← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

အပြန်ခရီးလမ်းက အလွန်အမင်းကို သက်ဝင်လှုပ်ရှားနေပြီး ချန်းပင်အန်းကဲ့သို့ စိတ်ရှည်သော လူတစ်ယောက်ကပင် ကောင်းမွန်သော အရည်အသွေးများ စတင်ကုန်ခမ်းလာခဲ့ရသည်။

ထိုအရာများအားလုံးကတော့ စိမ်းပြာဝတ်ကောင်လေးက ချွေးချန်းထက်ပင် ပို၍စကားများနေခြင်းကြောင့်ဖြစ်၏။ ဆောင်းရာသီက စတင်ကျရောက်လာပြီး ချန်းပင်အန်းကတော့ ဤနေရာထိ ကလေးနှစ်ယောက်နှင့်အတူ (၅)ရက်တိတိ ခရီးသွားလာခဲ့ရသည်။

သူတို့(၃)ယောက်က လမ်းမကြီးအတိုင်း အေးအေးဆေးဆေး ဖြည်းညင်းစွာ သွားလာနေကြပြီး စိမ်းပြာဝတ်ကောင်လေးကတော့ ချန်းပင်အန်းကို အကြိမ်ကြိမ်အခါခါ ပြောဆိုနေခဲ့သည်။

“ဆရာ..

ကျွန်တော်တို့က လုံချွမ်တိုင်းပြည်ထဲမှာရှိတဲ့ ဆရာ့ရဲ့အိမ်ကို ရောက်တဲ့အချိန်ကျရင် ကျွန်တော့်ကို တံမြက်စည်းလှည်းတာ ၊ အိမ်ယာသိမ်းတာနဲ့ သန့်ရှင်းရေးအလုပ်တွေ မခိုင်းလို့ရမလား။ အဲဒါက နည်းနည်းတော့ ရှက်စရာကောင်းတယ်။ တကယ်လို့ မြို့ထဲမှာနေတဲ့ ကောင်စုတ်တွေကသာ ကျွန်တော် လုပ်နေတဲ့အရာတွေကို ကြားသွားမယ်ဆိုရင် သူတို့က ကျွန်တော့ကို နောက်ထပ် နှစ်ရာပေါင်းများစွာ ရယ်နေကြလိမ့်မယ်…”

“တကယ်လို့ ကျွန်တော့်ရဲ့ဂုဏ်သတင်းတွေကသာ ကျဆင်းသွားမယ်ဆိုရင် ကျွန်တော်က အဲဒီနတ်ဆိုးတွေ၊ ရေသရဲတွေကို ထပ်ပြီးတော့ စိုးမိုးနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအရာတွေသာ မရှိရင် ကျွန်တော့်ရဲ့နာမည်ကို လူတိုင်းက သိနေပြီး ကျွန်တော်က ဒီနေရာမှာလုပ်ချင်တဲ့အရာကို လုပ်နိုင်တယ်…”

ချန်းပင်အန်းကတော့ ထိုကောင်လေးပြောသမျှ စကားကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသာ တစ်စုံတစ်ခု တုံ့ပြန်လိုက်မည်ဆိုလျှင် ချက်ချင်း ဒုက္ခရောက်မည်ဖြစ်ကြောင်း နားလည်နေခဲ့၏။

သို့သော် စိမ်းပြာဝတ် ကောင်လေးကတော့ မတုန်မလှုပ်အမူအရာနှင့်ဆက်၍ပြောနေ ခဲ့သည်။

“တကယ်လို့ ဆရာ ကျွန်တော့်ကိုမယုံဘူးဆိုရင် အဲဒီအရူးမလေးကို မေးလို့ရတယ်။ ဒီမြို့ထဲမှာရှိတဲ့ အရာရှိတွေ ၊ အဆင့်မြင့်ပညာရှင်တွေကတောင် ကျွန်တော့်ကို နတ်ဘုရားတစ်ပါးလို လေးစားကြတယ်။ ဒီမြို့ထဲမှာနေတဲ့ မင်းသားက နည်းနည်းလေး မောက်မာပေမယ့် သူက ကျွန်တော်နဲ့ပတ်သက်ရင်တော့ တော်တော်လေးကို ယဉ်ကျေးတယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် သူက ကျွန်တော့်ရဲ့အစ်ကိုနဲ့ အရမ်းရင်းနှီးနေတယ်ဆိုတော့ သူတို့က အတူတူ ပျော်ရွှင်နိုင်ကြတယ်လေ..”

“အခုဆရာက မြို့ထဲကနေ ထွက်မသွားခင် ကျွန်တော့်နေရာကို အရင်ဆုံး သွားလည်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်က ဆရာ ရောက်သွားတာကို လျှို့ဝှက်ထားပေးလို့ ရပါတယ်။ ကျွန်တော်က မြှောက်ပြီးတော့ ပြောချင်တာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော့်ဆရာ လာလည်တယ်လို့သာ ကြေညာလိုက်မယ်ဆိုရင် လူအုပ်ကြီးက ချက်ချင်း လမ်းဖယ်ပေးပြီး ကြိုဆိုခြင်းအခမ်းအနားတွေတောင် လုပ်ကြလိမ့်မယ်…”

ပန်းရောင်ဝတ်ကလေးမလေးနှင့် စကားပြောဆိုမှုအရ ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေး၏ အကျင့်စရိုက်ကို အကြမ်းဖျင်း နားလည်ထားခဲ့သည်။ သူက လုပ်ချင်သည့်အရာကို တဇွတ်ထိုး လုပ်တတ်ပြီး တစ်ခါတစ်ရံ မြစ်နတ်ဘုရားကိုပင် ဓားစာခံအဖြစ် အသုံးချတတ်သေးသည်။

ခုံရုံးဝါတိုင်းပြည်၏ နန်းတွင်းတစ်ခုလုံးကို လှုပ်ရှားသွားစေနိုင်သော ဒုက္ခပေါင်းများစွာကတော့ သူနှင့် မသက်ဆိုင်ပေ။ သို့သော် ထိုအရာများအားလုံးက မြစ်နတ်ဘုရားဆီမှ မကျေနပ်မှု အနည်းငယ်လေးသာ ဖြစ်နိုင်သည်။ သူက ချက်ချင်းပင် တာဝန်ယူဆောင်ရ၏။ သူကတော့ အရူးလုပ်ခံရသည်ဟု ခံစားခဲ့ရခြင်း မရှိသည့်အပြင် အလွန်သူရဲကောင်းဆန်သည်ဟု ခံစားခဲ့ရသည်။ သူက မိတ်ဆွေကို ကူညီပေးရန်ကြိုးစားနေသည်ဟု ခံစားမိခဲ့၏။

