အခန်း (၁၇၁)
Vol. 12 Ch. 171
လီဟွိုင်က အိမ်တွင်သာ လူစွာလုပ်ရဲသော ကောင်စုတ်လေးတစ်ယောက်ဟု အိုက်လျန်က တစ်ကြိမ် စနောက်ခဲ့ဖူးသည်။ သို့သော် သူက အပြင်ဘက်တွင်တော့ အနည်းငယ် ကြောက်လန့်တတ်၏။ ထိုအရာက သူ့အမေဆီမှ အများဆုံး လက်ခံထားခဲ့သော အရည်အသွေးတစ်ခုလည်း ဖြစ်သည်။
အရှေ့ပိုင်း ခမ်းနားခြင်းတောင်ထိပ်ကိုမရောက်သေးခင် ချောက်ကမ်းပါးကျောင်းတော်ကြီးကို မြင်တွေ့လိုက်ရုံနှင့် လီဟွိုင်၏အမေက အနည်းငယ် စတင်ကြောက်လန့်လာခဲ့သည်။ သူမက သတ္တိမျာကုန်ဆုံးသွားခဲ့ပြီး မြို့ငယ်လေးထဲရှိ လမ်းကြားလေးများထဲတွင် အယုတ္တအနတ္တများ ပြောခဲ့သော သတ္တိများပင် လုံးဝပျောက်ကွယ်သွားပုံရသည်။
တစ်ဖက်တွင်တော့ လီဟွိုင့်အဖေ၏ ခြေလှမ်းများက ခရီးစဉ်တစ်လျှောက်လုံး သွားနေသကဲ့သို့ အလွန်တည်ငြိမ်ပြီး ပြတ်သားနေခဲ့သည်။ သူ့သမီး လီလျှိုကလည်း အတော်လေးကို တည်ငြိမ်အေးချမ်း၏။ သူမဆီတွင် မည်သည့်စိုးရိမ်မှုမျှမရှိခဲ့ချေ။
အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းနယ်မြေထဲတွင် တာ့ဆွေတိုင်းပြည်၏ မြို့တော်ရှိ မြို့သူမြို့သားများက မောက်မာပြီး ရင်းနှီးဖော်ရွေမှု မရှိသည့်အတွက် နာမည်ကျော်ကြားသည်။ သို့သော် သူတို့ကတော့ ထိုကဲ့သို့ သနားကြင်နာတတ်ပြီး လှပသော မိန်းကလေးတစ်ယောက်ကို ကူညီပေးရန် ဆန္ဒရှိကြသည်။
ချောက်ကမ်းပါးကျောင်းတော်က တယ့လီအင်ပါယာထဲမှ ရေွှ့ပြောင်းသွားခဲ့ပြီး ကွန်ဖြူးရှပ်လမ်းစဉ် ကျောင်းတော်(၇၂)ခုထဲမှ ဖယ်ရှားခံခဲ့ရသည့်အတွက် သူတို့၏အဆင့်အတန်းက ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့ရသော်လည်း တာ့ဆွေတိုင်းပြည်ထဲမှ စာသင်သားမြောက်များစွာ လေးစားအားကျနေရသော နေရာတစ်ခု ဖြစ်နေသေးသည်။ ထို့ပြင် ကျောင်းတော်၌ ရှိနေသော ဆရာများ၏ ကျင့်ဝတ်သိက္ခာက လုံးဝနှိုင်းယှဉ်၍ မရနိုင်သေးပေ။
သူတို့(၃)ယောက်၏ပုံစံက အနည်းငယ် စုတ်ပြတ်နေပြီး ပုံစံက ဆိုးရွားသော်လည်း သူတို့က ကျောင်းတော်ထဲမှ စာသင်သားတစ်ယောက်၏ ဆွေမျိုးများဖြစ်ကြောင်း ပြောလိုက်သည့်အခါ လေးစားမှုနှင့် ရင်းနှီးဖော်ရွေစွာ ဆက်ဆံခံခဲ့ရသည်။
သူတို့က ပြင်ပဧည့်သည်များအတွက် အထူးနေရာချထားပေးသော ကျောင်းတော်၏ နားနေဆောင်ကို ခေါ်ဆောင်သွားခံရပြီး ထိုနေရာတွင် နေထိုင်ရန် နေရာချပေးခဲ့သည်။ ထို့နောက် သူတို့က လီဟွိုင်၏အခန်းကို သွားရောက်ရှာဖွေရန် ခေါ်သွားပေးခဲ့သည်။
လီဟွိုင်က စာသင်ခန်းထဲတွင် မရှိကြောင်း သိလိုက်ရသည့်အခါ သူတို့က လင်းရှို့ယီ၏ အိပ်ဆောင်ထဲသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုနေရာတွင် သူက မြေကြီးကို သစ်ကိုင်းတစ်ခုနှင့် ရိုက်နှက်နေခဲ့၏။
ဆရာဖြစ်သူက လင်းရှို့ယီ၏ အိပ်ဆောင်တွင် လီဟွိုင်ကို သွားရှာရန် သိနေရသည့် အကြောင်းပြချက်မှာလည်း ထိုကလေး(၃)ယောက်က မူလတောင်ထိပ်သခင်၏ လက်ရင်းတပည့်(၃)ယောက်ဟူသော အဆင့်အတန်းကြောင့် အနီးကပ် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
ထို့ပြင် သိပ်မကြာခင် အတောအတွင်း အလွန်ကြီးမားသော ပြဿနာတစ်ခု ဖြစ်ခဲ့သည့်အတွက် လူတိုင်းက ထိုကလေး(၃)ယောက် နေထိုင်သည့်နေရာနှင့် လုပ်နေသော အရာများကို သတိထားနေကြသည်။ ကျောင်းတော်ထဲတွင် ရှိနေသော ဆရာအများစု၏ မျက်လုံးထဲတွင်တော့ သူတို့က အလွန်အမင်း စိုးရိမ်ရသည့် ကိစ္စတစ်ခုတော့ မဟုတ်ချေ။ သူတို့၏သင်ကြားမှုကိုသာ ရွေးချယ်ပြီး သူတို့အပေါ် အချိန်နှင့် ခံစားချက်များ အလွန်အကျွံ မြှုပ်နှံထားခြင်းမရှိလျှင် ပြဿနာများဖြစ်မလာနိုင်တော့ပေ။
သူ့နာမည်ခေါ်သံ ကြားသည့်အခါ လီဟွိုင်က ခေါင်းထောင်ကြည့်လိုက်ပြီး သူနှင့်ရင်းနှီးနေသည့် လူ(၃)ယောက် လျှောက်လာသည်ကိုမြင်သည့်အခါ အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက အိမ်မက် မက်နေသည်ဟုပင် တွေးမိခဲ့၏။
