← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

လီအာ့နှင့် ချွေးတုံရှန်းတို့က တောင်ထိပ်ပေါ်သို့ လျှောက်လာကြပြီး မောက်ရှောင်တုံကတော့ စံအိမ်အပြင်ဘက်တွင် မျက်နှာပျက်ပျက်နှင့် ရပ်နေခဲ့သည်။

အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အဆင့်(၁၀)ကျင့်ကြံသူများထက် အဆင့်(၉) သိုင်းပညာရှင်က အဆပေါင်းများစွာ ပို၍နည်းပါးသည်။ ထို့ကြောင့်လည်း တာ့လီအင်ပါယာထဲတွင် စုန့်ချန်ကျင့်၏ အဆင့်အတန်းက အလွန်ထင်ရှားနေရခြင်း ဖြစ်၏။

အဆင့်(၉) သိုင်းပညာရှင်များက သူတို့၏ခန္ဓာကိုယ်များကို လူသားတစ်ယောက်အတွက် ဖြစ်နိုင်သမျှ ကန့်သတ်ချက်အထိ သန့်စင်ထားခြင်း ဖြစ်သည့်အတွက် သူတို့က တိုက်ခိုက်မှုများ အားလုံးကို ခံနိုင်ရည်ရှိကြသည်။

ထိုအရာက ကြားထားသည့် သတင်းများအတိုင်း အမှန်တကယ် အစွမ်းမထက်ကြောင်း မောက်ရှောင်တုံက သိနေခဲ့၏။ မည်သို့ဖြစ်စေကာမူ တောင်တန်းများကို နေရာရွှေ့ပြီး ပင်လယ်ကြီးကို ထက်ခြမ်းခွဲပစ်နိုင်သော အစွမ်းများ ပိုင်ဆိုင်ထားသည့် အထက်ဘုံ(၅)ဆင့် ကျင့်ကြံသူများ ရှိနေသေး၏။

သို့သော် ထိပ်တန်းကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော အဆင့်(၈) စုန့်ချန်ကျင့်၏ စွမ်းဆောင်ရည်က သူတို့ဆီမှ ချီးကျူးမှုကို အမှန်တကယ် ထိုက်တန်သည်။ မည်သို့ဖြစ်စေကာမူ အထက်ဘုံ(၅)ဆင့် ကျင့်ကြံသူများအားလုံးက ကောင်းကင်ဘုံပေါ်တွင် နေထိုင်သော ဆန်းကြယ်သည့် နတ်ဘုရားများကဲ့သို့ ဖြစ်ကြပြီး သူတို့ကို မြင်တွေ့ရသည်မှာ အလွန်အမင်းကို ရှားပါးသည်။

ချွေးတုံရှန်းက အပြုံးနှင့် မိတ်ဆက်ပေးလိုက်၏။

“ဒီတစ်ယောက်ကတော့ မောက်ရှောင်တုံလို့ခေါ်တယ်။ သူက ချီကျင့်ချွန်ရဲ့ ဆရာတူညီလေး ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ချောက်ကမ်းပါးကျောင်းတော်ရဲ့ လက်ထောက်တောင်ထိပ်သခင်ပေါ့။ ဒါပေမဲ့ ဒီနေရာမှာ သူက အဓိကပါပဲ…”

မူလတုန်းကတော့ လီအာ့က မောက်ရှောင်တုံကို သေချာပင် စိုက်မကြည့်ခဲ့ပေ။ သို့သော် ထိုစကားကို ကြားသည့်အခါ ချက်ချင်းဆိုသလိုပင် သူက မောက်ရှောင်တုံကို အပြုံးနှင့် နှုတ်ဆက်လိုက်၏။

“မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ဂုဏ်ယူပါတယ် အကြီးအကဲမောက်။ ကျွန်တော်က လီဟွိုင်ရဲ့ အဖေပါ…”

ထိုအရာကို မြင်သည့်အခါ မောက်ရှောင်တုံနှင့် ချွေးတုံရှန်းတို့ နှစ်ယောက်လုံးက မှင်သက်သွားမိခဲ့ကြသည်။ ဒေါသကြီးသော လီအာ့၏ အကျင့်စရိုက်အရ အနည်းဆုံးတော့ သူက ချောက်ကမ်းပါးကျောင်းတော်အပေါ် မကျေမနပ်ဖြစ်နေမည်ဟု သူတို့က တွေးခဲ့မိသည်။

မည်သို့ဖြစ်စေကာမူ ဤပြဿနာအတောအတွင်း ကျောင်းတော်က မည်သည့်အရာမျှ မလုပ်ခဲ့သည့်အပြင် သူတို့ကတော့ ကြားနေအဖြစ် ဘေးထွက်နေခဲ့သည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ ထိုအရာက ရင်းနှီးဖော်ရွေမှုမရှိသော ပြသမှုတစ်ခုလည်း ဖြစ်၏။

လီပေါင်ဖျင်တို့ ကလေးငယ်များက အလွန်အမင်းကို ထိခိုက်ခဲ့ရသည့်အပြင် တာ့လီအင်ပါယာမှ မောက်ရှောင်တုံနှင့်အတူ ထွက်လာခဲ့သော ကျောင်းသားများကပင် သူတို့အတွက် ရပ်တည်ပေးပြီး တာ့ဆွေတိုင်းပြည် နန်းတွင်းမှ ရှင်းပြချက်တစ်ခု မတောင်းဆိုခဲ့သော မောက်ရှောင်တုံအပေါ် နားမလည်နိုင်ကြပေ။

လီကျူးသုခဘုံထဲတွင် ထိုအရာက ချီကျင့်ချွန် အဆုံးသတ်သွားခဲ့ရသော အခြေအနေမျိုး ဖြစ်သည်။ သူက ထိုကမ္ဘာငယ်လေးဆီမှ အသက်ရှင်လျက် ထွက်သွားရန် နည်းလမ်း မရှိတော့ပေ။ တာ့လီအင်ပါယာ၏ ဘုရင်က ချီကျင့်ချွန်၏ သေဆုံးမှုတွင် ဝင်ရောက်ပါဝင်ခဲ့ခြင်း မရှိသလို ချီကျင့်ချွန်ကို သတ်ဖြတ်ခဲ့သည့် အင်အားစုများကို ဆန့်ကျင်ရန်လည်း ကြိုးစားခဲ့ခြင်း မရှိချေ။ထို့ကြောင့် ချောက်ကမ်းပါးကျောင်းတော် အဟောင်းမှ ထွက်ပေါ်လာခဲ့သော စာသင်သားများစွာက စိတ်ပျက်ခဲ့ရသည်။

လီအာ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။

“မြို့ငယ်လေးထဲမှာ ဆရာချီက ကျွန်တော်နဲ့ တစ်ကြိမ် အရက်သောက်ဖူးတယ်။ ပြီးတော့ သူက အကြီးအကဲမောက်အကြောင်းကို ပြောခဲ့ဖူးတယ်။ ဆရာချီရဲ့ အသိအမှတ်ပြုမှုကို ရတဲ့ စာသင်သားတစ်ယောက်က ကျွန်တော့်ရဲ့ မျက်လုံးထဲမှာလည်း အစစ်အမှန် စာသင်သားတစ်ယောက် ဖြစ်နိုင်ပါတယ်…”

“ဒါကြောင့် ကျောင်းတော်ရဲ့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ဒီကိစ္စကို ဝင်မပါတာလည်း အကြီးအကဲဆီမှာ အကြောင်းပြချက်တွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်က ကျောင်းမသွားဖူးပေမဲ့ ဒီလိုအရာမျိုးကို နားမလည်လောက်တဲ့အထိ အရူးတစ်ယောက်တော့ မဟုတ်ဘူး…”

အိမ်အပြင်ဘက်တွင်ဆိုလျှင် လီအာ့က ပေါင်းသင်းဆက်ဆံရေး ဆိုးရွားနေခြင်း မရှိချေ။ သူက လူအတော်တော်များများကို စကားပြောချင်သလို မခံစားရခြင်းသာ ဖြစ်သည်။ မောက်ရှောင်တုံကတော့ ချီကျင့်ချွန်၏ ချီးကျူးမှုကြောင့် သူနှင့် စကားပြောရန် အရည်အချင်းရှိသည်ဟု သတ်မှတ်ထားပုံရသည်။

မောက်ရှောင်တုံက သက်ပြင်းချပြီး ပြန်ဖြေလိုက်သည်။

“မင်းရဲ့ ချီးကျူးမှုကို ရတာ ငါ တော်တော်လေး ရှက်မိပါတယ်…”

မောက်ရှောင်တုံနှင့် စကားအနည်းငယ် ပြောလိုက်ပြီးနောက် လီအာ့က သူ၏ ပတ်ပတ်လည်ကို စတင်စစ်ဆေးကြည့်လိုက်ပြီး အလွန်ထက်မြက်သော အကြည့်က မြို့ဆီကို ရောက်သွားခဲ့၏။

