အခန်း (၁၇၀)
Vol. 12 Ch. 170
မောက်ရှောင်တုံက တောင်တစ်ဝက်ခန့်တွင် ရှိနေသော ဝမ်ကျန်းခန်းမထဲတွင် ရပ်နေပြီး သူ့ခါးတွင်တော့ သစ်သားနီ ပေတံကို ချိတ်ဆွဲထားခဲ့သည်။ သူ့ပုံစံက ငိုက်မြည်းနေပုံရ၏။
ဘုရင်ကြီးကိုယ်တိုင် အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်သို့ နေရာချထားပေးခဲ့သည့်အတွက် တောင်ပေါ်တွင် ရှိနေသော သူလျှိုများအားလုံးကလည်း နောက်ဆုတ်သွားကြသည်။ တောင်ကို ကာကွယ်ရန် တာဝန်ပေးအပ်ထားသော အဆင့် (၁၀) ချီကျင့်ကြံသူကပင် တောင်အနားတွင်သာ နေထိုင်ရဲသည်။ သူ့ဆီတွင် ကောင်းမွန်သော အကြောင်းပြချက်တစ်ခုမရှိဘဲ ကျောင်းတော်ထဲသို့ ခြေချခွင့်မပေးခဲ့ပေ။
ထိုအရာက ချောက်ကမ်းပါးကျောင်းတော်အပေါ် တာ့ဆွေတိုင်းပြည်၏ ရိုသေလေးစားမှုလည်း ဖြစ်သည်။ တာ့ဆွေတိုင်းပြည်၏ရှင်ဘုရင်က မောက်ရှောင်တုံအပေါ် ထားရှိသော ယုံကြည်မှုကို ထင်ဟပ်ပြသနေခြင်းလည်း ဖြစ်၏။
ချောက်ကမ်းပါးကျောင်းတော် ဝမ်ကျန်းခန်းမ၏ အတွင်းတွင် သူတော်စင်(၃)ပါး၏ ပန်းချီကားများ ချိတ်ဆွဲထားပြီး ရှေ့တွင် အမွေးတိုင်ခုံ ရှိနေသည်။ အလယ်တွင် ရှိနေသည်မှာ ကောင်းကင်ဘုံအောက်တွင် ကွန်ဖြူးရှပ် နောက်လိုက်ငယ်သားများ အားလုံး လေးစားရသည့် ခေါင်းဆောင်ဖြစ်သော အဓိပတိသူတော်စင်ဖြစ်သည် ။ တခြားသော ပန်းချီကားနှစ်ချပ်ကတော့ ပန်းချီကားပေါ်တွင် အဆင့်အတန်းကို ဖုံးကွယ်ထားသော စာသင်သားသူတော်စင်နှင့် ကျောင်းတော်၏ ပထမဆုံးတောင်တန်းသခင် ချီကျင့်ချွန်တို့ ဖြစ်ကြသည်။
ချွေးချန်းက တောင်ခြေတွင် ရှိနေသော ကျောင်းတော်၏ဝင်ပေါက်တွင် သူ၏အချက်အလက်မှတ်တမ်းများကို ပြသလိုက်ပြီးနောက် တောင်ထိပ်ပေါ်သို့ တက်လာခဲ့သည်။ သူက ဝမ်ကျန်းခန်းမဆီသို့ လှမ်းကြည့်လိုက်ပြီး အထဲကို ခိုးကြည့်လိုက်သည်။
သို့သော် လှေကားထစ်အပြင်ဘက်တွင် ရပ်ပြီး ဒေါသထွက်နေသော အမူအရာနှင့် လှမ်းအော်လိုက်၏။
"မောက်ရှောင်တုံ …
မင်းက ရူးနေတာလား ဒါမှမဟုတ် ငါ့ကို ရန်ရှာဖို့ စောင့်နေတာလား။ မင်းက အခုချက်ချင်း ငါ့ကို ရှင်းပြတာ ပိုပြီးတော့ ကောင်းမယ်။ တကယ်လို့ ငါသာ မင်း ရှင်းပြတာကို မကျေနပ်ဘူးဆိုရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားပြီး လုံးဝပြန်မလာတော့ဘူး…"
မောက်ရှောင်တုံကတော့ မျက်လုံးမှိတ်ထားပြီး တည်ငြိမ်သောအမူအရာနှင့် ပြန်ဖြေလိုက်သည်။
"အမွှေးတိုင်လာထွန်းမလား ဒါမှမဟုတ် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကန်တော့မလား။ မဟုတ်ရင်တော့ ငါက မင်းကို တစ်ကြိမ်လောက် ပြန်ကြည့်မိမယ်ဆိုရင်တောင် ငါက မင်းရဲ့မြေးပဲ…"
ချွေးချန်းက လှေကားထစ်တွင် ထိုင်ချလိုက်ပြီး ရှုံ့မဲ့၍ ပြောလိုက်သည်။
"တကယ်လို့ မင်းက ငါ့ရဲ့မြေးဖြစ်ချင်တယ်ဆိုရင်တောင် ငါကတော့ မင်းလို မြေးတစ်ယောက်ကို လက်ခံဖို့ စဉ်းစားရဦးမယ်။ မျက်နှာပေါ်မှာ နှပ်နဲ့မျက်ရည်တွေရှိပြီး ငါ့ကို ကျားထိုးနည်း သင်ပေးဖို့ တောင်းပန်ခဲ့တာက ဘယ်သူများလဲ…”
“နှစ်ပေါင်းတစ်သောင်းလောက် ကျားထိုးပညာကို လေ့လာမယ်ဆိုရင်တောင် မင်းကတော့ ငါ့ကို အရှက်ရအောင် လုပ်ဦးမှာပဲ။ ငါက မင်းကို ကျားစေ့လေး (၂)ခုပေးမယ်ဆိုရင်တောင် မင်းက ဘာမှအသုံးမကျဘူး။ အဲဒီအချိန်တုန်းက မင်းရဲ့မျက်နှာအမူအရာကို မှတ်မိသေးလား…”
"ကျားထိုးခြင်းဆိုတာက ကစားပွဲတစ်ခုထက် မပိုပါဘူး…"
မောက်ရှောင်တုံက တည်ငြိမ်သော အမူအရာနှင့် ပြန်ဖြေလိုက်သည်။
ချွေးချန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်နေသော အမူအရာတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည်။
"ကျားထိုးခြင်းက ကစားပွဲတစ်ခုပဲ ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကစားပွဲမှာ မင်းရဲ့ ကျွမ်းကျင်မှုနည်းပါးတာက မင်းရဲ့စည်းကမ်းနဲ့ ယုံကြည်မှုနည်းပါးတာကို ပြသနေတာပဲ…"
"စာသင်သားအိုကြီးရဲ့လျှို့ဝှက်တပည့်တွေအားလုံးထဲမှာ မင်းက တော်တော်လေး နိမ့်ကျတဲ့ စာသင်သားတစ်ယောက်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမဲ့ မင်း အရမ်းလေးစားခဲ့တဲ့ မင်းရဲ့ဆရာ စာသင်သားအိုကြီးရဲ့ရန်သူ တခြားသူတော်စင်တစ်ယောက်ရဲ့ သင်ကြားမှုတွေကို ဘာလို့များ ရုတ်တရက် မြှင့်တင်ပေးနေရတာလဲ။ မင်းက မင်းအဖေထက်တောင် ပိုပြီး စိတ်လိုလက်ရ ရှိသေးတယ်…"
"မင်းက ငါ့ဆီကနေ ကျားထိုးပညာကို သင်ယူခဲ့တယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်းကရော ငါ့ရဲ့ခြေရာအတိုင်း လိုက်လာပြီး မင်းရဲ့ဆရာကို သစ္စာဖောက်မလို့လား.."