မျက်လုံးကို လက်နှင့် သေချာပွတ်သပ်လိုက်ပြီးနောက် သစ်ကိုင်းကို လွှင့်ပစ်လိုက်ပြီး သူ့မိသားစုဆီသို့ ပြေးသွားခဲ့၏။ သူက ရိုရိုသေသေ ဦးညွတ်လိုက်ပြီး သူ့မိဘများနှင့် အစ်မကို ဤနေရာသို့ ခေါ်လာပေးသော ဆရာကို ကျေးဇူးတင်လိုက်သည်။
ထို့နောက် သူက မျက်ရည်များပြည့်နေသော အမူအရာနှင့် ပြန်လှည့်လာပြီး စကားတစ်ခွန်းပင် မပြောနိုင်ခဲ့ပေ။ အနားတွင် မိဘများမရှိသည့်အတွက် တစ်ခါတစ်ရံ သူကစိတ်ဓာတ်ကျသလို ခံစားမိခဲ့သည်။ သို့သော် သူက ထိုခံစားချက်များကို ထိန်းချုပ်ခဲ့၏။
ယခုတော့ သူ့မိဘများက သူ့ရှေ့တွင် ရပ်နေကြသည့်အတွက် သူ၏ခံစားချက်များကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ချေ။ ထိုအရာများက ရေလှောင်တမံကြီးတစ်ခုကဲ့သို့ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
သိပ်မကြာခင် အတောအတွင်း သူက ခရီးရှည်ကြီးတစ်ခု လာခဲ့ရသည်။ သူက အတော်လေးကို ငယ်ရွယ်နေသေးသော်လည်း ချန်းပင်အန်း၏လမ်းညွှန်မှုအောက်တွင် ကိစ္စရပ်များစွာကို မြင်တွေ့ခဲ့ရ၏။ သူတို့က ဆောင်းဦးရာသီနှောင်းပိုင်းမှနေ၍ ဆောင်းရာသီအစောပိုင်းထိ ခရီးသွားလာခဲ့ရသည်။
ဤအချိန်အတောအတွင်း သူက ပို၍ သိုသိုသိပ်သိပ် နေထိုင်ရန် သင်ယူခဲ့ရပြီး မြို့ငယ်လေးတွင် နေထိုင်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာ လှည့်ပတ်သွားလာခြင်းမျိုးလည်း မရှိတော့ပေ။
သူက မျက်ရည်များကိုသုတ်ပြီးမေးလိုက်၏
"အဖေ ၊ အမေ ၊ လီလျှို.. ဘာလို့ ဒီကိုရောက်လာတာလဲ…"
သူတို့(၃)ယောက်ကို ခေါ်လာသောဆရာက ပြုံးပြလိုက်ပြီး သူတို့ကို နှုတ်ဆက်၍ ထွက်ခွာသွားခဲ့၏။
ဆရာ ထွက်သွားသည်နှင့် လီဟွိုင်၏အမေက ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျဆင်းသွားသလို ခံစားလိုက်ရသည်။ သူမက လီဟွိုင်ကို လှည့်ကြည့်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
"ငါ့သားလေး …
တော်တော်လေးကိုပိန်ပြီး အသားမဲသွားတာပဲ။ ငါ့ရဲ့နှလုံးသားလေးတွေ ကွဲကြေကုန်ပါပြီ။ ဒါတွေအားလုံးက မင်းအဖေရဲ့အမှားပဲ။ ငါတို့က မြို့တော်ကနေ အဝေးကြီးကို ရောက်နေတာ။ ဒါပေမယ့် သူက သားအတွက် စိုးရိမ်တယ်လို့ ရုတ်တရက် ပြောတယ်လေ။ သားဆီမှာ ငွေကြေးအလုံအလောက်မရှိမှာကို သူက စိုးရိမ်နေတာ။ မဟုတ်ရင်လည်း နေမကောင်းဖြစ်ပြီး ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိမှာကို စိုးရိမ်နေခဲ့တာ။ ဒါကြောင့် အမေတို့(၃)ယောက်က ပြန်လှည့်လာပြီး ကျောင်းတော်ကို လာလည်ဖို့ ဆုံးဖြတ်လိုက်တာ…"
အရပ်ပုပု သန်သန်မာမာနှင့် လီအာ့ကတော့ နောက်ကျောတွင် အဝတ်ထုပ်ကြီးများကို သယ်ဆောင်ပြီး သံကျောင်းဆောင်ကြီးတစ်ခုကဲ့သို့ ရပ်နေသည်။ သူက ခေါင်းကုတ်ပြီး အိုးတို့အမ်းတမ်း အမူအရာနှင့် ပြောလိုက်၏။
"ဟွိုင်အာက ကျောင်းတော်ထဲမှာ ကြက်ပေါင်စားရလား သိချင်တယ်လို့ ပြောလိုက်တာပါ။ ဒါပေမယ့် မင်းအမေနဲ့ မင်းအစ်မတို့ကတော့ ချက်ချင်း ငိုကြတယ်လေ။ ငါက သူတို့ကို နှစ်သိမ့်ပေးဖို့ကြိုးစားခဲ့ပေမယ့် အဆုံးမှာတော့ သူတို့က နားမထောင်ခဲ့ဘူး။ ဒီတော့ ပြန်လာခဲ့ရတာပေါ့…”
အမှန်တရားကို ပြောပြလိုက်သည့်အချိန်တွင် လီဟွိုင်၏အမေက လီအာ့ကို မကျေမနပ် အမူအရာနှင့် ပြန်လှည့်ကြည့်လိုက်သည်။ သူမက ချက်ချင်းပြန်ပြောလိုက်၏။
"ပါးစပ်ပိတ်ထားစမ်း အရူးကောင်..။ တကယ်လို့ ရှင်က ဟွိုင်အာကို မမြင်ချင်ဘူးဆိုရင်လည်း တောင်ခြေမှာ တစ်ယောက်တည်း သွားရပ်နေလိုက်…"
