အခန်း (၁၇၄)
Vol. 12 Ch. 174
မောက်ရှောင်တုံက တိတ်ဆိတ်အေးချမ်းသော ခြံဝန်းလေးထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် ချွေးတုံရှန်းက ကျောက်တုံးထိုင်ခုံလေးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြောင်း တွေ့လိုက်ရသည်။
သူက ကျားကွက်ခုံပေါ်တွင် နေရာချထားသော အခြေအနေကို သေချာစိုက်ကြည့်နေခဲ့သည်။ သူက လက်နှစ်ဖက်ကို ဖြန့်ထားပြီး အနက်ရောင်နှင့် အဖြူရောင် ကျားစေ့ဘူးလေးနှစ်ခုကို အစွန်တွင် တင်ထားခဲ့သည်။ သူက နေရာချရန် စဉ်းစားနေသည့် အချိန်တွင် လက်ချောင်းလေးများနှင့် ကျားစေ့လေးများကို ညင်သာစွာ ပုတ်နေခဲ့သည့်အတွက် အသံတိုးတိုးကို ကြားနေရသည်။
မောက်ရှောင်တုံ ရောက်လာသည့်အချိန်တွင် ချွေးတုံရှန်းက မေးလိုက်၏။
“ဘယ်လိုပြီးသွားပြီလဲ…လီအာ့က နန်းတော်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တာလား…”
မောက်ရှောင်တုံက ကျောက်တုံးစားပွဲ၏အနားသို့ ရောက်လာပြီးနောက် တဖြည်းဖြည်း ရှင်းလင်းလာသော ကျားကွက်ခုံပေါ်ရှိ အခြေအနေကို စိုက်ကြည့်လိုက်သည်။ ခဏကြာ စိုက်ကြည့်နေသည်ကိုပင် သူကတော့ ထိုအရာမှ များများသိခွင့်မရခဲ့ပေ။ ထို့ကြောင့် သူက ထပ်မံဖြေရှင်းနေခြင်း မရှိတော့ပဲ ချွေးတုံရှန်း၏ဘေးတွင် ထိုင်၍မေးလိုက်သည်။
“မင်းက ဘာတွေကြံစည်နေတာလဲ… ဒါမှမဟုတ် မင်းတို့နှစ်ယောက်က ဘာတွေကြံစည်နေတာလဲလို့ ငါက ပြောသင့်တာလား…”
ချွေးတုံရှန်းက ကျားစေ့များ၏ တည်နေရာကို စိုက်ကြည့်ပြီး ရယ်ချင်နေသော အမူအရာနှင့် ပြောလိုက်သည်။
“မင်းက ဒီကိုရောက်တာ သိပ်မကြာသေးဘူး။ မင်းက တာ့ဆွေတိုင်းပြည် အတွက်တောင် စပြီးတော့ ဆွေးနွေးပေးနေပြီပဲ။ ငါကတော့ ဒီလောက်ထိ မြန်မြန်သစ္စာခံတာကို မပြောင်းစေချင်ဘူး။ မင်းက ဒီလောက်မြန်မြန် သစ္စာခံပြောင်းသွားတာလည်း မကြိုဆိုတာတော့ မဟုတ်ဘူးမလား…”
မောက်ရှောင်တုံက ကျောက်တုံးစားပွဲကို လက်ဖဝါးနှင့် ရိုက်ချလိုက်သည်။ ကျားစေ့ခုံပေါ်တွင် ရှိနေသော ကျားစေ့များအားလုံးက လေထဲသို့မြောက်သွားပြီး လေထဲတွင် လွင့်မျောနေခဲ့၏။
အနက်ရောင်ကျားစေ့လေးများက အဖြူရောင်ကျားစေ့လေးများထက် အနည်းငယ် ပို၍မြင့်နေသည့်အတွက် ပုံရိပ်က ပို၍ထူးခြားနေသည်။ သို့သော် မောက်ရှောင်တုံက ထိုကျားစေ့လေးများကို မည်သည့်နေရာမျှ စစ်ဆေးကြည့်စေကာမူ နောက်ကွယ်တွင် ပုန်းအောင်းနေသော အရာများကို စစ်ဆေးကြည့်နိုင်ခြင်း မရှိချေ။
အဆုံးတွင်တော့ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ ကျားစေ့လေးများအားလုံးက မူလနေရာသို့ ချက်ချင်း ပြန်ကျသွားခဲ့ပြီး တိတိကျကျ ပြန်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ချွေးတုံးရှန်းကတော့ ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး အပြုံးနှင့် ပြောလိုက်၏။
“ချောက်ကမ်းပါးကျောင်းတော်ကလည်း ဘယ်လိုအခြေအနေမျိုးမှာမဆို လိုက်လျောညီထွေ နေနိုင်အောင်လို့ လုပ်ဆောင်ထားသင့်တယ်။ ဘာလို့ မင်း မထိန်းချုပ်နိုင်တဲ့ အပြင်ဘက်က အရာတွေကို ဒီလောက်တောင် စိုးရိမ်နေရတာလဲ..”