လှိုင်းလုံးများက ကုန်းမြေများဆီကို ဆက်လက်စီးဆင်းသွားသည့်အချိန်တွင် မြစ်ထဲ၌ ဝဲကတော့လေးများ ထွက်ပေါ်လာသလို ဖြစ်လာခဲ့သည်။ သို့သော် ထိုဝဲကတော့လေးများက လျင်မြန်စွာ ငြိမ်သက်သွားခဲ့ပြီး လီအာ့၏ အကြည့်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရှောင်တိမ်းခဲ့၏။ ထိုဝဲကတော့လေးများထဲမှ တစ်ခုကတော့ အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်နှင့် အနီးဆုံးတွင် ရှိနေသော အဆင့်(၁၀) ချီကျင့်ကြံသူ ချိုက်ကျင်းရှန် ဖြစ်သည်။

သိပ်မကြာခင် လီအာ့က သူ ကြည့်နေသော ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံကြီးကို ခြေရာခံမိခဲ့သည်။ ထိုအဆောက်အအုံတွင် အနီရောင်နံရံ၊ အစိမ်းရောင် အုတ်ကြွပ်မိုးများ၊ နန်းတွင်းဆန်သော ပေါင်းစပ်မှုနှင့် နဂါးချီစွမ်းအင်များ ပြည့်နှက်နေခဲ့သည်။

“မင်းက တစ်ယောက်ယောက်ဆီက အကြောင်းပြချက်တွေ တောင်းချင်လို့လား…”

မောက်ရှောင်တုံက မေးလိုက်သည်။

လီအာ့က တောင်ပေါ်မှ ထွက်သွားတော့မည့်အချိန်တွင် မောက်ရှောင်တုံ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ခဏဆက်နေပြီး ခေါင်းညိတ်တုံ့ပြန်လိုက်သည်။

“ကျွန်တော်က တာ့ဆွေတိုင်းပြည်ရဲ့ ဘုရင်ကြီးဆီကို သွားမှာ။ တကယ်လို့ သူက အကြောင်းပြချက်တွေ နားထောင်ချင်တယ်ဆိုရင်တော့ ကျွန်တော်က ဖိုဘီစမ်းချောင်းက ချူးကလန်၊ ပင်မစစ်သူကြီးဟန်ရဲ့ကလန်၊ ဟွိုင်ရင်သခင်ကြီးရဲ့ ကလန်တွေဆီကနေ ကိုယ်စားလှယ်တစ်ယောက်ဆီကို ဆင့်ခေါ်ခိုင်းမယ်။ ပြီးတော့ သူတို့တွေအားလုံးက ကျွန်တော့်ဆီကို လာပြီး အမှားကို ဝန်ခံရမယ်။ ကျွန်တော်က သူတို့ကို အနိုင်မကျင့်ပါဘူး။ ကျွန်တော်က သူတို့ကလန်တစ်ခုချင်းဆီကနေ အထူးချွန်ဆုံး တိုက်ခိုက်ရေးသမားတွေကိုပဲ လွှတ်ခိုင်းမှာ။ ပြီးတော့ သူတို့တွေနဲ့ တစ်ယောက်ချင်း တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ တစ်ပြိုင်နက်တည်း တိုက်ခိုက်တာပဲဖြစ်ဖြစ် သူတို့ကြိုက်သလို လုပ်လို့ရတယ်…”

လီအာ့၏ အမူအရာနှင့် သူ့လေသံက အလွန်တည်ငြိမ်အေးချမ်းနေခဲ့သည်။

ထိုအချိန်တွင် ချွေးတုံရှန်းကတော့ ကျေနပ်နေသော အမူအရာနှင့် လက်ပိုက်ထားခဲ့၏။ ဘေးတွင် ရပ်ကြည့်နေသူတစ်ယောက် ဖြစ်သည့်အတွက် လီအာ့က မည်ကဲ့သို့သော အရာမျိုးကို လုပ်နိုင်ကြောင်း သူလည်း သိချင်နေခဲ့သည်။

မောက်ရှောင်တုံကတော့ အတော်လေးကို ဒေါသထွက်သွားသလို ခံစားခဲ့ရ၏။ သူက လီအာ့ကို ဖျောင်းဖျပြီး သူ့အစီအစဉ်ကို ပြောပြရန် ကြိုးစားလိုက်သည့်အချိန်တွင် လီအာ့က သူ့ဆီကို ပြန်လှည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“တာ့ဆွေတိုင်းပြည်ရဲ့ ဘုရင်ကြီးက အကြောင်းပြချက်တွေ နားထောင်ဖို့ ငြင်းဆန်မယ်ဆိုရင်တော့ ကျွန်တော့်အတွက် ကိစ္စတွေကို ဖြေရှင်းရတာ ပိုပြီးတော့ ရိုးရှင်းသွားပြီ။ ကျွန်တော်က အကြောင်းပြချက် လိုချင်နေတဲ့သူတွေကို ပိုပြီးတော့ ဆန္ဒရှိတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက် လိုချင်နေတဲ့ လူတွေကိုလည်း သူ့သဘောအတိုင်း ရင်ဆိုင်ဖြေရှင်းလို့ရတယ်။ တကယ်လို့ ကျွန်တော်က ဒီနေ့ တာ့ဆွေတိုင်းပြည်ရဲ့ နန်းတွင်းကို မဖျက်ဆီးဘူးဆိုရင် ကျွန်တော်က နန်းတွင်းမိသားစုရဲ့ မျိုးရိုးနာမည်ကို ဆက်ခံလိုက်မယ်…”

ချွေးတုံရှန်းကတော့ ထိုမီးတောက်ကို လေပင့်ပေးရန် ကြိုးစားခဲ့သည်။ သူက ချက်ချင်းပင် လီအာ့ဆီကို လျှောက်သွားပြီး အကူအညီပေးသလို အမူအရာနှင့် ပြောလိုက်၏။

“တာ့ဆွေတိုင်းပြည်မြို့တော်ရဲ့ အကာအကွယ်ဝင်္ကပါက မြို့တော်အပြင်ဘက်မှာရှိတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရင်တော့ တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့ မြို့ထဲမှာ ရှိတဲ့သူတွေအတွက်တော့ သူ့ရဲ့ အကျိုးသက်ရောက်မှုက တော်တော်လေးကို နိမ့်တယ်။ အဲဒီအရာက တာ့လီအင်ပါယာရဲ့ ကျောက်စိမ်းဖြူမြို့တော်မှာရှိတဲ့ အကာအကွယ်လောက်တော့ အစွမ်းမထက်ဘူး။ ဒါပေမဲ့ ဒါက တာ့ဆွေတိုင်းပြည်ရဲ့ အလယ်ဗဟိုဆိုတာတော့ မင်းက သတိထားမှရမယ်…”

“နန်းတွင်းကလည်း အရာအားလုံးရဲ့ အလယ်ဗဟိုပဲ။ မင်းက အဆင့်(၉) အထွဋ်အထိပ်ကို ရောက်နေတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပေမဲ့ မင်းသာ ဝိုင်းဝန်းတိုက်ခိုက်ခံရမယ်ဆိုရင် အနည်းဆုံးတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာမရဘဲ ထွက်မလာနိုင်ဘူး….”

လီအာ့က အေးစက်သော မျက်လုံးများနှင့် ချွေးတုံရှန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“မင်းက ငါ့အတွက် စိုးရိမ်နေစရာမလိုဘူး။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားလုံးမျိုးတွေ ပြောဖို့လည်း မလိုဘူး။ ငါ့မိန်းမက ငါ့ကို စိတ်ကြိုက် မြည်တွန်တောက်တီးပြီး ပြောနိုင်ပေမဲ့ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ မင်းရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ငါ့ကို လာမပြောနဲ့။ မင်းက ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံနေတာလား…”

ချွေးတုံရှန်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ငါ့ရဲ့ရည်ရွယ်ချက်တွေက မင်းအတွက် အနှောင့်အယှက်ဖြစ်သွားသလိုပါလား။ ဒီလိုဆိုမှတော့ စိတ်ကြိုက် လုပ်ပါ။ ငါ ထပ်ပြီး မပြောတော့ဘူး…”

လီအာ့က အပြုံးနှင့် ပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ ငါက အပြင်ထွက်ပြီး တစ်ခုခု သွားဝယ်နေတယ်လို့ လီဟွိုင်ကို ပြောပေးဖို့ မင်းကိုပဲ တောင်းဆိုရတော့မယ်။ ဒါဆိုရင် ငါက နည်းနည်းနောက်ကျမှ ကျောင်းတော်ကို ပြန်လာလို့လည်း ကိစ္စမရှိတော့ဘူး…”