မောက်ရှောင်တုံကတော့ မျက်လုံးမှိတ်ထားပြီး ခနဲ့သလို ပြောလိုက်သည်။
"တကယ်လို့ ငါက မင်းနဲ့ အဓိပ္ပာယ်မရှိ ဆက်ပြီးတော့ စကားပြောနေမိမယ်ဆိုရင် ငါက မင်းရဲ့သား ဖြစ်လိမ့်မယ်.."
ချွေးချန်းက မျက်ခုံးပင့်၍ ပြောလိုက်သည်။
"ငါက အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်ကို လာခဲ့တယ်ဆိုတာ ပြန်စရာအိမ်မရှိလို့ ယာယီနေဖို့ ရောက်လာတာ။ အခု မင်းက ကျောင်းတော်ရဲ့တောင်ထိပ်သခင်ဆိုမှတော့ ငါ ရှိနေတာကို မမြင်ချင်ယောင်ဆောင်ပေးပါ။ တကယ်လို့ မင်းက ငါ့ကို မမြင်ချင်ဘူးဆိုရင်လည်း ငါ့ကို မကြည့်နဲ့ပေါ့။ မင်းရဲ့စောင့်ကြည့်မှုမရှိရင် ငါက စိတ်ကြိုက်သွားနိုင်တယ်။ ငါတို့နှစ်ယောက်လုံးလည်း ပျော်ရွှင်ရမှာပဲလေ..”
“အခွင့်အရေးယူတတ်တဲ့ မင်းရဲ့သဘာဝအရ သိပ်မကြာခင် ကျောင်းတော်တစ်ခုလုံး ပျက်စီးသွားမှာကို ငါ စိုးရိမ်တယ်…"
မောက်ရှောင်တုံက ဒေါသတကြီး ပြောလိုက်သည်။
"မင်းက တာ့ဆွေတိုင်းပြည်ကို တိုက်ခိုက်မယ်ဆိုရင်လည်း ငါ မတားဘူး။ ဒါပေမယ့် မင်းက အရှေ့ပိုင်း ခမ်းနားခြင်းတောင်ထိပ်ပေါ်မှာ ပြဿနာရှာဖို့တော့ မစဉ်းစားနဲ့။ ဒါက ကျောင်းတော်တစ်ခုပဲ။ သင်ကြားရေးနေရာတစ်ခု။ မင်းစိတ်ကြိုက်လုပ်နိုင်တဲ့ နေရာတစ်ခု မဟုတ်ဘူး…"
ချွေးချန်းက အနည်းငယ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"မင်းက ငါ့ဆီက လျှို့ဝှက်စာကို မရခဲ့ဘူးလား။ ပိတ်ထားတဲ့ ကျားစေ့နဲ့အတူ ထည့်ပေးလိုက်တာလေ…"
မောက်ရှောင်တုံက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ငါ ရခဲ့ပါတယ်။ ဒါပေမဲ့ ဖွင့်မကြည့်ဘဲ မီးရှို့ပစ်လိုက်တယ်။ ပြီးတော့ ငါက လက်တွေကို သွားပြီး ဆေးကြောလိုက်တယ်။ မဟုတ်ရင် ငါက တူကိုင်ပြီး စားစရာ စားရဲမှာတောင် မဟုတ်ဘူး…"
မောက်ရှောင်တုံဆီမှ ထွက်ပေါ်လာသော စကားလုံးများက အတော်လေး ကြောက်စရာကောင်းသည်။
သို့သော် ချွေးချန်းကတော့ ဂရုစိုက်နေခဲ့ခြင်း မရှိချေ။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မတ်တပ်ရပ်၍ မောက်ရှောင်တုံ၏အနားကို လျှောက်လာခဲ့၏။
"ရှောင်တုန် …
ငါက ဒီတစ်ကြိမ် တစ်ခုခုကို ကြံစည်ဖို့ ရောက်လာတာ မဟုတ်ဘူးလို့ အာမခံနိုင်တယ်။ ငါ လုပ်ချင်တာက စာဖတ်ခြင်းကို အာရုံစိုက်ပြီး အားတဲ့အချိန် နေပူစာလှုံချင်တယ်။ တစ်ခါတစ်ရံ မင်းနဲ့ ကျားကစားနိုင်တယ်။ ပြီးတော့ ငါ ရှိနေတဲ့အချိန်မှာ လီကျူးသုခဘုံက ကလေးတွေကို စောင့်ရှောက်ပေးနိုင်တယ်…”
“တကယ်လို့ ငါသာ မင်းကို ယုံကြည်လိုက်မယ်ဆိုရင် ငါက မင်းရဲ့ဘိုးဘေး ဖြစ်သွားလိမ့်မယ်…"
ထိုစကားကိုကြားသည့်အခါ ချွေးချန်းက အတော်လေး ရှုပ်ထွေးသွားခဲ့သည်။
"ဒါက ငါ့ရဲ့ဘိုးဘေးဖြစ်တာနဲ့ ဘာများမှားလို့လဲ။ အဲဒါက မင်းအတွက် ကောင်းတဲ့ အရာမဟုတ်ဘူးလား။ မင်းက ဝါစဉ်အရ ပိုပြီးတော့ အဆင့်မြင့်သွားတယ်လေ…"
"ဒါက ငါ့အတွက်တော့ ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူး…"
မောက်ရှောင်တုံက အပြစ်တင်သလို ပြောလိုက်သည်။
"တကယ်လို့ ငါသာ မင်းရဲ့ဘိုးဘေးဖြစ်သွားမယ်ဆိုရင် မင်းက ငါ့ရဲ့အုတ်ဂူနားမှာ လှည့်ပတ်သွားလာနေတာနဲ့တင် ငါက ဒေါသထွက်နေလောက်ပြီ…"
"တော်လောက်ပြီ မောက်ရှောင်တုံ…"
ချွေးချန်းက ဒေါသတကြီး ပြောလိုက်သည်။
မောက်ရှောင်တုံကတော့ မျက်လုံးမှိတ်ပြီး ခေါင်းခါ၍ ပြောလိုက်၏။
"ငါက ရပ်မယ်လို့ ခံစားမိတဲ့အချိန်ကျရင် ရပ်မှာပေါ့…"
ချွေးချန်းက မောက်ရှောင်တုံကို လက်ညှိုးထိုးပြီး မေးလိုက်သည်။
"မင်းက တိုက်ခိုက်ချင်နေတာလား…"