“တကယ်လို့ တာ့လီအင်ပါယာက တာ့ဆွေတိုင်းပြည်ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ ချောက်ကမ်းပါးကျောင်းတော်က ပျောက်ကွယ်သွားမှာလား။ ငါတော့ အဲဒီလိုမထင်ဘူး။ တာ့ဆွေတိုင်းပြည်က ချောက်ကမ်းပါးကျောင်းတော်ကို ကျောင်းတော်(၇၂)ခုထဲက တစ်ခုအဖြစ် ပြန်ထည့်သွင်းဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တာ့ဆွေတိုင်းပြည်နဲ့ ချောက်ကမ်းပါးကျောင်းတော်က တာ့လီအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားမယ်ဆိုရင်တောင် ဘာများဖြစ်လာမှာလဲ။ ဒါက ကွဲပြားမှု မရှိဘူးလေ…”
မောက်ရှောင်တုံ၏ မျက်နှာပေါ်တွင် ခပ်တည်တည် အမူအရာတစ်ခုပေါ်လာပြီး ပြောလိုက်သည်။
“ချောက်ကမ်းပါးကျောင်းတော်ရဲ့ နှလုံးသားက ကျောင်းသားတွေနဲ့ ဆရာတွေဆီမှာပဲ ရှိတယ်။ သူ့ရဲ့နာမည်မှာ ရှိနေတာ မဟုတ်ဘူး။ တကယ်လို့ ငါတို့က တာ့ဆွေတိုင်းပြည်ထဲကနေ ကျောင်းတော်ရဲ့ စာသင်သားတွေကို ဘေးဖယ်ထုတ်လိုက်မယ်ဆိုရင်တောင် ငါနဲ့အတူ တာ့လီတိုင်းပြည်ကနေ ထွက်လာတဲ့ ကလေးတွေအားလုံးက အရမ်းငယ်နေသေးတယ်။ သူတို့က ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေသေးတယ်။ သူတို့က ဘာလို့မသေချာမှုတွေ၊ မနားမနေ အခြေအနေတွေကို ခံစားကြရမှာလဲ…”
ချွေးတုံရှန်း၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ အပြုံးနှင့် မှတ်ချက်ပေးလိုက်သည်။
“မင်းဆီမှာ ရည်မှန်းချက်ကြီးတွေ ရှိနေတာပဲ။ ဒါပေမယ့် မင်းရဲ့အမြင်က ကန့်သတ်ထားတာ ပိုဆိုးနေတယ်။ မင်း မြင်နေရတဲ့ နည်းလမ်းတွေက အရမ်းကို နိမ့်ကျပြီး အမြင်မရှိဘူးလို့ ပြောလို့ရတယ်…”
မောက်ရှောင်တုံ၏မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာပြီး ခနဲ့သလို ပြောလိုက်သည်။
“ငါက မင်းလို ဉာဏ်ကောင်းတဲ့ လူတစ်ယောက်လောက်တော့ အမြင်မရှိဘူးလေ..”
ချွေးတုံရှန်းက မတ်တပ်ရပ်လိုက်ပြီး လက်ထဲတွင် ကျားစေ့လက်တစ်ဆုပ်စာခန့်ယူ၍ ကျောက်တုံးစားပွဲ၏ ပတ်ပတ်လည်တွင် ဖြည်းညင်းစွာချပြီး ပြောလိုက်သည်။
“တကယ်လို့ ဘုန်းကြီးကျောင်းတွေ မရှိတော့ရင်တောင် ဘုန်းကြီးတွေကတော့ ရှိနိုင်သေးတယ်။ ဘုန်းကြီးတွေ မရှိတော့ရင်တောင် ဓမ္မစာပေတွေက ဆက်ပြီးတော့ ရှိနိုင်သေးတယ်။ ဓမ္မစာပေတွေ ပျောက်ဆုံးသွားရင်တောင် ဗုဒ္ဓသင်ကြားမှုတွေကတော့ ဆက်ပြီးတော့ ရှိနိုင်သေးတယ်။ ဗုဒ္ဓသင်ကြားမှုကို လိုက်နာတဲ့သူတွေ မရှိတော့ရင်တောင် ဗုဒ္ဓကိုယ်တိုင်ကတော့ ထာဝရရှိနေနိုင်တယ်…”
ထို့နောက် သူက လက်တစ်ဖက်ကို နောက်ပစ်၍ လက်တစ်ဖက်ကို ညင်သာစွာ ဆုပ်လိုက်သည်။ ထို့နောက် ခြံဝန်းထဲသို့ လမ်းလျှောက်သွားပြီး ဆက်ပြောလိုက်၏။
“ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံးက ယာယီပဲ..။ ပြီးတော့ မတည်မြဲဘူး။ သူတို့တွေက အရာအားလုံးကို အဲဒီလိုပဲ ကြည့်သင့်တယ်။ မင်းက ကျောင်းတော် တည်ရှိနေရတဲ့ ရည်ရွယ်ချက်ကို အမှန်တကယ် နားလည်လာတဲ့အချိန်ကျရင် ချောက်ကမ်းပါးကျောင်းတော်က ဘယ်လိုနေရာမျိုးကိုပဲ ရောက်ရောက် ဘယ်လိုအချိန်မျိုးကိုပဲရောက်ရောက် ဘယ်တိုင်းပြည် ဘယ်ပိုင်နက်ထဲမှာပဲ ရောက်ရောက် ကိစ္စမရှိတော့ဘူး။ ချောက်ကမ်းပါးကျောင်းတော်က ကွန်ဖြူးရှပ် ကျောင်းတော်တွေထဲက တစ်ခုပဲလို့ မင်းက ထင်နေတာလား…”
မောက်ရှောင်တုံက ခနဲ့သလို ပြောလိုက်သည်။
“ကျောင်းတော်တစ်ခုက မင်းပြောသလို အခြေအနေမျိုးကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ…”
ချွေးတုံရှန်းက သူ၏ခြေလှမ်းများကို ရပ်လိုက်ပြီး ကျောက်စားပွဲပေါ်ကိုကျော်၍ မောက်ရှောင်တုံကို စိုက်ကြည့်၍ မေးလိုက်သည်။
“ဘာလို့ မရောက်နိုင်ရမှာလဲ..”
