အခန်း (၁၇၅)
Vol. 12 Ch. 175
ချွေးတုံရှန်း၏ ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်မှုများ မရှိသည့်အတွက် ခရီးလမ်းတစ်လျှောက်တွင် ထူးဆန်းသည့်အရာတစ်ခုမျှ မတွေ့ခဲ့ရပေ။ နောက်ဆုံးတွင်တော့ သူက သာမန်ကမ္ဘာကြီးထဲတွင် သွားလာနေခဲ့ရသည့်အပြင် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကျယ်သည့် တောင်တန်းများကို ဖြတ်သန်းသွားလာရခြင်း မရှိတော့ချေ။
သို့သော် ချန်းပင်အန်းက ထိုအရာကို အလွန်အမင်းကိုကျေနပ်နေသော်လည်း အနည်းငယ် စိတ်ပျက်နေသလို ခံစားနေခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် သူက အမြင်ကျယ်စေနိုင်သော ဝိညာဉ်များ၊ သရဲတစ္ဆေများကို တွေ့ရန် ဆန္ဒရှိနေခဲ့သည်။
ယခု သူက လီပေါင်ဖျင်နှင့် တစ်ခြားကလေးများ၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပေးနေရန် မလိုတော့သည့်အပြင် ရေမြွေနှင့် မီးတောက်စပါးအုံးမြွေတို့ကလည်း သူနှင့်အတူ လိုက်ပါလာနေခဲ့သည်။ သူတို့နှစ်ယောက်ကလည်း ဝိညာဉ်များဖြစ်နေပြီး လူသားပုံသဏ္ဍာန် ပြောင်းလဲနိုင်သည်ဟု ယူဆနိုင်သည်။
ထို့ကြောင့် ချန်းပင်အန်းက ပို၍ထူးဆန်းပြီး အံ့ဩစရာ ကောင်းသော အဖြစ်အပျက်များကို ကြုံတွေ့ရရန် မျှော်လင့်နေခဲ့၏။ သို့သော် သူက သူတို့ကို လုံခြုံသော အကွာအဝေးမှ ရိုးရှင်းစွာ ကြည့်နေရန် စဉ်းစားထားခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက လုံခြုံနေနိုင်ပြီး အသိပညာနှင့် ဗဟုသုတလည်း ရနိုင်သည်။
သို့သော် ချန်းပင်အန်းအတွက် ကံဆိုးသွားသည်မှာ အကြောင်းအရာများက တစ်ချိန်လုံး တည်ငြိမ်နေခဲ့သည်။ သူတို့က ခုံရုံးဝါတိုင်းပြည်၏နယ်စပ်ကိုပင် ရောက်ခါနီးနေပြီ ဖြစ်၏။
ညပိုင်း ချန်းပင်အန်းက ရေမြွေ၏ နောက်ကျောပေါ်၌ လမ်းလျှောက်ကျင့်စဉ်ကို လေ့ကျင့်ပြီးသွားသည့်အချိန်တွင် တောင်တက်လမ်း နံဘေး၌ ရှိနေသော ပျက်စီးနေသည့် ကျောင်းဆောင်ထဲတွင် တိတ်တဆိတ်အနားယူရန် ဆုံးဖြတ်လိုက်သည်။ သူက မီးမွှေးပြီး စတင်ချက်ပြုတ်ရန် ကြိုးစားလိုက်၏။
ချန်းပင်အန်းက တာ့လီအင်ပါယာသို့ အပြန်ခရီးလမ်းတွင် လူသူတိတ်ဆိတ်ပြီး တိတ်ဆိတ် ခြောက်ကပ်နေသော လမ်းများကိုသာ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့သော်လည်း သစ်တောများ ၊ လမ်းများထဲတွင် လူပေါင်းများစွာကို တွေ့ခဲ့ရသေးသည်။
အများစုကတော့ သိုးမွှေးဝတ်ရုံများ ပိုးဖဲဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ခါးတွင် ဓားမောက်များ၊ ဓားရှည်များကို ချိတ်ထားကြသည်။ သူတို့ဆီတွင် ကြောက်စရာကောင်းသော အမူအရာနှင့် ကြမ်းတမ်းသော ရုပ်ရည်များ ရှိကြသော်လည်း သူတို့ဆီမှ ခရီးသွားကျင့်ကြံသူများ၏ အငွေ့အသက်မျိုး ရရှိနေ၏။
ဒုတိယအမျိုးအစားကတော့ ပို၍ကြောက်စရာကောင်းသော လမ်းကြောင်းကို ရွေးချယ်ထားသည့်သူများ ဖြစ်နိုင်သည်။ ထိုလူများက ချန်းပင်အန်းနှင့် အဖော်နှစ်ယောက်ကို ငေးရုံသာ ငေးကြည့်နေသည်မှာ ကံကောင်းသွား၏။ သူတို့က ပြဿနာမရှာခဲ့ကြပေ။
လောကကြီးထဲတွင် ခရီးသွားလာနေသည့် အချိန်မျိုး၌ အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သည့် အခြေအနေများ ရှိတတ်သည်။ ဥပမာအနေနှင့် ပြောရလျှင် ဘုန်းကြီးအိုများ၊ လူငယ်တာအိုသခင်များနှင့် လှပသော တာအိုမိန်းမပျိုများက ရန်စရန် ၊ လှည့်စားရန် အန္တရာယ်အများဆုံး ဖြစ်ကြသည်။ ထိုအရာက အတိတ်တွင် ကျင့်ကြံသူများစွာ သင်ယူခဲ့ရသော သင်ခန်းစာတစ်ခုလည်းဖြစ်၏။
ချန်းပင်အန်းအတွက်တော့ ထိုကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းကို မခံရသည်မှာ စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ်ကလေးမလေးတို့၏ ကျေးဇူးကြောင့်ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သာမန်လူအနည်းငယ်ခန့်ကသာ ကလေးနှစ်ယောက်နှင့် တိတ်ဆိတ်ခြောက်ကပ်သော နေရာများကို သွားလာကြမည်ဖြစ်သည်။