မောက်ရှောင်တုံ၏ မျက်လုံးများက ချက်ချင်း ပွင့်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အလွန်အံ့ဩစရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ပြန်ဖြေလိုက်သည်။
"ငါက သေချာပေါက် တိုက်ခိုက်ချင်တယ်။ တာ့လီအင်ပါယာထဲမှာတော့ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ဒီမှာတော့ ငါက လက်တစ်ဖက်ကို လက်တစ်ဖက်ကို ကြိုးချည်ထားပြီး မင်းကို တိုက်ခိုက်လို့ရတယ်…"
ချွေးချန်းက ခဏကြာ မှင်တက်မိသွားခဲ့ပြီး ပြန်ပြောလိုက်သည်။
"အခု မင်းက ငါ့ရဲ့မြေးဖြစ်သွားပြီ။ မြေးတစ်ယောက်က သူ့ရဲ့အဘိုးကို တိုက်ခိုက်လို့ မရဘူး…"
မောက်ရှောင်တုံက သူ့ခါးတွင် ချိတ်ထားသော ပေတံကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ။ ငါက မင်းကို သေအောင် ရိုက်ပြီးသွားရင် မင်းအတွက် အုတ်ဂူကောင်းကောင်းတစ်ခု ဖန်တီးပေးမယ်…"
ချွေးချန်းက အလွန်အမြန် လက်ကာပြပြီး ပြောလိုက်၏။
"ခဏနေဦး။ စာသင်သားအိုကြီးနဲ့ ချီကျင့်ချွန်က မင်းကို စကားတစ်ခွန်း ပြောစေချင်နေတယ်။ ငါပြောမဲ့အရာကို အရင်ဆုံးနားထောင်ပြီးမှပဲ မင်းက တိုက်ခိုက်ချင်သေးလားဆိုတာ ဆုံးဖြတ်ပါ…"
မောက်ရှောင်တုံက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။ သူက ခြိမ်းခြောက်၍ ပြောလိုက်၏။
"မင်း ပြောမဲ့စကားကို ဂရုစိုက်ပါ။ အဲဒါက မင်းရဲ့နောက်ဆုံးစကားလုံး ဖြစ်သွားနိုင်တယ်…"
ချွေးချန်းက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး မောက်ရှောင်တုံကို စာသားများ ရွတ်ပြလိုက်သည်။
ချွေးချန်း ပြောသည့်စကားကို ကြားလိုက်ရပြီးနောက် မောက်ရှောင်တုံက သူ့ကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့၏။ အထူးသဖြင့် သူ၏မျက်လုံးထဲကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက်၏ မျက်လုံးက စိတ်၏တံခါးပေါက်ဟု သတ်မှတ်ထားကြပြီး လူတစ်ယောက်၏ နှလုံးသားကတော့ ရေကန်တစ်ခုနှင့် တူသည်ဟု သတ်မှတ်နိုင်၏။ မျက်လုံးကတော့ ရေကန်၏အလယ်ဗဟို ဖြစ်နိုင်သည်။
အကယ်၍ လူတစ်ယောက်၏ နှလုံးသားက ကြည်လင်နေမည်ဆိုလျှင် သူတို့၏ မျက်လုံးထဲ၌ ပြန်လည်ထင်ဟပ်လာပါလိမ့်မည်။ သူတို့ဆီတွင် မသန့်စင်သော ခံစားချက်များ ၊ လှုပ်ရှားမှုများ ရှိနေမည်ဆိုလျှင်တော့ သူတို့၏မျက်လုံးက မည်းမှောင်ပြီး မရှင်းမလင်းဖြစ်နေပါလိမ့်မည်။
တာ့လီအင်ပါယာထဲရှိ ချောက်ကမ်းပါးကျောင်းတော် အဟောင်းတွင် မောက်ရှောင်တုံက ထိုအရာများကို အလေးမထားနိုင်ခဲ့ပေ။ ထိုအချိန်တွင် သူ၏ကျင့်စဉ်အဆင့်က ချွေးချန်းထက် အဆပေါင်းများစွာ နိမ့်ကျနေသည့်အတွက် သူက ချွေးချန်း၏မျက်လုံးထဲကို မည်မျှကြည့်စေကာမူ မည်သည့်အရာမျှ မမြင်နိုင်ပေ။
သို့သော် ယခု ယခုတော့ အခြေအနေက လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ ယခု သူက ချွေးချန်းထက် ကျင့်စဉ်အဆင့် အဆပေါင်းများစွာ သာလွန်နေခဲ့၏။ ထို့ကြောင့် ချွေးချန်းက လိမ်ပြောနေခြင်း ဟုတ်မဟုတ် စစ်ဆေးရာတွင် အတော်လေး အကျိုးသက်ရောက်မှု ရှိသည်။
အရေးကြီးဆုံးအရာကတော့ သူတို့နှစ်ယောက်လုံးက စာသင်သားသူတော်စင်၏ တပည့်များ ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် အကယ်၍ တစ်ယောက်ယောက်ကသာ ချွေးချန်း၏နေရာ၌ ရှိနေခြင်းထက် သူက ချွေးချန်း၏ နှလုံးသားကို ပို၍ ရှင်းရှင်းလင်းလင်း ကြည့်နိုင်သည်။
ချွေးချန်း၏ မျက်လုံးထဲကို အချိန်တော်တော်ကြာ စိုက်ကြည့်နေခဲ့ပြီးနောက် မောက်ရှောင်တုံက မျက်လုံးအကြည့်ကို လွှဲသွားပြီး ထွက်ခွာသွားခဲ့၏။
ချွေးချန်းက အပြုံးနှင့် မေးလိုက်သည်။
"မင်းက ဘယ်သွားမှာလဲ။ မင်းက ငါနဲ့ထပ်ပြီးတော့ စကားမပြောချင်တော့ဘူးလား..”