ထို့နောက် သူက ရှေ့ကို ညင်သာစွာ တစ်လှမ်းလျှောက်လာပြီး မေးလိုက်သည်။
“မင်းက ဘာကြောင့် မကြိုးစားကြည့်ရတာလဲ။ မင်းရဲ့ပုခုံးပေါ်မှာ ဘာတာဝန်မှမရှိတော့ ဒီလိုစကားပြောရတာ လွယ်တာပေါ့…”
မောက်ရှောင်တုံက ခေါင်းခါပြီး ပြောလိုက်သည်။
ချွေးတုံရှန်းကလည်း ခေါင်းခါပြီး သက်ပြင်းချလိုက်၏။
“မင်းက ငါ့ဆရာ ချန်းပင်အန်းနဲ့ တကယ်ပဲ တွေ့ကြည့်သင့်တယ်…”
ဆောင်းရာသီ အစောပိုင်း နေရောင်ခြည်က ကောင်းကင်ကြီးပေါ်သို့ အတည့်တိုင်း ရောက်နေပြီး မောက်ရှောင်တုံ၏ ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးသော အလင်းရောင်များ ကျဆင်းလာနေခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
“ချန်းပင်အန်းက တော်တော်လေး ထူးခြားတဲ့ ကလေးတစ်ယောက်ဖြစ်ရမယ်။ ချီကျင့်ချွန်က ဒီလိုအရေးပါတဲ့ တာဝန်တစ်ခုကိုတောင် သူ့ကိုပေးခဲ့တယ်။ ဒါပေမယ့် မင်းကတော့ မစားရတဲ့အမဲ သဲနဲ့ပက်သလို တောက်လျှောက်ကို ကြံစည်နေတယ်..”
“မင်းက ဦးနှောက်ထဲမှာ ချီးတွေပြည့်နေပြီး ငါ့လို ခွေးတစ်ကောင်နဲ့ မကိုက်ချင်စမ်းပါနဲ့.”
ချွေးတုံရှန်းက အပြုံးနှင့် ပြောလိုက်သည်။
မောက်ရှောင်တုံက ထိုနေရာတွင် ဆက်မနေချင်သည့်အတွက် ချွေးတုံရှန်းနှင့် အပြန်အလှန် ရန်စကားများ မပြောတော့ပေ။ ထို့ကြောင့် သူက မတ်တပ်ရပ်ပြီး ထွက်သွားလိုက်၏။ သို့သော် ထိုသို့ မရပ်သေးခင် သူက နောက်ဆုံးအနေနှင့်ရယ်ပြီး ပြောလိုက်သည်။
“တကယ်လို့ ငါ့ဦးနှောက်ထဲမှာ ချီးတွေ ပြည့်နေတယ်ဆိုရင်တောင် မင်းရဲ့ဦးနှောက်ထဲမှာတော့ ဘာမှရှိမှာ မဟုတ်ဘူး။ ခွေးတစ်ကောင်က သူတို့ကို လိုချင်မှာမဟုတ်ဘူးလေ…”
ချွေးတုံရှန်းက အားရပါးရ ရယ်လိုက်၏။
“ကြည့်ရတာတော့ မင်းက လူတစ်ယောက်ကို အားကျနေပြီထင်တယ်…”
မောက်ရှောင်တုံက ခြံဝန်းထဲမှထွက်သွားပြီး ချွေးတုံရှန်းကို အော်ပြောလိုက်သည်။
“နန်းတော်ထဲကို လီအာ့ သွားလည်တာက အရမ်းအဆင်ပြေတယ်။ သူက ဘာပြဿနာမှမဖြစ်ဘဲ လိုချင်တဲ့ရလဒ်ကိုလည်း ရခဲ့တယ်။ ဒါကြောင့် မင်းက ဒီကိစ္စကို ဝင်မပါတာ ပိုကောင်းမယ်။ တကယ်လို့ နောက်ပိုင်း ပြဿနာတစ်ခုခုဖြစ်လာရင် ငါက မင်းကိုပဲ ပစ်မှတ်ထားရမှာပဲ။ ငါက မင်းကို ကြိုပြီးသတိမပေးဘူးလို့ အပြစ်မတင်နဲ့…”
ချွေးတုံရှန်း၏ မျက်နှာပေါ်တွင် စိတ်ပျက်နေသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“မင်းက လီအာ့လုပ်တဲ့ ကိစ္စတွေအတွက် ဘာလို့ ငါ့ကိုရန်ရှာတာလဲ။ ငါက ဘာမှမထူးခြားတဲ့ အဆင့်(၉) ပုရွက်ဆိတ်လေးတစ်ကောင်ပါ။ တကယ်လို့ ငါ့ဆရာသာ ဒီမှာရှိနေမယ်ဆိုရင် ငါက လီအာ့ကို သွားပြီး စစ်ဆေးဖို့ခက်မှာ မဟုတ်ဘူး။ သူက ငါ့ထက် တစ်ခြားလူတွေနဲ့ အကျိုးအကြောင်းစကားပြောတဲ့နေရာမှာ ပိုပြီး အရည်အချင်းရှိတယ်…”
မောက်ရှောင်တုံက ထူးခြားသော အမူအရာနှင့် ချွေးတုံရှန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ ငါက မင်းရဲ့ခေါင်းကိုဖွင့်ပြီး ဘာတွေရှိလဲဆိုတာ သိချင်ပါသေးတယ်…”
ချွေးတုံရှန်းက လက်တစ်ဖက်မြှောက်ပြီး သစ်ခွပန်းကလေးများပုံစံ ပြောင်းလဲလိုက်သည်။ ထို့နောက် မိန်းမဆန်ဆန် ဟန်ဆောင်ပြီး ပြောလိုက်၏။
“မင်းက အဲဒီလိုမျိုးပဲ…”