တစ်ကြိမ်တွင်တော့ သူ့ကို သတ်ရန်အတွက် ဝိညာဉ်အဆောင်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ တစ်ယောက် လိုက်လာခဲ့သည့်အတွက် သူလည်း ကီလိုမီတာတစ်ထောင်ကျော် ထွက်ပြေးခဲ့ရသည်။

သူမ၏ဇာတ်လမ်းထဲတွင်တော့ အလွန်ကြောက်လန့်ပြီး ထိန်းသိမ်းနိုင်စွမ်း ရှိသော ကလေးမလေးက သူမ၏အစစ်အမှန် အတွေးများကို ရှားရှားပါးပါး ပြောပြခဲ့သည်။ အကယ်၍ စိမ်းပြာဝတ်ကောင်လေးက ထိုစမ်းသပ်မှု အတောအတွင်း သေဆုံးသွားမည်ဆိုလျှင်ပင် စိတ်ထဲတွင် မခံစားရကြောင်း သူမက ပြောခဲ့၏။

စိမ်းပြာဝတ်ကောင်လေးက သူ၏အတိတ်အောင်မြင်မှုများကို အားရပါးရ အကြိမ်ကြိမ်ပြောဆိုနေကြောင်း မြင်သည့်အခါ သူလည်း မနေနိုင်တော့ပဲ ဝင်ပြောလိုက်ရသည်။

“မြစ်နတ်ဘုရားက မင်းကို ဓားစာခံလုပ်တယ်ဆိုတာ မင်းက မသိတာလား ဒါမှမဟုတ် မင်းက သိပေမယ့် ဂရုမစိုက်တာလား…”

ပန်းရောင်ဝတ်ကလေးမလေးက ချန်းပင်အန်း၏နောက်မှနေ၍ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူမကလည်း တူညီသောမေးခွန်းကို မေးချင်နေပုံရ၏။

စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်းကို တုံ့ပြန်ရဲခြင်းမရှိချေ။ သို့သော် ကလေးမလေး ခေါင်းညိတ်လိုက်သည်ကို သူလည်း စစ်ဆေးမိခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ခနဲ့သလို အပြုံးတစ်ခုပေါ်လာပြီး ခပ်ရွဲ့ရွဲ့ပြောလိုက်၏။

“ဟုတ်တာပေါ့ ။ နင့်လို ကလေးမလေး တစ်ယောက်ကတော့ ညီအစ်ကို သံယောဇဉ်ဆိုတာကို ဘယ်သိမလဲ…”

သူက ပါးစပ်ဟပြီး စကားပြောလိုက်သည့်အချိန်တွင် သွားဖြူဖြူလေးများပင် ပေါ်လာခဲ့သည်။

“တကယ်လို့ နင်ကသာ ငါတို့ရဲ့ဆရာကို အပိုစကားတွေပြောပြီး ငါ့အကြောင်း မကောင်းပြောနေမယ်ဆိုရင် ငါက နင့်ကိုစားဖို့ အခွင့်အရေးတစ်ခုရှာမယ်။ ပြီးရင်တော့ နင့်ကို ဖင်ထဲကနေ ကန်ထုတ်မယ်…”

ကလေးမလေးက မကျေမနပ်ဖြစ်နေသော အမူအရာနှင့် သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။

“ငါ ဘာမှမပြောခဲ့ဘူး။ နင်ကသာ ငါ့ကိုအပြစ်ရှာနေတာ။ ဘာလို့လည်းဆိုတော့ နင်က ငါတို့ရဲ့ဆရာကို မတုံ့ပြန်ရဲလို့လေ…”

ချန်းပင်အန်းက နောက်ကျောတွင် ရှိနေသော ခြင်းတောင်းကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ချွေးချန်းက တာ့ဆွေတိုင်းပြည်ထဲတွင် ရှိနေသော ချောက်ကမ်းပါးကျောင်းတော်သို့ ပြန်သွားသော်လည်း သူက လီပေါင်ဖျင်နှင့် ကလေးများအတွက် စိုးရိမ်မှုနေသေး၏။ သူက လက်နှစ်ဖက်ကို မျက်နှာဆီသို့ မြှောက်လိုက်ပြီး လေကို တစ်ဝကြီး ရှုရှိုက်လိုက်သည်။ ထို့နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။

ဆောင်းရာသီ ရောက်လာခဲ့ပြီဖြစ်သည်။ မည်သည့်အချိန်တွင် နှင်းကျမည်နည်းဟု သူလည်း စဉ်းစားနေမိခဲ့၏။ သူက နှစ်သစ်ကူးချိန် မတိုင်မီ မြို့ငယ်လေးဆီသို့ သွားချင်ခဲ့သည်။ သို့သော် အကယ်၍ သူက အချိန်မီပြန်မသွားနိုင်လျှင်လည်း လမ်းလျှောက်ကျင့်စဉ်ကို လျှော့ချပြီး မတ်တပ်ကျင့်စဉ်နှင့် ထိုင်လျက်ကျင့်စဉ်တို့ကို စိမ်းပြာဝတ်ကောင်လေး၏ မြွေခန္ဓာပေါ်၌ စီးနင်းနေရင်း အာရုံစိုက်၍ ရနိုင်သည်။

ထိုသို့ဆိုလျှင် သူတို့က သီးသန့်ဆန်သော လမ်းကြောင်းတစ်ခုကို အကောင်းဆုံး ရွေးချယ်သွား၍ ရနိုင်သည်။ ဆရာချီ သူ့အတွက် ချန်ထားပေးခဲ့သော နဂါးခေါင်းဖြတ် ကျောက်တုံးအသေးလေးက လီပေါင်ဖျင်အတွက် ချန်းပင်အန်း ကိုယ်တိုင်ပေးခဲ့သည်။ မျက်မမြင်တာအိုဘုန်းတော်ကြီး သူတို့ကို ပေးခဲ့သော တောင်တန်းရှာဖွေခြင်းမှတ်တမ်းကိုလည်း လင်းရှို့ယီဆီသို့ ပေးခဲ့၏။

ထိုသို့ဆိုရာတွင် ချန်းပင်အန်းဆီ၌ ပိုင်ဆိုင်မှုအနည်းငယ် ရှိနေသေးသည်။ သို့သော် ထိုအရာများက နေရာများများ မယူခဲ့ပေ။ ယခုတော့ ကလေးများက ချောက်ကမ်းပါးကျောင်းတော်သို့ ရောက်သွားပြီဖြစ်သည့်အတွက် သူက သူတို့ကို ဂရုစိုက်ရန် မလိုတော့ပေ။ သူ့နောက်ကျောတွင် ရှိနေသော ခြင်းတောင်းက အနည်းငယ် လစ်ဟာနေသလို ခံစားနေရပြီး သူကထိုခံစားမှုနှင့် အသားမကျသေးပေ။