မောက်ရှောင်တုံ၏ မျက်နှာပေါ်တွင် စိုးရိမ်နေသော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“ကျေးဇူးပြုပြီး သတိထားပြီးမှ လုပ်ပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်။ ငါက ဒီအခွင့်အရေးကို အသုံးချပြီး ကျောင်းတော်ထဲမှာ ရှိနေတဲ့ ကလေးတွေအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုပေးဖို့ မျှော်လင့်နေတာ။ ငါက တာ့ဆွေတိုင်းပြည်နဲ့ တာ့လီအင်ပါယာတို့ရဲ့ ပြဿနာအတွင်း ချောက်ကမ်းပါးကျောင်းတော်ကို ရောက်မသွားစေချင်ဘူး။ အဲဒါကို ခေါင်းထဲမှာ တွေးနေမိတဲ့အတွက် ငါက ပြဿနာတွေအားလုံး ပြီးသွားတာနဲ့ နန်းတွင်းထဲကို မကြာခင် သွားဖို့ စီစဉ်ထားတယ်။ ပြီးတော့ တာ့ဆွေတိုင်းပြည်ရဲ့ ဘုရင်ကြီးကို အကြောင်းပြချက်တွေ တောင်းမလို့…”

လီအာ့က လက်ကာပြလိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။

“အကြီးအကဲရဲ့ အစီအစဉ်တွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး အကြီးအကဲမောက်။ ကျွန်တော်က မိသားစုကိစ္စအတွက် နန်းတွင်းထဲကို သွားမှာ။ ဒါပေမဲ့ ကျွန်တော်က ကျောင်းတော်ကို ဘာပြဿနာမှ မဖြစ်စေရပါဘူးလို့ အာမခံနိုင်တယ်..”

မောက်ရှောင်တုံ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သက်ပြင်းချလိုက်သည်။ “တကယ်လို့ ငါက အရိုးသားဆုံး ပြောရမယ်ဆိုရင်တော့ မင်းက နန်းတွင်းထဲမှာ ပြဿနာကြီးကြီးမားမား ဖန်တီးမိလေလေ ကျောင်းတော်က ပိုပြီးတော့ အကျိုးအမြတ်ရှိလေလေပဲ။ ဒါပေမဲ့ ကိုယ့်သဘောနဲ့ကိုယ် နန်းတွင်းထဲကို ဝင်သွားတာက တော်တော်လေးကို ဆိုးရွားတဲ့ အဆုံးသတ်တစ်ခု ဖြစ်သွားနိုင်တယ်။ ဒီတော့ မလိုအပ်ဘဲ ဒီလို တည့်တိုးဆန်ပြီး ရန်လိုတဲ့ အလုပ်မျိုးနဲ့ မဖြေရှင်းဖို့ အကြံပေးချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ငါက တာ့ဆွေတိုင်းပြည်ရဲ့ ဘုရင်ကြီးဆီကို သွားပြီးတဲ့ အချိန်အထိ မင်းက စောင့်နေပေးစေချင်တယ်။ ငါက သူ့ကို အခြေအနေ ရှင်းပြလိုက်ပြီး ပတ်သက်တဲ့ ကလန်တွေအပေါ် ဖိအားပေးဖို့ အကြံပေးလိုက်မယ်။ တကယ်လို့ မင်းက ရလဒ်ကို မကျေနပ်သေးဘူးဆိုရင်တော့ စိတ်ကြိုက်လုပ်လို့ရတယ်။ ဘယ်လိုသဘောရလဲ…”

လီအာ့က ခေါင်းခါပြလိုက်သည်။

“အကြီးအကဲမောက်ရဲ့ကမ်းလှမ်းမှုကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောပြီးပြီလေ။ ဒါက မိသားစုကိစ္စ။ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်တဲ့အတွက်…”

လီအာ့၏ အသံက ထိုနေရာတွင် ရပ်တန့်သွားခဲ့ပြီး အလျင်အမြန် တောင်းဆိုလိုက်သည်။

“အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်တဲ့အပြင် လီဟွိုင်ရဲ့ အဖေတစ်ယောက် ဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့လက်သီးနဲ့ ဖြေရှင်းနိုင်တဲ့ အရာတစ်ခုခု ရှိနေမယ်ဆိုရင် ကျွန်တော့်ဘာသာပဲ ဖြေရှင်းမယ်။ ကျွန်တော်က အဲဒါကို အလွန်အကျွံမစဉ်းစားချင်ဘူး…”

မောက်ရှောင်တုံက ရွေးချယ်စရာ မရှိတော့သည့်အတွက် ချွေးတုံရှန်းကို လှည့်ကြည့်လိုက်သည်။ သူ၏လျှာပါးလေးက လီအာ့၏ အစီအစဉ်ကို တားမြစ်ပေးရန် တောင်းဆိုနေသလို ထင်ရ၏။ ချွေးတုံရှန်းကတော့ ပတ်ဝန်းကျင်ကို စိတ်ဝင်စားနေသလို ထင်မှတ်ရ၏။

အဆုံးတွင်တော့ မောက်ရှောင်တုံက သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ထို့နောက် သူက ခေါင်းစဉ်ပြောင်းလိုက်ပြီး သူ စိတ်ဝင်စားနေသော အရာတစ်ခုကို မေးလိုက်သည်။

“ချီကျင့်ချွန်…

မြို့ငယ်လေးထဲမှာ သင်ကြားပေးနေတဲ့အချိန်တုန်းက ဘယ်လိုနေခဲ့လဲ…”

ထိုမေးခွန်းကို ကြားသည့်အခါ လီအာ့က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ခဏကြာ စဉ်းစားပြီးနောက် သူက ပြန်ဖြေလိုက်၏။

“သူက မြို့ငယ်လေးထဲမှာ ကောင်းကောင်းမွန်မွန်ပဲ နေထိုင်ခဲ့တယ်။ ကျွန်တော်က ဆရာချီရဲ့အိမ်ကို တစ်ကြိမ် သွားလည်ခဲ့ဖူးတယ်။ ကျွန်တော်က စကားများများ မပြောခဲ့ပေမယ့် ဆရာချီအပေါ် တော်တော်လေးစားမိတယ်။ အမြဲတမ်း နှုတ်သီးကောင်းတဲ့ ကျွန်တော့်မိန်းမကတောင် ဆရာချီကို အမြဲ ချီးကျူးနေခဲ့တာ။ တကယ်လို့ သူသာ အသက် ၂၀ လောက် ပိုငယ်သွားမယ်ဆိုရင် ကျွန်တော့်ကို ကွာရှင်းပြီး ဆရာချီကိုပဲ သေချာပေါက် လက်ထပ်မယ်လို့တောင် စနောက်ခဲ့ဖူးတယ်။ ပြီးတော့ ကျွန်တော့်ရဲ့သမီးက သူ လက်ထပ်ဖို့အတွက် အရမ်းငယ်သေးတယ်လို့တောင် ပြောတယ်…”

ထိုအရာက ရှက်စရာကောင်းသော အရာတစ်ခု ဖြစ်သော်လည်း လီဟွိုင်ကတော့ အပြုံးနှင့် ပြောပြနေခဲ့သည်။ ထို့နောက် သူက ကောက်ချက်ချလိုက်၏။

“လီဟွိုင်ဆီမှာ ဆရာချီလို ဆရာတစ်ယောက် ရှိတာ တော်တော်လေး ကံကောင်းတယ်လို့ ထင်တယ်…”

လီအာ့က ချီကျင့်ချွန်ကို ရင်ထဲမှ အလွန်လေးစားနေကြောင်း သိသာနေသည်။ တစ်ကြိမ်တွင် သူ့မိန်းမက မျက်နှာတစ်ခုလုံး သွေးထွက်သံယို ဖြစ်သွားအောင် ဆိုးဆိုးဝါးဝါး ကုတ်ခြစ်ခံခဲ့ရသည်။ တရားခံက လီကျူးသုခဘုံ၏ အပြင်ဘက်မှ ကျင့်ကြံသူ ဘိုးဘေးတစ်ယောက် ဖြစ်သည်။

ဒေါသထွက်နေသည့် လီအာ့က သူ့မိသားစုကို အသိမပေးဘဲ လီကျူးသုခဘုံထဲမှ အပြင်ဘက်ကို သွားခဲ့သည်။ သူက တောင်ခြေမှစ၍ ထိုကလန်၏ ဘိုးဘေးခန်းမထိအောင် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ တဖြည်းဖြည်းနှင့် သူက ဘိုးဘေးခန်းမကိုပါ ဖျက်ဆီးပစ်ခဲ့သည်။ တစ်ချိန်လုံးတွင် သူက စကားတစ်ခွန်းမျှ မပြောခဲ့သလို ပြန်ထွက်မသွားခင် သူ့နာမည်ကိုလည်း မကြေညာခဲ့ပေ။