မောက်ရှောင်တုံက မျက်နှာပျက်သွားပြီး ချက်ချင်းပြန်လှည့်၍ ခွေးချီးပုံ နင်းမိသွားသည့်အလား အဝေးကို စိုက်ကြည့်သွားခဲ့သည်။
မောက်ရှောင်တုံ ထွက်သွားသည့်အချိန်တွင် ချွေးတုံရှန်းက သူ၏ကျောက်တုံး စားပွဲပေါ်တွင် ပြန်ထိုင်လိုက်၏။ သူက လက်ထဲတွင် ကိုင်ထားသော ကျားစေ့လေးများကို ကျားကွက်ခုံ အပေါ်ဘက် လေထဲသို့ ပစ်လိုက်၏။ ထို့နောက် လက်ကို ညင်သာစွာ လှုပ်ရှားလိုက်ရာ ကျားစေ့လေးများက တစ်စေ့ပြီးတစ်စေ့ ကျလာခဲ့သည်။
ကျားစေ့(၇)စေ့ ၊ (၈)စေ့ခန့်က ကျားကွက်ခုံပေါ်သို့ ဆက်တိုက် ကျဆင်းလာခဲ့၏။ ထိုကျားစေ့များအားလုံက အဖြူရောင်များဖြစ်ကြပြီး သူတို့က ကျားကွက်ခုံပေါ်ရှိ ကျားစေ့များ၏ မျှခြေကို နှောင့်ယှက်နိုင်ခဲ့သည်။
အဆုံးတွင်တော့ ချွေးတုံရှန်းက ကျောက်ထိုင်ခုံပေါ်တွင် လက်ဗလာနှင့် ထိုင်နေခဲ့၏။ သူက ဒူးနှစ်ဖက်ပေါ်သို့ မေးတင်ထားပြီး သေချာစဉ်းစားသုံးသပ်နေပုံ ရသည်။ မောက်ရှောင်တုံ ပြောခဲ့သည့်အတိုင်း ကောင်းကင်ဘုံအောက်တွင် ချွေးတုံရှန်း စဉ်းစားနေသည့်အရာကို ပြောနိုင်သည့် သူတစ်ယောက်မျှမရှိချေ။ ချီကျင့်ချွန်ကတော့ ချွင်းချက်ဖြစ်နိုင်၏။
ခြံဝန်း၏ ရှေ့ဘက်မှနေ၍ ခြေသံတိုးတိုး ကြားလိုက်ရပြီး ရှဲ့ရှဲ့ စာသင်ကြားရာမှ ပြန်ရောက်လာခဲ့သည်။ သူမက ပစ္စည်းများကို ချလိုက်ပြီး တံမြက်စည်းတစ်ချောင်းယူ၍ ခြံဝန်းထဲမှ သစ်ရွက်ကြွေများကို ကြည့်နေခဲ့သည်။ လေပြေလေညင်းလေးတစ်ခု တိုက်ခတ်လာပြီးနောက် သူမက မြေပေါ်တွင် ရှိနေသော အမှိုက်များကို တံမြက်စည်းနှင့် လှည်းနေခဲ့၏။
“ရှဲ့ရှဲ့ …
မင်းက တာ့လီအင်ပါယာနဲ့ တာ့ဆွေအင်ပါယာနှစ်ခုထဲမှာ ဘယ်နေရာကို ပိုပြီးတော့ သဘောကျလဲ…”
ချွေးတုံရှန်းက ရုတ်တရက် မေးလိုက်သည်။
ထိုအရာက ပထမဆုံးအကြိမ်အဖြစ် ရှဲ့ရှဲ့ကို မေးခဲ့သော လေးနက်သည့် မေးခွန်းတစ်ခုလည်း ဖြစ်သည်။ သူမက မည်သို့ပြန်ဖြေရမှန်းမသိသည့်အတွက် ခဏကြာ တွေဝေသွားခဲ့ပြီး မသက်မသာ အမူအရာနှင့် တံမြက်စည်းကိုသာ တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။
သူမက အတော်လေးကို ဉာဏ်ကောင်းသည်မှာ ကံကောင်းသွား၏။ ထိုမတိုင်ခင် သူမက ချွေးတုံရှန်းနှင့်အတူ နေထိုင်ရန် ဆုံးဖြတ်လိုက်သည့်အတွက် မည်သည့်အရာကိုမျှအလွန်အကျွံ မစဉ်းစားခဲ့ပေ။ သူမက မည်မျှကြိုးစားစေကာမူ သူ့ကို အတွေးလွန်အောင် လုပ်နိုင်သော နည်းလမ်းလည်း မရှိချေ။ ထို့ကြောင့် စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း တည့်တည့်ပြောသည်မှာ ပိုကောင်းသည်။
အဆိုးဆုံးအခြေအနေဆိုလျှင် သူက ရိုက်နှက်ဆုံးမခံရခြင်းသာ ရှိနိုင်ပြီး သူမက မည်သည့်အရာမျှဆုံးရှုံးရခြင်း မရှိချေ။ ခေါင်းထဲတွင် ထိုအရာကို စဉ်းစားမိသည့်အတွက် သူမက ပြန်ဖြေလိုက်၏
“တာ့ဆွေတိုင်းပြည်ကတော့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့သူတွေအတွက် ပိုပြီးတော့ အဆင်ပြေတယ်။ ဒီနေရာက နေထိုင်ဖို့အတွက် တော်တော်လေး သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုပဲ…”
