အခန်း (၁၆၉)
Vol. 12 Ch. 169
လီချန်းယင်က တဖြည်းဖြည်း ချဉ်းကပ်လာနေသော ယုလုကို အတော်လေး သတိထားနေသော်လည်း သူ့ခန္ဓာကိုယ်ထဲမှနေ၍ အမှန်တရားဆန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေသည့်အတွက် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရသည်။
သူက အလွန်ရင်းနှီးဖော်ရွေသော အမူအရာနှင့် ပြောလိုက်၏။
“မင်းရယ် ၊ လီဟွိုင်ရယ် တစ်ခြားသူတွေရယ်က တာ့လီအင်ပါယာကနေ ချောက်ကမ်းပါးကျောင်းတော်ကို အတူတူလာခဲ့ကြတယ်ဆိုတာ ငါသိတယ်။ မင်းက သူတို့အတွက် ရပ်တည်ပေးချင်တယ်ဆိုတာလည်း ငါ နားလည်တယ်။ ဒါပေမဲ့ ငါတို့က မတိုက်ခိုက်ခင် စကားနည်းနည်းလောက် ပြောလို့ရမလား…။ တကယ်လို့ မင်းဆီမှာ အရမ်းမြင့်တဲ့ ကိုယ်ကျင့်တရားတစ်ခုရှိလို့ ငါ့ကို ဖြောင်းဖြချင်တယ်ဆိုရင်တော့ ငါက မတုံ့ပြန်ဘဲ မင်းရဲ့လက်သီးချက်တွေကို ဒီအတိုင်း ရပ်နေပေးမယ်…”
သို့သော် ယုလုကတော့ တခဏလေးပင် ရပ်တန့်နေခဲ့ခြင်းမရှိဘဲ လီချန်းယင်၏ အနားသို့ ဆက်၍ လျှောက်လာခဲ့သည်။
သူက ထိုသို့လုပ်ဆောင်နေသည့်အတွက် လီချန်းယင်ကတော့ အတော်လေးကို ရှုပ်ထွေးနေခဲ့သည်။
“ဒီကိုလာခဲ့တဲ့ ငါတို့ရဲ့ခရီးစဉ်အတောအတွင်း ငါက ညပိုင်းတစ်ဝက်ကို စောင့်ကြည့်ရတဲ့ တာဝန်ယူခဲ့ရတယ်။ ဒါကြောင့် စကားပြောဖို့ကိုတော့ နောက်တစ်ချိန်အတွက်ပဲ ချန်ထားလိုက်။ တကယ်လို့ မင်းက လီပေါင်ဖျင်ရဲ့ ဦးလေးငယ်ကို တွေ့ဖို့ အခွင့်အရေးရှိမယ် ဆိုရင်တော့ မင်းကိုယ်တိုင် သူ့ကိုသွားပြီး စကားပြောနိုင်တယ်။ ဒါပေမဲ့ ဒီညတော့ ငါက ဒီကို စကားပြောဖို့ ရောက်လာတာမဟုတ်ဘူး…”
ထိုအချိန်တွင် သူတို့နှစ်ယောက်က ခြေလှမ်း(၅)လှမ်းသာ ကွာတော့သည်။ ယုလုက ရှေ့ကို တစ်လှမ်းတိုးလာပြီး အပြုံးနှင့် သတိပေးလိုက်၏။
“ငါ လာပြီ။ မင်းက သတိထားနေတာ ပိုကောင်းတယ်။ ဒါဆိုရင်တော့ လက်သီးတစ်ချက်တည်းနဲ့ မသေမရှင် ဖြစ်မသွားတော့ဘူးပေါ့။ မဟုတ်ရင်တော့ ငါက မင်းအတွက် ဆေးကုသစရိတ်တွေ ကုန်ရဦးမယ်။ ဒါဆိုရင် လူတစ်ယောက်ဆီကနေ ငွေချေးနေရမယ်။ တကယ်လို့ ငါက ပြန်မပေးဘဲ သူ့ဆီကနေ ငွေချေးချင်တယ်ဆိုရင် ငါက သူ့အတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်နေမှပဲ ရမယ်။ အခုအချိန်ထိတော့ ငါ့မှာ အဲဒီလိုလူမျိုး မရှိသေးဘူး…”
သူ့အသံ ပျောက်ကွယ်သွားသည့်အချိန်တွင် သူက ရှေ့ကို နောက်တစ်လှမ်း လှမ်းလိုက်သည်။
သူ၏ခြေလှမ်းက မြေပေါ်သို့ အလွန်လေးလံစွာ ကျရောက်သွားခဲ့သည့်အတွက် လီချန်းယင်ကပင် ခြေထောက်အောက်၌ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ စွမ်းအားများက အောက်ထဲကို တိုက်ရိုက်ရောက်သွားခဲ့ခြင်းဖြစ်သည့်အတွက် အများစုက မြေအောက်ထဲကို စိမ့်ဝင်သွားခဲ့ပြီး မြေမျက်နှာပြင် အပေါ်ဘက်တွင်တော့ သက်ရောက်မှုများများ မရှိခဲ့ချေ။ လီချန်းယင်က ထိုအရာကို ကောင်းကောင်းကြီး သိနေခဲ့၏။
ထိုခြေလှမ်းတစ်ခုတည်းနှင့်ပင် ယုလုက အနည်းဆုံး အဆင့်(၄) သိုင်းပညာရှင် တစ်ယောက်ဖြစ်ကြောင်း တွက်ချက်မိခဲ့သည်။ ထို့ကြောင့် သူက အထင်သေး၍ မရနိုင်သော ပြိုင်ဘက်တစ်ယောက် ဖြစ်၏။
ခေါင်းထဲတွင် ထိုအရာများအားလုံးကို စဉ်းစားမိနေစဉ် လီချန်းယင်က အခြေအနေကို လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အငွေ့အသက်များလည်း လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။
ချီကျင့်ကြံသူများက ချီစွမ်းအင် တိုးတက်မှုနှင့် ချီစွမ်းအင်သန့်စင်မှု နှစ်မျိုးလုံးကို လုပ်ဆောင်ရပြီး သူတို့၏ခန္ဓာကိုယ်ကို မြှင့်တင်၍ ချီစွမ်းအားများကို အားဖြည့်ရန် တပြိုင်နက်တည်း လုပ်ဆောင်ကြရသည်။ ထို့ကြောင့်လည်း ကျင့်ကြံသူများက သိုင်းပညာရှင်များထက် ပို၍အသက်ရှည်ရှည် နေနိုင်ကြခြင်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် လီချန်းယင်က အသက်ငယ်ငယ်လေးနှင့် အလွန်ကံကောင်းသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက ပါရမီများကို ထုတ်ဖော်ပြသပြီး သိပ်မကြာခင် တာ့ဆွေတိုင်းပြည်မှ ကျင့်ကြံသူ ဆရာကြီးတစ်ယောက်၏ သဘောကျခြင်းကို ခံခဲ့ရသည်။