သွားစားပွဲတောင်တွင် အိုက်လျန်က တောင်တန်းသခင်ဝေ့ပိုကို အမိန့်ပေးခဲ့သည်။ အဆုံးတွင်တော့ ချန်းပင်အန်းက ညိုးခြောက်နေသော ရွှေကြာပန်းမျိုးစေ့လေးတစ်ခု ရခဲ့သည်။ လူတိုင်းက သူတို့လိုချင်သည့်အရာများ ယူဆောင်ပြီးသွားသည့် အချိန်တွင် ထိုအရာတစ်ခုတည်းသာ ကျန်နေခဲ့၏။ ယနေ့အချိန်ထိ ထိုမျိုးစေ့က မည်သို့အသုံးဝင်ကြောင်း သူလည်း မသိသေးပေ။

မြို့ထဲတွင် တစ်ကြိမ်ပေါ်လာခဲ့ပြီးနောက် သူ၏သစ်သားဓားထဲတွင် နေထိုင်သော အမွှေးတိုင်ဝိညာဉ်ကလည်း နောက်တစ်ကြိမ် ပျောက်ကွယ်နေခဲ့သည်။ ချန်းပင်အန်းက ကလေး(၃)ယောက်အတွက် စာအုပ်သေတ္တာငယ်လေးများ လုပ်ဆောင်ပေးရာမှ ကျန်ခဲ့သော ဝါးအပိုင်းအစတစ်ချို့လည်း ရှိနေသေးသည်။

သူက အချိန်ရတိုင်း ထိုဝါးအပိုင်းအစများပေါ်တွင် စာရေးခြင်းကို လေ့ကျင့်ပြီး စကားလုံးတိုလေးများကို မှတ်တမ်းတင်ခဲ့သည်။ သူကတော့ အလွန်လေးနက်ပြီး အဓိပ္ပါယ်ရှိသည်ဟု ခံစားရသော စကားလုံးတိုလေးများ ၊ စာသားများကို ရေးမှတ်ထားခဲ့၏။

ထို့ပြင် စာသင်သားသူတော်စင်ကိုယ်တိုင် သူ့အတွက် ရွေးချယ်ပေးထားသော စာအုပ်များစွာလည်း ရှိနေသေးသည်။ ထို့ပြင် သူကိုယ်တိုင် နာမည်ထိုးထားသော အဖြူရောင် ကျောက်စိမ်းဆံထိုးတစ်ချောင်းလည်း ရှိနေသေး၏။ ချန်းပင်အန်းက တာ့ဆွေတိုင်းပြည်၏ မြို့တော်ထဲတွင် ထိုဆံထိုးကို ပြန်ထိုးထားခဲ့သော်လည်း သူက မြို့တော်ထဲမှ ပြန်ထွက်လာသည့် အချိန်ကတည်းကစပြီး ထိုအရာကို ဖယ်ရှား၍ သေချာသိမ်းထားခဲ့သည်။

မြို့တော်ထဲမှ ထွက်ခွာလာပြီးနောက် ထိုသစ်သားဘူးလေးက တန်ဖိုးအရှိဆုံးအရာဖြစ်ကြောင်း ချွေးချန်းက သူ့ကို ပြောခဲ့သည်။ သို့သော် ထိုအချိန်တွင် ချန်းပင်အန်းက ဆံထိုး(၃)ချောင်းနှင့် သစ်သားဘူးလေးကို လီပေါင်ဖျင်ဆီတွင် ချန်ထားခဲ့၏။ သူက ထိုဆုံးဖြတ်ချက်အတွက် သေချာပေါက် နောင်တရနေခြင်း မရှိပေ။

တောင်တန်းနှင့် ရေတံဆိပ်တုံးအပြင် ‘တည်ငြိမ်သောစိတ်အခြေအနေက ဉာဏ်အလင်းပွင့်မှုကို ရရှိစေနိုင်သည်’ ဟူသော အလွန်အရေးပါသည့် တံဆိပ်တုံးတစ်ခုလည်း သူ့ဆီတွင် ရှိနေသေးသည်။ ထို့ပြင် တာအိုသခင်လု ချန်ထားခဲ့သော ဆေးအညွှန်းစာရွက်များလည်း ရှိနေသေး၏။ ချန်းပင်အန်းက စာဖတ်ခြင်းနှင့် စာရေးခြင်းကို လေ့ကျင့်ရန် ရည်ရွယ်ချက်နှင့် ထိုဆေးအညွှန်း စာရွက်များကို မကြာခဏ ထုတ်ကြည့်တတ်သည်။

ငွေတုံးတစ်တုံး ပုံစံဖြစ်နေသော ဓားရိုးကတော့ အလယ်မြေ နတ်ဘုရားကုန်းမြေကြီး၏ ပန်းပွားတောင်နှင့် ပတ်သက်နေသည်။ ထိုအရာက အလွန်အမင်းကို တောက်ပပြီး ညအချိန်တွင် လမ်းတစ်လျှောက်ကို ထွန်းလင်းစေနိုင်၏။

သို့သော် ခြင်းတောင်းထဲတွင် မထင်ထားသော ပစ္စည်းတစ်ချို့လည်း ရှိနေသေးသည်။ ချွေးချန်းက သူ့ကိုယ်တိုင်မသိလိုက်ဘဲ သူ၏ခြင်းတောင်းထဲသို့ ထည့်ပေးလိုက်သော စာတစ်စောင်အပြင် နှစ်သစ်ကူးစာသားတစ်စုံနှင့် ကံကောင်းခြင်း စကားလုံးတစ်ခုလည်း ပါနေသေးသည်။ ထိုစာထဲတွင်တော့ ထိုအရာက သူ့ဆီမှ လက်ဆောင်တစ်ခုဖြစ်ပြီး ချန်းပင်အန်းက လက်ခံပေးရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။ ထိုအရာတွင် ထောင်ချောက်များမရှိကြောင်း ချန်းပင်အန်းကို အာမခံထားခဲ့၏။

သူက တာ့ဆွေတိုင်းပြည်၏ မြို့တော်သို့ ပြန်သွားရမည်ဖြစ်ကြောင်း ကြိုတင်တွက်ချက်ထားသည့်အပြင် ချန်းပင်အန်းက သူ့ကို တပည့်အဖြစ် သေချာပေါက်လက်ခံမည်ဟု တွေးထားသည်မှာ သိသာနေသည်။

ထိုအရာကို နားလည်သွားသည့်အချိန်တွင် ချန်းပင်အန်း၏ရင်ထဲ၌ အကြောက်တရားများ ပေါ်လာခဲ့၏။ သို့သော် သူလုပ်နိုင်သော အရာမရှိချေ။