“တစ်ဖက်မှာတော့ တာ့လီအင်ပါယာက ရည်မှန်းချက်ကြီးမားတဲ့သူတွေအတွက် ပိုပြီးတော့သင့်တော်တယ်။ ဘာလို့လည်းဆိုတော့ အဲဒီအရာက အနီးနားပတ်ပတ်လည်ကို သိမ်းပိုက်ဖို့ ဆန္ဒပြင်းပြနေတဲ့ အစွမ်းထက်တိုင်းပြည်တစ်ခုပဲ။ ပိုပြီးတော့ ထူးခြားတဲ့အရာကတော့ တာ့လီအင်ပါယာက သူ့ရဲ့ပိုင်နက်ထဲမှာရှိတဲ့ ကျင့်ကြံရေးအင်အားစုတွေကို တဖြည်းဖြည်းနဲ့ ထိန်းချုပ်လာနိုင်တယ်၊ သူတို့က သူတို့ရဲ့နယ်စပ်အတွင်းမှာ အကြွင်းမဲ့အာဏာတစ်ခု တည်ထောင်ဖို့အတွက် တဖြည်းဖြည်း နီးကပ်လာနေပြီ…”
ချွေးတုံရှန်းက ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး သူမ၏သုံးသပ်မှုက မှန်သလား မှားသလား မှတ်ချက်မပေးခဲ့ပေ။ ရှားရှားပါးပါးအနေဖြင့် သူက သူမ၏အမြင်ကို နှောင့်ယှက်ခဲ့ခြင်း အရှက်ခွဲခဲ့ခြင်း မရှိချေ။
ရှဲ့ရှဲ့က ပို၍ပင် နားလည်သွားခဲ့ပြီး ထိုအရာက မှန်ကန်သော လမ်းကြောင်းဖြစ်ကြောင်း သေချာသွားခဲ့သည်။ ယုလု ပြောသည့်အရာက မှန်ကန်နေ၏။ သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် အနာဂတ်အကြောင်းကို စဉ်းစားမနေဘဲ လက်ရှိအခြေအနေကိုသာ အကောင်းဆုံး ဆုံးဖြတ်ရမည် ဖြစ်သည်။
ရုတ်တရက်ဆိုသလို ချွေးတုံရှန်းက မေးလိုက်၏။
“မင်းက ဘာလို့ ကြိုးဆွဲချပြီး မသေရသေးတာလဲ။ ငါက မင်းကို မြေမြှုပ်ပေးဖို့ စောင့်နေတာ တော်တော်လေးကြာပြီ။ မင်းဘာသာ ကြိုးဆွဲချပြီးသွားရင် ငါက မင်းရဲ့ခန္ဓာကိုယ်ကို နောက်ကျောပေါ်မှာ သယ်လာပြီး ချိုက်ကျင်းရှန်က အရှက်မရှိတဲ့ အဘိုးကြီးလို့ ကျိန်ဆဲပြောဆိုနေလို့ရတယ်။ ပြီးတော့ ကျောင်းတော်ထဲမှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်တယ်လို့လဲ စွပ်စွဲလို့ရသေးတယ်…”
“သူက မင်းနဲ့အတူ အဲဒီလမ်းကို လျှောက်ခဲ့တယ်ဆိုတာ ငါက အတည်ပြုပြီးသွားရင် မင်းက အရှက်ကွဲရတဲ့အတွက် မင်းရဲ့အသက်ကို အဆုံးစီရင်လိုက်တာလို့ ပြောလိုက်လို့ရတယ်။ ဒါဆိုရင်တော့ ငါက မင်းကိုလက်တုံ့ပြန်ဖို့ အတွက် တစ်ခြားသူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့ ဆင်ခြေပေးလို့ရတာပေါ့…”
ထိုစကားကိုကြားသည့်အခါ ရှဲ့ရှဲ့ကတော့ လုံးဝကို မှင်တက်မိနေခဲ့သည်။
ချွေးတုံရှန်းက သူမကို လှည့်ကြည့်ပြီး ဆက်ပြောလိုက်၏။
“မင်းက ငါ့တပည့်ဆိုတာ လူတိုင်းကို ကြေညာခဲ့ရတဲ့အတွက် ငါ့မှာ ရွေးချယ်စရာမရှိဘဲ မင်းကို ရတနာတွေ ငှားပေးရတယ်။ ငါက အဲဒီဆုံးဖြတ်ချက်ကို တော်တော်လေး နောင်တရမိတယ်…”
ရှဲ့ရှဲ့က ခေါင်းငုံ့ပြီး ခြံဝန်းထဲကိုသာ ဆက်ပြီး တံမြက်စည်းလှည်းနေခဲ့သည်။
ချွေးတုံရှန်းက အလွန်နူးညံ့သိမ်မွေ့သော သူမကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ထပ်ဖြည့်ပြောလိုက်၏။
“မင်းသိလား.. တကယ်လို့ ငါ့မြေး ချိုက်ကျင်းရှန်ကသာ မင်းရဲ့အိပ်ခန်းထဲကို ညအချိန်ခိုးဝင်လာမယ်ဆိုရင် သူက သူ့အတွက် တစ်ခုခုတော့ လုပ်မယ်ဆိုတာ ပြောရဲတယ်…”
ရှဲ့ရှဲ့က ချွေးတုံရှန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိခဲ့သည်။
ချွေးတုံရှန်းက အလွန်လှပသော သူမ၏ မျက်လုံးထဲကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။
“အခု မင်းရဲ့အဲဒီမျက်လုံးတွေကပဲ ရှဲ့လင်းယွဲ့ဆိုတဲ့နာမည်နဲ့ ကိုက်ညီတော့တယ်…”
ရှဲ့ရှဲ့၏မျက်လုံးထဲမှ မျက်ရည်စများ စီးကျလာပြီး သူမ၏တံမြက်စည်းကိုသာ ဆက်၍လှည်းနေခဲ့သည်။