လူတစ်ယောက်တည်းက အလွန်ရက်စက်ကြမ်းကြုတ်စွာ ဖျက်ဆီးခဲ့မှုက အရှေ့ပိုင်း ကုန်းမြင့်ကြီး၏ တစ်ဝက်ခန့်ကို ထိတ်လန့်အံ့ဩသွားစေခဲ့၏။

လီအာ့ မြို့ငယ်လေးကို ပြန်လာသည့်အချိန်တွင် ချီကျင့်ချွန်က လာရောက်လည်ပတ်ခဲ့သည်။ လူတစ်ယောက်က လီကျူးသုခဘုံထဲမှ ထွက်သွားရန်အတွက် ချီကျင့်ချွန်၏ အတည်ပြုမှုကို အရင်ဆုံး တောင်းခံရသည်။ လီအာ့က ချီကျင့်ချွန်ကို လီဟွိုင်၏ ဆရာအဖြစ် အတော်လေး လေးစား၏။ ထို့ကြောင့် သူက စည်းမျဉ်းများကို လိုက်နာပြီး လီကျူးသုခဘုံထဲမှ ထွက်မသွားခင် ဆရာချီဆီမှ ထွက်သွားခွင့်ကို တောင်းဆိုခဲ့သည်။

ပြန်လာသည့်အချိန်တွင် ချီကျင့်ချွန် လာရောက်လည်ပတ်ခဲ့သည့်အတွက် သူလည်း လုံးဝကို သတိလစ်သွားခဲ့ရ၏။ ချီကျင့်ချွန်က သူ၏လုပ်ရပ်များကြောင့် လီဟွိုင်အပေါ် မကောင်းသော အတွေးများ ရှိလာမှာကိုလည်း အလွန်စိုးရိမ်နေခဲ့သည်။ ထိုအချိန်တွင် သူ့အိမ်၌ အရည်အသွေးနိမ့်ကျသော အရက်နည်းနည်းသာ ရှိသည်။ လီအာ့က ချီကျင့်ချွန်ကို ဧည့်ခံရန် ထိုအရက်ကိုသာ ထုတ်ခဲ့ရ၏။

သို့သော် ချီကျင့်ချွန်ကတော့ ထိုအရက်ကို စိတ်ပါလက်ပါ သောက်မည်ဟု ပြောခဲ့၏။ ထို့ကြောင့် သူတို့နှစ်ယောက်က ခြံဝန်းထဲတွင် ရှိနေသော ထိုင်ခုံလေးပေါ်တွင် ထိုင်ပြီး အရက်တစ်ခွက်ဆီ သောက်ခဲ့ကြသည်။ သူတို့၏ စားပွဲဟူသော အရာကတော့ တတိယမြောက် ထိုင်ခုံလေးတစ်ခုသာ ဖြစ်၏။ ထိုပေါ်တွင် အသီးအရွက် ဆားရေစိမ်နှင့် မြေပဲဆားလှော် တစ်ပန်းကန်သာ ရှိသည်။

လီဟွိုင်က စာပေလေ့လာနေစဉ် အတောအတွင်း မည်သည့်အရာများ လုပ်ခဲ့ကြောင်း လီအာ့ကို ပြောပြခဲ့ပြီးနောက် ချီကျင့်ချွန်က အပြုံးနှင့် မှတ်ချက်ပေးလိုက်၏။ “အစွမ်းထက်ပြီး သတ္တိရှိတဲ့သူတွေက သူတို့ထက် ပိုပြီး အစွမ်းထက်တဲ့သူတွေကို စိန်ခေါ်ဖို့ သူတို့ရဲ့ ဓားသွားတွေကို ထုတ်ရဲကြတယ်။ မင်းရဲ့ လုပ်ရပ်တွေက ငါ့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ကို သတိပေးလိုက်သလိုပါပဲ…”

လီအာ့ကတော့ စကားကောင်းကောင်း မပြောတတ်ပေ။ သူက မျက်နှာပျက်ပျက်နှင့် ပြန်ဖြေလိုက်၏။

“ကျွန်တော့်မှာ ဓားမရှိဘူး…”

ချီကျင့်ချွန်က အရက်တစ်ငုံသောက်ပြီး ပြန်လည်ပြင်ဆင်လိုက်သည်။

“ဒါဆိုလည်း မင်းက မင်းထက် ပိုပြီး အစွမ်းထက်တဲ့သူတွေကို စိန်ခေါ်ဖို့ လက်သီးကို မြှောက်ခဲ့တယ်လို့ ပြောသင့်တာပေါ့…”

ထိုအချိန်တွင် လီအာ့က အလွန်အမင်းကို စိုးရိမ်နေသလို ခံစားခဲ့ရသည်။

ထိုအရာကလည်း ချီကျင့်ချွန်က လီကျူးသုခဘုံကို စောင့်ရှောက်နေသော သူတော်စင် ဖြစ်နေသည့်အပြင် လီဟွိုင်၏ ဆရာဖြစ်နေခြင်းကြောင့် မဟုတ်ချေ။ အမှန်အတိုင်း ပြောရလျှင်တော့ ချီကျင့်ချွန်က ကိုယ်ပိုင်သင်ကြားမှုတစ်ခုကို ဖန်တီးနိုင်သော အရည်အချင်းရှိသူတစ်ယောက်ဟု သူ့ဆရာက ချီးကျူးဖူးခြင်းကြောင့် ဖြစ်သည်။

လီအာ့၏ စိုးရိမ်မှုများတွင် အကြောက်တရားများ မပါခဲ့ပေ။ ထိုအစား လေးစားမှုမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။ သိုင်းပညာရှင်တစ်ယောက် သို့မဟုတ် ကျင့်ကြံသူ တစ်ယောက်က ဆက်၍ တိုးတက်လာလေလေ အမြင့်တွင် ရှိနေသော လူများက မည်မျှ ကြောက်စရာကောင်းကြောင်း တွေ့ရလေလေ ဖြစ်သည်။

လီအာ့က မည်သူ့ကိုမျှ မကြောက်သော်လည်း သူက အလွန်အဆင့်အတန်းမြင့်ပြီး ခန့်မှန်း၍ မရနိုင်သော လူများအပေါ် ရိုသေလေးစားမှုများ ရှိနေခဲ့၏။ လီအာ့က ချီကျင့်ချွန်ကို ပြေလည်အောင် မလုပ်ရဲဘဲ စကားနှင့်သာ ပြောလိုက်ရသည်။

“ကျွန်တော့်ရဲ့လုပ်ရပ်တွေက ဘာတွေဖြစ်သွားလဲ။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက တစ်နည်းနည်းတော့ သက်ရောက်သွားပါလိမ့်မယ်။ ကျွန်တော်က ကလေးတွေရဲ့ တိုက်ပွဲကို ဝင်ပြီးတော့ မပါဘူး။ ဒါပေမဲ့ ကျွန်တော်က သူတို့ရဲ့ဘိုးဘေးတွေကိုတော့ သင်ခန်းစာပေးဖို့အတွက် သေချာပေါက် တိုက်ခိုက်ရလိမ့်မယ်…”

ချီကျင့်ချွန်က လီအာ့ကို အပြုံးနှင့် မေးလိုက်သည်။

“မင်းက တိုက်ခိုက်ပြီးသွားတော့ အဲဒီကလန်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ…”

လီအာ့က ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“သူတို့က တော်တော်လေးကို နာမည်ကြီးတယ်။ ဒါကြောင့် သူတို့က လုံးဝပျက်စီးသွားလိမ့်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကပဲ မှားသွားခဲ့တာ…”

ထို့နောက် လီအာ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး တောင်းပန်လိုက်သည်။ “ကျွန်တော်က ဒီလို မကောင်းတဲ့အရက်နဲ့ ဧည့်ခံရတဲ့အတွက် တောင်းပန်ပါတယ် ဆရာချီ…”

သို့သော် ချီကျင့်ချွန်ကတော့ အရည်အသွေးနိမ့်ကျသော အရက်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ထို့နောက် တွေဝေငေးမောနေသော အမူအရာနှင့် အဝေးကောင်းကင်ကြီးကို စိုက်ကြည့်နေရင်း ပြန်ဖြေလိုက်သည်။

“အရက်က ကောင်းပါတယ်။ ငါ ငယ်ငယ်တုန်းက ဒီလိုအရက်မျိုးကို မကြာခဏ သောက်ဖူးတယ်။ အဲဒီတုန်းက ငါ့ရဲ့သဘောထားကတော့ မင်းထက်တောင် အဆပေါင်းများစွာ ပိုပြီးတော့ ဆိုးနိုင်တယ်…”

ချီကျင့်ချွန်က နောက်ထပ်အရက် သောက်ချင်နေသေးသည်ကို လီအာ့က သိနေသော်လည်း ချီကျင့်ချွန်က အလိုက်သိနေသည့်အတွက် လီအာ့အတွက် အရက်အိုးတစ်ဝက်ခန့်ကို ချန်ထားခဲ့သည်။