လီအာ့၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မည်သည့်နေရာမျှမသွားခဲ့ပေ။ လီဟွိုင်၏အမေက ဒူးထောက်လိုက်ပြီး သူ့သား၏ခေါင်းကို လက်နှင့်ပုတ်၍ လက်ကလေးများကို ညင်သာစွာ ဖြစ်ညှစ်နေခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာတစ်ခုပေါ်လာပြီး မေးလိုက်၏။
"သားက ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ။ အိပ်ဖို့စားဖို့တောင် ခက်ခဲလို့လား…"
လီဟွိုင်၏မျက်နှာပေါ်တွင် ဂုဏ်ယူရသော အမူအရာတစ်ခုပေါ်လာပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော် အိပ်ရတာတွေ စားရတာတွေက အရမ်းအံ့ဩဖို့ကောင်းတယ်။ အမေ… ကျွန်တော်က ချန်းပင်အန်းတို့ နောက်ကနေလိုက်ပြီး ကျွန်တော့်ရဲ့ ခြေထောက်နှစ်ချောင်းနဲ့ ချောက်ကမ်းပါးကျောင်းတော်ကို လျှောက်လာခဲ့တာ။ ကျွန်တော်တို့က ကီလိုမီတာ ထောင်ပေါင်းများစွာ သွားခဲ့ရတယ်၊ မြို့ငယ်လေးထဲကနေ သွားစားပွဲတောင် ၊ ပြီးတော့ ဖယောင်းတိုင်နီမြို့ ၊ ပြီးတော့ ပန်းထိုးမြစ် ၊ ပြီးတော့ ယဲ့ဖူတောင်ကြားနဲ့ နောက်ဆုံးမှာတော့ ခုံရုံးဝါတိုင်းပြည်ကို ဖြတ်လာခဲ့တယ်။ အဲဒါတွေကို မြင်ဖူးလား... "
သူက နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် ခြေတစ်ဖက်မြှောက်ပြပြီး ပြောလိုက်၏။
"ချန်းပင်အန်းက ကျွန်တော့်အတွက် ဒီမြက်ဖိနပ်လေးတွေ ယက်ပေးတယ်။ ဒီမြက်ဖိနပ်တွေက တော်တော်လေးကို ကြံ့ခိုင်ပြီး သက်တောင့်သက်သာလည်း ရှိတယ်။ ကျွန်တော်က ဘယ်လိုယက်လဲဆိုတာ သင်ချင်ပေမယ့် ချန်းပင်အန်းကတော့ သင်မပေးဘူး။ ကျွန်တော်က ဒီကိုလာတဲ့လမ်းတစ်လျှောက်မှာ မြက်ဖိနပ် ဘယ်လောက်တောင်ကုန်လဲဆိုတာ ခန့်မှန်းကြည့်ပါလား အမေ…"
ထိုစကားကိုကြားသည့်အခါ လီဟွိုင်၏အမေက မျက်ရည်များကို ထိန်းမထားနိုင်တော့ပေ။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ် လှုပ်ရှားနေခဲ့၏။ လီလျှိုက သူမ၏ဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏ ပုခုံးကို လက်နှင့်ညင်သာစွာ ကိုင်ထားလိုက်သည်။
လီဟွိုင်၏ မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခု ပေါ်လာပြီး သူ့အမေက ဘာကြောင့် ရုတ်တရက် ငိုလိုက်ရကြောင်း သူလည်း မတွေးမိခဲ့ပေ။ သူက မြက်ဖိနပ်ကို အလျင်အမြန် သိမ်းထားလိုက်၏။
သေချာစဉ်းစားကြည့်လိုက်ပြီးနောက် သူ့ဆီတွင် အတွေးတစ်ခု ပေါ်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့အခန်းကို လိုက်ခဲ့ပါလား အမေ။ အမေတို့ကို ပြစရာတစ်ခုရှိသေးတယ်…"
လင်းရှို့ယီ၏ အိပ်ဆောင်ထဲသို့ ရောက်လာသည့်အချိန်တွင် လီဟွိုင်က သူ၏အစိမ်းရောင်ဝါးသေတ္တာလေးကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် လီပေါင်ဖျင်ကဲ့သို့ လက်ပိုက်လိုက်ပြီး သူ့အစ်မကို လှမ်းကြည့်လိုက်၏။ သူက ချွေးချန်း စကားပြောသည့် အမူအရာနှင့် မေးလိုက်သည်။
"နင်က ဘယ်လိုထင်လဲ။ ဒါက ငါ့ရဲ့စာအုပ်သေတ္တာငယ်လေးလေ။ ဒါက တော်တော်လှတယ် မဟုတ်လား။ နင်က အားကျနေပြီလား…"
ထို့နောက် သူက စာအုပ်သေတ္တာငယ်လေးကို နောက်ကျောတွင် အလွန်ခန့်ညားစွာ လွယ်လိုက်သည်။ သူက စားပွဲခုံကိုပတ်၍ လျှောက်နေသည်မှာ အတော်လေး ရယ်စရာကောင်းနေခဲ့၏။
ဝမ်းနည်းနေသည့် လီလျှိုက သူ့ကို ကူညီပေးလိုက်ပြီး စာအုပ်သေတ္တာလေးကို စားပွဲပေါ်တွင် ပြန်ချပေးလိုက်သည်။ ထို့နောက် မျက်ရည်များပြည့်နေသော မျက်လုံးများနှင့် သူ့ကိုသေချာစိုက်ကြည့်နေခဲ့၏။ အလွန်လှပပြီး နူးညံ့သိမ်မွေ့သော သူမ၏မျက်နှာလေးပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။ ထိုအရာက နွေးထွေးသော နွေဦးရာသီး လေပြေလေညင်းလေးများထဲတွင် ရှိနေသလို ထင်မှတ်ရ၏။
"မင်းကို ဘယ်သူကမှ အနိုင်မကျင့်ဘူး မဟုတ်လား…"
လီအာ့က ရုတ်တရက် မေးလိုက်သည်။
"အဲဒီလိုတော့ မဟုတ်ဘူး…"
လီဟွိုင်က ခေါင်းခါပြီး အပြုံးနှင့်ပြန်ဖြေလိုက်သည်။