ချွေးတုံရှန်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ကျားကွက်ခုံကိုသိမ်းရန် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကျားစေ့ဘူးလေးများအားလုံးက သူ၏အိပ်ဆောင်ရတနာထဲသို့ ရောက်သွားခဲ့၏။
“မင်းက တော်တော်လေးကို မျက်စိစပါးမွှေး ဆူးစရာကောင်းတာပဲ။ ထားလိုက်ပါတော့။ ငါက စာဖတ်ဖို့ အခန်းထဲကိုပဲ ပြန်သွားတော့မယ်…”
ပင်မအခန်းထဲတွင် မြက်နှင့်ယက်ထားသော ထိုင်ခုံတစ်ခုရှိသည်။ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ချွေးတုံရှန်းက အခန်းထောင့်တွင် ရှိနေသော စာအုပ်ပုံကြီးထဲမှ ကွန်ဖြူးရှပ်ကျမ်းစာတစ်ခုကို ဆွဲထုတ်လိုက်၏။
ထိုစာအုပ်က သူ့ရှေ့တွင် ရပ်သွားခဲ့ပြီး သိပ်မကြာခင် လေလှိုင်းလေးတစ်ခုက သူ၏ပတ်ပတ်လည်တွင် စတင်ပျံဝဲနေ၍ စာမျက်နှာများကို လှန်ပေးနေခဲ့သည်။ စာရွက်လှန်လေလှိုင်းက စာမျက်နှာများကို စတင်လှန်ပေးနေသည့်အချိန်တွင် ချွေးချန်းကတော့ စတင်ဖတ်ရှုနေခဲ့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တိုင်း ရှဲ့ရှဲ့က အခန်းဝင်ပေါက်တွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ ထိုအချိန်တွင် ချွေးတုံရှန်းက သူမကို ပစ်မှတ်မထားသည့်အတွက် သူမအတွက်လည်း အလွန်တည်ငြိမ်အေးချမ်းသော အချိန်တစ်ခုရောက်ပြီဟု ခံစားမိနေခဲ့၏။
ထို့ပြင် ဤကမ္ဘာကြီးထဲတွင် စာဖတ်ခြင်းဖြင့် အလွန်ထူးဆန်းပြီး အံ့ဩဖွယ်ကောင်းသော ကမ္ဘာကြီးတစ်ခုကို ဖန်တီးနိုင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။ ထိုမတိုင်ခင် လူတစ်ယောက်က ထိုကဲ့သို့စွမ်းရည်မျိုး ရှိနေသည်ဟု သူမက ကြားပင် မကြားဖူးချေ။
စာရွက်လှန်လေလှိုင်းက ပထမဆုံး စာမျက်နှာကို လှန်ပေးလိုက်ပြီးနောက် ချွေးတုံရှန်းက အလွန်လေးနက်သော အမူအရာနှင့် ကျယ်လောင်စွာ စာဖတ်နေခဲ့သည်။ သူက ထိုသို့စာဖတ်နေသည့်အချိန်တိုင်းစာမျက်နှာပေါ်သို့ မိုးရေစက်လေးများ ကျဆင်းလာနေသလို ထင်မှတ်ရ၏။
သိပ်မကြာခင် စာမျက်နှာများ၏ ကြားထဲတွင် ကြာပန်းလေးတစ်ပွင့် ရုတ်တရက် ပေါ်လာခဲ့၏။ ထိုကြာပန်းလေးက အလွန်အမင်းကို သက်ဝင်လှုပ်ရှားနေခဲ့သည်။ စာမျက်နှာတစ်ခုပြီး တစ်ခု လှန်သွားခဲ့ပြီး အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့သည်။
စာမျက်နှာပေါ်ရှိ မျဉ်းကြောင်းများနှင့် စကားလုံးများ ကြားထဲတွင် ဆန့်ကျင်ဘက် တပ်ဖွဲ့နှစ်ခု၏ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဆန်စေ့အရွယ်အစားထက်ပင် အဆပေါင်းများစွာ ပို၍ သေးငယ်သော စစ်သူကြီးနှင့် ရဲမက်တစ်ဖွဲ့ဆီကလည်း ပေါ်လာခဲ့၏။ သို့သော် သူတို့၏အငွေ့အသက်များက လုံးဝပြိုင်ဘက်ကင်း မဟုတ်သေးပေ။
ထိုအချိန်တွင် စာရွက်ပေါ်တွင် အဝါရောင်မြူခိုးတိမ်တိုက်တစ်ခု ပေါ်လာခဲ့ပြီး တိုက်ပွဲကွင်းပြင်ပေါ်တွင် အဝါရောင် ဖုန်မှုန့်များ ပေါ်လာခဲ့သည်။ ထို့နောက် တစ်လက်မခန့် အရွယ်အစားရှိသော မိန်းမလှလေးတစ်ယောက်က စာမျက်နှာပေါ်မှနေ၍ လှပစွာ ထွက်လာခဲ့၏။ သူမ၏ ပုခုံးပေါ်တွင် ပန်းခြင်းတောင်းတစ်ခုကို လွယ်ထားခဲ့၏။