“ငါက မျက်လုံးကို အခုချက်ချင်းသွားပြီး ဆေးကြောမလို့။ မဟုတ်ရင် ငါက မျက်လုံးကန်းသွားနိုင်တယ်…"
မောက်ရှောင်တုံက အေးစက်စွာ ပြန်ဖြေလိုက်သည်။
ချွေးချန်း၏ မျက်နှာပေါ်တွင် ဝမ်းသာနေသော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
"အဲဒါတော့ အမှန်ပဲ။ ငါ့ရဲ့လူငယ်ခန္ဓာကိုယ်က တော်တော်လေးကို ချောမောခန့်ညားလွန်းတယ်လေ…"
မောက်ရှောင်တုံက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး သူ့ကို ရိုက်နှက်ရန် ရည်ရွယ်ချက်နှင့် ပြန်လှည့်လာခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုသစ္စာဖောက်ကို ရိုက်နှက်ချင်နေသည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်၏။
ချွေးချန်း၏ အင်္ကျီလက်ထဲတွင် ရွှေရောင်အလင်းတန်းလေးတစ်ခု ပေါ်လာပြီး အချိန်မရွေး ထွက်သွားမည့်ပုံ ပြင်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံ့ဩမှင်တက်မိနေသော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်၏။
"မင်းက ငါ့ကို တကယ်တိုက်ခိုက်မှာလား။ ကွန်ဖြူးရှပ်သူတော်စင်တွေက သူတို့ရဲ့ ကျင့်ဝတ်တွေနဲ့ တခြားသူတွေကို လွှမ်းမိုးကြတယ်။ အဆင့်မြင့်တဲ့သူတွေကတော့ အကြောင်းပြချက်တွေနဲ့ တခြားသူတွေကို ဖျောင်းဖျနိုင်ကြတယ်။ မင်းနဲ့ စာသင်သားအိုကြီးရဲ့ ပတ်သက်မှုအရ မင်းက လူကြီးလူကောင်းတစ်ယောက် ဖြစ်နေတုန်းပဲ။ လူကြီးလူကောင်းတွေက တခြားတစ်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် အင်္ကျီလက်ကို မတင်သင့်ဘူး…"
မောက်ရှောင်တုံက ပြန်လှည့်ပြီး နောက်တစ်ကြိမ် ထွက်ခွာသွားခဲ့သည်။
ချွေးချန်းက သူ့နောက်မှ အလွန်အမြန် လိုက်သွားပြီး သိမ်မွေ့စွာ မေးလိုက်၏။ "ကျောင်းတော်ထဲမှာ လီပေါင်ဖျင်နဲ့ တခြားကလေးတွေ ဘယ်လိုနေကြလဲ။ သူတို့က ဒီမှာ ပြဿနာဖြစ်နေကြသေးလား…"
"ဟုတ်တယ်…”
မောက်ရှောင်တုံက ပြန်ဖြေလိုက်သည်။
ချွေးချန်းက အနည်းငယ် မျက်နှာပျက်သွားပြီး မေးလိုက်၏။
"သူတို့က အနိုင်ကျင့်ခံနေရလို့လား…"
မောက်ရှောင်တုံ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည်။
"မင်းက နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူတစ်ယောက် ဖြစ်မယ်လို့ ငါက တွေးထားတာ။ မင်းက တာ့ဆွေတိုင်းပြည်ရဲ့ဘုရင်ကြီးကို ကျောင်းတော်နဲ့ ဆန့်ကျင်ဖို့အတွက် အိုးတိုးအမ်းတမ်း အခြေအနေရောက်နေအောင် ကြိုးစားနေတယ်လို့ပဲ ငါက ထင်နေတာ။ ဒါဆိုရင် မင်းက ချောက်ကမ်းပါးကျောင်းတော်ရဲ့မျိုးဆက်ကို လုံးဝအဆုံးသတ်နိုင်ပြီလေ…"
ချွေးချန်း၏ မျက်နှာပေါ်တွင် အနည်းငယ် အိုးတိုးအမ်းတမ်း အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
"မြို့တော်ထဲမှာရှိနေတဲ့ အဘိုးကြီးကတော့ အဲဒီလိုအရာမျိုးကို လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငါကတော့ မလုပ်နိုင်ဘူး။ ငါက လူသစ်တစ်ယောက်လို ဖြစ်နေပြီ။ မကောင်းတဲ့ လမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းကောင်းကို လျှောက်နေတာ။ ငါက ကောင်းတာတွေကို လုပ်နေတယ်လို့ ဆိုလိုတာပဲ။ ငါက ဒီလမ်းကြောင်းပေါ်ကို ရောက်နေတာတောင် တော်တော်လေးကြာနေပြီ…"
မောက်ရှောင်တုံက အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်ပေါ်တွင် ရှိနေသော စံအိမ်ကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူ့အသံက ကျယ်လောင်ခြင်းမရှိသော်လည်း ပြတ်သားနေပုံရ၏။