ထိုအရာတွင် သာမက ထိုကလေးငယ်များက အလွန်အမင်းကို ချောမောပြီး ချစ်စရာကောင်းနေခဲ့သည်။ သို့သော် သူတို့က တိတ်ဆိတ်ခြောက်ကပ်သော တောင်တန်းများနှင့် တောရိုင်းတိရစ္ဆာန်များ ကျင်လည်ကျက်စားသော သစ်တောကြီးများထဲတွင် သွားလာရဲသည့် သတ္တိရှိနေသည်။ လူတစ်ယောက်ကသာ ရူးမနေလျှင် ထိုကဲ့သို့ ထူးဆန်းသောအဖွဲ့ကို ပစ်မှတ်ထားရန် နှစ်ကြိမ်ခန့်စဉ်းစားမိမည် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ချန်းပင်အန်းနှင့် ကလေးငယ်နှစ်ယောက်က အကျဉ်းထောင်မှ ထွက်ပြေးလာသော အဖွဲ့တစ်ဖွဲ့ကိုလည်း တွေ့ခဲ့ရသည်။ ထိုလူများက ချန်းပင်အန်းတို့အပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသော်လည်း သူတို့ကတော့ ထို(၃)ယောက်နှင့်လုံခြုံသော အကွာအဝေးမှသာ သတိထား၍ နောက်ယောင်ခံလိုက်လာကြသည်။
သူတို့က တိုက်ခိုက်ရန်အခွင့်အရေးတစ်ခုကို ရှာဖွေနေခဲ့ကြ၏။ သူတို့၏စိတ်ထဲတွင်တော့ လက်ညှိုးတစ်ချောင်းတည်းနှင့်ပင် ထိုကလေးများကို သတ်ပစ်နိုင်သည်ဟု တွေးထားကြပုံရသည်။
သို့သော် စိမ်းပြာဝတ်ကောင်လေးက သူ၏အစစ်အမှန်ပုံစံကို ပြောင်းလဲလိုက်ပြီး ထိုအရာက အလွန်ကြောက်စရာကောင်းသော ရေမြွေတစ်ကောင်ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက သူ့လမ်းကြောင်းတွင် ရှိနေသော သစ်တောများ တောင်တန်းများကို ဖျက်ဆီးလိုက်ကြောင်း မြင်သည့်အခါ ထိုလူများက အလွန်ကြောက်လန့်သွားခဲ့ကြ၏။
ပန်းရောင်ဝတ်ကလေးမလေးက ချန်းပင်အန်းအတွက် သစ်ကိုင်းခြောက်များ ကောက်ပေးနေခဲ့ပြီး တစ်ချိန်လုံး အလုပ်များနေခဲ့သည်။
ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးကတော့ သူမထက်ပင် အဆပေါင်းများစွာပို၍ ပျင်းရိနေသေး၏။ သူကတော့ လှဲနေရန်သာ ဆန္ဒရှိပြီး အစားစားရမည့် အချိန်ကိုသာ စောင့်နေတတ်သည်။ သူက ပျက်စီးနေသော ကျောင်းဆောင်၏အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေပြီး အကြိမ်ကြိမ် သမ်းဝေနေခဲ့၏။
“ဆရာ….
တောင်တက်လမ်းမှာ အဖွဲ့နှစ်ဖွဲ့က အချင်းချင်း ကပ်နေကြပြီ။ သိပ်မကြာခင် သူတို့တိုက်ခိုက်ကြတော့မယ်…”
သူက ပျင်းရိသောအသံနှင့် ပြောလိုက်သည်။
“ဘယ်ဘက်မှာရှိတဲ့ သူတွေက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နေတယ်။ အဲဒါက တော်တော်လေးကို လှုပ်လှုပ်ရှားရှားနဲ့ ပျော်ဖို့ကောင်းမယ်ထင်တယ်။ ညာဘက်မှာရှိတဲ့ လူတွေကတော့ လှပတဲ့ အဝတ်အစားတွေနဲ့ လှပတဲ့မြင်းကြီးတွေကို စီးနေကြတယ်။ အဲဒီအပြင် ခြေတံရှည်ရှည်နဲ့ မိန်းမလှလေးတောင် ပါသေးတယ်…”
“ဆရာ… တကယ်လို့ သူတို့ကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်က ဆရာ့ဆီကို ဖမ်းလာပြီး ဆရာ့ရဲ့အစေခံမလေးတွေ လုပ်ခိုင်းမယ်လေ။ တကယ်လို့ ဆရာပျော်လို့ဝပြီ ဆိုရင်တော့ သူတို့ကို အိမ်ပြန်လွှတ်လိုက်လို့ရတယ်။ တကယ်လို့ ဆရာက သူတို့ကို လျောကြေးပေးချင်တယ်ဆိုရင်လည်း ကျွန်တော်က ရတနာတစ်ချို့ ဒါမှမဟုတ် ရေစက်ရှိတဲ့ အခွင့်အရေးတစ်ချို့ကို ရိုးရိုးရှင်းရှင်း ပေးလိုက်လို့ရတယ်။ သူတို့က ဆရာ့ရဲ့ သနားကြင်နာမှုအတွက်တောင် ကျေးဇူးတင်ကြဦးမှာ…”
ချန်းပင်အန်းက လေနှင့် မှုတ်လိုက်ပြီး သစ်ကိုင်းခြောက်များကို မြန်မြန်မီးစွဲစေရန် ကြိုးစားလိုက်သည်။
“သူတို့ ငါတို့ကို ဖြတ်သွားတဲ့အချိန်မှာ ပြဿနာမရှာမိစေနဲ့…”
သူက အေးအေးဆေးဆေး ပြောလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက သူ၏ပါးနှစ်ဖက်ကို လက်နှင့်နှိပ်နေရင်း ပြောလိုက်၏။
“ဆရာ….