ထို့နောက် ရင်ဘတ်ဗလာနှင့် မုတ်ဆိတ်မွှေး အနည်းငယ် ရှိနေသော လူသန်ကြီးတစ်ယောက်က အနက်ရောင်ဗုံတစ်လုံးကို တီးပြီး ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ ထိုစာမျက်နှာများထဲတွင် အဝတ်ခေါက်နေသော အဘွားအိုတစ်ယောက်လည်း ပါဝင်နေသည်။ သေချာနားထောင်ကြည့်လိုက်မည်ဆိုလျှင် အဝတ်ချင်းပွတ်တိုက်သည့်အသံကိုပင် ကြားနေရပါလိမ့်မည်။
ထို့ပြင် ဝါးနှင့်ဖန်တီးထားသော မြင်းစီးနေသည့် ကလေးငယ်များ၊ အုတ်ဂူထဲမှ ထွက်လာသော ဓားကိုင်ထားသည့် အရိုးစုများ၊ သေချာစဉ်းစားနေသည့် စာသင်သားတစ်ယောက်၏ပုံရိပ်များ ရှိနေခဲ့သည်။ သူက ထိုအရာများကို စဉ်းစားတွေးတောနေသလို ထင်မှတ်ရသည်။
ရှဲ့ရှဲ့က ချွေးတုံရှန်းကို မည်မျှပင် မကျေမနပ်ဖြစ်ပြီး ကြောက်လန့်စေကာမူ သေချာအာရုံစိုက်ပြီး စာဖတ်နေသည့်အချိန်တိုင်း အလွန်စစ်မှန်ပြီး သန့်စင်သည့် အငွေ့အသက်တစ်ခုကို ရနေကြောင်း ဝန်ခံရပါလိမ့်မည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသော လူတစ်ယောက်က စာဖတ်နေသည့်အချိန်တွင် ဘာကြောင့် သူတော်စင်တစ်ယောက်၏ အငွေ့အသက်မျိုး ပေးနိုင်ကြောင်း သူမလည်း နားမလည်နိုင်တော့ပေ။
ချွေးတုံရှန်းက စာပေ လေ့လာနေသည့်အချိန်တွင် ရှဲ့ရှဲ့က တစ်ခါတစ်ရံ ငေးမောနေမိခဲ့သည်။ ထို့ကြောင့် ယနေ့ သူက စာအုပ်အဆုံးသတ်ကို ရောက်သည့်အချိန်၌ ထူးဆန်းသောအမူအရာတစ်ခု ပေါ်နေသည်ကို သတိမထားမိခဲ့ပေ။
သူ့မျက်လုံးများက စူးနစ်နေချိန်တွင် မျက်နှာပေါ်၌ နာကျင်ပြီး ရှုပ်ထွေးနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူ စာဖတ်နေသည့်အချိန်တွင် နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကတော့ စာမျက်နှာ(၃)ခုပေါ်တွင် ရှိနေသော လူ(၃)ယောက် ဖြစ်၏။ သူက ထိုလူ(၃)ယောက်၏ မျက်နှာအမူအရာကို သေချာစစ်ဆေးရန် လုံးဝမဖြစ်နိုင်သော်လည်း သူတို့၏အသက်အရွယ်က ပြောင်းလဲမှုရှိနေတာ လုံးဝသိသာနေသည်။
မြစ်ကမ်းဘေးတွင် ရပ်နေသော အဘိုးအိုကြီးတစ်ယောက်က မြစ်ထဲကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့သည်။ အနားတွင်တော့ မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းကို လှမ်းကြည့်နေသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ရှိသည်။ ထို့ပြင် နွားတစ်ကောင်ပေါ်၌ စီးနင်းနေရင်း ကောင်းကင်ကြီးပေါ်ကို ငေးကြည့်နေသော ကောင်လေးတစ်ယောက်လည်း ရှိ၏။
ထိုနွား၏ဦးချိုပေါ်တွင်တော့ စာအုပ်တစ်အုပ် ရှိနေခဲ့သည်။ ထိုကောင်လေးကတော့ ငိုက်မြည်းနေသည့် အမူအရာနှင့် ခေါင်းညိတ်နေခဲ့သည်။ အဆုံးတွင်တော့ ချွေးတုံရှန်းက သွေးတစ်ပွက် အန်လိုက်ရပြီး စာမျက်နှာပေါ်တွင် ရှိနေသော ပုံရိပ်များက ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
ရှဲ့ရှဲ့က သတိထားနေသော အမူအရာနှင့် သူ့ကိုပြန်လှည့်ကြည့်လိုက်ရာ သူက ခံစားချက်ကင်းမဲ့သော အမူအရာနှင့် နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"ဒါက အကူအညီမဖြစ်ဘူး။ ငါက အရမ်းကိုလွန်သွားတာ.."
"အဆင်ပြေရဲ့လား သခင်လေး.."
ရှဲ့ရှဲ့က စိုးရီမ်နေသော အမူအရာနှင့် မေးလိုက်သည်။
ချွေးတုံရှန်းက လက်တစ်ဖက်နှင့် ရင်ဘတ်ကိုဖိပြီး တစ်ခြားလက်တစ်ဖက်က လက်သီးဆုပ်၍ ညွှန်ကြားလိုက်သည်။
"ငါမင်းကို ငှားပေးထားတဲ့ ရေပန်းချီကား သွားယူပေးစမ်း... မြန်မြန်သွား.."