သူက လီချန်းယင်ကို သူ၏တပည့်အဖြစ် လက်ခံခဲ့၏။ ထိုအချိန်မှစ၍ သူ၏ ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာခဲ့ရပြီး သူက အသက် (၂၀) ပင် မရောက်သေးသော်လည်း အဆင့်(၆)ကို ရောက်လာခဲ့သည်။ အကယ်၍ လင်းရှို့ယီက မသွေးရသေးသော စိန်ရိုင်းတုံးတစ်ခုဟု သတ်မှတ်နိုင်မည်ဆိုလျှင် လီချန်းယင်ကတော့ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေအောင် သွေးထားသော ကျောက်မျက်ရတနာတစ်ပွင့် ဖြစ်သည်။
ကျင့်ကြံသူများအတွက် အဆင့်(၅)နှင့် အဆင့်(၆)၊ အဆင့် (၉)နှင့် အဆင့်(၁၀) ကြားထဲတွင်ပင် အလွန်ကြီးမားသော ကွာဟမှုကြီးများ ရှိနေသည်။ ထို့ကြောင့် သိုင်းပညာရှင် အဆင့်(၃)နှင့် အဆင့်(၄)ကလည်း အလားတူသာ ဖြစ်၏။
တစ်လှမ်းချင်း လျှောက်လာနေသော ယုလုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် လီချန်းယင်က လက်ဟန်တစ်ခု ဖန်တီးလိုက်ပြီး အလွန်သိမ်မွေ့သော အမူအရာဖြင့် နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် သူ၏လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ပြီး ရင်ဘတ်ရှေ့တွင် ပုံဖော်ထားခဲ့၏။
ထိုအရာက အလွန်ရိုးရှင်းသော လက်ဟန်တစ်ခုဖြစ်သော်လည်း လီချန်းယင် သုံးလိုက်သည့် အချိန်တွင် အမှန်တရားဆန်သော အငွေ့အသက်တစ်ခု ထုတ်ပေးနိုင်၏။ သူက ပညာရှင်တစ်ယောက်၏ အမူအရာပုံစံမျိုးကို ပြသနေခဲ့သည်။ ထိုအရာတွင်သာမက ကျမ်းစာ စာကြည့်တိုက်ထဲမှနေ၍ စိမ်းပြာရောင် ချီစွမ်းအင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ငှက်ငယ်လေးများကဲ့သို့ လီချန်းယင်ဆီသို့ ပျံသန်းလာနေကြသည်။
အဆင့်(၆)က ဝိညာဉ်လိုဏ်ဂူအဆင့်ဟု လူသိများပြီး ထိုအဆင့်တွင်တော့ ကျင့်ကြံသူတစ်ယောက်က သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးထဲမှ စွမ်းအားများကို စုပ်ယူရန် သူတို့၏ကိုယ်တွင်းလှိုဏ်ဂူတစ်ခုကို ဖွင့်လှစ်နိုင်စွမ်းရှိသည်။
လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ် (၃၆၅) ခုက သဘာဝအတိုင်း ဖြစ်ပေါ်လာသော သုခဘုံ (၃၆၅) ခုကဲ့သို့ ဖြစ်နေကြသည်။ ထို့ကြောင့်လည်း လူသားများက သက်ရှိအားလုံး၏ အုပ်စိုးသူများဖြစ်ကြပြီး ဝိညာဉ်များ၊ နတ်ဆိုးများအားလုံးက ဆက်လက် လေ့ကျင့်နိုင်ရန်အတွက် လူသားပုံသဏ္ဍာန် ပြောင်းလဲကြခြင်း ဖြစ်သည်။
လူသားခန္ဓာကိုယ်ထဲတွင် မွေးဖွားလာသည့် အချိန်ကတည်းက မွေးရာပါ ပွင့်နေသော သွေးကြောမှတ်(၇)ခုကလွဲလျှင် ယောကျ်ားလေးတစ်ယောက်က နောက်တစ်ဆင့်ကို မရောက်သေးခင် အပိုသွေးကြောမှတ်(၉)ခုသာ ဖွင့်လှစ်နိုင်၏။ မိန်းကလေးတစ်ယောက်ကတော့ သွေးကြောမှတ် (၁၂)ခု ဖွင့်နိုင်သည်။ ထို့ကြောင့်လည်း မိန်းကလေး ကျင့်ကြံသူများက ထူးထူးခြားခြား မြင့်မားသည့် ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားခဲ့ခြင်း မရှိချေ။
သို့သော် ထိုအရာများအားလုံးက မိန်းကလေး ကျင့်ကြံသူများအတွက် ဆိုရွားသောအရာများ မဟုတ်ပေ။ သူတို့က အလယ်ဘုံ(၅)ဆင့်ကို ရောက်ရှိရန် ပို၍များပြားသော သွေးကြောမှတ်များ ဖွင့်ရန် လိုအပ်သည့်အတွက်ကြောင့် ထိုအဆင့်ကို ရောက်သည့်အချိန်တွင် သူတို့ ပြန်ရသည့် အကျိုးဆက်ကလည်း ယောကျ်ားလေး ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပို၍ များပြားသည်။
“ဝင်္ကပါ ပေါ်လာခဲ့တော့…”
လီချန်းယင်က တိတ်တဆိတ် ကြေညာလိုက်သည့်အချိန်တွင် သူ၏ပတ်ပတ်လည်၌ ကြည်လင်နေသော ဓားရှည်တစ်ချောင်း ချက်ချင်း ပေါ်လာခဲ့သည်။ ထိုဓားများက စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်နေပြီး သူတို့က လီချန်းယင်၏ ပတ်ပတ်လည်တွင် ဖြည်းညင်းစွာ လှည့်ပတ်နေကြ၏။
ထိုဓားများအားလုံးက လီချန်းယင်၏ စွမ်းအားများနှင့် ဖန်တီးထားခြင်းဖြစ်သည်။ သူတို့က အရာဝတ္ထု ပုံသဏ္ဍာန် မရသေးသော်လည်း အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်နေသေးသည်။
ယုလု၏ တုံ့ပြန်မှုကတော့ ရိုးရှင်း၏။ သူက အလွန်ကြောက်စရာကောင်းပြီး လက်သီးတစ်ချက်တည်းသုံး၍ မြို့တံခါးကို ဖျက်ဆီးတော့မည့် ပုံစံမျိုးဖြစ်သည်။
လီချန်းယင်က ပြုံးလိုက်ပြီး သူ၏လက်ညှိုးနှင့် လက်ခလယ်ကို ယုလုဆီသို့ ထိုးလိုက်သည်။ ထိုအချိန်တွင် ဓားချီစွမ်းအင် အလင်းတန်း(၃)ခုက သူ့ဆီကို တည့်တည့်ရောက်လာခဲ့၏။
အစောပိုင်းတွင် ယုလုက အဆင့်(၄) သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းကို ပြသခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလို သူ၏အရှိန်က မြန်လာပြီး သူ့ခြေထောက်အောက်တွင် ရှိနေသော ကျောက်ပြားက ပျက်စီးသွားခဲ့၏။ သူက လေထဲသို့ လက်သီးနှင့် ထိုးလိုက်သည်။