သူ့အမေက ချက်ချင်းပင် ဒေါသထွက်သွားခဲ့၏။
"တကယ်လို့ တစ်ယောက်ယောက်က ငါတို့သားကို အနိုင်ကျင့်မယ်ဆိုရင်တောင် နင်က ဘာလုပ်မှာလဲ။ ကြောက်နေတဲ့ နင့်ရဲ့မျက်နှာကိုပဲ ပြန်ကြည့်လိုက်ဦး။ ငါတို့သားက အိမ်မှာ အနိုင်ကျင့်ခံရတဲ့အချိန်တိုင်း ငါကပဲ အမြဲတမ်း သူ့အတွက် ရပ်တည်ပေးခဲ့ရတာ။ နင်က သူ့အတွက် ဘာလုပ်ပေးခဲ့လို့လဲ…"
လီအာ့က နောက်သို့ အနည်းငယ်ကျုံ့သွားခဲ့ပြီး တိတ်ဆိတ်နေသော အသံနှင့် ဆန့်ကျင်ပြောဆိုလိုက်သည်။
"အဲဒါက မြို့ငယ်လေးတုန်းက အချိန်ပါ။ ငါတို့ရဲ့အိမ်နီးချင်းတွေအားလုံးမှာ ရည်ရွယ်ချက်ကောင်းတွေ ရှိကြတယ်လေ။ တကယ်လို့ ငါကသာ ငါတို့ရဲ့ ဆက်ဆံရေးတွေကို ပျက်စီးသွားအောင် လုပ်လိုက်မိမယ်ဆိုရင် နင်ပဲ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်…"
လီဟွိုင်၏အမေက စားပွဲခုံကို လက်နှင့်ရိုက်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"နင်က ငါ့ကို ပြန်ပြောရဲတာလား။ နင်က ငါ့ကို ဆန့်ကျင်ချင်တာလား လီအာ့..။ ဒီခရီးစဉ်အတွင်း နင်က ပိုပြီးကြီးတဲ့ကမ္ဘာကြီးကို မြင်ရတယ်လို့ ခံစားမိနေတာလား၊ ဒါကြောင့် နင့်မိသားစုကို စွန့်ပစ်ပြီး ပိုငယ် ပိုလှတဲ့မိန်းမတစ်ယောက် ပြောင်းမလို့လား.."
"လုံးဝမဟုတ်ဘူး.."
လီအာ့က စိတ်ပျက်သွားသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။
"နင်က သေချာပေါက် လိုချင်နေတာပါ။ နင့်မှာ အဲဒီလို လုပ်ရဲတဲ့သတ္တိမရှိရုံဘဲ။ ပြီးတော့ တစ်ခြားမိန်းမတွေက နင့်ကို လှည့်တောင်မကြည့်ဘူးလေ…"
လီဟွိုင်၏အမေက ခနဲ့သလို ပြောလိုက်သည်။
"ငါတို့က အရင်တစ်ခေါက် အဲဒီခြေတံရှည်တွေကို မြင်လိုက်ရတဲ့အချိန်တိုင်း သူက မကောင်းတဲ့မိန်းမဆိုတာ ငါ သိတယ်။ နင်က သူ့ကို ခိုးခိုးပြီး မကြည့်ဘူးလို့ ငါ့ကို မပြောစမ်းနဲ့။ ရယ်စရာကောင်းလိုက်တာ။ သူကတော့ ရင်ဘတ်မှာ ဘာမှတောင် မရှိဘူး။ ဒါပေမယ့် သူက ငါ့ထက် ပိုပြီးလှတယ်လို့ နင်က ထင်နေတာပဲ…"
လီအာ့က တစ်စုံတစ်ခု ပြန်ပြောချင်နေသော်လည်း မပြောခဲ့ပေ။ အဆုံးတွင်တော့ သူက ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်မိ၏။ တောင်ပေါ်တွင် ပေါ်လာခဲ့သော မိန်းမပျိုက အတော်လေး ငယ်ရွယ်ပုံ ရသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ အသက်(၇၀၀) (၈၀၀)နီးပါးခန့်ရှိပြီး အဆင့်(၉) နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အကယ်၍ သူသာ သူမကို သတိပေးသည့်အနေနှင့် လှည့်မကြည့်ခဲ့လျှင် သူမက အစာအဖြစ် သူတို့ကို သတ်ပစ်ရန် ကြိုးစားမည်ဖြစ်၏။
အကယ်၍ သူ့ဇနီးနှင့် သူ့သမီးကသာ သူ့အနား၌ မရှိလျှင် သူက လက်သီး တစ်ချက်တည်းနှင့် ထိုမိန်းကလေးကို သတ်ပစ်နိုင်ပါလိမ့်မည်။ သို့သော် သူက ထိုအရာများကို သူ့မိန်းမ သိအောင် ရှင်းပြရဲခြင်း မရှိချေ။
မြေပေါ်တွင် ထိုင်ချပြီးသည်ကိုပင် လီအာ့က နောက်ကျောတွင် ရှိနေသော အထုပ်များကို ဆက်၍ လွယ်ထားသေးသည်။ သူ့ပုံစံက တောင်တန်းကြီးတစ်ခုကိုမှီပြီး အနားယူနေသလို ထင်မှတ်ရ၏။
"နင်က နောက်ကျောမှာ အထုပ်တွေကို သယ်ထားပြီး ဘာလုပ်တာလဲ…"
လီဟွိုင်၏အမေက ပြောလိုက်သည်။
"နင်က ငါတို့သားအတွက် ပစ္စည်းတွေကို အဲဒီထဲမှာပဲ ဆက်ပြီး သိမ်းထားချင်နေတာလား။ ဒါဆိုရင် အဲဒီမြေခွေးမအတွက် ချန်ထားလို့ရတယ်မလား…"
လီအာ့က ချက်ချင်း အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး အထုပ်ကိုဖြေ၍ အဝတ်အစား၊ စားစရာနှင့် စာအုပ်များကို ဆွဲထုတ်လိုက်သည်။
"ဘယ်အချိန်တုန်းကများ ကျွန်တော်တို့မိသားစုက ဒီလောက်ချမ်းသာသွားတာလဲ…"
လီဟွိုင်က စိတ်ဝင်စားနေသော အမူအရာနှင့် မေးလိုက်သည်။