ရှဲ့ရှဲ့က အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး ရှေးဟောင်းပန်းချီကားတစ်ချပ်ကိုယူ၍ အခန်းထဲသို့ ပြန်လာခဲ့သည်။ သူမက ထိုအရာကို ချွေးချန်း၏ရှေ့ တွင် ဖြန့်ချလိုက်ပြီး အခန်းဝင်ပေါက်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့၏။
ချွေးတုံရှန်း၏ လည်ပင်းက အနည်းငယ် ကောင်းမွန်လာပြီး သူက လက်တစ်ဖက်ကို မြှောက်၍ လက်ခုံကို လက်နှင့်ဖိထားခဲ့သည်။ နှုတ်ခမ်းမှနေ၍ တစ်စုံတစ်ခုကို ရွတ်ဆိုနေသလို ထင်မှတ်ရ၏။ ခဏကြာပြီးနောက် သူ့လက်ကို နှိမ့်ချလိုက်ပြီး လေပူများကို မှုတ်ထုတ်လိုက်သည်။
ကမ္ဘာလောကကြီးထဲတွင် ရေပန်းချီကား စုစုပေါင်း (၁၂)ခုရှိသည်။ ထိုအရာများက ကမ္ဘာကြီး(၄)ခုကို ဖြတ်သန်းနေသော မြစ်(၁၂)ခု ဖြစ်၏။ ထိုအရာကတော့ ကောင်းကင်ပေါ်မှ ကျဆင်းလာသော ရေများဖြစ်ပြီး ဓားတစ်လက်က ကမ္ဘာငယ်လေးတစ်ခုကို ထိုးဖောက်သွားသည့် မြင်ကွင်းတစ်ခုကို ပြသနေသည်။ ထို့နောက် ကမ္ဘာငယ်လေးထဲမှ ရေများကို ကောင်းကင်ပေါ်မှ ကျဆင်းလာစေခဲ့၏။
ချွေးချန်းက စာသင်သား သူတော်စင်၏ ပထမဆုံးတပည့်အဖြစ် ရှိနေသေးသည့် အချိန်တွင် သူက တိမ်တိုက်များထဲတွင် ကျောက်စိမ်းဖြူအင်ပါယာမြို့၏ မြို့စားမင်းနှင့် ကျားကစားပွဲတစ်ခု ကစားခဲ့ရသည်။ သူက ရှုံးနိမ့်သွားခဲ့သော်လည်း အတော်လေးကို ကောင်းမွန်စွာ တိုက်ခိုက်နိုင်ခဲ့၏။ သူ၏ကြိုးစားအားထုတ်မှုကြောင့် မြို့စားမင်းက သူ့ကို အလွန်ထူးခြားပြီး အဖိုးတန်သော ပန်းချီးကားတစ်ချပ် ပေးသနားခဲ့သည်။ ချွေးချန်းကလည်း ကျောက်စိမ်းဖြူမြို့တော်၏ မြို့စားမင်းကို အတော်လေး လေးစားနေခဲ့၏။
ချွေးတုံရှန်းက ရေများကို စိုက်ကြည့်နေရင်း သူ့အတွေးများကတော့ တောင်တန်းထဲတွင် ရှိနေသလို ထင်မှတ်ရသည်။ ပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက် သူက လောကကြီးထဲတွင် အခက်ခဲဆုံး တောင်တန်းများထဲသို့ သွားလာနေရသလို ခံစားရသည်။ ထိုခရီးလမ်းက ကောင်းကင်ပေါ်ကို တက်လှမ်းရသည်ထက်ပင် ပို၍ ခက်ခဲကြမ်းတမ်းနေသေး၏။
ချွေးတုံရှန်း၏ ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည်နှင့် သူက သူ့ကိုယ်သူ လက်နှင့်ရိုက်ပြီး ပြောလိုက်သည်။
"တော်တော်ကို မတ်စောက်ပြီး ကြီးကျယ်ခမ်းနားတဲ့ တောင်ကြီးပဲ.."
ရုတ်တရက်ဆိုသလို ရေပန်းချီကားပေါ်တွင် ကမ်းပါးငယ်လေးတစ်ခု ပေါ်လာကြောင်း သတိထားမိခဲ့သည်။ ထိုကမ်းပါးငယ်လေးက လုံးဝကို သိသာထင်ရှားမှု မရှိသော်လည်း ကမ်းပါးပေါ်တွင် ရင်းနှီးသော လူငယ်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက အဝေးတွင်ရှိနေသော ရေလှိုင်းများကို ငေးကြည့်နေခဲ့၏။
ထိုအရာကို မြင်သည့်အခါ ရှဲ့ရှဲ့က အံ့ဩသွားခဲ့သည်။ ချန်းပင်အန်းက ထိုကမ်းပါးကို ရေပန်းချီကားထဲကို မည်ကဲ့သို့ ထည့်ခဲ့သနည်း။
လက်ရှိအချိန်တွင် ချွေးတုံရှန်းကတော့ ပြန်လည်တည်ငြိမ်နေပြီဖြစ်ပြီး လက်အုပ်ချီ၍ အပြုံးနှင့် ပြောလိုက်၏။
"ကျွန်တော်က ဆရာ့ကို အရိုအသေပေးပါတယ်…"
Translated by Hein Htet.