ထို့နောက် မတ်တပ်ရပ်ပြီး ပြောလိုက်၏။

“ငါက လီဟွိုင်ကို အရည်အချင်းရှိတဲ့ စာသင်သားတစ်ယောက် ဖြစ်လာအောင် သင်ကြားပေးနိုင်မယ်လို့ အာမ မခံရဲဘူး။ ဒါပေမဲ့ သူက မင်းထက် မနိမ့်တဲ့ နှလုံးသားရှိတဲ့ လူကောင်းတစ်ယောက်ဖြစ်အောင်တော့ သေချာပေါက် သင်ပေးနိုင်တယ်။ မင်းက အဲဒီစကားကို မှတ်ထားပါ လီအာ့…”

လီအာ့က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

“ဒါက လုံလောက်တာထက်တောင် ပိုနေပါပြီ ဆရာချီ…”

အဆုံးတွင်တော့ လီအာ့က ချီကျင့်ချွန်ကို ခြံဝင်းဝင်ပေါက်ဆီသို့ လိုက်ပို့ခဲ့ပြီး ချီကျင့်ချွန်ကတော့ လမ်းကြားလေးထဲမှ တစ်ယောက်တည်း ထွက်သွားခဲ့သည်။

လီအာ့က ချီကျင့်ချွန်ကို နောက်ဆုံးမြင်ခဲ့သည့် တစ်ကြိမ်တွင်တော့ သူက ယန်မိသားစုဆေးဆိုင်၏ ဘေးအခန်းလေးထဲတွင် ပုန်းနေခဲ့သည့်အချိန် ဖြစ်သည်။ ထိုအချိန် လမ်းမပေါ်၌ မိုးများရွာသွန်းနေပြီး ချီကျင့်ချွန်က ချန်းပင်အန်းနှင့်အတူ ထီးတစ်ချောင်းအောက်တွင် ဘေးချင်းယှဉ်၍ လမ်းလျှောက်နေခဲ့သည်။

ထိုထီးက ကြီးမားမှု မရှိသော်လည်း သူက ချန်းပင်အန်းကို မိုးမစိုစေရန် ကာကွယ်ပေးထားသေးသည်။ သူတို့နှစ်ယောက်က အချင်းချင်းစကားပြောနေကြပြီး ချန်းပင်အန်းက သူ့ကို အပြုံးနှင့် စိုက်ကြည့်နေခဲ့၏။ ချီကျင့်ချွန်ကလည်း ချန်းပင်အန်းကို အပြုံးနှင့် ငေးကြည့်နေခဲ့သည်။ ချီကျင့်ချွန်က ထိုကဲ့သို့ တစ်ယောက်တည်း အထီးကျန်နေသည်ကို လီအာ့က လုံးဝမမြင်ဖူးချေ။

လက်ရှိအချိန်တွင်တော့ အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်ပေါ်တွင် ရပ်နေရင်း လီအာ့က ချွေးတုံရှန်းနှင့် မောက်ရှောင်တုံတို့ကို ကြည့်လိုက်သည်။ ထို့နောက် အပြုံးနှင့် ပြောလိုက်၏။

“ကျွန်တော့်ရဲ့ မျက်လုံးထဲမှာတော့ ဒီကောင်းကင်အောက်မှာ ဆရာချီနဲ့ ယှဉ်နိုင်တဲ့ စာသင်သား တစ်ယောက်မှ မရှိဘူး…”

ချီကျင့်ချွန်၏ အတွေးများကြောင့် လီအာ့က ချန်းပင်အန်းကို အမှတ်ရသွားခဲ့သည်။ အဆုံးတွင်တော့ သူ့သား လီဟွိုင်အကြောင်းကို တွေးမိခဲ့၏။ သူ့ရင်ထဲတွင် ခံစားချက်များစွာ ပြည့်နှက်လာပြီး သူက ထိုခံစားချက်များကို ထုတ်ပြရန် တစ်စုံတစ်ခု ပြောချင်ခဲ့သော်လည်း မည်သည့်စကားကို ပြောရမှန်း မသိခဲ့ပေ။ ထို့ကြောင့် သူက စကားလုံးနှင့် ပြောရမည့်အစား လက်သီးနှင့်သာ ဖော်ပြချင်ခဲ့၏။

ဘာကြောင့်မှန်း မသိသော်လည်း သူက ချီကျင့်ချွန်အပေါ် အရက်အိုးတစ်ဝက် အကြွေးတင်နေသည်ဟု ခံစားခဲ့ရသည်။ တိုက်ပွဲကောင်းတစ်ခု တိုက်ခိုက်ပြီးသွားသည့် အချိန်တိုင်း ချီကျင့်ချွန်၏ မှတ်ဉာဏ်ထဲတွင် သူက အရက်သောက်နေခဲ့၏။

ရုတ်တရက်ဆိုသလို လီအာ့က အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်ဆီမှ ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး မြို့တော်တစ်ဝက်ခန့်ကို ဖြတ်သန်း၍ တာ့ဆွေတိုင်းပြည်၏ နန်းတွင်းထဲတွင် ဆင်းသက်လိုက်သည်။

………………..

တာ့ဆွေတိုင်းပြည်၏ နန်းတော်ထဲတွင် …

ရိုးရှင်းသော်လည်း ကြီးကျယ်ခမ်းနားသော နေရာတစ်ခုတွင် ဘုရင်ကြီးက အထွေထွေရေးရာဌာနမှ အမတ်ကြီးကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ကျောင်းတော်ကနေ ဘာတုံ့ပြန်မှုမှ မရှိသေးဘူးလား….”

အမတ်ကြီးက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“သူက ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တစ်ခု ပေးဖို့အတွက် ဘုရင်ကြီးဆီကို လာရှာမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဘယ်အချိန် လာရှာမယ်လို့တော့ မပြောဘူး..”

ဘုရင်ကြီး၏ မျက်နှာပေါ်တွင် စိတ်ပျက်နေသော အမူအရာတစ်ခု ပေါ်လာပြီး သက်ပြင်းချလိုက်သည်။

“ငါတို့ တာ့ဆွေတိုင်းပြည်ကသာ ရှင်းလင်းချက်တောင်းဖို့ သူ့ကျောင်းတော်ကို သွားရမှာ။ ဒါပေမဲ့ အကြီးအကဲမောက်က ငါ့ကိုပါ မတွေ့ချင်တော့ ငါလည်း တရားမျှတမှုပေးဖို့အတွက် ကျောင်းတော်ကို အလျင်စလိုသွားလို့ မရသေးဘူး..”

အမတ်ကြီးက စကားလုံးများကို သေချာစဉ်းစားနေပြီး ဂရုစိုက်၍ ပြောလိုက်သည်။

“တကယ်လို့ လီဟွိုင်နဲ့ သူ့ရဲ့အိပ်ခန်းဖော်တွေ ကြားထဲက ပြဿနာက ကလေးတွေကြားက အငြင်းပွားမှုတစ်ခုဆိုရင်တော့ နားလည်ပေးလို့ရနိုင်တယ်။ နဂိုကတည်းက ကျွန်တော်တို့ တာ့ဆွေတိုင်းပြည်က မှားနေတာပဲ။ အဲဒီနောက်မှပဲ အရာအားလုံးက ဖြစ်လာခဲ့တာ…”

“အပြစ်တင်ရမှာကတော့ အဖွဲ့နှစ်ဖွဲ့လုံးပါပဲ။ ဒါပေမဲ့ အဆုံးမှာ ယုလုလို့ခေါ်တဲ့ ကောင်လေးရဲ့လုပ်ရပ်ကတော့ အရမ်းလွန်လွန်းတယ်။ သူက ကောက်ကျစ်မှုနဲ့ ရန်လိုမှုတွေကို ပြသခဲ့တဲ့အပြင် အရမ်းကို ဉာဏ်နီဉာဏ်နက်များပြီး လှည့်စားတတ်တဲ့ လူတစ်ယောက်ဆိုတာလည်း အတည်ပြုနိုင်ခဲ့တယ်…”

“အဲဒီဓားသမားရဲ့စကားအရ ယုလုက သူ့ရဲ့စွမ်းအားတွေကို တစ်ဆင့်ပြီး တစ်ဆင့် ထုတ်ဖော်ပြသခဲ့တာ။ ပထမမှာ အဆင့်(၄) သိုင်းပညာရှင်တစ်ယောက်အဖြစ် ဟန်ဆောင်တယ်။ အဲဒီနောက် အဆင့်(၅) သိုင်းပညာရှင်တစ်ယောက်အဖြစ် ဟန်ဆောင်တယ်။ တိုက်ပွဲတစ်လျှောက်လုံးမှာ သူက အဆင့်(၆)သိုင်းပညာရှင်အဖြစ် ဟန်ဆောင်ပြီး တိုက်ပွဲအဆုံးသတ်မှာ အဆင့်(၇) သိုင်းပညာရှင်တစ်ယောက်အဖြစ် သူ့ရဲ့အစွမ်းတွေကို ပြသခဲ့တဲ့အတွက် ဓားသမားက တစ်ချက်တည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အဆုံးသတ်သွားခဲ့ရတယ်..”