ထို့ပြင် သူ၏ခြင်းတောင်းထဲ၌ အလွန်နူးညံ့သိမ်မွေ့သော အကြောင်းအရာများ ပါဝင်နေသည့် ‘စိမ်းလန်းသောတောင်တန်း၊ ပြာလဲ့သောရေပြင်’ဟု ခေါ်သော စာအုပ်တစ်အုပ်လည်း ရှိနေသည်။ ထိုအရာက ပို၍လေးနက်သော စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်ခြားသော စာအုပ်ကတော့ ချွေးချန်း၏အကျင့်စရိုက်နှင့် ပို၍သင့်တော်သည်။ ထိုစာအုပ်၏နာမည်ကတော့ ‘ဆရာ ..ကျေးဇူးပြုပြီး ဆရာ့ရဲ့ပန်းကန်ထဲကို ဆီနဲ့ဆားနည်းနည်းထည့်ပေးပါ..’ဟူသော စာအုပ်ဖြစ်၏။ ထိုအရာကတော့ အလွန်ကပ်စေးနည်းသော ချန်းပင်အန်းအကြောင်း အပြစ်တင်ထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။

ထိုစာအုပ်ထဲတွင် ရေးသားထားသော လက်ရေးက ထူးခြားသည်ဟု သတ်မှတ်နိုင်ခြင်း မရှိသော်လည်း ထိုလက်ရေးက ဖတ်ရသည်မှာ အလွန်ကျေနပ်စရာကောင်းသည်ဟု ရိုးရှင်းစွာ ခံစားမိခဲ့သည်။ ထိုစာအုပ်တစ်ခုတည်းကို ကြည့်လိုက်ရုံနှင့် သူက စီးဆင်းတိမ်တိုက်လမ်းကြားထဲတွင် ရပ်နေရသလို ခံစားနေရ၏။

စိမ်းပြာဝတ်ကောင်လေးက မရပ်မနား စကားပြောနေသော်လည်း သူ့ဆီတွင် စွမ်းအားများ လုံးဝကုန်ဆုံးသွားပုံ မရချေ။ တစ်ဖက်တွင်တော့ ပန်းရောင်ကလေးမလေးက ချန်းပင်အန်း၏နောက်မှနေ၍ တိတ်တဆိတ်နှင့် လိုက်လာခဲ့၏။

သူမက နောက်ကျောတွင် ချွေးချန်း၏စာအုပ်သေတ္တာလေးကိုဆက်၍ သယ်ဆောင်ထားသည်။ ချန်းပင်အန်းက သူမကို မည်မျှဖြောင်းဖြစေကာမူ သူမကတော့ ခြင်းတောင်းထဲမှ စာအုပ်များကို ချန်းပင်အန်းဆီသို့ လုံးဝမပေးခဲ့ပေ။

ထိုကလေးမလေးက နှစ်ပေါင်း(၁၀၀)ကျော် နေထိုင်ခဲ့သော မီးတောက်စပါးအုံးမြွေ တစ်ကောင်ဖြစ်သည့်အတွက် လီပေါင်ဖျင်ကဲ့သို့ စာအုပ်သေတ္တာငယ်လေးတစ်ခုကို သယ်ဆောင်ရလျှင်လည်း မပင်ပန်းကြောင်း ချန်းပင်အန်းက လျင်မြန်စွာ ကောက်ချက်ချလိုက်သည်။

ခေါင်းထဲတွင် လီပေါင်ဖျင်နှင့် ပတ်သက်သော အတွေးပေါ်လာသည်နှင့် ချန်းပင်အန်းက ချောက်ကမ်းပါးကျောင်းတော်အသစ်ဆီသို့ ပြန်လှည့်ချင်သည့်စိတ်ကို မနည်းထိန်းချုပ်နေရသည်။ လက်ရှိအချိန်တွင် သူ လုပ်နိုင်သည်မှာ နံရံတစ်ခု၏ နောက်ကွယ်၌ရပ်ပြီး လီပေါင်ဖျင်နှင့် တစ်ခြားသူများ ပျော်ပျော်ရွှင်ရွှင် သင်ခန်းစာ သင်ကြားနေသည်ကို ငေးကြည့်ရုံသာ ရှိသည်။ သူတို့က အနိုင်ကျင့်ခံရမည် မဟုတ်ဘဲ ဘေးကင်းလုံခြုံမည်ဖြစ်ကြောင်း သူက သေချာနေခဲ့၏။

သူက သူတို့၏အနားတွင် မရှိသော်လည်း သူတို့ကတော့ ဝမ်းမြောက်ဝမ်းသာနှင့် ပို၍ကောင်းမွန်သောဘဝမျိုးတွင် နေထိုင်ကြပါလိမ့်မည်။ ချန်းပင်အန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး တိတ်တဆိတ်နှင့် လမ်းလျှောက်ကျင့်စဉ်ကိုသာ ဆက်၍ လေ့ကျင့်နေခဲ့၏။

………

ချောက်ကမ်းပါးကျောင်းတော်အသစ်က တာ့ဆွေတိုင်းပြည်၏ မြို့တော်ထဲတွင် အရေးပါသော စကားဝိုင်းတစ်ခု ဖြစ်လာခဲ့သည်။ မြို့ထဲရှိ အဆင့်အတန်း မြင့်သောလူများ၊ သူဌေးသူကြွယ်များအားလုံးက ထိုခေါင်းစဉ်ကို ဆွေးနွေးနေကြပြီး ကျောင်းတော်ထဲတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များက အလွန်အမင်းကို စိတ်ဝင်စားစရာကောင်းနေခဲ့သည်။

သိပ်မကြာခင်အတောအတွင်း အဖြစ်အပျက်များ၏ အလယ်ဗဟိုဖြစ်ခဲ့သော ကလန်များကတော့ တူညီသောခံစားမှုမျိုး မခံစားရပေ။ ဥပမာအနေနှင့် ပြောရလျှင် ဖိုဘီစမ်းချောင်းမှ ချူးကလန်၊ ပင်မစစ်သူကြီးဟန်၏စံအိမ်နှင့် ဟွိုင်ရင်သခင်ကြီး၏ စံအိမ်တို့ဖြစ်ကြသည်။ ထိုကလန်(၃)ခုမှ အဘိုးအိုများက ခံစားချက် ကောင်းမွန်နေခြင်းမရှိဘဲ သူတို့က နေ့စဉ် လွှတ်တော်အစည်းအဝေးထဲ၌ သူတို့၏ ခံစားချက်များကို ပြောဆိုတတ်သည်။