ယုလုက စက်ဝိုင်းပုံသဏ္ဍာန် တစ်ပတ်လှည့်လိုက်ပြီး သူ့ခြေထောက်အရှိန်ကြောင့် ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များလည်း လှုပ်ရှားလာပြီး သူက တိတ်တဆိတ် မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့၏။ မျက်စိတမှိတ်အတွင်း သူတို့နှစ်ယောက်က နေရာချင်း ပြောင်းလဲသွားခဲ့ပြီး လီချန်းယင်က ယုလု အစောပိုင်းတွင် ရှိနေခဲ့သည့်နေရာ၌ အဆုံးသတ်သွားခဲ့၏။
သူ့ပုံစံက တည်ငြိမ်သော ရေပြင်ပေါ်သို့ ဆင်းသက်လာသော နဂါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ ထိုသို့လုပ်ဆောင်လိုက်သည့်အချိန်တွင် သူက အလွန်ထူးခြားသော အရှိန်တစ်ခုကို ပြသလိုက်သည့်အတွက် လီချန်းယင်က သူ့ပတ်ဝန်းကျင်မှ စွမ်းအားများကို ထုတ်ယူရန် အချိန်မရှိခဲ့ပေ။
ရလဒ်အနေနှင့် သူလည်း ရွေးချယ်ခွင့်မရှိတော့ဘဲ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကိုသာ အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ခုခံနေရသည်။ တစ်ချိန်တည်းတွင် သူက ထပ်မံရှောင်တိမ်းနေခဲ့ခြင်းမရှိဘဲ နောက်ဆုတ်သွားရမည့်အစား ရှေ့ကိုတိုး၍ သူ၏ပြိုင်ဘက်ကို လက်သီးနှစ်ဖက်နှင့် တိုက်ခိုက်နေခဲ့သည်။
သူက ချီကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း လီချန်းယင် ပြသနေသော ခွန်အားနှင့် သတ်ဖြတ်ခြင်းစိတ်များက အဆင့်(၄)၊ အဆင့်(၅) သိုင်းပညာရှင်များထက် အနည်းငယ်လေးပင် နိမ့်ကျနေခဲ့ခြင်း မရှိချေ။
ပထမတွင် လီချန်းယင်က သူ့ကိုယ်သူ ကာကွယ်ရန် ဓားသမားတစ်ယောက်၏ စွမ်းရည်များကို အသုံးပြုခဲ့သည်။ ထို့နောက် တာအိုသခင်များ၏ ကုန်းမြေတိုတောင်းခြင်းကျင့်စဉ်ကို အသုံးပြုပြီး ရှောင်တိမ်းခဲ့၏။ ယခုတော့ သူက သိုင်းပညာရှင်တစ်ယောက်ကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲအတွင်း ပြောင်းလဲမှုများက အတော်လေးကို ကြက်သီးထစရာ ကောင်းလှသည်။
ကြည့်ရသည့်မှာ သူက အတွေး(၁၀၀)ကျောင်းမှ စွမ်းရည်မျိုးစုံကို သူ၏တိုက်ခိုက်ရေးပုံစံထဲသို့ ပေါင်းစပ်ထားသလို ထင်မှတ်ရသည်။ ထိုအရာက အလွန်မြင့်မားသော သူ၏ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း ပြသနေခဲ့၏။
ပထမဆုံး လက်သီးချင်း တိုက်ခိုက်မှုမှ ရိုးရှင်းသော အရာတစ်ခု ပေါ်လာခဲ့ပြီး လေထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုအတောအတွင်း ယုလုက နေရာတွင် ရပ်နေသော်လည်း လီချန်းယင်ကတော့ လက်နှစ်ဖက်လုံး ဘေးသို့ တွဲလောင်းကျသွားပြီး နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။ သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့ဖျော့ဖြစ်နေပြီး မျက်လုံးထဲတွင် အံ့ဩနေသည့် အမူအရာတစ်ခု ရှိနေ၏။
ထိုအချိန်တွင် ယုလုက ရှေ့ကိုဆက်၍ တက်လာပြီး နောက်ဆုတ်မည့်ပုံ မရှိသလို သနားငဲ့ညှာမည့်ပုံစံလည်း မရှိချေ။ ရုတ်တရက်ဆိုသလို ကျမ်းစာ စာကြည့်တိုက်ထဲမှ အကြီးအကဲတစ်ယောက်၏ သက်ပြင်းချသံ ကြားလိုက်ရသည်။
နံရံအောက်ခြေမှ သက်ပြင်းချသံက ပေ(၂၀၀)ခန့်အကွာတွင် ရှိနေသည်။ နံရံနှင့် တိုက်ခိုက်သူနှစ်ယောက်၏ ကြားထဲတွင် စာအုပ်စင်ပေါင်းများစွာ ရှိနေခဲ့သည်။ ချက်ချင်းဆိုသလိုပင် (၃) ပေခန့် အရှည်ရှိသော ခရမ်းရောင်ဓားအလင်းတန်းတစ်ခုက လေထဲကို ပျံသန်းလာပြီး စာအုပ်စင်ပေါင်းများစွာကို ဖြတ်ကျော်၍ ယုလုဆီကို တည့်တည့် ဦးတည်လာနေခဲ့သည်။
သို့သော် ယုလုက ရှေ့ကိုဆက်၍ ပြေးသွားပြီး သူ့ခန္ဓာကိုယ်က ခရမ်းရောင်ဓားအလင်းတန်းကို (၁)လက်မခန့် အကွာအဝေးမှ ရှောင်တိမ်းလိုက်ပြီး ထူးဆန်းသော ပုံစံနှင့် ရှေ့ကိုဆက်၍ ပြေးသွားခဲ့သည်။
“တော်လောက်ပြီ…”
အကြီးအကဲ၏ အသံထဲတွင် ဒေါသအနည်းငယ် ပါနေခဲ့သည်။
ထိုအချိန်တွင် ယုလု၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့သော ဓားအလင်းတန်းက လမ်းကြောင်းတွင် အေးစက်စွာ ရပ်တန့်လိုက်သည်။ သူက တစ်ပတ်လှည့်လာရမည့်အစား ချက်ချင်း နောက်သို့ ပျံသန်းလာခဲ့၏။
အရိပ်ထဲတွင် ပုန်းအောင်းနေသော ဓားသမား၏ ဓားထိန်းချုပ်ခြင်းစွမ်းရည်က အတော်လေး ကျွမ်းကျင်ကြောင်း သိသာနေသည်။ သူက ဓားကို တစ်ပတ်လှည့်ပြီး အချိန်ဖြုန်းလိုခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် အနည်းငယ် နှောင့်နှေးသွားမည်ဆိုလျှင် လီချန်းယင်က သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်သည်။