တာ့ဆွေတိုင်းပြည်၏ ဘုရင်ကြီးက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ အပြင်ဘက်တွင် ရပ်နေသော မိန်းမစိုးခေါင်းဆောင်များက သူ့ကို အခြေအနေများ ရှင်းပြထားပြီးသားဖြစ်၏။

မူလ ယုလုက အဆင့်(၆) အထွဋ်အထိပ်တွင် ရှိနေမည်ဟု သူက ခန့်မှန်းမိသည်။ သို့သော် ကျမ်းစာ စာကြည့်တိုက်ထဲရှိ တိုက်ပွဲအတွင်း သူက အဝေးမြင် အဆင့် ဓားသမားကို ဓားသွေးကျောက်အဖြစ် အသုံးချပြီး သူ့ကိုယ်သူ မြှင့်တင်ခဲ့သည့်အတွက် တိုက်ပွဲအဆုံးသတ်တွင် အဆင့်တက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်ထူးချွန်သော ပါရမီနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကို ပြသနေခဲ့သည်။

တာ့ဆွေတိုင်းပြည်ဘုရင်ကြီး၏ မျက်လုံးထဲတွင်တော့ ဖြစ်ပေါ်လာခဲ့သော ထိုအဖြစ်အပျက်များက မသက်မသာ ခံစားနေရသော အမတ်ကြီး၏အမြင်နှင့် လုံးဝကို ကွဲပြားနေခဲ့သည်။

ရုတ်တရက်ဆိုသလို အပြင်ဘက်၌ရှိနေသော မိန်းမစိုးအကြီးအကဲက ဘုရင်ကြီး၏ အနားကို ချက်ချင်းရောက်လာခဲ့သည်။ အမတ်ကြီးက မျက်လုံးရှေ့တွင် ဝေဝါးသွားသော အရိပ်တစ်ခုကိုသာ မြင်လိုက်ရပြီး မိန်းမစိုးခေါင်းဆောင်က ဘုရင်ကြီး၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူကတော့ ဘုရင်ကြီးကို စောင့်ကြပ်ရသော အစေခံတစ်ယောက်၏ ကျင့်ဝတ်ကိုပင် လုံးဝလျစ်လျူရှုထားခဲ့သည်။

ဘုရင်ကြီးက ထိုအရာကြောင့် လုံးဝဒေါသထွက်သွားခြင်းမရှိချေ။ ထိုအစား သူက ပို၍ပင် စိတ်ဝင်စားသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် နန်းတော်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ပြီး ကျယ်လောင်သောအသံတစ်ခု ကြားလိုက်ရသည်။

"တာ့ဆွေတိုင်းပြည်ရဲ့ ဘုရင်က ဘယ်မှာလဲ…"

ဘုရင်ကြီးက မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"သူ့မှာ သတ္တိတော့မနည်းဘူးပဲ။ သူက ဘယ်လောက်အစွမ်းထက်လဲ…"

"သူက အဆင့်(၉) သိုင်းပညာရှင်တစ်ယောက်ပါ။ ပြီးတော့ သာမန်အဆင့်(၉) သိုင်းပညာရှင် တစ်ယောက် မဟုတ်ဖို့ အခွင့်အရေးလည်း ရှိတယ်။ ဒါကြောင့် သူက သတိထားရမယ့် ပညာရှင်တစ်ယောက်ပဲ…"

မိန်းမစိုးခေါင်းဆောင် အကြီးအကဲက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

ဘုရင်ကြီးက ခေါင်းညိတ်တုံ့ပြန်လိုက်၏။

"အဆင့်(၉) ကျားကစားသမားတွေ ကြားထဲမှာတောင် အရည်အချင်းက ကွဲပြားသေးတာပဲ။ သူတို့က အဆင့်တူရှိကြပေမယ့် အမှန်အတိုင်း ပြောရရင်တော့ ကွာဟမှုက တော်တော်လေးကြီးတယ်…"

ဘုရင်ကြီးက မိန်းမစိုးခေါင်းဆောင်၏ အကာအကွယ်နှင့် အနားယူနေသောနေရာမှ ထွက်လာခဲ့သည်။ သူက ဆက်ပြောလိုက်၏။

"အဆင့်(၁၀) ကျားကစားသမားတစ်ယောက်လည်း ရှိလာဖို့မျှော်လင့်တယ်။ ဒါပေမဲ့ အလယ်မြေနတ်ဘုရား ကုန်းမြေရဲ့ ကျောက်စိမ်းဖြူမြို့တော်ထဲမှာ ကျားကစားသမားတစ်ယောက်က သူ့ကိုယ်သူ အဆင့်(၁၀) ကျားကစားသမားတစ်ယောက်လို့ ကြေညာထားတယ်။ သူက မြို့ရိုးနံရံပေါ်မှာ အလံတစ်ခု စိုက်ထားပြီး ‘ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်း’ဆိုတဲ့ စာသားတွေ ရေးထားတယ်…”

“ရလဒ်အနေနဲ့ ဘယ်ဘုရင်ကမှ သူတို့ရဲ့ပိုင်နက်ထဲမှာရှိတဲ့ ကျားကစားသမားတွေကို အဆင့်(၁၀)ဆိုတဲ့ ဂုဏ်ပုဒ်မျိုး မပေးရဲတော့ဘူး။ ငါ့အနေနဲ့ ပြောရရင်တော့ ငါတို့တာ့ဆွေတိုင်းပြည်မှာ အရှေ့ပိုင်းကုန်းမြေကြီးထဲက အတော်ဆုံး ကျားထိုးပညာရှင်တွေ ရှိတယ်။ ဒါပေမဲ့ တခြားသူတွေလိုပဲ ငါတို့ တာ့ဆွေတိုင်းပြည်က ဒီအလေ့အထကို မချိုးဖောက်ရဲဘူး။ ငါက ကျောက်စိမ်းဖြူမြို့တော်ကို ငါကိုယ်တိုင် သွားကြည့်ချင်တယ်…”

“မြို့တော်ထဲမှာရှိတဲ့ အစောင့်တွေနဲ့ သူ့ရဲ့စွမ်းအားကို အရင်ဆုံး စမ်းသပ်ခံလိုက်ပါ။ ပြီးမှ ဘုရင်ကြီးကိုယ်တိုင် သူနဲ့ တွေ့သင့်မတွေ့သင့် ဆုံးဖြတ်ပေါ့…"

မိန်းမစိုးခေါင်းဆောင်က အကြံပေးလိုက်သည်။

ဘုရင်ကြီးနှင့် မိန်းမစိုးခေါင်းဆောင်တို့က စြင်္ကံလမ်းထဲမှ ထွက်လာသည့်အချိန်တွင် သူတို့၏အနားသို့ အကြီးအကဲကျင့်ကြံသူတစ်ယောက် ရောက်လာပြီး အပြင်ဘက်မှ အခြေအနေကို သတင်းပို့လိုက်သည်။

သိုင်းလေ့ကျင့်ခန်းမ၏ အပြင်ဘက်တွင် ရှိနေသော မြေကွက်လပ်တွင် နန်းတော်အဆင့်(၇) သိုင်းပညာရှင်တစ်ယောက်ဖြစ်သော နန်းတော်အစောင့် လက်ထောက်စစ်သူကြီးတစ်ယောက်က လက်သီးတစ်ချက်တည်းနှင့် နောက်ပြန်လွင့်သွားခဲ့၏။ လူတိုင်းကတော့ သူ့ကို သယ်ထုတ်ရန် အနားသို့ ကပ်သွားရန်ပင် အလွန်ကြောက်လန့်နေခဲ့ကြသည်။

ပေ(၁၀၀)ခန့် လျှောက်သွားပြီးနောက် သူတို့က ရွှေရောင်ချပ်ဝတ်အင်္ကျီ ဝတ်ထားသော စစ်သူကြီးကို နောက်ထပ်သတင်းပို့လိုက်ပြန်သည်။ နန်းတော်အနားတွင် တစ်နှစ်ပတ်လုံး စောင့်ကြပ်နေသော အဆင့်(၁၀)ကျင့်ကြံသူက ပထမဆုံးပြဿနာ ဖြစ်သည်နှင့် နန်းတော်ထဲကို ချက်ချင်းရောက်လာခဲ့သည်။

သို့သော် သူက အင်မော်တယ်ရတနာကို တစ်ကြိမ်သာ သုံးလိုက်ရပြီး လီအာ့၏ လက်သီးချက်တစ်ချက်တည်းနှင့် နန်းတော်အပြင်ဘက်ကို လွင့်သွားခဲ့ရသည်။ နောက်ထပ်လက်သီးချက် တစ်ချက်ကိုသုံးပြီး လီအာ့က ကျင့်ကြံသူကို မြို့ရိုးနံရံထဲသို့ ကပ်ဝင်သွားအောင် လုပ်နိုင်ခဲ့သည်။ ထိုအရာက လက်ထောက်စစ်သူကြီးကဲ့သို့ မဟုတ်ပေ။