သူ့အမေက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"မင်းအဖေက အရူးတစ်ယောက်ပေမယ့် တော်တော်ကံကောင်းတဲ့အရူးလေ။ သူက လမ်းမှာ ဆေးပင်တစ်ချို့ကို တွေ့ခဲ့ရတဲ့အတွက် ငွေအများကြီးနဲ့ ရောင်းချနိုင်ခဲ့တယ်။ အဲဒါက အမေ့ဘဝမှာ ပထမဆုံးအကြိမ် ရွှေကို မြင်ဖူးတာပဲ။ အဲဒါက တလက်လက် တောက်ပနေတယ်။ ကြည့်လိုက်တာနဲ့တောင် ဝမ်းသာစရာကြီးလေ။ အမေက ချမ်းသာမှုတွေ စုဆောင်းနိုင်ပေမယ့် မင်းရဲ့လက်ထဲကိုတော့ ပေးဖို့ စဉ်းစားမထားဘူး။ နောက်ပိုင်း မင်း မိန်းမယူတဲ့အချိန်ကျရင်ပေးဖို့ သိမ်းထားတယ်…"
လီဟွိုင်က သူ့အစ်မကိုပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့်ပြောလိုက်သည်။
"အော် ဒါနဲ့ ကျွန်တော်က လက်ထပ်ဖို့ အလျင်မလိုပါဘူး။ အစ်မရဲ့ခန်းဝင်ပစ္စည်းအတွက်ပဲ သိမ်းထားလိုက်ပါ…"
သူ့အမေ၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ "လက်ထပ်သွားတဲ့ သမီးတစ်ယောက်က ရေဖြန်းလိုက်သလိုပဲ။ သူ လက်ထပ်သွားပြီဆိုရင် တစ်ခြားမိသားစုရဲ့ အပိုင်ဖြစ်သွားပြီ။ ဒါကြောင့် သူ့ရဲ့ခန်းဝင်ပစ္စည်းအတွက် ဘာလို့ ငါက စုထားရမှာလဲ…"
လီလျှိုကတော့ သူမအမေ၏ မျက်နှာလိုက်မှုနှင့် အသားကျနေပြီးသား ဖြစ်သည့်အတွက် ပြဿနာ မရှိတော့ပေ။ ငယ်ငယ်လေးကတည်းက သူမက အလွန်သိမ်မွေ့ညင်သာပြီး သဘောကောင်းသည့် အကျင့်စရိုက် ရှိသည်။ သူမက ထိုအချက်ကို သူမ၏အဖေဆီမှ ယူဆောင်ထားပုံရ၏။
တစ်ဖက်တွင်တော့ လီဟွိုင်၏အကျင့်စရိုက်က သူမအမေနှင့်အတော်လေးကို တူညီနေပြီး သူက စိတ်ဝင်စားစရာကောင်းလောက်အောင် အပြောင်းအလဲ မြန်လွန်းလှသည်။ ထို့ကြောင့် အဖေတူသမီးနှင့် အမေတူသားဟူ၍ ဖြစ်လာပုံရသည်။
လီဟွိုင်က ခေါင်းခါပြီး ထိုစကားကို လက်မခံခဲ့ပေ။
"အမေ...
တကယ်လို့ အမေက ဒီလိုစဉ်းစားနေမယ်ဆိုရင် အစ်မက ယောကျ်ားကောင်း တစ်ယောက် ရှာတွေ့မယ်ဆိုရင်တောင် ဖိနှိပ်ခံရမှာပဲ။ အမေက အဖေ့လို ရိုးသားပြီး သနားကြင်နာမှုရှိတဲ့ လူတစ်ယောက်ကို ကံကောင်းပြီး တွေ့ခဲ့တယ်။ အမေက သူ့ဆီကနေ အရာအားလုံး လုပ်ပေးဖို့ တောင်းဆိုတယ်။ တကယ်လို့ အဖေကသာ လူဆိုးတစ်ယောက်ဖြစ်နေပြီး အမေ့ကို နှိပ်စက်မယ်ဆိုရင် အမေအတွက် ရပ်တည်ပေးဖို့ ကျွန်တော့်ရဲ့ဦးလေးတွေကို အားကိုးနိုင်မှာလား။ မိသားစုရဲ့ထောက်ပံ့မှုမရှိရင် အမေက ပိုပြီးတော့ စိတ်ပျက်သွားနိုင်ပြီး တဖြည်းဖြည်းနဲ့ နာမကျန်းဖြစ်လာလိမ့်မယ်။ အဲဒါမမှန်ဘူးလား.. အမေ…"
ထိုစကားကို ကြားသည့်အခါ လီဟွိုင်၏အမေဆီတွင် ပြန်ပြောစရာစကားလုံးများ မရှိတော့ချေ။ တစ်ချိန်တည်းတွင် လီလျှိုကတော့ နှုတ်ခမ်းလေးကို လက်နှင့်ကာပြီး တိတ်တဆိတ် ရယ်လိုက်မိ၏။
အဆုံးတွင်တော့ လီဟွိုင်၏အမေက နှဖူးပေါ်ကို ညင်သာစွာ လက်နှင့် ပုတ်လိုက်ပြီး အသံတိုးတိုးနှင့် ကြုံးဝါးလိုက်သည်။
"အခုတော့ မင်းက အရွယ်ရောက်လာပြီပဲ။ မင်းက အမေ့ဘက်မှာတောင် မရှိတော့ဘူး မဟုတ်လား…"
လီဟွိုင်က ပြုံးလိုက်ပြီး သူ့အစ်မကို အပြုံးနှင့်ပြောလိုက်၏။
"လီလျှို....
ငါက လမ်းတစ်လျှောက်မှာ နင့်အတွက် ယောက်ကျားတွေ အများကြီး ရှာခဲ့ပေးတယ်.."
လီလျှိုက ရှုပ်ထွေးနေသော အမူအရာနှင့် သူ့ကို စိုက်ကြည့်လိုက်သည်။
လီဟွိုင်၏အမေကတော့ မကျေမနပ်ဖြစ်နေသည့်အမူအရာနှင့် သူ့ခေါင်းကို ရိုက်လိုက်၏။
"ဘာတွေပြောနေတာလဲ... မင်းအစ်မက လူတစ်ယောက်ကိုပဲ လက်ထပ်နိုင်တယ်။ တကယ်လို့ သူက ဆိုးတဲ့ယောကျ်ားတစ်ယောက်ကို လက်မထပ်ချင်ဘူးဆိုရင်တောင် ကွာရှင်းပြီးမှပဲ နောက်တစ်ယောက်ကို လက်ထပ်လို့ရနိုင်မယ်။ တစ်ကြိမ်တည်းနဲ့ ယောကျ်ားတွေ အများကြီးကို လက်ထပ်လို့မရဘူး…"
လီဟွိုင်က သူ့အစ်မကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။
"လီလျှို …
အခုငါက လင်းရှို့ယီနဲ့ အတူတူနေနေတာ…"
"လင်းရှို့ယီ...