"ချွေးချန်း…
တကယ်လို့ မင်းသာ ကျောင်းတော်ကို ပျက်စီးအောင် တစ်ကြိမ်ပဲဖြစ်ဖြစ် ငါမင်းကို သတ်ပစ်မယ်…"
ထိုခြိမ်းခြောက်မှုကြောင့် ချွေးချန်းက လုံးဝခံစားမိခြင်းမရှိဘဲ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"မင်းသာ ပျော်မယ်ဆိုရင် ကြိုက်တာလုပ်လို့ရတယ်။ လီပေါင်ဖျင်နဲ့ကလေးတွေ ဘာဖြစ်နေလဲ ပြောစမ်းပါဦး…”
“ငါက မင်းကို လိမ်ပြောနေတာ မဟုတ်ဘူး။ ငါ့ရဲ့အခြေအနေက မင်းထက်ပိုပြီးတော့ ဆိုးတယ်။ ဒီကမ္ဘာကြီးထဲမှာ ငါက ဘယ်လောက် သနားစရာကောင်းလဲဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ တကယ်လို့ မင်းက ခံစားချက်မကောင်းဘူးဆိုရင်လည်း ငါက ဘာတွေကြုံခဲ့ရလဲဆိုတာ မင်းကို ပြောပြနိုင်တယ်။ ဒါဆိုရင် မင်းရဲ့ခံစားချက်တွေက သိသိသာသာ ကောင်းလာမယ်ဆိုတာ ငါအာမခံတယ်။ ဒါပေမဲ့ မင်းက ငါ့ရဲ့ဇာတ်လမ်းတွေကို ကြားပြီးသွားပြီဆိုရင် မင်းနဲ့အတူ အရက်နည်းနည်း ယူလာပေးပါ။ တာ့ဆွေတိုင်းပြည်ရဲ့ ဘုရင်ကြီးက တော်တော်လေးကို ရက်ရောတဲ့ လူတစ်ယောက်ပဲ။ ဒါကြောင့် သူက မင်းကို အရက်ကောင်းတွေ အများကြီးပေးထားမှာ သေချာတယ်…”
မောက်ရှောင်တုံက ချွေးချန်းကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါပြီး ရှေ့ကိုဆက်၍ လျှောက်သွားခဲ့၏။ ချွေးချန်းကတော့ မကြာသေးခင် ကြုံခဲ့ရသည့် အဖြစ်အပျက်များကို အကျဉ်းချုပ် ပြောပြနေခဲ့သည်။
ကျမ်းစာ စာကြည့်တိုက်ထဲရှိ နောက်ဆုံးတိုက်ပွဲအတွင်း ယုလုက လီချန်းယင်နှင့် မီးခိုးရောင်ဝတ် အဘိုးအိုတို့ကို တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် နှစ်ဖက်စလုံးက အသာစီးရခဲ့ခြင်း မရှိချေ။ သူတို့(၃)ယောက်လုံးက ကျမ်းစာ စာကြည့်တိုက်ထဲမှ ထွက်လာနိုင်ကြသော်လည်း အဆုံးတွင်တော့ သူတို့အားလုံးက ထိခိုက်ခဲ့ရသည်။
ကျောင်းတော်မှ လက်ထောက် တောင်ထိပ်သခင် တစ်ယောက်ဖြစ်သော မောက်ရှောင်တုံကပင် ထိုသတင်းကို ထိန်းသိမ်းထားနိုင်ခြင်း မရှိချေ။ ထိုညတွင်တော့ တာ့ဆွေတိုင်းပြည်၏ အထွေထွေရေးရာဌာနမှ အမတ်ကြီး၊ နန်းတော်ထဲမှာ မိန်းမစိုးခေါင်းဆောင်တစ်ယောက်နှင့် အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်အနားတွင် ပုန်းအောင်းနေသော အဆင့်(၁၀)ကျင့်ကြံသူတို့အားလုံးက အခြေအနေကို မေးမြန်းရန် တောင်ထိပ်ပေါ်သို့ တက်လာခဲ့ကြသည်။
ထို(၃)ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မောက်ရှောင်တုံက တာ့ဆွေတိုင်းပြည်၏ ဘုရင်ကြီးကို သူကိုယ်တိုင် အဖြေပေးမည်ဟု ပြောခဲ့၏။ ထို့ကြောင့် မင်းသားများနှင့် ဌာနကြီး(၆)ခုမှ အမတ်ကြီးများအပါအဝင် မည်သူကမျှ ကျောင်းတော်ကို တွန်းအားပေးရန် အခွင့်အရေးမရှိကြပေ။
အမှန်အတိုင်းပြောရလျှင်တော့ သူတို့အားလုံးက အခြေအနေကို စစ်ဆေးရန် ကျောင်းတော်ထဲသို့ ဝင်လာခြင်းသာဖြစ်သည်။ သူတို့က မည်သူ့ကိုမျှ အပြစ်တင်ရန် ဆန္ဒမရှိကြပေ။ သို့သော် မောက်ရှောင်တုံကတော့ သူတို့ကို မကြိုဆိုသောအမူအရာနှင့် မောင်းထုတ်ခဲ့သည်။
အဆင့်(၁၀)ချီကျင့်ကြံသူက ထိုနေရာတွင် မောက်ရှောင်တုံနှင့် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း အမတ်ကြီးက ချက်ချင်း တားဆီးခဲ့သည်။ သူတို့(၃)ယောက်က တောင်ထိပ်ပေါ်မှ ဆင်းသွားကြပြီး နန်းတော်ထဲသို့ဝင်၍ ဘုရင်ကြီးနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