ထို့ကြောင့် သူက ဓားပျံကို ကွေ့ဝိုက်ထိန်းချုပ်မည့်အစား အချိန်ကုန်သက်သာစေရန် တည့်တည့်ပျံသန်းရန်သာ ရွေးချယ်ခဲ့၏။ ထိုအရာက မူလတုန်းကထက်ပင် ပို၍လျင်မြန်သောအရှိန်နှင့် ယုလု၏နောက်ကျောဆီကို တည့်တည့်ပျံသန်းလာခဲ့သည်။
ယုလုက လေထဲသို့ ပျံသန်းလာခဲ့ပြီးနောက် ညာဘက်တွင် ရှိနေသော စာအုပ်စင်တစ်ခုဆီသို့ ပြေးထွက်သွားခဲ့သည်။ ထိုသို့လုပ်ဆောင်လိုက်သည့်အချိန်တွင် သူက ထိုစာအုပ်စင်ကို ခြေထောက်နှင့်ကန်လိုက်သည့်အတွက် နောက်မှရောက်လာသော ဓားပျံကို ရှောင်တိမ်းနိုင်သည့်အပြင် လီချန်းယင်ဆီကို ပို၍ပင် အရှိန်မြန်သွားခဲ့သည်။ သူက လီချန်းယင်၏ ဦးခေါင်းကို လက်သီးနှင့် ထိုးလိုက်၏။
ဓားသမားအကြီးအကဲက ဝင်ရောက်နှောင့်ယှက်လိုက်သည့်အချိန်တွင် လီချန်းယင်ကတော့ အဆိုးဆုံးအခြေအနေကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူက ကျင့်ဝတ်သူတော်စင်ရေးသားထားသော ကွန်ဖြူးရှပ်ကျမ်းစာထဲမှ စာပိုဒ်တစ်ပိုဒ်ကို တိတ်တဆိတ် ရွတ်ဆိုနေခဲ့၏။
ယုလုက စာအုပ်စင်ကို ခြေထောက်နှင့် ကန်လိုက်သည့် တခဏတွင် တစ်တန်းတည်း ရှိနေသော စာအုပ်စင်ပေါင်းများစွာက တစ်ပြိုင်နက်တည်း တုန်ခါသွားခဲ့သည်။ ထို့နောက် စာအုပ်စင်တိုင်းဆီမှ ခရမ်းရောင်စာလုံးလေးများ ပျံသန်းလာခဲ့၏။
ထိုစာလုံးလေးများက ကျမ်းစာမျိုးစုံထဲမှ ရောက်လာခြင်းဖြစ်ပြီး မျက်စိတမှိတ်အတွင်း သူတို့အားလုံးက လီချန်းယင်၏ရှေ့ကို ပတ်ပတ်လည်မှ စုစည်းလာခဲ့ကြသည်။ အဆုံးတွင်တော့ စာသားများအားလုံးက လီချန်းယင်၏ရှေ့တွင် ဖြည်းညင်းစွာ စီးဆင်းနေသော စမ်းချောင်းလေးတစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။
ထိုအရာများက အလင်းရောင်များ တောက်ပနေခဲ့သည်။ စာသားလေးများက အတော်လေးကို သေးငယ်ပြီး အဆင့်မြင့်၍ အမှန်တရားဆန်သော အငွေ့အသက်များကို ပေးနေခဲ့၏။
ထိုအချိန်တွင် ယုလုက အပေါ်ဘက်မှ အရှိန်ပြင်းစွာ ကျဆင်းလာပြီး သူ၏အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပေ။ သူက လက်သီးကိုလွှဲ၍ အားနှင့် တိုက်ခိုက်လိုက်၏။ လက်သီးတစ်ချက်တည်းနှင့်ပင် သူက စမ်းချောင်းများကို အလယ်မှ ထက်ပိုင်းဖြတ်ပစ်နိုင်စွမ်း ရှိသည့်အတွက် အတွင်းထဲတွင် ရှိနေသော စာသားများအားလုံးက ပျောက်ကွယ်သွားခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် ယုလုက လီချန်းယင်၏ ဗိုက်ကို ခြေထောက်နှင့် ကန်လိုက်၏။ လီချန်းယင်က ချောက်ကမ်းပါးကျောင်းတော်၏ ကျောင်းသားများအားလုံးထဲတွင် အထူးချွန်ဆုံး ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့သော် ထိုကန်ချက်ကြောင့် သူလည်း နောက်ကို ပေပေါင်းများစွာ လွင့်သွားခဲ့ပြီး စာအုပ်စင်အတန်းနှစ်ခု၏ ကြားထဲတွင်ရှိနေသော လမ်းကြားတစ်ခုထဲသို့ ပျောက်ကျသွားခဲ့၏။
အောက်သို့ ပြုတ်ကျလာသည့်အချိန်တွင်ပင် သူက နောက်ကို ဆယ်ပေခန့် ထပ်၍ ရှောတိုက်ပါသွားသေးသည့်အတွက် ထိုကန်ချက်က မည်မျှအစွမ်းထက်ကြောင်း ပြသနေခဲ့၏။
လီချန်းယင်၏ ဘေးတွင် မီးခိုးရောင်ဝတ် အဘိုးအိုတစ်ယောက် ပေါ်လာခဲ့သည်။ ပစ်မှတ်ကို တိုက်ခိုက်ရန် မအောင်မြင်ခဲ့သော ဓားပျံကတော့ အဘိုးအို၏ ဘေးနားသို့ ပြန်လှည့်လာပြီး သူ၏ပုခုံးနားတွင် ပျံဝဲနေခဲ့သည်။
ဓားထိပ်ဖျားက ယုလုကို တည့်တည့်ချိန်ထားပြီး အဘိုးအိုက စိုးရိမ်ထိတ်လန့်သွားသော အမူအရာနှင့် လီချန်းယင်၏ သွေးကြောကို စမ်းကြည့်လိုက်သည်။ ထိုသို့လုပ်ဆောင်လိုက်သည့်အချိန်တွင် လီချန်းယင်၏ ဒဏ်ရာများက အတော်လေးကို ပြင်းထန်ကြောင်း သူလည်း တွေ့ခဲ့ရသည်။ သို့သော် သူ့အသက်ကို အန္တရာယ်မရှိ မရှိခဲ့ပေ။
သို့သော် သူက တာ့ဆွေတိုင်းပြည်၏ နန်းတွင်းမှ အရာရှိများပင် တလေးတစား ဆက်ဆံရသော ကြယ်တစ်ပွင့်ဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် သူ့ကို မည်သည့်ထိခိုက်မှုမျှ လက်မခံနိုင်ပေ။
ခေါင်းထဲတွင် ထိုအရာ ပေါ်လာသည့်အတွက် အဘိုးအိုက ဒေါသထွက်နေသော အမူအရာနှင့် ယုလုကို ပြန်လှည့်ကြည့်လိုက်သည်။
“မင်းက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဘာလို့ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်နေရတာလဲ။ မင်းက ဘာလုပ်နေတာလဲဆိုတာကို သိလား..”