သူ့အဖေက မီးဖိုကြီးကြပ်ရေးရုံးမှာ အရာရှိတစ်ယောက်လုပ်ခဲ့တဲ့ ကောင်လေးလား.."
သူ့အမေက မေးလိုက်သည်။
လီဟွိုင်က ခေါင်းညိတ်ပြလိုက်၏။
"အဲဒါသူပဲလေ။ သူက အစ်မကိုလုဖို့ တုံရှိုကျင်းနဲ့ တိုက်ခိုက်ခဲ့တဲ့တစ်ယောက်လေ။ အခုသူက တော်တော်လေး အစွမ်းထက်နေပြီ။ ကျွန်တော့်ကိုလည်း ကောင်းကောင်းဆက်ဆံတယ်။ မြို့ငယ်လေးက ကျောင်းထဲမှာတော့ ကျွန်တော်က သူ့အပေါ်သိပ်ပြီးတော့ အမြင်မကြည်ဘူး။ ဒါပေမယ့် သူက တော်တော်လေးကောင်းတဲ့ လူကောင်း တစ်ယောက်ဆိုတာ နားလည်သွားပြီ။ သူ့ရဲ့အကျင့်စရိုက်က နည်းနည်းအေးစက်ပြီး စိတ်မရှည်တဲ့အတွက် ကျွန်တော့်ရဲ့အနာဂတ်ဦးလေးငယ် ချန်းပင်အန်းကိုတော့ မယှဉ်နိုင်ဘူး…"
လီလျှိုက ထိုစကားကို တုန့်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ လီဟွိုင်၏အမေက အပြုံးနှင့် မေးလိုက်၏။
"မင်းပြောနေတဲ့ ချန်းပင်အန်းဆိုတာက ဘယ်သူလဲ။ သူ့ရဲ့မိသားစုက ချမ်းသာလား။ သူက မင်းရဲ့အစ်မအတွက် ရွေးပေးထားတဲ့ ယောကျ်ားတွေထဲက တစ်ယောက်လား.."
လီလျှိုက ခေါင်းခါပြီး တုံ့ပြန်လိုက်သည်။
"ချန်းပင်အန်းက သမီးရဲ့မိတ်ဆွေတွေထဲက တစ်ယောက်ပါ…"
လီဟွိုင်က ခေါင်းခါပြီး ပြောလိုက်သည်။
"ချန်းပင်အန်းက အိုက်လျန်လိုပဲ ကျွန်တော့်ရဲ့ အကေင်းဆုံးမိတ်ဆွေတွေထဲက တစ်ယောက်ပါ..။ ဒါပေမယ့် သူက လီလျှိုအတွက် ရွေးပေးထားတဲ့ ယောကျ်ားတွေထဲက တစ်ယောက်တော့ မဟုတ်ဘူး။ သူတို့က အသက်တူပေမယ့် လီလျှိုက သူ့အတွက် မလုံလောက်သေးဘူး…"
သူ့အမေက နောက်တစ်ကြိမ် သူ့ခေါင်းကိုရိုက်ပြီး အပြစ်တင်လိုက်သည်။
"လီလျှိုက သူ့အတွက် လုံလောက်အောင် မကောင်းသေးဘူးဆိုတာ ဘာကိုပြောတာလဲ။ မင်းက ကိုယ့်အစ်မကို ဒီလိုပဲ ပြောရလား။ မင်းအစ်မက ဘာများဖြစ်နေလို့လဲ။ သူက ရုပ်ရည်လှတယ်.. အကျင့်စရိုက်ကောင်းတယ်။ သူက လူတိုင်းအတွက် အရမ်းအံ့ဩစရာကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်ပေးနိုင်တယ်။ သူ့က အရမ်းကောင်းလွန်းတော့ သူနဲ့ကိုက်ညီတဲ့သူတောင် မရှိဘူး…"
လီအာ့ကတော့ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး မျက်နှာပေါ်တွင် ထူးခြားသော အမူအရာတစ်ခု ရှိနေသည်။
လီဟွိုင်၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်၏။
"တကယ်လို့ ကျွန်တော်သာ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့အစ်မက ရုပ်ရည်အရ ကောင်းပါတယ်။ ဒါပေမယ့် မိသားစုနောက်ခံကတော့ ကျွန်တော် ပြောဖို့တောင် မလိုတော့ဘူး…"
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်သည်။ "အဲဒါကိုပြောရမယ်ဆိုရင် ကျွန်တော်တို့မိဘတွေက ဘယ်သူဖြစ်ရမယ်ဆိုတာ ကျွန်တော်တို့က ဆုံးဖြတ်လို့မရဘူးလေ။ ပြီးတော့ ကျွန်တော်တို့မိသားစုက တော်တော်လေးကို ဆင်းရဲတယ်။ အမေနဲ့အဖေကတော့ ကြီးမြတ်တဲ့သူတွေပဲ။ တစ်ကြိမ်မှာတော့ ကျွန်တော်က တောင်တန်းတွေထဲမှာ ချန်းပင်အန်းနဲ့အတူ အလေးသွားနေရင်း တစ်ချိန်တည်းမှာပဲ စကားပြောခဲ့ကြတယ်။ သူ့မိဘနှစ်ယောက်လုံး အစောကြီး သေသွားခဲ့တယ်လို့ ချန်းပင်အန်းက ကျွန်တော့်ကိုပြောတယ်။ ဒါကြောင့် အမေနဲ့အဖေကို လေးစားပြီး ချစ်မြတ်နိုးသင့်တယ်လို့ သူက ပြောတယ်…”
“အဲဒီအချိန်မှာတော့ ကျွန်တော်လည်း သိပ်ပြီး မစဉ်းစားမိခဲ့ဘူး။ သူက ပြောစရာ စကားစတစ်ခုရှာတယ်လို့ပဲ တွေးခဲ့မိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲဒါက သူ့ရဲ့နှလုံးသားထဲကလာတဲ့ အကြံဉာဏ်တစ်ခုဆိုတာ နားလည်သွားတယ်။ ကျွန်တော်က ချန်းပင်အန်းနဲ့ တော်တော်လေးကို ရင်းနှီးသွားတယ်…”
“ကျွန်တော်က သရဲကြောက်တတ်တယ်ဆိုတာ အမေတို့လည်း သိတာပဲ။ ကျွန်တော်က ညအချိန် တစ်ယောက်တည်း ကြောက်နေတဲ့ အချိန်တိုင်း သူက ကျွန်တော်နဲ့အတူ လာနေပေးပြီး ကျွန်တော်က စိတ်ပျက်စရာကောင်းတယ်လို့လည်း လုံးဝမပြောခဲ့ဘူး။ သူ့ရဲ့ရင်ထဲမှာတောင် ကျွန်တော်က စိတ်ပျက်စရာကောင်းတယ်လို့ လုံးဝမတွေးခဲ့ဘူး။ သူ့လို လူတစ်ယောက်က အစ်မအတွက် သေချာပေါက် အရမ်းကိုကောင်းလွန်းတယ်..”