တကယ်လို့ ကျွန်တော်ကသာ သိပ်မကြာခင်အတောအတွင်း အကြောလျော့တဲ့ကိစ္စမျိုး မလုပ်ဘူးဆိုရင် ကျွန်တော့်ရဲ့လက်တွေ ခြေထောက်တွေကတော့ အေးခဲသွားရတော့မယ်…”
သူက မကျေမနပ်အမူအရာနှင့် ပြောလိုက်သည်။
ချန်းပင်အန်းကတော့ သူ့ကို လျစ်လျူရှုရန် ရွေးချယ်ထားလိုက်၏။
ရုတ်တရက်ဆိုသလို တောင်တက်လမ်း၏ တစ်နေရာမှနေ၍ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် မျက်နှာတွင် ရွှံ့များ ဖုံးလွှမ်းနေသော လူသန်ကြီးတစ်ယောက်က မိန်းမလှလေး တစ်ယောက်၏နောက်ကို အပြေးလိုက်လာခဲ့သည်။ ထိုမိန်းမလှလေးကတော့ ထိတ်လန့်တကြား ထွက်ပြေးနေခဲ့၏။
တစ်ချိန်တည်းတွင် လူသန်ကြီးက အားရပါးရရယ်ပြီး အော်ပြောလိုက်သည်။
“ပြေးစမ်း…ကောင်မ..ပြေးစမ်း… နောက်ဆုံးတော့ ဒီသခင်ကြီးက မင်းကို ဖမ်းမိတော့မယ်…”
“ဆရာက ဒီတစ်ကြိမ်တော့ မင်းကို သေချာပေါက် ဖမ်းနိုင်တော့မယ်။ သူသာ မင်းကို ရမယ်ဆိုရင် မင်းကို တစ်ကိုယ်လုံး ချွတ်ပြီး အသွေးအသားတွေကို ဘယ်လိုဖျက်ဆီးပစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ အော်… သူက မင်းကို လောဘတကြီး စား မစားဆိုတာတော့ ဆရာပဲ ဆုံးဖြတ်လိမ့်မယ်…”
ထိုခေါင်းတုံးပြောင်နှင့် လူသန်ကြီး၏ဘေးတွင်တော့ လူကြီး(၅)ယောက် (၆)ယောက်ခန့်ရှိပြီး သူတို့အားလုံးက ဝမ်းသာအားရ အော်ဟစ်နေကြသည်။ သူတို့၏ရယ်သံများက ကြောက်စရာကောင်းပြီး သူတို့၏အသံထဲတွင်လည်း ဝမ်းသာမှုနှင့် အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။
“ဒီလိုကြောက်စရာကောင်းတဲ့မိန်းမမျိုးကို အိုးထဲ ပစ်ထည့်ပြီး စွပ်ပြုတ်လုပ်သောက်သင့်တယ်။ ပြီးတော့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူလေးတွေနဲ့ ငရုတ်သီးခပ်လိုက်မယ်ဆိုရင် သေချာပေါက် အရသာရှိမှာပဲ။ အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အသားတွေ အများကြီးရှိတယ်လေ။ ဒီတော့ စားစရာအများကြီးစားဖို့ လုံလောက်သွားပြီ…”
“သူ့ကို ငါနဲ့ယှဉ်ပြီးတော့မလုနဲ့.. ငါက ကလေးဘဝကတည်းက အကောင်ငယ်လေးတွေ စားရတာကို သဘောကျတယ်…”
စိမ်းပြာဝတ်ကောင်လေး၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။
ချန်းပင်အန်းကတော့ ချက်ပြုတ်ရန်အတွက် ပန်းရောင်ဝတ်ကလေးမလေးကို ကူညီခိုင်းနေခဲ့သည်။ ထိုအချိန်တွင် သူက မတ်တပ်ရပ်လိုက်ပြီး ပျက်စီးနေသော ကျောင်းဆောင်၏ ရှေ့တံခါးဆီသို့ လျှောက်သွားခဲ့၏။
စိမ်းပြာဝတ်ကောင်လေးကတော့ ထိုပြဿနာကို ဝင်ရောက်ပါဝင်ချင်နေပုံရသည်။ သို့သော် ချန်းပင်အန်းကတော့ သူ့ခေါင်းပေါ်ကို လက်နှင့်ဖိထားခဲ့သည့်အတွက် သူလည်း မတတ်သာဘဲ ရပ်နေခဲ့ရသည်။
တောင်တက်လမ်း၏ တစ်ခြားတစ်ဖက်တွင်တော့ မြင်းခွာသံများနှင့် ပျော်ရွှင်ဖွယ် စကားပြောသံများကို ကြားနေရသည်။ သို့သော် ထိုအဖွဲ့ကလည်း သူတို့၏အရှေ့ဖက် တောင်တက်လမ်းတွင် ဖြစ်နေသော ပြဿနာကို လျင်မြန်စွာ သတိထားမိသွားကြသည်။
ဓားပြများ၏ အော်ဟစ်ကြိမ်းမောင်းသံများကို ကြားသည့်အချိန်တွင် ပုခုံးပေါ်၌ လေးတစ်လက်ကို တင်ထားသည့် မိန်းမပျို၏ မျက်နှာလေးက အေးစက်သွားခဲ့သည်။ သူမက ဒယိမ်းဒယိုင်နှင့် ပြေးလာသော မိန်းမလှလေး၏ စွဲမက်ဖွယ်ခန္ဓာကိုယ်လေးကို ကြည့်ပြီး သူမ၏နောက်မှ ပြေးလိုက်လာသော လူသန်ကြီးများကိုလည်း လှည့်ကြည့် လိုက်သည်။
ထိုမိန်းမပျိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ခြေတံရှည်လေးနှင့် မြင်း၏ဗိုက်ကို ကန်လိုက်သည်။ မြင်းက ချက်ချင်းပင် တစ်ရှိန်ထိုးပြေးထွက်လာပြီး မိန်းမပျိုက အော်ပြောလိုက်သည်။
“ငါ သူ့ကိုသွားပြီးကယ်လိုက်မယ်…”
ငွေရောင်ပန်းပွားများနှင့် အလှဆင်ထားသော ဓားရှည်တစ်ချောင်း ကိုင်ထားသည့် လူငယ်ကလည်း သူမ၏ နောက်မှလိုက်သွားရန် သူ့မြင်းကို ချက်ချင်း အမိန့်ပေးလိုက်သည်။
မိန်းမပျို၏ဘေးသို့ရောက်လာပြီးနောက် သူက အပြုံးနှင့် သတိပေးလိုက်သည်။
“ကျိလန်….