ကျင့်ကြံသူက နေရာတွင် လဲကျမသွားဘဲ သူက တိုက်ပွဲတွင် ကြာရှည်သင့်တော်မှုမရှိချေ။

ဘုရင်ကြီးက ခေါင်းညိတ်တုံ့ပြန်ပြီး မေးလိုက်၏။

"နန်းတော်ထဲက ဝင်္ကပါကို အသက်သွင်းထားပြီ မဟုတ်လား…"

ချပ်ဝတ်အင်္ကျီဝတ်ထားသော စစ်သူကြီးက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ "အသက်သွင်းထားပါပြီ။ အချိန်မရွေး သုံးလို့ရပါတယ်…"

"သိုင်းသခင်အဆင့် သိုင်းပညာရှင်တွေနဲ့ မြို့တော်ထဲမှာရှိတဲ့ ကျင့်ကြံသူတွေ အားလုံးကလည်း နန်းတော်ကို လာနေကြပါပြီ…”

“ကျူးကျော်သူက တစ်ယောက်ယောက်ကို ရန်စပြီး တိုက်ခိုက်ခဲ့သေးလား…" ဘုရင်ကြီးက မေးလိုက်သည်။

စစ်သူကြီးက ခေါင်းခါပြီး တုံ့ပြန်လိုက်၏။

"မတိုက်ခိုက်ပါဘူး။ သူက ဘုရင်ကြီးကို တွေ့ဖို့ ရောက်လာတာလို့ပဲ ပြောတယ်။ ကျွန်တော်တို့က သူ့ကို မတိုက်ခိုက်ရင် သူကလည်း နေရာမှာပဲ ရပ်နေတယ်.."

"အမှားတစ်ခုကို (၃)ကြိမ်တိတိ မလုပ်သင့်ဘူး…"

ဘုရင်ကြီးက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

မိန်းမစိုးခေါင်းဆောင်က အပြုံးနှင့် ပြောလိုက်၏။

"အခုအချိန်က အဲဒီလို ရှေးကျတဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ့်အချိန် မဟုတ်ပါဘူး ဘုရင်ကြီး။ ကျွန်တော် သွားပြီး ရင်ဆိုင်ကြည့်လိုက်မယ်။ တကယ်လို့ ကျွန်တော် ရှုံးသွားတယ်ဆိုရင်တော့ ဘုရင်ကြီးက သူနဲ့တွေ့လို့ရတယ်…."

"မင်းတို့နှစ်ယောက်လုံးက သိုင်းပညာရှင်တွေပဲ။ ဒီတော့ ဆိုးဆိုးဝါးဝါးမရှုံးအောင် ဂရုစိုက်ပါ…"

ဘုရင်ကြီးက စနောက်လိုက်သည်။

မိန်းမစိုးခေါင်းဆောင်က နန်းတော်ထဲတွင် အလွန်လေးစားရသော လူတစ်ယောက် ဖြစ်၏။ သူက တာ့ဆွေတိုင်းပြည်၏ ဘုရင်(၃)ဆက်တိတိ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"ကျွန်တော်က မလိုအပ်ရင် မြို့တော်ထဲက နဂါးချီစွမ်းအားတွေကို မယူပါဘူး…"

ထို့နောက် မိန်းမစိုးခေါင်းဆောင်က လေထဲသို့ ပျံသန်းသွားခဲ့ပြီး မျက်စိတမှိတ်အတွင်း နန်းတော်ပေါ်မှ ပျံသန်းသွားခဲ့သည်။ သူက အလွန်နူးညံ့သိမ်မွေ့သော အင်မော်တယ်တစ်ပါးကဲ့သို့ ဆင်းသက်လာခဲ့၏။

အဆင့်(၈) လေလွင့်သိုင်းပညာရှင်အဆင့်ကို ရောက်သည့်အချိန်တွင် သိုင်းပညာရှင်များက လေထဲ၌ ပျံသန်းနိုင်စွမ်းရှိကြသည်။ ထို့ကြောင့် ထိုအဆင့်ကို ခရီးရှည်သွားလာခြင်းအဆင့်ဟုလည်း လူသိများသည်။

ယေဘုယျအားဖြင့် အဆင့်(၉) အထွဋ်အထိပ်ကိုရောက်နေသော သိုင်းပညာရှင် တစ်ယောက်က သိုင်းသခင်အဆင့် အထွဋ်အထိပ် ၊ သိုင်းသခင်အဆင့် အဆုံးသတ်ကို ရောက်နေပြီဟု သတ်မှတ်နိုင်သည်။ သူတို့က သိုင်းပညာလမ်းကြောင်း၏ နောက်ဆုံးကို ရောက်နေပြီဟု ညွှန်ပြနေခဲ့၏။ အဆုံးသတ်အဆင့် သိုင်းပညာရှင်များက ဗုဒ္ဓရွှေခန္ဓာများနှင့် ယှဉ်နိုင်သော ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြပြီး အဆင့်(၁၀) ကျင့်ကြံသူများကလွဲလျှင် အလယ်ဘုံ (၅)ဆင့်မှ ကျင့်ကြံသူများကပင် သူတို့နှင့် ပေ(၁၀၀)အတွင်း ဝင်ရောက်မိလျှင် သေဆုံးသွားနိုင်ကြသည်။ သူတို့ဆီတွင် အစွမ်းထက်သော အကာအကွယ်ရတနာများ ရှိမှသာ ခံနိုင်ရည်ရှိပါလိမ့်မည်။

မိန်းမစိုးခေါင်းဆောင်က သိုင်းလေ့ကျင့်ခန်းမ အပြင်ဘက်တွင် ရှိနေသော မြေကွက်လပ်ဆီသို့ ပျံသန်းသွားခဲ့သည်။ သူက လီအာ့နှင့် ပေ(၂၀၀)ခန့်အကွာတွင် ရပ်တန့်လိုက်၏။ သူ ရောက်မလာခင် မြေပြင်ပေါ်၌ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နန်းတော်၏ အမိုးနှင့် နံရံများအားလုံးတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။

နန်းတော်တစ်ခုလုံးကို ရွှေရောင်အလွှာတစ်ခု လွှမ်းခြုံနေသလို ထင်မှတ်ရ၏။ ထိုအထဲတွင် ရေနဂါးများ၏ ပုံရိပ်များကို မြင်တွေ့နေရပြီး သူတို့က လက်သည်းများ၊ အစွယ်များကို ပြသနေသည်မှာ အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

တာ့ဆွေတိုင်းပြည်၏ ဝင်္ကပါကို နဂါးနံရံဟုခေါ်သည်။ တာ့ဆွေတိုင်းပြည်က တည်ငြိမ်အေးချမ်းနေခဲ့သည့်အတွက် နဂါးနံရံကို အသုံးမပြုခဲ့သည်မှာ နှစ်ပေါင်း(၁၀၀)ခန့် ရှိနေပြီဖြစ်သည်။ ဝင်္ကပါကို အသက်သွင်းလိုက်သည့်အချိန်တွင် နန်းတော်ကြီးတစ်ခုလုံးက ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။

ဘဝတစ်လျှောက်လုံး ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သည့်အတွက် မိန်းမစိုးခေါင်းဆောင်၏ နှလုံးသားထဲတွင် နဂါးနံရံကို မြင်လိုက်သည်နှင့် ခံစားချက်များစွာ ပြည့်နှက်လာခဲ့သည်။

"ငါတို့က နောက်တစ်ကြိမ် ပြန်တွေ့ရမယ်လို့ မထင်ထားဘူး…"

မိန်းမစိုးခေါင်းဆောင်က လက်တစ်ဖက်ကို နောက်ပစ်ထားပြီး တခြားလက်တစ်ဖက်က ဗိုက်ပေါ်တွင် လက်သီးအဖြစ် ဆုပ်ထားခဲ့သည်။ သူက ကြေညာလိုက်၏။

"ငါတို့က လက်သီးချက် (၃)ချက်တိုက်ခိုက်ကြမယ်။ မင်းက အနိုင်ရမယ်ဆိုရင်တော့ ဘုရင်ကြီးနဲ့ တွေ့ခွင့်ရှိမယ်…"

လီကျူးသုခဘုံထဲတွင် ချန်ပင်းအန်းကို ရောင်းချရန် ရွှေငါး ထည့်ထားသော နဂါးဘုရင်ခြင်းတောင်း ကိုင်ထားသည့် လီအာ့ဆီမှ မိန်းမစိုးခေါင်းဆောင်နှင့် မင်းသားကောင်းရွှမ်တို့က ထိုအခွင့်အရေးကြီးနှစ်ခုကို ကြားဖြတ်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် လီအာ့က သူ၏အစွမ်းများကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး မိန်းမစိုးခေါင်းဆောင်ကလည်း လီကျူးသုခဘုံ၏ ကန့်သတ်ချက်များကို ခံထားရသည်။ ထို့ကြောင့် လီအာ့က ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း သူလည်း မသိခဲ့ချေ။

လီအာ့က ခံစားချက်ကင်းမဲ့စွာ ရပ်နေပြီး အပိုစကားများ ပြောဆိုခြင်းကို စိတ်မဝင်စားချေ။ သူက အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားနှင့် ပြောလိုက်၏။ "ဒါဆိုရင် ငါက မင်းကို လက်သီးနှစ်ချက် အရင်ဆုံး တိုက်ခိုက်ဖို့ ခွင့်ပြုပေးမယ်.."