“ဒါဆိုရင် သူက မင်း အီးပါတာကို လိုက်စောင့်ပေးလို့ လူကောင်းတစ်ယောက်လို့ ပြောနေတာပဲ…"
လီဟွိုင်၏အမေက အေးစက်စွာ ပြောလိုက်သည်။
လီဟွိုင်က လက်ချောင်းလေးများကို ရေတွက်နေပြီး ပြန်ဖြေလိုက်၏။
"အဲဒီအပြင် ချန်းပင်အန်းက ကျွန်တော့်အတွက် ဒီစာအုပ်သေတ္တာနဲ့ မြက်ဖိနပ်တွေ အများကြီး လုပ်ပေးတယ်။ ကျွန်တော့်အတွက် ဟင်းချက်ပေးတယ်။ အဝတ်အစားတွေကို လျှော်ပေးတယ်။ ကျွန်တော့်ရဲ့မြည်းကို စောင့်ရှောက်ဖို့အတွက် ကူညီပေးတယ်။ တစ်ကြိမ်မှာတော့ ကျွန်တော်က ဖျားနေတဲ့အတွက် သူက ညကြီးသန်းခေါင် တောင်တန်းတွေထဲကနေ ဆေးဝယ်ဖို့အတွက် အဝေးကြီးကို ခရီးသွားခဲ့သေးတယ်။ သူက ကျွန်တော့်အတွက် စာအုပ်တွေနဲ့ ကျောက်စိမ်းဆံထိုးလေးတစ်ခု ဝယ်ပေးပြီး လက်သီးသိုင်း သင်ပေးတယ်။ ကျွန်တော့်ရဲ့မိဘတွေကို ကောင်းကောင်းဆက်ဆံဖို့လည်း ပြောပေးတယ်။ ကျွန်တော် အမှားတစ်ခုခု လုပ်တဲ့အချိန်တိုင်း ကျွန်တော့်ကို လုံးဝမဆူဘူး။ အပြစ်မတင်ဘူး။ အဲဒီအစား ကျွန်တော့်ဘေးမှာပဲ ရပ်တည်ပေးပြီး တစ်ခြားသူတွေ အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးတယ်။ ကျွန်တော့်ကို တစ်ခြားသူတွေက ထိခိုက်အောင် လုပ်ခွင့်လည်း မပေးဘူး။ သူ လုပ်ပေးခဲ့တဲ့တာတွေက များလွန်းလို့ ရေတွက်လို့တောင် မရနိုင်ဘူး။ ကျွန်တော်က သူ့ကို ယောက်ဖတော်ရရင် ဝမ်းသာတာပေါ့။ ဒါပေမယ့် ကျွန်တော်ရဲ့အိမ်မက်ကတော့ အမှန်ဖြစ်လာမှာ မဟုတ်ဘူး…"
ထိုစကားကိုကြားသည့်အခါ လီဟွိုင်၏အမေဆီတွင် ပြန်ပြောစရာ စကားလုံး မရှိတော့ပေ။
သူ့သားက တစ်စုံတစ်ယောက်အကြောင်း ပြောသည့်အချိန်တွင် အလွန်ဝမ်းသာပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေသည်ကို လီအာ့လည်း လုံးဝမမြင်ဖူးချေ။ ထို့ပြင် ခရီးစဉ်အတောအတွင်း ချန်းပင်အန်းက သူ့ကို စောင့်ရှောက်ခဲ့သည့်အတွက် အလွန်ဝမ်းသာနေခဲ့၏။
လီဟွိုင်၏အမေက ပြုံးလိုက်ပြီး ကြံ့ခိုင်သော ဖိနပ်တစ်စုံကို ဆွဲထုတ်လိုက်သည်။
"မင်းအစ်မက ဒါကို မင်းအတွက် ချုပ်ပေးထားတာ။ ဒါက မင်းရဲ့မြက်ဖိနပ်တွေထက် ပိုပြီးတော့ သက်တောင့်သက်သာရှိလိမ့်မယ်…"
လီဟွိုင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဘာဖြစ်လို့လဲ..."