ဒီမှာလူစိမ်းတွေလည်း ရှိနေတယ်။ ဒီတော့ ငါက စကားအများကြီးပြောဖို့ မသင့်တော်ဘူး။ ဒါပေမယ့် ငါတို့စီရင်စုရုံးတော်ရဲ့ လျှို့ဝှက်မှတ်တမ်းတွေအရ ကင်းခြေများ တောင်တန်းမှာ ပြဿနာရှာချင်နေတဲ့ ဝိညာဉ်တွေ ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတယ်။ အမှန်အတိုင်းပြောရရင် တောင်တန်းကြီးတွေထဲမှာ အချင်းချင်း ကူညီပေးတဲ့ သဘောတရားကို နားလည်နေတဲ့ နတ်ဆိုးကြီးတွေတောင် ရှိတယ်။ သူတို့တွေက ရင်ဆိုင်ဖို့ အရမ်းခက်တယ်…”
“နယ်မြေခံအရာရှိတွေက အဲဒီဝိညာဉ်တွေ ၊ နတ်ဆိုးတွေကိုဖမ်းဖို့ အင်မော်တယ်တွေကို အကူအညီတောင်းခဲ့တဲ့အချိန်တိုင်း သူတို့က အားနည်းပြီး အသုံးမဝင်တဲ့မိစ္ဆာတွေကိုပဲ ဖမ်းမိကြတယ်။ တကယ့်နတ်ဆိုးကြီးတွေကတော့ အခြေအနေကိုသိသွားရင် ချက်ချင်း ထွက်ပြေးပြီး ပုန်းနေကြတယ်။ သူတို့က တော်တော်လေးကို ကောက်ကျစ်စဉ်းလဲပြီး ရှာရခက်တယ်။ တကယ်လို့ အရာရှိတွေကသာ ကင်းခြေများတောင်တန်းကို ရှင်းလင်းဖို့အတွက် ကျင့်ကြံသူတွေ ခေါ်မလာခဲ့ဘူးဆိုရင် ငါက နင့်ကိုခေါ်ပြီး ဒီတောင်တန်းထဲကိုတောင် လာရဲမှာမဟုတ်ဘူး…”
ရှေးဟောင်းအဆောင်များ ရေးထားသည့် ငွေရောင်လေးအပြင် ထိုမိန်းမပျို၏ ခါးတွင်တော့ အနက်ရောင် ဓားအိမ်နှင့် ရှည်ရှည်သွယ်သွယ် ဓားမောက်တစ်လက် ရှိသည်။ သူမက ထိုဓားမောက်၏လက်ကိုင်ပေါ်သို့ လက်တစ်ဖက်တင်ထားပြီး အေးစက်စွာ ပြောလိုက်၏။
“တကယ်လို့ သူတို့က အစစ်အမှန်ဝိညာဉ်တွေ ၊ နတ်ဆိုးတွေဆိုရင် ပိုပြီးတော့တောင်ကောင်းသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးတွေကို သုတ်သင်ပြီး မိစ္ဆာတွေကို ရှင်းလင်းနိုင်တာ နတ်ဘုရားတွေ ၊ အင်မော်တယ်တွေပဲ ရှိတာမဟုတ်ဘူး။ ငါတို့လည်း အဲဒီလိုမျိုး လုပ်နိုင်တယ်…”
လူငယ်က ပြုံးလိုက်မိ၏။ သူက နောက်ထပ်စကားမပြောတော့ဘဲ သူ့မြင်းကို ရိုးရှင်းစွာ ထိန်းချုပ်ပြီး မိန်းမပျိုကို အမီလိုက်လာခဲ့သည်။ သူတို့က တရားမျှတမှုအတွက် ကူညီပေးသည့်အချိန်တွင် မထင်မှတ်ထားသောအရာများ ဖြစ်မလာစေရန်သာ မျှော်လင့်မိတော့၏။
ဆရာဖြစ်သူနှင့် ဂိုဏ်းမှ ထွက်လာပြီးနောက် ခရီးသွားလာမှု အတွေ့အကြုံမရှိသည့် ထိုမိန်းမပျိုကဲ့သို့ မဟုတ်ဘဲ သူကတော့ နန်းတွင်းအရာရှိများ ပြည့်နှက်နေသည့် နာမည်ကျော်ကလန်တစ်ခုမှ မျိုးဆက်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အလွန်အန္တရာယ်များပြီး ကြောက်စရာကောင်းသော လောကကြီး၏သဘာဝနှင့် ပတ်သက်လာလျှင် ပို၍အတွေ့အကြုံ ဗဟုသုတရှိသည်။
ထွက်ပြေးလာသော မိန်းမပျို၏ အဝတ်အစားများက စုတ်ပြဲနေပြီး သူမ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးထားရန်ပင် ခက်ခဲနေသည်။ သူမ၏အဝတ်အစားကြီးများက ပျက်စီးနေသည့်အတွက် နူးညံ့သော အသားအရေများ ပေါ်နေပြီး သူမ၏ပုံစံက အတော်လေး သနားစရာကောင်းသည်။
သူမက သိုင်းပညာ လေ့ကျင့်ထားသော လူတစ်ယောက်ဖြစ်သော်လည်း ထိုလူများ၏ လက်ထဲမှ အချိန်ကြာမြင့်စွာ ပြေးလာခဲ့ရသည့်အတွက် အားအင်ကုန်ဆုံးခါနီး ဖြစ်နေခဲ့သည်။ သူမ၏ခြေလှမ်းများကလည်း ဒယိမ်းဒယိုင် ဖြစ်နေခဲ့၏။