လီချန်းယင်နှင့် မီးခိုးရောင်ဝတ်ဓားသမား အဘိုးအိုတို့က သူတို့နှင့်အတူ လိုက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့နှစ်ယောက်လုံးက လမ်းလျှောက်နိုင်ကြ၏။ သို့သော် သူတို့၏အခြေအနေက အလွန်ဆိုးရွားနေပြီး ဒဏ်ရာများမှ ကောင်းမွန်လာခြင်း မရှိသေးပေ။
“မင်းက ကျောင်းတော်ထဲမှာ ဘယ်အဆင့်အတန်းမျိုးနဲ့ နေမှာလဲ…”
မောက်ရှောင်တုံက မေးလိုက်သည်။
ချွေးချန်းက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။
“တကယ်လို့ မင်းသာ ငါ့ရဲ့လျှို့ဝှက်စာကို ဖတ်လိုက်မယ်ဆိုရင် ယုလုနဲ့ ရှဲ့ရှဲ့တို့ရဲ့ အဆင့်အတန်းကို သိနေလောက်ပြီ။ ငါက သူတို့ထဲအကြောင်းကို ပြောထားတယ်။ ဥပမာအနေနဲ့ ရှဲ့လင်းယွဲ့က ပျက်စီးသွားတဲ့ လုတိုင်းပြည်ထဲက ကျင့်ကြံရေးဂိုဏ်းမှာ နံပါတ်(၁) ပါရမီရှင်ပဲ။ ငါက ဂိုဏ်းတူအကြီးအကဲတစ်ယောက်အဖြစ် လူတိုင်းကို ပြောပြလို့ရတယ်…”
“တကယ်လို့ ငါက ယုလုရဲ့အဆင့်အတန်းကို ထုတ်ဖော်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင်တော့ ငါက လုတိုင်းပြည် နန်းတွင်းကလန်ရဲ့ လျှို့ဝှက်အစောင့်တစ်ယောက်အဖြစ် ကြေညာလို့ရတယ်။ စိတ်မပူပါနဲ့။ ငါက အခြေအနေနှစ်ရပ်လုံးအတွက် သေချာပြင်ဆင်ထားပြီးသားပါ။ ဒါကြောင့် စိုးရိမ်စရာမရှိဘူး…”
မောက်ရှောင်တုံကတော့ သူ့ကို ဂရုမစိုက်ဘဲ စိုးရိမ်နေသော အမူအရာနှင့် ပြောလိုက်သည်။
“တာ့ဆွေတိုင်းပြည်က သူလျှိုတွေက တာ့လီအင်ပါယာမှာရှိတဲ့ သူလျှိုတွေထက်တော့ အရည်အချင်း မနိမ့်ဘူး။ အဲဒီအပြင် တာ့ဆွေအင်ပါယာက လုတိုင်းပြည်နဲ့ တော်တော်လေးကို ရင်းနှီးခဲ့တယ်…”
ချွေးချန်းက မောက်ရှောင်တုံ၏စကားကို ဖြတ်၍ မေးလိုက်သည်။
“ဒါဆိုရင် ငါက ဘယ်သူလဲ..”
မောက်ရှောင်တုံက ချွေးချန်းကို အတော်လေး မကျေမနပ် ဖြစ်နေသေးပုံရသည်။ သူက ပြောလိုက်၏။
“မင်းက ဘယ်သူရမှာလဲ။ မင်းက ငါ့သားပေါ့…”
ချွေးချန်းက ထိုအဆင့်အတန်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ခေါ်လိုက်သည်။ “ဖေဖေ…”
ထိုစကားကို ကြားသည့်အခါ မောက်ရှောင်တုံက နေရာတွင် ရပ်လိုက်မိသည်။ ထို့နောက် ဒေါသတကြီး အံကြိတ်ပြီး နေရာမှ ပျောက်ကွယ်သွားခဲ့၏။
“ဖေဖေ …
အဲဒီကလေးတွေက အခုဘယ်မှာနေကြတာလဲ။ အဖေ…”
ချွေးချန်းက ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း တုံ့ပြန်သံမကြားရပေ။ သူက မျက်ခုံးပင့်လိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
“ကောင်းပြီလေ။ ငါက အခန်းတိုင်းကို လိုက်ပြီး တံခါးခေါက်ရင် တစ်ယောက်ယောက်ကိုတော့ တွေ့မှာပဲ…”
ထိုအချိန်တွင် မောက်ရှောင်တုံကတော့ ဝမ်ကျန်းခန်းမဆီသို့ ပြန်သွားခဲ့ပြီး ခန်းမထဲတွင် ချိတ်ဆွဲထားသော ပန်းချီကား(၃)ချပ်ကို အမွှေးတိုင်ပူဇော်နေခဲ့သည်။ သူက မျက်လုံးထဲတွင် ဝမ်းနည်းနေသော အမူအရာနှင့် ပြောလိုက်၏။
“ဆရာ၊ ဆရာတူအစ်ကို…
ဒီကိစ္စကို ကျွန်တော်ဘယ်လိုပဲ စဉ်းစားစဉ်းစား ဘာလို့ ဒီလိုလုပ်ခဲ့တယ်ဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ စကတည်းက ကျွန်တော်က ဆရာတို့နှစ်ယောက်နဲ့ မယှဉ်နိုင်ဘူးဆိုတာ သိပါတယ်။ ဆရာတို့ဆီမှာ ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်တွေလည်း ရှိနေနိုင်တယ်။ ဒါပေမဲ့ …”
သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စတင်စီးကျလာပြီး ပြောလိုက်သည်။
သူက မကျေမနပ်ဖြစ်နေသောအသံနှင့် နိဂုံးချုပ်လိုက်၏။
“ဒါပေမဲ့ ကျွန်တော်က ဒါတွေတစ်ခုမှ လက်မခံချင်ဘူး…”
…………..