သူ့အမေက မေးလိုက်၏။
လီဟွိုင်က ဝမ်းနည်းနေသော အမူအရာနှင့် သူ့အမေကို မော့ကြည့်ပြီး ပြောလိုက်သည်။
"ဘာလို့အမေက လီလျှိုထက် ပိုပြီးတော့လှတဲ့နောက်ထပ်ညီမလေးတစ်ယောက် မွေးမပေးရတာလဲ။ ကျွန်တော်က အဲဒီညီမလေးကို ချန်းပင်အန်းဆီ ပေးလိုက်မယ်။ ဒါဆိုရင် သူ့ကို ယောက်ဖပဲဖြစ်ဖြစ် ဦးလေးငယ်ပဲဖြစ်ဖြစ် ကြိုက်သလိုခေါ်လို့ရပြီ…"
လီဟွိုင်၏အမေက နားရွက်ကိုအားနှင့် လိမ်ဆွဲလိုက်သည်။
"မင်းက ကိုယ့်အစ်မကို ဘာလို့ဒီလိုပြောရတာလဲ…"
ထိုအချိန်တွင် လီလျှိုကတော့ ကျေနပ်သော အမူအရာနှင့် ပြုံးနေခဲ့၏။ သူမက စည်းကမ်းမရှိသော သူမ၏မောင်လေးကို ရင်ထဲမှ နှစ်နှစ်ကာကာ သဘောကျသည်။ သူမ၏မောင်လေးက သူမနှင့်ပတ်သက်ပြီး မည်မျှပင် ဆိုးဆိုးဝါးဝါး ပြောဆိုစေကာမူ မိသားစုအပြင်ဘက်မှ လူများမသိသည်မှာ သူက သူမအပေါ် အလွန်ကောင်းသည်။
"ကလေးနှစ်ယောက်ထဲမှာ မင်းရဲ့သမီးက အရမ်းကြီးမားတဲ့ ပါရမီတစ်ခု ပိုင်ဆိုင်ထားတယ်။ မင်းရဲ့သားကတော့ ကံကောင်းမှုကြီးတွေ ဆက်ခံထားတယ်…"
ထိုအရာက ယန်မိသားစုဆေးဆိုင်မှ အဘိုးကြီးယန်၏ မှတ်ချက်ဖြစ်သည်။ ထိုအရာက သူ့ချီးကျူးမှု ဒုတိယတစ်ဝက်လည်း ဖြစ်၏။ သို့သော် လီအာ့ကတော့ ထိုစကားကို ကြားသည့်အခါ ထိုအပိုင်းကို မေ့လျော့ပစ်ရန် ရွေးချယ်လိုက်သည်။
"သူက သူ့ကို ကျိန်ဆဲနေတဲ့သူတွေကိုတောင် ကရုဏာထားပေးဦးမှာပဲ။ လီအာ့ မင်းမှာ ဒီလိုမိန်းမတစ်ယောက်ရှိနေတဲ့အတွက် ဘာမှဝမ်းနည်းစရာတော့ မကောင်းတော့ဘူး…"
တံခါးအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး လင်းရှို့ယီက အိပ်ဆောင်ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။ သူက လီလျှိုကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်နှာက အနည်းငယ် နီရဲသွားပုံရ၏။
လီဟွိုင်ကတော့ ပြဿနာရှာရန် စဉ်းစားနေပုံရပြီး လင်းရှို့ယီနှင့် သူ့အစ်မကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"လင်းရှို့ယီ …
လီလျှိုက ဒီမှာ မင်းမိန်းမလုပ်ဖို့ သူ့သဘောနဲ့ သူလာပြီ…"
လီဟွိုင်၏အမေက လင်းရှို့ယီကို အတော်လေး သဘောကျသည်။ သူမ၏မျက်လုံးထဲတွင်တော့ သူက ချမ်းသာသောမိသားစုမှ ကလေးတစ်ယောက် ဖြစ်နေသည့်အပြင် အလွန်ပညာတတ်ပြီး ဆင်ခြင်နိုင်စွမ်း မြင့်မားသည့် ကောင်လေး တစ်ယောက် ဖြစ်သည်။
သူတို့က လီမိသားစုစံအိမ်သို့ သွားလည်ခဲ့သည့် အချိန်အတောအတွင်း သူက စကားများများ မပြောသော်လည်း လီဟွိုင်၏အမေကို တလေးတစားနှင့် ဆက်ဆံတတ်သည်။ သူတို့က ဆင်းရဲနွမ်းပါးသည့်အတွက် အထင်သေးခြင်း လုံးဝမရှိချေ။ ထို့ပြင် သူမက ပညာတတ်သောလူများကို ရင်ထဲတွင် ပျော့ပြောင်းတတ်သည့်အတွက် သူမ၏သမီးက မချမ်းသာလျှင်ပင် စာသင်သားတစ်ယောက်နှင့် လက်ထပ်ရမည်ဟု ခံစားမိခဲ့သည်။
လီဟွိုင်က ထိုင်ခုံတွင် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။
"ငါ့အစ်မဘေးမှာထိုင်လိုက် လင်းရှို့ယီ။ မင်းက နောက်ပိုင်း သူ့ယောကျ်ားဖြစ်လာမှာပဲ…"
"ပေါက်ကရတွေ ပြောမနေနဲ့…"
သူ့အမေက သူ့ကို လိမ်ဆွဲလိုက်ပြီး အပြစ်တင်လိုက်သည်။
လင်းရှို့ယီက ပင့်သက်ရှိုက်လိုက်ပြီး လီလျှို၏ဘေးတွင် မထိုင်ရဲပေ။ သူက လီဟွိုင်၏ မိဘများကို တလေးတစား နှုတ်ဆက်လိုက်ပြီးနောက် လီလျှိုနှင့် ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
လီဟွိုင်၏အမေနှင့် ဆန့်ကျင်၍ လီအာ့ကတော့ လင်းရှို့ယီထက် တုံရှိုကျင်းကို ပို၍သဘောကျသည်။ သို့သော် သူက လင်းရှို့ယီအပေါ်တွင်လည်း ကောင်းမွန်သော ခံစားချက်တစ်ခု ရှိ၏။ တုံရှိုကျင်း၏ အကျင့်စရိုက်က သူနှင့်ပို၍တူညီနေသည်။ ထို့ကြောင့် သူက အနည်းငယ်ပိုသာသွားခြင်းဖြစ်၏။
ဤအိမ်ထဲတွင်တော့ လီလျှို၏ အနာဂတ်ယောကျ်ားအပေါ် သူ၏ထင်မြင်ချက်က အနည်းဆုံး ဖြစ်ပါလိမ့်မည်။ ထိုအချက်နှင့် ပတ်သက်ပြီး စီစဉ်လိုက်ရမည်ဆိုရင် သူ့မိန်းမ ၊ လီဟွိုင်၊ လီလျှိုနှင့် နောက်ဆုံးမှ သူ့အလှည့်ရောက်မည်ဖြစ်သည်။
သိပ်မကြာခင် စကားဝိုင်းက ကျောင်းတော်နှင့် အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်သို့ ရောက်သွားခဲ့သည်။ လီဟွိုင်၏ မိဘများနှင့် အစ်မက ရက်အနည်းငယ်ကြာ နေထိုင်မည်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ လင်းရှို့ယီက သူတို့ကို လှည့်ပတ်ပြသရန် ကမ်းလှမ်းလိုက်သည်။
လီဟွိုင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး စနောက်လိုက်၏။
"ဒါက သားမက်တစ်ယောက် လုပ်သင့်တဲ့တာဝန်ပဲလေ။ ငါသိပါတယ်.."
ထိုစကားကြောင့် သူ့အစ်မက သူ့ကို လက်သီးနှင့် ညင်သာစွာ ထိုးလိုက်ပြီး သူ့အမေကတော့ သူ့နဖူးကို ခေါက်ခဲ့သည်။
Translated by Hein Htet.