မြင်းနှင့်အတူ ချဉ်းကပ်လာသော လူငယ်နှင့် မိန်းမပျိုတို့ကို မြင်သည့်အချိန်တွင် သူမက သက်ပြင်းချလိုက်မိပြီး နောက်ဆုံးစွမ်းအားများကိုစုစည်း၍ အားကုန်အော်ဟစ်လိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်ပေးပါ သူရဲကောင်းလေးတို့…”
မိန်းမပျိုက သူမ၏ဝတ်ရုံကို ဖယ်ရှားလိုက်ပြီး ထွက်ပြေးလာသော မိန်းမပျိုဆီသို့ ပစ်ပေးလိုက်သည်။ ထို့နောက် သူမ၏မြင်းကို ထိန်းချုပ်လိုက်ပြီး ထွက်ပြေးလာသော မိန်းမပျိုကို ဖြတ်ကျော်လိုက်သည်။ သူမက ဓားမောက်ကို ဆွဲထုတ်လိုက်ပြီး မြင်းဇက်ကြိုးကိုလည်း အရှိန်သတ်လိုက်သည်။
“ထွက်သွားကြစမ်း…”
သူမက စွဲမက်ဖွယ်မိန်းမပျို၏နောက်မှ ပြေးလိုက်လာနေသော လူသန်ကြီးများကို အော်ဟစ်လိုက်သည်။ သူမက ဒေါသတကြီး အော်ဟစ်လိုက်သည့်အချိန်တွင် သူမ၏အငွေ့အသက်က ကြောက်စရာကောင်း၏။
သူမ၏နောက်တွင်တော့ လူငယ်က ကြောက်လန့်နေသော မိန်းမပျို၏ဘေးတွင် ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“အခု အကုန်လုံး အဆင်ပြေသွားပါပြီ…”
မိန်းမပျိုက သူမ၏ခန္ဓာကိုယ်ကို ဝတ်ရုံနှင့် ပတ်ထားလိုက်သည်။ သူမ၏မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖပ်ဖြူလျော် ဖြစ်နေခဲ့၏။ သူမက တုန်ယင်နေသောအသံနှင့် ပြောလိုက်သည်။
“သခင်လေးနဲ့ သခင်လေးရဲ့အဖော်က သူတို့ကိုယ်သူတို့ ကျင့်ကြံသူတွေလို့ခေါ်တဲ့ တောထဲက ပညာရှင်တွေကို သေချာပေါက် ဂရုစိုက်မှရမယ်။ သူတို့ဆီမှာ တော်တော်ထူးခြားတဲ့အစွမ်းတွေ ရှိတယ်။ သခင်လေးရဲ့အဖော်ကို အလျင်စလိုမလုပ်ဖို့ သတိပေးလိုက်တာ အကောင်းဆုံးပဲ…”
“တကယ်လို့ သခင်လေးတို့က သူတို့ကို မဖိနှိပ်နိုင်ဘူးဆိုရင်တောင် သူတို့ကို ခဏလောက်ထိန်းထားရင် ရပါတယ်။ ဒါဆိုရင် ကျွန်မ ထွက်ပြေးဖို့ အချိန်လုံလောက်တယ်။ ဒါပေမယ့် ဒီဝတ်ရုံနဲ့ ပတ်သတ်ပြီး အဲဒီသူရဲကောင်းမိန်းကလေးကို ကျွန်မက တောင်းပန်ရတော့မယ်…”
လူငယ်က ထိုမိန်းမပျိုကို တစ်ချိန်လုံး သေချာလေ့လာနေခဲ့သည်။ သူမ၏စကားကို ကြားလိုက်ရပြီးနောက် သူက လွဲမှားနေသောအရာတစ်ခုမျှ စစ်ဆေးမိခဲ့ခြင်း မရှိချေ။ သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။
“ဒီလောက်ထိ အလျင်စလို ထွက်ပြေးဖို့ မလိုပါဘူး။ နေ့ခင်းကြောင်တောင်ကြီး သူတို့က ဒီလောက်ကြောက်စရာကောင်းအောင် တိုက်ခိုက်ရဲမယ်လို့ မထင်ဘူး။ တကယ်လို့ သူတို့ကသာ လူသတ်ပြီး ပစ္စည်းခိုးနေတဲ့ ဓားပြတွေဆိုရင်တောင် ငါတို့က သူတို့ကို ရင်ဆိုင်နိုင်ပါသေးတယ်။ ဒီတော့ ဘာမှစိုးရိမ်စရာမလိုဘူး မိန်းကလေး..။ ငါတို့က သူတို့ကို ရင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ…”
မိန်းမပျိုက တစ်စုံတစ်ခု ပြောချင်နေသော်လည်း စကားထပ်မပြောခဲ့ပေ။ သူမက လူငယ်ကို နောက်ထပ် ထပ်မံဖြောင်းဖြပြီး ရှင်းပြခြင်း မရှိတော့ပဲ သနားစဖွယ် အမူအရာနှင့် သတိပေးလိုက်၏။
“သခင်လေး..