တာ့ဆွေတိုင်းပြည်က စာသင်သားများကို အလေးထားသော်လည်း တိုက်ခိုက်ရေးအရာရှိများကို ဆန့်ကျင်နေခြင်း မရှိချေ။ သို့သော် နန်းတွင်းထဲတွင်တော့ စာသင်သား အရာရှိများက တိုက်ခိုက်ရေးအရာရှိများထက် ပို၍ကောင်းမွန်သောနေရာကို ရကြသည်။

တာ့ဆွေတိုင်းပြည်၏ နန်းတိုင်းတားမြစ်ရေးက အတော်လေးကို အင်အားကြီးမားသည်။ သိပ်မကြာခင် အတောအတွင်း နန်းတွင်းထဲတွင် အလွန်လှုပ်ရှားနေခဲ့၏။ ကန့်သတ်ရေးအရာရှိနှင့် အကြံပေးအဖွဲ့အစည်း (၆)ဖွဲ့က သူတို့၏ထင်မြင်ချက်များအားလုံးကို ပြောပြနေပြီး ကျောင်းတော်ထဲတွင် ဖြစ်ခဲ့သော ပြဿနာများနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ပြောပြနေခဲ့သည်။ သူတို့ကတော့ သူတို့၏ထင်မြင်ချက်ကို တည့်တည့်သာ ပြောနေကြ၏။

တစ်ချို့က ပင်မစစ်သူကြီးဟန် ၊ ဟွိုင်ရင်သခင်ကြီးနှင့် တစ်ခြားသူများအတွက် ရပ်တည်ပေးနေကြပြီး ထိုပြင်ပမှ ကျောင်းသားများက ရက်စက်ကြမ်းကြုတ်သည့်အပြင် ယဉ်ကျေးမှုမရှိဟု ပြောကြသည်။ သူတို့က စာသင်သားများကို ဂုဏ်သိက္ခာကျဆင်းစေနိုင်သည်ဟု ပြောကြ၏။

တာ့လီအင်ပါယာမှ ကလေးများတွင် အပြစ်မရှိကြောင်း ဆန့်ကျင်ဘက်အဖွဲ့ကလည်း ပြန်ပြောခဲ့ကြသည်။ သူတို့အားလုံးက လုံချွမ်တိုင်းပြည်မှ ရောက်လာကြခြင်းဖြစ်ပြီး သူတို့က ဘာများဖြစ်ရမည်နည်း။ သူတို့က တိတ်တိတ်နေပြီး အနိုင်ကျင့်နေခြင်းကို ရိုးရှင်းစွာ သည်းခံနေရမည်လော။ အကယ်၍ အနိုင်ကျင့်မှုများ ရှိနေလျှင် အခြေအနေက ပို၍ဆိုးရွားသွားနိုင်သည်။ ထိုအရာက စာသင်သားများကြားထဲတွင် စကားလုံးနှင့် အငြင်းအခုံများ ဖြစ်တတ်သော သာမန်နေရာတစ်ခုဖြစ်ပြီး ထိုနေရာတွင် အနိုင်ကျင့်မှုမျိုး မည်သို့ရှိနိုင်မည်နည်း။

ထိုအချက်ကို ထောက်ခံရန်အတွက် အတိတ်တွင် နာမည်ကျော်ဆွေးနွေးပွဲများစွာ ပေါ်လာခဲ့ဖူးသလို တာ့လီအင်ပါယာမှ ကလေးများက မှားယွင်းသည်ဟူသော အချက်ကလည်း အတော်လေး အရေးပါလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ပြဿနာတွင် အရင်ဆုံးလက်ပါခဲ့ခြင်းဖြစ်သည်။

မည်သို့ဖြစ်စေကာမူ ထိုကိစ္စနှင့် ပတ်သက်၍ လူတိုင်းက သူတို့ထင်မြင်ချက်ကို ပြောပြနေကြပြီး နိဂုံးတော့ မရောက်ခဲ့ပေ။ ထိုအဖြစ်အပျက်က ကျောင်းတော်ထဲတွင် အိပ်ဆောင်တစ်ခုထဲရှိ ကလေး(၄)ယောက်၏ ပြဿနာအဖြစ်မှနေ၍ တစ်မြို့လုံး အာရုံစိုက်ခံရသည့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုပြဿနာတွင် လီပေါင်ဖျင်ဟုခေါ်သော ကလေးမလေးက ကလေး(၃)ယောက်၏ ဝိုင်းဝန်းအနိုင်ကျင့်မှုကြောင့် ဓားတစ်လက်နှင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သူမ၏ ပြိုင်ဖက်တစ်ယောက်ကတော့ ဟွိုင်ရင်သခင်ကြီး၏ အဖိုးတန်သား ဖြစ်နေခဲ့သည်။

ထို့ပြင် ဟွိုင်ရင်သခင်ကြီးနှင့် ဖိုဘီစမ်းချောင်းမှ ချူးကလန်၏ ဝမ်းကွဲများအပြင် ချူးကလန်၏ အကြီးဆုံးမြေးက ကျောင်းတော်ထဲတွင် အတောက်ပဆုံး လူငယ်များထဲမှ တစ်ယောက်ဖြစ်သည်။ သူက အသက်(၁၅)နှစ်အရွယ်တွင် ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်ပြီး တစ်နေ့နေ့တွင် တာ့ဆွေ တိုင်းပြည်အတွက် ကြီးမားသောအရာများ လုပ်ပေးနိုင်သည်ဟု လူတိုင်းက သတ်မှတ်ထားကြ၏။

ထိုပြဿနာများကြားရသည့်အခါ ချူးကလန်မှ အကြီးဆုံးမြေးက လူကိုယ်တိုင် ဝင်ရောက်တားဆီးခဲ့ခြင်း မရှိချေ။ သို့သော် ကျောင်းတော်ထဲတွင် သူ၏မိတ်ဆွေကောင်း (၂)ယောက်ဖြစ်သော ပင်မစစ်သူကြီးဟန်၏ အမည်ခံမြေးနှင့် မြို့တော်ထဲတွင် လူချမ်းသာ ဟွာကလန်မှ လူငယ်လေးတို့က လီပေါင်ဖျင်ဆီကို သွားပြီး ဖြေရှင်းချက် တောင်းခဲ့ကြသည်။

သူတို့က သူမကို တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့ခြင်း မရှိသော်လည်း သူတို့ကတော့ သူမကို မကြားဝံ့မနာသာ စကားလုံးများနှင့် သေချာပေါက် ပြောဆိုခဲ့သည်။ ထိုအချိန်တွင် လင်းရှို့ယီက ထိုနေရာ၌ ရှိနေခဲ့သည့်အတွက် တိုက်ပွဲတစ်ခု ချက်ချင်းပေါ်လာခဲ့၏။