အဘိုးအို၏ အသံက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယုလုက သူ၏ပြိုင်ဘက်အနားကို ဆက်၍ကပ်လာနေခြင်းကြောင့် ဖြစ်၏။ လီချန်းယင်ကို ဆိုးဆိုးဝါးဝါးဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြီး အဘိုးအို၏ နှောင့်ယှက်မှု ရှိနေသည်ကိုပင် သူကတော့ ထိုနေရာ၌ ရပ်တန့်နေရန် ဆန္ဒမရှိခဲ့ပေ။
ယုလုက သူ၏ အင်္ကျီလက်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် လီချန်းယင်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့၏။ သူက အဘိုးအိုကို အပြုံးနှင့် ပြောလိုက်သည်။
“အခုထိ လီဟွိုင်ရဲ့ ရွှံ့ရုပ်ထုလေးတွေကို ရှာမတွေ့သေးဘူး။ ပြီးတော့ လီပေါင်ဖျင်ကို စော်ကားခဲ့တဲ့ စကားတွေအတွက်လည်း သူ ကြားသင့်တဲ့ တောင်းပန်မှုမျိုး မရသေးဘူး။ အဲဒီအရာတွေ မလုပ်ရသေးခင်တော့ ကျုပ်ကို အကြောင်းပြချက်တွေ ပြောဖို့ မကြိုးစားနဲ့။ ဘာလို့လဲဆိုတော့ ကျုပ်က နားထောင်မှာ မဟုတ်ဘူး…”
ယုလုက ထိုနေရာတွင် ခဏရပ်လိုက်ပြီးနောက် အနည်းငယ် အရှိန်လျှော့လိုက်ပုံရသည်။ သူ့ပုံစံက အေးအေးဆေးဆေး ဖြစ်သွားပုံရသော်လည်း အမှန်အတိုင်းပြောရလျှင်တော့ သူက လီချန်းယင်၏အနားသို့ အလွန်လျင်မြန်စွာ ကပ်လာနေခြင်း ဖြစ်၏။
“ကျုပ် သိတယ်။ လီချန်းယင်က သေချာပေါက် လီဟွိုင်ကို တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ သူက လီဟွိုင်ရဲ့ ရွှံ့ရုပ်ထုလေးတွေကို ခိုးတဲ့ တရားခံ မဟုတ်သလို လီပေါင်ဖျင်ကို အရှက်ခွဲခဲ့တဲ့သူလည်း မဟုတ်ဘူး။ ဒါကြောင့် သူ့ရဲ့ဓားပျံက ခင်ဗျားရဲ့ ဓားလိုပဲ အသုံးမဝင်ဘူး…”
ယုလု၏ ရန်စသော စကားလုံးများကြောင့် မီးခိုးရောင်ဝတ် အဘိုးအိုက အလွန်ဒေါသထွက်သွားခဲ့ပြီး သူ၏ဆံပင်မွှေးများ၊ မုတ်ဆိတ်မွှေးများကပင် လေထဲ၌ အလိုလို ထောင်လာခဲ့သည်။ သူက လီချန်းယင်ကို ဆေးတစ်လုံး အလျင်အမြန် တိုက်လိုက်၏။
သူက အလွန်ဒေါသထွက်နေသော်လည်း အပြုံးနှင့် အေးစက်စွာ ပြောလိုက်သည်။
“ငါက မင်းကို မြေပြင်ပေါ် ခြေထောက်နှင့် နင်းထားပြီးရင် မင်းက အကြောင်းပြချက်တွေ နားထောင်ချင်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့…”
ယုလု၏ အပြုံးက ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“တကယ်လို့ ကျုပ်က ရှုံးသွားမယ်ဆိုရင်လည်း ဘာဆင်ခြေမှမပေးဘဲ ကျုပ်ရဲ့အရှုံးကို လက်ခံမှာပဲ။ အဲဒီအချိန်ကျရင်တော့ လူတစ်ယောက်က ကျုပ်အတွက် ရပ်တည်ပေးလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်က သိပ်မြန်မြန် ရောက်လာမှာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ဒီမှာမရှိဘူးလေ…”
အဘိုးအိုက မတ်တပ်ရပ်လိုက်ပြီး သူ့ဘေးတွင် ရှိနေသော ဓားပျံကလည်း လေထဲသို့ ဖြည်းညင်းစွာ မြောက်တက်လာခဲ့သည်။ ထိုအရာက သူ၏ညာဘက်ပုခုံးနားတွင် ဆက်လက်ပျံဝဲနေခဲ့၏။ သို့သော် အဘိုးအိုကတော့ လီချန်းယင်နှင့် ပတ်သက်ပြီး အတော်လေး စိုးရိမ်နေပုံရသည်။ သူက ဒဏ်ရာရနေသော လူငယ်လေးကို ငုံ့ကြည့်ပြီး မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
ယုလု၏ လက်သီးချက်က အလွန်အမင်း ထူးဆန်းသည်။ ပထမတွင်တော့ လီချန်းယင်က အတွင်းဒဏ်ရာရသည့်ပုံမျိုး မရှိချေ။ သူ၏ဒဏ်ရာများက အလွန်ပြင်းထန်မှု မရှိကြောင်း အဘိုးအိုကပင် ခံစားမိခဲ့၏။ သို့သော် သူက ဆေးလုံး တိုက်လိုက်သည့်အချိန်မှသာ ဒဏ်ရာ၏ အစစ်အမှန်သဘာဝက ပေါ်ထွက်လာသလို ဖြစ်နေသည်။
ဆေးလုံးကို သောက်ပြီးသွားသည့်တိုင် လီချန်းယင်က လျော့ကျသွားခြင်း မရှိဘဲ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များ ပြင်းပြင်းထန်ထန် လှုပ်ရှားနေသေး၏။ ထိုကဲ့သို့ သူ၏ကိုယ်ပိုင်ချီစွမ်းအင်များကို ပြန်လည်ထိန်းချုပ်နိုင်စွမ်း မရှိခြင်းက အလွန်အမင်း အန္တရာယ်များသော အကျိုးဆက်များ ဖြစ်လာစေနိုင်သည်။
ချီကျင့်ကြံသူတစ်ယောက်အတွက် ဝိညာဉ်လိုဏ်ဂူအဆင့်ကို ရောက်ရှိရန် အလွန်ခက်ခဲသည်။ ထိုအဆင့်တွင် တည်ငြိမ်ရန် ပို၍ခက်ခဲ၏။ လူတစ်ယောက်က သူတို့၏သွေးကြောမှတ်များကို ဖွင့်လှစ်ပြီး အပြင်ဘက်ကမ္ဘာကြီးမှ စွမ်းအင်များကို စုပ်ယူရန် ဆုံးဖြတ်လိုက်သည်နှင့် သူတို့က ခန္ဓာကိုယ်ထဲသို့ ပြင်ပစွမ်းအင်များကို ဖိတ်ခေါ်လိုက်ရသည်မှာ အတော်လေးကို စွန့်စားရသော အရာတစ်ခုဖြစ်သည်။
ပြင်ပကမ္ဘာကြီးမှ စွမ်းအင်များကို စုပ်ယူနိုင်ရန်အတွက် လူတစ်ယောက်က ကမ္ဘာမြေကြီးထဲတွင် ရှိနေသော စွမ်းအင်ပေါင်းစုံကို စောင့်ကြည့်ပြီး မိမိနှင့် အဆင်ပြေသည့် စွမ်းအင်ကို စုပ်ယူရခြင်းဖြစ်သည်။
ထိုဖြစ်စဉ်က ဝိုင်းရံတိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်ရန်အတွက် မြို့တံခါးကို ဖွင့်လှစ်ပေးလိုက်သလိုမျိုး ဖြစ်သည်။ ထိုသို့လုပ်ဆောင်လိုက်မည်ဆိုလျှင် သူတို့က အသာစီးရနိုင်ပြီး မြို့အပြင်ဘက်မှ ရန်သူများ၏ လွှမ်းမိုးခြင်းကို လုံးဝမခံရပေ။ ထိုအရာ ဖြစ်လာသည်နှင့် လူတစ်ယောက်၏ သွေးကြောမှတ်များ၊ သွေးကြောများအားလုံးက ရေကြီးရေလျှံနေသော မြို့များ၊ လမ်းများကဲ့သို့ ဖြစ်လာပါလိမ့်မည်။