သခင်လေးနဲ့သခင်လေးရဲ့အဖော်တို့က ဂရုစိုက်ဖို့လိုတယ်။ အဲဒီလူကြမ်းကြီးတွေက မကောင်းတာမျိုးစုံလုပ်ကြပြီး ခြိမ်းခြောက်မှုတွေ ကျိန်ဆဲမှုတွေလည်း လုပ်ကြတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ သူတို့ပြောတာကို နားမဝင်မိပါစေနဲ့…”
လူငယ်က သတိထားနေရာမှ အနည်းငယ်ပြေလျော့သွားခဲ့ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
“မင်းက တော်တော်လေးကို စိတ်သဘောထားကောင်းတာပဲ။ မင်းက ဒီလိုအန္တရာယ်မျိုး မကြုံသင့်ဘူး…”
ထိုစကားကိုကြားသည့်အခါ မိန်းမပျိုက နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမ၏ မျက်နှာပေါ်တွင် အလွန်နာကျင်ပြီး စိတ်ပျက်နေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူမက မျက်ရည်များနှင့် ပြောလိုက်သည်။
“သနားစရာ ကျွန်မရဲ့ယောကျ်ားနဲ့ သမီးလေးအတွက်တော့ အရမ်းဝမ်းနည်းမိတယ်။ အမှန်အတိုင်းပြောရရင် ကျွန်မရဲ့သမီးလေးက (၁၂)နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် ကျွန်မက ဒီလိုဆက်ပြီးတော့ အသက်မရှင်ချင်တော့ဘူး…”
ထိုအချိန်တွင် မြင်းစီးလာသော တခြားလူငယ်များကလည်း သူတို့၏အနားကို ရောက်လာကြပြီဖြစ်သည်။ မိန်းမပျို၏စကားကို ကြားလိုက်ရသည့်အခါ သူမက မည်ကဲ့သို့သော ဆိုးရွားသည့်အတွေ့အကြုံမျိုး ကြုံခဲ့ရကြောင်း နားမလည်နိုင်ခဲ့ကြပေ။
တိတ်ဆိတ်ခြောက်ကပ်နေသော တောင်တန်းများ ၊ အန္တရာယ်များသော ရေလမ်းကြောင်းများကို သွားလာခဲ့သည့်အချိန်တွင် ရတနာများကို ခိုးယူပြီး လှပသော မိန်းမလှလေးများကို ပြန်ပေးဆွဲသော ကြောက်မက်ဖွယ်ရာ လူများရှိတတ်သည်။ ထိုအရာက ခုံရုံးဝါတိုင်းပြည်ထဲတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု မဟုတ်သော်လည်း ရှားပါးသော ဖြစ်စဉ်တစ်ခုဟု သတ်မှတ်နိုင်ခြင်းလည်း မရှိချေ။
တမင်တကာ မုတ်ဆိတ်အရှည်ထားသော လူငယ်တစ်ယောက်က ဒေါသထွက်သွားခဲ့၏။ ဂိုဏ်းထဲတွင်ဖြစ်စေ ကျင့်ကြံရေးလောကထဲတွင်ဖြစ်စေ ကိစ္စရပ်တိုင်းကို ဒေါသနှင့် ဖြေရှင်းရမရမှန်း သူ သိနေသော်လည်း အားနည်းသူကို အနိုင်ကျင့်သည့်အဖြစ်မျိုး လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူက မြင်းနှင့်အတူ ဒေါသတကြီး ထွက်သွားပြီး အော်ဟစ်လိုက်၏။
“ကျိလန် ..
ငါ နင့်ကိုကူညီပေးမယ်..။ အဲဒီမုန်းစရာအပြစ်သားတွေအားလုံးက သေသင့်တယ်..”
တောင်တက်လမ်း၏ အောက်ဖက်တွင်တော့ လူသန်ကြီးများက ကျိလန်ဟုခေါ်သော မိန်းမပျိုကို မြင်လိုက်ရသည်။ စွဲမက်ဖွယ်မိန်းမပျိုက လွတ်မြောက်သွားတော့မည်ကို မြင်သည့်အခါတွင် ထိုအဖွဲ့၏ခေါင်းဆောင်က စိုးရိမ်မှုများ နှင့်အတူ မျက်လုံးများ နီရဲလာခဲ့သည်။
“မျက်စိမမြင်တဲ့ကလေးမ.. ဘေးဖယ်နေလိုက်စမ်း…”.