တာ့ဆွေတိုင်းပြည်မှ ကလေးနှစ်ယောက်က တုံကျင်း၏ ကာကွယ်မှုအောက်တွင် ရှိနေသော လင်းရှို့ယီ၏ ပြိုင်ဘက်မဟုတ်ကြပေ။ သူတို့က ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရ၏။ ထိုပြဿနာမှစ၍ ချူးကလန်မှ အကြီးဆုံးမြေးကလည်း ရွေးချယ်ခွင့်မရှိဘဲ ဝင်ပါလာခဲ့ရသည်။ သူက လင်းရှို့ယီကို သွားရောက် ရှာဖွေခဲ့သည့်အတွက် အလွန်ထူးခြားသော တိုက်ပွဲတစ်ပွဲဖြစ်လာသည်။

ချူးကလန်မှ အကြီးဆုံးမြေးက သူ့ကလန်ထဲတွင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော အင်မော်တယ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုအရာက အစွမ်းထက်ချီကျင့်ကြံသူတစ်ယောက် လျှို့ဝှက်ကျင့်စဉ်တစ်ခုနှင့် သန့်စင်ထားပြီး လျှပ်စီးကြောင်းများနှင့် ကြိုးဖန်တီးထားသော တိမ်တိုက်လျှပ်စီးဗျပ်စောင်းဖြစ်သည်။

ကြိုးတစ်ချောင်း လှုပ်ရှားသွားသည့်အချိန်တိုင်း မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် တာ့ဆွေတိုင်းပြည်၏မြို့တော်ထဲတွင် နာမည်ဂုဏ်သတင်းတစ်ခု စတင်ထုဆစ်နေသော လင်းရှို့ယီကတော့ အလွန်တောက်ပသောအစွမ်းများကို ပြသနိုင်ခဲ့သည်။

သူတို့နှစ်ယောက်လုံးက အဆင့်(၃)ချီကျင့်ကြံသူများ ဖြစ်ကြသော်လည်း ချူးကလန်မှ အကြီးဆုံးမြေးကတော့ အစွမ်းထက်သည့် အင်မော်တယ်လက်နက်၏ အကူအညီကြောင့် အလေးသာနေခဲ့သည်။ လင်းရှို့ယီကတော့ သူ ပိုင်ဆိုင်ထားသော အမှန်တရားလျှပ်စီး(၅)သွယ်ကျင့်စဉ်ကိုသာ အသုံးချနေရသည်။ တိုက်ပွဲတစ်ခုလုံးတွင် သူက အနည်းငယ် နောက်ဆုတ်နေခဲ့ရသော်လည်း ထိုအရာက အလွန်အံ့ဩစရာကောင်းသော တိုက်ပွဲတစ်ခုဖြစ်နေသေးသည်။

ထိုတိုက်ပွဲက တုံကျင်းနှင့် တစ်ခြားဆရာများကိုပင် ဆွဲဆောင်နိုင်ခဲ့ပြီး သူတို့က အဝေးမှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေကြ၏။ သူတို့က ထိုကလေး(၂)ယောက်လုံးကို အလွန်ကျေနပ်နေကြပြီး မထင်မှတ်သောအရာများဖြစ်မလာစေရန် တားဆီးထားကြသည်။

ချူးကလန်မှ အကြီးဆုံးမြေးကတော့ စောင်းကြိုးတစ်ချောင်းကို တီးခတ်လိုက်သည်။ လင်းရှို့ယီဆီတွင် တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နှက်နေပြီး ထိုအရာများက ပြင်းထန်မှုမရှိသော်လည်း ထိုဒဏ်ရာအရေအတွက်က သူ၏တိုက်ပွဲတွင် အတော်လေး ထိခိုက်စေခဲ့သည်။

နန်းတွင်းထဲတွင်ကဲ့သို့ ကျောင်းတော်ထဲတွင်လည်း အဖွဲ့များရှိကြသည်။ ထိုပြင်ပမှ သူစိမ်းကျောင်းသားများက အတော်လေးကို အလေးပေးခံရပြီး ဘုရင်ကြီးကိုယ်တိုင် သူတို့ကို ကြိုဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းတော်ထဲ၌ ရှိနေသော ဆရာများကလည်း သူတို့၏သင်ကြားမှုကို တစ်ခြားကျောင်းသားများထက် ပိုပြီးအလေးထားသည်မှာ သိသာနေသည်။

ထိုကိစ္စကြောင့် တာ့ဆွေတိုင်းပြည်မှ နယ်မြေခံကျောင်းသားများက အတော်လေး မကျေမနပ် ဖြစ်နေကြ၏။ တစ်ချိန်တည်းတွင် တာ့လီအင်ပါယာမှ မောက်ရှောင်တုံနှင့်အတူ ရောက်လာသော မူလကျောင်းသားများကလည်း အကောင်းဆုံးအချိန် မဟုတ်ခဲ့ကြပေ။ ထို့ကြောင့် အနည်းငယ်ကလွဲလျှင် အများစုကတော့ လင်းရှို့ယီနှင့် လီပေါင်ဖျင်တို့ဘက်တွင် ရပ်တည်ပေးကြသည်။

ရလဒ်အနေနှင့် အဖွဲ့ (၂)ဖွဲ့ကွဲသွားပြီး အချင်းချင်း မကျေမနပ် ဖြစ်လာကြ၏။ ကျောင်းတော်ထဲတွင် ရှိနေသော အခြေအနေကလည်း ပိုပြီးတင်းမာလာခဲ့သည်။ သို့သော် ဆရာများအားလုံးက ထိုအရာကို အလေးမထားသည်မှာ ထူးဆန်းနေသည်။ ထိုအရာက အခြေအနေကို ပို၍ဆိုးရွားသွားအောင်လုပ်ဆောင် ပေးနေသလို ထင်မှတ်ရ၏။

ထိုအချိန်တွင် လူတစ်ယောက်က ရှေ့ထွက်လာသည့်အတွက် မီးတောက်ထဲသို့ ရေနံဆီလောင်းပေးသလို ဖြစ်နေသည်။ သေဆုံးသွားသော စစ်သူကြီး၏ သားဖြစ်သူ ပန်းမောက်ကျန်းက မည်သူနှင့်မှ ရင်းနှီးမှု မရှိသော တစ်ကိုယ်တော်ကျောင်းသား တစ်ယောက်ဖြစ်သည်။

သို့သော် ဘာကြောင့်မှန်းမသိသော်လည်း လင်းရှို့ယီ နောက်ဆုံးတိုက်ပွဲမှ ပြန်ကောင်းလာပြီးနောက် သူ့ကို စိန်ခေါ်ခဲ့သည်။ သူက လင်းရှို့ယီ၏ လျှပ်စီးကျင့်စဉ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး လင်းရှို့ယီကို လက်သီးနှင့် ထိုးလိုက်သည့်အတွက် လင်းရှို့ယီလည်း နောက်ပြန်လွင့်သွားခဲ့၏။