အကယ်၍ ဖြစ်စဉ်ကသာ မှားယွင်းသွားမည်ဆိုလျှင် ပြုပြင်၍ မရနိုင်သော အကျိုးဆက်များ ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် ဝိညာဉ်လိုဏ်ဂူအဆင့်က ကျင့်ကြံမှုလမ်းကြောင်းတွင် ကြုံတွေ့ရသော ပထမဆုံးအတားအဆီးဖြစ်သည်။ ထိုအရာက အောက်ဘုံ(၅)ဆင့်မှနေ၍ အဆင့်(၆)သို့ တက်လှမ်းရသည့်အရာထက်ပင် ပို၍ခက်ခဲနေသေးသည်။
ကျင့်ကြံသူများစွာအထူးသဖြင့် နောက်ခံဂိုဏ်းများ၏ အထောက်အပံ့မရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများက ဝိညာဉ်လိုဏ်ဂူတစ်ခုကို ဖန်တီးရာ၌ ကျဆုံးသွားလျှင် အင်မော်တယ်အခွင့်အရေးကို လုံးဝဆုံးရှုံးသွားရမည်ကို ကြောက်လန့်ကြသည့်အတွက် အောက်ဘုံ(၅)ဆင့်၏ အမြင့်ဆုံးအဆင့်တွင်သာ ဆက်လက်ရပ်တည်နေရန် ရွေးချယ်ကြသည်။
ကျင့်ကြံခြင်းက ကောင်းကင်တာအိုကို ဆန့်ကျင်နေသော အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများက သဘာဝတရားကြီးကို ဆန့်ကျင်၍ ဆက်တိုက် ထိုးစစ်ဆင်ရခြင်းဖြစ်၏။ ထို့ကြောင့်လည်း ကျင့်ကြံရေးလမ်းကြောင်းက အလွန်နာကျင်ရပြီး ခက်ခဲကြမ်းတမ်းနေခြင်း ဖြစ်သည်။
ထိုအဘိုးအိုက လီချန်းယင်အတွက် တာ့ဆွေတိုင်းပြည်နန်းတွင်းမှ တာဝန်ပေးထားသော လျှို့ဝှက်ကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။ အကယ်၍ လီချန်းယင်၏ အနာဂတ်ကျင့်ကြံရေး အရည်အချင်းများကသာ ဒဏ်ရာကြောင့် ပျက်စီးသွားခဲ့ရမည်ဆိုလျှင် သူ့ကို သေချာပေါက် အပြစ်တင်နိုင်သည်။
ယုလုက သူ့ကို အပြုံးနှင့် မေးလိုက်၏။
“အခု ခင်ဗျားက အခြေအနေကို ရှုပ်ထွေးနေတယ် မဟုတ်လား။ ခင်ဗျားက လီချန်းယင်ကို အရင်ဆုံး ကယ်တင်ရမလား ဒါမှမဟုတ် ကျုပ်နဲ့အရင်ဆုံး ရင်ဆိုင်ရမလား စဉ်းစားနေတယ်…”
အဘိုးအိုက ဒေါသတကြီး အံကြိတ်လိုက်သည်။ ယုလုပြောခဲ့သည့်အတိုင်း ထိုအခြေအနေကို မည်သို့လုပ်ရမည်ဖြစ်ကြောင်း သူလည်း မတွေးတတ်တော့ပေ။ သူ့ဆီတွင် အလွန်များပြားသော အတွေ့အကြုံများ ရှိနေသော်လည်း သူက အတော်လေးကို စိတ်ဓာတ်ကျနေခဲ့၏။
သူက အဝေးမြင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဓားသမား တစ်ယောက်ဖြစ်သည်။ အဝေးမြင်အဆင့်ဟူသော စကားလုံးက “ငါက အမြင့်တစ်နေရာကနေ ပင်လယ်ထဲကို စီးဆင်းလာတဲ့ မြစ်တွေအားလုံးကို ကြည့်နေတယ်။ သူတို့က ငါ့ရဲ့နှလုံးသားထဲကို စီးဆင်းလာကြတယ်” ဟူသော စကားလုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။
ထိုအဆင့်တွင် ကမ္ဘာမြေကြီးထဲမှ စွမ်းအင်များက လူတစ်ယောက်၏ သွေးကြောများကဲ့သို့ စတင်ကြီးထွားလာသည်မှာ ပင်လယ်ထဲသို့ စီးဆင်းလာနေသော မြစ်များကဲ့သို့ ဖြစ်နေကြသည်။
ချီစွမ်းအင်တစ်ခုက တဖြည်းဖြည်း စုစည်းလာပြီးနောက် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် စတင်ပြောင်းလဲလာ၍ သူတို့၏ သက်တမ်းကို ရှည်လျားလာစေခဲ့သည်။ ပုံမှန်အားဖြင့် ပြောရလျှင် ထိုအဆင့်ကျင့်ကြံသူများက အနည်းဆုံး အသက် (၁၀၀) နေထိုင်နိုင်ကြ၏။
အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အဝေးမြင်အဆင့် ဓားသမားများက ဓားတာအိုတွင် သိုင်းသခင်များဟု သတ်မှတ်နိုင်သည်။ တာ့ဆွေတိုင်းပြည်ထဲတွင် အလွန်အဆင့်မြင့်သော ဌာနကြီး(၆)ခုမှ အရာရှိများကိုပင် ထိုကဲ့သို့အဆင့်ရှိသော ကိုယ်ရံတော်များ ပေးအပ်ထားခြင်းမရှိချေ။
သက်ပြင်းရှိုက်လိုက်ပြီးနောက် အဘိုးအိုက တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက အများဆုံး သိုင်းကွက်(၃)ကွက်သာ တိုက်ခိုက်ရန် လိုအပ်၏။
“ခင်ဗျားက ဘာရွေးချယ်ရမှန်း မသိမှတော့ ကျုပ်ကပဲ ခင်ဗျား ကိုယ်စား ရွေးချယ်ပေးမယ်…”
ယုလုက စက္ကန့်အနည်းငယ်အတွင်း ပို၍မောက်မာလာသလို ဖြစ်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အလွန်ကြောက်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာပြီး သူက ရှေ့ကို ခြေလှမ်း(၃)လှမ်း လျှောက်လာခဲ့၏။
ခြေလှမ်းတစ်ခုချင်းဆီက အရင်တစ်ခုထက် ပို၍အစွမ်းထက်လာပြီး ခြေထောက်အောက်တွင် ရှိနေသော မြေပြင်ကြီးက ပျက်စီးလာသည်။
“ခင်ဗျားက ကျုပ်ကို တိုက်ခိုက်သင့် မသင့် မသိဘူးဆိုရင် ခင်ဗျားက ကျုပ်ကို တိုက်ခိုက်အောင် ကျုပ်က တွန်းအားပေးမယ်။ ဒါက ရိုးရှင်းပါတယ်…”
ထိုအရာကို မြင်သည့်အခါ အဘိုးအိုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ မူလကတည်းက ယုလု၏အငွေ့အသက်များက အတော်လေး အစွမ်းထက်၏။ ယခုတော့ သူက ခြေတစ်လှမ်းချင်းဆီတိုင်းတွင် သိသိသာသာ အဆင့်တက်လာသလို ဖြစ်လာပြီး ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး ရှိနေသကဲ့သို့ ထင်မှတ်ရသည်။
အဘိုးအို၏ မျက်နှာပေါ်တွင် အံ့ဩမှင်တက်မိနေသော အမူအရာတစ်ခု ပေါ်လာပြီး ရေရွတ်လိုက်မိသည်။
“မင်းက အဆင့်(၆) သိုင်းပညာရှင်တစ်ယောက်လား…”
ကျင့်ကြံသူများနှင့် အဆင့်တူ သိုင်းပညာရှင်များ တိုက်ခိုက်သည့်အခါ စစ်ကျောင်း ကျင့်ကြံသူများနှင့် ထူးခြားသော အစွမ်းထက်ရတနာများ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများကလွဲလျှင် သိုင်းပညာရှင်များကသာ အသာစီးရတတ်ကြသည်။ အမှန်အတိုင်းပြောရလျှင် သိုင်းပညာရှင်များက သူတို့ထက် တစ်ဆင့် ပိုမြင့်သော ပညာရှင်များကိုပင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် သို့မဟုတ် သတ်ပစ်နိုင်စွမ်းရှိကြသည်။