ရက်စက်ကြမ်းကြုတ်သော မိန်းမပျို၏အမူအရာကိုကြည့်ပြီး သူက ဒေါသတကြီး ရယ်လိုက်သည်။
“မြန်မြန်ဘေးဖယ်လိုက်…။ မင်းတို့လို နို့နံ့မစင်သေးတဲ့ကလေးတွေက သူရဲကောင်း လုပ်ချင်သေးတာလား။ တကယ်လို့ ဒီနေရာမှာ မင်းတို့ရဲ့ ဂိုဏ်းအကြီးအကဲတွေသာ ရှိနေမယ်ဆိုရင် သူတို့ကို ပါးရိုက်ပြီး ဆုံးမမိမှာပဲ။ မြန်မြန်ဘေးဖယ်စမ်း… ဒီမိန်းမက နှစ်ပေါင်း(၁၀၀)ကျော် အပြစ်ပေါင်းစုံ လုပ်ထားတဲ့ နတ်ဆိုးအိုကြီးတစ်ယောက်ပဲ။ သူက တွေးကြည့်လို့တောင် မရတဲ့ မကောင်းမှုမျိုးစုံကို ကျူးလွန်ထားတယ်။ ငါ သူ့ကို ဖမ်းပြီးသွားရင် သူက လူသားတစ်ယောက်လား နတ်ဆိုးတစ်ယောက်လားဆိုတာ မင်းတို့ကိုပြမယ်…”
တစ်ယောက်တည်း ထွက်လာသော မုတ်ဆိတ်နှင့် လူငယ်က သူ့ဓားကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ထိုလူသန်ကြီးများ၏ ခေါင်းဆောင်ကို ချိန်လိုက်သည်။ သူက ကျယ်လောင်စွာ ရယ်ပြီး ပြောလိုက်၏။
“အော်…. သူခိုးကပဲ လူပြန်ဟစ်နေသေးတာပါလား…”
ထိုလူသန်ကြီးများ၏နောက်တွင် စိမ်းပြာရောင်ဝတ်စုံ ဝတ်ထားသော အဘိုးအိုတစ်ယောက် ရပ်နေသည်။ သူက မျက်မှောင်ကြုတ်ပြီး ကြိမ်းမောင်းလိုက်၏။
“မင်းရဲ့ဓားနဲ့ လူကြီးတစ်ယောက်ကို ချိန်ထားတာလား။ ဒီလိုဆိုးရွားတဲ့အပြုအမူမျိုး မင်းကို ဘယ်သူသင်ပေးတာလဲ…”
မုတ်ဆိတ်နှင့်လူငယ်က သူ့ကိုစိုက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ခင်ဗျားရဲ့ဘိုးဘေးတွေလေ..”
စိမ်းပြာဝတ်အဘိုးအိုက အေးစက်စွာပြုံးပြီး ပြောလိုက်၏။
“အဘိုးကြီးစုန့် …
မင်းတို့တွေက အဲဒီနတ်ဆိုးမကို အရင်ဆုံးသွားဖမ်းလိုက်။ ငါက နေခဲ့ပြီး ဒီကောင်လေးတွေကို အရင်ဆုံး သင်ခန်းစာပေးလိုက်မယ်။ အခြေအနေတွေ အရမ်းကြာမသွားစေနဲ့။ အဲဒီနတ်ဆိုးမဆီမှာ ဝှက်ဖဲတစ်ခု ရှိနေသေးတယ်။ ဒါကြောင့် မင်းတို့က ဒဏ်ရာမရအောင် ငါ့ရဲ့ပြန်လည်ကုသခြင်း နည်းလမ်းကို အားကိုးဖို့ လိုအပ်သေးတယ်…”
လူသန်ကြီးက ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူ၏လက်အောက်ငယ်သားများနှင့်အတူ ရှေ့ကို ထွက်လာခဲ့ကြ၏။ သူက သူတို့၏လမ်းတွင် ရပ်နေသော လူငယ်နှင့် မိန်းမပျိုကို လုံးဝလျစ်လျူရှုထားခဲ့သည်။ တောင်တက်လမ်းက အတော်လေးကို ကျဉ်းမြောင်းပြီး မြင်း(၃)ကောင် ဘေးချင်းယှဉ်၍ ရပ်နိုင်ရုံသာ ကျယ်ပြန့်သည်။
လက်ထဲတွင် ဓားမောက်ကိုင်ထားသော မိန်းမလှလေးကတော့ လူသန်ကြီးများကို စိုက်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ရှင်တို့က မရပ်သေးဘူးပေါ့…”
လူသန်ကြီးက သူ၏မြင်းဇက်ကြိုးကို လှုပ်ရှားလိုက်ပြီး မိန်းမပျိုနှင့် မုတ်ဆိတ်ရှိနေသော လူငယ်တို့၏ကြားထဲမှ နေ၍ တစ်ရှိန်ထိုး ထွက်သွားခဲ့သည်။
ကျိလန်က သူ့ကို တားဆီးရန် သူမ၏ဓားမောက်နှင့် တိုက်ခိုက်ခဲ့သော်လည်း လူသန်ကြီးကတော့ သူ၏ဓားမောက်ကို ညင်သာစွာ မြောက်လိုက်ပြီး သူမ၏ဓားကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။
ထိုမိန်းမပျိုက အလွန်နာမည်ကျော်ကြားသော ကလန်တစ်ခုမှဖြစ်ပြီး သူမကိုယ်တိုင်ကလည်း အတော်လေးကို အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ထိုအပြုအမူကြောင့် သူမက အလွန်ထိတ်လန့်သွားခဲ့ပြီး မျက်နှာပေါ်တွင် အံ့ဩသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
မုတ်ဆိတ်နှင့်လူငယ်ကတော့ ကျိလန်ထက်ပင် ပို၍အမြင်ကျဉ်းပြီး ရက်စက်ကြမ်းကြုတ်သည်။ သူက ဓားမောက်နှင့် လူသန်ကြီးကို ရက်စက်ကြမ်းကြုတ်စွာ ခုတ်ချလိုက်၏။
သို့သော် လူသန်ကြီးကတော့ သူ၏တိုက်ခိုက်မှုကို လုံးဝလျစ်လျူရှုထား ခဲ့ပြီး သူ့ရှေ့လမ်းမပေါ်တွင် ရပ်နေသော ဆွဲဆောင်မှုရှိသည့်မိန်းမပျိုကိုသာ စိုက်ကြည့်နေခဲ့သည်။ သူက မုတ်ဆိတ်နှင့် လူငယ်၏ ဓားမောက်ကိုဖမ်းလိုက်ပြီး တောင်ကြားထဲသို့ ပစ်ချလိုက်သည်။