ချွေးချန်းက သူတွေ့သည့် တံခါးတိုင်းကို လိုက်ခေါက်ရလောက်သည်အထိ အရူးတစ်ယောက် မဟုတ်ချေ။ ထိုအစား သူက အိပ်ဆောင်တစ်ခု၏ အမိုးပေါ်သို့တက်ပြီး အမြင့်မှနေ၍ ပတ်ပတ်လည်ကို စစ်ဆေးနေခဲ့၏။ သူက ပတ်ပတ်လည်နေရာများတွင် အလင်းရောင်များစွာကို ရှာတွေ့ခဲ့ရပြီး အနီးဆုံး အလင်းရောင်၏ အနားကို ပျံသန်းသွားခဲ့သည်။
ထို့နောက် ခြေဖျားထောက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့၏။ သူက တခြားတစ်ဖက်မှ ရေကျသံများကိုပင် ကြားလိုက်ရသည်။ ထို့နောက် သူက ပြတင်းပေါက်စက္ကူကို အပေါက်ဖောက်ပြီး ချောင်းကြည့်လိုက်၏။
တခြားတစ်ဖက်တွင် မိန်းကလေးတစ်ယောက် ရေချိုးနေခြင်းဖြစ်သည်။ သူမ၏ပုံစံက လျှို့ဝှက်နေသော်လည်း ချွေးချန်းက ချက်ချင်း အဝေးကို လှည့်ကြည့်လိုက်၏။ ထိုသစ်သားရေပုံးကြီးထဲတွင် မတ်တတ်ရပ်နေသော မိန်းကလေးကတော့ ကျယ်လောင်စွာ အော်လိုက်သည်။
ချွေးချန်းက ပြတင်းပေါက်အပြင်ဘက်တွင် ရပ်ပြီး ရှင်းပြလိုက်သည်။
“မင်းက ဘာတွေအော်နေတာလဲ။ ဒီမှာ ငါပဲ စိတ်ဒုက္ခရောက်နေတာ…”
“ဗွမ်း…”
ရေများက ပြတင်းပေါက်ဆီကို ရောက်လာခဲ့သည်။ အတွင်းထဲတွင် ရှိနေသော မိန်းကလေးက ပြတင်းပေါက်ကို ရေနှင့် လှမ်းပက်လိုက်ခြင်းဖြစ်၏။
ထိုအချိန်တွင် ချွေးချန်းကတော့ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး သူ၏မျက်လုံးကို နှိပ်၍ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“ဒါက မျက်လုံးကို နာကျင်စေတဲ့ မြင်ကွင်းတစ်ခုတော့ မဟုတ်ဘူး…”
နောက်ထပ် ကျယ်လောင်သောအော်သံတစ်ခု ထွက်ပေါ်လာပြီး အနီးအနားတွင် ရှိနေသော အိပ်ခန်းဆောင်များထဲတွင် မီးများ ဆက်တိုက်လင်းလာခဲ့သည်။ ချွေးချန်းက အိပ်ဆောင်များကို ဆက်၍ ရှာဖွေနေပြီး နောက်ဆုံးတွင်တော့ သူရှာနေသော သူများကို တွေ့လိုက်ရ၏။
သူ့အတွက် ပို၍ကံကောင်းသွားသည်မှာ လီဟွိုင်၊ လီပေါင်ဖျင်၊ လင်းရှို့ယီနှင့် ယုလုတို့က တစ်နေရာတည်းတွင် စုနေကြ၏။ ယုလုက သူ့ဘေးတွင် ရှိနေသော အိပ်ရာထဲတွင် လဲလျောင်းနေပြီး သူ၏မျက်နှာက အတော်လေးကို ဖြူဖပ်ဖြူရော်ဖြစ်သော်လည်း အတော်လေး စိတ်ဓာတ်တက်ကြွနေပုံရသည်။
လီဟွိုင်က ခေါင်းအုံးနားတွင် ထိုင်နေပြီး ခြေထောက်တွင် ဝတ်ဆင်ထားသော မြက်ဖိနပ်တစ်စုံကို ငုံ့ကြည့်၍ အတော်လေးကို ပင်ပန်းနေပုံရသည်။
လီပေါင်ဖျင်နှင့် လင်းရှို့ယီတို့ကတော့ စားပွဲခုံ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး တိတ်တဆိတ် စာဖတ်နေကြသည်။ ချွေးချန်းက အခန်းထဲသို့ ဝင်လာပြီး ကျယ်လောင်စွာ မေးလိုက်၏။
“မင်းတို့က ငါ့ကို လွမ်းနေကြတာလား…”
ချွေးချန်း ရုတ်တရက်ရောက်လာသည့်အတွက် လီပေါင်ဖျင်က အံ့ဩမှင်တက်မိသွားခဲ့ပြီး အလွန်ဝမ်းသာသွားသောအမူအရာနှင့် မေးလိုက်သည်။
“ဦးလေးငယ်ရော ဘယ်မှာလဲ…”
ချွေးချန်းက အခန်းထဲသို့ ဝင်လာပြီးနောက် တံခါးကို ခြေထောက်နှင့် ပြန်ပိတ်လိုက်ပြီး လီပေါင်ဖျင်နှင့် လင်းရှို့ယီတို့ ကြားထဲတွင် ရှိနေသော ထိုင်ခုံတွင် ထိုင်ချလိုက်သည်။ သူက မျက်ခုံးပင့်၍ ပြန်ဖြေလိုက်၏။
“ဆရာ ပါမလာဘူး။ ငါ တစ်ယောက်တည်း လာခဲ့တာ…”
လီပေါင်ဖျင်က သူမ၏ထိုင်ခုံမှထပြီး အိပ်ဆောင်အပြင်ဘက်ကို ပြေးထွက်သွားခဲ့သည်။ သို့သော် အချိန်တော်တော်ကြာ ရှာဖွေခဲ့သည်ကိုပင် သူမကတော့ ချန်းပင်အန်းကို မတွေ့ရသေးပေ။ အဆုံးတွင်တော့ သူမက စိတ်ပျက်နေသောအမူအရာနှင့် ပြန်လှည့်လာပြီး ထိုင်ခုံတွင် ထိုင်၍ စားပွဲခုံပေါ်ကို မှီအိပ်နေခဲ့သည်။
လင်းရှို့ယီကတော့ ‘တိမ်တိုက်ပေါ်တွင် ရွတ်ဖတ်ခြင်း’ဟူသော ကျင့်စဉ်ကို ဘေးတွင် ချထားခဲ့သည်။ ထို့နောက် ရွှေရောင်ချည်မျှင်များနှင့် သေချာဂရုတစိုက် ချည်နှောင်နေခဲ့၏။ စာအုပ်ကို သိမ်းဆည်းလိုက်ပြီးနောက် သူက တစ်စုံတစ်ခု တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း မည်သည့်နေရာမျှ စရမှန်း မသိခဲ့ပေ။