ထိုစကားကိုကြားသည့်အခါ မိန်းမစိုးခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ "ကောင်းပြီလေ၊ ငါက မင်းရဲ့ကမ်းလှမ်းမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံရတာပေါ့.."

လီအာ့က နောက်ထပ်စကားမပြောခဲ့ဘဲ သူ၏ ဒန်တျန်ထဲသို့ ချီစွမ်းအားများကို ပေါင်းထည့်လိုက်သည်။ သူက လှုပ်ရှားမှုမရှိသော်လည်း သိုင်းလေ့ကျင့်ခန်းမ အပြင်ဘက်တွင် ရှိနေသော မြေကွက်လပ်ကြီးက ပျက်စီးသွားတော့မည်လား ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ လီအာ့၏ ပုံစံက မတုန်မလှုပ်ရှားနိုင်သော တောင်တစ်တောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ မြေပြင်ထဲမှနေ၍ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ပတ်ပတ်လည် ပေ(၁၀၀)အတွင်း ရှိနေသော အလင်းရောင်များက ချက်ချင်းမှေးမှိန်သွားခဲ့သည်။

မိန်းမစိုးခေါင်းဆောင်က သက်ပြင်းချလိုက်ပြီးနောက် ရှေ့ကို တစ်လှမ်း လှမ်းလိုက်၏။ ခြေတစ်လှမ်းချင်းဆီတိုင်းတွင် သူ၏အရပ်က ပို၍ရှည်လာခဲ့၏။ အဆုံးတွင်တော့ သူ၏နောက်ဆုံးခြေလှမ်းက ပေ(၂၀)နီးပါးခန့်ရှိပြီး သူက ရပ်တန့်၍မရနိုင်သော အစွမ်းမျိုးနှင့် လီအာ့ဆီကို ပြေးဝင်လာခဲ့သည်။ သူက လီအာ့၏ ရင်ဘတ်ကို လက်သီးနှင့် ထိုးလိုက်၏။

နန်းတော်ကြီးတစ်ခုလုံးတွင် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ သိုင်းလေ့ကျင့်ခန်းမ အပြင်ဘက် မြေကွက်လပ်၏ မြေပြင်ပေါ်တွင် ပြည့်နှက်နေသော ရွှေရောင်နဂါးတစ်ကောင်က တိုက်ခိုက်မှုကြောင့် လှိုင်းလုံးများ သက်ရောက်ခြင်းကို ခံခဲ့ရသည့်အတွက် ချက်ချင်း နောက်ကို ပြန်ဆုတ်သွားခဲ့ပြီး အဝေးတွင် ခွေနေခဲ့သည်။ တစ်စက်မျှပင် မလှုပ်ရဲတော့ပေ။

တိုက်ခိုက်မှုကြောင့် လီအာ့က နောက်ကို ခြေလှမ်း(၃) (၄)လှမ်းခန့် ပြန်ဆုတ်သွားခဲ့ရပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းက နောက်ထပ်လက်သီးတစ်ချက် ထိုးလို့ရသေးတယ်…"

မိန်းမစိုးခေါင်းဆောင်က တုံ့ပြန်မှုမရှိဘဲ သူ၏ အနီရောင်စပါးအုံးဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ် လှုပ်ရှားနေခဲ့သည်။ သူက ရှေ့ကို တစ်လှမ်းလှမ်းလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် လီအာ့၏ နဖူးကို လက်သီးနှင့် နောက်တစ်ကြိမ် ထိုးလိုက်သည်။

သူ့လက်သီးက လီအာ့၏နဖူးကို ထိုးလိုက်မိသည့်အချိန်တွင် အရာအားလုံး တိတ်ဆိတ်သွားခဲ့ပြီး နန်းတွင်းအစောင့်ရဲမက်များ၊ နန်းတွင်းမိန်းမပျိုများနှင့် မိန်းမစိုးများအားလုံးက အလွန်ပြင်းထန်သော လှုပ်ရှားမှုကြီးကို ခံစားလိုက်ရသည်။

နန်းတွင်းရဲမက်များ အားလုံးက ကျင့်ကြံသူများ၊ သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း သူတို့၏နားအစုံများက ပြင်းပြင်းထန်ထန် တုန်ခါသွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးစွမ်းအားများကပင် လှုပ်ရှားလာခဲ့သည်။ သက်ရောက်ခံလိုက်ရသော နန်းတွင်းမိန်းမပျိုများနှင့် မိန်းမစိုးများအားလုံးကတော့ နောက်သို့ လွင့်သွားကြပြီး နားထဲမှ သွေးများစီးကျလာနေခဲ့၏။

လီအာ့က မိန်းမစိုးခေါင်းဆောင်၏ အစွမ်းကုန်တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက သူ့နောက်တွင် ရှိနေသော မြို့ရိုးနံရံပေါ်တွင် ကပ်နေခဲ့သည်။ သို့သော် သူက နံရံထဲမှ လျင်မြန်စွာ ရုန်းထွက်လိုက်၏။

သူက မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး သူ၏အမူအရာက ပြောင်းလဲသွားခြင်းမရှိချေ။ သူက မိန်းမစိုးခေါင်းဆောင်ကို ပြောလိုက်၏။

"မင်းမှာ နောက်ထပ်လက်သီးချက်တစ်ချက်ပဲ ကျန်တော့တယ်။ မင်းက အချိန်မရွေး တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ အခုကစပြီး ငါလည်း တုံ့ပြန်တော့မယ်…"

အစောပိုင်းတွင် လီအာ့က နန်းတွင်းအစောင့် လက်ထောက်စစ်သူကြီးနှင့် အဆင့်(၁၀) ကျင့်ကြံသူတို့ကို လက်သီးတစ်ချက်တည်းနှင့် အနိုင်ရခဲ့သည်။ ယခု မိန်းမစိုးခေါင်းဆောင်နှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူက လက်သီး တစ်ချက်တည်းသာ တိုက်ခိုက်ဦးမည်ဖြစ်၏။ သူက အလွန်ရိုးရှင်းပြီး ရိုးသားသူ တစ်ယောက်ဖြစ်၏။ သူက မည်သူ့ကိုမျှ အလွန်အကျွံမတိုက်ခိုက်ချင်ခဲ့ပေ။

မိန်းမစိုးခေါင်းဆောင်က သက်ပြင်းချပြီး ပြောလိုက်၏။

"ကျေးဇူးပြုပြီး ငါ့ကို သင်ပြပေးပါဦး…"

လီအာ့က ရှေ့ကိုလျှောက်လာပြီး မိန်းမစိုးခေါင်းဆောင်၏ ရင်ဘတ်ကို လက်သီးနှင့် တိုက်ခိုက်လိုက်သည်။ ထို့နောက် မိန်းမစိုးခေါင်းဆောင်က သိုင်းလေ့ကျင့်ခန်းမ အပြင်ဘက် မြေကွက်လပ်မှ လုံးဝကို ပျောက်သွားခဲ့၏။ သို့သော် သူ့နောက်တွင် ရှိနေသော နံရံထဲတွင်တော့ အလွန်ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

လီအာ့က ခဏကြာစောင့်စားနေသော်လည်း နံရံထဲတွင် ရှိနေသော အပေါက်ထဲမှ လူတစ်ယောက်မှ ထွက်မလာခဲ့ပေ။ သူက ကြေညာလိုက်၏။

"နားထောင်ကြစမ်း၊ တာ့ဆွေတိုင်းပြည်က ဘုရင်ကြီး။ တကယ်လို့ မင်းသာ ဆက်ပြီး ပုန်းနေချင်တယ်ဆိုရင်တော့ တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက်ကို စေလွှတ်တာ ပိုပြီးတော့ကောင်းမယ်။ တကယ်လို့ လူတစ်ယောက်မှ ရှာမတွေ့ဘူးဆိုရင်တော့ သူတို့အားလုံးကို တိုက်ခိုက်ဖို့ ငါ့ဆီလွှတ်လိုက်…"

Translated by Hein Htet.

All Chapters