မူလတုန်းက အလွန်တက်ကြွနေသော လူငယ်နှစ်ယောက်က ချက်ချင်းပင် အေးစက်သွားခဲ့၏။ သူတို့က လူသတ်သမားများကို ဖြတ်ကျော်သွားခွင့် ပြုလိုက်ရသော တံခါးနတ်ဘုရားတစ်စုံကဲ့သို့ ဖြစ်နေကြသည်။
ထိုလူသန်ကြီးများအဖွဲ့၏ နောက်မှနေ၍ စိမ်းပြာဝတ်အဘိုးအိုက သူ့မြင်းနှင့်အတူ ဖြည်းညင်းစွာ လိုက်လာခဲ့သည်။ သူက အံ့ဩနေသော လူငယ်နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်၏။
“မင်းတို့က ဘာမှမဟုတ်တဲ့ အဆင့်(၃) သိုင်းပညာရှင်လေးတွေပဲ။ ဒါတောင် မင်းတို့က ငါတို့ကို စိန်ခေါ်ရဲသေးတာလား။ မင်းတို့ကလေးတွေက လောကကြီးရဲ့ အတိမ်အနက်ကို လုံးဝမသိကြသေးဘူး…”
“အောက်ဘုံ(၅)ဆင့်မှာ ရှိတဲ့ ချီကျင့်ကြံသူတွေက အဲဒီနတ်ဆိုးမရဲ့လက်ထဲမှာ ဘယ်နှစ်ယောက်တောင် သေသွားပြီလဲဆိုတာ မင်းတို့သိလား။ မင်းတို့လက်ချောင်းတွေနဲ့တောင် ရေတွက်လို့မရနိုင်ဘူး။ မင်းတို့လို ပြဿနာရှာချင်နေတဲ့ ကျင့်ကြံသူတွေက သူ့ကို ကာကွယ်ပေးချင်နေတာလား။ သူကတော့ သူ့ရဲ့ သူရဲကောင်း ကယ်တင်ရှင်တွေကို အသက်ရှင်ရက် ဘယ်လိုဝါးမြိုရမလဲဆိုတာ စဉ်းစားနေလောက်ပြီ…”
အဘိုးအိုက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဆက်ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒါက ပြောဖို့တော်တော်လေးခက်တယ်။ အဲဒီနတ်ဆိုးမက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ နှစ်မွှာကျင့်စဉ်တစ်ခုကို တော်တော်လေး ကျွမ်းကျင်တယ်။ သူက လူငယ်လေးတွေရဲ့ သွေးအဆီအနှစ်ကို စားသုံးရတာလည်း တော်တော်လေး သဘောကျတယ်။ မင်းလို ခြေ(၃)ချောင်းကောင်လေးကတော့ တော်တော်လေးကို ပျော်စရာကောင်းတဲ့ သေဆုံးခြင်းမျိုးနဲ့ သေရမှာပါ။ တကယ်လို့ မင်းက သရဲဖြစ်သွားရင်တောင် မင်းက သေချာပေါက် ပျော်နေမှာပဲ…”
မုတ်ဆိတ်နှင့်လူငယ်က ရှက်ရွံ့မှုကြောင့် မျက်နှာကြီး နီရဲနေခဲ့သည်။
“အဘိုးကြီး..
ခင်ဗျားပြောတာတွေ အရမ်းလွန်နေပြီ..”
သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
အဘိုးအိုက လက်တစ်ဖက် မြောက်လိုက်ပြီး လက်နှင့်ရိုက်လိုက်သည်။ သူက မုတ်ဆိတ်နှင့် လူငယ်နှင့် အနည်းငယ် ဝေးနေသေးသော်လည်း လူငယ်၏ မျက်နှာပေါ်တွင် ကျယ်လောင်သောအသံတစ်ခု ထွက်လာခဲ့သည်။
လူငယ်က မြင်းပေါ်မှ ပြုတ်ကျသွားခဲ့ပြီး လေထဲတွင် နှစ်ပတ် လည်၍ မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့၏။ အကယ်၍ ဗဟုသုတပြည့်စုံသော ကျင့်ကြံသူ တစ်ယောက်သာ ရှိနေလျှင် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးက အဆင့်(၄) သို့မဟုတ် အဆင့်(၅)ကို ရောက်နေသော အဆင့်နိမ့် သိုင်းသခင်တစ်ယောက်သာ တိုက်ခိုက်နိုင်ကြောင်း သိပါလိမ့်မည်။
အဆင့်(၆) အဆင့်(၇) ပညာရှင်များကတော့ တိုင်းပြည်ထဲတွင် ကိုယ်ပိုင်အင်အားစုများပင် တည်ထောင်နိုင်သည့် အစွမ်းမျိုးရှိသည်။ အဆင့်(၈) နှင့် အဆင့်(၉) ဒဏ္ဍာရီထဲမှ ကျင့်ကြံသူများကရော… သူကတော့ ထိုကဲ့သို့အဆင့်မြင့်သော ကျင့်ကြံသူမျိုးကို တွေ့တောင် မတွေ့နိုင်ပေ။
ထိုအရာများက သာမန်တိုင်းပြည်များ ၊ ဘုရင်များ၏ အထူးဧည့်သည်များထဲမှ တစ်ယောက် မဟုတ်ပေလော။ ထို့ကြောင့် ထိုကဲ့သို့ ဒဏ္ဍာရီ ကျင့်ကြံသူများက သာမန်ကျင့်ကြံခြင်းကမ္ဘာကြီး၏ အထက်တွင်သာ ရှိနေတတ်သည်။
မိန်းမပျိုကတော့ အတော်လေးကို ဉာဏ်ကောင်းပြီး စိတ်ဆန္ဒပြင်းပြသည်။ ချက်ချင်းပင် သူမက ပြန်လှည့်ပြီး သူမ၏ မိတ်ဆွေများကို သတိပေးလိုက်၏။
“အဲဒီမိန်းမကို သတိထားကြ..”
Translated by Hein Htet.