ချွေးချန်းက သူ့အတွက် ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီး တစ်ကျိုက်တည်းသောက်၍ ပြောလိုက်၏။
“ငါက ဖြစ်ခဲ့တဲ့အရာတွေအားလုံးကို သိပြီးသွားပြီ…”
ထို့နောက် သူက လင်းရှို့ယီကို အပြုံးနှင့် လှည့်ကြည့်ပြီး ဆက်ပြောလိုက်သည်။
“အခု ရှဲ့ရှဲ့ကို လှမ်းခေါ်လိုက်။ သူ့ရဲ့သခင်လေးက သူ့အတွက် ရေနွေးငှဲ့ပေးဖို့ လူတစ်ယောက်လိုတယ်လို့ သူ့ကို ပြောလိုက်…”
ထိုစကားကို ကြားသည့်အခါ လင်းရှို့ယီက ခဏကြာ စဉ်းစားနေသည့်အတွက် ချွေးချန်းက ပြောလိုက်သည်။
"မင်းက ဘာလို့မသွားသေးတာလဲ။ မင်းက ရှဲ့ရှဲ့ကို ကြိတ်ပြီး သဘောကျနေတာလား။ မင်းက ဒီည သူနဲ့ အတူတူသွားပြီး အိပ်မှာကို စိုးရိမ်နေတာလား။ မင်းက မျက်လုံးကန်းနေတာလား ဒါမှမဟုတ် ငါက မျက်လုံးကန်းနေတာလား…"
လင်းရှို့ယီက မကျေမနပ်ဖြစ်သွားသော အမူအရာနှင့် မတ်တပ်ရပ်လိုက်ပြီး ရှဲ့ရှဲ့ကို ရှာဖွေရန် အိပ်ဆောင်ထဲမှ ထွက်သွားခဲ့သည်။
ထိုအချိန်တွင် ချွေးချန်းကတော့ စိတ်ပျက်နေသော လီဟွိုင်ကို အပြုံးနှင့် ပြောလိုက်သည်။
"ဝမ်းနည်းမနေနဲ့တော့ လီဟွိုင်…
ချန်းပင်အန်းသာ ဒီမှာဖြစ်ခဲ့တဲ့အရာတွေကို ကြားသွားမယ်ဆိုရင် မင်းက ရဲရင့်ပြီး ကြံ့ခိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်လာတဲ့အတွက် မင်းကို သေချာပေါက် ချီးကျူးနေမှာပဲ…"
"တကယ်ပဲလား…"
ထိုစကားကိုကြားသည့်အခါ လီဟွိုင်က ခေါင်းထောင်ကြည့်လိုက်ပြီး ချန်းပင်အန်း၏ ချီးကျူးမှုကို တွေးမိရုံနှင့် ဝမ်းသာသွားခဲ့သည်။
သို့သော် လီပေါင်ဖျင်ကတော့ သူ့ခေါင်းပေါ်ကို ေလောင်းချလိုက်သလို ထင်မှတ်ရသည်။
"နင်က အရူးလား။ ဦးလေးငယ်က မြို့တော်ကနေ ထွက်သွားတာ ကြာပြီ။ အခု သူက ကျောင်းတော်ထဲမှာ ဖြစ်ခဲ့တဲ့အရာတွေကို ဘယ်လိုလုပ်ပြီး သိမှာလဲ။ ပြီးတော့ ဦးလေးငယ်က လူတစ်ယောက်ကို ချီးကျူးတာ ကြားဖူးလို့လား။ အများဆုံး သူက လက်ခံတဲ့ အပြုံးမျိုးပဲ ပြုံးပြတတ်တယ်။ တော်တော်လေးဆိုမှ သူက လက်မထောင်ပြလိမ့်မယ်…"
လီပေါင်ဖျင်က ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး လက်ပိုက်၍ ကောက်ချက်ချလိုက်သည်။
"ဦးလေးငယ်ရဲ့ ချီးကျူးမှုတွေအားလုံး ငါ့အတွက်ပဲ ချန်ထားတာ…"
ထိုစကားကိုကြားသည့်အခါ လီဟွိုင်က စိတ်ပျက်လက်ပျက်အခြေအနေ ပြန်ဖြစ်သွားခဲ့သည်။ အချိန်တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ၏မြက်ဖိနပ်တစ်စုံကို ငုံ့ကြည့်ပြီး အကြံပေးလိုက်သည်။
"ငါက လင်းရှို့ယီနဲ့အတူ လိုက်သွားရင် မကောင်းဘူးလား…"
ထိုစကားကိုကြားသည့်အခါ လီပေါင်ဖျင်က ဒေါသထွက်နေသော အမူအရာနှင့် သူ့ကို လှည့်ကြည့်လိုက်သည်။
"နင်က ဘာလို့ ဒီလို ငကြောက်တစ်ယောက် ဖြစ်နေရသေးတာလဲ ဘာလို့ နင်က အရင်ဆုံး ထွက်ပြေးချင်ရတာလဲ။ တကယ်လို့ တစ်ယောက်ယောက်က နေရာရွှေ့ပေးရမယ်ဆိုရင် အဲဒီ(၃)ယောက်ပဲ ဖြစ်သင့်တယ်…"
ထို့နောက် သူမက ခေါင်းခါပြီး စားပွဲခုံပေါ်တွင် မှီ၍ အိပ်နေခဲ့သည်။ သူမက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"ထားလိုက်ပါတော့။ ငါက နင့်ကို ဒီကိစ္စတွေပြောဖို့ အခွင့်အရေးမရှိဘူး…"
ထိုအချိန်တွင် ယုလုက ခက်ခက်ခဲခဲ ထထိုင်လိုက်သည်။ လီဟွိုင်က သူ့ကို အလွန်အမြန် ကူညီပေးလိုက်၏။ ယုလုက နံရံကို ကျောမှီပြီး တင်ပျဉ်ခွေထိုင်၍ တောင်းပန်သောအသံနှင့် ပြောလိုက်သည်။
"ကျွန်တော်က အရိုအသေမပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ သခင်လေး…"
Translated by Hein Htet.