ဒါကြောင့် မင်းက လူဆိုးတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါ့ထက်ပိုပြီးတော့ သိတယ်။ မင်းက ကျောင်းတော်ကို ပြန်ရောက်သွားတဲ့အချိန်ကျရင် ပေါင်ဖျင်နဲ့ တခြားသူတွေကို သေသေချာချာ ကာကွယ်ပေးစေချင်တယ်…"

ချန်းပင်အန်း၏မျက်လုံးထဲတွင် လေးနက်သော အကြည့်တစ်ခုပေါ်လာခဲ့သည်။ သူက သက်ပြင်းချလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ပြောလိုက်၏။

"တကယ်လို့ မင်းသာ အဲဒီလိုလုပ်နိုင်မယ်ဆိုရင် ငါက မင်းကို ကျေးဇူးတင်မှာပါ…”

“မင်းက ဒီလိုဆုံးဖြတ်ချက်ကို ချလိုက်တဲ့အတွက် မင်းက ငါ့ကို မင်းရဲ့တပည့်အဖြစ် လက်ခံချင်နေတယ်လို့ ပြောလိုက်တာပဲ။ ဒီတော့ ဆရာရဲ့တောင်းဆိုမှုကို လုပ်ရမှာက တပည့်ရဲ့တာဝန်ပဲလေ…။ မင်းက ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး…"

ပထမတော့ ချွေးချန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ သို့သော် အလွန်လေးနက်နေသော ချန်းပင်အန်း၏ အမူအရာကိုမြင်သည့်အခါ သူလည်း ချက်ချင်းပင် ပြင်ဆင်လိုက်ပြီး နှုတ်ဆက်ခွဲခွာသည့်‌အနေနှင့် လေးလေးနက်နက် ဦးညွတ်လိုက်၏။

"ဒါဆိုရင်တော့ ကျွန်တော်တို့က ဒီမှာပဲ လမ်းခွဲကြမယ်။ ဆရာ.. လုံချွမ်တိုင်းပြည်ကို ပြန်တဲ့လမ်းတစ်လျှောက်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…"

Translated by Hein Htet.

All Chapters