ယုလုက အသက်ငယ်ငယ်လေးနှင့် ထိုမျှအစွမ်းထက်သော သိုင်းပညာရှင် တစ်ယောက်ဖြစ်နေသည့်အတွက် အဘိုးအိုက အံ့ဩနေခဲ့၏။ သို့သော် သူက အနည်းငယ်လေးပင် ကြောက်လန့်နေခြင်း မရှိချေ။ သူက အတိတ်တွင် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသော ဓားသမားတစ်ယောက်ဖြစ်သည်။ ထို့ပြင် သူက ချီကျင့်ကြံသူများထဲတွင် အဆင့်(၇) အဝေးမြင်အဆင့်ဖြစ်၏။ အကယ်၍ သူသာ ယုလုကို သတ်ဖြတ်ချင်စိတ်ရှိနေလျှင် ဓားချက်တစ်ချက်တည်းသာ လိုအပ်သည်။
ထို့ကြောင့် အဘိုးအို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။
“မင်းက သေချင်နေတာပဲ။ ဒါပေမဲ့ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့အတွက် ငါက မင်းကို မသတ်ဘူး။ ငါက မင်းကို မသေမရှင်ဖြစ်သွားအောင်တော့ တိုက်ခိုက်ခွင့်ရှိတယ်…”
ယုလုက သူ၏အသက်ကို ချနင်းပြီး ရှေ့ကို ပြတ်သားစွာ တိုးလာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ ထိုအရာက လှည့်စားမှုသက်သက်သာဖြစ်ပြီး ထိုအဘိုးအိုက သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်လုပ်ရန် ရင်ထဲတွင် ဆုတောင်းနေခဲ့၏။
………
ပင်မလမ်းမကြီးမှ ခွဲထွက်လာပြီးနောက် ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်က သစ်တောထဲကို စတင်ဖြတ်သန်းလာခဲ့ကြသည်။ ပို၍တိတိကျကျ ပြောရမည်ဆိုလျှင်တော့ စိမ်းပြာဝတ်ကောင်လေးက အလွန်ကြီးမားသော မြွေခန္ဓာနှင့် သစ်တောကြီးထဲကို ဖြတ်သန်းသွားလာနေခြင်း ဖြစ်သည်။ ချန်းပင်အန်းကိုတော့ သူ၏နောက်ကျောပေါ်တွင် သယ်ဆောင်ထားခဲ့၏။
ချန်းပင်အန်း အတော်လေး အံ့ဩသွားခဲ့ရသည်မှာ သူက မြွေနောက်ကျောပေါ်၌ ရပ်နေရသည်ကိုပင် ယောင်ရှန်သိုင်းကျမ်းထဲမှ လမ်းလျှောက်ကျင့်စဉ်ကို ဆက်၍ လေ့ကျင့်နိုင်သေးသည်။ ပထမတွင်တော့ သူက မကြာခဏချော်ကျသည့်အတွက် သူ၏လမ်းလျှောက်ကျင့်စဉ်က ခဏခဏ နှောင့်ယှက်ခံခဲ့ရသည်။
သို့သော် အသားကျလာပြီးနောက် ချန်းပင်အန်းက မြေပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ လမ်းလျှောက်ကျင့်စဉ်ကို လေ့ကျင့်နိုင်ခဲ့သည်။ အကယ်၍ ရေမြွေက တမင်တကာ ခန္ဓာကိုယ်ကို လှုပ်ရှားနေမည်ဆိုလျှင်ပင် သူ့အတွက်တော့ ပြဿနာမရှိတော့ပေ။
ပန်းရောင်ကလေးမလေးကတော့ ရေမြွေကို စီးတော်ယာဉ်အဖြစ် အသုံးပြု၍မရနိုင်ပေ။ ထို့ကြောင့် သူမက နောက်ကျောတွင် ချွေးချန်၏ စာအုပ်သေတ္တာလေးကို လွယ်ပြီး ရေမြွေ၏ဘေးမှ လိုက်လာခဲ့၏။ သူမကတော့ သူမ၏ဆရာအတွက် အလွန်ဝမ်းသာနေပုံရသည်။
ယနေ့တွင်တော့ ချန်းပင်အန်းတို့(၃)ယောက်က တောင်တန်းတစ်ခုပေါ်တွင် အနားယူနေကြပြီး သူတို့(၃)ယောက်က မီးပုံတစ်ခုရှေ့တွင် ရှိနေကြသည်။ စိမ်းပြာဝတ်ကောင်လေးက နောက်တစ်ကြိမ် ပြောလိုက်၏။
“ဆရာက ကိုယ်လုပ်တော်တွေ၊ အစေခံတွေခေါ်ဖို့ ဘယ်နေရာရောက်မှ စဉ်းစားမှာလဲ။ ဆရာက ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ…”
ချန်းပင်အန်းက မီးလှုံနေပြီး မီးတောက်၏အလင်းရောင်က သူ၏မျက်နှာပေါ်ကို ဖြာကျနေခဲ့သည်။ သူက ခေါင်းခါပြီး တုံ့ပြန်လိုက်၏။
စိမ်းပြာဝတ်ကောင်လေးက မီးတောက်များထဲသို့ လက်ထည့်လိုက်ပြီး မီးတောက်လေးတစ်ခုကို ဆွဲယူလိုက်သည်။ ထို့နောက် လက်ချောင်းလေးများထဲတွင် ဆော့ကစားနေပြီး မြေပဲပေါက်သွားသည့်အသံကဲ့သို့ ဖျက်ဆီးပစ်လိုက်၏။
“ဘာလို့ လက်မခံရတာလဲ။ စိတ်မပူပါနဲ့ဆရာ။ ကျွန်တော် ဆရာ့အတွက် ရှာပေးမယ့် မိန်းကလေးတွေက ဘာလက်ဆောင်မှ မတောင်းတဲ့အပြင် သူတို့ကတောင် တင်တောင်းငွေတွေ အများကြီးပေးလောက်ဦးမယ်။ ဒါက ဆရာ့အတွက် ရက်ရောတဲ့ ကမ်းလှမ်းမှုတစ်ခု မဟုတ်သေးဘူးလား…”
“မဟုတ်ဘူး…”
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက အလွန်ရှုပ်ထွေးနေပြီး မီးတောက်ထဲသို့ လက်ထည့်၍ နောက်ထပ်မီးတောက်တစ်ခုကို ထပ်၍ယူလိုက်ပြန်သည်။
“ဘာလို့လဲ…”
ချန်းပင်အန်းက အပြုံးနှင့် တိတ်ဆိတ်နေခဲ့သည်။
“ဪ… ကျွန်တော်သဘောပေါက်ပြီ။ ဆရာ့မှာ သဘောကျရတဲ့လူတစ်ယောက် ရှိနေတာပဲ…”
စိမ်းပြာဝတ်ကောင်လေးက ချက်ချင်း နားလည်သွားသလို ထင်မှတ်ရသည်။
ချန်းပင်အန်းက သူ့ကို စိုက်ကြည့်နေခဲ့၏။
စိမ်းပြာဝတ်ကောင်လေးက ဆက်ပြောလိုက်သည်။
“သဘောကျရတဲ့ မိန်းကလေးတစ်ယောက်ရှိတာ ဘာမှရှက်စရာ မဟုတ်ပါဘူး ဆရာ။ တကယ်လို့ ဆရာက ယောကျ်ားတွေကို သဘောကျတယ်ဆိုတာကမှ ပိုပြီးတော့ ထူးဆန်းဦးမယ်…”
ရုတ်တရက်ဆိုသလို သူ၏မျက်လုံးထဲ၌ စိတ်ဝင်စားမှုတစ်ခုပေါ်လာပြီး ဟန်ဆောင်၍ ပြောလိုက်သည်။
“ဒါနဲ့ ကျွန်တော်က တော်တော်လေးကို ချောတယ်လို့ ပြောကြတယ်။ ဒီတော့ ကျွန်တော့်ကို ဘယ်လိုသဘောရလဲ…”
ချန်းပင်အန်းက ချက်ချင်းပင် လှုပ်ရှားလာပြီး ပြောလိုက်သည်။
“ခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း…”
စိမ်းပြာဝတ်ကောင်လေးက ချက်ချင်းအဝေးကို ပြေးထွက်သွားခဲ့ပြီး ပန်းရောင်ကလေးမလေးကတော့ အပြုံးနှင့် ပြောလိုက်၏။
“နင် အလှပြင်ပစ္စည်းတွေ ယူသွားဦးမလား။ ငါတော့ အဲဒါကိုသုံးဖို့လိုသေးတယ်..”