ယခုတစ်ကြိမ်တော့ လင်းရှို့ယီက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ပြီး သွေးများပင် အန်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ရပြီး နောက်တစ်ကြိမ် ခေါင်းကို လက်သီးနှင့် အထိုးခံလိုက်ရသည့်အတွက် အရုပ်တစ်ရုပ်ကဲ့သို့ မြေပေါ်ကို လဲကျသွားခဲ့၏။

သူ့ကို စိန်ခေါ်ခဲ့သော ကောင်လေးကတော့ တိုက်ပွဲထဲတွင် တိုက်ခိုက်သော သူ့အဖေကဲ့သို့ အလွန်ဆုံးဖြတ်ချက် ပြတ်သားသည်။ ထွက်မသွားခင် လင်းရှို့ယီ၏ ဒဏ်ရာကို ထပ်မံစော်ကားခဲ့၏။

ထိုအဖြစ်အပျက်ပြီးဆုံးသွားသည့်အချိန်မှသာ ချောက်ကမ်းပါးကျောင်းတော်မှ ဆရာများက ဝင်ရောက်တားဆီးလာပြီး ကျောင်းသားများ အချင်းချင်း တိုက်ခိုက်ခြင်းကို တားဆီးခဲ့ကြသည်။

သို့သော် လက်တုံ့ပြန်ခြင်းကတော့ ထိုနေရာတွင် အဆုံးမသတ်ခဲ့ပေ။ လင်းရှို့ယီ ရှုံးနိမ့်သွားခဲ့ပြီးနောက် ရှဲ့ရှဲ့က သူ့ဆီကို သွားမလည်ခဲ့သော်လည်း ထိုနေ့တစ်နေ့တည်းတွင် ပန်းမျိုးရိုး လူငယ်ကို သွားရောက်ရှာဖွေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ စီးကျလာသည်အထိ တိုက်ခိုက်ခဲ့သည်။ သူက အသက်လု၍ပင် ထွက်ပြေးခဲ့ရ၏။ အကယ်၍ ဆရာတစ်ယောက်ကသာ ရှဲ့ရှဲ့ကို ဝင်ရောက်တားဆီးခဲ့ခြင်း မရှိလျှင် ထိုကောင်လေးက ဒုက္ခိတဖြစ်သွားနိုင်၏။

ထို့ကြောင့် အခြေအနေ တစ်ရပ်လုံးက အဆိုးဆုံးအခြေအနေကို ရောက်သွားခဲ့သည်။ သို့သော် ကျောင်းတော်မှ တစ်ခြားကျောင်းသားတစ်ယောက်၏ တုံ့ပြန်မှုကြောင့် အရာအားလုံးက အဆုံးသတ်တော့မည့် အခြေအနေကို ရောက်လာခဲ့၏။

ထိုကျောင်းသားက ကျောင်းတော်ထဲတွင် ဒဏ္ဍာရီဆန်သော လူငယ်တစ်ယောက် ဖြစ်သည်။ သူကအလွန်နိမ့်ကျသော အခြေအနေမှ ရောက်လာခဲ့ပြီး အသက်(၂၀)မတိုင်ခင် ကျောင်းတော်တွင် ဆရာအကူတစ်ယောက် ဖြစ်လာသည်အထိ လုံလောက်သော ဗဟုသုတများ ရှိနေခဲ့သည်။

ထိုမတိုင်ခင် သူက တာ့ဆွေတိုင်းပြည်ထဲမှ ထွက်သွားပြီး ကန်ကြည့်ကျောင်းတော်သို့သွား၍ အဆင့်အတန်းမြင့်သော ပညာရှင်(၉)ယောက် ကြီးကြပ်သော စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် သူက ကွန်ဖြူးရှပ်ပညာရှင် တစ်ယောက်အဖြစ် ကုန်းမြေကြီးတစ်ခုလုံးတွင် တရားဝင် သူကောင်းပြုခံခဲ့ရသည်။

ထို့ကြောင့် တာ့ဆွေတိုင်းပြည်သို့ သူ ပြန်လာခြင်းက အတော်လေးကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။ တာ့ဆွေတိုင်းပြည်၏ နန်းတွင်းကလည်း ထိုလူငယ်လေးကို ကြိုဆိုရန် အထွေထွေရေးရာဌာနမှ လက်ယာအမတ်ကြီးကို စေလွှတ်ပြီး မြို့နှင့် (၅)ကီလိုမီတာခန့်အကွာတွင် သွားရောက်ကြိုဆိုခဲ့သည်။ ထို့ပြင် ဘုရင်ကြီးက ထိုလူငယ်လေး စာပေလေ့လာရန် အဖိုးမဖြတ်နိုင်သော ရတနာ(၄)မျိုး လက်ဆောင်ပေးရန်အတွက် နန်းတွင်းထဲမှ မိန်းမစိုးခေါင်းဆောင်တစ်ယောက်ကို စေလွှတ်ခဲ့သည်။

ထို့ကြောင့် လီချန်းယင်ဟု နာမည်ခေါ်သော ထိုကျောင်းသားက အရှေ့ပိုင်းခမ်းနားခြင်း တောင်ထိပ်ပေါ်တွင် အသစ်ရောက်လာသော ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူက တာ့ဆွေအင်ပါယာ၏ အရေးပေးမှုများပင် ရခဲ့သည်။

ကျောင်းတော်ထဲသို့ ရောက်လာပြီးနောက် သူ ပထမဆုံး လုပ်ခဲ့သည့်အရာက လီဟွိုင်ကို သွားရောက်တောင်းပန်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက သူက အိပ်ယာထဲလဲနေသော လင်းရှို့ယီဆီကို သွားရောက်လည်ပတ်ခဲ့ပြီး နောက်ဆုံးတွင်တော့ ရှဲ့ရှဲ့ဆီကို သွားခဲ့သည်။ ချောက်ကမ်းပါးကျောင်းတော်က စာပေသင်ကြားရန် နေရာတစ်ခုဖြစ်ပြီး ထိုပြဿနာမျိုး နောက်ထပ် မလုပ်သင့်ကြောင်း သူက သူမကို ပြောခဲ့၏။ ထိုတစ်ချိန်လုံး ရှဲ့ရှဲ့ကတော့ လုံးဝကို တိတ်ဆိတ်နေခဲ့သည်။