ချန်းပင်အန်းက နဖူးပေါ်သို့ လက်တင်ပြီး ဘာကြောင့် ထိုကဲ့သို့အရာမျိုးကို ရရှိကြောင်း စဉ်းစားနေမိခဲ့သည်။
ထို့နောက် ချန်းပင်အန်းက ပုံမှန်အတိုင်း စိမ်းပြာဝတ်ကောင်လေးကို သွားရောက်ရှာဖွေပြီး သူ၏ခန္ဓာကိုယ်အစွမ်းကို မြှင့်တင်ရန် စိန်ခေါ်တိုက်ခိုက်ခဲ့သည်။ စိမ်းပြာဝတ်ကောင်လေးက သူ၏သဘာဝအရ အလွန်စကားများသော်လည်း ချန်းပင်အန်းကဲ့သို့သော အဆင့်(၂)သိုင်းပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရန် အစွမ်းထက်သည်ထက် ပိုနေခဲ့သည်။
ချန်းပင်အန်းက အဆင့်တူ သာမန်သိုင်းပညာရှင်များထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သော်လည်း စိမ်းပြာဝတ်ကောင်လေးဆီတွင် ရေနဂါးတစ်ကောင်၏ ခန္ဓာကိုယ်တစ်ခု ရှိသည်။ ထို့ကြောင့် ချန်းပင်အန်း၏ လက်သီးက သူ့ကို အယားပင် မပြေစေနိုင်ပေ။
တစ်ဖက်တွင်တော့ သူ၏လက်သီးချက်များက ချန်းပင်အန်းကို နောက်သို့ လွင့်သွားအောင် လုပ်နိုင်ခဲ့သည်။ ပထမတွင်တော့ လက်ရည်စမ်းသည့် တိုက်ပွဲများအတွင်း ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးဆီသို့ ချဉ်းကပ်လာသည့်အချိန်၌ သူက လုံလောက်အောင် ထိန်းချုပ်ထားခဲ့ခြင်းမရှိချေ။
သူ၏ လက်သီးချက်ကြောင့် ချန်းပင်အန်းက လေထဲကို လွင့်သွားခဲ့၏။ အဆုံးတွင်တော့ သူက လူတစ်ယောက်၏ခြေထောက်အရှည်ခန့် ကြီးမားသော သစ်ပင်ကြီးတစ်ပင်ကိုမှီ၍ အနားယူနေခဲ့သည်။
စိမ်းပြာဝတ်ကောင်လေးက အလွန်ကြောက်လန့်နေသည့်အတွက် သူ့သေတွင်းသူတူးမိသွားပြီဟု စိုးရိမ်နေခဲ့၏။ သို့သော် ချန်းပင်အန်း ပြန်ကောင်းလာပြီးနောက် သူက စိမ်းပြာဝတ်ကောင်လေးနှင့် ဆက်၍စိန်ခေါ်ခဲ့သည်။
ယနေ့တော့ ချန်းပင်အန်းက လက်သီးကို နောက်သို့ရွယ်လိုက်ပြီး အမှန်တကယ် ထိုးလိုက်ခြင်းသာ မဟုတ်သော်လည်း စိမ်းပြာဝတ်ကောင်လေးကတော့ မြေပေါ်တွင် နာနာကျင်ကျင် လူးလှိမ့်နေခဲ့သည်။ သူ့ပုံစံက ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံလိုက်ရသလို ထင်မှတ်ရ၏။
ထို့နောက် ကောင်လေးက ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်လာပြီး သူ့ကို ကြည့်လိုက်၏။
“ဆရာ့ရဲ့လက်သီးက တော်တော်ကြောက်စရာကောင်းတာပဲ။ ဒီလက်သီးချက်ရဲ့ အငွေ့အသက်နဲ့တင် ကျွန်တော်က နောက်ကိုလွင့်သွားတယ်…”
ပန်းရောင်ကလေးမလေးကလည်း အဝေးမှနေ၍ အံ့ဩမှင်တက်စွာ ကြည့်နေမိခဲ့သည်။ ထိုမတိုင်ခင် ရေမြွေက အလွန်ကြီးမားသော စွမ်းအားများနှင့် ကြမ်းတမ်းခက်ထန်သော အကျင့်စရိုက်ရှိကြောင်း သူမက ကြားထားဖူးသည်။ သူက ထိုမျှအရှက်မဲ့လိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။
ချန်းပင်အန်းကတော့ ထိုအရာနှင့် အသားကျနေပြီဖြစ်၏။ သူက သက်ပြင်းချလိုက်ပြီး လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။
“လျှောက်ပြီးတော့ ဆော့မနေနဲ့တော့…”
စိမ်းပြာဝတ်ကောင်လေးက ချက်ချင်းပင် ကြိုးကြာပုံသဏ္ဌာန် ပြောင်းလဲလိုက်သည်။ သူက ခြေထောက်တစ်ဖက်တည်းနှင့် ရပ်လိုက်ပြီး လက်နှစ်ဖက်က ဘေးတွင် အတောင်ပံများကဲ့သို့ လှုပ်ရှားနေခဲ့၏။
ချန်းပင်အန်းက မျက်နှာပျက်သွားပြီး မီးပုံဘေးတွင် ပြန်ထိုင်လိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက သူ့အနားသို့ အလျင်အမြန်ပြေးလာပြီး အပြုံးနှင့် ပြောလိုက်၏။
“စိတ်မဆိုးပါနဲ့ ဆရာ။ အခုကစပြီး ကျွန်တော် အလေးအနက်ထားပါ့မယ်…”
ချန်းပင်အန်းက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“မင်းနဲ့ ဘာမှမလုပ်ချင်တော့ဘူး။ အခု ငါ့ခေါင်းထဲမှာ စဉ်းစားနေတဲ့အရာတချို့ ရှိတယ်။ အဲဒါဆိုရင်တော့ အဲဒီအရာကို စဉ်းစားပြီးမှပဲ ဆက်ပြီး တိုက်ခိုက်ကြတာပေါ့…”
………….
ညအချိန်တွင် ချွေးချန်းက အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်ကို သေချာစိုက်ကြည့်နေပြီး တစ်ယောက်တည်း စဉ်းစား၍ ဆက်တိုက် သက်ပြင်းချနေခဲ့သည်။
ရုတ်တရက်ဆိုသလို သူ့စိတ်ထဲ၌ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“မင်းက ဒီကိုဘာလာလုပ်တာလဲ…”
“ငါက ငါ့ဆရာရဲ့အမိန့်ကြောင့် ရောက်လာတာ…”
ချွေးချန်က မကျေမနပ် အမူအရာနှင့် ပြန်ဖြေလိုက်သည်။
Translated by Hein Htet.