တာ့ဆွေတိုင်းပြည်၏ ဘုရင်ကြီးက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် နာမည်ကျော် ဘုရင်တစ်ပါး မဟုတ်ပေ။ သူက တာ့လီအင်ပါယာကဲ့သို့ ရည်မှန်းချက်မကြီးသလို အစွမ်းလည်း မထက်ချေ။ သူက တောင်ပိုင်း စမ်းချောင်းဘုရင်ကဲ့သို့ အနုပညာနှင့် စာပေအရည်အသွေးများလည်း မရှိချေ။ သူက ပျက်စီးသွားသော လုတိုင်းပြည်၏ ဘုရင်ကဲ့သို့ပင် နာမည်ကျော်ကြားမှု မရှိချေ။

သို့သော် အရှေ့ပိုင်းကုန်းမြေကြီး၏ တောင်ဘက်ပိုင်းနယ်မြေထဲတွင် အရင်းအမြစ်များ များပြားသည်။ သို့သော် မြောက်ပိုင်းတွင်မူ ထိုအရာနှင့် ပတ်သက်ပြီး အလွန်နည်းပါး၏။ တာ့ဆွေတိုင်းပြည်က မြောက်ပိုင်းတွင် အတော်လေးကို ထူးခြားနေသည်။

တောင်ပိုင်းစမ်းချောင်းတိုင်းပြည်မှ အဆင့်မြင့်ပညာရှင်များကပင် တာ့ဆွေတိုင်းပြည်နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး တည်ဆောက်ချင်ကြ၏။ တစ်ချိန်တည်းတွင် တာ့ဆွေတိုင်းပြည်မှ နန်းတွင်းကလန်ကလည်း ကန်ကြည့်ကျောင်းတော်ကို မကြာခဏသွားရောက်လည်ပတ်ကြသည်။

တာ့ဆွေတိုင်းပြည်က နန်းတွင်းထဲမှ ပင်မအရာရှိများဖြစ်ကြသော ဌာနကြီး(၆)ခုမှ အဆင့်မြင့်အရာရှိများကို ဆင့်ခေါ်သည်မှာ အတော်လေး ရှားပါးသည်။ မနက်ခင်းလွှတ်တော် အစည်းအဝေးပြီးဆုံးသွားပြီးနောက် သီးသန့်ဆွေးနွေးမှုများ လုပ်ဆောင်သည်မှာလည်း အတော်လေးရှားပါးသည်။

သို့သော် ယနေ့တော့ ချွင်းချက်တစ်ခုဖြစ်နေခဲ့၏။ ကျောင်းတော်ထဲတွင် ဖြစ်ခဲ့သော အဖြစ်အပျက်ကို သိနေသည့် အရာရှိများအားလုံးကတော့ ဘုရင်ကြီးဆီမှ စကားကို ကြားချင်နေကြသည်။

ရလဒ်အနေနှင့် ချောက်ကမ်းပါးကျောင်းတော်၏ တောင်ထိပ်သခင် တာဝန်ယူထားသော အထွေထွေရေးရာဌာနမှ အမတ်ကြီးက ထိုလျှို့ဝှက်အစည်းအဝေး၏ အာရုံစိုက်မှု ဖြစ်လာခဲ့သည်။ သူက နန်းတွင်းထဲမှ မိတ်ဆွေကောင်းများနှင့်အတူ အစည်းအဝေးကို ရောက်လာခဲ့၏။ သူက အလျင်စလို ပေါ်လာခဲ့ခြင်း မရှိချေ။ ထို့ပြင် သူ့ပုံစံက အလွန်စိတ်အေးလက်အေးနှင့် လွတ်လပ်ပေါ့ပါးနေပုံ ရ၏။ တစ်ချိန်တည်းတွင် သူက ပင်မစစ်သူကြီးဟန်နှင့် တစ်ခြားလူများ အကြောင်း မပြောခဲ့ပေ။

လျှို့ဝှက်အစည်းအဝေးနှင့် အစောပိုင်းကတော့ နွေးထွေးသောအမူအရာနှင့် စတင်လာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ အခန်းထဲတွင် မီးပွားငယ်လေးတစ်ခုပင် မရှိခဲ့ပေ။ ဘုရင်ကြီးကတော့ မနက်ခင်းအစည်းအဝေးအတွင်း ရောက်လာသည့် မည်သည့်ပြဿနာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။ ထိုအရာက တာဝန်အရသာ ဖြစ်ပုံရသည်။

ဤနေရာတွင် ရောက်နေသော အရာရှိများအားလုံးက ဘဝတစ်လျှောက်လုံး နန်းတွင်းထဲတွင် တာဝန်ထမ်းဆောင်လာခြင်း ဖြစ်သည့်အတွက် ထိုအခြေအနေနှင့် ရင်းနှီးနေကြသည်။ ထို့ကြောင့် အရေးကြီးသောကြေညာချက်များဆိုလျှင် မဲခွဲ၍ လျင်မြန်စွာ ဆွေးနွေးကြကြောင်း သိနေကြ၏။ ထို့ကြောင့် သူတို့က အခန်းထဲတွင် အစစ်အမှန် အကြောင်းအရာကို ပြောရန် ဆန္ဒရှိနေကြသည်။

သာမန်အကြောင်းအရာများ နိဂုံးချုပ်သွားပြီးနောက် ဘုရင်ကြီးက ကြာစေ့ စွပ်ပြုတ်တစ်ခွက်ကို သောက်လိုက်၏။ အခန်းထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေကြပုံရ၏။ နောက်ဆုံးတွင်တော့ အဓိကအကြောင်းအရာကို ရောက်လာပြီဖြစ်ကြောင်း လူတိုင်းက သိနေကြသည်။

ဘုရင်ကြီးက သူ၏စွပ်ပြုတ်ခွက်ကို ချထားလိုက်ပြီး အပြုံးနှင့် မေးလိုက်၏။

“မင်းတို့အားလုံးက ဘာလို့ငါ့ကို မျှော်လင့်တကြီး ကြည့်နေရတာလဲ။ ငါက ငါ့ကိုယ်ငါ အရူးတစ်ယောက်လို့ထုတ်ပြောတာကို စောင့်နေတာလား…”

ပင်မစစ်သူကြီးဟန်က အတော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း အလွန်ကျန်းမာပြီး ကြံ့ခိုင်သည်။ သူက ထိုင်ခုံတွင် ထိုင်နေသော်လည်း အာဏာရှိသူ တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ ထိုအချိန်တွင် သူကိုယ်တိုင်ကပင် အနည်းငယ်အိုးတိုးအမ်းတမ်း ခံစားလိုက်ရသည်။

ဟွိုင်ရင်သခင်ကြီးကတော့ အသက်(၃၀)ဝန်းကျင်သာ ရှိနေသေး၏။ သူကတော့ ပို၍မသက်မသာ ခံစားခဲ့ရသည်။

Translated by Hein Htet.

All Chapters